Feb 5, 2008

နေခဲ့တော့ ဇန်န၀ါရီ

ဇန်န၀ါရီဟာ ကျမ သဘောကျတဲ့ လတစ်လပါ..။ သူဟာ နှစ်သစ်နှစ်ဦးကို ကြိုတဲ့ လတစ်လဖြစ်သလို သူ့ရာသီသဘာဝ အေးမြမြကို ကျမ ချစ်တာ။ ဇန်န၀ါရီဆို ကျမ မြန်မာပြည်မှာတုန်းက ကျိုက်ထီး၇ိုးဘုရားဖူး သွားရင်သွား.. ပုဂံက အာနန္ဒာဘုရားပွဲကို အရောက်သွားရင်သွား... မဟုတ်ရင်တော့ ပင်လယ်ကမ်းခြေ တခုခုဆီ သွား.. ။ အဲသလိုမှပဲ ဇန်န၀ါရီကို ထားခဲ့ရမှာကို ကျေနပ်စရာလို့ ထင်တာ။ ဇန်န၀ါရီရဲ့ နှင်းစစ မကျတကျ ဥတုကို ကျမက သိပ်သဘောကျတာပါ။ ကျောင်းသူဘ၀တုန်းကဆိုရင် ရန်ကုန်တက္ကသိုလ်ထဲမှာ ဇန်န၀ါရီရဲ့ မနက်ခင်းတွေမှာ နှင်းလိုလို မြူလိုလိုတွေ ဝေ့လို့… ကံကော်တွေလည်း ဝေပြီ။ ကလေးတွေ ဗန်းလေးတွေကိုယ်စီနဲ့ ကံကော်တွေ လိုက်ရောင်းနေပြီ။ အပင်အုပ်အုပ်တွေဆီကနေ တချက်တချက် လွင့်လာတဲ့ ဥသြသံကို ကြားရပြီ။

နောက်တော့ ကျမ တက္ကသိုလ်ကျောင်းသူဘ၀မှာပါပဲ.. အဲဒီဇန်န၀ါရီမှာ အတန်းကြီး အကိုကြီးတွေက “ငါ့ကို ဇန်န၀ါရီပြန်ပေး” ဆိုတဲ့ ကဗျာစာအုပ် ကျောင်းထဲမှာ ထုတ်တယ်။ ဇန်န၀ါရီကို လွမ်းတသသ ချစ်တဲ့သူတွေပဲလား..။ ဒါမှမဟုတ် တကယ်မရသေးတဲ့ လွတ်လပ်ရေးတည်ခဲ့ရာ ဇန်န၀ါရီကိုပဲ ပြန်တောင်း လေသလားး။ ကျမကတော့ တကယ် မလွတ်လပ်နိုင်သေးတဲ့ လွတ်လပ်ရေးနေ့ကိုပဲ သတိတရ..။

နောက်တော့ ဇန်န၀ါရီမှာ မွေးတဲ့သူနဲ့ ဖူးစာဆုံ.. ကျမရဲ့ အကိုလိုချစ်ရတဲ့ သူငယ်ချင်း ဇော်ဝင်းထွဋ် (ကိုညီထွဋ်)က ဇန်န၀ါရီ ၂၁ မှာမွေး.. ဇန်န၀ါရီဆို သူ့မွေးနေ့နဲ့ ကျမ ခင်ပွန်းသည်မွေးနေ့က နီးနီး။ (တိုက်တိုက်ဆိုင်ဆိုင် မေခိုင်(ညီထွဋ်ဇနီး)နဲ့ ကျမကလည်း ဇွန်လမှာ မွေးနေ့ ကပ်လျက်)။ ဒီတော့ မွေးနေ့ အထိမ်းအမှတ်တွေ ဆက်တိုက် လုပ်နေကျ.။ နောက်တော့ ရုတ်တရက်ကြီး ရင်ဆိုင်လိုက်ရတာက မနှစ်က ဇန်န၀ါရီ၂၃ မှာ အဖေလို ချစ်ရတဲ့ ကဗျာဆရာကြီးတင်မိုး ဆုံးပါး..။ ကျမခင်ပွန်းမွေးနေ့အစား ဆရာကြီးအတွက် ဆွမ်းကျွေးသာ လုပ်ဖြစ်တော့တယ်။ ဒီနှစ်လည်း သီးလေးသီးအငြိမ့်ပွဲ ကဖြစ်ဖို့ ကူညီစီစဉ်ရတာနဲ့  ကျမရဲ့ ပရဟိတ အလုပ်တွေ ရှုပ်..။ အရေးထဲ.. ကွန်ပျူတာက ပျက်..။ သူ့မွေးနေ့လေးမှာ ဆုလေးတောင်မှ မတောင်းဖြစ်..။ တကယ်တော့ သူ့မွေးနေ့အထိမ်းအမှတ်အဖြစ် ရေးခဲ့ဖူးတဲ့ “မွေးနေ့လက်ဆောင်”ဆိုတဲ့ ၀တ္ထုလေး ကျမ ဘလော့မှာ တင်မလို့ပါ..။ ဒါပေမဲ့……

ဒီတနှစ်တော့ ဇန်န၀ါရီကို နှုတ်ဆက်ရတာ တကယ်ပဲ ဆုံးဆုံးရှုံးရှုံးကြီး ခံစားရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ဇန်န၀ါရီနောက်ဆုံးရက်နဲ့ ဖေဖော်ဝါရီအစရက်မှာ မိုးတွေက အုံ့မှိုင်းနေအောင် ရွာလို့..။

အဲဒီလို လန်းနေခဲ့တဲ့ ပန်းလေးတွေတောင်

အခါမဟုတ် မိုးကြောင့် ဒီလို ညှိုးချုံးလို့

ဒီရက်တွေထဲမှာပဲ သူ့ဘာသာ စာရေးဝါသနာကြောင့် အေးအေးချမ်းချမ်း ဘလော့ရေးနေတဲ့ လူငယ်လေးကို စစ်အစိုးရက ခေါ်သွားပြန်သတဲ့..။ အန်တီစုကတော့ “ပြည်သူတွေ အကောင်းဆုံးကို မျှော်လင့်သလို အဆိုးဆုံးကိုရင်ဆိုင်ဖို့လည်း ပြင်ထားရတော့မယ်” တဲ့..။ အန်တီ့မျက်နှာလေး ကလည်း ပြိုတော့မယ့်မိုးလိုပဲလို့ ကျမ ခံစားရတယ်။ ကျမစိတ်တွေကလည်း ကျမနဘေးက ကောင်းကင်ဝန်းကျင်လိုပဲ အုံ့မှိုင်းနေတယ်..။

ဒီလို ဇန်န၀ါရီကြီး ဆိုရင်တော့လည်း သေသေချာချာကြီးကို ထားခဲ့ချင်ပါတယ်..။

မေငြိမ်း
(၅၊ဖေဖော်ဝါရီ၊၂၀၀၈)

2 comments:

Unknown said...

ဒီမှာတော့ ဇန္န၀ါရီက မအေးဘူးအန်တီရဲ့ အပူဆုံးလဖြစ်နေတယ်။ ဒါပေမယ့် ရာသီဥတု အကောင်းဆုံးလဆိုတော့ လူကြိုက်များတာကတော့ တူပါတယ်။ ကမ္ဘာ့ဒေသမတူလို့ ရာသီဥတု အပူအအေး ကွာခြားပေမယ့် ဇန္န၀ါရီကတော့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ပျော်စရာအကောင်းဆုံးလ အဖြစ်တော့ နေရာယူနေပါတယ်။

ကိုပေါ said...

ဒီမိုးဒီလေ ဒီလူတွေနဲ့.......အန်တီ့အကြောင်းတွေးရင် ငိုချင်ပါ့ဗျာ။

အန်တီ့စကားအတိုင်းဘဲ လုပ်သင့်လုပ်ထိုက်တာတွေအားလုံးကို ဇွဲလုံ့လနဲ့ ရဲရဲဝံ့ဝံ့ဆက်လုပ်ကြရမှာပေါ့ဗျာ။