Jan 24, 2008

နှစ်လည်လွမ်းခြင်း


မနှစ်က ဒီရက်မှာပေါ့..
ထိုင်းနိုင်ငံရဲ့ ဇန်န၀ါရီ ၂၃ရက်နေ့..မနက် ၉နာရီလောက်..
ကျမအတွက် တကယ်တုန်လှုပ်အံ့အားသင့်စရာ..
ကဗျာဆရာကြီး တင်မိုး ရုတ်တရက်ကြီးဆုံးပါးသွားပြီဆိုတဲ့ သတင်း ၀င်လာတာ.။
ဆရာနေတဲ့ အမေရိကမှာတော့ ၂၂ရက်နေ့ ညနေပေါ့။
ဆရာ ကျမတို့ဆီကပြန်သွားတာ သြဂုတ်လကမှလေ..။

မကြာသေးခင်ကမှ ကျမနဲ့တူတူ သီချင်းတွေအများကြီးဆိုခဲ့။ ကဗျာတွေ ရွတ်ခဲ့။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောခဲ့။ ကော်ဖီဆိုင်ထိုင်ခဲ့တဲ့ ဆရာက အဲလောက်မြန်မြန်ကြီး ကျမတို့ဆီကနေ အပြီးထွက်သွားတယ်လား..။

ဆရာက သူ သဘောကျတဲ့ ထိုင်းကို.. ဇင်းမယ်ကို.. မဲဆောက်ကို.. မေလထဲမှာ ပြန်လာလည်ဦးမှာတဲ့။ သူချစ်တဲ့ မြန်မာပြည်နဲ့ နီးစပ်လှတဲ့ ထိုင်းကို တနှစ်တခေါက်တော့ အရောက်လာမှာတဲ့။

အဖေကို အင်မတန်ကိုးကွယ်ပြီး အဖေမရှိတော့တဲ့ ကျမမှာ ဆရာကြီးက အဖေလို စိတ်အားရှိစေတာပါ။ ပြီးတော့ ဂီတချစ်..ကဗျာချစ်.. အနုပညာချစ်.. ဘာသာစကားတူ မိသားစုဖြစ်တဲ့ ဆရာနဲ့ ကျမမှာ ပြောစရာတွေမကုန်သေး..။

+++++

ဆရာရေ..
ဒီနေ့တော့ မအားလွန်းတဲ့ကြားကပဲ ကျမ ဆရာချစ်တဲ့ ၀ါဝီ(Wawee)ကော်ဖီဆိုင်လေးမှာ သွားထိုင်ခဲ့တယ် ဆရာ..။ ဟုတ်တယ်.. ဆရာနဲ့ ထိုင်နေကျနေရာလေးမှာပဲပေါ့။

ဆရာနဲ့အတူထိုင်နေကျ ဆရာမောင်သာမညလည်း ပါတယ်။ ပြီးတော့ ဆရာ့ကို အင်မတန်ချစ်တဲ့.. သတင်းထောက်.. စာရေးဆရာတွေလည်း ပါတယ်။ ဆရာရှိရင် သိပ်တွေ့ချင်မှာဖြစ်တဲ့ မိတ်ဟောင်း ဆွေဟောင်း ဘာသာစကားတူ ပန်းချီကျော်တယောက်လည်း ရှိနေတယ် ဆရာရဲ့။ ဆရာကြိုက်တဲ့ Jasmine Tea လည်း ဆရာ့ကို လွမ်းတဲ့ အထိမ်းအမှတ်အနေနဲ့ ကျမတို့ မှာထားကြသေးတယ်။

ဝါ၀ီမှာ သစ်ပင်ပန်းပင်လေးတွေက ပိုအရွယ်ရောက်လာတော့ အရွက်တွေ အပွင့်တွေ ပိုဝေပြီး ပိုပြီး စိမ်းစိုလာတယ် ဆရာ။

ဆရာသဘောကျတဲ့... ဆိုင်ကို အုပ်မိုးပေးထားသလိုရှိတဲ့.. သစ်ပင်တွေကလည်း ပိုပြီး အုံ့ဆိုင်းလာတာပေါ့။

နေရောင်လင်းနေတဲ့ အ၀င်လမ်းကလေးကနေ လျှောက်လာချိန်မှာလည်း ဆရာ့ကို သတိရတာပဲ..။

ဆရာသာပါရင် စိတ်ချမ်းသာစရာပဲလို့ ခဏ ခဏ ပြောနေဦးမှာ။ ကျမတို့ကတော့ ဆရာ့အကြောင်းတွေ ပြောကြတာပေါ့။ ရယ်စရာတွေရော.. လွမ်းစရာတွေရောပေါ့။ အင်းစိန်မင်းကြီးလမ်းက ဘိုအိမ်လေးအကြောင်း ပြောတဲ့သူလည်းပါ..၊ အင်းစိန်တောရတုန်းကအကြောင်း ပြောသူလည်းရှိ..၊ တောင်ငူဆောင်နဲ့ ကံ့ကော်တော တုန်းက အကြောင်းတွေလည်း ပါတာပေါ့ဆရာ..။ ဆရာ့အကြောင်း မကြာခဏ ပြောနေကျသူတွေချည်းပဲ ဖြစ်ပေမဲ့ ဒီကနေ့တော့ ကျမတို့ တမင်ကြီးကိုပဲ မနက်ခင်း ရုံးမသွားခင် အချိန်လုဆုံကြပြီး ဆရာ့ကို လွမ်းကြတာ..။ တမင် ဆရာ့ကိုယ်စား ဆရာချစ်တဲ့နေရာလေးမှာ လာထိုင်ကြတာ..။ အဲဒါလေးကို ဆရာသိစေချင်တာပါ..။

+++++

ဒီကမ္ဘာမြေအတွက် မေတ္တာတရားတွေ ရိုးသားမှုတွေနဲ့ ထုံမွှမ်းတဲ့ အနုပညာဖလ်မီးအိမ်လေးတစ်လုံးကို ထွန်းညှိ လင်းလက်စေခဲ့သူ…။
အခု ဒီကမ္ဘာမြေပေါ်မှာ သူရှိမနေတော့ပေမဲ့.. သူလင်းစေချင်ခဲ့တဲ့ ကျမတို့ကမ္ဘာမှာတော့ သူထွန်းညှိခဲ့တဲ့ ဖလ်မီးအိမ်လေးက အေးအေးမြမြလင်းပ နေဆဲပါ..။

မေငြိမ်း
(၂၃ဇန်န၀ါရီ)
(ချစ်ခင်လေးစားရသော ကဗျာဆရာကြီး ‘တင်မိုး’ ကွယ်လွန်ခြင်း တနှစ်ပြည့်အတွက် အမှတ်တရ)

3 comments:

pandora said...

ဆေးလိပ်မတို နေမညိုခင်
ဗြုန်းဆိုလက်တို့ အိမ်ပြန်ပို့ပြီ
စာဆို့ခြေရာ မီးအိမ်ဝါနှင့်
တမာပင်တန်း ကဗျာဖမ်းရင်း
လွမ်းလို့ မိနီကျန်ရစ်မည်။


မနှစ်က ရေးဖြစ်တဲ့ ကဗျာလေး အမ။ အဲဒီအချိန်က ဘလော့မရေးသေး။

M.Y. said...

အစ်မ..အမှတ်တရကနေ ဖန်မီးအိမ်ကို ထပ်တူတမ်းတဂုဏ်ပြုမိပါတယ်။ကျေးဇူး..

ဝါ၀ီ က ပထမဆုံးပုံလေးက ယမ်းဘီလူး ကိုသတိရစေတယ်.တတိယပုံလေးက သစ်ပင်တွေအုံ့ ဆိုင်းနေတဲ့ မန္တလေးဆောင်၊တောင်ငူဆောင်နားက ဦးချစ်ရှိတဲ့ကင်တင်းဆိုင်တန်း ကိုမိုးထားတဲ့တောအုပ်ကလေး နဲ့ ဆင်နေသလိုပဲ

Thet Oo said...

လဖက်ရည်ဆိုင်ထိုင်တဲ့ အဖွဲ့တွေကို ဒီဗီဘီမှာလည်း တွေ့လိုက်တယ်။