အချစ်ဆိုတာကို အကျယ်မချဲ့ဖြစ်တော့တာကြာပြီ။
အချစ်ဆိုတာ ဘ၀တွေမှာ မရှိမဖြစ်ဆိုတာကို လက်ခံပေမဲ့ အသက်အရွယ်နဲ့ အချိန်ကာလအရ... ပြီးတော့ ခေတ်အခြေအနေအရ… အချစ်ဆိုတဲ့ အခန်းကဏ္ဍက ကျမ၀န်းကျင်မှာ မှိန်ဖျော့ခဲ့ပြီ။
တကယ်တော့ ကျမက အချစ်နဲ့ ပတ်သက်တဲ့ အနုပညာတွေကိုသာ သိသိသာသာ နှစ်သက်တတ်တဲ့သူပါ။ ကိုယ်တိုင်လည်း အချစ်ဝတ္ထုတွေ အချစ်ကဗျာတွေသာ ရေးလိုသူ..။ ခု ထိ လေးဖြူနဲ့ မောင်မောင်ဇော်လတ်ရဲ့ ‘စာမျက်နှာ၁၅’ကို ရင်ခုန်တတ်တုန်း.. ခုလည်း Valentine Day ဆိုတော့ တချိန်က တမက်တမော ကြိုက်ခဲ့ရဖူးတဲ့ (ကေအေတီစီစဉ်တဲ့) ချစ်သူများနေ့အမှတ်တရသီချင်းတွေကို ပြန်သတိရနေမိတယ်။ ပြီးတော့ ဖြူစင်ခဲ့တဲ့ နုပျိုစဉ်အရွယ်က အချစ်နဲ့ ပတ်သက်ခဲ့တဲ့ အချိန်တွေ သတိရမိပါတယ်..။ လူတိုင်း ဖြတ်ကျော်ခဲ့ရတဲ့ အချစ်ဆိုတာ ကိုတော့ ပစ်ပယ်လို့ မရနိုင်ဘူးလေ..။ ဘာပဲဖြစ်ဖြစ်.. တကယ့်အချစ်ဆိုတာက အင်မတန် ငြိမ်းချမ်းနူးညံ့တာပဲ မဟုတ်လား။ ဆိုတော့ ချစ်ကြသူတွေရဲ့နေ့ဆိုတာကို အသိအမှတ်တော့ ပြုသင့်ပါတယ်လေ။
ကဗျာဆရာ ‘သစ်ကောင်းအိမ်’က သူသိပ်ကြိုက်တဲ့ အချစ်ကဗျာတစ်ပုဒ် ကျမဘလော့မှာ တင်ဖို့တဲ့ လှမ်းပို့ပါတယ်။ ကျမကလည်း ကိုယ်တိုင် ကဗျာတစမှမရေးနိုင်လေတော့ လောလောဆယ် ကိုယ့်ဆီရှိတဲ့ အချစ်ကဗျာလို့ ယူဆထားတဲ့ ကဗျာတချို့ တင်ပေးဖို့ပဲ စဉ်းစားဖြစ်ပါတယ်။ ကျမကြိုက်တဲ့ ကဗျာလေးတွေမို့ စာဖတ်သူတွေလည်း ကြိုက်မယ်လို့ ယုံပါတယ်။
"ဒီတခါနက္ခတ်စုံရင်တော့
ပြန်ဆုံကြရအောင်....ဒေလီယာ"
ပြန်သောက်မိတဲ့စီးကရက်တွေကလည်း
ငယ်ငယ်တုန်းက
စီးကရက်တွေမဟုတ်တော့ဘူး
ပြန်ထိုင်မိတဲ့ လက်ဘက်ရည်ဆိုင်တွေကလည်း
ငယ်ငယ်တုန်းက
လက်ဘက်ရည်ဆိုင်တွေမဟုတ်တော့ဘူး
ပြန်နားထောင်မိတဲ့သီချင်းတွေကလည်း
ငယ်ငယ်တုန်းက
သီချင်းတွေမဟုတ်တော့ဘူး
ပြန်ပေါင်းမိတဲ့သူငယ်ချင်းတွေကလည်း
ငယ်ငယ်တုန်းက
သူငယ်ချင်းတွေမဟုတ်တော့ဘူး
ပြန်ရောက်ခဲ့တဲ့ငါမြို့လေးဟာလည်း
ငယ်ငယ်တုန်းက ငါ့မြို့လေးမဟုတ်တော့ဘူး
ငယ်ငယ်က“မာရီလင်မွန်ရိုး..” ကတော့
“မာရီလင်မွန်ရိုး....” အတိုင်းလှပဆဲ
တို့အတူလွှတ်ဖူးတဲ့စက္ကူလှေလေးတွေက
စမ်းချောင်းလေးအတိုင်းမျောပါဆဲ
တို့ကျောင်းရှေ့လမ်းမှာ
စိန်ပန်းပွင့်တွေကလည်း
ငယ်ငယ်တုန်းကလို ကြွေဆဲပဲ
နှင်းဆီလိုချိုအီတဲ့ မင်းကိုယ်သင်းရနံတွေက
နှစ်နှစ်ဆယ်ကျော်ကာလကိုဖြတ်သန်း
သောင်ရင်းမြစ်တဖက်ကမ်းထိမွှေးပျံဆဲ
ပ၀ါတကမ်းလက်တလှမ်း
နေ့စွဲတွေဟာလည်း
တို့နှစ်ယောက်ကြားမှာ
အရင်ကအတိုင်းရှိနေဆဲ
မဖြောင့်တန်းတဲ့
ငါလျှောက်နေကျလမ်းတွေလို
တို့သူငယ်ချင်း“ င၀န်” ဟာလည်း
ကွေ့ကောက်ဆဲ
ငြိမ်းချမ်းပါစေ “ဒေလီယာ..”
ငြိမ်းချမ်းပါစေ ကမ္ဘာမြေကြီး
ငြိမ်းချမ်းပါစေ ကိုယ့်ရဲ့အလွမ်းများ
ရေစီးကြမ်းတဲ့မြစ်ကိုဆန်လို့
လူသားရဲ့ဝိညာဉ်မွန်ဟာ
ခေတ်တွေကို
အချစ်တွေနဲ့ထမ်းပိုးသယ်ဆောင်လို့ပါလား
အရှေ့ဆီမှာ
ရောင်နီလာတော့မယ် “ဒေလီယာ…”။ ။
သစ်ကောင်းအိမ်
(ဒီဇင်ဘာ၊ ၂၀၀၅)
လက်ဆောင်
ကံ့ကော်ပန်းတွေနဲ့ လုပ်ထားတဲ့
ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ
သူ့ကို ရည်စူးခဲ့တာပါ။
ကျွန်တော်ပျံသန်းဖို့ ကောင်းကင်တစ်ခု
သူ့မျက်ဝန်းကနေရတယ်။
သန့်စင်ပြီးလှပတဲ့ အိပ်မက်လေးတစ်ခု
သူ့ကို ကျွန်တော်ပေးခဲ့တယ်။
သူ့ရဲ့ရနံ့တွေကို သယ်ဆောင်လာတဲ့
အပြာရောင် လက်ကိုင်ပုဝါလေးတစ်ထည်က
ကျွန်တော့်ကို ချွေးသိပ်ယုယခဲ့ပါတယ်။
ကျွန်တော်တို့အပေါ် အမြဲတမ်းဖိစီးနေတဲ့
အမှောင်ခေတ်ထဲက ရတတ်သမျှအလင်းရောင်
အကောင်းဆုံး လက်ဆောင်အဖြစ်
သူ့အတွက် ကျွန်တော့်ကိုပေးတယ်။
ကျွန်တော့်အတွက် သူ့ကိုရတယ်။
သစ်ရွက်လေးတစ်ရွက်
လှုပ်ခတ်တာကအစ
အဓိပ္ပာယ် ရှိခဲ့ပါတယ်။
တင်မင်းထက်
ကံ့ကော်ပန်းတွေနဲ့ လုပ်ထားတဲ့
ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ
သူ့ကို ရည်စူးခဲ့တာပါ။
ကျွန်တော်ပျံသန်းဖို့ ကောင်းကင်တစ်ခု
သူ့မျက်ဝန်းကနေရတယ်။
သန့်စင်ပြီးလှပတဲ့ အိပ်မက်လေးတစ်ခု
သူ့ကို ကျွန်တော်ပေးခဲ့တယ်။
သူ့ရဲ့ရနံ့တွေကို သယ်ဆောင်လာတဲ့
အပြာရောင် လက်ကိုင်ပုဝါလေးတစ်ထည်က
ကျွန်တော့်ကို ချွေးသိပ်ယုယခဲ့ပါတယ်။
ကျွန်တော်တို့အပေါ် အမြဲတမ်းဖိစီးနေတဲ့
အမှောင်ခေတ်ထဲက ရတတ်သမျှအလင်းရောင်
အကောင်းဆုံး လက်ဆောင်အဖြစ်
သူ့အတွက် ကျွန်တော့်ကိုပေးတယ်။
ကျွန်တော့်အတွက် သူ့ကိုရတယ်။
သစ်ရွက်လေးတစ်ရွက်
လှုပ်ခတ်တာကအစ
အဓိပ္ပာယ် ရှိခဲ့ပါတယ်။
တင်မင်းထက်
အနားသတ်မျဉ်း
မိုးခေါင်ရေရှား ရပ်ဝန်းထဲ
စိတ်ကူးလှလှလေးတွေ လင်းလဲ့ည
ကြယ်ပွင့်တွေဆီ ခိုးနမ်းမိခဲ့။
ပျောက်ဆုံးသွားခဲ့
ကျွန်တော့ အိုအေစစ်လေး
အခုဆို
ပျော်နေရောပေါ့.........။
ရင်ခုန်သံ အစွန်းဘက်
မြေပုံအညွှန်းတစ်ဝက်နဲ့
ဇာတ်လမ်းဆက်သူဟာ
ဘယ်သူလဲ မေးရင်
တစ်ဘ၀စာ တမ်းတမိသူ
ကျွန်တော့ အပြစ်ပါ။
မဆွေးချင်ဘူး......
ဒါပေမယ့်
လွမ်းမိတယ်။ ။
နေဆူးသစ်
"မပြီးပြတ်သေးသောရိုက်ကွင်းပေါ်မှာ"
ခုထိ ရေခဲ မကွဲသေးဘူး
ဆိုင်ပိတ်ချိန် ရောက်တော့မလား
သစ်သီးဖျော်ရည်တွေ ခါးသက်နေခဲ့တာ
ဖန်ခွက်က ချွေးဥတွေ အောက်ခံပြားပေါ် စီးအိုင်နေ
ရေခဲက မကွဲသေးဘူး
တစ်ဖက်စွန်းမှာ တစ်ယောက်က
သူ့ရဲ့ အကောင်းဆုံးအချိန်တွေကို စတေးရ
နိုင်သူအကုန်ရ မျက်နှာကျနဲ့ ဟိုလူက စားပွဲပေါ် တံတောင်ဆစ်ကွေးထောက်လို့
]ကတ်}
အလင်းအမှောင်ကို မကြိုက်ဘူး
အမှောင်ရှိလို့ အလင်းက ထင်းရတယ်ဆိုပေမယ့် အမှောင်များလွန်းတယ်
မီးထိုးမှန်ထောင်တွေကလည်း မရှိလို့ လုပ်စားတယ်ဆိုတဲ့ အစားမျိုးတွေက များများ
ဒီဆင်းန်က အဆင်ကို မပြေနိုင်ခဲ့
သတင်းကကြီးတော့ မီဒီယာတွေ ရိုက်ကွင်းကို ထောက်လှမ်းကြ
တကယ်ကျတော့လည်း ကြည့်ကျက်ရေးလိုက်ကြတာပါ
အဲဒီအသံတွေက ရိုက်ကွင်းကို လာလာမှန်တယ်
ဒါနဲ့ပဲ ရေခဲက မကွဲသေးဘူး
ကြေကွဲစရာအကောင်းဆုံး ဇာတ်လမ်းဖြစ်တယ်
ကြေကွဲစရာအကောင်းဆုံး ပြကွက်ဖြစ်တယ်
ကြေကွဲစရာအကောင်းဆုံး အမူအရာဖြစ်တယ်
ကြေကွဲစရာတွေက ရှက်စရာဖြစ်ရတာ ဇာတ်အနာဆုံး
အများကြိုက်ရုပ်ရှင်တွေမှာ ပျော်စရာဇာတ်သိမ်းတွေနဲ့
သီချင်းဆိုခန်းတွေနဲ့
ခမ်းနားတဲ့ ဆက်တင်တွေနဲ့
တောက်ပပြိုးပြက် အ၀တ်အစားတွေနဲ့
နုနယ်လှပ မိန်းမတွေနဲ့
ဒီဇာတ်ကားမှာ အေးစက်တဲ့စားပွဲတစ်လုံးက အဓိကပဲ
သစ်သီးဖျော်ရည်နှစ်ခွက်ကို တိတိကျကျ ထားသိုနေရာချထားတယ်
အင်း၊ ဇာတ်ဆောင် နှစ်ယောက်ပါတယ်လို့လည်း ဆိုရမယ်
ရေခဲ မကွဲသေးဘူး၊ ကြည့်ရတာ
ခင်ဗျားလည်း ချွေးပျံနေမှာပါပဲ။
မောင်လင်းရိပ်
( ပိတောက်ပွင့်သစ်၊ အမှတ် ၂၁ ၊ ၂၀၀၈ ဒီဇင်ဘာလ )
တကယ်တော့ ကျမတို့ဘ၀တွေ… ဇာတ်ဆောင်နှစ်ယောက်အနည်းဆုံးပါနေပေမဲ့ ခုထိ မပြီးပြတ်နိုင်ကြသေး။ အနည်းဆုံး Valentine Day တွေမှာ ချစ်သူတွေ ကြေကွဲမနေကြရဖို့ အတွက်ဆိုရင် တကယ့်ဘ၀ထဲက ဇာတ်ဝင်ခန်းတွေ လှနေဖို့တော့ လိုမယ်..။
13 comments:
ကမ္ဘာမြေပေါ်က ချစ်သူများ အားလုံး ပျော်ရွှင် ငြိမ်းချမ်းကြပါစေဗျာ... ....
နှလုံးသားနဲ့ ဆုတောင်းသွားပါတယ်...
အထက်ကသူ ပေးသောဆုနဲ့  ပြည့်ပါစေရှင့်း)
ကဗျာလေးတွေအားလုံးကို ခံစားသွားပါတယ်။
ချစ်သူတိုင်း ပျော်ရွှင်ကြပါစေ။
တင်မင်းထက် ရဲ့အဲဒီကဗျာကိုခုမှဖတ်ဖူးတယ်
နုနေလိုက်တာ..း)
ကျန်တာတွေကတော့ဖတ်ပြီးသား..
မနေ့ကတည်းကအပြန်အလှန်ကြွားနေကြတာလေ
မျက်နှာငယ်လိုက်တား(
မနော်ပြောတာ ဟုတ်ပ။
ငထက်က နုလိုက်ပုံများ သစ်ရွက်လှုပ်တာတောင် အဓိပ္ပါယ်ရှိနေတယ်ဆိုပဲ။ လေတိုက်လို့ လှုပ်၊ လှုပ်တယ်ပေါ့ဟ.. :D
ချိတ်ချိုးပါနဲ့ဟယ်၊ အရမ်းကောင်းလို့ ကျောမိတာပါ..
တီချယ့်ကို.. ဒီနှစ် ကိုရာကျော် က ဘာလက်ဆောင်ပေးလည်း သိချင်တယ်ဗျို့...!!!
ကျနော်တော့ ..သူငယ်ချင်းပေးတာပဲရသေးတယ် ..း(
ငထက်ကို ပြောချင်ဇောနဲ့ ကျန်တာတွေ ပြောဖို့ ကျန်ခဲ့လို့ ထပ်ရေးတာပါ ဆရာမ။ အကုန်ကောင်းတယ်။ အသက်ကြီးလို့ မခံစားတတ်တော့ဘူးလားလို့ ကိုယ့်ကိုယ်ကို ထင်မိတာ။ ကဗျာ အားလုံး ဖတ်ပြီးတော့ ရင်ထဲမှာ နွေးသွားလို့ တော်သေးတာပေါ့ လို့ ဖြစ်မိတယ် အဟဲ။
စိုးစိုးကလဲ အလာကြီးပဲ ဆရာမရယ် နော်..။
နေဆူးသစ်ရဲ့ အချစ်ကဗျာ ခုမှ သေချာဖတ်ဖူးသွားပြီ။း) စိုးစိုးရေ- တကယ်ပြောတာ..
အင်း..အားလုံးဟာ ဦးဏှောက်ရှိတော့..တွေးကြံတက်သလို.. အစာအိမ်တခုနဲ့ ဆာလောင်နေတတ်ကြသလို..နှလုံးသားရှိတော့ ချစ်တတ်ကြတာပဲ မဟုတ်လား။
ကဗျာလေးတွေ ချစ်စရာ.. လက်ဆောင်ပေးဖို့ ကောင်းလိုက်တာ။ ကျေးဇူးပါ ဆရာမ။ မချိုသင်းက ရင်ထဲမှာ နွေးသွားတယ် တဲ့... :)
သစ်ကောင်းအိမ် ရဲ့ ကဗျာလေးကို အကြိုက်ဆုံးဘဲ ။
ချစ်နိုင်သူတွေ..ချစ်ကြပါ..ချစ်ကြပါ..တီး..နှဲ့..တဲ.
နှဲ..ဗျောင်...
ကိုယ်တို့ကတော့ပြောပြီးသား..မင်းကိုချစ်တာ..
ဒီတစ်ရက်တည်းမဟုတ်ပါဘူး..၃၆၅၇က်ပါလို့..:)
နေလင်း
ဟား... ဟား... ကိုနေလင်း...ကတော့လုပ်ပြီ
သူအမှတ်တရာအပြည့်ရသွားပြီထင်တယ်နော်..တီချယ်
ကိုယ့်တီးလုံးနဲ့ကိုယ်
စိတ်ကြိုက်ကသွားတဲ့
ကနေလင်းက အပိုင်ဆုံးပါပဲ။
ငထက်
Post a Comment