Feb 12, 2009

မြသီလာအလွမ်းပြေ(၃၂)

၁၉၉၈ ရဲ့ ဒီဇင်ဘာလလယ်လောက်မှာပဲ မော်လမြိုင်တက္ကသိုလ်ကို ပြောင်းရွှေ့ခွင့်အမိန့်စာ ထွက်လာပါတယ်။ ကျမခမျာ အီကိုမှာပျော်တဲ့ကြားက နောက်တနေရာကို ပြောင်းရဦးတော့ မှာလေ..။ ဒါပေမဲ့ အဲဒီ မော်လမြိုင်တက္ကသိုလ်ဟာလည်း ကျမ ချစ်တဲ့ နေရာလေးတစ်ခုပဲမို့ စိတ်ထဲ ပေါ့ပေါ့ပါးပါးပါပဲ…။ သေချာတာက ရန်ကုန်မှာလိုတော့ ကျမ စိတ်ညစ်ပင်ပန်းရမှာ မဟုတ်တာပါပဲ..။ နယ်တက္ကသိုလ်လေးမှာ နေစရာ အိမ်ခန်းကလေး ရပြီဆိုရင် ကျန်တာကို မပူတော့။ ကျမ ရာကျော့်ကို ယုံတယ်..။ သူ ကျမကို သေချာပေါက် လုပ်ကိုင်ကျွေးနိုင်မှာလေ။ ကျမတို့နှစ်ယောက်ဘ၀အစမှာ ခြေဖ၀ါး လက်ဖ၀ါးချည်းပဲ… ဆိုသလို၊ ဒါ့အပြင် အပိုပိုင်ဆိုင်မှုဆိုလို့ သားတယောက်သာ ရှိရုံနဲ့ ပြည့်စုံနေခဲ့ကြတာ…။

ဇန်န၀ါရီလဆိုတော့ နှစ်တန်းကျောင်းသား သားက စာမေးပွဲနီးနေပြီမို့ ပုဂံခြံဝင်းထဲက အဖွားအိမ်မှာ သူ့အဖေနဲ့ တူတူ တလှည့်ခဏနေခဲ့ဖို့ စီစဉ်ရပါတယ်။ သားစာမေးပွဲပြီးရင် မေမေလာခေါ်မယ်ပေါ့..။ သားက အမေစီစဉ်တာ ကို မျက်လုံးအ၀ိုင်းသားနဲ့ လက်ခံရှာပါတယ်။ တကယ်တော့ သူ့ခမျာက TTC မှာပဲ ကျောင်းတက်ချင်ရှာတာပေါ့။ ဒါပေမဲ့ အမေနဲ့သား တူတူနေရဖို့။ တကယ်တော့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ထဲမှာက တခါတလေတော့ နယ်ကကျောင်းတွေကတောင် ကလေးတွေအတွက် ပိုကောင်းနေတတ်တာပါ..။ ကျမတို့လို ငွေကြေးမတတ်နိုင်တဲ့ မိဘတွေရဲ့ သားကလေးအဖို့တော့ နာမည်ကျော်ကျောင်းတွေကတောင် ကလေးကို ပိုစိတ်ဆင်းရဲစေနိုင်မယ်လို့ မြင်မိပါတယ်။ ဒီလိုနဲ့ ၁၉၉၉ ဇန်န၀ါရီလမှာတော့ ကျမတို့ မော်လမြိုင်ဆီကို ထွက်ခဲ့ကြရပြန်ပါပြီ်။ ဒီတကြိမ်မှာလည်း စိတ်ထဲ တက်ကြွဖျတ်လတ်နေတဲ့ အားသစ် အင်သစ် မျှော်လင့်ချက်အသစ်တွေနဲ့ပေါ့…။
အဆုံးအထိ သူတို့ရဲရင့်ကြ
အဆုံးအထိ သူတို့ယုံကြည်စိတ်ပြင်းပျကြ
အဆုံးအထိ သူတို့ထပ်တူထပ်မျှဖြစ်ကြ
မျက်နှာရဲ့ အစွန်းတနေရာမှာ တွယ်ကပ်သွားကြတဲ့
မျက်ရည်နှစ်စက်လိုပဲ။
Zbigniew Herbert (မောင်သစ်မင်း ဘာသာပြန်)
+++++

ကျမက မြို့ကလေးတွေကို ချစ်တဲ့နေရာမှာ လေ မြေ ရနံ့တွေကအစ ချစ်တာပါ..။ မုတ္တမဘက်ကမ်းကနေ မော်လမြိုင်ဘက်ကမ်းဆီကူးဖို့ သင်္ဘောစီးကတည်းက စပြီး စိတ်ချမ်းသာတော့တာ…။ အဲဒီ ညှီအဲ့အဲ့ မြစ်ရေနံ့ရယ်… မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေနွေးနွေးရယ်… သင်္ဘောနောက်ကို လိုက်လာတတ်တဲ့ စင်ရော်တွေရယ်.. ကြည်နူးစရာ ခေါင်းဆေးကျွန်းရယ်…

(ဒီနေရာက ပုံပါ)

နောက်တော့ လှမ်းမြင်နေရတဲ့ ကျိုက်သလ္လာန်ဘုရားရယ်….. ဘယ်တော့မှ မေ့မရမယ့် မြင်ကွင်းတွေနဲ့ ကျမချစ်လက်စရှိတဲ့ မော်လမြိုင်မှာ.. ကျမ ဘယ်လောက် ကြာကြာ နေဖြစ်ဦးမလဲ..။ တသက်လုံးဆိုလည်း နေနိုင်မယ်လို့ ထင်တာပါပဲ။

တကယ်တမ်းမော်လမြိုင်ရောက်တော့ ပစ္စည်းပစ္စယတွေကို အိမ်ထောင်သည်ဝင်းထဲမှာ ရောက်နှင့်နေတဲ့ သူငယ်ချင်း ဆရာတယောက်အိမ်မှာ ခဏထားပြီး ကျမက ဌာနဘက် သတင်းပို့ဖို့ သွားရပါတယ်။ ကျမ သိထားသလောက်က အိမ်ခန်းနေရာ တန်းပေးမှာလေ။ အိမ်ထောင်သည်ဝင်းထဲ အိမ်ခန်းလွတ်တွေ ရှိနေတာလည်း တွေ့ထားတော့ ကျမမှာ စိတ်တွေချမ်းသာလို့ပေါ့။ ဌာနရောက်တော့ သတင်းပို့ပြီး ရုံးကိစ္စတွေ လုပ်။ အိမ်လျှောက်တဲ့ ကိစ္စတွေလုပ်ပြီး ပါမောက္ခချုပ်ကို ၀င်တွေ့ရပါတယ်။ အိမ်ခန်းကိစ္စ တပါတည်းမေးတော့ ရမှာပါ.. စောင့်တော့ စောင့်ရမယ်တဲ့။ ကျမက ဒါဆို ကျမ ခု ဘယ်လိုနေရမလဲဆိုတော့ တယောက်ယောက် အိမ်မှာတည်းပေါ့လို့ ခပ်အေးအေး ပြန်ပြောပါတယ်။ တကယ်တော့ အိမ်ခန်းဆိုတာတွေက ပေ၂၀ပတ်လည် စာသင်ခန်းတွေကို အိမ်ခန်းလုပ်ပြီး နေကြရတာမို့ တည်းဖို့ အဆင်မပြေလှပါဘူး။ ဒါပေမဲ့ အဆင်ပြေအောင် လုပ်ပြီး တပတ်လောက်တော့ စောင့်ရမှာပေါ့လေလို့ တွေးပြီး ပါချုပ်ကို ဘယ်လောက်ကြာကြာ စောင့်ရမလဲ ဆိုတာတောင် မမေးမိတော့ပါဘူး...။

နောက်တော့ ဘားအံမှာတုန်းက အတူလုပ်ခဲ့ဖူးတဲ့ မော်ကွန်းထိန်းကလည်း မော်လမြိုင်ကို ရောက်နေပြီး အိမ်ထောင်သည်ဝင်းထဲမှာပဲ နေနေတယ်ဆိုလို့ သူ့ကို သွားတွေ့ပြီး အကူအညီ တောင်းရပါတယ်။ ဒီတော့ ဆရာက ကျမကို သူ့အိမ်မှာ တည်းပါ.. တဲ့။ အခန်းပိုတခု ရှိပါတယ်တဲ့။ သွားကြည့်တော့ အခန်းပိုဆိုတာက ၁၀ပေပတ်လည် စတိုခန်းကလေးပါ။ သံမံတလင်း အခင်းမှာ ဘာမှမရှိ။ စားပွဲတလုံး ကုလားထိုင်တလုံးတော့ ရမယ်တဲ့။ ကျမနဲ့ ရာကျော် အခန်းသန့်ရှင်းရေး လုပ်… ဟိုအခန်းကပေး ဒီအခန်းကပေးနဲ့ ဖျာတွေခင်း.. ပါလာတဲ့ ကိုယ့်အိပ်ယာတွေ အထုပ်တွေချတဲ့ပြီး ဘာလုပ်ကြမလဲ စဉ်းစားနေကြတုန်း မြန်မာစာဌာနက သူငယ်ချင်း ဆရာမတွေ တပြုံကြီး ရောက်လာကြပါတယ်။ အဲဒီသူငယ်ချင်းတွေဟာ ကျမ မော်လမြိုင်မှာ ရှိစဉ်တလျှောက်လုံး ကူညီစောင့်ရှောက်ကြတဲ့ သိပ်ကို ချစ်စရာကောင်းတဲ့ မော်လမြိုင်သူတွေပေါ့။

သူတို့ဟာ ကျမရဲ့ မော်လမြိုင်မှာ နေခဲ့ရတဲ့ ဘ၀မှာ အင်မတန်ကို အရေးပါခဲ့တဲ့ သူငယ်ချင်းတွေပေါ့။ ညီအမတွေလို သိပ်ချစ်ရပြီး ခုချိန်ထိ သူတို့အကြောင်း စဉ်းစားမိရင် တသသနဲ့ မျက်ရည်လည်လာရတဲ့အထိ လွမ်းဆွတ်လာရတဲ့ သူတွေပေါ့။ သူတို့ကြောင့် အားတွေရှိခဲ့တာ… ဘယ်တော့မှမမေ့။ လူ့ဘ၀မှာ အဲလို ချစ်စရာကောင်းလှတဲ့ သူငယ်ချင်းတွေ ရှိရတာ ဘယ်လောက် ကျေနပ်စရာ ကောင်းလိုက်ပါသလဲ..။ သူတို့သာ မရှိခဲ့ရင် ကျမရဲ့ မော်လမြိုင်ကဘ၀ဟာ ဒီလောက် ကျေနပ်စရာ ကောင်းခဲ့မယ် မဟုတ်ပါ..။ ကျမတို့ရဲ့ ဆင်းတောင့်ဆင်းရဲ အိမ်ထောင်ဘ၀ဦးကလေးက သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်လည်း သာတောင့်သာယာ ရှိခဲ့တာပါ…။

အဲဒီ ၁၀ပေပတ်လည်အခန်းလေးမှာ ယာယီနေရာချပြီး ရောက်လေရာမှာ စိတ်ချမ်းသာအောင် နေတတ်တဲ့ ကျမကတော့ ပျော်လို့ပါပဲ..။ ကျမကို စာရေးဆရာမမို့ဆိုပြီး (ဘာအဓိပ္ပါယ်နဲ့မှန်း မသိ..) ပါ/ချုပ်က ကြည့်မရဘူးဖြစ်နေတယ်ဆိုတာတွေ…၊ ကျမက ဆင်းတိဆင်းရဲပုံစံမို့ တံစိုးလက်ဆောင် ကောင်းကောင်း မပေးနိုင်လို့ နယ်မြေဌာနအကြီးအကဲက အိမ်ခန်းပေးရမယ့် ကိစ္စမှာ ညစ်ချင်တာတွေ…၊ ကျမက ခပ်စွာစွာလို့ သတင်းမွှေးတာမို့ ဌာနမှူးပါမောက္ခက ကျမ ရောက်လာတာကို စိတ်ညစ်နေတာတွေ.. ကျမ မသိပါဘူး။ တနေ့ပြီး တနေ့သာကုန်ရော အိမ်ခန်းက မရသေးပါဘူး။ အဲဒီရက်တွေထဲမှာပဲ ရာကျော်က အလုပ်ပြန်လုပ်ဖို့ ရွာကို ပြန်ဆင်းရမှာ..။ ရာကျော့်ခမျာ ကျမကို တယောက်တည်းထားခဲ့ရမှာကို နောက်ဆံတငင်ငင်..။ နောက်ဆုံး ရန်ကုန်ကနေ မော်လမြိုင်ကို ကျမထက်အရင် Transfer ကျပြီး ရောက်နေတဲ့ သူငယ်ချင်းဆရာမက သူတို့ ဆရာမများအဆောင်မှာ လိုက်နေဆိုတာနဲ့.. ရာကျော်ရွာပြန်တဲ့ အခိုက် စတိုခန်းလေးကို ပိတ်ပြီး သူငယ်ချင်းတွေနဲ့ သူတို့အပျိုဆောင်မှာ လိုက်နေ..။ အဲဒီတော့လည်း ကျမက သူငယ်ချင်းတွေ တ၀ုန်းဝုန်းနဲ့ ပျော်တာပါပဲ။

ဒီကြားထဲ နောက်ထပ် စိတ်ချမ်းသာစရာတခုက ၉၆အပြီးမှာကတည်းက ပိတ်ထားလိုက်တဲ့ မဟာတန်းတွေနဲ့ အဝေးသင်တန်းတွေကို ဖေဖော်ဝါရီလထဲမှာ ပြန်ဖွင့်လိုက်တာပါပဲ..။ ဒီလိုနဲ့ စာပြန်သင်ရတဲ့ အချိန်တွေထဲ ကျမဘ၀လေး နေသားတကျ…။ ဆောင်းအကုန် နွေဦးမှာတော့ ကျမရဲ့ စတိုခန်းလေးက လေလေးတဖြူးဖြူးနဲ့ အေးလို့ပါပဲ။ ကျောင်းထဲမှာ လူတော်တော်များများက ကျမကို အခန်းမပေးဘဲ တမင်ထားတာ သိကုန်တဲ့အပြင် အများစုက ကျမတို့ကိုလည်း ချစ်ကြခင်ကြတော့ ကျောင်းဝင်းထဲမှာ နေရတာ ပိုကောင်းလာပါတယ်။ ပြီးတော့ ဘားအံ ကော့ကရိတ်တကျောက တပည့်တွေကလည်း ကျမဆီ ခဏခဏ လာကြပါတယ်…။ ရာကျော်ကလည်း လူချစ်လူခင် ပေါတဲ့သူဆိုတော့ ကျမရဲ့ စတိုခန်းလေးမှာ ဧည့်သည်မပြတ်..။ ကျမဖြင့် ပျော်နေရော..။

ဒီလိုနဲ့ နွေကျောင်းပိတ်ရက်ကိုရောက်လာတာမို့ သားကို ရန်ကုန်မှာ ပြန်သွားခေါ်ပါတယ်။ သားရောက်လာ ရင်တော့ သူတို့ အိမ်ခန်းက မပေးမဖြစ် ပေးရတော့မှာ..။ ကျမလည်း ထပ်သွားတောင်းဖို့ ပိုအားကောင်း လာပြီပေါ့.. အဲလိုတွေးထားတာ။ ဒါနဲ့ ရန်ကုန်ကနေ ပြန်ရောက်ပြီး ချက်ချင်းလိုပဲ ပါ/ချုပ်ကို ၀င်တွေ့ပြီး အကျိုးအကြောင်းပြောပြတော့ အိမ်ခန်းပေးတဲ့ရာသီ မဟုတ်ဘူးတဲ့..။ ကျမက ပိတ်ထားတဲ့ အခန်းလွတ်တွေ ဘာလုပ်ဖို့ထားတာလဲ ဆိုတော့လည်း ဒါ မူပဲ.. တဲ့။ ကျမ တော်တော် ဒေါသဖြစ်သွားပါတယ်..။ ပါ/ချုပ်ကို စက်ဆုပ်သွားမိပါတယ်။ နောက်မှပြန်သိတာက မူအရဆိုရင် မော်လမြိုင်နယ်ခံ ဆရာဆရာမ ဆိုရင်တောင် အိမ်ခန်းမပေးဘူးဆိုပြီး တကယ်တမ်းကျတော့ တံစိုးလက်ဆောင် ယူပြီး ပေးထားတာပါပဲ.. တဲ့။ ရန်ကုန်ကလာတဲ့ ဆရာဆရာမတွေကိုတော့ အဲလို ပညာပြနေကျ… တဲ့။ အဲဒါမျိုးကို စိတ်ဆိုးလွန်းလို့ အလုပ်ထွက်သွားတဲ့ ဆရာမတောင် ရှိခဲ့ဖူးတယ်တဲ့။ ကျမကိုတော့ ဒါမျိုးတော့ ဘယ်ရပါ့မလဲ.. ကျမ ပါ/ချုပ်ကို နောက်ထပ်တခါ ထပ်ဝင်တွေ့ပြီး ပြောရပြန်တာပေါ့။

အဲဒီ အကျိုးဆက်ကတော့ ကျမကို နေရာပေးထားတဲ့ မော်ကွန်းထိန်းကို အဆောင် ပြောင်းနေခိုင်းပြီး ကျမနေနေတဲ့ စတိုခန်းကို ပိတ်တော့မယ်လို့ လာပြောတာပါပဲ..။ အဲဒီအချိန်မှာတော့ ကျမက မရတော့ဘူး..။ ကျမအဆိပ်က ထိပ်တက်နေပြီ။ ကျမ နယ်မြေဌာနရုံးခန်းမှာ သွား သောင်းကျန်းပစ်လိုက်တာ…။ အဆင့်မြင့်ပညာ ဦးစီးဌာနကို တိုင်မယ်.. မူနဲ့မညီဘဲ အိမ်ခန်းချပေးထားတာတွေ တိုင်မယ်.. ကျမနေနေတဲ့ စတိုခန်းလေးကို လာပိတ်လိုက်ရင် အဓိပတိလမ်းမပေါ်မှာ အထုပ်တွေချပြီး နေမယ်.. သတ္တိရှိရင်လာလုပ်..လို့ ပြောပစ်လိုက်တယ်။ အဲဒါ မေလ..။ ကျမကိုယ်ဝန်၅လကတောင် တော်တော်ပေါ်နေပြီ။ မော်လမြိုင်ရောက်တာပဲ ၆လရှိပြီလေ။ ကျမသူငယ်ချင်းတွေက ကျမဘက်က အခိုင်အမာ..။ ကျောင်းထဲမှာ ရှိသမျှ အလုပ်သမား တော်တော်များများ ကလည်း ကျမဘက်ကနေ တီးတိုး တီးတိုးပေါ့။

ဒီတော့မှပဲ အုပ်ချုပ်သူလူကြီးမင်းတွေ ငြိမ်သွားတယ်။ အိမ်ခန်းမပေးသေးပေမဲ့ စတိုခန်းကို လာမပိတ်တော့ဘူး။ အဲဒီရက်တွေမှာ ရာကျော်က မရှိ.. ရွာမှာသွားပြီး အလုပ်ပြန်လုပ်နေတဲ့ အချိန်..။ မော်လမြိုင်ရဲ့ အရိုးထိပေါက်တဲ့ မိုးအေးအေးထဲမှာ သားအမိနှစ်ယောက် သံမံတလင်းပေါ် ဂွမ်းကပ်ကလေးခင်းပြီး ချမ်းလွန်းလို့ ကျောချင်းကပ် အိပ်ခဲ့ရတာ မိုးတွင်း တတွင်းလုံးလိုလိုပါပဲ။ သားက ကိုယ်ခံအားကောင်းပြီး ကျမကလည်း ကံကောင်း ထောက်မ စွာ ကျန်းမာရေးတော်တော်ကောင်းနေလို့သာ ဖျားတာနာတာ ကိုက်တာခဲတာတွေ ပြန်မဖြစ် တာပါ။ မိုးရက်တွေထဲ ရာကျော်ရောက်လာရင်တော့ သားက အဖေနဲ့အမေကြားမှာဆို နည်းနည်း ပိုနွေးတယ်တဲ့။ (သားခမျာ ငယ်ငယ်လေးကတည်းက အမေနဲ့ တန်းတူ အဲသလို ဘ၀ဒဏ်ကို ခံခဲ့ရတာပါ.. အဲဒီတုန်းက တခါတလေ.. ကျမက ဘ၀အမောတွေထဲ စိတ်တိုနေတုန်း ကလေးပီပီ သူဆိုးရင် အဲဒီ ၃တန်းအရွယ် ကလေးလေးကို တအားဆူပြီး နှင်ချတာတို့ ရိုက်တာတို့ လုပ်မိသေးတာ.. ခုထိ ပြန်စဉ်းစားမိရင် သနားတုန်း)။

ဒါပေမဲ့ မော်လမြိုင်မှာက အိမ်ခန်းမရသေးတာကလွဲရင် စားရေးသောက်ရေး ငွေရေးကြေးရေးအတွက် သိပ်မပူရပါဘူး..။ များများမမြင်ရတော့ များများမငတ်ရတဲ့ သဘောလည်း ပါတာပေါ့လေ။ ရာကျော်ကလည်း ရွာကနေ တခေါက်ပြန်လာရင် ဆန်တွေ ဆီတွေ အသီးအနှံအခြောက်အခြမ်းတွေ သယ် သယ် လာတာဆိုတော့… အဆင်ကို ပြေလို့။ ကျမကတော့ စတိုခန်းလေးထဲ အသားကျပြီး အခန်းကိစ္စတောင် မေ့မေ့ပျောက်ပျောက် ဖြစ်ချင်နေပြီ။ ကျမရဲ့ ကိုယ်ဝန်ကလည်း တဖြည်းဖြည်း မြင်မကောင်းလောက်အောင် ကြီးကြီးလာပြီ။ ကျောင်းဝင်းပတ်ဝန်းကျင်ကျဉ်းကျဉ်းလေးထဲ ကိုယ်ဝန်ကြီးတကားကားနဲ့ မိုးရွာထဲ.. သားကြီးကို ကျောင်းကြို လိုက်.. မြန်မာစာဌာနရှိတဲ့ အပေါ်ဆုံးထပ်ကြီးကို ဆင်းလိုက် တက်လိုက်။ ပြီးတော့ အိမ်ထောင်သည်ဝင်းရဲ့ အရှေ့ဘက်ဆုံးမှာ ရှိတဲ့ စတိုခန်းလေးထဲ ကြော်လှော်ချက်ပြုတ်နေတဲ့ကျမက တော်တော်ပဲ အမြင်မတော်လေ သလား.. ဒါမှမဟုတ် သနားသွားသလား. ဒါမှမဟုတ်..သူတို့ အိမ်ခန်းပေးချင်တဲ့သူ ပေါ်လာလို့ပဲလား မသိ..။ သြဂုတ်လထဲမှာတော့ နောက်ထပ် ၀န်ထမ်းတွေကို အိမ်ခန်းတွေ ချပေးရင်းကနေ ကျမအတွက် အိမ်ခန်းတခန်း ရလာပါတယ်။ သူတို့ပိုက်ဆံနဲ့ ၀ယ်ထားရတာမဟုတ်တဲ့ ပေ ၂၀ပတ်လည်အခန်းလေးကို သက်ဆိုင်ရာ လူကြီးမင်းများက ကျမကို တကယ်ပေးရမယ့် အချိန်ထက် ၈လနောက်ကျပြီးမှ ပေးလိုက်ပါတော့တယ်။

(ဒီနေရာမှာ ကျမပြောချင်တာကတော့ ကျမတို့နိုင်ငံမှာ အာဏာရပြီဆိုတာနဲ့ အာဏာပြချင်တဲ့လူတန်းစားဟာ ပညာတတ်လောကမှာပါ ရှိနေတာကို ထောက်ပြချင်တာပါ.. ဒါကြောင့်ပဲ ဒီမိုးဒီရေဒီလူတွေနဲ့ မြဲမြံ ကြန့်ကြာနေတာလည်း တကြောင်းပေါ့..။ ခု ပညာရေးဝန်ကြီးဒေါက်တာချမ်းငြိမ်းကိုပဲ ကြည့်လေ... ၈၈တုန်းက ကျောင်းသားတွေကို ကိုယ်ချင်းစာရပ်တည်ခဲ့..။ ပညာရှင်ပီပီသသ အေးအေးချမ်းချမ်းရှိခဲ့...။ ခုတော့.... အာဏာရှင်တွေအလိုကျ အသုံးတော်ခံနေရတဲ့ စက်ရုပ်တရုပ်လို။ စက်ရုပ်တောင်မှပဲ အာဏာရှင်စက်ရုပ် ဖြစ်နေတာက.. စိတ်ထိခိုက်စရာပါပဲ)။

ဒီလိုနဲ့ ရာကျော်ရွာကနေ စနေတနင်္ဂနွေ ပြန်လာတဲ့အခါမှာတော့ ကျမတို့မိသားစု သူများနဲ့ တန်းတူနေခွင့်ရတဲ့ အခန်းလေးတခန်းဆီ ပြောင်းရပါတော့တယ်။ အခန်းလေးကို သေချာ နေရာချပြီးး မွမ်းမံလိုက်တော့လည်း နေချင်စဖွယ်လေးပါ။ အိမ်ရှေ့က မြေကွက်လပ် ကျဉ်းကျဉ်းလေးမှာ စိုက်ပျိုးရေးသမားကြီး ကိုရာကျော်ရဲ့ ပဲတောင့်ရှည်.. ရုံးပတီ.. ချဉ်ပေါင်ခင်းနဲ့ ငရုတ်စိမ်းတွေက စားလောက်သောက်လောက်အောင် တကယ်ပဲ မြိုင်မြိုင်ဆိုင်ဆိုင်…။ နောက်တော့ မြေကွက်လေးရဲ့ အနားသတ်မှာ နာမည်မသိပေမဲ့ ကျမကြိုက်တဲ့ မြေလျှောက်ပန်းဝါ၀ါလေးတွေ..။ နောက်.. ကျောက်နှင်းဆီခင်း.. သူ့အကန့်နဲ့သူ…။ အခန်းလေးကို လာလည်တဲ့ သူတိုင်းက ပျော်ကြတယ်။ အဲဒီတုန်းက ဘာတခုမှ မပိုင်ဆိုင်ပေမဲ့ အပူအပင်ကင်းကင်းနဲ့ နေရတဲ့ မိသားစုဘ၀ထဲမှာ ကျမ စိတ်ချမ်းသာလိုက်တာ…။

+++++

မော်လမြိုင်တက္ကသိုလ်ဟာ.. တကယ့်ကို တောအုပ်ကြီးတခုလို.. စိမ့်စမ်းတွေ လျှိုပေါက်တွေနဲ့။ နောက် ချစ်စရာကောင်းတဲ့ တိုင်းရင်းသား ကျောင်းသူ ကျောင်းသားတွေနဲ့..။ ၁၉၉၉မှာ တက္ကသိုလ်ရဲ့ အငွေ့အသက်ကို ထိတွေ့ခံစားရသေးတဲ့ နေရာ.. ဆရာဆရာမဆိုတာရဲ့ တန်ဖိုးကို ခံစားမြင်သိနေရသေးတဲ့ အချိန်ကာလ တခုဟာ.. အဲဒီအရပ်မှာ ရှိနေခဲ့ပါသေးတယ်။ ကျောင်းသားတွေကို စာသင်ရတာလည်း သိပ်ကို ကောင်းတဲ့ အချိန်တွေပေါ့။ အဲဒီဝန်းကျင်လေးဟာ တကယ့် အဖြူထည်ဝန်းကျင်.. ကောက်ကျစ်ရင်လည်း သိသိသာသာ.. ရိုးသားရင်လည်း သိသိသာသာ..။ ပရိယာယ်နည်းပါးလှတဲ့ ရပ်ဝန်းလေး။ အနားက တောင်ညိုတောင်တန်းက ပတ်လည်ဝိုင်းထားတဲ့ တောင်ဝိုင်းအရပ်…။ အဲဒီ တိတ်ဆိတ် အေးချမ်းတဲ့ အရပ်ထဲ ပျော်ဝင်ရင်းနဲ့ပဲ ကျမ ‘တောသူ’ ဆိုတဲ့ ၀တ္ထုတိုလေး ရေးဖြစ်ခဲ့တာ…။ ရွှေအမြုတေကို ပေးကြည့်တော့ ကံကောင်းထောက်မစွာပဲ စိစစ်ရေးက pass လုပ်ပါတယ်။ ကျမကတော့ စိတ်ချမ်းသာတဲ့အခါ ရုပ်ဝတ္ထု ဆင်းရဲတာကိုတောင် မေ့ပျောက် နေနိုင်တယ်လို့ အမြဲယုံတဲ့အတိုင်း အဲဒီအချိန်တွေမှာ သောကဆိုတာ မရှိသလောက်ပါပဲ။ အဲဒီအချိန် ရာကျော်နဲ့ကျမ ပိုက်ဆံ နည်းနည်း အဆင်ပြေလာလို့ လယ်တောင် ကိုယ်ပိုင် လုပ်လိုက်ကြသေးတာ..။ စိတ်ချမ်းသာနေချိန်… ကံကလည်း လှည့်ပြောင်းလေသလား မသိ… လယ်လုပ်တာ အမြတ်အစွန်းလေးတောင် ရပြီး ဟန်တွေ ဘာတွေ ကျလို့ပေါ့..။

Due date က စက်တင်ဘာလဆန်းတဲ့..။ Ultra sound ရိုက်တော့ ယောက်ျားလေးတဲ့..။ သားကြီးက သဘောတွေကျလို့.. ညီလေးဆိုတော့ ကစားဖော်ရပြီ…. တဲ့။ ရာကျော်လည်း တပြုံးပြုံးပေါ့.. သူက တဦးတည်းသားမို့ သိပ်အဖော်မင်တာလေ… ဒါကြောင့် သားကြီး အဖော်ရမှာကို တွေးပြီး သဘောကျနေတာတဲ့။ ကျမကတော့ ဘ၀မှာ သောကကုန်ပြီလို့ တကယ်ယုံခဲ့ပြီ။ ဒီလိုနဲ့ စက်တင်ဘာလက ဆန်း… Due date ရောက်… ပြီးတော့ လယ်… Due date ကျော်စပြုပြီ။ ဒါပေမဲ့ ကျမကိုယ်ဝန်က အပြင်ထွက်ချင်တဲ့ အရိပ်အယောင် နည်းနည်းမှ မပြသေး.. အထဲမှာ သကောင့်သားလေးက ဆော့ကောင်းတုန်း..။ ဒီလိုနဲ့ လကုန်ကာနီး နောက်ဆုံးပတ်ဝင်ပြီ။ OG က ရက်ကျော်တာကို မကြိုက်ချင်..။ ကျမကတော့ သားကြီးတုန်းကလည်း ၁၀လ တင်းတင်းပြည့်မှ မွေးရလေတော့ သိပ်မပူမိ..။ ဒါပေမဲ့ OG မမက ဆေးရုံတက်တော့တဲ့..။

အဲဒီတုန်းက မော်လမြိုင်မြို့လေးမှာတော့ တက္ကသိုလ်က ဆရာမကို ဆရာဝန်မကြီးကလည်း လေးလေးစားစား ဆက်ဆံပါတယ်။ နောက်ဆုံးတော့ ‘တော်သလင်း နေ ပုစွန်သေ’ ဆိုတဲ့ စက်တင်ဘာလရဲ့ ၂၂ရက်နေ့.. နေ့လယ်.. နေခြစ်ခြစ်တောက် ပူနေတဲ့အခိုက်… မိုးတွေ တဗြုန်းဗြုန်းရွာကျလာတုန်းအချိန်လေးမှာ အလွန်ကိုမှ လွယ်ကူစွာ သမီးလေးကို မွေးထုတ်နိုင်ခဲ့ပါတယ်။ Ultra Sound ရိုက်တုန်းက ယောက်ျားလေးလို့ ပြပြီး မွေးလာတော့ မိန်းကလေးဖြစ်နေတာအတွက် ကျမက ဘယ်လိုမှ မခံစားပေမဲ့ ရာကျော်နဲ့ သားကြီးကတော့ နည်းနည်းအီလည်လည်ဖြစ်နေပါတယ်။ ဒါပေမဲ့ အဲဒီနေ့ အဲဒီအချိန်မှာ ကျမတယောက်တည်း မွေးလူနာရှိတာမို့ မှားစရာအကြောင်းကလည်း မရှိ..။ ဒီလိုနဲ့ ကျမတို့ မိသားစု ၃ယောက် ဘ၀ထဲ သမီးကလေးတယောက် ထပ်တိုးလာခဲ့တာပါပဲ။

(လင်းမြအိမ်(၃)လသမီး)

အဲဒီမော်လမြိုင်ဆေးရုံကြီးရဲ့ သားဖွားဆောင်လေးမှာ မြန်မာပြည်က ဆေးရုံတရုံအနေနဲ့ ထုံးစံအတိုင်း မပြည့်မစုံ ဆင်းရဲပေမဲ့ ဆရာဝန်တွေ သူနာပြုတွေရဲ့ ဂရုစိုက်မှုကို အပြည့်အ၀ ရခဲ့တာက ကျေနပ်စရာပါပဲ။ ဆေးရုံကဆင်းလာချိန်မှာတော့ ကလေးမွေးခအဖြစ် အလှူသာ ထည့်ခဲ့ပါတဲ့။ မှတ်မှတ်ရရ… သမီးကို မွေးတာ ပိုက်ဆံ ၁၀၀၀ပဲ အလှူထည့်လို့ ကုန်ခဲ့ပါတယ်။ သမီးကိုမွေးစဉ် ဆေးရုံပေါ်က ၃ရက်တာမှာလည်း ကျမ တခါက ပြောခဲ့ဖူးတဲ့ မော်လမြိုင်ဒေါ်ပုထမင်းဆိုင်က အမလို ချစ်ရတဲ့ သူငယ်ချင်းဆရာမ မိသားစုက တောက်လျှောက် ထမင်းပို့ပေးတဲ့အတွက် အင်မတန် သက်သောင့်သက်သာ နိုင်စွာပဲ သမီးလေးရဲ့ ဘ၀ဦးကို စနိုင်ခဲ့ပါတယ်။ ကျမရဲ့နာမည်နဲ့ ပတ်သက်ပြီး တော်တော်များများက ‘ငြိမ်းခက်ခက်’ဆိုလို့များ ဘ၀မှာ ငြိမ်းဖို့ခက်နေတာလားလို့ ပြောတတ်ကြတာကြောင့် သမီးလေးကိုတော့ “လင်းမြအိမ်”လို့ နာမည်ပေးဖြစ်ပါတယ်။ အလင်းရောင်နဲ့ အေးမြခြင်းတွေ သယ်ဆောင်လာတဲ့ ဘ၀အိမ်ကလေးကို ပိုင်ဆိုင်ရပါစေရယ်လို့ပေါ့…။

(အခု... လင်းမြအိမ်)

+++++

13 comments:

MANORHARY said...

အမရေ..တစ်ချိန်ကပုသိမ်ကောလိပ်ထဲက
ဆရာတွေကိုပေးတဲ့.......
ယင်းမာဆောင်ကအခန်းလေးကိုသွားသတိရတယ်
ငယ်ငယ်ကအဲဒီမှာနေခဲ့ရတာလေ။ ရေချိုးကန်ကတစ်
နေရာ အိမ်သာကတစ်နေရာ ဒါကိုသားကိုပြန်ပြော
တော့သားကမယုံဘူး။မဖြစ်နိုင်တာတဲ့.

မေငြိမ်း said...

ဟုတ်ပ မနော်ရေ.. ခုမှသတိရတယ်.. အဲဒါလေး.. ဟုတ်တယ်... အိပ်တာက တနေရာ.. အိမ်သာက တနေရာ.. ပြန်ဖြည့်ဦးမှပါ..။

:P said...

နက်မကောင်းလို့ လင်းမြအိမ် ပုံတွေ မမြင်ရသေးဘူး အစ်မရေ..။

ကိုရင်နော်ခင်လေးငယ် said...

ဆရာမရေ...

လင်းမြအိမ်လေးက အရမ်းကို ချစ်ဖို့ကောင်းနေပါတယ်..

လေးစားစွာဖြင့်..
ကိုရင်နော်၊ ခင်လေးငယ်

ပုံရိပ် / Pon Yate said...

ဆရာမ မေငြိမ်း သမီးလေးက နာမည်ရော လူရော ချစ်ဖို့ကောင်း ပါတယ်။ ဘ၀အမောတွေ ပြေစရာပေါ့။

ကိုပေါ said...

(((အာဏာပြချင်တဲ့လူတန်းစားဟာ ပညာတတ်လောကမှာပါ ရှိနေတာကို ထောက်ပြချင်တာပါ..)))

မှန်လိုက်လေ.... တကယ်တမ်းကျရင် အာဏာပြချင်တဲ့ လူတန်းစားက အလွှာတိုင်းမှာကို ရှိနေတယ်လို့ ပြောလို့ရတယ်။ မိသားစုတွင်း ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ၊ လူမှုအသိုင်းအ၀ိုင်းနဲ့ ကျောင်းစာသင်ခန်းမတွေမှာ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ ကျနော်တို့တတွေအားလုံးဟာ အာဏာရှင်စိတ်၊ အာဏာရှင်ညဉ် တွေကို အရိုးစွဲအောင် ရိုက်သွင်းခံခဲ့ရလေသလား။ တွေးတောစရာ....

ကြည် said...

သမီးလေးက ချစ်စရာ။ သားကြီးပုံလည်းတင်ပါအုံး။ ဖြစ်နိုင်ရင် ကိုရာကျော်ပုံရောပေါ့။ မိသားစုပုံလေးကြည့်ရရင် ပိုကောင်းမယ်။ နောင် မိသားစုလိုက်အလည်ထွက်ဖြစ်ခဲ့ရင် ပုံတင်အုံးနော်။ မျော်လင့်လျှက်....

Unknown said...

When i read this post, i feel pleased and happiness. Life is sometimes bitter but sometimes sweet.
whatever, I wish you be happy forever.

မီယာ said...

လင်းမြအိမ် နံမည်ရဲ့ အဓိပ္ပါယ်လေးက ကောင်းလိုက်တာ... မြသီလာ အလွမ်းပြေ တွေ ဖတ်ရတာ ကျေးဇူးပါ ဆရာမ

မေ့သမီး said...

ဘယ်လောက်ပဲစောင့်ရစောင့်ရ၊ ဖတ်ရတဲ့အခါ စိတ်ကျေနပ်တာပဲ။ အာဏာရလာရင် လူတွေပြောင်းလဲတတ်တာတကယ်ကိုအမှန်ဖြစ်နေတုန်းပဲ။ အာဏာရတာတောင်ပြောင်းလဲမသွားတဲ့သူတွေကို တွေ့ချင်လိုက်တာ။ ဆက်စောင့်နေမယ်နော်။

M.Y. said...

ပညာရေးလောကထဲက ရုပ်ပျက်ဆင်းပျက်အနိုင်ကျင့်မှုတွေပါပဲ။
တွေးကြည့်တော့လဲနေရာတိုင်း၊ဌာနတိုင်းမှာလူတိုင်းကကြီးပွားချမ်း သာချင်ကြတာချည့်ပဲဆိုတော့၊မတော်လောဘကြောင့်၊ ခေတ်ကိုက ပညာဂုဏ်သိက္ခာကိုအသာထားလို့ ရရာနေရာတိုင်းကလာဘ် လာဘလေးပဲမျှော်ကိုးစရာရှိတော့တာကိုး။

မတရားမှု၊ အနိုင်ကျင့်မှုမှန်သမျှအတွက်မီးမောင်းထိုးပြရဲတဲ့
ဆရာမလို ဆရာ၊ ဆရာမတွေများများရှိစေချင်တယ်။ ရဲမှရမယ်ဆိုတော့ ရှားတော့ရှားမယ်..

s0wha1 said...

ခုမှ ကျဲကျဲရဲ့ နာမည်ကို သိတော့တယ်။ =))
ကျဲကျဲကတော့ ချောမှ ချောပဲ။

Unknown said...

မမရေ အိမ်ထောင်သည်မပြောနဲ.အပျို ဆရာမတောင် အခန်းရဖို. တော်တော်ခက်ခဲတာပါ။ tutor ဖြစ်ခါစ 2002 မှာ ခံစားခဲ့ဖူးပါတယ်။