Feb 17, 2009

မြသီလာအလွမ်းပြေ(၃၃)

၁၉၉၉ရဲ့ မြသီလာဆောင်းရက်တွေကတော့ မဟာတန်းတွေနဲ့ အဝေးသင်တွေကို စာသင်ရုံကလွဲလို့ ဘာမှ ထူးထူးခြားခြားမရှိတဲ့အပြင် ကျမမှတ်မိသလောက် ရန်ကုန်မှာ ကျန်ရစ်ခဲ့တဲ့ မြသီလာကြီးမှာလည်း ထူးထူးခြားခြား အဖြစိအပျက် ဘာမှမရှိခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၀၀နှစ်ဆန်းမှာတော့ ကျောင်းတွေပြန်ဖွင့်မယ်။ စာသင်နှစ်တွေကို ၆လတတန်းသတ်မှတ်ပြီး Semester ပုံစံနဲ့ သွားမယ်.. ပညာရည်မြင့်မားမှုစီမံကိန်းဆိုတာတွေ လုပ်မယ် ဆိုတာတွေ အသံကြားလာရပါပြီ။ အဲဒီအတွက် ဘာသာရပ်ဆိုင်ရာ အကြံပြုစာတန်းတွေ တက္ကသိုလ်အလိုက် လုပ်ရမယ် ဆိုတာတွေ ညွှန်ကြားလာပါပြီ။ မြန်မာစာဌာနက သင်ကြားရေး အထောက်အကူပြု စာတမ်းတစ်စောင် ဖတ်ပါတဲ့။ အဲဒီအခါ ဌာနမှူးက ကျမကို တာဝန်ပေးပါတယ်။ ငြိမ်းခက်ခက်က စာရေးဆရာလည်းဖြစ်တော့ literature ပိုင်း တခုခု တာဝန်ယူပါတဲ့..။ အဲလိုပဲ Language ပိုင်းကိုလည်း တယောက်ကို တ၀န်ပေးပါတယ်။ အဲဒီဆရာမကလည်း Language ပိုင်းမှာ တကယ်တော်တဲ့သူပါ (သူကလည်း မဟုတ်မခံမို့ လူကြီးမကြိုက်သူပါပဲ)။ ကျမတို့ စာတမ်းရေးဖို့ နှစ်ပတ်ပဲ အချိန်ရပါတယ်။ အဲဒီမှာ ဖတ်ထားတဲ့ စာတမ်းတွေထဲကနေ ရွေးပြီး ရန်ကုန် စိန်ရတုခန်းမမှာ တနိုင်ငံလုံးက တက္ကသိုလ်ပေါင်းစုံ စာတမ်းဖတ်ပွဲမှာ ထပ်ဖတ်မှာတဲ့။ တကယ်တော့ တော်တော် တာဝန်ကြီးတဲ့ ကိစ္စပါ။
Justify Full
(တကယ်က ဘယ်သူမှမလုပ်ချင်တဲ့ ခေါင်းမခံချင်တဲ့အလုပ်ကို စွာတာတာမို့ အမြင်ကပ်လက်စရှိနေတဲ့ နှစ်ယောက်ကို ချောက်ချလိုက်တာပါပဲ)။ ကျမတို့ကတော့ ဒါမျိုး မမှုတဲ့သူဖြစ်တဲ့အပြင် နဂိုတည်းက သင်ကြားရေးပိုင်းကို ဝေဖန်နေကြသူတွေမို့ အလွယ်တကူ လက်ခံလိုက်တာပါပဲ။ မြန်မာနိုင်ငံမှာ Teacher- centered နဲ့ သင်နေတဲ့စနစ်ကို အူထဲအသည်းထဲကကို ကျမက မကြိုက်တာလေ။ ကျမက မဟာဝိဇာတန်းမှာ ၀တ္ထုနဲ့ စာပေဝေဖန်ရေးသင်ရတာမို့ ကျမဖြစ်စေချင်သလို Student centered classroom ဖြစ်အောင် လုပ်ယူပါတယ်။ ကျောင်းသားတွေက ဦးဆောင်ဆွေးနွေးပြီး စာသင်ခန်းထဲ အဖြေရှာရတဲ့ သင်နည်းကို မြန်မာနိုင်ငံမှာတော့ ဆရာက အသက်သာခိုတယ် လို့တောင် ထင်ကြတဲ့ အနေအထားပါ။ တကယ်တမ်း ကျောင်းသားတွေ ရှာတွေ့လာတဲ့ ပြဿနာတွေ ဝေဖန်ချက်တွေကို စနစ်တကျ လက်ခံဆွေးနွေးဖို့ ထောက်ပြအကြံပြုဖို့အတွက် ဆရာလုပ်တဲ့ သူမှာ ၀မ်းစာ ဘယ်လောက် လိုအပ်တယ်.. ဘယ်လောက် ကြိုးစားထားရတယ်ဆိုတာကို ခုထိတောင် မြန်မာနိုင်ငံက ဆရာအများစု က မသိကြ နားမလည်ကြသေးပါဘူး။

အဲဒီတုန်းက ကျမရေးတဲ့ စာတမ်းက “ဆင်ခြင်တွေးတောခြင်းနှင့် မြန်မာစာသင်ကြားရေး နယ်ပယ်” ဆိုတဲ့ ခေါင်းစဉ်ပါ။ ကျောင်းသားတွေဆီမှာ ရှိနေတဲ့ Critical Thinking, Lateral Thinking နဲ့ Creative Thinking တွေကို မြန်မာစာသင်ခန်းစာတွေ သင်ကြားရင်းကနေ ဖော်ထုတ်လေ့ကျင့်ပေးသွားဖို့အတွက် Student-Centered Approach နဲ့ ဘယ်လို လုပ်နိုင်တယ်ဆိုတာကို အထောက်အထားတွေနဲ့ ရေးတာပါ။ အဲဒီတုန်းက မော်လမြိုင် တက္ကသိုလ်ရဲ့ စာကြည့်တိုက်မှာရော မြန်မာစာဌာနရဲ့ စာကြည့်တိုက်မှာရော Reference လုပ်စရာ ဘာစာအုပ်စာတမ်းမှ မရှိလို့… လိုတဲ့စာအုပ်တွေ ရန်ကုန်ကို လှမ်းမှာပြီး ကြိုးစားပမ်းစား ရေးရပါတယ်။ ကွန်ပြူတာမရှိတဲ့ ခေတ်မို့ လက်ရေးနဲ့ ရေးလိုက်ဖျက်လိုက်.. ကလေးငယ်လေးတဘက်နဲ့ တော်တော် ပင်ပန်းတာပါ။ စာတမ်း အချိန်ကိုက်ပြီးသွားတော့ ကျမမှာ သဘောတွေကျလို့။ ဌာနမှူးကို သွားပေးတော့လည်း ကိုယ့်ဘာသာ မြောက်ကြွ မြောက်ကြွပေါ့။ အဲဒီနေ့ကျလို့ မေးခွန်းတွေတက်လာရင် ဘယ်လိုတွေဖြေမယ်.. ဘယ်လိုတွေ ပြောမယ်ပေါ့။

တကယ်တမ်း စာတမ်းဖတ်ဖို့ နှစ်ရက်အလိုမှာတော့ ဆရာမကြီးက ကျမကို အခန်းထဲခေါ်ပြီး ကျမစာတမ်းကို မဖတ်ဖြစ်တဲ့အကြောင်း၊ ဌာနမှူးပါမောက္ခတွေလည်း တစောင် မဖြစ်မနေ ဖတ်ရမယ်လို့ ထပ်ပြောတဲ့အတွက် သူလည်းတစ်စောင်ဖတ်ရတော့မှာ ဖြစ်ကြောင်း၊ နောက် စာတမ်းတစောင်က “ပုဂံခေတ်မင်စာများမှ မြန်မာစာအရေးအသားအဆင့်အတန်း”ဆိုတဲ့ ခေါင်းစဉ်မို့ ပါ/ချုပ်က စိတ်ဝင်စားလို့ ရွေးလိုက်ကြောင်း၊ ဒါကြောင့် ကျမစာတမ်းကို ဖြုတ်လိုက်ရတယ်လို့ ပြောပါတယ်။ ကျမက တကယ်ပဲလို့ ယုံပါတယ်။ ဒါနဲ့.. “ကိစ္စမရှိဘူးမမ.. ကျမစာတမ်းလေးသာ ပြန်ပေးပါ။ ကျမ တက္ကသိုလ်သုတေသနဂျာနယ်ကို ပေးလိုက်မယ်..” လို့ ပြောလိုက်ပါတယ်။ ဌာနမှူးက ကျမစာတမ်း သူ့အိမ်မှာ ရှိကြောင်း၊ နောက်နေ့မှယူပါလို့ ပြောပါတယ်။ အဲဒီ နောက်နေ့တွေမှာ သူ ပြန်မပေးလို့ ကျမ တောင်းတာ ၃ခါမြောက်ပြီးချိန်မှာတော့ ကျမ သူ့အိမ်ကို လိုက်သွားပါတယ်။ သူက ကျမစာတမ်းကို ဘယ်မှာ ထားမိမှန်းမသိလို့ အားနာလိုက်တာတဲ့။ တကယ် ဟုတ် မဟုတ်.. သူပဲ သိမှာပါ။ (ခုတော့ အဲဒီဌာနမှူးလည်း ပင်စင်ယူသွားပါပြီ)။ ကျမဆီမှာတော့ ဖျက်ရာခြစ်ရာတွေ ပေပွနေတဲ့ အကြမ်းထည်သာ ကျန်ခဲ့ပါတယ်။ နောက်ပိုင်း ဘယ်ကိုမှလည်း မပေးဖြစ်ခဲ့တော့ ပါဘူး။

(အဲဒီ စာတမ်းရေးခဲ့တဲ့ အကျိုးဆက်ကတော့ ကျမ ပြည်ပထွက်လာပြီး နောက်ပိုင်း Radio Free Asia မှာ ပညာရေးကဏ္ဍ အသံလွှင့်ဆောင်းပါးတွေ ရေးတဲ့အခါမှာ အဲဒီစာတမ်းထဲက အချက်အလက် တွေ ပြန်ထည့်နိုင်တာပါပဲ)။ ဒါတွေကို ကျမပြောပြနေတာက ကျမတို့နိုင်ငံမှာ ‘အချိန်ကိုက် အဖြစ်လုပ်’ တဲ့ကိစ္စတွေသာ တွင်ကျယ်နေတာကိုပြောချင်တာပါ။

နောက်တော့ ၂၀၀၀ မေလ ဆယ်တန်းစာမေးပွဲတွေ စာစစ်တဲ့ ကိစ္စတွေအပြီးမှာပဲ ကျောင်းတွေ ပြန်ဖွင့်မယ်.. ပညာရည်မြင့်မားမှုအနှစ်၃၀စီမံကိန်းတွေ အကောင်အထည်ဖော်မယ်ဆိုတာတွေ တရားဝင်ပြောလာပါတယ်။ ကျမတို့ နိုင်ငံရဲ့ ထုံးစံအတိုင်း စကားလုံးတွေကတော့ ကောင်းပေ့ပေါ့။ စီမံကိန်းတွေကလည်း စာရွက်ပေါ်မှာ ရှယ်ပေါ့..။ Our Vision ဆိုတဲ့ ကြီးကြီးကျယ်ကျယ် ဆိုင်းဘုတ်ကြီးတွေနဲ့။ အဲဒီဆိုင်းဘုတ်ပေါ်က ဘယ်သူရေးမှန်းမသိတဲ့ မြန်မာစာက မြန်မာစာဆရာမတွေတောင် နဝေတိမ်တောင်ဖြစ်ကုန်တာ.. ဘာကို ဆိုလိုမှန်း မသိ..။ ဆရာဆရာမတွေ ကွန်ပျူတာတတ်ရမယ်တဲ့..။ သင်ထားပါ.. မသင်လို့ မတတ်ရင် နောက်မှာ ချန်ခဲ့ရမှာပဲ.. တဲ့။ ကျမတို့က သင်ဖို့ ဘယ်သူစီစဉ်ပေးမှာလဲဆိုတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်.. တဲ့။ ဘုရားရေ.. ကွန်ပျူတာသင်တန်းက အတတ်ကို ၁သောင်းခွဲ.. ကျမတို့ တရားဝင်လစာက အဲဒီတုန်းကထိ ၁၇၀၀ပဲ ရသေးတာ။

ပြီးတော့ အစည်းဝေးခန်းထဲမှာ ဆရာမကြီးက ပြောသေးတယ်။ ဘာတဲ့.. ရေဗူးပေါက်တာ မလိုချင်ဘူး.. ရေပါတာပဲ လိုချင်တယ်တဲ့။ ကျမက ချက်ချင်း ပြန်ပြောလိုက်တယ်.. “မမ… အဲဒါ စစ်တပ်က ရေသယ်တဲ့ကိစ္စမှာ ပြောတဲ့ စကားဖြစ်မယ်... ပညာရေးထဲမှာတော့ အဲလို မရဘူးထင်တယ်..” လို့။ သူက “မရဘူး.. ဒါ ဖြစ်အောင်လုပ်ရမယ့် ကိစ္စတွေပဲ.. မလုပ်နိုင်တဲ့သူ ကျန်ခဲ့” တဲ့။ ကြည့်ပါဦး.. ပညာတတ် ဆရာမကြီးတယောက်က သူ့လက်အောက်က လုပ်ဖော်ကိုင်ဖက်တွေကို ပြောတာ။ လက်ဝှေ့ကြိုးဝိုင်းထဲ စိန်ခေါ်တာကျနေရောနော်..။ ပညာမတတ်တဲ့သူတွေက အဲလိုပြောတယ်ဆို ထားပါတော့။ (တကယ်တော့ ဒါ့ထက်အများကြီးဆိုးတဲ့ ဆရာဆရာမကြီးတွေလည်း ရှိတာကို နောက်ပိုင်းမှာ ကျမပြောပြပါ့မယ်.. ဒါမှပဲ ကျမ ဘာလို့ မြသီလာကို စွန့်ခဲ့ရတယ်ဆိုတာက ပေါ်လွင်တော့မှာလေ)။

မော်လမြိုင်တက္ကသိုလ်မှာ ထူးခြားတာက ဆရာဆရာမအများစုက တော်ကြတာ.. ပြီးတော့ ဆရာဆရာမစိတ် ရှိကြတာပဲ။ ဒါကြောင့် ကျောင်းသားတွေကလည်း အများစု တော်ကြ လိမ်မာကြတယ်။ ရန်ကုန်ကျောင်းတွေမှာ စာမေးပွဲမှာ စာခိုးချတဲ့ ပြဿနာတွေ.. အခန်းစောင့်ဆရာမတွေက ငွေယူပြီး စာခိုးချတဲ့ကျောင်းသားကို လွှတ်ပေးတယ်ဆိုတာတွေ ကြားနေရချိန်မှာ ကျမတို့ မော်လမြိုင်တက္ကသိုလ်က စံပြလို့တောင် ပြောလို့ရလောက်အောင် စာခိုးချတဲ့သူတွေ နည်းတယ်။ ရှိရင်လည်း အရေးယူတယ်။ ကလေးတွေကလည်း အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ ဆရာဆရာမတွေကလည်း ညီကြတယ်။ စုန်းပြူး အနည်းအကျဉ်း ရှိပေမဲ့ အများစုက ကောင်းလေတော့ အဲဒီတုန်းက မော်လမြိုင်တက္ကသိုလ်ဟာ နာမည်ကောင်း ထွက်တဲ့ ကျောင်းတခုပေါ့။

ဒီလိုနဲ့ ၂၀၀၀ပြည့်နှစ်ရဲ့ဇူလိုင်လမှာတော့ ၁၉၉၆ကျောင်းသားလှုပ်ရှားမှုအပြီးကတည်းက ပိတ်ထားခဲ့တဲ့ စာသင်ခန်းတံခါးတွေ ပြန်ဖွင့်လိုက်ပြန်ပါတော့တယ်။ အဲဒီ ၂၀၀၀ ကျောင်းတံခါးတွေ ပြန်ဖွင့်တာရဲ့ နောက်ကွယ် မှာ ကျောင်းသားတွေ စာမတတ်ရေး.. ပညာရေးအဆင့်အတန်း နိမ့်ကျရေးနဲ့ ပညာတတ်တန်ဖိုးတွေ နိမ့်ကျ သွားစေရေးအတွက် နောက်ကွယ် အစီအစဉ် (Hidden Agenda)တွေ ရှိနေခဲ့တာကို ဘယ်သူမှ မရိပ်မိကြသေးပါဘူး။ ကျမလို စစ်အစိုးရနဲ့ပတ်သက်ရင် မသင်္ကာစိတ်နဲ့ အမြဲ စောင့်ကြည့်တတ်တဲ့သူတောင်မှပဲ သံသယ မရှိမိခဲ့သေးပါဘူး။ ကျမ ရိပ်မိတဲ့ အချိန်က ၂နှစ်လောက် နောက်ကျခဲ့ပါတယ်။ တကယ်တော့ ‘တိုင်းပြည်ဖျက် စီမံကိန်း’ ဆိုတာကလည်း စနစ်တကျ စိမ့်ဝင်ထိုးဖောက်ပြီးမှ လုပ်တာပဲ မဟုတ်လားလေ။

+++++

ကျောင်းဖွင့်ချိန်မှာ ပျော်ရွှင်ကြည်နူးကြတာတော့ ကျောင်းသားတွေတင်မဟုတ်.. ကျမတို့ ဆရာဆရာမတွေပါ.. စိတ်လက်ကြည်နူးကြရပါတယ်။ ပင်ပန်းတာကတပိုင်း.. ကိုယ့် ပလက်ဖောင်းလေးပေါ် ကိုယ်ပြန်ရောက်ရတာက စိတ်ချမ်းသာစရာ..။ ကျမဆို ဘ၀မှာ စာသင်ခုံပေါ် ရပ်ပြီး စာသင်နေရမှ အဓိပ္ပါယ်ရှိတယ်လို့ကို ထင်တာလေ။ စာသင်ခန်းဟာ ကိုယ်ဖြန့်ဝေချင်သမျှပြောခွင့်ရတဲ့ နေရာလေး..။ ကိုယ်မွေးချင်တဲ့ မျိုးဆက်သစ်လေးတွေ မွေးထုတ်ခွင့်ရတဲ့ နေရာလေး.. ကိုယ်ဟောချင်တဲ့ တရားတွေ ဟောခွင့်ရတဲ့ နေရာလေး… ကျမ ဒါကို မက်မောတယ်။ ပြီးတော့ မြန်မာစာဘာသာရပ်.. အထူးသဖြင့် ကဗျာ စကားပြေစတဲ့ စာပေဘာသာရပ်ဟာ ကျမ နှလုံးသားထဲကကို မြတ်နိုးတဲ့ဘာသာရပ်မို့ ကျမဒါနဲ့ပတ်သက်ပြီး ပြောနေဆိုနေရတာကို သိပ်မွေ့လျော်တာပါ။ ဆရာမဖြစ်ပြီး နောက်ပိုင်းကာလတွေထဲ ကျမဘ၀ရဲ့ အပျော်ဆုံးအချိန်တွေဟာ အဲဒီ မော်လမြိုင် တက္ကသိုလ်ကာလမှာလို့တောင် ပြောလို့ ရပါတယ်။

(မော်လမြိုင်မှာ စိတ်ချမ်းသာနေတာ)

အဲဒီကျောင်းပြန်အဖွင့်မှာမှ ရာကျော်လည်း Chemistry Major ကို Final Year တက်ရတာပေါ့။ ကလေးတဘက် အလုပ်တဘက်နဲ့ပေါ့။ ကျမက ရာကျော်ရှက်နေမှာ စိုးနေမိသေးတယ်။ မိန်းမက ဒီတက္ကသိုလ်မှာပဲ ဆရာမ.. သူက ကျောင်းတက်နေရတုန်း.. ပိုဆိုးတာက နေတာကလည်း ကျောင်းဝင်းထဲလေ.. ။ ပြောသာပြောရတယ်.. အဲဒီအချိန်မှာ ကျောင်းသား ကျောင်းသူ တော်တော်များများကလည်း အိမ်ထောင်တွေ ကျကုန်ပြီ။ တချို့လည်း ကလေးတဘက်နဲ့ပေါ့။ ကျမရဲ့ ဘားအံတုန်းက တပည့်တွေထဲမှာလည်း နောက်ဆုံးနှစ်ကို မော်လမြိုင်မှာ လာတက်သူတွေက တက်ကြရတာပေါ့။ အဲဒီအခါ ကျမစိတ်ထဲ ကျမတပည့်တချို့ ကျမအပေါ် ရာကျော်နဲ့ အိမ်ထောင်ပြုလိုက်တဲ့အပေါ် စိတ်ကသိကအောက်ဖြစ်မှာ အရိုအသေတန်မှာတွေကိုလည်း တွေးပူနေမိတာမျိုး ဖြစ်နေမိပါ သေးတယ်။ ဒါပေမဲ့ ကျမတပည့်လေးတွေကရော သူတို့ရဲ့ မိဘတွေကပါ ကျမနဲ့ ရာကျော့်အပေါ် အချစ်မပျက်.. အရိုသေမပျက်.. အရင်ကအတိုင်း လှိုက်လှိုက်လှဲလှဲ ရှိဆဲမို့ ကျမမှာ တော်တော် အားတက်ရတာပါ။ ဒီတော့လည်း ကျမအိမ်ကလေးက ဘားအံကောလိပ် မှာတုန်းကလိုပဲ တပည့်တွေရဲ့ စားအိမ်သောက်အိမ် အပန်းဖြေစရာ အိမ်ကလေး ဖြစ်နေမြဲပေါ့။

+++++

မော်လမြိုင်တက္ကသိုလ်က အချိန်တွေဟာ ကျမအတွက်တော့ တကယ့်ကို ကျေနပ်စရာကောင်းခဲ့တဲ့ ဘ၀လေးပါပဲ။ ဌာနမှာဆိုရင်လည်း ကျမနဲ့ စိတ်တူကိုယ်တူ ဆရာဆရာမတွေက အများစုလေ..။ ကျမဖြင့် အဲဒီတုန်းက ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သိပ်ချစ်တာပါပဲ။ ပြီးတော့ အေးချမ်းတဲ့ မော်လမြိုင်မြို့လေးနဲ့ အနီးဝန်းကျင် တ၀ိုက်ကလည်း ကျမအတွက်တော့ ချစ်စရာတွေချည်း။ အခါကြီး ရက်ကြီးတွေ ဘာသာရေးအထိမ်းအမှတ်နေ့ တွေဆို တောင်ဝိုင်း တောင်ပေါ်က ဘုန်းကြီးကျောင်းတွေမှာ အလှူလုပ်။ နောက် ကျောင်းရှေ့က ဘိုးဘွားရိပ်သာမှာ အလှူလုပ်။ ကျမစိတ်ထဲ မော်လမြိုင်မှာပဲ နေတော့မှာလို့ကို ဆုံးဖြတ်လိုက်တဲ့အထိ… အဲဒီမြေမှာ ပျော်မွေ့ခဲ့တာပါ။

အဲဒီအချိန်တွေမှာပဲ ရာကျော်လည်း ကျောင်းပြီး.. ဘွဲ့ရ..။ သမီးလေးလည်း တောက်တောက် ပြေးပြီ။ တကယ့်ကို အပူပင်နည်းနည်း လောဘနည်းနည်း သောကနည်းနည်းအချိန်တွေ..။ သမီးလေးဓာတ်ပုံမြင်ပြီး နှစ်ဖက်အဖိုးအဖွားနဲ့လည်း အဆင်တွေပြေ။ ကျမအဖေက ပိုက်ဆံ ၃သိန်းထုတ်ပေးလို့ လယ်ကို အကြီးအကျယ်စိုက်မယ်လို့ ကြွေးကျော်ပြီး ရာကျော်က ရွာပြန်ဆင်းသွားပါတယ်။ ကျမက သားကြီးကို အဖော်လုပ်ပြီး သမီးလေးရယ်.. ကျမကို ကူလုပ်တဲ့ အဖော်ကောင်မလေးတွေရယ်နဲ့ နေခဲ့ပေါ့။ အဲဒီတုန်းကတော့ တကယ်လည်း သားကြီးကိုအဖော်လုပ်ရတာ။
(အဲဒီတုန်းက ကိုကိုကြီးနဲ့ ညီမလေး)

သားကြီးက ငယ်ငယ်ကတည်းက ဘာမှမကြောက်တတ်။ တခြားကလေးတွေ ညဘက် အိမ်ပြင်တောင် မထွက်ရဲတဲ့ အရွယ်မှာ သားက ကျမကို အပြင်ထွက်လည်း လက်နှိပ်ဓာတ်မီးကိုင်ပြီး အဖော်လိုက်ပေးတာ။ ညမိုးချုပ်ချုပ်မှာ ကျူရှင်က ပြန်ရင်လည်း တောအုပ်လို ကျောင်းဝင်းထဲ တယောက်တည်း ပြန်လာရရှာတာ။ ခုထိလည်း အားတော့ ကိုးရသားပါ။ (ဆင်ခြေများတာက လွဲလို့)။

(အမေနဲ့ အဖော်လိုက်ပေးတဲ့ သားကြီး)

တကယ်တော့ ရာကျော်က သူ့အသွေးအသားထဲကကို လယ်လုပ်ရတာကို ပျော်တာ.. လယ်ကိုချစ်တာမို့ ဒါပဲ လုပ်ချင်တယ်ဆိုလို့သာပါ။ ပြီးတော့ ရာကျော်က လယ်လုပ်ပြီဆိုရင် အလုပ်သမားတွေ ငှားထားပေမဲ့ စိတ်တိုင်းမကျတာနဲ့ သူကိုယ်တိုင် ဆင်းဆင်းလုပ်တာကြောင့် ပင်ပန်းလွန်း လို့ ကျမက သိပ်မလုပ်စေချင်ပါဘူး။ သူက ကန်သင်းပေါက်လည်း ကိုယ်တိုင်လုပ်ရမှ.. စက်မောင်းလည်း ကိုယ်တိုင်လုပ်ရမှဆိုတော့.. လိုအပ်တာထက် ပင်ပန်းတယ်လို့ ကျမက ထင်တာလေ။ ကျမကတော့ ရန်ကုန်မှာ အဖေက ခရီးသွားကားတွေ ထောင်ထားတာမို့ အဖေ့ကားတွေ မောင်းပေးတာမျိုး.. ဧည့်သည်တွေနဲ့ လျှောက်လိုက်ပေးတာမျိုးကို လုပ်စေချင်တာ။ ပြီးတော့ အဲဒီအချိန်မှာ အဖေကလည်း သူ့ကို ချစ်နေပြီလေ။ ဒါပေမဲ့ သူက ရန်ကုန်မှာ မပျော်ဘူး။ လယ်ပဲ ပြန်လုပ်ချင်နေတာ..။ နောက်တော့ ကျမအဖေကလည်း သူလယ်လုပ်ချင်တာကို အားပေးပါတယ်။ ရာကျော့်အဖေဆိုရင်လည်း ရေဆင်းက ကျောင်းပြီးထားတာကို ကိုယ့်လယ်ပဲ ခေတ်မီနည်းစနစ်တွေနဲ့ ပြန်လုပ်မယ်လို့ ကြွေးကျော်ပြီး တကယ် ကြိုးစားပမ်းစား လုပ်နေတာ။ ဒါကိုပဲ ရာကျော့်အမေ ကျောင်းဆရာမကြီးက သဘောကျ ကျေနပ်နေတာဆိုတော့ ကျမလည်း ရာကျော့်ကို အားပေးရ တော့တာပါပဲ။

အဲဒီအချိန်မှာ စစ်အစိုးရကလည်း စပါးပြီးစပါးတွေ.. တနှစ်သုံးသီးစီမံကိန်းဆိုတာတွေ လုပ်နေပြီ။ ကျမတို့ လယ်ကလည်း နွေစပါးဆို အထွက်ကောင်းလေတော့ ရာကျော်က ပုံအောပြီး လုပ်တော့တာပေါ့။ အစိုးရက ရေသွင်းတဲ့အခါ စက်မောင်းဖို့ ဆီလည်း အလုံအလောက် ပေးမယ်ဆိုတာကိုး။ တကယ်တမ်းကျတော့ ဒီအစိုးရဆိုသူများရဲ့ ထုံးစံအတိုင်း အစပိုင်းမှာသာ စက်ဆီလည်းပေး.. ထောက်ပံ့စရာရှိတာထောက်ပံ့.. မြေသြဇာ ပိုးသတ်ဆေးကအစ ပေးပါမယ် ဆိုတာတွေ ကြေငြာပြီး တကယ်လိုပြီဆိုတဲ့ အချိန်လည်း ကျရော ဘာမှမရတော့ပါဘူး။ လယ်သမားတွေကတော့ အလုပ်က စနေပြီ.. ခရီးတောင် တော်တော်ရောက်နေပြီဆိုတော့ ဖြစ်အောင်ပဲ ဆက်လုပ်ရတော့တာပေါ့။ လိုသမျှ အပြင်ကနေ ၀ယ်ဖြည့်ပေါ့။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ ကရင်ပြည်နယ် မွန်ပြည်နယ်မှာ လယ်လုပ်မယ့်သူ အင်မတန်ရှားနေချိန်ပါ။ လူငယ် လူလတ် တော်တော်များများက နီးစပ်ရာ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ပြီး အဆင်ပြေကြတာမို့ ရွာမှာ လယ်လုပ်မယ့်သူ မရှိသလောက် ဖြစ်နေပါတယ်။ ဒီတော့ အလုပ်သမားတွေ ဈေးကောင်းပါတယ်။ ဆိုတော့ လယ်လုပ်ရတာ အရင်းအနှီး အများကြီး ပိုစိုက်လာရပါတယ်။

ဒီကြားထဲ ကရင်ပြည်နယ်ဘက်ဆီမှာ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကတည်းက အလွန်အကျွံသစ်ခုတ်မှုတွေ ရှိတာရဲ့ အကျိုးဆက်ဖြစ်ပါလိမ့်မယ်.. အဲဒီ ၂၀၀၀ပြည့်နှစ်ထဲမှာ အချိန်မတန်ဘဲ မိုးကြီးတာ.. ရေတက်တာတွေ ဖြစ်လာတာမို့ စပါးတွေ သီးနှံတွေ ပျက်တဲ့ အလေ့အကျင့် ဖြစ်လာနေပါတယ်။ ကျမတို့လည်း အရင်းတောင် အပြည့်ပြန်မရ ဖြစ်သွားပါတယ်။ ဒါတောင် ကိုယ်ပိုင်လယ်မို့ပါ။ အငှားလုပ်ရတဲ့ လယ်သာဆိုရင် တော်တော် ဒုက္ခကြီးမယ့်ကိန်း။ တကယ်လို့ အစိုးရကသာ သူတို့ပြောတဲ့အတိုင်း လယ်လုပ်သူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့တာတွေ.. ပံ့ပိုးတာတွေ ရှိခဲ့ရင်တော့လည်း ကျမတို့ အရှုံးကလည်း အဲလောက်များဖို့ မရှိပါဘူး။ ပိုဆိုးတာကတော့ ထွက်တဲ့စပါး အစိုးရကို သွင်းရမယ်လို့ သတ်မှတ်လိုက်တာပါပဲ။ ဒီတော့ ဈေးကောင်း မရတာရော.. အရင်းအနှီးများတာကြောင့်ရော.. အဲဒီနှစ်မှာ မွန်ပြည်နယ်.. ကရင်ပြည်နယ် တကျောက လယ်သမားတွေ တော်တော် အထိနာကြပါတယ်။ ကျမတို့လည်း အပါအ၀င်ပေါ့။ ဒါပေမဲ့ ကျမတို့ အလွယ်တကူနဲ့တော့ လက်မလျှော့ကြပါဘူး။ နောက် တနှစ်မှာ မိုးစပါးရော နွေစပါးရော ထပ်လုပ်ကြသေးတာပါ။ ဒါပေမဲ့လည်း အဲဒီနောက်မှာလည်း ရေကြီးတယ်.. မိုးစောတယ်။ အစိုးရက အတင်းအဓမ္မ စပါးဝယ်တယ်.. ဈေးနှိမ်တယ်။ ဆိုတော့ မထူးဇာတ်တွေပဲဆိုပါတော့။

အဓိက စိတ်ပျက်လာတာကတော့ ကိုယ့်လယ်ကိုယ်စိုက်လုပ်ရပြီး အစိုးရက အဓမ္မ ဈေးနှိမ် ၀ယ်တာ တဲ့ ကိစ္စကိုပါပဲ။ သိပ်ကို မတရားလွန်းတာမို့ နောက်ဆုံး ကျမတို့ ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အတွက် လယ်လုပ်ဖို့ကို စိတ်လျှော့လိုက်ပါတယ်။ အဲဒီနောက်ပိုင်း ကျမကို “လယ်မလုပ်တော့ဘူးလား” လို့ မေးကြရင် ကျမဖြေနေကျ စကားရှိပါတယ်။ “မလုပ်တော့ဘူး.. ကျမတို့လယ်က ရွှေထွက်လို့”.. ဆိုတာပါ။ တကယ်လည်း ကျမမှာရှိသမျှ စုဆောင်းထားသမျှ ရွှေတိုရွှေစပါမကျန် အကုန်ထွက်သွားတာလေ။ ရာကျော်လည်း အဲဒီတော့မှပဲ သူ့လယ်ကို စိတ်ပြတ် သွားတော့တာ။ မပြတ်လည်း မရတော့ဘူးလေ။ ဒီလိုနဲ့ပဲ ကရင်ပြည်နယ် မွန်ပြည်နယ်ဘက်မှာ တစတစနဲ့ လယ်ပိုင်ရှင်တွေက သူတို့လယ်တွေကို ပစ်ထားလိုက်ကြ တော့တာပါပဲ။ ဒီတော့လည်း အစိုးရမင်းများက လယ်ရှိလျက်နဲ့ မလုပ်ရင် သိမ်းမယ်လို့ အမိန့်ထုတ်ပါတယ်။ လယ်သမားတွေမှာတော့ ဆုပ်လည်းစူး စားလည်းရူးပေါ့။ ရာကျော့်မိဘတွေကတော့ သိမ်းလည်း သိမ်းပေါ့.. လုပ်မယ့်သူမှမရှိတာလို့ ခပ်အေးအေးပဲ ပြောပါတယ်။ အချိန်ပြည့် စိတ်ဒုက္ခရောက်နေရမှာကိုတော့ မခံနိုင်တော့ဘူး… တသက်လုံး ပိုင်ခဲ့တဲ့ လယ်တွေကိုပဲ အဆုံးရှုံးခံလိုက်တော့မယ်… တဲ့။ ခုတော့ ဘယ်လို နေတယ် မသိပါဘူး။

တကယ်တော့ လယ်ကို ကျွမ်းကျင်ပြီး လယ်ပိုင်တွေလည်း ရှိကြတဲ့သူတွေကတော့ လယ်ပဲ လုပ်ချင်တာပါ။ သူ့လယ်မှာ သူပဲ အရှင်သခင်လေ..။ ဘယ်လောက် အရသာရှိလိုက်လဲ..။ ကိုယ့်လက်နဲ့ ကိုယ့်ချွေးနဲ့ စိုက်ထားတဲ့ လယ်တွေက စပါးပင်တွေ တဖြည်းဖြည်း မြင့်တက်လာတာ.. ၀င်းမှည့်လာတာ.. ရိတ်သိမ်းချိန်တန်လာတာတွေကို တနေ့တနေ့ ကြည့်နေရတာ သိပ် စိတ်ကြည်နူးစရာ ကောင်းတာပါ။ ပြီးတော့ အဲဒီကရတဲ့ စပါးကို ဆန်ဖြစ်တဲ့အထိ ကိုယ်တိုင်လုပ်ရ.. ထမင်းဖြစ်တဲ့အထိ ချက်ရတာ..။ သိပ် သဘောကျစရာ ကောင်းတာပါ။ ပင်ပန်းပေမဲ့ စိတ်ချမ်းသာရပါတယ်..။ ဒါပေမဲ့ ကိုယ့်လယ်က ထွက်တဲ့စပါးမှ ကိုယ်မစားရ.. ၀မ်းစာစပါးတောင်မချန်ရဘဲ အစိုးရကို သတ်မှတ်တင်းရေ ပြည့်မီအောင် ဖြည့်ရောင်းနေကြရတော့ လယ်သမားတွေ လယ်လုပ်ရတာမှာ ဘာ အကျိုးအမြတ်မှ မရှိတဲ့အပြင် စိုက်ထုတ်ရတဲ့ စိတ်အင်အား လူအင်အားတွေပါ ပြုန်းတီးကုန်တာပါ။

+++++

၂၀၀၀ပြည့်နှစ်ထဲမှာ ကိုယ်ရေးကိုယ်တာအရ အဲလို စိတ်ပျက်စရာတွေ ကြုံခဲ့ရပေမဲ့ ကျောင်းတွေဖွင့်ချိန်မို့ စာသင်နေရတဲ့ ကျမက အဲဒီ ပြဿနာတွေ အခက်အခဲတွေနဲ့ ပတ်သက်လို့ အရင်ကလောက် သောက မဖိစီးတော့ပါဘူး။ ကျမရဲ့ ဆရာမသက်တမ်း တလျှောက်မှာ မော်လမြိုင်မှာ ဆရာမဖြစ်ရတဲ့အချိန်ကို ကျေနပ်ရတာ နောက်တမျိုးကတော့ အင်မတန် စာသင်လို့ကောင်းတာပါ။ ကိုယ်တိုင်ကလည်း အသက်အရွယ် ရလာချိန်…။ စာသင်ဖို့ ကိုယ်ပိုင်ဝမ်းစာကလည်း အတော်အတန် အားကောင်းလာတာမို့ရော.. မော်လမြိုင် တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေရဲ့ လိမ္မာာနာယူမှုကြောင့်ရော... ပါပါလိမ့်မယ်။ အဲဒီ ၂၀၀၀ပြည့်နှစ်ထဲမှာပဲ ကျမ ကထိကအဖြစ် ရာထူးတက်သွားတာမို့ လုပ်ပိုင်ခွင့်နဲ့ လုပ်နိုင်ခြေလည်း ပိုများလာပါတယ်။ အထူးသဖြင့် မဟာဝိဇာတန်းကို ကျမ သင်ချင်တဲ့ စာအုပ်တွေ သင်ရိုးတွေ ရွေးချယ်လို့ ရတာပါပဲ။ နောက် သင်ကြားနည်းကိုလည်း ကျောင်းသားတွေ ဦးဆောင် ဆွေးနွေးစေတာမျိုး လေ့ကျင့်ပေးနိုင်လာပါတယ်။ ပါမောက္ခ ဆရာမကြီးလည်း ကျမရဲ့ တကယ့်သဘောထားနဲ့ စရိုက်သဘာဝကို အတော်အတန် သိသွားတာကြောင့် ဖြစ်ပါလိမ့်မယ်။ ချစ်ချစ်ခင်ခင်ရှိသွားတာမျိုး မဟုတ်ပေမဲ့ ဘာပြဿနာမှ ထူးထူးထွေထွေ မဖြစ်တော့ပါဘူး။ နောက် ကျမတို့ ဆရာ ဆရာမတွေကလည်း ညီပေတာကိုး။ (အဲဒီတုန်းကတည်းက ကျမမှာ ယုံကြည်စိတ်တခု စွဲခဲ့ပါတယ်။ အမှန်တရားကအားကောင်းရင် အမှားက အလိုလို အားနည်းငြိမ်ဝပ်သွားတယ်…ဆိုတဲ့ အယူအဆပါ)။

အဲဒီအချိန်တွေထဲမှာပဲ အေးအေးဆေးဆေး စာလေးသင်ပြီး နေပျော်နေတဲ့ ကျမကို လှုပ်နှိုးလိုက်တာက ဗိုလ်ချုပ်ခင်ညွန့်ရဲ့ “အမျိုးသားပညာရည်မြင့်မားမှု နှစ်၃၀စီမံကိန်း” ဆိုတာကြီးပေါ့။ အဲဒီစီမံကိန်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို သေချာပြောပြမှပဲ မြသီလာရဲ့ သမိုင်းနဲ့ ပတ်သက်ရင် ကျမ တာဝန်ကျေတယ်ရယ်လို့ လိပ်ပြာသန့်နိုင်မှာပါ။

+++++

15 comments:

emerald said...

မမရေမော်လမြိုင်တက္ကသိုလ် ဘားအံတက္ကသိုလ် အကြောင်းလေးတွေဖတ်ရတာ အလွမ်းပြေလိုက်တာ။

MANORHARY said...

အမရေ..သားကြီးကအားကိုးရမယ့်ပုံနော်

Nyi Linn Thit said...

“ဆင်ခြင်တွေးတောခြင်းနှင့် မြန်မာစာသင်ကြားရေး နယ်ပယ်” ၊ဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့ဟာကို ရွေးရမယ့်အစား ရွေးလိုက်တာက
“ပုဂံခေတ်မင်စာများမှ မြန်မာစာအရေးအသား အဆင့်အတန်း” တဲ့၊ လုပ်စရာလား.....။

ကျနော်လည်း Student-centered approach ကိုအရမ်း လိုချင်ခဲ့ဖူးတယ်အမ၊ ဆရာနဲ့ ကျောင်းသား ကြားမှာ ပြန်မပြော၊နားမထောင် ကြောက်နေတာ မျိုးတွေ မရှိတော့ဘဲ အပြန်အလှန်လေးစားမှုတွေနဲ့ တကယ့်ကို ပျော်စရာကောင်းတဲ့ သင်ကြားနည်းပါ၊ အကောင်းဆုံး ကတော့ အဲဒီနည်းဟာ ကျောင်းသား တွေကို တကယ်ပဲ မှတ်မိ တတ်မြောက်သွားစေတာပါပဲ၊

“ သားကြီးက ငယ်ငယ်ကတည်းက ဘာမှမကြောက် တတ်...”။ မျက်မြင်ပါလား အမရေ...၊ ရောက်နေတဲ့ နိုင်ငံနဲ့ သူဝတ်ထားတဲ့ တီရှပ်ပေါ်ကတံဆိပ်တို့ သဟဇာတ ဖြစ်မှုက ထပ်လောင်းသက်သေပြလို့ :P မိုက်တယ်ဗျ၊ Carry on လို့ပြောလိုက်ပါနော်...။

ဟိုရှေ့က နွမ်းလျပူလောင် ကန္တာရအပိုင်းတွေ အပြီးမှာ အမရဲ့ ဒီမော်လမြိုင်အကြောင်းလေးက တကယ့် အိုအေစစ်လေးပါပဲ...။

ယောနသံစင်ရော် said...

တီချယ်.. ကိုကိုကြီးထူးမြတ် နဲ့ ညီမလေး ငယ်ငယ်ကပုံလေးတွေက ချစ်စရာကောင်းလိုက်တာ..

sin dan lar said...

အပေါ်ပုံက ကိုကိုကြီးနဲ့ ညီမလေး
အောက်ပုံက မမကြီးနဲ့မောင်လေးဖြစ်နေပြီ...။
တကယ်အားကိုးရမယ့်သားပဲ...။

Kay said...

စာတမ်းကို ရည်ရွယ်ချက်ရှိ၍ဖြစ်ဖြစ်..မရည်ရွယ်၍ ဖြစ်ဖြစ် ဖျောက်ဖျက်ပြစ်ရက်သော..ဌါနမှူးဆိုသူအား..ပြင်းထန်စွာ အထင်သေး ရှုတ်ချပါကြောင်း။

Nanda said...

တကယ့်လိုအပ်ချက်အရ အမှန်တကယ်အကျိုးရှိအောင် မလုပ်ဆောင်ပဲ၊ ခါတော်မှီ အပြကောင်းရုံ၊ အဖြစ်သက်သက်လုပ်နေကြတာ တကယ့်ထုံးစံကြီးကိုဖြစ်လို့..။

အချို့သော ပညာတတ် ဆိုတဲ့သူတွေရဲ့ mindset က သူတို့၊ ရောက်နေတဲ့နေရာ၊ ရှိတဲ့တာဝန်နဲ့ ဘယ်လိုမှမလိုက်ဖက်လောက်အောင် တကယ့်ပညာတတ်တစ်ယောက်ရှိသင့်တဲ့ စိတ်ထားမျိုးမရှိကြတာအံ့သြဖွယ်ရာပါပဲ။ စီးပွားရေးသမားတစ်ယောက်က စာတမ်းတစ်စောင်တန်ဖိုး နားမလည်တာမထူးဆန်းပေမယ့် တက္ကသိုလ်ကဌာနမှုးလိုလူမျိုးကတော့ အဲလိုမဖြစ်သင့်ပါဘူး။

လယ်ယာလုပ်ငန်းဘာလို့ မဖွံ့ဖြိုးလာတာလဲ၊ လယ်သမားတွေဘာလို့စားဝတ်နေရေးအဆင်ပြေ သက်သာချောင်ချိမလာတာလဲဆိုတာ၊ ခုမှ နည်းနည်းနားလည်လာတော့တယ်။

မေငြိမ်း said...

emerald,
အလွမ်းလည်းပြေ.. အလွမ်းလည်း ပိုနေရတယ်နော်..ကျောင်းတွေနဲ့ပတ်သက်ရင်။

မနော်ရေ..
ခုထိတော့ အားကိုးရတယ်ပြောရမယ်.. နောင်တော့ .. မသိ.. :D

ညီလင်းရေ..သိပ်မမြှောက်ပေးနဲ့.. မလွယ်ဘူး.. ဒီအရွယ်က "နီ" တတ်ပါဘိနဲ့။ သူ့ဘလော့သာ ဖတ်ကြည့်ပေတော့။

ယောနသံစင်ရော်...
အင်းငယ်ငယ်တုန်းကတော့ ချစ်စရာလေးတွေ.. နောက်တော့ ရိုက်ချင်စရာလေးတွေ.. ဟီဟိ။

Sindanlar...
တခုခုတော့ ကျွေးဦးမှပါ။ မမကြီးနဲ့ မောင်လေးဆိုလို့.. ခိခိ။

ကေရေ.. စိတ်သာထိန်း.. ပညာရေးထဲက အဲလို မတော်မတည့်တွေ အရှုပ်တွေ ရှုတ်ချစရာတွေကို ဆက်ရေးသွားဦးမှာ။

Nanda..
တကယ်တော့ အဲလို မြန်မာပြည်က အသေးအဖွဲလေးကအစ ဒုက္ခပေးနေတာတွေကို ခံခဲ့ရတဲ့ ကာယကံရှင်တယောက်အနေနဲ့ အခိုင်အလုံပြောပြချင်လို့ မြသီလာကို ရေးတာမို့ ခုလို ဖတ်တဲ့သူတွေက အသိအမှတ်ပြုတာကို ကျေးဇူးတင်ပါတယ်။

မေငြိမ်း said...

Record ဖြစ်စေချင်လို့ Cbox ထဲက လင်းခေတ်ဒီရဲ့ စာလေးတွေ ဒီမှာ ထည့်ပေးလိုက်တာပါ..။

17 Feb 09, 10:58
လင်းခေတ်ဒီ: တိုက်တိုက်ဆိုင်ဆိုင်ပဲ အန်တီစု လည်း၂၄ရက်မှာ အညာစုကပြန်လာတယ်
17 Feb 09, 10:56
လင်းခေတ်ဒီ: ၉၈ သြဂုတ်မတိုင်မီမှာ မြိုတော်ခန်းမရှေ့မှာ britain သူတဦးလက်ထိပ်ခပ် strike လုပ်တယ် ကိုယ်တွေအတွက် တခြားသူတွေလာလုပ်နေကြတာ အဲဒီစေ့စော်မှုတွေက ၉၈ ကျောင်းသားလှုပ်ရှားမှုပေါ်ပေါက်စေခဲ့တာပါ
17 Feb 09, 10:47
လင်းခေတ်ဒီ: နောက် သိပ်မကြာခင်မှာ RIT ထဲ မှာ ထပ်ဖြစ်တယ် ၉လပိုင်း၁၅ရက်နေ့မှာ အနော်ရထာလမ်းနီလာဒံပေါက်ရှေ့မှာ strike ထပ်ဖြစ်တယ် အဲဒီလှုပ်ရှားမှုအားလုံးဟာ ကျောငိးသားတွေပါပဲ မြသီလာမှတ်းတမ်းမှာပါလျှင်ကောင်းမယ်
17 Feb 09, 10:40
လင်းခေတ်ဒီ: အဲဒီအကြောင်းကြောင်းတွေကြောင့် တက္ကသိုလ်စာမေးပွဲနောက်ဆုံးနေ့ မှာ မြေနီကုန်းနဲ့ လှည်းတန်းမှာ strike လုပ်ဖို့စီစဉ်ပြီး လှည်းတန်းမှာ ၁၂း၀၀ မှာစခဲ့ပြီး ၁း၃၀၀ မှာ လုံထိန်းကားတွေရောက်လာပြီးလူစုကွဲကြတယ်
17 Feb 09, 10:31
လင်းခေတ်ဒီ: ၉၈ မှာ nld က crpp ဖွဲ့၊ အန်တီစု ကို အညာစု မှာတားထားတာ၊ဗိုလ်ချုပ်ဈေးမှာ နိုင်ငံခြားသားတွေ ဆန္ဓပြတာ
17 Feb 09, 10:25
လင်းခေတ်ဒီ: မြသီလာ က အရေးကြဲသွားတော့ ဒီနေ့ မှ ဂရုတစိုက်ဖတ်ဖြစ်တာ ၃၃ ကိုဖတ်လိုက်တော့ ၂၀၀၀ တောင်ရောက်သွားတာနဲ့ ၉၈ ကို တီချယ် ဘာတွေ များထည့်ရေးထားလဲ သိချင်စိတ်နဲ့ ရှာဖတ်တာ ၃၁ မှာ နဲနဲ ဘဲ တွေ့တယ်

မေ့သမီး said...

လယ်သမားတွေရဲ့အဖြစ်က တကယ်ရင်နာဖို့ ကောင်းတယ်။ မြစ်ဝကျွန်းပေါ်ကလယ်သမားတွေလည်း ဆန်တွေအထွက်ကောင်းတဲ့အခါတုန်းကတောင် ဘာမှသိပ်မပိုလျှံဘူး။ အများစုကဒုံရင်းက ဒုံရင်းပဲ။ အရင်းစစ်တော့ အမြစ်မြေကလှန်ဆိုသလိုပဲ ကျောင်းသားတွေ၊ လယ်သမားတွေ၊ လူတန်းစားမျိုးစုံ ဒုက္ခရောက်ကြရတယ်နော်။

လင်းလက်ကြယ်စင် said...

ဆရာမရေ .. သေချာဖတ်ရှုသွားပါတယ်။ အနှစ်သာရ ၊ အတွေ့အကြုံ အားလုံးပြည့်စုံပါတယ်။ မိသားစုဓာတ်ပုံလေးတွေလည်း သေချာကြည့်သွားပါတယ်။ မောင်လေးပုံစံက မိုက်တယ် :D ။ အားလုံးအဆင်ပြေပါစေ :)

Ko Paw said...

<<<“မလုပ်တော့ဘူး.. ကျမတို့လယ်က ရွှေထွက်လို့”..>>>

---------------------------
ရွှေထွက်တဲ့လယ်နှယ်ကို
ကိုယ်တာတွယ်စုံမမက်ပြီဘု
မြို့တက်ဖေလေး……..။း-)

ကောင်းကင်ကို said...

တော်သေးတာပေါ့။ စာတမ်းလေး အကြမ်းထည် ကျန်ခဲ့လို့ ။

Moe Cho Thinn said...

ဆရာမရေ
ပညာတတ်လောကရဲ့ ပညာသားပါပါ အောက်တန်းကျပုံလေးတွေ ဖတ်သွားပါတယ်။ မရှက်ဘူးလား မသိ။ ဖတ်ရတဲ့သူတောင် ရှက်မိတယ်။

ထူးမြတ်ကြီးက ထွားလှပါလား ဆရာမရေ။ စင်စင် ပြောတာ အမှန်ပဲ။ မမနဲ့ မောင်လေး လို ဖြစ်နေပြီ။ သူ့ရုပ်ကို ကြည့်ပြီး လေးစားချင်စိတ်တောင် ပေါက်သွားတယ်။ ခပ်တည်တည်ကြီး :)

mm thinker said...

သေချာဖတ်သွားတယ်။
စာတမ်းကို စိတ်ဝင်စားတယ်။