Apr 21, 2009

မြသီလာ အလွမ်းပြေ(၃၈)


တကယ်တမ်း အလုပ်ကနေ ထွက်တော့မယ်.. ကိုယ့်တိုင်းပြည်နဲ့ အဝေးကိုသွားတော့မယ်လို့ ဆုံးဖြတ်ရ ချိန်မှာ တော့ ကျမ နှလုံးတွေက ဆုပ်ဖျစ်ခံထားရသလိုပါပဲ။ ကျမ ထားခဲ့ရမယ့် မဟာဝိဇ္ဇာတန်းခွဲတွေကို ငဲ့ကြည့်တော့ အဲဒီတုန်းက ကျမတယောက်တည်းပဲ သင်မယ့်သူ ရှိသလိုဖြစ်နေတဲ့ ဆရာ မြဇင် ရဲ့ ကဗျာ နရီနဲ့ နိမိတ်ပုံ စာအုပ်.. ဆရာဇော်ဂျီရဲ့ ရသစာပေ အဖွင့်နဲ့ နိဒါန်း၊ ပြီးတော့ မောင်ခင်မင်(ဓနုဖြူ)ရဲ့ စကားပြေသဘောတရား စကားပြေ အတတ်ပညာ…။ နောက် ၀တ္ထုတို ၀တ္ထုရှည် လေ့လာချက်တွေ..။ ဒါပေမဲ့ အဲဒီတုန်းက မဟာဝိဇ္ဇာတန်းမှာ ရှိတဲ့ ကျောင်းသား ကျောင်းသူ ၅၀ထဲမှာတော့ ကျမက စာဖတ်လာပါလို့ မှာလို့မှ တကယ် ဖတ်လာတာက ၂ယောက် မပြည့်တာ..။ ပြီးတော့ ကျမကို အံ့အားသင့် စေလောက်အောင် မဟာဝိဇ္ဇာတန်းအထိ Lecture ကောင်းကောင်း မလိုက်တတ်သူတွေ..။ ၀တ္ထုတိုသင်ရိုးအတွက် မဟာဝိဇ္ဇာကျောင်းသားတွေအနေနဲ့ ဘယ်လို ၀တ္ထုတိုမျိုးကို ကြိုက်လဲ.. လို့ မေးလို့မှ အဖြေပြန်မရတာ..။ လစဉ်ထုတ်မဂ္ဂဇင်းတွေထဲက အမြဲတမ်းဖတ်တဲ့ မဂ္ဂဇင်း တမျိုးစီ ပြောပါဆိုလည်း မဖြေ..။ ဒါနဲ့ ကဲ တယောက်မှ ဘာမှမဖတ်ဖူးလား..ဆိုတော့မှ တယောက်က လက်ညှိုးလေးထောင်တယ်..။ ကျမက ၀မ်းသာအားရနဲ့ အဲ.. ပြောပါဦး.. ဘာမဂ္ဂဇင်း ဖတ်လဲ.. ဆိုတော့ ဂမ္ဘီရ.. တဲ့။ အဲလိုမျိုးတွေကို ပြန် ပြန်တွေးတော့မှပဲ ကျမ စိတ်ထဲ နည်းနည်း ပြတ်တော့တာပါ။ နောက်တော့ ၉၈နောက်ပိုင်းမှ အထက်တန်းကျောင်း တွေမှာ စာမေးပွဲဖြေလို့ ဂုဏ်ထူးတန်းတွေ ၀င်.. နောက်တော့ ပိုက်ဆံချမ်းသာမှုကြောင့် တက္ကသိုလ်မှာ ဆရာမဖြစ်.. အဲလိုနဲ့ပဲ ပိုက်ဆံ ရှိလို့ ပါရဂူ တက်နိုင်ကြသူတွေနဲ့ ကျမက ထိပ်တိုက်တွေ့စရာတွေက ကြုံ ကြုံလာ..။ အဲဒီ ရက်တွေထဲမှာ မကြာခဏ စဉ်းစားမိ တာကတော့ အန်တီစုပြောပြလို့ သိနေရတဲ့ ချက် (Czech) ခေါင်းဆောင် Vaclav Havel ရေးခဲ့တဲ့ The Power of the powerless စာအုပ်ထဲက အကြောင်းတွေပေါ့..။

ဒီနေရာမှာ ၁၉၈၉ဒီဇင်ဘာမှာမှ ဒီမိုကရေစီရခဲ့တဲ့ ချက်ကိုစလိုဗက်နိုင်ငံတုန်းကဆိုရင်လည်း ကွန်မြူနစ် အာဏာရှင်တွေက ဆရာတွေရဲ့ သင်ကြားရေးတွေကိုပါ ၀င်စွက်ဖက် လာတဲ့အတွက် ဆရာတွေ အလုပ်ထွက် ပစ်ကြပါတယ်၊ အဲဒီတုန်းက ချက်ကိုစလိုဗက်ကီးယား (Czechoslovakia) ရဲ့ အခြေနေက ဗမာပြည်လောက် တောင် မဆိုးသေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒါကိုတောင် အာဏာရှင်တွေရဲ့ မတရားတဲ့ မလျော်ကန်တဲ့ အမိန့်အာဏာတွေကို မလိုက်နာနိုင်ဘူးဆိုပြီး တက္ကသိုလ်က ဆရာတွေဟာ အလုပ်ထွက်ပြီး တံမျက်စည်း လှည်းတာတို့ ပန်းရံတို့ ၀င်လုပ်ကြပါတယ်၊ ပြီးတော့ အဲဒီ ဆရာတွေက ပြောပါတယ်၊ မမှန်ကန်တဲ့ အတွေးအခေါ် တွေကို လူငယ်တွေ ခေါင်းထဲ ထည့်ပေးရတဲ့အလုပ်လို ယုတ်ညံ့တဲ့ အလုပ်တွေကို လုပ်တာထက်တော့ ဒီလို အခြေခံအလုပ်မျိုးတွေ လုပ်ရတာက သာသေးတယ် လို့ ပြောပါတယ်တဲ့။ အဲဒီတုန်းက စာရေးဆရာလည်းဖြစ် တော်လှန်ရေးသမားဖြစ်ပြီး၊ ချက် နဲ့ စလိုဗက်ကီးယား ကွဲပြီးနောက်ပိုင်းမှာ ချက် ရီပတ်ဗလစ်နိုင်ငံ (Czech Republic) ရဲ့ သမ္မတဖြစ်လာတဲ့ Vaclav Havel က The Power of the powerless စာအုပ်ထဲမှာ အဲဒါတွေကို ရေးခဲ့တာပါ။ အန်တီစုက အဲဒီစာအုပ်ထဲက Vaclav Havel ရဲ့ စကားတွေကို ကိုးကားပြီးတော့ “ဒီလို စနစ်အတွင်းမှာ ကျမတို့ ဂုဏ်သိက္ခာရှိရှိနဲ့ နေနိုင်သလား… ဒီစနစ်က ပြည်သူ လူထုကို အကျိုးပြုနိုင် သလား… ပြည်သူလူထုကို အသုံးချနေသလား… ဒါပဲ စဉ်းစားရမှာပဲ ..” လို့ ပြောခဲ့ ဖူးပါတယ်။

အဲဒါတွေကလည်း ကျမနှလုံးထဲကို စိမ့်ဝင်ခဲ့ပါတယ်။ တကယ်တော့ ကျမတို့ နိုင်ငံမှာလည်း အာဏာပိုင်တွေရဲ့ မတရားအမိန့်တွေကို မနာခံနိုင်သူတွေက ပြည်ပထွက်၊ ဒါမှမဟုတ် အလုပ် ထွက်ကုန်ကြပြီး မလွန်ဆန်ရဲကြတဲ့ နာခံနိုင်သူတွေကျတော့လည်း မျက်စေ့စုံမှိတ် နာခံကြတာမို့လို့ နိုင်ငံတနိုင်ငံအတွက် အဓိက အကျဆုံး ထောက်တိုင်တစ်တိုင်ဖြစ်တဲ့ ပညာရေးစနစ်ကြီး တစ်ခုလုံး ထိခိုက်ပျက်စီး သွားရတာပါ။ တကယ်တော့ အလုပ် ထွက်တာက မတရားတဲ့ အမိန့် ကို ဖီဆန်တာဖြစ်ပေမဲ့ ပြည်ပထွက်တာကတော့ ကိုယ့်တိုင်းပြည်ထဲမှာ ရှိနေသင့်တဲ့ ဦးနှောက် အင်အားတွေ အပြင်ကို ယိုစီးထွက်ကုန်တာပါပဲ။ ဒါပေမဲ့ အဲဒီ ၂၀၀၅ ဖေဖော်ဝါရီ တုန်းကတော့ ကျမ စဉ်းစားတာက တကယ်လို့ Brain Drain မဖြစ်လည်း အသုံးချခွင့်မရတဲ့ ဦးနှောက်တွေက Brain Dry ဖြစ်ကုန်မှာပဲ.. ဆိုတာပါ။ ဘာပဲဖြစ်ဖြစ်.. အဲလို အကြောင်းတွေကြောင့်ပဲ စစ်အစိုးရ သက်တမ်း တလျှောက်က မျိုးဆက် တွေ ခမျာ ပညာရေးပိုင်းမှာ အများကြီး ဆုံးရှုံးခဲ့ပြီ ဆိုတာပါပဲ။ ဒါကို ဘယ်သူမှ ငြင်းလို့ မရနိုင် ပါဘူး။

ဒါပေမဲ့ ကျမတွေးခဲ့တာက ပြည်ပမှာ ကျမ တခုခု ပိုလုပ်နိုင်မယ်..။ အနည်းဆုံး ကိုယ့်ပညာရပ်ပိုင်းကို ဖြည့်တင်း ခွင့်တော့ ရမှာပဲလို့ တွေးခဲ့တာပါ…။ ပြီးတော့ ကျမသားသမီးတွေကို ကိုယ့်တိုင်းပြည်မှာ တခုခု ပြန်လုပ်နိုင် လောက်အောင် သေချာတဲ့ ပညာရေးမျိုး ကောင်းကောင်း ပေးမယ်လို့လည်း မှန်းခဲ့တယ်။ ကျမစိတ်ထဲ.. အဲဒီ ၀န်းကျင်မှာ ဆက်နေရင် တော့ဖြင့် နွံနစ်သလိုရှိမှာပဲလို့ သေချာနေခဲ့တာလေ။

+++++

၂၀၀၅ခုနှစ် မတ်လမှာတော့ ထိုင်းရဲ့ နွေအပူနဲ့အတူ မေငြိမ်းအတွက် မရိုးနိုင်တဲ့ အပူတချို့က ကျမကို ဆီးကြို နေခဲ့ပါတယ်။ ပြန်စဉ်းစားကြည့်ရင် ခုချိန်ထိ စိတ်ထဲ ရှက်ရွံ့ရွံ့ ခံစားနေရတုန်းပါ။ ကျမက ကျမလို စာရေးဆရာ... တက္ကသိုလ်က ဆရာမတယောက် နယ်စပ်ကို ထွက်လာရတာကိုက ဗမာပြည်မှာ ပညာတတ်တွေရဲ့ အခြေအနေ ဘယ်လောက် ဆိုးနေပါပြီ ဆိုတာကို မီးမောင်းထိုးပြသလို ပေါ်လိုက်လေခြင်းလို့ တွေးပြီး ဆင်းရဲဒုက္ခကြုံရမှာ ကိုတောင် မေ့နေခဲ့ချိန်မှာ ကျမအပြင်ထွက်လာပြီဆိုတဲ့ သတင်းကြားကြသူ တော်တော်များများက မှတ်ချက်ချပါ တယ်.. တဲ့။ မေငြိမ်းက ဘယ်တုန်းက နိုင်ငံရေးနဲ့ ပတ်သက်ဖူးလို့ ဒီလို ထွက်လာရတာလဲ.. တဲ့။ ကျမ တခါမှ မစဉ်းစားမိဖူးတဲ့ မေးခွန်းပါပဲ။ ဒီတော့မှ ကျမ အိပ်မက်က လန့်နိုးသူလို ကိုယ့် ပစ္စုပ္ပန်ကို ပြန်ကြည့်မိတယ်။ ကိုယ့်အခြေနေကို ပြန်ကြည့်မိတယ်..။ အဲဒီအချိန်မှာတော့ ကျမက နောက်ဆုတ်လို့ မရတော့တဲ့ နေရာမှာ ရောက်နေပါပြီ။ အဲဒီတုန်းက ထိုင်းမြေကို စနင်းကတည်းက ကျမတို့ မိသားစုကြီးကို ကူခဲ့ရတဲ့ ဒေါ်ခင်မင်းဇော်တို့ တစုံနဲ့ တကွသော မိတ်ဆွေတချို့ရဲ့ အားကြောင့်သာ ကျမ ဆက်ရပ်တည်နိုင်ခဲ့တာပါ။

နောက်ထပ် ကျမတခု မှားခဲ့ဖူးပါသေးတယ်။ အဲဒါကတော့ မြန်မာပြည်ထဲက သူငယ်ချင်းတချို့က ကျမကို ကိုယ်လွတ်ရုန်းသွားတယ်.. လို့ ပြောကြတယ် ဆိုတဲ့သတင်း ကျမဆီ ရောက်လာပါတယ်။ အဲဒါကြားတော့ ကျမ တကယ် စိတ်တိုခဲ့ပါတယ်။ အဲလိုပြောတဲ့သူတွေကိုယ်တိုင်က လက်ဖက်ရည်ဆိုင် တမေ့တမောထိုင်.. ညနေတိုင်ဆို အရက်ဆိုင်ရွှေ့ပြီး ဝေဖန်ရေး လေကန်ရေး ထိုင်လုပ်နေသူတွေ.. တကယ်တမ်း လူထုအကျိုး ဆိုတာအတွက် ဘယ်လောက်မှ အနစ်နာခံ ပေးဆပ်လုပ်ကိုင်နေကြသူတွေလည်း မဟုတ်။ (တကယ်တမ်း လူထုအတွက် အနစ်နာခံပြီး လုပ်နေတယ်ဆိုတဲ့သူတွေဆိုတာက ဘယ်တော့မှ သူများကို အပြစ်မတင်.. ကျမလိုလည်း ကျောမခိုင်း.. ငါတို့ လုပ်နေတယ်လို့လည်း မကြွေးကြော် မ၀ါကြွား..။ ဘယ်သူ့ကိုမှ မမျှော်ကိုး အားမကိုးဘဲ သူတို့ ယုံကြည်ရာကိုသာ တကယ် အပင်ပန်း အဆင်းရဲခံ.. ထောင်ကျ တန်းကျခံပြီး တစိုက်မတ်မတ် လုပ်ကြသူတွေဆိုတာ ခုချိန်မှာတော့ ကျမ ကောင်းကောင်း သိနေခဲ့ပါပြီ)။

အဲဒီမှာ စိတ်တိုတိုနဲ့ ကျမ စာတပုဒ်ရေးခဲ့မိတာပါ။ မဲဆောက်က ထွက်တဲ့ စာစောင်လေးတခုမှာ ပါခဲ့ဖူးပါတယ်။ အဲဒီမှာ ကျမ ရေးခဲ့တာက “ကျမ ခါးသီးမုန်းတီးလှတဲ့ မင်းဆိုးမင်းညစ် အုပ်ချုပ်မှုအောက်မှာ မနေနိုင်လို့ ကိုယ့်လက်ကိုယ့်ခြေနဲ့ ထွက်ခဲ့တဲ့ လမ်းမှာ ဘာပဲဖြစ်ဖြစ် ကျေနပ်တယ်” ဆိုတာကိုပြောရင်း ဆော့ခရတ္တိ ပြောခဲ့ တယ်လို့ ကျမ မှတ်ထားခဲ့ဖူးတဲ့ (တချို့ကတော့ ဆော့ခရတ္တိမဟုတ်ဘူးလို့ ပြောပါတယ်) ‘လူတွေဟာ ကိုယ်နဲ့ တန်တဲ့ အစိုးရကို ရတယ်’လို့ ဆော့ခရတ္တိက ပြောပါတယ် .. အဲဒီအခါ ကျမက ကျမနဲ့ မတန်ဘူးလို့ ထင်တဲ့ အစိုးရလက်ကနေ ထွက်ခဲ့တယ်..” ဆိုတာမျိုးပါ..။ အဲဒီ စာစောင်လေးလည်း ထွက်ရော ကျမဆီ ဆဲစာတွေ ရောက်လာပါတယ်။ ဒါ ပြည်တွင်းက လူတွေကို စော်ကားတာ.. တဲ့။ အဲဒီတော့မှ သေချာပြန်တွေးကြည့်တော့ စွပ်စွဲစရာဖြစ်နေတာကို တွေ့ရပါတယ်။ တကယ်တော့ ကျမ နာကျည်းစက်ဆုပ်နေတာက ဗောင်းတော်ညိတ် စိတ်တော်သိ လုပ်နေ ကြတဲ့ အလိုတော်ရိတွေကိုပဲ မဟုတ်လား။ ပြီးတော့ ကျမ စိတ်ပျက်တဲ့ အ၀န်းအ၀ိုင်းလေး တခုကို..။ ဒါပေမဲ့ ကျမရေးတဲ့စာက တာသွားခဲ့ပြီ။

ဒီလိုနဲ့ အဲဒီ အပြင်ရောက်စကာလမှာ ကျမဟာ အထင်နဲ့အမြင် လုံးလုံးလွဲပြီး ဟိုမရောက် ဒီမရောက်နဲ့… ပူပန် တုန်လှုပ်နေခဲ့ရတာတော့ အမှန်ပါ..။ ဒါကလည်း ကျမရဲ့ စိတ်ခံစားချက် နောက်ကို လိုက်မှုရဲ့ ဆိုးကျိုးဆက်တွေပါ ပဲလေ။

ဆယ်ကျော်သက်အရွယ် လူမမည်ကလေးကတည်းက တောခိုခဲ့ပြီး ဒီဘက် တော်လှန်ရေးနယ် နယ်စပ်ထဲမှာ နှစ် ၂၀ကျော်ကြာနေနေတဲ့ မောင်လေးတယောက်က ကျမကိုပြောတဲ့ စကားလေး သတိတရ ပြောပြချင်ပါတယ်။ ကျမ ဘာလို့ ထွက်လာလဲဆိုတာကို မေးကြတဲ့အခါ ကျမက ခုအကြောင်းအရာတွေကိုပဲ ပြောပြောပြတာမို့.. သူက ပြောပါတယ်..။ လက်စသတ် တော့ ငါ့အမက တောခိုလာတာမှမဟုတ်ဘဲ.. အိမ်ပြောင်းလာတာကိုး.. တဲ့။ တကယ်လည်း သူပြောသလို ဖြစ်နေခဲ့တယ်ထင်ပါတယ်။ ကျမက နိုင်ငံအတွက်ဆိုတာက ၁၀ရာခိုင်နှုန်း.. ဒီအရပ်မှာ မနေချင်တော့ဘူးဆိုတဲ့ ကိုယ့်အတ္တအတွက် ၉၀ရာခိုင်နှုန်းနဲ့ နိုင်ငံ့အပြင်ဘက် ထွက်လာသူကိုး။

တကယ်ဆို ကျမထက်ဆိုးတဲ့ ဘ၀တွေ အများကြီး..။ ကျမထက် အန္တရာယ်ရှိသူတွေ အများကြီး.. သူတို့တွေတောင် ကြံ့ကြံ့ခံနေတာ..။ ကျမ စဉ်းစားခဲ့တာက ကျမသာ အပြင် ရောက်လို့ ပြောခွင့်တွေရရင်.. စစ်အစိုးရ လိမ်ညာနေတဲ့ ပညာရေးကိစ္စတွေနဲ့ စစ်အစိုးရ အလိုတော်ရိ ပညာရှင်တွေရဲ့ မသမာမှုတွေကို ပြောခွင့်ရမယ်..။ ပြီးတော့ ကျမက စာရေးဆရာဖြစ်တဲ့အတွက်ရော.. ကျောင်းဆရာမဖြစ်တဲ့အတွက်ရော.. နောက်.. ဘယ်တုန်း ကမှ စစ်အစိုးရ သစ္စာခံ အလိုတော်ရိ မလုပ်ခဲ့ဖူးတာကြောင့်ရော.. ကျမအတွက် ဒီဘက်ခြမ်းမှာ လုပ်စရာတွေ လုပ်နိုင်တာတွေ အများကြီး ရှိမယ်.. နေရာလေးတနေရာတော့ ရှိမယ်…လို့။ အဲလို တွေးခဲ့တာလေ..။ ပြီးတော့ ကျမ ခံစားခဲ့ရတာက စစ်အစိုးရကို မုန်းတဲ့ ခါးခါးသီးသီးအမုန်းရယ်.. အဲလို လူတွေကို ကြောက်လန့်ပြီး မလွန်ဆန်နိုင်တဲ့ ပတ်ဝန်းကျင် ထဲမှာ မနေနိုင်လောက်အောင် ပူလောင်ပြင်းပျတာရယ်.. ဒါကိုပဲ ခံစားခဲ့တာလေ။ တကယ်မှာလည်း ကျမက ဘယ်တုန်းကမှ နိုင်ငံရေးလို့ ခေါင်းစဉ်တပ်နိုင်တဲ့ လောကထဲ မကျင်လည်ခဲ့ဖူး။ တခါတရံမှလည်း လူထုအတွက် ထောင်ကျတန်းကျနဲ့ အနစ်နာမခံခဲ့ဖူးလေတော့ ကျမ ထွက်လာတဲ့ ကိစ္စမှာလည်း နိုင်ငံရေးဆိုတဲ့ကဏ္ဍကို မတွေးမိခဲ့ပါဘူး။ အဲသလိုပဲ နိုင်ငံရေးကိုပြပြီး လုပ်စားလို့ ရတယ်ရယ်လို့လည်း မသိခဲ့ပါဘူး။

ဒါပေမဲ့ တမိသားနဲ့ တမိသား ပေါင်းသင်းကြရသူတွေလို ဒီဘက်လောက က ကျမကို စူးစမ်း.. ကျမကလည်း သူတို့ကို အကဲခတ်နဲ့။ အိမ်ထောင်ဦးကာလ အဆင်မပြေကြတတ်ကြသလို အခက်အခဲလေးတွေ အလွဲလေး တွေတော့ ရှိသပေါ့..။ နောက်တော့ ကျမရဲ့ ရန်ကုန် တက္ကသိုလ်မှာ ကဗျာစာအုပ်တွေထုတ်စဉ်က တူတူ ရေးဖက်ဖြစ်ဖူးပြီး ၈၈ စက်တင်ဘာ အာဏာသိမ်းကတည်းက တော်လှန်ရေးနယ်ထဲ ခြေစုံပစ်ဝင်ခဲ့တဲ့ မိဆူးပွင့်(အစောပိုင်း မြသီလာတွေမှာ ရေးခဲ့ဖူးပါတယ်)တို့ Burmese Women’s Union က လှမ်းခေါ်ပေးလို့ ဇင်းမယ်ကို ခြေချခဲ့ရတာ.. မတ်လ ၃၀ရက်နေ့ပေါ့။ အဲဒီ ၂၀၀၅ မတ်လ ၃၀ရက်နေ့ကနေ ၂၀၀၈ ဒီဇင်ဘာလ ၂၅ရက်နေ့ထိ နေခဲ့ရတဲ့ ဇင်းမယ်ဟာ… ဘာပဲဖြစ်ဖြစ်.. ကျမကို နွေးနွေးထွေးထွေး ကြိုဆို ပွေ့ဖက်ခဲ့ပါတယ်။

+++++

ဇင်းမယ်ရဲ့ နွေမှာ ကျမတို့ မိသားစုဟာ အရာရာကို အသစ်က စကြရပါတော့တယ်။ ပတ်ဝန်းကျင်သစ်.. ဆက်ဆံရေးနယ်ပယ် အသစ်.. ဘာသာစကား အသစ်.. သင်ယူ လေ့လာ စရာ အသစ်တွေကလည်း အများကြီးပေါ့..။ ။ အဲဒီ အချိန်တွေမှာလည်း ကျမ စိတ်ဓာတ်တွေ လဲပြိုခဲ့တာ မကြာခဏ..။ ဒီဘက် အ၀န်းအ၀ိုင်းထဲ ရောက်စ… ကျမက နှစ် ၂၀နီးပါး ကျောင်းဆရာမ လုပ်ခဲ့တဲ့ အတွေ့အကြုံနဲ့ ဒီဘက်က ပညာရေးဆိုင်ရာ ဏ္ဍလှုပ်ရှားမှုတွေထဲ သေသေချာချာ ၀င်လုပ်ပေးချင်တာ..။ ဒီဘက်မှာလည်း အဲလို ပညာရေး အဖွဲ့အစည်းကြီး ရှိနေတာဆိုတော့..။ ဒါပေမဲ့ … ကျမမှာ ဘာနိုင်ငံရေး ကျောထောက်နောက်ခံမှ မရှိ.. နောက် အင်္ဂလိပ်လို မပြောနိုင်လို့တဲ့…။ ဒါနဲ့ပဲ ကိုယ်တတ်တဲ့ ပညာရေးလည်း လုပ်ခွင့် မရခဲ့ပါ။ (အင်္ဂလိပ်လို တတ်ဖို့ လိုတယ်ဆိုတာကို ကျမ အသေအချာ လက်ခံပါတယ်.. ဒါပေမဲ့ ပညာရေးအကြောင်း ကောင်းကောင်း သိတဲ့သူကို တွဲလုပ်ဖို့ ခေါ်သင့်တယ်လို့လည်း ထင်တာပဲ… ဒါပေမဲ့ အဲဒီမှာက ပညာရေးအကြောင်း သိတာထက် နိုင်ငံရေး အဖွဲ့တခုခုက ဖြစ်ဖို့နဲ့ အင်္ဂလိပ်လို ပြောနိုင်ဖို့က ပိုအရေးကြီးခဲ့ပါတယ် :P) ။ (ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဆရာ ဒေါက်တာသိန်းလွင်တို့ ပညာရေးသမား ဆရာ ဆရာမတွေနဲ့အတူ ပညာရေးပိုင်းကို ကိုယ်နိုင်သလောက်လေး ကူနိုင်ခဲ့ တာလေးတွေနဲ့ ထိုင်းတောင်ပိုင်း ဆူနာမီဒေသက ကိုထူးချစ်တို့ GHRE ရဲ့ မြန်မာကျောင်းတွေကို ကူခွင့်ရခဲ့တာတွေကတော့ စိတ်ချမ်းသာစရာ ဖြစ်ခဲ့ပါတယ်) ။

ဇင်းမယ်ကို ရောက်ပြီး သိပ်မကြာခင် ကျမရဲ့ စာရေးဆရာအဖြစ် အလုပ်တခု စလုပ်ရပါတယ်။ အဲဒီအလုပ်က အိမ်ကနေ စာထိုင်ရေးပြီး တပတ်မှာ ၂ရက်လောက် ရုံးသွားရပါတယ်။ ကံကောင်းသလား ကံဆိုးသလားတော့ မသိပါဘူး.. ကျမ သွားရတဲ့ ရုံးခန်းက ဇင်းမယ် တက္ကသိုလ်ထဲမှာပါ..။ ဇင်းမယ်တက္ကသိုလ်ရဲ့ အဓိပတိ လမ်းမကြီးကနေ ဖဲ့ဝင်ရတဲ့ လမ်းသွယ်လေးမှာ ကျမ သွားရတဲ့ ရုံးခန်းလေးရှိပါတယ်။ သစ်ပင်ပန်းပင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အ၀န်းအ၀ိုင်းက ရန်ကုန်တက္ကသိုလ်နဲ့ တူလှတဲ့ ဇင်းမယ်တက္ကသိုလ်က ကျမကို အမြဲ လွမ်းအောင် လုပ်နိုင်ခဲ့ပါတယ်။ ဇင်းမယ်တက္ကသိုလ်ကတော့ အလှအပ အမွမ်းအမံနဲ့ ပြင်ဆင် ထားလို့ ပို ကြည့်ကောင်းပေမဲ့ ကျမကတော့ မပြည့်မစုံနဲ့ပဲ ပျော်စရာကောင်းတဲ့ သာယာတဲ့ ကျမရဲ့ ရန်ကုန်တက္ကသိုလ်ကိုပဲ လွမ်းရတာပါပဲ။ နောက်တခု စိတ်ထိခိုက်ရတာကတော့ ဇင်းမယ်တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေရဲ့ လွတ်လပ် အေးချမ်းမှု.. အဆင့်မြင့် ပညာရေးကို သင်ခွင့်ရမှု.. ကျောင်းသားအခွင့်အရေးနဲ့ တက္ကသိုလ်ရဲ့ အရသာတွေကို အပြည့်အ၀ ခံစားခွင့်ရနေမှုတွေက ချို့တဲ့ရရှာတဲ့ မြန်မာပြည် တက္ကသိုလ် ပညာရေးထဲက ဘ၀တွေကို နှိုင်းယှဉ်သတိရမိတာကြောင့်ပါပဲ။ အဲဒီတုန်းက ခံစားချက်ကို လွမ်းတတ်သူဆိုပြီး ကျမ ၀တ္ထုလေးတပုဒ် ရေးဖူးပါတယ်။ ဒီမှာ ပါ..။

+++++

ပြန်လှည့်ကြည့်တော့ ဇင်းမယ်မှာ နေခဲ့ရတဲ့ ၄နှစ်နီးပါးကတော့ ကျမအတွက် တကယ် စိတ်အေးလက်အေးနဲ့ သာတောင့်သာယာရှိတဲ့ အချိန်တွေပါပဲ..။ ကျမ လုပ်ချင်တဲ့ ပညာရေးအလုပ်နဲ့ စာရေးတဲ့အလုပ်ကို အေးအေးချမ်းချမ်း လုပ်ခဲ့ရတာမို့ ကျမစိတ်ထဲ ကျေနပ် မိပါတယ်။ ကျမစိတ်ထဲ ဇင်းမယ်မှာပဲ တသက်လုံး နေတော့မယ်လို့တောင် တွေးထားခဲ့တာပါ။ ဇင်းမယ် မှာက စေတီဘုရား ဘုန်းကြီးကျောင်းတွေ အများကြီး…။ မြန်မာနိုင်ငံသားတွေ လက်ညှိုးထိုး မလွဲ..။ မြန်မာစားစရာကအစ မြန်မာအငွေ့အသက်တွေ နေရာအနှံ့..။ ပြီးတော့ တန်ဆောင်တိုင် လွိုင်ကထုံပွဲတော်နဲ့ သင်္ကြန်…။

(နာမည်ကျော် လွိုင်ကထုံမှာ)

ဇင်းမယ်မှာ နေဖူးသူတိုင်း ဇင်းမယ်ကို မငြိတွယ်သူ မရှိနိုင်ပါ..။ ရှမ်းပြည်မှာ နေခဲ့ဖူးတဲ့ ကျမအတွက်တော့ ဇင်းမယ်မှာ ဆောင်းတွင်း ဆိုရင်… တောင်ကြီးရောက်နေသလိုလို… မေမြို့ ရောက်နေသလိုလို.. နွေ ဆိုရင်တော့ မန်းလေးမှာပဲ ရောက်နေသလိုလို..။ ကျမအနားမှာလည်း မောင်လေး ညီမလေးတွေ ချစ်ရတဲ့ သူတွေနဲ့..။ အဲဒီအခါ ဇင်းမယ်ဟာ.. ကျမရဲ့ ဒုတိယအိမ်ပါပဲ..။

သောကြာနေ့မနက်ဆို တပတ်လုံးမှ အဲဒီတရက်သာ ရှိတဲ့ သောကြာဈေးလို့ ကျမတို့ အလွယ်ခေါ်တဲ့ ဈေးလေး ဆီကို ရောက်အောင် သွားမြဲ..။

(သောကြာဈေး)

အဲဒီမှာ တို့ဟူးနွေးစားမယ်.. ခေါပုပ်ကင် စားမယ်.. မြန်မာနိုင်ငံမှာတောင်မှ ရှမ်းပြည်ဘက်မှာပဲ ရနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေ အဲဒီ ဈေးမှာ ရမယ်..။ မြန်မာပြည်က ပစ္စည်း တိုလီမိုလီတွေ.. လက်ဖက်… အကြော်စုံ… ပဲကြော်မျိုးစုံ…။ ရှမ်းစကားသံ ၀ဲဝဲလေးတွေ ကြားရတဲ့ တကယ့် ရှမ်းပြည်က ဈေးကလေးလို..။ စမူဆာ တို့ဟူးကြော် ပူပူနွေးနွေးနဲ့ ကုလားကြီးလက်ဖက်ရည်နဲ့ မနက်စာက အလွန် အဆင်ပြေ..။

စနေဆိုရင်တော့ ကျမတို့ နီးစပ်ရာစုပြီး အဆင်ပြေတဲ့ နေရာမှာ တခုခု လုပ်စားမြဲ..။ ကျမက အိုးသူကြီးပေါ့..။ အများဆုံး ဆုံရပ်ကတော့ ကျမရဲ့ မောင်လေးတွေလို ဖြစ်နေတဲ့ ကလေးတွေရှိရာ ဗကသရုံးပေါ့။

(ဗကသရုံးမှာ မန်းလေးထမင်းသုပ် လုပ်စားတဲ့ နေ့)

တနင်္ဂနွေဆိုရင်တော့ မိသားစုအတွက် စပယ်ရှယ် ဒေးပေါ့။ အိမ်နဲ့နီးတဲ့ ကစားကွင်းဆီ ဖြစ်ဖြစ်.. ကန်တော်ကြီးဆီကိုဖြစ်ဖြစ် မိသားတစု သူငယ်ချင်းတချို့နဲ့ ခဏခဏ သွားဖြစ်..


(၀စ်သင်းတောက် လို့ ခေါ်ကြတဲ့ ကန်တော်ကြီးမှာ)
တခါတလေ.. ရေတံခွန်..

(သွားနေကျ ရေတံခွန်)

တခါတလေ ရေပူစမ်း.. တခါတလေ.. တောင်ပေါ် ဒွိုင်ဆူထစ် ဘုရားဖူး…။

(ဒွိုင်ဆူထစ်တောင်တက်လှေကား)

(ဒွိုင်ဆူထစ်တောင်ပေါ်ကနေ မြင်နေရတဲ့ ညနေခင်းထဲက ဇင်းမယ်)

ထိုင်းမှာ နေခဲ့တဲ့ ၄နှစ်အတွင်း လေးငါးခေါက်ရောက်တာက ထိုင်းတောင်ပိုင်း ဖူးကက်ကမ်းခြေက ရွာကလေး တွေဆီ…။ အဲဒီမှာ မြန်မာပြည်တောင်ပိုင်းသားတွေနဲ့ အနောက်ပိုင်းသားတွေ အစုလိုက်အပြုံလိုက် တွေ့နိုင်တယ်။ ကျမတော့ ဖူးကက်ရောက်ရင် တနင်္သာရီပဲ ရောက်သွားသလိုလို.. မွန်ပြည် ရခိုင်ပြည်တွေပဲ ရောက်သွားသလိုလို ခံစားရပါတယ်။ အဲဒီ ဖူးကက်မှာ ကျမကို အမြဲ နွေးနွေးထွေးထွေး ခံစားရစေတဲ့ GHRE (Grassroots Human Rights and Development) အဖွဲ့သားတွေ ရှိတယ်။ ဆူနာမီငလျှင်ကနေ ပြန်ရုန်းထခဲ့ရတဲ့ မြန်မာ မိသားစုတွေရဲ့ ကလေးငယ်တွေအတွက် အဲဒီအဖွဲ့က ဖွင့်ထားတဲ့ စာသင်ကျောင်းတွေ အရည်အချင်းမြှင့် သင်တန်းတွေ ရှိတယ်။ အဲဒီ စာသင်ကျောင်းတွေထဲမှာ ကလေးတွေအပေါ် စေတနာထားလှပြီး စာသင်တာလည်း တကယ်ကောင်းတဲ့ ဆရာ ဆရာမတွေ ရှိတယ်။ ချစ်စရာကောင်းတဲ့ ကြိုးစားတဲ့ ကလေးတွေလည်း ရှိတယ်။ ကျမကတော့ အဲဒီ ကျောင်းတွေ အတွက် ပညာရေးဆိုင်ရာ.. အထူးသဖြင့်တော့ မြန်မာစာနဲ့ ပတ်သက်ပြီး လိုတာလေးတွေ ကူဖို့ ဆိုပြီး သွားရင်း တကယ်တော့ ကိုယ်သိတာလေးတွေကို ဝေမျှတာက နည်းနည်း။ သူတို့ဆီက ဘ၀တွေကို စာပြန်ရေးဖို့ ယူခဲ့ရတာက အများသား..။ ခုနေခါမှာတော့ တော်တော် များများကို ကျမ မေ့ထားချင်ပါတယ်..။ တကယ်တမ်းကျတော့ ကျမက ဘာတခုမှ ထိထိ ရောက်ရောက် တကူးတက လုပ်ပေးနိုင် ခဲ့သူ မဟုတ်..။

တချို့က ကျမကို လေးစားပါတယ်တွေ… ချီးကျူးပါတယ်တွေ… ပြောလာရင်တော့ ကျမက မျက်နှာပူနေတတ် ပါတယ်..။ ကျမက တိုင်းပြည်နဲ့ လူထုအတွက် ဘာတခုမှ အနစ်နာခံ မလုပ်ဖူးသလို တိုင်းပြည်နဲ့ လူထုကို ဘယ်တုန်းကမျှ အလွဲသုံးစားမလုပ်ခဲ့ဘူးဆိုတာလေးကြောင့်တော့ ဂုဏ်မယူချင်ပါ..။ ကျမက လူတဦး တယောက်မှ အစ ကမ္ဘာမြေကြီးအပေါ်အထိ ကျမရဲ့ ၀န် ပိမှာကို စိုးရိမ်ပါတယ်..။ ဒါလောက်ပါပဲ..။ အဲဒီအခါ ရောက်လေရာမှာ ကိုယ်ကျင်လည်ရာ ၀န်းကျင်လေးအပေါ်သာ တတ်နိုင်သလောက် တာဝန်ကျေအောင်တော့ လုပ်ဖြစ်ပါတော့တယ်..။ ဒီလိုနဲ့ ဇင်းမယ်မှာ ကျမဟာ တကယ့်ကို စိတ်အေးလက်အေးဆန်ဆန်နေခဲ့တာ.. ၄နှစ်နီးပါး..။ ဇင်းမယ်မှာ ကျမ စိတ်ဆင်းရဲစရာ.. ထိတ်လန့် ကြောက်ရွံ့စရာ အိပ်မက်ဆိုးနဲ့ ကြုံခဲ့ရမယ်လို့လည်း နည်းနည်းမှ မထင်ခဲ့တာပါ..။ ဒါပေမဲ့.. အသစ်တခုဆိုတာက ကျမကို ဘယ်တော့မှာ ချောချောမွေ့မွေ့ မကြိုဆိုခဲ့ပါ…..။

+++++

(တကယ်တော့ ကျမ ဆက်မရေးချင်တော့ပါ… အဖြစ်အပျက်တွေက ပြန်မတွေးချင်တော့တာတွေ…. များ များ လာနေပြီ….။ ဒါ့ကြောင့် မြသီလာကို အပိုင်း(၄၀)ပြီးရင် ရပ်ပါတော့မယ်…)


19 comments:

htun. said...

ဆရာမရေ.. လာဖတ်သွားပါတယ်

ရွာသားလေးဝိုင်တီယူ said...

ဆရာမရေ ဇင်းမယ်ဆိုတဲ့မြို့လေးကို ရောက်ဖူးချင်သွားပါပြီ။ လွမ်းသူဆိုတဲ့ ၀တ္ထုလင့်လေး မေ့ကျန်ခဲ့တယ်ထင်ပါတယ်။

ရပ်မယ်ဆိုတော့လည်း မချင့်မရဲဖြစ်ရပြန်ပါတယ်။ ဆက်ရေးပါလို့တောင်းဆိုချင်ပေမယ့် နာကျင်စေမယ်ဆိုတဲ့အသိနဲ့ အားနာမိပြန်တယ်။ ဆရာမရေ အတိုင်းအတာတစ်ခုအထိ ဝေမျှပေးတာကိုပဲ ကျေးဇူးတင်ရတော့မှာပါပဲ..

Second Home said...

GHRE ရဲ့  စာသင်ကျောင်းတွေ ရှိတဲ့နေရာက ဖန်းင (Phang-nga) မှာပါ။ ဖူးခက်မှာ မဟုတ်ပါဘူး။ ဖန်းငက ဖူးခက်ရဲ့  အပေါ် မြောက်ဖက်ပိုကျတဲ့ ပြည်နယ်တခုပါ။ ဖူးခက်မှာ အဲဒီလို မြန်မာ စာသင်ကျောင်းတွေ ကောင်းကောင်း မရှိသေးပါဘူး။ အမှတ်မှားမှာ စိုးလို့  သတိပေးတာပါ။

Ko Boyz said...

တတ်နိုင်သလောက် ဆက်ရေးပေးပါ။
ဖြစ်နိုင်ရင် မရပ်ပါနဲ့ ဆက်ဖတ်ချင်လို့ပါ။
ကျေးဇူးတင်ပါတယ်။

Nyi Linn Thit said...

Brain drain, brain dry ပြီးရင်တော့ brain die ပါပဲအမရေ့၊ ထွက်လာကာစ ကာလတွေမှာ ဖြစ်ခဲ့ရတဲ့ အမရဲ့စိတ်သောက၊ အကျပ်အတည်းကို ခံစားလို့ရပါတယ်၊ ပတ်ဝန်းကျင်နဲ့ အသားမကျခင်မှာ ဒီလိုကြိုဆိုမှုတွေက ခိုးလို့ခုလု ဖြစ်စေမှာ အမှန်ပါပဲ၊
ဇင်းမယ်မှာ ရခဲ့တဲ့ ငြိမ်းချမ်းတဲ့ အချိန်တွေနဲ့ အေးအေးလူလူ ရှိလှတဲ့ ဓါတ်ပုံတွေက ဖတ်ရတာ (အနည်းငယ်) အမောပြောစေ ပါတယ်၊
Btw…၃၈ ရဲ့အဆုံးသတ်ပုံကြောင့် ၃၉ အတွက် လည်ပင်းပိုရှည်ရသလို တပြိုင်တည်းမှာပဲ ကြိုလည်းမောနေ မိတယ်ဗျာ...။ :)

မေငြိမ်း said...

ရွာသားလေး.. ကို Boyz, ညီလင်းသစ်...
မောစရာတွေ များလို့ မရေးချင်ဘူးဆိုတာထက် အဝေးရောက်ဗမာတွေရဲ့ ခံစားချက်တွေက သိပ်မကွာတာမို့လို့ မရေးချင်တော့တာပါ..
၃၉နဲ့ ၄၀မှာ တတ်နိုင်သလောက် ထည့်သွားပါ့မယ်..။
Second Home,
ကျမ သိပါတယ်..ဒါကြောင့် ဖူးကက်နားက ရွာလေးတွေလို့ ပြောထားတာပါ.. ကျောင်းတွေက ၉ကျောင်းရှိပြီး ဖန်င တရွာတည်းမှာ မဟုတ်ပါ..။ ၃၉မှာ ရေးပါဦးမယ်..။

Thant said...

ဆရာမရေ...အပိုင်း ၃၈ ရဲ့အဆုံးကိုဖတ်ပြီး အပိုင်း ၃၉ အတွက်ကြိုပြီးမောမိတယ် ။ ကိုယ်တိုင်ကြုံခဲ့ရတဲ့သူက ပြန်မတွေးချင်တာတွေများများလာလို့ ဆက်မရေးချင်တော့ဘူးဆိုတာ ဟုတ်မှာပါ ။ စာဖတ်တဲ့သူက ဖတ်ရုံလေးဖတ်ရတာတောင်မှ သက်ပျင်းမောချမိတယ်။ ဆရာမ အမြဲတန်း အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ ။

Moe Cho Thinn said...

မေငြိမ်းက ဘယ်တုန်းက နိုင်ငံရေးနဲ့ ပတ်သက်ဖူးလို့ ဒီလို ထွက်လာရတာလဲ.. တဲ့။ ကျမ တခါမှ မစဉ်းစားမိဖူးတဲ့ မေးခွန်းပါပဲ တဲ့..

ဆရာမ ရေးထားတာ ဖတ်ပြီး နိုင်ငံရေးလုပ်နေတာလို့ ခေါင်းစဉ်မတပ်ဘဲ ရင်ထဲမှာ နိုင်ငံအတွက် အမြဲတမ်း ရှိတဲ့ သာမန်လူတွေ အများကြီး နိုင်ငံနဲ့ အ၀ှမ်း ရှိနေတာ ကို မမေ့မလျော့ သတိရနေမိပါတယ်။ ထောင်ကျမှ တောခို မှ နိုင်ငံရေးလုပ်တာလို့ ထင်မိရင် ဘောင်ခတ်လိုက်သလို ဖြစ်သွားတတ်လို့ပါ။ ကိုယ်တတ်နိုင်သလောက် လုပ်နေတဲ့ မြန်မာပြည်ထဲကလူတွေကို တန်ဖိုးထားမိပါတယ်။

ရိုးသားတဲ့စာကို ဖတ်လိုက်ရပြီလို့ ခံစားမိပါတယ်။

Nanda said...

နိုင်ငံရေးမှာပါဝင်ပတ်သက်ဖို့၊ ဖောက်ပြန်လွဲမှားနေတဲ့ စနစ်တခုကို တော်လှန်ဆန့်ကျင်ဖို့ဟာ မတရားမှုကိုရွံ့မုန်းတဲ့၊ ယုံကြည့်ရာအတွက်ရဲရဲရင့်ရင့်လုပ်ဆောင်ဝံ့တဲ့ နှလုံးသားတခုရှိဖို့ပဲ လိုပါတယ်။

Su said...

ဆရာမ ရေ
မယုံ မရှိပါနဲ့
သူ့တသက်မှာတခါမှစာအုပ်တအုပ်ဆုံးအောင်မဖတ်ဖူးဘူးလို့
ဂုဏ်ယူသလိုလိုပြောတဲ့သူတွေ့ဘူးပါကြောင်း

cho said...

ဆရာမရေ...ဖတ်လို.ကောင်းနေတုန်း ရပ်လိုက်တော့မယ်ဆိုတော. နှမြောမိတာတော. အမှန်ပါ..ဒီအကြောင်းတွေမရေးတော့ရင်တောင် အားတဲ့အခါတော့ စာတွေဆက်ရေးပါအုံးနော်...

တန်ခူး said...

မ ရေ… နှလုံးသားနဲ့ ရေးရတာမို့  တပိုင်းပြီးတိုင်း မောကျန်နေမယ့် မ ရဲ့ စိတ်ပင်ပန်းမှုတွေကို ကိုယ်ချင်းစာမိပါတယ်… ဒါကြောင့် ဆက်ဖတ်ချင်မိပေမယ့် မ နှလုံးသားတွေ နွမ်းရိနေမှာ စိုးလို့  မပူဆာရက်တော့ပါဘူး… ဇင်းမယ်မြို့ လေးက ချစ်စရာကောင်းလိုက်တာ မ ရယ်… အခြေအနေအကြောင်းကြောင်းကြောင့် ကိုယ့်တိုင်းပြည်နဲ့ ခွဲနေကြရပေမယ့် ကိုယ့်တိုင်းပြည်နဲ့  ဆင်တူရိုးမှား အငွေ့ အသက်လေးတွေရှိတဲ့နေရာဆို ပိုပျော်နေမိတာကိုက ကြီးမားတဲ့သံယောဇဉ်ကို ပြနေတာပဲမိုလား… မ ရေ… ပွင့်လင်းရိုးသားတဲ့ မ ရဲ့ စိတ်ကလေးကို သိပ်သဘောကျမိပါတယ်… နောက်ဆုံးအပိုင်းမှာ မြသီလာရဲ့ ဇာတ်လိုက်လေးတွေရဲ့ လက်ရှိပုံ ဝေေ၀ဆာဆာနဲ့  ဇာတ်သိမ်းပေးနော်…

မေ့သမီး said...

အမရေ မိုးရွာပြီးရင်တော့ နေသာစမြဲပါ။ အေးချမ်းပါစေနော်။ တချိန်တည်းမှာပဲ ညီမတို့နိုင်ငံတော်ကြီးမှာ မိုးမုန်တိုင်းတွေလွင့်စင်ပြီး နေသာတဲ့နေ့ကိုရောက်ပါစေလို့ ဆုတောင်းရတော့မှာပဲ။

mm thinker said...

အစ်မရေ
မျက်စိထဲမှာ မြင်ယော လွမ်းဆွတ် သွားပါသည်။

ဒီနှစ်သင်္ကြန်တော့ ပျင်းခြောက်ခြောက်ရယ်။

myanmarblogbroker said...

Ama, Please continue as much as you can.

http://myanmarblogreader.blogspot.com/

Nge Naing said...

Sayama- I want to encourage you to keep writting your story because that is your experience how you struggle in part of your life which would be memorable for your generations.That is not only your reflection alone, it also reflection of the education system in our country. Your post is unvaluable to read. Keep going sayama, don't stop it.

Bino said...

I visit your village and read article like a diary.

JulyDream said...

မဟာဝိဇ္ဇာအတန်း ကျောင်းသားတွေကို ဘာမဂ္ဂဇင်း ဖတ်လာသလဲဆိုတာကို မေးတော့ ဂမ္ဘီရ ဆိုတာလေးကို တွေ့မိတော့ ပြုံးမိပါတယ်။ ဆိုးလိုက်တဲ့ ကလေးတွေနော်။ ဆရာမကို စိတ်ညစ်အောင် လုပ်တာပဲ။

အစ်မရဲ့ ဘ၀ရဲ့ အမှတ်တရလေးတွေကို ဆက်ရေးပါဗျာ။ မရပ်ပါနဲ့အုံးလားဗျာ။

သက်ဝေ said...

မြသီလာကို အပိုင်း ၄၀ ပြီးရင် ရပ်တော့မယ်ဆိုတော့လဲ စိတ်မကောင်း...
ဆက်ရေးပါ လို့ တောင်းဆိုရအောင်ကလဲ
ဆရာမကို နောက်ထပ် စိတ်မပင်ပန်းစေချင်တော့တာက ရင်ထဲက စေတနာအမှန်...
ဘယ်လိုပဲဖြစ်ဖြစ် စိတ်ထဲမှာ ဆန္ဒရှိလာလို့ ဆက်ရေးချင်စိတ်ရှိလာတဲ့ အချိန်မှာ ဆက်ရေးပေးပါလေ.. နော်...။ မျှော်နေပါ့မယ်...။