ဒီဘက်ပိုင်းမှာ နေရတဲ့အခိုက် ကျမရဲ့ ပြဿနာတခုကတော့ နားလည်မှုကိစ္စပါပဲ..။ ကျမက ပြည်တွင်းကနေ ဆရာမဘ၀နဲ့ ပူပူနွေးနွေးထွက်လာချိန်လည်းဖြစ်.. ကျမက မောင်နှမ တွေထဲမှာလည်း အကြီးဆုံး.. ဆွေမျိုးထဲက ၀မ်းကွဲတွေထဲမှာလည်း အကြီးဆုံးမို့ ကျမဆီမှာ အကြီးစိတ် တော်တော်များပါတယ်။ နောက်တခုက ကျမက လူကြီး လူငယ်အားလုံးကို သူတို့ဆီမှာ ရှိတဲ့ အရည်အချင်းအလိုက် အင်မတန် လေးစားတတ်တယ်..။ အဲဒီအခါ ဘယ်သူ့ကိုမဆို မခန့်လေးစားဆက်ဆံတတ်တဲ့သူမျိုးဆို ကျမက မကြိုက်တော့ဘူး။ ကျမ သူငယ်ချင်း တယောက် ကလည်း အဲဒီကိစ္စ ကျမကို ဝေဖန်ဖူးတယ်..။ လူတိုင်းရဲ့ အလေးစား ခံချင်လို့တော့ မရဘူးတဲ့..။ ကျမက ပြန်ပြောတယ်.. ကျမပြောနေတဲ့ Respect ဆိုတာက အပြန်အလှန်လေးစားမှုကိစ္စလို့..။ တကယ်ပါ.. လူတိုင်းမှာ ကျမတို့ မသိနိုင်တဲ့ အရည်အချင်း အနည်းဆုံး တခုတော့ ရှိတယ်..။ အဲဒါကို ကျမ လေးစားတယ်..။
ပြီးတော့ ကျမက အထင်သေးစရာ ရှိတဲ့ လူဆိုရင်လည်း လုံးလုံးပဲ.. ခါးခါး သီးသီး..။ ကျမရဲ့ အကိုလိုဖြစ်နေတဲ့ မိတ်ဆွေတယောက်က ပြောဖူးတယ်.. ကျမက ချစ်လုံးလုံး မုန်းလျားလျား တဲ့..။ အဲဒါ ပတ်ဝန်းကျင်မှာ မကိုက်ဘူး တဲ့။ ဟုတ်မှာ..။
ဒါပေမဲ့ ကျမကတော့ သိပ်ရှင်းပါတယ်..။ လောကကြီးမှာ သူတပါးအပေါ် ကလိမ်ကညစ်ကျ.. ဒုက္ခပေးတဲ့ သူတွေ.. အထူးသဖြင့် ကိုယ့်အချင်းချင်းကို အလွဲသုံးစားလုပ်တဲ့သူတွေကို ကျမက ခါးသီးတာပါ..။ အဲဒီအခါ ကျမက မထင်ရင်မထင်သလိုတွေ ပြော..။ ဘယ်လို ဖြစ်သင့်တယ်.. ဘယ်ညာဖြစ်သင့်တယ်ပေါ့..။ ပြီးတော့ ကျမက အဲလို လူတွေကိုဆိုလည်း ဘယ်တော့မှ ဧည့်ထောက်ခံ စကားမပြောတော့..။ တကယ်တော့ ကျမက ကိုယ်တိုင်ကလည်း ဘာမှ မဟုတ်ပါဘဲနဲ့လေ…။ ဆိုတော့ တရက်လည်းကျရော.. Group mail တခုကနေ ကျမက စစ်အစိုးရက လွှတ်တဲ့ ထောက်လှမ်းရေးဖြစ်ကြောင်းနဲ့ ကျမကို သတ်ပစ်နိုင်တယ်ဆိုတဲ့ အကြောင်းတွေ စာဖြန့်ပါလေရော..။ ရေးထားတာလည်း စော်စော်ကားကား မိုက်မိုက် ရိုင်းရိုင်းတွေ..။ မှတ်မှတ်ရရ.. ၂၀၀၆ ဇွန်လထဲမှာ..။ ကျမဖြင့် ကျောင်းဆရာမ လုပ်လာတဲ့သူ ဆိုတော့ တကယ့်ကို အဲလို အစော်ကားခံရတာကို မခံစားနိုင်ဘူးဖြစ်သွားတယ်။ စိတ်ဆိုး တာထက် အံ့သြတုန်လှုပ်ပြီး ၀မ်းနည်းသွားမိတာ..။ (အဲဒီတုန်းက Blog လည်း မလုပ်ရ သေးတော့ Cbox ကနေ ပက်ပက်စက်စက်ဝင်ဆဲတာမျိုးကိုလည်း မကြုံဖူးသေးတော့ အရေမထူသေးဘူးလေ.. )
ဘာပဲဖြစ်ဖြစ်.. ဒီဘက်ဝန်းကျင်အသိုင်းအ၀ိုင်းဟာ ကျမရဲ့ အတွင်းစိတ်ထဲက အထင်ကြီး လေးစားထားတဲ့ အ၀န်းအ၀ိုင်းကိုး။ ပြီးတော့ စာထဲက အသွားအလာအရ.. နအဖရဲ့ ဆင်ကွက်လည်းမဟုတ်တာ သေချာ နေပြန်တယ်။ ပြောရရင် ကိုယ့်နားလေးကပဲ။ နောက်တော့ နည်းပညာကျွမ်းကျင်တဲ့ ကျမရဲ့ မောင်လေးတွေထဲက တယောက်က Trace လိုက်ပေးလို့ ဘယ်နေရာက ပို့တယ်..။ IP နံပါတ်နဲ့ အဲဒီ email ဖွင့်တဲ့ ရက်စွဲကအစ ရလိုက်ပါတယ်။ စိတ်ထဲ မှန်းကြည့်ရတာပေါ့လေ..။ နောက်တော့လည်း အဲလို လုပ်တာဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုက် တာဖြစ်ပြီး ဘယ်သူဆိုတာလည်း လုပ်တဲ့သူရဲ့ partner က ဖော်လို့ပဲ သိလိုက်ရ ပါတယ်။ ဒီတော့လည်း ကျမက အော်.. ဒီလိုလားနဲ့ ပြီးလိုက်တာပါပဲ..။ တကယ်လည်း ကာယကံရှင်က ၀န်မခံရင် ဘာမှ ထူးတာ မဟုတ်ဘူးလေ..။
ဇင်းမယ်က ဘ၀မှာတော့ ကျမမှာက စိတ်ချမ်းသာစရာသာ ခပ်များများပါ..။ အဲဒီအချိန်တုန်းက ကျမ Radio Free Asia မှာ အပတ်စဉ် ပညာရေးကဏ္ဍ ရေးနေတဲ့အချိန်..။ ပညာရေးနဲ့ ပတ်သက်လို့ လိုတာမှန်သမျှ ကိုယ့်ကို အကူအညီတောင်းသမျှ စိတ်လက်ရှင်းရှင်းနဲ့ ကူနိုင်တဲ့အချိန်မို့ ကိုယ့်အလုပ် ကိုယ် လုပ်နေရတာ သိပ် စိတ်ချမ်းသာရပါတယ်။ စိတ် အနှောက်အယှက် အနည်းအကျဉ်းဖြစ်ရတာကတော့ ရှိတာပေါ့လေ..။ အဲဒါလေး လည်း ကြုံတုန်း ပြောပြချင်ပါတယ်။
ကျမက ကိုယ်တိုင်ကလည်း မြန်မာစာဆရာမ.. ပြီးတော့ စာရေးဆရာလည်းဖြစ်လေတော့ ‘စာအုပ်စာပေ လူ့မိတ်ဆွေ’ဆိုတာကို တကယ်ယုံပါတယ်..။ ကျမကိုယ်တိုင် စာအုပ်စာပေ တွေထဲကပေးတဲ့ အင်အားတွေနဲ့ ဘ၀ကို ရင်ဆိုင်နိုင်ခဲ့တာတွေ ရှိတာမို့လည်း စာဖတ်တဲ့ အကျိုးကို တကယ် ယုံတာပါ။ အဲဒီအခါ ကျမနေတဲ့ ၀န်းကျင်လေးမှာ စာဖတ်အားနည်းကြတာ သိလို့ အမြဲလိုလို ကျမစကားပြောရတဲ့ ပွဲတွေမှာ စာများများ ဖတ်ကြပါလို့ တိုက်တွန်းမိပါတယ်။ အဲဒါကို ဗမာ မဟုတ်တဲ့ တိုင်းရင်းအဖွဲ့တချို့က ဒေါ်မေငြိမ်းက ဗမာမဆိုတော့ တိုင်းရင်းသား တွေကြားမှာလာပြီး ဗမာလူမျိုးကြီးဝါဒ ဖြန့်ချိရေး လုပ်နေတယ်.. Burmanize လုပ်နေတယ် လို့ ပြောကြပါတယ်။ အဲလိုပြောတဲ့အထဲမှာ NGO နိုင်ငံခြားသားတချို့လည်း ပါပါတယ်။ အစပိုင်းတုန်းကတော့ ကျမ တော်တော် စိတ်မကောင်းဖြစ်လိုက်ပါသေးတယ်။ ဒါပေမဲ့ တကယ့် အထင်ကရ တိုင်းရင်းသားခေါင်းဆောင် အများစုကတော့ အဲလို သဘောမထားကြပါဘူး။ ဒီတော့လည်း ကျမက ဒါဟာ သဘောထားမကြီးနိုင်တဲ့ သူတွေရဲ့ တုံ့ပြန်မှုပဲလို့ တွေးတယ်..။ ပြီးတော့ ဗမာဆိုတာနဲ့ ပတ်သက်ပြီး သူတို့ ခံစားခဲ့ရတဲ့ ပမာဏကို စဉ်းစားကြည့်ပြီး မေ့ထား လိုက်ပါတော့တယ်။ (တကယ်တော့ ဗမာအစိုးရလို့ သူတို့ စွဲနေတဲ့ စစ်အစိုးရက ကျမတို့ ဗမာလူမျိုး ဆိုတာတွေကိုရော ချမ်းသာပေးလို့လား…)
အဲဒီလို မေ့ထားနိုင်တဲ့ ကာလထိ မရောက်ခင်ကတော့ ကျမမှာ မကြာခဏ အငြင်းအခုန် ဖြစ်ရပါတယ်။ ကျမ ပြောချင်တာက ကျမ ဗမာဖြစ်တာထက်.. မြန်မာစာဆရာမ ဖြစ်လို့ ဆိုတာထက် လောလောဆယ်မှာ တကယ် ရှောင်လွှဲ မရတဲ့ အမှန်တရားက မြန်မာစာဟာ တရားဝင် ရုံးစာ.. တရားဝင်တွင်ကျယ် ဘာသာစကား ဖြစ်နေတာပါ။ ဒီတော့ မြန်မာပြည် အရေး.. မြန်မာပြည်နဲ့ ပတ်သက်လို့ လုပ်တဲ့ ကိုင်တဲ့အခါ မြန်မာစာ တတ်မှပဲ .. မြန်မာလို တတ်မှပဲ လုပ်ရ ကိုင်ရတာ အဆင်ပြေ ချောမွေ့ပါမယ်..။ ကျမက ပြောပါတယ်.. အနည်းဆုံး စစ်အစိုးရကို ရန်ဖြစ်တောင် မြန်မာလိုပြောပြီး ဖြစ်ရမှာပါ.. လို့။ (တကယ်ဆို မြန်မာတွေ ကြားထဲမှာ NGO လုပ်နေတဲ့ နိုင်ငံခြားသားတွေတောင် ဗမာစကား သင်နေကြတာပါ)။
ဒါပေမဲ့ တချို့ကတော့ ခါးခါးသီးသီး ငြင်းဆန်ပါတယ်။ ကျမပြောချင်တာက မြန်မာပြည်ထဲမှာ ခုနေ ကရင်ပြည်နယ်က ကရင်လူမျိုး နဲ့ ဟိုးမြောက်ဖျားက ကချင်လူမျိုးတို့ တွေ့တဲ့အခါ သုံးစွဲရမယ့် ဘာသာစကားဟာ လောလောဆယ်မှာတော့ မြန်မာစကားပဲ ရှိနေတာပါ..လို့။ အဲဒါကို အဖွဲ့အစည်းထဲက တချို့က သဘောမတူ ပါဘူး။ အင်္ဂလိပ်လိုပဲ ပြောမှာပေါ့တဲ့..။ ကျမက ပြန်ပြောလိုက်ပါတယ်..။ ဒါဆို ကျမတို့ တော်လှန်ရေးကာလမှာ ပြည်တွင်းက လူတွေကို အင်္ဂလိပ်စာကို အဆင့်အတန်းမီ ပြောနိုင်အောင် အချိန်ယူ လုပ်ဖို့လည်း လိုတယ်လို့..။ ဒါဆိုရင်တော့ တိုင်းရင်းသားအားလုံး စည်းလုံးနိုင်ဖို့ အင်္ဂလိပ်စာ အရင်သင်မှပဲ.. လို့။ တခြားတိုင်းရင်းသား လူငယ်တချို့ကဆို ဗမာတွေကို မုန်းတယ်လို့ ကျမရှေ့မှာ တမင် ပြောတာတောင် ကြုံခဲ့ရဖူးသေးတာပါ။ တကယ်တော့လည်း ကျမတို့မြန်မာနိုင်ငံသားတွေဟာ ခံစားချက်တွေ အတွေးတွေ ကိုယ်စီ အဆိပ်သင့် နေကြရ သူတွေပါပဲ...။ တကယ့် တရားခံကိုပဲ ကျမတို့ တိုက်သင့်တာ မဟုတ်ဘူးလား..။ ခုတော့ မရှိအပ်တဲ့ အမုန်းတွေနဲ့.. မလိုအပ်တဲ့ မသင့်မြတ်မှုတွေနဲ့..။
+++++
နောက်တခု ကျမပြောဖို့ ကျော်သွားတာက အမေရိက သွားမယ်လို့ ထွက်လာတဲ့ ကျမက ဘာလို့ ထိုင်းမှာ နေဖြစ် သွားတာလဲ ဆိုတာလေးပါ..။။
တကယ်တော့ ကျမက အပြင်ထွက်လာတဲ့အထိ ထိုင်းမှာ နေရင်း ကိုယ့် မြန်မာ အသိုင်းအ၀ိုင်းအတွက် တခုခု လုပ်ပေးလို့ ရနေတယ်ဆိုတာကို မသိခဲ့ပါဘူး။ ပြီးတော့ ထိုင်းကနေ အမေရိကကို ဘယ်လို သွားနေတာလဲ ဆိုတာကိုလည်း သေချာ မသိခဲ့ပါဘူး။ တကယ်တမ်း ထိုင်းကို ရောက်မှ.. မဲဆောက်မှာ တလလောက်နေမှ.. ထိုင်းမှာနေပြီး မြန်မာ့အရေး မှန်သမျှကို အသီးသီး လုပ်နေကြတဲ့သူတွေ.. တွေ့တာ။ ပြီးတော့ ခင်မင်းဇော်ရဲ့ ချစ်ချစ်နဲ့ စကားတွေ ပြောရာက.. ထိုင်းမှာ နေရင်း ကိုယ့် community အတွက် တခုခု လုပ်နေချင်စိတ် ပေါက်လာတာ..။ နောက်တချက်ကတော့ ဒုက္ခသည်….. ကိစ္စပေါ့။ (Refugees ကို ဘယ်သူက ဒုက္ခသည်လို့ ဘာသာပြန်ခဲ့တယ် မသိပါ)
ကျမ မဲဆောက်မှာ ရှိနေတုန်းမှာပဲ ထိုင်းအစိုးရက နိုင်ငံရေးသမားအများစုပါတဲ့ Refugees တွေ Camp ၀င်ပြီးမှ Third Country ထွက်ရမယ်လို့ သတ်မှတ်တာပါ..။ နောက်တခု ကျမတို့ ရောက်လာတဲ့အချိန်လောက်မှာပဲ ဒုက္ခသည်ခံပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ သွားနေချင်တဲ့ ပြည်တွင်းကလူတွေ အများကြီး မဲဆောက်ကို ရောက်လာပါတယ်။ အဲဒီတုန်းက မဲဆောက်မှာ ဒုက္ခသည်တွေအပေါ် ထားတဲ့ သဘောထားနှစ်မျိုး ကွဲသွားပါ တယ်။ တမျိုးကတော့ နိုင်ငံရေးအရ ဒုက္ခမရောက်ရဘဲ လာကြတဲ့သူတွေကို အခွင့်အရေးသမားလို့ သတ်မှတ် သလို နိုင်ငံရေးသမားက တတိယနိုင်ငံသွားတာကိုလည်း တော်လှန်ရေးကို ကျောခိုင်းသွားတယ်လို့ မြင်ကြပါ တယ်။ နောက် တအုပ်စုကတော့ မြန်မာနိုင်ငံသားမှန်သမျှ ဒုက္ခသည်ပဲ.. တယောက် လွတ်သွားရင် တယောက် အေးသွားတာပေါ့.. တဲ့။ ကျမကတော့ ကိုယ်တိုင် နိုင်ငံရေးကို ဖြတ်သန်းမလာရလို့လား မသိပါဘူး . အဲလို သဘောထား တခုမှ စိတ်ထဲ မရှိပါဘူး။ တခုပဲ.. ဒုက္ခသည်ဖြစ်ဖို့က နိုင်ငံရေးအရ အန္တရာယ် ရှိလောက်တဲ့ သူတော့ ဖြစ်ရပါမယ်။ ဒါမှပဲ UNHCR က မေးတဲ့အခါ အံဝင်တဲ့ အဖြေဖြစ်ပါမယ်။
အဲဒါကပဲ ကျမရဲ့ ပြဿနာပါ..။ ကျမက နိုင်ငံရေးအရ အန္တရာယ်ရှိလို့ ထွက်လာတာ မဟုတ်…။ အဲဒါကို အန္တရာယ်ဘယ်လို ရှိကြောင်း ကျမ မဖြေနိုင်ပါ..။ လိမ်ဖြေရင်ရတာပဲ.. သိပ်လွယ်တာပဲလို့ သိနေ ကြားနေပေမဲ့ ကျမ မလုပ်နိုင်ပါ။ ကျမက ကိုယ်တိုင်ရော.. ကိုယ့် မိဘ မောင်ဖွား ထဲမှာရော အန္တရာယ်ရှိလောက်အောင် နိုင်ငံရေးလုပ်တဲ့သူ မရှိတော့ပါ။ တကယ် လုပ်ခဲ့တဲ့ အဖေနဲ့ မောင်လေး (သုံးရောင်ခြယ်)တို့တောင် မရှိတော့တာ ကြာပြီပဲလေ။ ပြီးတော့ တကယ်တမ်း အန္တရာယ်ရှိသူတွေကတောင် ကြံ့ကြံ့ခံလုပ်နေတာကို ကျမက မဟုတ်ဘဲနဲ့ အန္တရာယ် ရှိတယ်လို့ မပြောချင်ခဲ့ပါ။
ကျမက ထွက် လာလာချင်း DVB (Democratic Voice of Burma) ရေဒီယိုက အင်တာဗျူး မှာတောင်.. ဘာလို့ ထွက်လာတာလဲ ဆိုတဲ့ မေးခွန်းကို မနေချင်လို့ ထွက်လာတာပါ.. လို့ ရိုးရိုးပဲ ဖြေခဲ့တာပါ။ ဒါပေမဲ့ ဒုက္ခသည် လျှောက်လွှာတော့ တင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းမှာ တရားမ၀င် နေနေတဲ့အချိန်.. အဖမ်းဆီးခံခဲ့ရရင် ဖြေရှင်းရ လွယ်မလားလို့ပါ..။ နောက် တကယ် အနေကြာသွားတော့လည်း ထိုင်းမှာ တရားဝင်နေလို့ရတဲ့ အခြေအနေတခု ရလာတာပါပဲ။ သားနဲ့ သမီးကလည်း ထိုင်းကျောင်းတွေမှာ..။ သားကြီးလည်း အလွတ် ပညာရေး ဆက်နေပြီ။ ကျမနဲ့ ရာကျော်လည်း ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကိုယ်စီနဲ့..။ အေးလို့..။ တကယ်ပဲ ထိုင်းမှာ ဇင်းမယ်မှာပဲ နေတော့မှာလို့ ကျမဆုံးဖြတ်ထားခဲ့တာ… ၂၀၀၇ ထိပေါ့။
+++++
၂၀၀၇ထဲမှာ… ကျမရဲ့ အကိုအရင်းလို ဖြစ်နေတဲ့ သူငယ်ချင်းတယောက်က ဘန်ကောက်မှာ နေနေရာကနေ အမေရိကန် DV (Diversity Visa Lottery) ပေါက်ပြီး တမိသားစုလုံး US ကို ထွက်သွားပါလေရော…။ အဲဒီသူငယ်ချင်းကိုလည်း ကျမရဲ့ အကိုလို မိတ်ဆွေတယောက်ကပဲ on line ကနေ အပျော်ဆိုပြီး လုပ်ပေး လိုက်ရာကနေ ထပေါက်သွားတာ။ ဒါနဲ့ ကျမက ဒီနှစ် ကျမတို့အလှည့်ဆိုပြီး အပျော်လုပ်ကြည့်ကြပါရော..။ ကျမရော.. ရာကျော်ရော..။ အဲဒီအကိုက မေးသေးတယ်.. ပေါက်ရင် တကယ်သွားမှာလား.. တဲ့။ ကျမက “ပေါက်ပါစေဦး.. ကျမက ဘယ်တော့မှ ထီမပေါက်ဘူး“ လို့တောင် ပြောလိုက်သေး..။ အဲဒီ အကိုအိမ်မှာ မုန့်လုပ် စားကြရင်း ဓာတ်ပုံလည်း အိမ်မှာပဲ အဖြစ်ရိုက်ပြီး အဲဒီအကိုက တင်ပေးပါလေရော..။ မှတ်မှတ်ရရ.. ဖောင်ပိတ်ဖို့ ၂ရက် အလို…။ ၂၀၀၇ ရဲ့ နိုဝင်ဘာ ၂၈ရက် ညကြီး..။
တကယ်လည်း ကျမက ဘယ်အရာမှ အလွယ်တကူမရသူဆိုတာတော့ အမှန်ပါပဲ…။ အဲဒီ Lottery လည်း ရာကျော် ပေါက်ခဲ့တာပါ။ ၂၀၀၈ခုနှစ် မေလဆန်းမှာပဲ Lottery မှာ အရွေးခံ ရကြောင်း စာနဲ့ ဖြည့်ရမယ့် Form ထုပ်ကြီး ရာကျော့်နာမည်နဲ့ ရောက်လာပါတော့တယ်..။ တကယ်ထူးဆန်းတဲ့ ကံကြမ္မာ အလှည့်အပြောင်းတခုပါပဲ။ အမှန်အတိုင်းပြောရရင်.. ကျမ တကယ်ပဲ စိတ်လှုပ်ရှားသွားခဲ့ပါတယ်။ ပြီးတော့ ခဏလေးအတွင်းမှာပဲ ဘာဆက်လုပ်မလဲဆိုတဲ့ မေးခွန်းတွေ ၀င်လာပါ တော့တယ်။ ဖြစ်ချင်တော့ အဲဒီတုန်းက တိုက်တိုက်ဆိုင်ဆိုင် ကျမက ဒေါ်ခင်မင်းဇော်တို့ဆီ ရောက်နေတဲ့ အချိန်…။ ရာကျော်ကတော့ အေးဆေးပဲ.. ကျမက ဘာလုပ်ကြ မလဲဆိုတော့ သိဘူးလေ.. ညည်းသဘောတဲ့..။ ထုံးစံ အတိုင်း..။ ကျမကတော့ သံခင်းတမန်ခင်း နားလည်သူ သူငယ်ချင်းများနဲ့ တိုင်ပင်ရတာပေါ့။ အားလုံးကတော့ လုပ်ကြည့်ချင်ရင်တော့ စမ်းပေါ့.. တဲ့။ ဒါပေမဲ့ ကျမတို့ အနေအထားနဲ့တော့ သိပ်မလွယ်.. တဲ့။ ကျမတို့မှာ ထိုင်းမှာ ယာယီနေလို့ရနေတဲ့ အထောက်အထား ကဒ်ပြား တွေက လွဲလို့ ဘာမှမရှိ။
ပြီးတော့ Green Card Lottery နဲ့ အမေရိကသွားဖို့ဆိုတာ လူတယောက်ကို အနည်းဆုံး ဒေါ်လာ ၃၀၀၀ လောက် ကုန်တာလေ..။ ကျမတို့က ၅ယောက်ကြီး..။ လက်ထဲမှာ ရှိနိုင်တဲ့ ပိုက်ဆံက တယောက်တည်း သွားမယ်ဆိုရင်တောင် အနိုင်နိုင်..။ ပြီးတော့ ကျမက ဘယ်တော့မှ ခွဲရေး မစဉ်းစား…။ ဒီမိသားစု တပြုံလုံးတွဲရေးပဲ စဉ်းစားတာလေ..။ ပိုခက်တော့မှာပေါ့…။ နောက်တော့ အဲဒီ DVနဲ့ မိသားတစုလုံး ထွက်သွား နှင့်တယ်ဆိုတဲ့ အကိုက ကြိုးစားကြည့်ပါလား.. တဲ့။ လိုတာ ကူကြမယ်တဲ့။ အဲလိုပဲ ကျမတို့ကို အဲဒီ ထီထိုးပေးတဲ့ အကိုကလည်း ကူမယ်တဲ့။ ဒီလိုနဲ့ ကူမယ်ဆိုတဲ့သူတွေ လေးငါးယောက် ဖြစ်လာ..။ သူငယ်ချင်း တယောက်ကတော့ မိသားစု ၅ယောက် ဒေါ်လာ ၁သောင်းခွဲလောက် ကုန်မယ့်ကိစ္စ.. ကျနော်သာဆို မလုပ်ဘူး.. Burden ဖြစ်တယ်.. တဲ့။ ဒါလည်း ဟုတ်တာပဲ..။ နောက် တချို့သူငယ်ချင်းတွေကကျတော့လည်း အမေရိကန် မြေကို နင်းတာနဲ့ Green Card ရတာမို့ ဒေါ်လာ ၁သောင်းခွဲလောက် ကြွေးတင်ပြီး မိသားတစုလုံး အတူ ရောက်နိုင်တယ် ဆိုရင် မဆိုးပါဘူးတဲ့။ ကိုယ့် နေထိုင်ခွင့်နဲ့ သားသမီးတွေ ပညာရေးအခွင့်အလမ်း.. နောက် သွားဖို့လာဖို့ Document တဲ့။ ပြီးတော့ ကျမလို ကျောင်းတခုခု တက်ချင်သေးတဲ့သူအတွက် ကြိုးစားကြည့်သင့်တယ်… တဲ့။ ပြီးတော့ ကျမ အဓိကထားစဉ်းစားတာ သားကြီး ပညာရေး ကိုပါ..။ သားကြီးခမျာ ငယ်ငယ်လေးကတည်းက ကျမသွားလေရာ တတန်းတန်းလိုက်ရင်း ဒုက္ခရောက်ရတာ များပေါ့။ အငယ်လေး နှစ်ယောက်က ထိုင်းပညာရေး ကောင်းကောင်း ရနေလို့မို့ ပူစရာမလိုလှ..။ သမီးနဲ့သားက ထိုင်းဘုရင်ကြီးရဲ့ ပညာသင်ဆုလည်းရထားတာမို့ အခြေခံပညာအထက်တန်း(၁၂တန်း)အထိ Free Education ရပြီးသား။ သားကြီးသာ ဟိုမရောက် ဒီမရောက်… လမ်းခွတ်လတ်မှာ။
တကယ်တမ်းက စဉ်းစားစရာကို မလိုဘဲ နောက်ဆုတ်သင့်တဲ့ အနေအထားပါ။ ဒါပေမဲ့ မဟာဇနကဇာတ်ကို သမိန်ပေါသွပ် ဟာသလုပ်သလို လုပ်ရရင်… ကံက ဆိုးချင်တော့ ထိုင်းကို ထွက်လာမိတယ်။ ကံက ကောင်းချင်တော့ အေးအေးဆေးဆေးလေး နေခဲ့ရတယ်။ တခါ ကံက ဆိုးချင်တော့ ထီထိုးမိ။ ကံက ကောင်းချင်တော့ အဲဒီ ထီက ထပေါက်..။ ကံက ဆိုးချင်တော့ ထီလက်မှတ်က တပိုင်းပဲ သေချာ..။ ဒါပေမဲ့ ကံက ကောင်းချင်တော့ အဲလို ပါးစပ်ဆိုးဆိုး ကျမကို ကူမယ့် သူတွေက ပေါ်လာ..။ အမေရိကန် သံရုံးကတောင် မနေနိုင်။ ဒါပေမဲ့ ကံက ဆိုးချင်တော့ အရာရာက အထစ်ထစ် အငေါ့ငေါ့..။ ဗီဇာ ထုတ်ရတော့မယ့် အဆင့်မှာကို ၅လ စောင့်.. သံရုံး ၈ခေါက် ၀င်ရ..။ ဆေးစစ်တာကပဲ ၃ခါ..။ အမယ်မင်းးး ဘန်ကောက်နဲ့ ဇင်းမယ်… တက်လိုက် ဆင်းလိုက်.. စိတ်ပမ်း လူပမ်း ငွေပမ်း ..။ ပိုက်ဆံ စုထားသမျှလေးတွေ ဟောကနဲ ဟောကနဲ..။
ကျမတို့ US ကို အရောက်ဝင်ရမှာက ၂၀၀၈ စက်တင်ဘာ ၃၀ရက်နေ့ နောက်ဆုံးထား အရောက်..။ စက်တင်ဘာလဆန်းအထိ ကျမတို့ လက်ထဲ ဗီဇာ မရောက်သေး။ နောက်ဆုံးတော့ စက်တင်ဘာလ ၅ရက်နေ့မှာ ကျမတို့ လက်ထဲကို ဗီဇာတွေနဲ့ Travel Document တွေ ရောက်လာပါတော့တယ်။ အမှန်အတိုင်း ၀န်ခံရရင်.. အိပ်မက်လိုပါပဲ..။ အင်မတန် ကပ်သီးကပ်သပ်နိုင်လောက်အောင် စစ်ဆေးတာတွေ အထပ်ထပ်လုပ်သော အမေရိကန်ပြည်ထောင်စုရဲ့ သံရုံးက မြန်မာနိုင်ငံက ပါလာတဲ့ မှတ်ပုံတင်တွေ.. ကျမရဲ့ ၀န်ထမ်းကဒ်ပြားတွေ ဘွဲ့လက်မှတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတချို့ရေးပေးတဲ့ အထောက်အထားတွေကိုသာ အရင်းခံပြီး ပြည်ဝင်ခွင့် ဗီဇာတွေရော.. ခရီးသွားခွင့်လက်မှတ် တွေပါ ထုတ်ပေးခဲ့ပါတော့တယ်။ တကယ်တမ်း ဗီဇာအတွက် သံရုံး ၀င်တော့လည်း မေးတဲ့ မေးခွန်းက ဟိုရောက်ရင် ဘာလုပ်မလဲတဲ့။ ကျမက ကျောင်းတခုခု ဆက်တက် မယ်ပေါ့..။ ကျမသားလည်း ကျောင်းတက်မယ်ပေါ့..။ ဒါပဲ…။
ဒီလိုနဲ့ လက်ထဲ ဗီဇာတွေလည်း ရောက်.. ဇင်းမယ် ပြန်..။ ထွက်ဖို့အတွက် လေယာဉ်လက်မှတ် ၀ယ်…။ စက်တင်ဘာ ၁၈ရက်… ည ၉နာရီ.. Thai Airway နဲ့။ ကျမ သတိထား မိသေးတယ်။ ရွှေဝါရောင် တော်လှန်ရေး တနှစ်ပြည့် မှတ်မှတ်ရရပဲလို့။
+++++
စက်တင်ဘာ ၁၈ရက်နေ့မှာ ကျမတို့ မိသားစု စိတ်လှုပ်ရှားနေခဲ့ကြတယ်..။ ကျမတို့ ဘ၀မှာ နောက်ထပ် အသစ်တခု။ တကယ်တော့ စိတ်တွေရော လူတွေပါ ပင်ပန်းလှပြီ။ အထူးသဖြင့် ရာကျော်ရယ်.. ကျမရယ်.. သားကြီးရယ်.. မေလ ကတည်းကနေ ခု စက်တင်ဘာထိ.. ဒီကိစ္စထဲ ပင်ပန်းနေခဲ့ကြရတာ မဟုတ်လား။ ဒါပေမဲ့ မပြီးပြတ်သေးဘူး။ ကျမတို့က ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ခဲ့ကြတာဖြစ်လို့ နောက်တနိုင်ငံကို တရားဝင် ထွက်ဖို့အတွက်ဆိုရင် ဥပဒေအတိုင်း Detention Center ၀င်ပြီးမှသာ ထွက်ရမှာပါ။ အမှန်အတိုင်းပြောရရင် ထောင်အသေးစားလေးဖြစ်တဲ့ DC ထဲ ကျမ ကလေး လူမမည်လေးတွေ ၀င်ရမှာကို ကျမ စိတ်ထဲ မကောင်း ဖြစ်နေမိပါတယ်။ ပြီးတော့ တတိယနိုင်ငံ သွားဖို့အရေး ခုလို ဖြစ်ရလေတယ်လို့လည်း စိတ်ထဲ ရှက်သလိုလို ဖြစ်နေမိတယ်။ ဒါပေမဲ့ ကျမတို့က သူတပါး နိုင်ငံကို တရားမ၀င် ၀င်လာခဲ့တာကိုး.. ဆိုတဲ့ စိတ်နဲ့ ဖြေရပါတယ်။ ကျမတို့ DC ထဲမှာ တနေကုန် နေရမှာပါ..။ ညနေ ၄နာရီမှ DC ကနေ ထွက်ရမှာ ဖြစ်ပြီး ည ၉နာရီမှာ လေယာဉ် ထွက်မှာပါ။
အဲဒီအချိန်မှာပဲ မျှော်လင့်မထားတဲ့ ပြဿနာပေါ်လာပါတော့တယ်။ အဲဒါကတော့ အမေရိကန်သံရုံးက ပေးတဲ့ Travel Document ကို မယုံပါဘူး..တဲ့။ အမေရိကန်သံရုံးကို ဖုန်းဆက်မေးလို့ ကောင်စစ်ဝန်က အတည်ပြုပေးတာလည်း မရပါဘူး။ နောက်ဆုံး ကောင်စစ်ဝန်ရုံးက အမှုထမ်းတယောက်ကိုယ်တိုင် လာပြီး အာမခံတာတောင် မရဘူးဖြစ်နေပါတယ်တဲ့။ အဲဒီအခါမှာတော့ ကျမ စိတ်နည်းနည်းပူလာပါတယ်။ အင်မီဂရေးရှင်းက လူတွေရဲ့ အမူအယာကလည်း နည်းနည်း တင်းမာလာပါတယ်။ သူတို့က ဘာမို့လို့ အမေရိကန်သံရုံးရဲ့ ဗီဇာတွေ ခရီးသွားလက်မှတ်တွေ ရရတာလဲတဲ့။ ပြီးတော့ Green card Visa တဲ့.. မဖြစ်နိုင်ဘူး..တဲ့။ အဲလိုတွေ ပြောကြတယ်လို့ ဆိုပါတယ်။ ကျမကတော့ အချက်အလက် အထောက်အထား အားလုံးက အမှန်ပဲမို့လို့ စိတ်ညစ်ပေမဲ့ နောက်ဆုံး အဆင်ပြေမှာပဲလို့သာ တွေးထားတာပါတယ်။ ကျမ ပြဿနာကို လိုက်ရှင်းပေးနေတဲ့ သူငယ်ချင်းကလည်း အားပေးပါတယ်။ ပြီးသွားမှာပါ.. မပူနဲ့.. တဲ့။
နောက်တော့.. ကျမတို့ မိသားစု သံမံတလင်းအခင်းသာ ရှိတဲ့ DC ထဲမှာ တနေကုန် နေကြရပါတယ်။ သမီးနဲ့ သားငယ်လေးကတော့ ကျမတို့ ပေါင်တွေပေါ်မှာ အိပ်ပျော်လို့။ သားကြီးကတော့ မျက်နှာ မကောင်းရှာပါဘူး။ ကျမမှာလည်း မိသားစု သိပ် စိတ် အားမငယ် အောင် မာန်တင်းပြီး နေနေရပါတယ်။ ရင်ထဲမှာတော့ ဆို့ဆို့ကြီး ဖြစ်နေပါတယ်။ ပိုဆိုးတာက DC အချုပ်တခုလုံး မြန်မာနိုင်ငံသားတွေချည်း ဖြစ်နေတာပါပဲ။ အလုပ်သမား တွေပါ..။ လက်မှတ်မရှိလို့ ဖမ်းခံကြရတာတဲ့..။ သူတို့ကို ထိုင်းမြန်မာနယ်စပ်မှာ သွားပစ်မှာ.. တဲ့။ ကောင်မလေး တချို့က ငိုလို့..။ အားလုံးက ကျမတို့ကို တအံ့တသြ ကြည့်ကြပါတယ်။ ကျမကတော့ တနေကုန် နေရမယ့်အတူတူ မိန်းကလေးတချို့နဲ့ စကားပြောနေလိုက်ပါသေးတယ်။ ကျမတို့ ပြဿနာကိုတော့ သူငယ်ချင်း တွေက ရှင်းနေကြတုန်းပေါ့။
ဒီလိုနဲ့ ညနေ ၄နာရီ ရောက်လာပါတယ်။ အချုပ်ကားတစီး လာရပ်ပြီး အချုပ်ခန်းတံခါး ဖွင့်ပါတယ်။ အင်း… အခန်းထဲက အလုပ်သမားတွေကို ခေါ်သွားတော့မယ်ပေါ့။ ဒီလိုနဲ့ နာမည် တွေ ခေါ်ပြီး အချုပ်ကားပေါ်တင်တော့ ကျမတို့က ထွက်ရမယ့်သူတွေဆိုပြီး ခပ်အေးအေး လုပ်နေတာ…။ နောက်တော့ ခေါ်တဲ့ နာမည်တွေထဲ ကျမတို့ မိသားစု ပါပါလေရော..။ ထိုင်းလို ပြောတာတွေ ကျမတို့က နားမလည်။ ကျမတို့ တင်ထားတဲ့ စာရွက် စာတမ်းတွေအကြောင်း ပြောတော့လည်း ပြောမရ..။ ကျမ ကိုယ့်လူတွေဆီ ဖုန်းတွေခေါ်နေတုန်းမှာပဲ ကျမတို့ မိသားစု အချုပ်ကားပေါ် တက်လိုက်ရပါတော့တယ်။ အဲဒီအချိန်မှာ ကျမကလေးတွေက သိပ်ကို တုန်လှုပ်နေပြီ။ ကျမကတော့ လိုတဲ့ဖုန်းတွေ အရအမိ ဆက်နေရပါတယ်။ ကျမကိုယ်တိုင်လည်း ခုလိုဖြစ်ရတာကို နားမလည်နိုင်တော့ ပါဘူး။ အချုပ်ကားပေါ်မှာ တလမ်းလုံး ကျမကိစ္စကို ဆက်ဖြေရှင်းပေးဖို့ သူငယ်ချင်းတွေဆီ ဖုန်းနဲ့ အကြောင်းကြားနေရင်းကပဲ ကျမတို့ကို ချုပ်မယ့် ရဲဌာန အချုပ်စခန်းဆီ ရောက်လာပါတယ်။ အဲဒီအထိလည်း ကျမက တော်ကြာနေရင်တော့ သူငယ်ချင်းတွေ လာခေါ်ပြီး ထွက်ရမှာလို့ ထင်နေဆဲပါ…။ ကျမ အင်မတန်ချစ်တဲ့ ဇင်းမယ်ရဲ့ ကျုံးနဘေးက အချုပ်ထောင်ထဲမှာ မိသားတစုလုံး အမှုတွဲအဖြစ် ၁၁ရက်ကြာအောင် နေလိုက်ရလိမ့်မယ်လို့ နည်းနည်းမှ ထင်မထားခဲ့တဲ့ အချိန်ပေါ့။ ပြီးတော့ အဲဒါထက်ပိုပြီး ခြောက်ချားစရာ ကောင်းလှတဲ့.. စိတ်နှလုံး နာကျင်စရာကောင်းလှတဲ့ အဖြစ်အပျက်တွေကို ထပ်ကြုံရလိမ့်ဦးမယ်လို့ နည်းနည်းမှ တွေးမထားမိတဲ့ အချိန်ပေါ့။

18 comments:
ဆရာမရေ..ဖတ်လေဖတ်လေ ဖတ်ချင်လေပဲ။ ဖတ်ပြီးတော့လည်း ဘာဆက်ဖြစ်မလဲဆိုတာ မချင့်မရဲဖြစ်မိတယ်။ တော်တော် ခက်ခဲစွာ စွန့်စားခဲ့ရတာပဲနော်။ ဆရာမက ရေးပြလို့သာ ဒီလိုအခက်အခဲမျိုးကို သိရတာ ...ဒီလိုနေရာမျိုးကိုရောက်ဖို့ ဒီလိုအခက်အခဲ ၊ဒီထက်ပိုတဲ့အခက်အခဲကို ရင်ဆိုင်ရတဲ့ လူတွေအကြောင်းကြားဖူးပါတယ်...လိုချင်တဲ့နေရာကိုရဖို့ အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွားဖြတ်သန်းသွားနိုင်သူတိုင်းကိုလေးစားလျက်ပါ။
ဆရာမရယ် ဖတ်ရတာစိတ်မကောင်းလိုက်တာ ။ ရင်မောစရာပဲ။
ဒါပေမဲ့ ဆရာမ အခု US မှာအေးအေးဆေးဆေး ရှိနေပြီဆိုတာ ကြိုသိထားရတာမို.တော်ပါသေးရဲ့လို.ပြန်တွေးမိတယ်။
ဆရာမရဲ့ အမောတွေအဆုံးနိုင်သတ်ပါပြီလေ ။
ရှေဆက်ပြီး, အေးချမ်းတဲ့ပတ်ဝန်းကျင်အသစ်မှာ (တကယ်ကြီးအေးတာနော်) ,( အများအားဖြင့်)ပေါ.ပေါ.ပါးပါးနဲ့ခင်မင်နှစ်လိုဖွယ်ရှိတဲ့ အမေရိကန်လူမျိုးတွေကြားမှာ, လူ.အခွင်.အရေးဆိုတာကို အပြည်.အဝခံစားပြီး ဆရာမချစ်တဲ့မိသားစုနဲ့တသက်လုံးငြိမ်းငြိမ်းချမ်း ချမ်းနေနိုင်ပါစေတော.လို.ဆုတောင်းပေးပါတယ်ဆရာမ။
ဆရာမရေ
တခါတလေတော့ ဇာတ်သိမ်းကြိုသိထားတာ ကောင်းပြန်ရော ...... တော်ပါသေးရဲ့
ဆရာမရေ ဟူး............ဆိုပြီးသက်ပြင်းချမိတယ်
အမရေ ကံကြမ္မာအလှည့်အပြောင်းတွေက သိပ်ကြောက်ဖို့ကောင်းတယ်နော်။ ညီမလည်း အဲဒီဗမာစကားကိစ္စကိုထောက်ခံတယ်။ တကယ်လို့သာ ကချင်ကအများဆုံးလူဦးရေ ဖြစ်နေရင် ကျွန်မတို့အခုအခြေအနေမှာ ကချင်စာသင်နေရမှာ။ တနိုင်ငံလုံးကချင်စကားပြောနေရင် ကိုယ်လဲပြောရမှာပဲ။ တိုင်းရင်းသားဘယ်နှစ်မျိုးပဲဖြစ်ဖြစ်လေ ဘုံဘာသာစကားတခုတော့ ရှိရမှာပေါ့။ တနိုင်ငံတည်းမှာ အတူနေကြပြီး တနေရာမှာစကားတခုပြောနေရမှာလား။ အကုန်ဗရုတ်သုက္ခဖြစ်ကုန်မှာပေါ့။ ကချင်ဘာသာ၊ ကရင်ဘာသာစတဲ့ တိုင်းရင်းသားတွေရဲ့ဘာသာ စကားတွေကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းရမယ်။ ပြည်နယ်ကျောင်းတွေမှာလည်း ဘာသာတခုအနေနဲ့သင်သင့်တယ်။ ဒါပေမယ့် ဘာသာစကားတခုကတော့ ဘုံဘာသာအဖြစ်ရှိရမှာပေါ့။ နိုင်ငံခြားကအတွေးအခေါ်စာအုပ်တွေ၊ ကမ္ဘာကျော်စာအုပ်တွေအားလုံးကို ဘာသာ ၈မျိုးနဲ့ပြန်ထုတ်ရမလိုတောင်ဖြစ်နေပြီ သူတို့ပြောသလိုဆို။ စိတ်ဓါတ်မသေးသိမ်လွန်းကြဘူးလား။ ဘယ်ဟာက အဓိက၊ ဘယ်ဟာက သာမညဆိုတာကို မတွေးနိုင်ကြ ပဲနဲ့များ နိုင်ငံရေးလုပ်နေတယ်လို့ နာမည်ခံနေရင်တော့ ကိုယ့်နိုင်ငံလည်း ဘယ်တော့ တိုးတက်မှာလဲ။
Sayama,
You are a real brave woman.
You have grate strength that you never seen.
Most of your decision, your positive mind for good thing caused to good effect.
Consequently, you got your desire destination.
I think that is
NO LUCK TO YOU.
NO GOD BLESS YOU.
Bino
အမရေ...တကယ့်ကို သဲထိတ်ရင်ဖို ပါပဲလား၊ အလှည့်အပြောင်း များလွန်းတဲ့ ရုပ်ရှင်ကားတစ်ခုကို ကြည့်နေရသလိုပါပဲ၊ တထိတ်ထိတ်နဲ့ မောနေရတယ်...။
Sayama yay,
Excited experiences in life naw?
When I meet with my closed K---friend outside of MM, they blame about our Myanmar (Bamar). They have never discussed about this item with me since childhood. But out of MM, they complain about our language. I feel so sorry for that. Whether Myanmar or Burma, they are also Burmese.
မုန်တိုင်းထန်ပီးရင် သာယာမြဲ ဆိုတာလိုပေါ့၊ ဖတ်ရတောင်စိတ်မော တယ်ဗျာ။ ဇတ်ရှိန်တက်နေပီ ဆရာမရေ။ ၄၀ မြန်မြန် လေးလုပ်ပါအုံး။
When I went to US in 2000 I had to transfer airplane from Thailand. The immigration officer examined my US visa thoroughly and I was angry and I told him I am not entering your country so you dont have the right to check my visa that much. Actually they hate us(burma) and I also hate them.
ct202429(၁၁)ရက်တောင်နေခဲ့ရတယ်လား....ဖတ်ရတာတောင် မောပါတယ်ဆရာမရယ်...ဆရာမရဲ. အခုလက်ရှိ အေးချမ်းနေတဲ့ဘ၀လေး ထာဝရ တည်မြဲပါစေလို. .......ဆုတောင်းပေးပါတယ်....
ဆရာမတို.မိသားစု...ကျန်းမာပျော်ရွှင်ပါစေ.......
ကျွန်တော်အရမ်းကြိုက်တဲ့ quote...
" Let me tell you something you already know. The world ain’t all sunshine and rainbows. It’s a very mean and nasty place and I don’t care how tough you are it will beat you to your knees and keep you there permanently if you let it. You, me, or nobody is gonna hit as hard as life. But it ain’t about how hard ya hit. It’s about how hard you can get it and keep moving forward. How much you can take and keep moving forward. That’s how winning is done! "
Rocky Balboa
နေလင်း
ဆရာမရေ
အဲဒီတုန်းက အချိန်တွေကို ပြန်ကို မတွေးချင်တော့ဘူး။ ကာယကံရှင် ဆရာမတို့ မပြောနဲ့၊ ချိုသင်းတို့ ဘေးလူတွေမှာတောင် သတင်းကြားတာနဲ့ မျက်ရည်ကျနေရတာပါ။ တမိသားစုလုံး ဆိုတော့လေ။ ကလေးတွေကို အထူးသဖြင့် သနားမိတာပါပဲ။
ချိုသင်း ဘလော့က သတင်းစကားမှာ အဲဒီတုန်းက ရန်သူမျိုး ၅ပါးရန်က ကင်းဝေးကြပါစေလို့ တင်ထားတယ်။ စာလာဖတ်သူတွေ ဒီစာကြောင်းလေး ဖတ်ရင်း ဆိုဖြစ်အောင်လို့။
ရင်မောရ၊ ၀မ်းနည်းရ၊ ခံပြင်းရတဲ့ အချိန်ကာလတွေပါပဲ။
ယိုးဒယားတွေဟာတကယ်ဘဲမြန်မာဆိုယင်မနာလိုစိတ် နဲ.အနိုင်ကျင်.တယ်။ကျနော်တခါသွားတုန်းကလည်းအဲဒီ
ခ၇ီးသွားစာအုပ်ကိုကြည်.ပြီးမြန်မာမှန်းသိပြီး၇စ်တယ်။
ဓါတ်ပုံမှာမွှတ်ဆိတ်မွှေးမ၇ှိဘဲအပြင်မှာ၇ှိနေလို.တဲ.။အ
မေ၇ိကမှာဒီယိုးဒယားတွေအတော်များများအိုတွေဘဲ။
ယိုးဒယားတွေတနေ.တော.မြန်မာတွေကိုလုပ်ထားတာ
ပြန်ပေး၇လိမ်.မယ်။အခုတော.ဒီကောင်တွေဒီမှာတွေ.၇င်
ဆဲပေးတယ်။သူတို.ကတော.ထင်မယ်အလကားဆဲတယ်
လို.၊ကိုယ်ကတော.ကိုယ်.အကြောင်းနဲ.ကိုယ်ဆဲတာ။
ကိုယ့်တိုင်းပြည်က တခြား Europe Countries, USA တို့အသာထား..singapore လောက်တိုးတက်မယ်ဆိုရင်တောင်..ငါတို့ပြည်သားတွေဘယ်သွားသွား
အခုလိုမျက်နှာငယ်စရာမရှိပါဘူး..
အဲဒါကြောင့်internet ထဲမှာ နအဖ ကောင်းပါတယ်တို့..
ပေါင်းပြီးလုပ်ရအောင်တို့..အခုလိုဖြစ်ရတာ..နှစ်ပေါင်း၂၀ကျော်နိုင်ငံေ၇းလုပ်တဲ့သူတွေခေါင်းမာလို့..ဆိုတဲ့ပြောတဲ့သူတွေ တွေ့ရင်..
တာဝတိံသာတုတ်ကြီး burma Specialist လို့ပြောတဲ့
ကိုအောင်နိုင်ဦးခေါင်းခေါက်သလို
http://drlunswe.blogspot.com/2008/05/blog-post_8146.html
အဲဒီသူတွေကို အားအားရှိနှာနုကိုဖြတ်ဖြတ်ရိုက်ချင်တယ်.
လောက်ဖျား
i miss my home when i read your story
မ ရေ… အပိုင်း ၄၂ ရောက်နေမှ ဒီအပိုင်း (၃၉)ကို ဖတ်တာဆိုတော့ ရင်မောလွန်းလို့  (၄၀) မြန်မြန်သွားဖတ်ဖို့ ပဲ စိတ်စောနေတယ်… မ တို့ မိသားစုအတွက် စိတ်ပူနေမိတယ်…
Post a Comment