Sep 12, 2007

လွမ်းတတ်သူ

ဒီတလော ဘာစာမှကို မရေးချင်ဘဲ မရေးနိုင်ဘဲ ဖြစ်နေတာပါ။ ဒါပေမဲ့ တွေးနေ မိတာတွေကတော့ အများကြီး ပေါ့။ အထူးသဖြင့်တော့ ကျမနဲ့ အဆက်စပ်ဆုံး ဖြစ်တဲ့ ကျောင်းလောကကို သတိရစရာတွေပေါ့။ တက္ကသိုလ်မှာ ဆရာမအဖြစ် တာဝန် ထမ်းခဲ့ဖူး တဲ့ အနှစ်၂၀နီးပါးမှာ ကျမဟာ ကိုယ့် ဘ၀ ကိုယ့်အလုပ်အတွက် အမြဲ ကျေနပ် ပျော်ရွှင် ဂုဏ်ယူခဲ့ပါတယ်။ အထူးသဖြင့်တော့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆရာမ ဖြစ်ရတာ မို့ပါ။ ဘာလို့ဆို ကျမတို့ နိုင်ငံမှာက တက္ကသိုလ်ကျောင်းသား ဆိုတာက ခေတ်အဆက်ဆက်မှာ အမြဲတမ်း လူထု ရှေ့က အသေခံ.. အနစ်နာခံ.. ရဲရင့် တက်ကြွကြသူတွေ။ သိပ် တိုးတက်ချင်တဲ့ သူတွေ။ ဒါကိုပဲ ကျမက ကြံဖန် ဂုဏ်ယူ ကျေနပ် နေတာ။

ခုတော့ဖြင့် ကျမ ဂုဏ်ယူခဲ့ ဂုဏ်လုပ်ခဲ့ရတဲ့ကျောင်းသားထုတွေ။ သူတို့ အဖိနှိပ်ခံ.. အပိတ်ဆို့ ခံ.. အချုပ်ချယ်ခံ.. သင်းခွဲခံ။ ဒါတွေ သူတို့ သိကြရဲ့လား..။ ခု လောင်စာဆီဈေးတွေ ကုန်ဈေးနှုန်းတွေ တက်သွားတဲ့ ပြဿနာ အတွက် အထိခိုက် အခံစားရဆုံးက သူတို့သာ ဖြစ်လာမှာ ဆိုတာကိုကော မသိကြသေးဘူးလား။ လူငယ်လေး တွေ ပညာတတ်မှာ စိုးရိမ်တဲ့ စစ်အစိုးရ အဆက်ဆက်ဟာ အရေးအခင်းဖြစ်နိုင်လောက်တဲ့ ပြဿနာမှန်သမျှကို စာမေးပွဲနီးတဲ့ အချိန်တွေမှာချည်း လုပ်ခဲ့တာပါ၊ ၁၉၆၂ ခုနှစ် Seven July ကစလို့ ခုချိန်ထိ။ ကျမ စဉ်းစားနေတာ.. ပညာမြင့်မှ ယဉ်ကျေးမှု မြင့်၊ တိုင်းပြည် မြင့်၊လူမျိုးမြင့်မယ့် အနေအထားတွေမှာ.. ကျမတို့ ပညာမြင့်အောင် ဘာ လုပ်ကြမလဲ။ ပညာမရှိကြလို့ ယဉ်ကျေးမှုပါ မရှိကြတဲ့ အာဏာပိုင်တွေ လက်အောက် မှာ ကတော့ လမ်းဘယ်မမြင်..။ အင်းးး… သေချာတာကတော့ ကိုယ့်အခွင့်အရေးကတော့ ကိုယ်တိုင် တောင်းယူ တိုက်ယူမှ ရတော့မှာ... ဆိုတာပါပဲ။ ဆိုတော့ ကျမတို့ရဲ့ ကျောင်းသားတွေကရော သူတို့ ရရမယ့် ကျောင်းသားအခွင့်အရေးတွေကိုရော သိမှ သိကြရဲ့လားလို့ တွေးမိပါတယ်။ အဲဒီအခါ.. ကျမ ဇင်းမယ်ကို ရောက်ကာစက တက္ကသိုလ်ထဲ ရောက်တိုင်း ကျမရဲ့တက္ကသိုလ်များကို သတိတရနဲ့ ရေးမိတဲ့ ၀တ္ထုလေးတပုဒ်ကို တင်ပေး ချင်လာပါတယ်။

လွမ်းတတ်သူ


ဇင်းမယ်တက္ကသိုလ်ဝင်းထဲမှာ

တောင်တန်းစိမ်းစိမ်းတွေ နောက်ခံနှင့် တောအုပ်စိမ်းစိမ်း…၊ အဲ့ဒီ တောအုပ်ထဲ မှာ ပြန့်ကျဲနေသော အဆောက်အဦးတွေက စနစ်တကျ၊ ပုံစံတကျ။ တောအုပ်ထဲမှာ သေသပ် ညီညာသော မြက်ခင်းစိမ်းတွေ တောင်ပူစာလေးတွေလည်း ရှိသေးသည်။ ပြီးတော့ ခေတ်မီ ပြန့်ပြူးတဲ့ ကတ္တရာလမ်းမက အနားသတ် တိတိပပနဲ့ တောအုပ်ရဲ့ ရင်ခွင်ထဲ လဲလျောင်းလို့။ တကယ့်ကို အရောင်စုံတဲ့ ပန်းအမျိုးစုံကလည်း စနစ်တကျ ပါဝင် ခင်းကျင်း နေသေးသည်။ ပုံပြင်ထဲက ဥယျာဉ်လေးလို…။ ဒီ ဥယျာဉ်ထဲမှာတော့ လိပ်ပြာလေးတွေက တူညီဝတ်စုံ အင်္ကျီအဖြူ၊ စကတ် ဘောင်းဘီအနက်တွေနှင့် သစ်လွင်လို့.. မြူးတူး ပျော်ရွှင်လို့။ ဇင်းမယ်တက္ကသိုလ် တဲ့… တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ တဲ့…။ အဲဒီ မြင်ကွင်းတွေက ကျမရဲ့ အိပ်ချင်ယောင် ဆောင်ထားတဲ့ အလွမ်းများ ကို လှုပ်နှိုးလိုက်လေသည်။

ဇင်းမယ်တက္ကသိုလ် အ၀င်ဝ

ကျမမှာလည်း တောအုပ်၊ ဥယျာဉ်လေးတွေ ရှိခဲ့ဖူးသည်။ ခုလို စနစ်တကျ မဟုတ်သော်လည်း သဘာဝ ဆန်သော စိမ်းစိုမှုတွေ.. နေရောင် လင်းပြက်မှုတွေ… ရောင်စုံ လိပ်ပြာတွေနှင့် ချစ်မက်ဖွယ်ကောင်းလှသော ထိုတောအုပ်မျိုးက ဘယ်နေရာ ပြောင်းပြောင်း ဘယ်လို ပုံသဏ္ဍန် ပြောင်းပြောင်း ချစ်စရာကောင်းပုံကတော့ ဘယ်တော့မှ မပြောင်းလဲပါ။ ကျမကိုကပဲ ချစ်လွယ်သူ ဖြစ်နေသည် ထင်၏။ ရန်ကုန်တက္ကသိုလ်၊ လှိုင်တက္ကသိုလ်၊ ဘားအံကောလိပ်၊ မော်လမြိုင်တက္ကသိုလ်… အားလုံး ဆွတ်ပျံ့ဖွယ်ချည်းပင်။ ကျမ စိတ်ထဲမှာ ကတော့ ကျမကို ချစ်သော ကျမက ချစ်သော တပည့် လူငယ်လေး တွေ ရှိသည့် နေရာသည် ဘယ်လို အလှအပ ပြုပြင်မှုမှ မရှိလည်း သာယာလှပသော မြေသာ ဖြစ်ပါသည်။

အဲဒီ မြေတွေခမျာ… ပြုပြင်ထိန်းသိမ်း မခံရ… မွမ်းမံ မခံရ။ အုပ်ချုပ်သူ အာဏာပိုင်များက မျက်စေ့ ပသာဒဖြစ်ဖွယ်သော ပြင်ဆင်ခြင်း အနုပညာကို အာရုံမရ။ စိတ်လက် ချမ်းသာဖွယ် မြင်ကွင်းက စာသင်သား များနှင့် ပို့ချသူ ပညာရှင်တွေအတွက် ဥာဏ်ရည် ကြည်လင် တိုးပွားစေသည်ကို မမြင်တတ်၊ ကျမ တပည့်လေး တွေ… (ဒါ့ထက် ကျယ်ကျယ်ပြန့်ပြန့် ပြောရရင်) အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေ …ခမျာ စိတ်လက် ပေါ့ပါးစွာ ပညာသင်ခွင့်လေးမှပင် မရကြတာကိုလည်း ခုချိန်မှာတော့ ကျမက အလွမ်းဖြင့် နှစ်ဆ တိုးကာ ပို ခံစားရပြီ။ အနည်းဆုံးတော့ တိုင်းပြည်အတွက် အလွန်အရေးပါသော မျိုးဆက်သစ်တွေမွေးဖွားရာ တက္ကသိုလ် မြေသည် လုံခြုံ အေးချမ်းမှု… တည်ငြိမ် ရင့်ကျက် မှု၊ သာယာ စိုပြေမှုလောက်တော့ ရှိသင့်သည် မဟုတ်လား။

ဇင်းမယ်တက္ကသိုလ် အဓိပတိလမ်း

အလွမ်းထဲမှာ… ချင်းမိုင်တက္ကသိုလ်လိုပဲ တောင်တန်းတွေ နောက်ခံထားသည့် (ကျမ ငါးနှစ်တာ နေခဲ့ရသော) ဘားအံတက္ကသိုလ် ရောက်လာသည်။ ယခင်က သင်္ချိုင်း ဟောင်း နှင့် စိုက်မြေဟောင်းတွေ နေရာမှာ ခုတော့ ထည်ဝါသော
ဘားအံတက္ကသိုလ် ကျောင်းအဆောက်အအုံသစ်ကြီးက နေရာယူထားပြီ။ ခု နောက်ပိုင်း တက္ကသိုလ်အသစ်တွေက အားလုံး ပုံစံတူ။ အဲဒီ အဆောင်ကြီးရောက်ဖို့ ဂိတ်ဝကနေ မီတာ ၂၀၀-လောက် ဝေးမည် ထင်သည်။ တက္ကသိုလ် ဆိုတာကတော့ အဲလောက် ကျယ်သော ၀င်းကြီးထဲ ရှိရမည်ပေါ့။

သို့ပေမဲ့ အဲဒီ အ၀င်လမ်း တလျှောက်ကနေ အဆောက်အဦးကြီးဆီ ရောက်သည် အထိ ဘာ သစ်ရိပ် ၀ါးရိပ်မှ ရှိမနေတာတော့ ဆိုးလှသည်။ ပန်းခင်း မြက်ခင်းလည်း မရှိ။ ပြီးတော့ စာသင်ခန်းတွေမှာ ပန်ကာ မရှိ။ ပန်ကာရှိလည်း မီးက မလာ။ ကျောင်းသူ ကျောင်းသားတွေခမျာ နေပူကြီးထဲ ဖြတ်လာ.. ပူပူ လှောင်လှောင်ထဲ စာသင်..။ ဒီကြားထဲ.. သင်ရိုးတွေက သင်ကြားချိန်နဲ့ မလုံလောက်လို့ ဆရာ၊ ဆရာမတွေ သင်ကြားတဲ့ နောက်လည်း အမောတကော ပြေးလိုက်ရသေးတာ။ အဆိုးဆုံးကတော့ မောပန်း ပူအိုက်လို့မှ သောက်စရာ ရေ တောင် လုံလုံလောက်လောက် မရှိတာပါပဲ။

တက္ကသိုလ်ဆိုရင် ခန့်ညား ထည်ဝါတဲ့ မြင့်မားတဲ့ အဆောက်အဦးတွေရှိရင် ပြီးပြီ.. ဆိုတာလောက်သာ ခံယူတဲ့ အစိုးရကတော့ ဂုဏ်ယူလို့။ စာသင်သားတွေခမျာတော့ ရာသီဥတုရဲ့ အပူ၊ နေရာဒေသရဲ့ အပူ၊ ကျောင်းစာ ဖိစီးမှု အပူ၊ ကုန်ကျစရိတ် အပူ၊ လူတန်းစား မညီမျှမှု အပူ၊ ပညာတကယ်မတတ်တဲ့ အပူ၊ အနာဂတ် မရေရာမှု အပူတွေနဲ့ စစ်အစိုးရက ဂုဏ်ယူနေသမျှ… ကျမတို့ ကလေးတွေ ခမျာ ကတော့ အကုန်ပူနေရတဲ့ ဘ၀ပါပဲ။

သူတို့ဆီမှာတော့ ဘတ်စ်ကားက စီးမယ့်သူတောင်မရှိ။


ချင်းမိုင်တက္ကသိုလ်ထဲက ကုန်းမြေစိမ်းစိမ်းတွေနဲ့ ဓမ္မာရုံဆန်ဆန် အဆောက်အဦး တွေ မြင်ရင်တော့ ကျွန်မက တောင်ညို တောင်တန်းတွေ ၀ိုင်းနေတဲ့ မော်လမြိုင် တောင်ဝိုင်းရပ်က ကျွန်မချစ်တဲ့ မော်လမြိုင် တက္ကသိုလ်ကြီး ကို လွမ်းရပြန်သည်။ မြက်ရိုင်းတို့ သန်စွမ်းသော တောတက္ကသိုလ်ကြီးက စိုက်ပျိုးမွမ်းမံသော ပန်းအလှတို့ မရှိ သော်လည်း သဘာဝ မြက်ပန်းဝါ၀ါတွေ… ၀ါးရုံပင်အုပ်အုပ်တွေ… ကျောင်းဝင်းရဲ့ ခါးလယ်မှာ ဖြတ်စီးနေတဲ့ လျှိုပေါက်ဆီက ရေတံခွန်ကလေးနှင့် ပိတောက်၊ စိန်ပန်း၊ ခရေပင်မြင့်ကြီးတွေ အုံ့ဆိုင်းနေတာကတော့ တကယ့် အေးရိပ်တွေပါပဲ။ ကျောင်းဝင်းထဲ ဘယ်လောက် ဝေးဝေး.. တောလမ်း ခရီးသွားရသလို စိတ်အေး လက်အေး ရှိတာကလေး က ကျေနပ်စရာပါ။ စုတ်ချာလှတဲ့ စာသင်ခန်းတွေက တက္ကသိုလ်နှင့် မတူလှသလို ရိုးသားသော တိုင်းရင်းသား ကျောင်းသား ကျောင်းသူတွေကလည်း ဂုဏ်တုဂုဏ်ပြိုင် မရှိလှလေတော့ တက္ကသိုလ်ကြီးက သိပ်တော့ မထည်ဝါ။


သို့ပေမဲ့ ရိုးသားခြင်းသည် အကြီးကျယ်ဆုံးသော အလှလို့ သတ်မှတ်သော ကျမအတွက်တော့ ကျမ စာသင်ပေး သမျှ စိတ်ပါလက်ပါ လက်ခံယူသည့် ဒေသခံ တိုင်းရင်းသား လူမျိုးစု တပည့်လေးတွေရှိရာ ထို မော်လမြိုင် တက္ကသိုလ်က ကြီးကျယ် ခမ်းနားလေသည်။ ကျွန်မ၏ တပည့်အများစုသည့် ရိုးသား ပွင့်လင်းပြီး အလွန် သီးခံနိုင်ကြ သူတွေ ဖြစ်သည်။ အဖိနှိပ်ခံဘ၀မှာ ရိုကျိုးစွာ နေသားကျနေသူတွေ ဖြစ်သည်။ များသောအားဖြင့် ဒေါသလည်း နည်းပါးကြလေသည်။ သူတို့၏ မျက်နှာရိပ်များသည် အလွန် နားလည်ရလွယ်သော စာမျက်နှာ များပင် ဖြစ်သည်။


+++++


ဇင်းမယ်တက္ကသိုလ်ကြီးရဲ့ ပင်မ အဆောက်အဦးရှိ ရုံးခန်းတစ်ခန်းတွင် ကျမ၏ အလုပ် တာဝန်တစ်ခု ရှိနေပါ သည်။ တစ်ပတ်မှာ နှစ်ရက်လောက် အဲဒီရုံးခန်းမှာ ကျမ တစ်နေကုန် အလုပ်လုပ်ရ၏။ ထိုအခါ တစ်ပတ် မှာ ထိုနှစ်ရက်သည် ကျွန်မ၏ တောအုပ် ကလေးတွေကို လွမ်းသောအလွမ်းကို ပြင်းပြင်းပြပြ ခံစားရသော အချိန်များ ဖြစ်လာ တော့သည်။ ကျမရဲ့ ၀န်ထမ်း ဘ၀ နောက်ဆုံး နှစ်နှစ်ကို ဒဂုံတက္ကသိုလ် တောအုပ်ကလေး ထဲမှာ ကျင်လည် ခဲ့ရသည်။


ရန်ကုန်မြို့လယ် ဆူးလေ၀န်းကျင်ကနေ ရန်ကုန်မြို့၏ ကျော်ကြားလှသော ဗဟန်း၊ ဂွတ္တလစ်၊ ကျောက်မြောင်း၊ တာမွေ၊ ရန်ကင်း၊ တောင်ဥက္ကလာတို့ကို ကျော်ဖြတ်ပြီး မြောက်ဒဂုံ နယ်နိမိတ်ကို အစအဆုံး ဖြတ်သန်းပြီးလျှင်တော့ ဒဂုံတက္ကသိုလ်ကို ရောက်ပါပြီ။ လမ်းခရီးမှာ အနည်းဆုံး ၂-နာရီ ကြာပါသည်။ ကံမကောင်းလို့ ထိုင်ခုံမရ လျှင်တော့ ဂိတ်စ ဂိတ်ဆုံးကို ကျပ်ကျပ် ညပ်ညပ် မတ်တတ်ရပ်ပြီး သွားရပါမည်။ ကျောင်းနား နီးလာရင်တော့ လယ်ကွင်းတွေ ရိုးပြတ်တွေ ကျယ်ပြန့်သော မိုးကောင်းကင်တွေက ပူပြင်း စူးရှ သော လေနှင့်အတူ ကျောင်းလာသူတွေကို နှုတ်ဆက်လိမ့်မည်။ ဒဂုံတက္ကသိုလ်ဆိုတဲ့ ၀င်းကြီးကို တွေ့လျှင်တော့ စိမ်းစိုမှုကို စပြီး အနည်းငယ် ခံစားနိုင်ပြီ။ မြင့်မားသော သစ်ရိပ်တွေ ရှိပေမဲ့ ကျဲပါးသော အရေအတွက်က လုံလောက်သော အေးငြိမ်းမှုကိုတော့ မပံ့ပိုးပေးနိုင်ပါ။


ဇင်းမယ်မှာတော့ ကျောင်းရှေ့က ဘတ်စ်ကားဂိတ်မှာလည်း လူမရှိ။


နောက်တော့ ပုံစံတူ အဆောက်အဦးတွေ… ပျားပန်းခတ်နေသော လူငယ်တွေ… လူကြီးတွေပေါ့။ ကျောင်းဝင်း ထဲမှာပေမဲ့ တချို့က အလွန်အမင်း ပင်ပန်း နွမ်းနယ်၊ တချို့က သစ်လွင် တောက်ပ၊ တချို့က မူးယစ် ရီဝေ၊ တချို့က လေလွင့် စိတ်ကျ၊ နေရာတကာမှာ အေးရိပ်အတုက လွှမ်းနေ၏။ မခန့်လေးစား ရယ်သံတွေ၊ လောင်းကစားဝိုင်းက အံကြိတ်သံ တွေ၊ ကော်ရစ်ဒါ ထောင့်ချိုးက ပူးကပ်နေသော နှုတ်ခမ်းတွေ၊ ဆရာ ဆရာမ တွေရဲ့ ရှက်ဒေါသ မျက်ရည်တွေ၊ ကျမ ကိုယ်တိုင် အဲဒီ တောအုပ်လေးရဲ့ ယဉ်ကျေးမှုထဲ သွေးလန့် ခဲ့ဖူး သည်။ အဲဒီ အဖြစ်အပျက်တွေမှာ အပြစ်ရှိတဲ့ တရားခံက ဘယ်သူလဲ။


ဆရာ ဆရာမ၏ တန်ဖိုးကို နားမလည်သော တပည့်များ၊ လူငယ်များ၏ စိတ် အဆာ ကို နားမလည်သော ဆရာ ဆရာမများ၊ လက်အောက်ငယ်သားအပေါ် မစာနာတတ်သော အထက်လူကြီးများသည် ထိုတောအုပ်၏ အလှအပများကို စနစ်တကျ ဖျက်ဆီး နေကြသည်။ အဲဒီ အသိက တစ တစ နှင့် မှန်ကန်လာချိန်မှာပဲ… ကျမ သွေးပျက်၊ ထွက်ပြေးခဲ့တာ။ (တကယ်က ကျွန်မလည်း သတ္တိနည်းစွာ တကိုယ်ကောင်း ဆန်သူပါ)။ ထိုအခါ ဒဂုံ တက္ကသိုလ် တောအုပ်လေးကို လွမ်းသော အလွမ်းကဖြင့် နာကျင်ကြေကွဲစရာ အကောင်းဆုံး ဖြစ်ရ တော့သည်။


ထိုအခါ....ကျွန်မရဲ့ အလွမ်းထဲမှာ… ဟိုးပြည်တွင်းထဲမှာ ကျန်ခဲ့တဲ့ ကျမရဲ့ချစ်သော ကလေးများအားလုံးကို သူတို့နှင့် သိပ် အလှမ်းမဝေးပါဘဲနှင့် အလှမ်းဝေးနေရသော ဇင်းမယ်တက္ကသိုလ်ထဲ ရွှေ့လာမည်။ ပြီးရင် လေအေးပေးစက်တပ် စာသင်ခန်းတွေထဲ သေချာ နေရာချပေးမည်။ သူတို့အားလုံး အင်တာနက်ကမ္ဘာထဲမှာ ၀င်ဆန့် ရစေမည်။ ကျမ စာသင်လျှင် စူးစမ်းမေးခွန်းတွေ အများကြီး တုံ့ပြန်စေရမည်။ ဆိုင်ကယ်တွေ ဖယ်ရီ တွေကို သူတို့ မပင်မပန်း ဖောဖောသီသီ စီးနိုင်စေရမည်။ ပြီးတော့ ကျောင်းသားအခွင့်အရေးဆိုတာ.. လွတ်လပ်သော ပညာရေးဆိုတာ… သူတို့ရှေ့ကို ရောက်လာရမည်။ ထိုအခါ... သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စိတ်နှင့် အပြုသဘော ၀ါဒီ စိတ်လည်း သူတို့မှာ ရှိလာကြလိမ့်မည်။


ကျောင်းဝင်းထဲမှာ ပြေးပေးတဲ့ ကားကလေး
အများစုက အဲလို ဆိုင်ကယ်တွေနဲ့

ပြီးတော့ သူတို့ကို ပြောပြချင်သည်။
ဇင်းမယ်တက္ကသိုလ်ထဲမှာ ပင်ကပ် သစ်ခွတွေ အဖျက်ဆီးမခံရဘဲ လှိုင်လှိုင် ပွင့်နိုင်တာ… ကျောင်းနံရံမှာ ပျားအုံကြီးကြီးတောင် လွတ်လွတ်လပ်လပ် ရှိနေနိုင်တာ… ကွမ်းတံတွေး မထွေးရ ဆိုတဲ့ ဆိုင်းဘုတ်တွေ မရှိတာ။ မြက်ခင်းပေါ် မနင်းရဆိုတဲ့ ဆိုင်းဘုတ်လည်း မလိုအပ်တာ။ ရှစ်ထပ် အဆောက်အဦး ထဲက စာသင်ခန်း ဆီ ဓါတ်လှေကားလေးနဲ့ သက်သောင့်သက်သာ သွားရခြင်းကြောင့် ခွန်အား အလဟဿ မလျော့ပါးဘူး ဆိုတာ။ ဆရာ တပည့် အပူအပင် ကင်းစွာ စာသင်နိုင်ခွင့်လည်း ရစေချင်တာ။ လိင်ကိစ္စ ဟာ ကျောင်းဝင်းနဲ့ ဘယ်လိုမှ မလိုက်ဖက်၊ မအပ်စပ်ဘူးဆိုတာကိုလည်း ခေါ်ပြချင်တာပါ။



ကျမပဲ လောဘတွေ သိပ်ကြီးနေပြီလား၊ တကယ်က… ဒါဟာ မဖြစ်နိုင်သော အိပ်မက်တွေပဲ… စိတ်ကူးယဉ်တွေပဲလို့ ကိုယ့်ဘာသာလည်း သိသိပင်။


xxx


အလွမ်းဆိုတာ…. ကိုယ့်အနားမှာ ရှိမနေတဲ့၊ တချိန်တည်းမှာပဲ ကိုယ့်အနားမှာ ရှိနေစေချင်တဲ့ တစုံတရာကို တမ်းမက်ခြင်းလို့ ကျမ ထင်ခဲ့သည်။ ထိုအခါ ကျမရဲ့ တပည့် ကလေးများကို… ကျမရဲ့ တက္ကသိုလ်ဆိုတဲ့ တောအုပ်များကို.. လွမ်းသော အလွမ်းများက တော့ “လို၍ မရသောဆင်းရဲခြင်း”တို့ဖြင့် ပူလောင်စွာ…။ ထိုအခါ... ကျမအတွက် တော့…. အလွမ်းဆိုတာက “အစားထိုးမရတဲ့ ဆုံးရှုံးမှု” လို့လည်း အဓိပ္ပာယ် ရလေသည်။


မေငြိမ်း
၂၀၀၅-ဇွန်။
သစ္စာ တော်လှန်ရေးမဂ္ဂဇင်း အမှတ်(၆)

3 comments:

pandora said...

တက္ကသိုလ်တွေ အကြောင်းဖတ်ရတိုင်း လွမ်းလွမ်းသွားတယ် အစ်မရေ

စိုင်းလောဝ်ပိန်း said...

ဆရာမရေ ဒီ post လေးအတွက် ကျေးဇူးပါ။
ဆရာမရဲ့ blog ကို ကျွန်တော်တို့ blog မှာ link ချိတ်ခွင့်ပြုပါလို့ ခွင့်ပြန်ရင်း...

myitkyeenar said...

အမလောလောဆယ်ဇင်းမယ်တက္ကသိုလ်မှာအလုပ် လုပ်နေတာလား သိပါ၇စေ