Jun 11, 2009

ဒေါသသင့်နေမယ့် စာ

ဒီတလော စိတ်ထဲကနေ စာတွေ ရေးနေတာ အများကြီးပဲ..။ အားလုံးကတော့ အန်တီစုရင်ဆိုင်နေရတဲ့ ခု အခြေအနေဆီ ဦးတည်တဲ့ အတွေးတွေ ခံစားချက်တွေချည်း ဖြစ်နေတာပေါ့။ ပြီးတော့ ကျမက နိုင်ငံရေး လှုပ်ရှားမှုတွေကို တစိုက်မတ်မတ်လုပ်လာတဲ့ နိုင်ငံရေးသမား မဟုတ်လေတော့ ကျမရဲ့ စဉ်းစားသမျှက တကယ့်ကို သာမန် ပြည်သူတယောက်ရဲ့ ခံစားချက်တွေပါပဲ။ ဆိုတော့.. ဒေါသတွေ… မောဟတွေ.. သောက တွေ.. လောဘတွေ.. မရင့်ကျက်မှုတွေ.. စိတ်လှုပ်ရှားမှုတွေ များတာပေါ့။ ဒါပေမဲ့ အဲဒါ အားလုံးက ကိုယ့်ရဲ့ အမှန် တွေချည်းသာ။

ဒီတပတ်ထဲမှာ ကျမ အသက် ၄၄နှစ်ပြည့်ပါမယ်။ အဲလိုတွေးလိုက်တော့ ဒီအသက်အရွယ်ဟာ အန်တီစု မြန်မာ့နိုင်ငံအရေးထဲကို ခြေစုံပစ်ဝင်လိုက်တဲ့အချိန်ပဲလို့ တွေးမိပါတယ်။ ကျမအသက် ၄၄နှစ်မှာ သားကြီး ၁၈နှစ်.. သမီးလတ် ၉နှစ်.. သားအငယ်ဆုံးက ၆နှစ်..။ ခင်ပွန်းက ၃၅နှစ်။ ပြီးတော့ ခုဆို ဘာပဲဖြစ်ဖြစ် လုံလုံခြုံခြုံ ရှိတဲ့နေရာမှာ။ ခုအချိန်လေးမှာ ကျမ စိတ်လက်ချမ်းသာရှိနေတာ အမှန်ပါပဲ..။ ပြီးတော့ ကျမ လုပ်ချင်တဲ့ အလုပ်လည်း လုပ်နေရတယ်။ ကျမဆက်သင်ချင်တဲ့ ပညာရေးလည်း ဆက်ခွင့်ရတယ်။ ကျမ ကလေးတွေ ပညာရေးလည်း ဘာပဲဖြစ်ဖြစ် စိတ်အေးရပြီ။ ဒါတွေက အတ္တဆိုပေမဲ့ သိပ်များတဲ့ အတ္တတော့ မဟုတ်ဘူးလို့ ကျမ ယုံပါတယ်။ သာမန်မိခင်တယောက်ရဲ့ အတ္တကိုးး။ ကျမခင်ပွန်းပြောသလို ကလေးတွေအတွက် စိတ်အေးရရင် တော်ပါပြီ။ ကိုယ်ကြောင့် သူတို့ခမျာ လူဖြစ်လာရတာ မဟုတ်လား..တဲ့။ ဒီကလေးတွေကို ဘယ်အတွက် မျှော်လင့်ထားတယ်ဆိုတာကိုတော့ ခုချိန်မှာ မပြောချင်သေးပါဘူး။ အချိန်စောင့်ကြည့်ကြရုံ.. ကိုယ့်သမိုင်းကို ရေးကြရုံ..။

ပြောချင်တာက အဲဒီလို ကိုယ့်ဘ၀လေးကို စိတ်အေးချမ်းသာရှိလာချိန်မှာပဲ အန်တီစုကို ပိုသတိရပြီး ကိုယ်ချင်းစာ မိတာပါ။ အန်တီစု ၄၄နှစ်ဝန်းကျင်တုန်းကဆို ခင်ပွန်းသည် Dr. Michael Aris က ၉လ ငယ်တာဆိုတော့ ၄၄နှစ်တောင် မပြည့်လောက်သေး။ သားကြီး Alex ကမှ ၁၆နှစ်သား။ သားငယ် Kim လေး က ၁၂နှစ်သား။ ပြီးတော့ တက္ကသိုလ်က ပါမောက္ခတယောက်ရဲ့ ဇနီးဘ၀မှာ အေးအေးချမ်းချမ်း နေနေရရုံမက.. အန်တီစု ကိုယ်တိုင်က ပညာရှင်တယောက်အနေနဲ့ ရပ်တည်နေတာ။ ဘယ်လောက် ကျေနပ်စရာကောင်းလဲ..။ အဲဒီ ဘ၀ကို သူ စွန့်ခဲ့တာ.. ဘာအတွက်လဲ.. ဖေဖေ့သမီးမို့ တာဝန်ရှိသတဲ့။ (ခု စာရေးနေရင်းနဲ့ကို ကျမ မျက်ရည် လည်နေမိပါတယ်။) အန်တီက အဲဒီလို ပြောပေမဲ့ တကယ်က ဗမာပြည်တပြည်လုံးကို လွတ်မြောက်စေချင်တာ.. ထွန်းပေါက်စေချင်တာ.. သာယာဝပြောစေချင်တာတွေကလည်း တွန်းအားအနေနဲ့ ပါလို့သာ.. ခုလောက်ထိ ဇွဲခတ်တာပေါ့။ အန်တီကသာ ဖေဖေပြောတာလို့ ညွှန်းပေမဲ့ အဲဒါတွေက သူ့နှလုံးသားထဲက လာတာ မဟုတ်လား..။ ဒါကြောင့်ပဲ အာဇာနည်ပီပီ အလုပ်ကို ဆုံးခန်းတိုင်အောင်လုပ်ဖို့ သူ့ပုဂ္ဂလိကဘ၀ကို စတေးနိုင် ခဲ့တာပေါ့။ ဘယ်သူ သူ့လို လုပ်နိုင်ပါသလဲ..။

ကျမဘ၀မှာ ခုလက်ရှိ အရေးပါဆုံး အထင်ကြီးဆုံး အမြတ်နိုးဆုံး အလေးစားဆုံး သက်ရှိပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်… ပါပဲ။ အဲဒီအခါ (နိုင်ငံရေးလုပ်တယ်လို့ သူတို့ကိုယ်သူတို့ပြောတဲ့ စာရေးဆရာမ) တချို့က ကျမကို ပြောဖူးပါတယ်။ မေငြိမ်းက နိုင်ငံရေးကို ဒေါ်အောင်ဆန်းစုကြည် လောက်ပဲ သိတာကိုးတဲ့။ (မယုံမရှိပါနဲ့.. ကျမစကားကို ကျမ တာဝန် ယူပါတယ်)။ ကျမက ပြန်ပြောလိုက်ပါတယ်.. ဒေါ်အောင်ဆန်းစုကြည် လောက်ပဲ… လို့ ပြောတယ်ဆိုရင် ဗမာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ထက်.. လို့ ပြောလို့ရမယ့်သူ ဘသူ ရှိလဲဟင်.. ပြောပါဦးလို့..။ ဆိုတော့... သူတို့က ဘလာဘလာဘလာတွေ ပြန်ပြောပါတယ်။ သူတို့ပြောတဲ့ နာမည် တွေတော့ ရယ်စရာကောင်းလို့ မပြောတော့ပါဘူး။ သူတို့က ကျမထက် ပို နီးနီးကပ်ကပ် အန်တီစုအနား နေဖူးသူ တွေ… အန်တီ့အကြောင်း သိသူတွေဆိုပဲ..။ အဲဒါ ကျမ ထွက်မလာခင် ၂၀၀၄ ခုနှစ်တုန်းကပါ။ သူတို့ အုပ်စုက ကျမကို ဒေါ်စု ခရေဇီ.. တဲ့။ ကျမ စိတ်မဆိုးပါဘူး။ ဂုဏ်တောင် ယူသေး။ ထားပါတော့။

အဲဒီတုန်းကတည်းက ကျမစဉ်းစားနေမိတယ်..။ သူ့ကိုယ်ကျိုး လုံးလုံးမပါဘဲ အနစ်နာခံနေတဲ့ ကမ္ဘာကျော် သတ္တိခဲ အမျိုးသမီးကြီးကို ဘာလို့များ အပြစ်တင်နေကြသလဲပေါ့။ ကြံဖန်ပြီး ပြောကြတယ်...။ စွာတယ်…၊ ခေါင်းမာတယ်…၊ မာနကြီးတယ်…၊ အစွန်းရောက်တယ်… တို့။ ဟုတ်ပြီ.. ဒါဆို.. ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုနဲ့ ပတ်သက်ရင် ဘယ်နှခါ စွာသလဲ.. ခေါင်းမာသလဲ.. မာနကြီးသလဲ.. အစွန်းရောက်သလဲ.. ဆိုတာ ကျမတို့ စဉ်းစားရမယ်။ ကိုယ်ရေးကိုယ်တာဆန်ဆန်တွေတော့ လာမပြောနဲ့လေ.. ဆောရီးပဲ..။ ပြီးတော့ အဲလို ဝေဖန်နေသူတွေကရော ဘာလဲ.. ဘယ်လိုလဲဆိုတာလည်း သိနေရတော့ ရယ်စရာတောင် ကောင်းနေတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာက ဘ၀တခုလုံးကို ပြည်သူတွေအတွက် ပေးထားတဲ့ ပုဂ္ဂိုလ်။ အန်တီ့လုပ်ရပ်တွေနဲ့ ပတ်သက်ရင် ပြည်သူလူထုနဲ့ ပတ်သက်တာကိုသာ ကျမတို့က စဉ်းစားရမှာ ဖြစ်တယ်။ ကျမက အန်တီစုနဲ့ ပတ်သက်ရင် အန်တီ့ကို သာမန်လူလို့ မသတ်မှတ်တော့တာကြာပြီ။ သူတော်စင်လို့ကို သတ်မှတ်ထားတာလေ။ သာမန်လူတွေ သူ့လို မလုပ်နိုင်လောက်ဘူး.. လို့ ကျမ ယုံတယ်။ မာသာထရီဇာလို… သူတော်စင်… ။

ကျမထွက်လာတော့ အန်တီစုကို ချစ်သလေးဘာလေးနဲ့ ခုတော့လည်း ကိုယ်လွတ်ရုန်းတယ်.. လို့ စကားတင်း ဆိုကြပါသေးတယ်။ ကျမ ဘာမှ ပြန် မတုံ့ပြန်ပါဘူး။ ကိုယ့်အကြောင်း ကိုယ် အသိဆုံးကိုး..။ ပြောရရင်.. စစ်အစိုးရ ဘယ်လောက် လူမဆန်သလဲ ကျမ သိတယ်.. နောက် ကျမက ဘာမှမဟုတ်မှန်း သိတယ်.. နိုင်ငံရေးကို ဦးတည် လုပ်ဖို့ လိုတဲ့ အရည်အသွေး ကျမမှာ မရှိဘူး.. ကျမ သိတယ်။ ဒါဖြင့် ကျမဘာလုပ်နိုင်မလဲ.. တတ်နိုင်သလောက် ကိုယ့်ပညာ ကိုယ့်ကလောင်.. ကိုယ့်အတွေ့အကြုံတွေနဲ့ ရတဲ့ နေရာကနေ ရသလောက် လုပ်မယ်ဆိုတဲ့ စိတ်ထားတယ်။ ကိုယ့်မျိုးဆက်ကို နိုင်ငံသစ္စာဖောက် မဖြစ်အောင်.. နိုင်ငံအကျိုးပြုနိုင်တဲ့ သူတွေဖြစ်အောင် ကြိုးစားမွေးမယ်.. ဒါပဲ ကိုယ်တတ်နိုင်တယ်။ သေချာတာက အန်တီစု အပေါ်.. ကိုယ့် တိုင်းပြည်နဲ့ လူမျိုးအပေါ်… ဘယ်တုန်းကမှ သစ္စာ မပျက်။ တချို့ကိစ္စတွေမှာ ပြည်တွင်းမှာတုန်းကထက်တောင် ကိုယ့်တိုင်းပြည်မှာ ကျန်ခဲ့တဲ့ ကိုယ့် ၀န်းကျင်လေးအတွက် ပိုလုပ်ပေးနိုင်နေတယ်.. ရပြီ။ ကျေနပ်ပြီ။ ဒီနေရာမှာ အန်တီစု ပြောတာလေး ထပ်ပြောချင်ပါသေးတယ်။
"If you choose to do something, then you shouldn't say it's a sacrifice, because nobody forced you to do it"
Aung San Su Kyi


+++++

ကျမ ပြည်တွင်းမှာ ရှိစဉ်ကတည်းက စစ်အစိုးရနဲ့ ထပ်တူ အပြစ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ Collaborator တွေထဲမှာ အစိုးရအရာရှိတွေ အကြီးပိုင်းတွေ ပါပါတယ်။ ကျမက ပညာရေးလောကကလာတော့ အဲဒီ ကိုယ်ကျင့်တရားကောင်းသူတွေနဲ့ ဖွဲ့စည်းဖို့ အရေးကြီးလှတဲ့ အဲဒီလောကထဲက အကျင့်ပျက် ခြစားတာတွေ.. ကြီးနိုင်ငယ်ညှင်း လုပ်တာတွေက တခြားလောကထက် ပိုပြီး အန္တရာယ်ရှိတယ်လို့ မြင်ခဲ့တာမို့ ကျမ ဒီဘက် ရောက်တော့ အဲဒီကိစ္စတွေကို တခုချင်း အချက်အလက် အတိအကျနဲ့ ဖော်ထုတ်ပါတယ်။ အဲဒီအခါ ကျမကို ဆရာကြီး ဆရာမကြီးဟောင်းတချို့က မေငြိမ်းက အပြင် ရောက်မှ ပြောရဲနေလိုက်တာ.. ပြီးတော့ ကိုယ့်ဆရာဆရာမတွေ ကိုယ့်လူကြီးတွေကို သစ္စာဖောက်တယ်.. လို့ လှမ်းပြောပါတယ်။ ကျမ စဉ်းစားတယ်.. ကျမပြောတဲ့ ကိစ္စတွေက လာဘ်ပေး လာဘ်ယူ ပြဿနာတွေ.. အချင်းချင်းကို ချောက်ချတဲ့ ပြဿနာတွေ.. စာမေးပွဲတွေကို ပစ္စလက္ခတ်အအောင်ပေးနေတာဟာ ပညာရေးစနစ်ကို ဖျက်ဆီးနေတာပဲ ဆိုတာတွေကို အတိအကျ ပြောတာ..။ အမှန်တွေချည်း.. ပြီးတော့ တကယ် မဖြစ်သင့်တာတွေချည်း..။ ဘာလို့ မပြောစရာရှိလဲ..။ ပြီးတော့ အပြင်ရောက်မှ စွာနေတယ်ဆိုတော့လည်း မေငြိမ်းဆိုတဲ့ ကောင်က အထဲမှာ ကတည်းက အဲလိုကိစ္စတွေမှာ စွာလွန်းလို့ ခဏခဏ သတိပေးခံခဲ့ရတာ သူတို့ အသိဆုံး။ (ဂုဏ်လုပ်စရာမဟုတ်ပါ.. အဖြစ်ကိုပြောပြနေတာပါ)။ ပြီးတော့ တကယ်လို့ အပြင်ရောက်တော့မှ စွာတာဆိုတော့ရော.. ဘာဖြစ်လဲ.. အမှန်ကို ပြောနေတာပဲ.. မကောင်းဘူး လား.. မပြောသင့်ဘူးလား (မပြောသင့်ဘူးလို့ ထင်ရင်တော့ အဲဒီ မကောင်းမှုကို သူတို့ အားပေးလို့ပေါ့)။

တကယ်တော့ အပြင်ရောက်တာတောင် မပြောရဲပါဘူး.. ကျန်ခဲ့တဲ့ မိသားစုကို ဘာလုပ်မှာ စိုးလို့.. ရောက်တဲ့ အရပ်မှာ ဒုက္ခလိုက်ပေးမှာစိုးလို့... ဆိုတဲ့သူတွေ အပုံ..။ ကျမမှာလည်း ပူမယ်ဆိုပူစရာအမေအိုကြီးနဲ့ မောင်နှမတွေ တထောကြီးနဲ့ပါပဲ။ (ကျမပြောနေတာ ကျမလို ထွက်လာတဲ့သူတွေပါ။ အလုပ်ထွက်လုပ်သူများ.. ပညာသင်များ မဟုတ်)။ တချို့ဆို Asylum ခံပြီးနေတာတောင် ဘာမှမပြောဘဲ မှိန်းနေတာ။ တချို့ဆို စစ်ဘက်က မိသားစု.. မရှူနိုင် မကယ်နိုင် ပြဿနာတက်တော့ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကြီးကပဲ ထောက်ခံပြီး ကယ်လိုက်လို့ Asylum ရသွားတာတွေ..။ ခုကျတော့ မသိသလိုလိုတွေ လုပ်နေကြ။ (အဲဒီ လူတွေကိုပဲ တမင် ရည်ရွယ်ရေးပါတယ်.. ခက်တာက ဒင့်တို့က စာမဖတ် ပေမဖတ် ကိုယ့်ကောင်းစားရေးပဲ လုပ်နေတဲ့ဟာတွေ.. ရေးရင်း ဒေါသထွက်လာပြီ)။ ကိုယ်က Asylum နဲ့ နေတာ မဟုတ်လို့ လူပါးဝပြီး ပြောနေတာ မဟုတ်ပါဘူး။ ကိုယ့်လိပ်ပြာ ကိုယ် လုံအောင် နေကြစေချင်တာပါ။ ဒါကြောင့် ဘာပဲပြောပြော ဗိုလ်မှူးအောင်လင်းထွဋ်ကိုတော့ အသိအမှတ်ပြုရပါတယ်။

+++++

ဒါတွေ ရေးနေဖြစ်တာက ဒီလိုပါ။ အန်တီစုနဲ့ မွေးရက်နီးတဲ့ ကျမက မွေးနေ့နားနီးလာတော့ အဝေးကြီးက အမေအိုကြီးကို သနားပြီး သတိရမိတယ်။ ဘယ်တုန်းကမှ ပြောစကား နားမထောင်တဲ့ သမီးကြီးအတွက် သောကတွေ ရောက်နေလေရှာမလား..။ ဘာပြဿနာတွေ ရင်ဆိုင်နေရသေးလဲ.. ဆိုတာတွေ တွေးနေမိပါတယ်။ ဒါပေမဲ့ ရေဒီယိုကနေ ကိုယ့်အသံလေး ကြားနေရင်တော့ အော်.. ငါ့သမီးကြီး လူ့လောကထဲ ရှိနေပါသေးရဲ့ လို့တော့ အမေ ဖြေသာမှာပေါ့လေ..။ အဲလို တွေးမိတော့ အန်တီစုကို ပိုသတိရပါတယ်။ လေးစားမြတ်နိုးစရာကောင်းလှတဲ့ ခင်ပွန်း နေမကောင်းလို့မှ မပြုစုရတဲ့ ဘ၀...။ ခင်ပွန်းဆုံးတော့ အန်တီ စာလေးတစောင်ရေးတာ စိတ်ထိခိုက်စရာ.. ခုကြုံတုန်း အမှတ်တရ ဖော်ပြပေးချင်ပါတယ်။

``On behalf of my sons, Alexander and Kim, as well as on my own behalf, I want to thank all those around the world who have supported my husband during his illness and have given me and my family love and sympathy."

``I am so fortunate to have such a wonderful husband who has always given me the understanding I needed. Nothing can take that away from me.''

Aung San Suu Kyi, March 27, 1999

သားလေးတွေခမျာ ဆယ်ကျော်သက်အရွယ်ကတည်းက မိခင်မဲ့ ကြီးပြင်းရတာ..။ နောက် ဖခင်ပါ မဲ့ကြရ။ ခမျာလေးတွေ မှာ ခု သားသမီးတွေ ကိုယ်စီနဲ့။ အန်တီကရော မြေးလေးတွေကို မတွေ့ချင်ဘဲ ရှိမလား။ ခုတော့ သတင်းလေးတောင်မှ မကြားရတဲ့ အခြေအနေမှာ တယောက်တည်းဘ၀နဲ့ မွေးနေ့ရက်တွေ အန်တီ ဖြတ်သန်း ခဲ့ရတာ ၁၃ကြိမ် ရှိရော့မယ်..။

ဒီကြားထဲ တယောက်တည်းသော သွေးသားရင်းချာ အစ်ကိုဖြစ်သူကြောင့်လည်း အရှက်ရ။ (မှန်တာပြောရရင် ဦးအောင်ဆန်းဦးအကြောင်းကို ကျမ မရေးချင်ပါ.. သူ့အကြောင်း တွေးရင် သူ့အစား ရှက်ရှက်လာပြီး စိတ်ထဲ ကျက်သရေ ယုတ်တယ် ထင်မိတော့ သွားလေသူ ဗိုလ်ချုပ်နဲ့ မေမေကြီးဒေါ်ခင်ကြည်ကို အားနာလို့ပါ)။ မရေးဘူးဆိုမှ စိတ်ထဲ ကလိကလိ ဖြစ်လာသေး။ (ကျမက သိပ်ရယ်ရတာ.. အဲဒီ ကျမ မုန်းတဲ့သူတွေနဲ့ ပတ်သက်တာဆို နာမည်တောင် စာထဲ ထည့်မရေးချင်ဘူး.. စိတ်ထဲ သနတယ်။ သူ့မိန်းမကြီးဆို ပိုဆိုးတယ်.. ရွံကို ရွံတာ… (အားတော့နာပါရဲ့)။ ဒါလည်း ထားပါတော့ 

+++++

တကယ်တော့ ကျမရဲ့ မွေးရက်က Che Guevara နဲ့ တရက်တည်း။ ဟီး… လူချင်းကတော့ တခြားစီ..။ နိုင်ငံနဲ့ လူမျိုးအတွက် စိတ်ဓာတ်ခိုင်ကျည်တာချင်း တခြားစီ..။ အဲဒီအခါ ခု မွေးနေ့ နီးလာချိန်မှာ ကျမ တွေးနေမိတယ်.. ကျမက လူတွေကို ဘာနဲ့ တန်ဖိုးဖြတ်ပါလိမ့်လို့။ ဒီတော့မှ ကျမ သေချာသိလာတယ်။ ကျမက အများအတွက် တကယ် အနစ်နာခံကြိုးပမ်းတဲ့.. သတ္တိရှင်တွေကို အလေးစားဆုံး..။ နောက်တဆင့်.. ကိုယ့်အလုပ်တာဝန်ကို ကျေပြွန် ကြိုးစားတဲ့သူ..၊ နောက်တဆင့် စိတ်ဖြူစင်ရိုးသားပြီး သူများအပေါ် ခုတုံးမလုပ် အသုံးမချတဲ့သူ..၊ နောက်တဆင့် တတ်နိုင်သလောက် ကိုယ့်ပတ်ဝန်းကျင်ကို အေးချမ်းသာယာအောင် ပံ့ပိုးသူတွေ..၊ နောက်တဆင့်.. ကိုယ့်မိသားစုအပေါ် စိတ်အားဖြင့်ဖြစ်စေ.. ကိုယ်အားဖြင့်ဖြစ်စေ… တာဝန်ကျေသူ…၊ နောက်တဆင့်.. သူတပါး စိတ်နှလုံးကို ဒုက္ခရောက်အောင် မလုပ်သူ.. အဲလို လူတွေကို ကျမက အထင်ကြီး လေးစား သဘောကျ တန်ဖိုးထားတာ ဆိုတာပါပဲ။

+++++

ဆိုတော့….
အန်တီစုလို.. တည်ကြည်.. ဖြောင့်မတ်.. ကိုယ်ကျိုးစွန့်.. အနစ်နာခံ… ပညာတတ်.. ပညာရှိ.. တရားသိ… သတ္တိကောင်း.. တော်မှန်… အဂတိမရှိ… ကျက်သရေရှိ(သိပ်အရေးမကြီးပေမဲ့ အန်တီ့မှာ ရှိနေတဲ့ ဂုဏ်တရပ်မို့ ထည့်ပြောတာပါ).. ကမ္ဘာအသိအမှတ်ပြု.. လူထုလက်ခံမှု… တိုင်းရင်းသားအားလုံး ထောက်ခံမှု… တိုင်းပြည်ပေါ် ထားတဲ့ စေတနာ.. မေတ္တာတရား..။ အဲဒီ ကျမ လက်လှမ်းမီလောက်လေးပဲ ပြောပြထားတဲ့ အရည်အသွေး လောက်ပဲ ကျမတို့ တိုင်းပြည်ထဲက တစုံတယောက်မှာ ရှိလာတယ်ဆိုရင် အဲဒီလူကို ခေါင်းဆောင်လို့ သတ်မှတ် လိုက်ဖို့ ကျမကတော့ အဆင်သင့်ပါ..။

ကဲ… ၂၀၀၆- ၂၀၀၇ ခုနှစ်များဆီတုန်းက “ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ပြီး စဉ်းစားမှ မြန်မာပြည် ဒီမိုကရေစီ ရဖို့ နီးစပ်မယ်”လို့ နိုင်ငံတကာကို လှည့်ပြီး Lobby လုပ် စည်းရုံးပြောဟောခဲ့သူ ပညာရှင်ဆိုသူများဆီမှာများ အဲလို ခေါင်းဆောင်ကောင်း အရည်အချင်းရှိသူ အဆင်သင့် ရှိနေပါပြီလားရှင်.. ခုလို တိုင်းပြည်အတွက် အရေးတကြီး လိုအပ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဒီမိုကရေစီအရေးကို ဦးဆောင်နိုင်မယ့်သူ ဆိုတာကြီး…. ထွက်လာဖို့.. ဖော်ထုတ်ပြသတော့ဖို့ အချိန်တန်နေပြီ မဟုတ်လား ရှင်…။

၁၀ဇွန်။

(မှတ်ချက်.. ဒီတလော ဗမာပြည်က စစ်ဘီလူးတွေက အန်တီသိက္ခာကျအောင် ပုံတွေ ထုတ်နေ.. အကိုလုပ်သူရဲ့ အိမ်အမွေမှုက တမျိုး.. ဒီကြားထဲ ဒေါ်စုက ဟိုလိုမှမလုပ်တာကိုး .. ဟိုလိုလုပ်ပါလားလို့ ဒီလို လုပ်ပါလား လို့ဆိုတာတွေ တိုးတိုး တိုးတိုးကြားရတွေ.. ရေဒီယိုတွေမှာ ၂၀၁၀ရွေးကောက်ပွဲဝင်မယ်ဆိုသူတွေရဲ့ အကြားအမြင် ဗဟုသုတ ပေါချာချာ လေကြီးကြီး တွေကို သူတို့အစား ရှက်ရှက်နဲ့ နားထောင်နေရတာတွေ.. ကိုယ့်အချင်းချင်း အပုပ်လှည့်ချပြီး ကိုယ့်ကိုယ်ကိုတော့ ပြန်ကြည့်ပြီး ရှက်ရကောင်းမှန်းမသိသူတွေကို စိတ်တိုတိုနဲ့ ဒီစာကို ရေးမိတာပါပဲ)။


15 comments:

predicament said...

ဟုတ်တယ် အမရေ သက်ရှိပုဂ္ဂိုလ်တွေထဲ ကျနော် အလေးစားဆုံးကလည်း ဒေါ်အောင်ဆန်းစုကြည် ဘဲ

di said...

သိပ်ကို ရှက်ဖို့ကောင်းတဲ့.. မြန်မာလို့ ကိုယ့်ကိုကိုယ် မခေါ်သင့်တော့တဲ့ လူတွေပါ..။ အဲလို လူတွေအကြောင်း မြင်ရ ကြားရတာ ကျနော်လဲ အရမ်းဒေါသထွက်မိတယ်..။ တချိန်ထဲမှာပဲ အဲလို လူတွေက အများစု ဖြစ်ဖြစ်နေတာ မြင်ရပြန်တော့......
အင်း.. "အောင်နက်မျိုးဟေ့ ဒို့ဗမာ.. ဂုတ်ကျားမျိုးဟေ့ ဒို့ဗမာ.." လို့ ပဲ ရွဲ့ပြီး ကြွေးကြော်လိုက်ချင်တော့တာပဲ ဆရာမရယ်.... :(

မီယာ said...

ဆရာမနဲ့ အန်တီနဲ့ ရာသီခွင်တခုထဲ မွေးကြတာလား။ စိတ်ဝင်စားစရာ ဘ၀တွေကို ဖြတ်သန်းနေကြတဲ့သူတွေ ဖြစ်တာလည်း တူနေတယ်နော်။ ဆရာမ ချစ်တဲ့ မေမေနဲ့ မဝေးလှတဲ့ ကာလတခုမှာ ပြန်ဆုံနိုင်ပါစေ။

ဖုန်းမြင့် said...

ဆရာမရယ်...
ဆရာမ ရေးတာဖတ်ပြီး..
စိတ်မကောင်းလဲ ဖြစ် ဒေါသလဲထွက် ..။

Ko Paw said...

ကောင်းလိုက်တာ ဆရာမရာ။ ၁၀၀ ရာခိုင်နှုန်း သဘောတူတယ်။

ဘဘဦးဝင်းတင်လည်း ဒီလောက်ပြောနေတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းထဲက ထွက်လာတဲ့ အကြံဉာဏ်ဆိုရင် ထပ်ပြင်စရာမလိုလောက်အောင် ကောင်းပြီးသား။ နောက်ပြီး တိုင်းရင်းသားတွေရော ဗမာတွေရော ပြည်ထောင်စုတခုလုံးက ယုံကြည်ကိုးစားခြင်းကို ခံရတဲ့ ပုဂ္ဂိုလ်။ အမျိုးသားရင်ကြားစေ့ရေးကို စွမ်းဆောင်နိုင်မယ့် တဦးတည်းသောပုဂ္ဂိုလ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်နေတဲ့ ပုဂ္ဂိုလ်တွေက ဘယ်သူ့ယုံကြည်ကိုးစားခြင်းကို ခံရလို့လဲ။ သူတို့အနေနဲ့ အပြင်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရနေတာတောင် နိုင်ငံရေးကို ရွေ့လျားအောင် မစွမ်းဆောင်နိုင်ဘဲနဲ့ အကျယ်ချုပ်နဲ့နေနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တဖက်သတ် အပုပ်ချချင်သေးတယ်။ အဲသည်လူတွေကို ချဉ်သဗျာ။

P.Ti said...

တခြားဟာမယှဉ်ပါနဲ့ ဆရာမရယ်... ရုပ်ကိုပဲယှဉ်ပါဦး။ ကြည်လင်ပြတ်သားပြီး ကျက်သရေရှိလိုက်တဲ့ မျက်နှာနဲ့ အရည်အချင်းဆိုလည်း ကမ္ဘာကျော် သမ္မတတွေကတောင် လေးစားရလောက်တယ်။

ဆရာမပြောသလို အောင်ဆန်းဦးကိုတော့ ဗိုလ်ချုပ်ရဲ့ သားကြီးလို့တောင် အသိအမှတ်မပြုဘူး...

Moe Cho Thinn said...

ဆရာမ
ထွက်သင့်တဲ့ ဒေါသ နဲ့ ရေးသင့်တဲ့ စာ ပါပဲ။
ပြည်သူ့အတွက် ခေါင်းဆောင်ကောင်းဆိုတာ ရှားပါးလွန်းလို့ ဒေါ်စုကို ပြည်သူတရပ်လုံး တန်ဖိုးထား လေးစား ထောက်ခံနေရတာပေါ့။
ဆရာမရေးတဲ့ နောက်ဆုံးအပုဒ်ကိုတော့ အကြိုက်ဆုံးပါပဲ။

ဒေါ်စု ခင်ပွန်းဆုံးတော့ ရေးတဲ့စာလေးကို ဖတ်ပြီး တကယ်ပဲ မျက်ရည်ဝဲ မိပါတယ်။ သူ့လို ကိုယ်ချစ်တဲ့ မိသားစုကို ပစ်ပြီး တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်နေသူမို့ အသက်ရှည်ကျန်းမာပါစေလို့ နေ့တိုင်း ဆုတောင်းမိပါတယ်။

tg.nwai said...

အစ်မရေ..အခုတလော စာတွေရေးရင် ဒေါသတွေပဲ ပါနေလို့ ပို့စ်တွေတောင် မတင်နိုင်ဘူး..အစ်မ စာတွေ ဖတ်လိုက်ရတာ ကိုယ်မျိုသိပ်ထားရတဲ့ မထွက်ရတဲ့ ဒေါသတွေ ထွက်လိုက်ရသလိုပဲ..စိတ်ထဲ တော်တော်ပေါ့ပါးသွားပါတယ်။ :)

အန်တီစုဆိုတာ အချိန်တွေ ကြာလေ ကြာလေ သူ့ရဲ့ဂုဏ်တွေက ပိုတောက်ပြောင်လာလေပါပဲ... ကျမအတွက်တော့ တွေးကြည့်ရုံနဲ့ ကြက်သီးထ စေတဲ့ အမျိုးသမီးကြီးပါ..။ အဖေက အသက်ကို စတေးပြီး တိုင်းပြည်ကို လွတ်လပ်ရေး အရယူပေးခဲ့တယ်။ သမီးက တန်ဖိုးရှိတဲ့ သူ့ ဘ၀တစ်ခုလုံးရင်းပြီး မတရားမှုကို ငြိမ်းချမ်းစွာ တိုက်ယူနေတဲ့ အချိန်မှာ...။

မြန်မာပြည်ကြီးကတော့ အစ်မရယ်.. ခြလှိုက်စားနေတာကြာပြီဖြစ်တဲ့ အိမ်အို အိမ်ပျက်ကြီးလိုပါပဲ... :(

တန်ခူး said...

ဇွန်လ ၁၄ ရက်နေ့ မှာ ကျရောက်မယ့် မ ရဲ့ မွေးနေ့ မှသည် နောင်နှစ်ပေါင်း ရာကျော်တိုင် ချစ်တဲ့မိသားစုလေးနဲ့  စိတ်ချမ်းသာကိုယ်ကျန်းမာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ … ကလောင်သွားတွေ ဒီထက်မက ပိုထက်ပြီး စာပေမှတ်တိုင်တွေ အများကြီးစိုက်ထူနိုင်ပါစေလို့ …

မ ရေ… ကျွန်မ ဟိုးတုန်းကတည်းက ဒီနေ့ ထိ ဖတ်နေတဲ့ မဂ္ဂဇင်းက ရွှေအမြုတေပါ… မဂ္ဂဇင်းတအုပ်လုံးမှာ အဲဒီတပုဒ်က လွဲလို့  အမြဲတရွက် မကျန်ကုန်အောင် ဖတ်ပါတယ်… လတိုင်း အဲဒီတပုဒ်တော့ စာမျက်နှာတွေကို တမင်ကျော်သွားတာ… မကြည့်ချင်လောက်အောင်ကို စိတ်ပျက်အော်ဂလီဆန်လွန်းလို့ လေ…

MYO said...

I agreed & supported your article 100%. All are true. Very sad for our country and people there.

မယ်ကိုး said...

ဆရာမရေးတာ အရမ်းကောင်းပါတယ်။
ထိထိခိုက်ခိုက်လည်း ခံစားရပါတယ်။
အသံသစ်ပြတိုက် ထက် ၁၀၀% ပိုကောင်းတဲ့ သမိုင်းတွင်မယ့် ရာဇဝင်တစ်ခုကို ဆရာမရေးလိမ့်လို့  မျှော်လင့်နေမိပါတယ်။

မေငြိမ်း said...

Predicament..
ဝမ်းသာပါတယ်ရှင်..။
di..
သူတို့လည်း ခေတ်စနစ်က ပုံသွင်းခံခဲ့ရသူတွေ ပါပဲ။ ဒါပေမဲ့ စိတ်ထားကောင်းမရှိတော့ ပိုဆိုးကုန်တာပေါ့။
မီယာရေ..
အရည်အချင်းတွေနဲ့ ကြီးကျယ်မြင့်မြတ်ပုံကတော့ မတူပါဘူး ညီမရယ်..။ ဆုတောင်းပေးတာ ပြည့်ပါရစေ..။
ကိုဖုန်းမြင့်ရေ..
ကျမ အဲလို စိတ်မကောင်း ဒေါသဖြစ်နေခဲ့တာ ကြာလှပေါ့။ ဒီလိုနဲ့ မိုးကြီးချုပ် ဆိုသလို..။ အန်တီစုကိုပဲ သနားမိတယ်။
ကိုပေါရေ..
သမိုင်းကတော့ မသေပါဘူး။ ကျမကတော့ အဲဒီလူတွေ အကုန် မှတ်ထားတယ်။ စောင့်ကြည့်ပါဦးမယ်.. လူထုအတွက် သူတို့ ဘာတွေ ဘလောက်လုပ်သလဲဆိုတာ..။ ဒါမှမဟုတ် လူထုကို ပြပြီး ဘလောက်လုပ်သလဲဆိုတာပေါ့..။
P.ti
အမကတော့ သူတို့အစား ရှက်တာပါပဲ။ အထူးသဖြင့် အောင်ဆန်းဦးဆိုတဲ့ နာမည်ရဲ့ နောက်ခံသမိုင်းအတွက်.. မျိုးရိုးစဉ်ဆက်အတွက် ဗိုလ်မင်းရောင်က စလို့ ခု အန်တီစုအထိ.. အားနာလိုက်တာ။
ဒါပေါ့ ချိုသင်းရယ်..။ ခုချိန်မှာ အစားထိုးမရနိုင်တဲ့ ခေါင်းဆောင်ဆိုတာ.. သူများမပြောနဲ့။ သူတို့ ဘိုးအေ နအဖကကို အန်တီ့တန်ဖိုးကို သိလို့ အမျိုးမျိုးအကြောင်းရှာပြီး ချုပ်နေတာမဟုတ်လား။
ဆုတောင်းတာပဲ တတ်နိုင်တဲ့အတွက်လည်း စိတ်ထိခိုက်ပါတယ် ချိုသင်းရယ်..။
နွယ်ရေ..
အမှန်အတိုင်းပြောရရင် စိတ်မောလှပါတယ်။ သူတို့ ကြာနေလေလေ.. ကိုယ့်တိုင်းပြည် ဆုတ်ယုတ် နစ်နာသက် ကြာလေလေ.. မျိုးဆက်တွေ တဆက်ပြီးတဆက် နစ်မွန်းလေ..။ စိတ်ထိခိုက်စရာကောင်းလှပါတယ်။
မတန်ခူးရေ..
မွေးနေ့ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ်။ ဆုတောင်းနဲ့ ပြည့်ပါစေသား..။
ရွှေအမြုတေကိစ္စမှာလည်း သဘောထားတူပြန်ပီ။ အမတော့ အဲဒီစာမျက်နှာတွေအတွက် ဦးဝင်းငြိမ်းကိုတောင် စိတ်ခုမိပါရဲ့..။ မုန်းလွန်းလို့။
Myo..
မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။
မယ်ကိုးရေ..
အသံသစ်ပြတိုက်က ဆူလွယ်နပ်လွယ် စာအုပ်တအုပ်ပါ။ အမကိုယ်တိုင် စိတ်အပျက်ဆုံး စာအုပ်ပေါ့..။ ဒါောကာင့် အဲဒီစာအုပ်ထက်တော့ သာအောင်ရေးမှာ အသေအချာ...။

G said...

ရွှေအမြုတေက..ဟိုတစ်ပုဒ်လား
မုဒိတာတရားပွားများနိုင်ပါစေဆိုတာ ဖတ်တိုင်း.
သြော်..ဖြစ်မှဖြစ်ရလေလို့ ပြောမိတယ်။

မေငြိမ်း said...

ွG ရေ..
ဟုတ်ပါ့ .. လူတိုင်းကို သူ့လို မနာလို မရှုဆိတ်ကြီးတယ်မှတ်ပြီး ရေးထားတဲ့ စာလေ.. ဟီဟိ။ သူ့ခမျာတော့ အန်တီစု အောင်မြင်မှုတွေကို မုဒိတာတရားမပွားနိုင်ရှာသူဆိုတော့..။ အံ့ပါ့။ တူသလား တန်သလားကွယ်.. သူ့ သမိုင်းကြောင်း သူ့ တန်ဖိုး သူလာရာလမ်းကြောင်းနဲ့.. ပြောချင်ဘူး..။

htar* said...

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြေဖျားတောင်မမှီင်္ပဲ သူ့ကို ကဲ့ရဲ့ဝေဖန်ပစ်တင်သူများ ၊ တစ်ကိုယ်ကောင်းဆန်စွာ လူထုကို နှိပ်စက်ပြီး တိုင်းပြည်ကို ချောက်ထဲတွန်းချနေသူများ ၊ လူဟုပင် မခေါ်ထိုက်သူများအားလုံးကို သူတို့နဲ့ တန်တဲ့ အကျိုး မနှေးအမြန်ခံစားကြရပါစေလို့ ဆုတောင်းရင်းသာ.....