ကျမတို့မိသားစု ဘယ်လို လွတ်မြောက်လာသလဲ.. လို့ သိချင်သူတွေ များတာကြောင့် (၄၂)ကို အတိုချုံးပြီး လိုရင်းရေးခဲ့ရတာ..။ တကယ်တော့ (၄၂)ရေးရမယ့် အပိုင်း… ဇင်းမယ်မှာ ခိုနေရတဲ့ ၃လနီးပါး (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)ဟာ တကယ့်ကို သည်းထိတ်ရင်ဖို ဆန်လှတာပါ။ အဲဒီအချိန်လေးနဲ့ ပတ်သက်ပြီး အသေးစိတ်ရေးဖို့ တောင်းဆိုကြပေမဲ့ ဒီအချိန်မှာ ဒါတွေကို အကျယ်မချဲ့ချင်တော့ပါဘူး။ ကျမစိတ်ထဲ အဲဒီ ကိစ္စဟာ ပုဂ္ဂလိက ကိစ္စသာဖြစ်တယ်လို့ ထင်တာလေ။ ကျမတို့မိသားစု သူများနိုင်ငံမှာ ပုန်းခိုနေရတယ်ဆိုတာက လျှောက် အလည်အပတ်မပျက်.. မုန့်စားမပျက်.. ကလေးတွေ ကျောင်းတက်မပျက်..။ မဖြူဖြူသင်းတို့ နီလာသိန်းတို့ ပုန်းနေရတုန်းက အဖြစ်အပျက်မျိုး အခြေအနေမျိုးနဲ့ ယှဉ်တွေး ကြည့်လိုက်ရင် အရေးအရာ လုပ်ပြောစရာကို မဟုတ်ပါ။ တခုပါပဲ.. ကျမက ကျမကြောင့် ဒုက္ခတွေ့ရတဲ့ သားသမီးတွေကိုပဲ သနား တာလေ။
နအဖစစ်တပ်ကနေ ပြန်ရောက်လာတဲ့အချိန်မှာ ကျမက ကိုယ့်ကိုယ်ကို သေရွာပြန် မိသားစုလို့ပဲ သတ်မှတ်ထား ခဲ့ပါတယ်။ အဲဒီအချိန်လေးမှာ ခင်မင်းဇော်ကဆိုရင် ကျမတို့ မိသားစုတော့ သွားပြီ.. အင်းစိန်ထောင်ကို တန်းကနဲပဲ… လို့ တွေးပြီး အရုပ်ကြိုးပြတ် ဖြစ်နေတာ။ တကယ်ပါပဲ.. ဘယ်လို တွေးကြည့်ကြည့် လွတ်လာစရာအကြောင်းကို မရှိတာပါ။ ဒါပေမဲ့ အံ့သြစရာကောင်းလောက်အောင်ပဲ ကျမတို့ သားရဲတွင်းထဲက လွတ်လာခဲ့ပါတယ်။ အဲဒီ တလော ကျမနဲ့ ကလေး၃ယောက်ဟာ အဲဒီတောထဲရောက်သွားခဲ့တဲ့ အဖြစ်ဆိုးကို ညတိုင်းလို အိပ်မက်တွေ ပြန်ပြန်မက်ပြီး လန့်လန့်နိုးခဲ့ကြတာ ညတိုင်းလိုလိုပါပဲ။ ပြီးတော့ အဲဒီအချိန်မှာ အနာဂတ်ဆိုတာထက် ကျမကို ကူထားကြတဲ့ သူငယ်ချင်းတွေရဲ့ ပိုက်ဆံတွေကို ဘယ်လိုပြန်ပေးရပါ့ဆိုတဲ့ အပူ.. ရှေ့လျှောက် ထိုင်းမှာ ဒီမိသားစုကြီး ဘေးမရှိ ရန်မရှိ နေသွားနိုင်ပါ့မလားဆိုတဲ့အပူတွေ ဖိစီးလို့ပေါ့..။ Detention Center မှာ US Embassy က ကိုယ်စားလှယ် အာမခံပြီး လာခေါ်တာတောင် မပေးတဲ့ ထိုင်းအင်မီဂရေးရှင်းက ကျမတို့ တပြုံလုံးကို နောက်တကြိမ် အလွတ်ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။
သံရုံးက ဗီဇာကို နောက်ထပ် ၆လ extension ပေးထား.. လေယာဉ်လက်မှတ်ကလည်း အကန့်အသတ်မရှိ ရက်ရွှေ့ပေးထား..။ သူငယ်ချင်းတွေက အမျိုးမျိုး အားပေး..။ သံရုံးဘက် ကလည်း ဘယ်လို ကူရပါ့မလဲ စဉ်းစားနေကြ..။ ကျမကတော့ စိတ်ကို တ၀က်လောက် လျှော့ထားပြီး ထိုင်းမှာ ရေရှည်နေရေးကို တခုခု ပြန်စီစဉ်ဖို့ပဲ စဉ်းစားနေမိခဲ့ပါသေးတယ်။ ဒါပေမဲ့… အဲဒီ ရက်တွေထဲမှာပဲ ကျမတို့ နောက်တကြိမ် ပြန်ထွက်ဖို့ မီးစိမ်းလေးတချက်က လက်ကနဲပြ..။ အဲဒီမီးစိမ်းကို ဘယ်လို အဆင့်ဆင့် ကျော်ဖြတ်ခဲ့ရလဲဆိုတာ ပြောပြချင်ပေမဲ့ ပြောပြလို့ မရတာမို့ အင်မတန်ကို စိုးရိမ်ပူပန်စရာ.. ထိတ်လန့်တုန်လှုပ်စရာကောင်းလှစွာနဲ့ ဖြတ်ခဲ့ရတယ် လို့သာ သိထားလိုက်ပါတော့။ တချိန်ချိန်တော့ ကျမ အသေးစိတ် ပြောပြ နိုင်မယ်ထင်ပါတယ်။
ဖြစ်ပါ့မလားဆိုတဲ့ ကျမရဲ့ သောကစိတ်ကို အမြဲအားပေးအားမြှောက် လုပ်တတ်တဲ့ သားကြီးကတောင် ဒီတခါတော့ သိပ်အားမပေးချင်။ ခင်ပွန်းသည်ကလည်း မျက်နှာ အပျက်ပျက်..။ ဟိုတခါလို လေယာဉ်ကွင်းမှာ ထောင်ဖမ်းတာမျိုး ဖြစ်ခဲ့ရင်.. ဒီတခါတော့ အပြီးပဲလို့ ကျမ ပြောတော့ မိသားတစုလုံး တိတ်ဆိတ်..။ ကျမကိုလည်း သူတို့ မလွန်ဆန်နိုင်ကြ။ သူငယ်ချင်းတွေကတော့ အားပေးတယ်။ ဒီတခါတော့ ဟိုတခါလို အဖြစ်မခံတော့ဘူးတဲ့။ ပြောသာပြောတာ.. ဟိုတခါလည်း အဲလို ပြောရင်းသားကကို နအဖတပ်ထဲထိ ဒုတ်ဒုတ်ထိ ရောက်သွား ခဲ့တာပဲလေ..။ ဒါပေမဲ့ ကျမ ထပ်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
+++++
ဒီဇင်ဘာ ၂၅ရက်နေ့က ခရစ္စမတ်နေ့မို့ ထင်ပါရဲ့.. ဇင်းမယ်လေဆိပ်ရဲ့ ည ၈နာရီက လူသူ ရှင်းလွန်းနေတယ်။ ဆောင်းည အေးအေးမှာ ကျမကတော့ ဇောချွေးတွေ ပြန်နေခဲ့တယ်။ ကျမရဲ့ နှလုံးခုန်နှုန်းကလည်း ပုံမှန်မဟုတ်။ တကယ့်ကို ၀ုန်းဒိုင်း ကျဲနေခဲ့တာ။ သားကြီးနဲ့ ကလေးတွေအဖေခမျာလည်း မျက်နှာပျက် တိတ်ဆိတ်။ အငယ်လေး ၂ယောက်ကတော့ နားမလည်တော့ စကားတွေ များနေကြ။ လေကြောင်းလိုင်းက တာဝန်ကျ ကောင်မလေးက ကျမတို့ရဲ့ စာရွက်စာတမ်းတွေကို အသေးစိတ် စစ်နေတယ်။ မိသားစု ၅ယောက် ဆိုတော့လည်း အကြာကြီးပေါ့..။ Check in ပြီးတော့ အင်မီဂရေးရှင်း..။ ဘုရားရေ.. အင်မီဂရေးရှင်းက ကောင်လေးက တကယ့်ကို ပေါ့ပေါ့ပါးပါးပဲ.. လေဆိပ်အထွက်အတွက် မှတ်တမ်းတင်ဓာတ်ပုံတွေ ထုးစံအတိုင်း ရိုက်တယ်..။ ပြီးပြီ .. သွားတော့တဲ့။ ကျမရဲ့ လက်ဖ၀ါးတွေ အေးစက်..။ တကယ်ပဲလား.. အဲသလောက် လွယ်လွယ်ကူကူနဲ့ ကျမတို့ မိသားစုကြီးကို ပေးထွက်သလား။
အဲဒီအချိန် ကျမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစုက ဇင်းမယ်ရဲ့ တနေရာမှာ ဆုံပြီး ရှိနေကြ..။ ကျမဆီက ဆက်လာမယ့် ဖုန်းသံကို ရင်တထိတ်ထိတ်နဲ့ နားစွင့်နေကြတယ်တဲ့။ တခုခုဟေ့ဆို သူတို့ အမြန်ဆုံး လိုက်ကြမှာလေ..။ ဟော.. ခုတော့ ကျမတို့ Departure Gate ဆိုတဲ့ ဆိုင်းဘုတ်ကို တကယ် ဖြတ်ခဲ့ကြပြီ။ နောက်တော့ လေယာဉ်ဘီးတွေကြွမှ.. ကျမရဲ့ အားအကိုးဆုံး အကိုတယောက်ဆီ ကမန်းကတမ်း ဖုန်းခေါ်.. “ကျမတို့ ဇင်းမယ်ကနေတော့ လွတ်ပြီ ဆရာရေ….” လို့ သတင်းပေးရတယ်။ သူ့ခမျာလည်း အေးဗျာ… တဲ့။ စိတ်တ၀က် အေးသွားတဲ့ အသံနဲ့။ အဲဒီကနေ ဘန်ကောက်.. သုဝဏ္ဏဘုမ္မိလေဆိပ်..။ စိတ်က ဒုံးဒုံး မကျသေး။ အဲဒီမှာလည်း လေယာဉ်ဘီးတွေ အကုန်ကြွမှပဲ စိတ်တ၀က်အေးရပြန်တာပါ။ အဲဒီတော့မှပဲ မောင်နေလင်းဆီ we are leaving လို့ Text Message ပို့ရတော့တယ်။ ဒီလိုနဲ့ ဂျပန် Narita လေဆိပ်မှာ Transit ။ လမ်းတလျှောက်.. အချိန် ကမောက်ကမ ဖြစ်တာတွေ.. သားငယ်နဲ့ သမီး ခရီးပမ်းတာတွေထဲ ပင်ပန်းပေမဲ့ ကျမ စိတ်အေးလက်အေး ရှိနေခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ Dulles လေဆိပ်။
US ကို အ၀င်မှာတော့ ကျမ သိပ်စိတ်မပူတော့ပါဘူး။ ကျမတို့ စာရွက်စာတမ်းတွေက အခိုင်အမာလေ..။ တကယ်လည်း ကျမ သိပ်မပူသလိုပဲ.. အမေရိကန်အ၀င် အင်မီဂရေးရှင်း ကို အင်မတန် ချောမောလွယ်ကူစွာ.. ဖြတ်သန်းခဲ့ပါတယ်။ ပြီးမှ လာကြိုနေမယ့် သားနေလင်း ဆီ… ပြီးတော့ ကျမတို့ရဲ့ အနှုတ်ကနေ ပြန်စရတဲ့ နောက်ထပ်ဘ၀သစ်တခုဆီ.. ရောက်လာပါ တော့တယ်။ မောင်နေလင်းမောင်းလာတဲ့ ကားပေါ်ကနေ ဘေးဝဲယာကို ကြည့်ရင်း လိုက်လာ ချိန်မှာ ကျမတွေးနေမိတာက ကျမတို့ရဲ့ အံ့သြထိတ်လန့်စရာကောင်းလှတဲ့ အရင်းအနှီး ကြီးလှတဲ့ ဒီင်္ ဒုတိယအကြိမ် စွန့်စားခန်းကိုပါပဲ။ လောင်းကစားဆန်ဆန်ပြောရရင် ကျမ တကယ့်ကို ကံကို စမ်းသပ်ဖို့ ပုံအောလောင်းခဲ့တာပဲ မဟုတ်လား။ တကယ်လို့များ လွဲချော် သွားခဲ့ပြန်ရင်..။ တမိသားစုလုံး နအဖရဲ့ အကျဉ်းထောင်တွေထဲမှာ။ သားသမီးတွေ လူညွန့်တုံး။ ကျမတို့တွေ ဘ၀ဆုံးကြရမှာ။ ကျမဘာလို့ ဒီလောက် အရဲကိုး စွန့်စားခဲ့ပါလိမ့်။ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်လောက်အောင် ခံစားရမယ့်အဖြေမျိုးလည်း ထွက်နိုင်ခြေများတဲ့ လောင်းကစားတခုကို ကျမ လုပ်ခဲ့တာပါ..။ အင်မတန် ကြောက်စရာကောင်းတဲ့ ကျမရဲ့ တဇွတ်ထိုး... အရဲကိုးစိတ်..။ နောက်တခုက ကျမကို အစွမ်းကုန်ကူကြတဲ့ သူငယ်ချင်းတွေကို ယုံတဲ့ စိတ်။ ဘာပဲဖြစ်ဖြစ်.. ကျမတို့ ဒီတကြိမ်မှာ မယုံနိုင်စရာကောင်းလောက်အောင်ပဲ ကံကောင်းခဲ့ကြပါတယ်။
အမေရိက က ဆောင်းလေအေးစက်စက်ကြီးနဲ့ ဖြန်းကနဲ လှမ်းပက်ပြီး ကြိုဆိုခဲ့ပေမဲ့ ကျမကတော့ လုံခြုံရာ အရပ်မှာ အေးချမ်းမယ့် နိမိတ်ပဲလို့သာ မှတ်ယူလိုက်ပါတယ်။
+++++
ဒီမြေဟာ ကျမချစ်တဲ့ ဇာတိမြေနဲ့.. ကျမရဲ့ အမေအိုကြီးနဲ့.. ကျမ ချစ်မက်စွဲလန်းတဲ့ မြသီလာနဲ့ အဝေးကြီးပါ။ ဒီမြေမှာ ကျမ မပျော်နိုင်တာလည်း ကြိုသိပြီးသားပါ။ ဒါပေမဲ့ ဒီမြေမှာ ကျမ ကလေးတွေအတွက် အခွင့်အလမ်း တွေ ရှိမယ်..။
ကျမအတွက် ကျမ ထပ်ဆည်းပူးချင်တဲ့ ပညာတွေကို ဆည်းပူးနိုင်မယ်..။ ကိုယ့်တိုင်းပြည်အတွက် တချိန်မှာ တခုခု ပြန်ဖြည့်ဆီး ပေးနိုင်ဖို့ လိုတဲ့ အရည်အသွေးတွေကို ဒီမြေမှာ ပျိုးထောင် ယူနိုင်မယ်..။ အနည်းဆုံး ကျမ တို့မှာ ကြိုးစားခွင့်တွေ ရှိမယ်..။ အဲဒီအခါ ဒီ မြသီလာနဲ့ အဝေးမှာ.. ကျမ ဘယ်လို တန်ဖိုးတွေ ကို ဆောက်တည်နိုင်မလဲ.. ဘယ်လို အခွင့်အရေးတွေကို ရှာဖွေမလဲ.. ဘယ်လို အခွင့်အလမ်းတွေကို အသုံးချမလဲ..။
ကျမ တွေးနေမိပါတယ်။ လူတွေ ကိုယ့်အမိမြေနဲ့ ဘယ်လောက်ဝေးဝေး.. စိတ်တွေနီးနီး ရှိနေဖို့က အရေးကြီးတယ် လို့..။ အဲဒီအခါ မြသီလာနဲ့ အဝေးမှာ ကျမ ချစ်တဲ့ ဇာတိမြေနဲ့ နီးအောင် ကျမ ဘာတွေ လုပ်မလဲ.. ဘာတွေ လုပ်နိုင်မလဲ.. ဘာတွေကို ဖြတ်သန်းမလဲ..။ သေချာတာကတော့ ကျမ ကိုယ့်ရဲ့ Identity မပျောက်ပျက်ဘဲ တစုံတရာ တန်ဖိုးရှိအောင် လုပ်နိုင်မယ်လို့ ယုံပါတယ်။ အဲဒီအခါ မြသီလာနဲ့ အဝေးကြီးမှာ… ထပ်စရတဲ့ ဘ၀ အသစ်ရဲ့ အတွေ့အကြုံတွေ.. သင်ခန်းစာတွေကလည်း ကျမအတွက်တော့ စာရေးစရာ အဖိုးတန်တဲ့ ကုန်ကြမ်း တွေပဲပေါ့။
အနောက်တိုင်းရဲ့ အလိုအရ ဘ၀စတယ်ဆိုတဲ့ အသက် ၄၀ ပြည့်တဲ့ နှစ်မှာ ကျမ ဘ၀အသစ် တခုထဲကို ဗြုန်းကနဲ ခုန်ချခဲ့တာ။ ကိုယ့်တိုင်းပြည်ကို စွန့်ပြီး ခြေမဲ့လက်မဲ့ ထွက်ခဲ့တာ..။ ဘာလိုလိုနဲ့ နောက်ဘ၀တခု အသစ်ပြန်စတော့ ကျမ အသက်က ၄၄နှစ်ထဲမှာ။ ချန်ထားခဲ့ရတဲ့ ၄၃နှစ်ကာလထဲမှာတုန်းကတော့ တကယ့်ကို ပင်ပန်းတကြီး။ ခု ၄၄နှစ်ပြည့်ရမယ့် ၂၀၀၉ ရဲ့ ဇန်န၀ါရီမှာလည်း ခြေဗလာ.. လက်ဗလာ..။ လောလောဆယ်တော့ ကျမက သားနေလင်း ကူညီ နေရာချပေးတဲ့ နေစရာအသစ်လေးမှာ နောက်ထပ် နေရာအသစ်.. အတွေ့အကြုံသစ်တွေကို ပြန်စ..။ အားလုံးဟာ တကယ့်အသစ်.. စိန်ခေါ်မှုတွေ တသီတတန်းကြီးနဲ့.. လေ့လာ သင်ယူရမှု အားထုတ်ရမှု အသစ်တွေနဲ့။ ဒါပေမဲ့ ကံဆိုးနဲ့ ကံကောင်းပူးတွဲပြီး အမြဲကြုံနေရကျ ကျမ.. ခု မြသီလာရဲ့ အဝေးမှာလည်း ကျမကို ပုံအောကူညီတဲ့ မောင်နေလင်းတို့ ဇနီးမောင်နှံနဲ့အတူ.. တကယ့်ကို ၀ိုင်းကြ၀န်းကြသူတွေက ကျမအနားမှာ ၀န်းရံလို့။ အံ့သြစရာကောင်းလောက်အောင်ပါပဲ.. မောင်နေလင်းတို့က အိမ်ငှားပေး.. သူငယ်ချင်းတွေက လိုတဲ့ အိမ်ပစ္စည်းတွေ ၀ိုင်းဖြည့်ကြ။ (တချို့ မီးဖိုချောင်ပစ္စည်းတွေဆိုရင် သုံးတောင် မသုံး တတ်အောင် အဆန်းတကြယ်တွေ :P) အိမ်လခ စိုက်ထားပေးတဲ့သူနဲ့။ (အဲဒီ အ၀ိုင်းအ၀န်းလေးကို ကျမ ဘယ်တော့မှ မမေ့… ပြီးတော့ မေ့လို့လည်း မဖြစ်)။ တကယ့်ကို ကျမ သိပ် မပူပင်လိုက်ရဘဲ စိမ်းမြမြ ဒေသလေးမှာ ဘ၀သစ်ကလေး တခုကို ဟန်ကျပန်ကျ စနိုင်ခဲ့ပါတော့တယ်။ အေးဆေးငြိမ်သက်တဲ့ နယ်မြို့လေး တွေကို နှစ်သက်တတ်တဲ့ ကျမအတွက်တော့ Maryland ဟာ မေမြို့နဲ့တူတဲ့ အငွေ့အသက်တွေ ရှိတဲ့ တိတ်ဆိတ်တဲ့ မြို့ကလေးပါ..။ ပြီးတော့ ဗမာပြည်သားတွေ အများကြီး ရှိတဲ့ မြို့။ ပြီးတော့ ကျမ ချစ်ခင်လေးစားတဲ့ မန္တလေး ပန်တျာကျောင်းအုပ်ကြီးဟောင်း ပန်းချီဆရာ စာရေးဆရာ ဒါရိုက်တာ ဦးဝင်းဖေနဲ့ ၅မိနစ်ပဲ ကားမောင်းရတဲ့ နေရာမှာ ကျမ နေခွင့်ရတဲ့ မြို့..။
မုန်တိုင်းနောက်က လေပြေညင်း.. ဆိုပေမဲ့ လေညင်းလေး သာယာပါတယ်ဆိုပေမဲ့ မုန်တိုင်းရဲ့ ဒဏ်ရာ ဒဏ်ချက် လေးတွေ.. ခြေစလက်စလေးတွေနဲ့ မှတ်စရာ သားစရာလေးတွေတော့ ရှိသေးသပေါ့လေ။ အဲဒါတွေကိုတော့ မြသီလာရဲ့ အဝေးမှာ… ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆက်ရေးသွားမယ် စိတ်ကူးထားပါတယ်။
+++++
23 comments:
ဒီအပိုင်းလေးဖတ်ရတာ ဆရာမနဲ့ အတူကြည်နူးချမ်းမြေ့ ရပါတယ်။
မြသီတာရဲ့  အဝေးမှာကို လည်း မျှော်နေမယ်နော်...ပြီးတော့ ဆရာမရဲ့  ဝတ္ထုတိုသစ်လေးတွေကိုရော...
မုန်တိုင်းနောက်က လေပြေညင်းလေးတွေက အမမေငြိမ်းတို့မိသားစုကို ဆီးကြိုနေမှာပါ...
mie nge
ဆရာမရေ မဖတ်ရတာကြာပြီမို့ ကမူးကရှူးတိုးကို ဖတ်သွားမိပါတယ်။ နောက်မှ တစ်ခေါက်သေသေချာချာဖတ်ပါဦးမယ်ခင်ဗျာ။
ပျော်ရွှင်အဆင်ပြေပါစေ
မျှော်နေချိန်မှာပဲ
တော်သေးတာပေါ့ အစ်မရယ်..နောက်တကြိမ် ကြိုးစားခွင့်ရလိုက်တာရယ်..အစ်မရဲ့ ကျမသွားတဲ့ စိတ်ဓာတ်ကိုရယ်..အားကျသွားပါတယ်..။
အမိမြေကို ချစ်တဲ့သူတိုင်း သူ့နည်းသူ့ဟန်နဲ့ ၀ိုင်းဝန်းကူညီချင်ကြမှာပါ.. ဘယ်နေရာရောက်နေနေပါ။
မိသားစုလေးနဲ့အတူ အမောတွေ ပြေပျောက်ပြီး ပျော်ရွှင်ချမ်းမြေ့သာယာပါစေ အစ်မရေ..
ဟုတ်ပါတယ် ဆရာမ။
ဘာကိုပဲလုပ်လုပ် never give up လို့ ကိုယ့်ကိုယ်ကို အားပေးနေလို့သာ လေပြေလာရာ လမ်းဖက် လျှောက်ရတာ။
မြသီလာရဲ့ အဝေးမှာကို ဆက်မျှော်ပြီ။
အခုမှပဲ အထိုက်အလျောက် စိတ်အေးရတော့တယ် :)
အဝေးမှာနေရပေမယ့် အမပြောသလို ကိုယ့်အတွက်၊ ပြီးတော့ တချိန်ချိန်မှာ ကိုယ့်တိုင်းပြည်အတွက် ပြန်အသုံးချနိုင်မယ့် ပညာတွေ သင်ခွင့်ရတာ အမြတ်ပါပဲ၊
အမတို့မိသားစု ပျော်ရွှင်ပါစေ....။
ွမြသီလာအလွမ်းပြေကို စာအုပ်ထုတ်တော့လေ။ e-book ဖြစ်ဖြစ်။
လက်ဆောင်စာအုပ် မျှော်နေမယ် :P
မမေငြိမ်းရေ...
ရင်တထိတ်ထိတ်နဲ့ ဖတ်ရတယ်..
အဖြေကိုသိပြီးဖြစ်ပေမယ့်..
မြသီလာကိုစောင့်ဖတ်လာခဲ့တာ ဖတ်ရတဲ့သူတောင်
ရင်တထိတ်ထိတ်နဲ့မို့...
အမဘယ်လောက်ခံစားခဲ့ရမလဲဆိုတာတွေးရင်း
စိတ်မကောင်းဖြစ်မိတယ်...
ဇာတ်သိမ်းလေးကောင်းပေမဲ့..ရင်ထဲမှာ
တစုံတရာကျန်ခဲ့တယ်...
ဆရာမ...နောက်ထက်ရေးမယ့်စာတွေကို မျှော်နေပါတယ်.......
ဆရာမတို.မိသားစု...ပျော်ရွှင်ချမ်းမြေ.ပါစေ......
ဆရာမ
အဆင်ပြေတယ် ဖတ်ရတာ စိတ်ချမ်းသာလိုက်တာ။ ကလေးများလည်း ပျော်ရွှင်ပါစေ။
သူတော်ကောင်း နတ်မတာပါ။
ဆရာမရရဲ့ စာဖတ်ပရိတ်သတ်တဦးပါ...။ တခါမှ မမန့်ဘူးပေမဲ့.. အစဉ်တစိုက် အားပေးနေပါတယ်ရှင်။ မြသီလာ ပြီးသွားပြီဆိုလို့ အမှတ်တရ၀င်မန့်ပါတယ်။ နောက်ဆုံးအပိုင်းတွေမှာ ရင်ခုန်လှိုက်မောစွာ ဖတ်ခဲ့ရပါတယ်။
မြသီလာရဲ့အဝေးမှာကိုလည်း မျှော်နေမယ်နော်....
ခင်မင်လေးစားစွာဖြင့်..စုချစ်
ြဲမသီလာ အလွမ်းပြေတွေ က
စွဲမက်စရာ ကောင်းသလို
မြသီလာ ရဲ့ အဝေးမှာကလဲ
နှစ်သက်ဖွယ်ရာ ဖြစ်မှာ အမှန်ပါ
စောင့်ဖတ်နေပါတယ်..
ဆရာမရေ.... အဆုံးအထိ တစ်ဝကြီးစောင့်ဖတ်ခဲ့တာ ။ နောက်ရေးမယ့် ရသစာတမ်းတွေ ၊ ရသစာအုပ်စဉ်တွေ နောက် ဝတ္ထုတိုလေးတွေကို မျှော်နေတယ် ။ ဆရာမတို့ မိသားစု မြသီတာရဲ့  အဝေးမှာပေမယ့် ချမ်းမြေ့ပျော်ရွှင်ကြပါစေ ...
ဆက်ရေးပါ အုံး၊ စောင့်မျှော်နေပါတယ်။
ရေသစ်မြေသစ်မှာ အစ်မတို့မိသားစု အစစအဆင်ပြေပါစေလို့...
ဆရာမရေ စာမေးပွဲတွေနဲ့မို့ ချက်ချင်းလာမဖတ်ဖြစ်ဘူး၊ နောက်ကျသွားတယ်။ ဆရာမတို့နိုင်ငံခြားထွက်တာက သည်းထိတ်ရင်ဖိုပဲနော့်။ နိုင်ငံခြားထွက်တာ ချောချောမောမောပါပဲ။ ဒါပေမယ့် အဖွဲ့အစည်းထဲမှာ ရှိချိန် သွားလာနေရတုန်းကပဲ သည်းထိတ်ရင်ဖို ကြုံရပါတယ်။ ဒီဘန်ကောက်လေဆိပ်ရဲ့ Passport Control ကို ဖြတ်ရတိုင်း ဆရာမတို့ခံစားရသလိုပဲ ရင်တထိတ်ထိတ် ခံစားရတယ်။ အထဲရောက်သွားတာနဲ့ Passport Control ကို ဖြတ်ပြီးသွားပြီဆိုတာ ရုံးကိုဖုန်းပြန် ဆက်ရတာလည်း အတူတူပါပဲ။ ကျွန်မလည်း တနေ့ဘလော့ဂ် ရေးဖြစ်ရင် ဒီလိုအကြောင်းတွေကို ရေးရလိမ့်မယ် ထင်တယ်။
ဆရာမရေ မြသီလာကို စောင့်ဖတ်နေတာ စရေးထဲကပါ။တစ်ခါမှတော့ ခြေရာမချန်ဖြစ်ခဲ့ဘူး။မေလေးကိုယ်တိုင်ဘလော့မရေးခင် ဟိုးအစောကြီးထဲက ဆရာမစာလေးတွေ လာလာဖတ်ပြီး ဆရာမကိုလေးစားနေတာပါ။
အခုမြသီလာကပြီးသွားပြီ ဆိုတော့ ဆရာမကိုဝင်နှုတ်ဆက်တာပါ။နောက်လဲအားပေးနေမယ်နော်။
ဆရာမရေ...
မြသီလာရဲ့ အဝေးမှာ… ကို ဆက်မျှော်နေပါတယ်...
ဆရာမတို့ မိသားစုလေး နေရာသစ်မှာ အစစအရာရာ အဆင်ပြေပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Sayame, though i knew it would be happy-ending, i even cried when reading about you fell down and blacked out on the way back to Zinmae.
Regards,
Hnin
တခုခုကျန်ခဲ့သလိုဘဲရင်ထဲမှာ
Post a Comment