Jul 6, 2009

ဆဲဗင်းဂျူလိုင် အမှတ်တရ


ဒီနေရာဟာ ကျမတို့ကျောင်းသားတွေအတွက် အရေးကြီးတဲ့ ဘ၀တစ်ခုပါ။
အဲဒီဘ၀တခုကို ကျမတို့ ဆုံးရှုံးခဲ့ရတာ.. ခုထိတိုင် ပြန်မရနိုင်သေး။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ရက် အပြီး ကျောင်းတွေ ပိတ်သွားပြီးနောက်
ပြန်အဖွင့်မှာတော့ တက္ကသိုလ်ဟာ တစပြင်လိုပါပဲ တဲ့။
ပြီးတော့ လက်ကမ်းကဗျာစာအုပ်တွေ
အဆောင်လိုက် အလျှိုအလျှို ထွက်လာပါတော့တယ်။
အဲဒီကဗျာမူရင်းတွေ ကျမမှာ အများကြီး ရှိပါတယ်။
အခု အဲဒီထဲကနေ တပုဒ်စီ တင်ပေးသွားချင်ပါတယ်။


တက္ကသိုလ်၏အတ္တုပ္ပတ္တိ

နိုင်ငံခြားမှ
ကျောင်းသားမိတ်ဆွေ ၊ တက္ကသိုလ်မြေကို
ခြေချလည်ပတ် ၊ ကြည့်ရှုမှတ်ရန်
လာလတ်သည့်ခါ ၊ ဘယ်နေရာကို
ဦးစွာ အသင် ပြမည်လဲ။

အမေရိကန်မှ ၊ လက်ဆောင်ရသည့်
ခန်းမလိပ်ခုံး ၊ ကျောင်းတဆုံးကို
ဦးဆုံးအသင်ညွန်မည်လော။

သို့မဟုတ်လျှင်
“ကွန်ဗုတ်”ဆောက်ဦး ၊ ထုံးဖြူလူးသည်
ဦးစွာကြည့်ရှုစေမည်လော။

သို့မဟုတ်လျှင် ၊ ကံကော်ပင်လမ်း
ပိတောက်လမ်းကို ၊ လျှောက်လှမ်းစေဘိ
ပိဋကတ်တိုက် ၊ စာကြည့်တိုက်ကို
လိုက်၍ အသင်ပြမည်လော။

စာသင်ခန်းထဲ
စည်းဝေးပွဲနှင့် ၊ ဓါတ်ခွဲခန်းမှာ
အင်းလျားမှာနှင့် ၊ စာကြည့်တိုက်ထဲ
ကွင်းပြင်ထဲနှင့် ၊ အဆောင်ခန်းတူ
တွေ့ဆုံမူသည့် ၊ ကျောင်းသူကျောင်းသား
နိုင်ငံခြားမှ ၊ များပြားမိတ်ဆွေ
တက္ကသိုလ်မြေကို ၊ ခြေချလည်ပတ်
ကြည့်ရှုမှတ်ရန် ၊ လာလတ်သည့်အခါ
ဘယ်နေရာကို ဦးစွာ ခေါ်ဆောင်ပြမည်လဲ။

ကျွန်ုပ်ကတော့
အဆောတလျှင် ပြသချင်ဘိ
ဦးစွာကြည့်ရန် ၊ သွေးကျံလမ်းမ၊
တံခါးဝနား၊ ပိုင်းစအုတ်နီ
တောင်ပုံစီနှင့် ၊ သွေးညှီနံသက်
ဘိနပ်ပျက်များ ၊ ပန်းခွေများကို
ရှုစားကြည့်ပါ ၊ ပြသပါမည်
ထိုအခါဖြစ်ပျက် ၊ ဓိကချက်ကို
ထိန်ဝှက်မချန် ၊ “တရားခံ” နှင့်
မြန်ပြည်လူထု ၊ ကျောင်းသားထု၏
လူမှုဘ၀ ၊ ခေတ်ကာလကို
ဖွင့်ဟရှင်းပြ ၊ လင်းလှချင်ပါသည်။

မောင်ကြည်မွန်


(၂၀၀၇ ဇူလိုင်လမှာကတည်းက ဘလော့မှာ တင်ပေးခဲ့တဲ့ post တွေပါ.. ခုထိ အသက်ဝင်နေဆဲမို့ မဖတ်လိုက်ရသေးတဲ့သူတွေ ဖတ်ရအောင်.. ဖတ်ပြီးသူတွေ ပြန်အမှတ်ရအောင်.. ပြန်တင်လိုက်ပါတယ်..။)



11 comments:

Nge Naing said...

ကျေးဇူးပဲ ဆရာမ ကဗျာလေး ကူးထားလိုက်မယ်။ ၆၂ ရဲ့ သွေးသမိုင်းကို ကျွန်မ ၈.၈.၈၈ မှာမှ ကိုမင်းကိုနိုင် လက်ရေးနဲ့ အစိုင်းထိုးပြီး ဖြန့်ဝေတဲ့စာကို ဖတ်ရတဲ့ အချိန်မှ စသိခဲ့တာ ဖြစ်တယ်။ ဗိုလ်ချူပ်ကြီး နေ၀င်းဦးဆောင်တဲ့ တော်လှန်ကောင်စီအကြောင်း အိမ်စောင့်အစိုးရ ကောင်းကြောင်းတွေပဲ တခမ်းတနား သင်လာရာကနေ ဒီလိုဖုံးကွယ်ထားခံရတဲ့ သမိုင်းကို ရုတ်တရက် သိလိုက်ရတဲ့အချိန်မှာ ပြောပြလို့ မတတ်အောင်ကို ခံစားရပြီး အဲဒီအချိန်က စပြီး မြန်မာပြည်က စာသင်ခန်းကို စွန့်ခဲ့တာ ဘယ်တော့မှ ပြန်မရောက်ဖြစ်တော့ဘူး။ အင်တာနက်မရှိ လမ်းပမ်းဆက်သွယ်ရေး ဒီလောက်မကောင်းတဲ့ ၈၈ တုန်းက ဝေးလံခေါင်ဖျားတဲ့ ကျွန်မတို့ တောမြို့လေးပေါ်ရှိ စာသင်ကျောင်းအထိ ရောက်အောင် ဖုံးကွယ်ထားခြင်း ခံရတဲ့ သမိုင်းကို ဖေါ်ထုတ်ပြီး ဖြန့်ဝေလှုံ့ဆော်နိုင်တဲ့ အဲဒီအချိန်က ဗကသ ရဲ့စွမ်းဆောင်နိုင်မှုကို ကျွန်မ အခုထိ လေးစား၊ ဂုဏ်ယူ ချီးကျူးလို့မဆုံးဘူး။ အခုခေတ် ကျောင်းသားလူငယ်တွေကတော့ ဒီသမိုင်းတွေကို အင်တာနက်ကတဆင့် ကောင်းကောင်း လေ့လာနိုင်တာ တွေ့ရလို့ အားတက်မိပေမယ့် ၈၈ ကလောက် ကျယ်ပြန့်အောင်တော့ လုပ်ဖို့လိုပါသေးတယ်။ ဖြန့်ဝေပေးတာ ကျေးဇူးတင်ပါတယ် ဆရာမ။

rose of sharon said...
This comment has been removed by the author.
rose of sharon said...
This comment has been removed by the author.
Nge Naing said...

ကျွန်မထင်တာ Rose of Shorn က 7, July ကို ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့နဲ့ ရောနေတယ်ထင်တယ်။ 7, July မှာ ဘယ်ဗိုလ်ချုပ်ကမှ မိန့်ခွန်းမပြောပါဘူး။ 7, July ဆိုတာ ၁၉၆၂ ခုနှစ်က အဲဒီမိန့်ခွန်းပြောတယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်တွေက အမိန့်ပေးပြီး သတ်လို့ ကျောင်းသား သမဂ္ဂအဆောက်ဦးထဲမှာ ကျောင်းသားတွေ အစုလိုက်အပြုံလိုက် သွေးမြေကျခဲ့ရတဲ့နေ့ဖြစ်ပြီး နောက်နေ့မနှစ် ၈ ရက်နေ့မှာ အဆောက်အဦးတခုလုံးကိုပါ ဖေါက်ခွဲလိုက်လို့ အထဲကကျောင်းသားတွေ အကုန်လုံး အဆောက်ဦးနဲ့ အတူပါသွားလို့ ဒီကျောင်းသားတွေရဲ့ တိုက်ပွဲဝင်ပေးဆပ်မှုကို နောက်ပေါက်တဲ့ ကျောင်းသားတွေက ဂုဏ်ပြုတဲ့နေ့ ဖြစ်တယ်။ ဒီနေ့ကို အာဏာရှင်တွေက လူသိမှာစိုးလို့ မိန့်ခွန်းဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ အာဇာနည်နေ့က ၁၉၄၇ ခုနှစ် လွတ်လပ်ရေးမရခင်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်တွေ လုပ်ကြံခံရတဲ့နေ့ ဖြစ်တယ်။ သူတို့မိန့်ခွန်းပြောတာ အာဇာနည်နေ့ ၁၉ ဇူလိုင်ပါ။ 7, July မဟုတ်ပါဘူး။

tharthwe said...

ကျွှန်တော်တို့ အားလုံးအတွက် တန်းဖိုးရှိတဲ့ ကဗျာလေးကို ကူးယူးသွားပါတယ် ဆ၇ာမ...

၁၉ ဇူလိုင်မှာ ကျွှန်တော်အတွက် မေ့ပျောက်မသွားတာကတော့ ဇူလိုင်မိုးနှင့် အပြိုင် ဗိုလ်ချုပ် နှင့်တကွ အဖိုး အားလုံးကို ငြိမ်သက်စွာ ဦးညွှတ် ဂါရဝပြု ခြင်းက ကျွှန်တော်တို့ ရဲ ရင်ထဲမှာထာဝရ ရှိနေဆဲပါ.....

rose of sharon said...

ကဗျာလေးကူးသွားပါတယ်ရှင့်

စည်သူ said...

မင်္ဂလာပါဆရာမလို့ ဦးစွာ ဂါရဝပြု နှုတ်ခွန်းဆက် လိုက်ပါတယ်..။ အဲဒီအကြေင်းကိုကျွန်တော် လုံးဝ မသိခဲ့ပါဘူး..။ အခုသိရတဲ့အတွက် ပြီးတော့ ဒီပို့စ်လေးကို ပြန်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
..လေးစားစွာဖြင့်
............စည်သူ။

Catherine said...

I truly felt sad, Sayar Ma. No wonder….our new generations don’t know the history of ‘Seven July’ as government let them grown in the dark.

Our next…next generation may not notice that even 19 July (Martyrs’ Day) and Bogyoke Aung San as well. Actually, students do not have chance to know our country’s history although they are currently learning ‘History’ subject.

cho said...

ဆရာမ....ကဗျာလေးကူးပြီး..မြန်မာပြည်က သူငယ်ချင်းတွေကို ပို.ချင်ပါတယ်....ခွင့်ပြုပါနာ်......... သူတို.ကဖတ်ရမှာမဟုတ်လို.ပါ....

ကိုလူထွေး said...

ကျွန်ုပ်ကတော့
အဆောတလျှင် ပြသချင်ဘိ
ဦးစွာကြည့်ရန် ၊ သွေးကျံလမ်းမ၊
တံခါးဝနား၊ ပိုင်းစအုတ်နီ
တောင်ပုံစီနှင့် ၊ သွေးညှီနံသက်
ဘိနပ်ပျက်များ ၊ ပန်းခွေများကို
ရှုစားကြည့်ပါ ၊ ပြသပါမည်
ထိုအခါဖြစ်ပျက် ၊ ဓိကချက်ကို
ထိန်ဝှက်မချန် ၊ “တရားခံ” နှင့်
မြန်ပြည်လူထု ၊ ကျောင်းသားထု၏
လူမှုဘ၀ ၊ ခေတ်ကာလကို
ဖွင့်ဟရှင်းပြ ၊ လင်းလှချင်ပါသည်။

ရင်ကိုထိတဲ့ စာပိုဒ်မို့ ကျေးဇူးတင်ပါတယ် ဆရာမရေ...

ဂျူနို said...

၇ ဂျူလိုင်ကို မမေ့ပါဘူး ဆရာမရေ
ကဗျာကောင်းလေးကို မျှဝေလို့ ကျေးဇူးတင်ပါတယ် ရှင်