++++
တကယ်တော့ ဇူလိုင် ၃၁ဆိုတာ ကျမတို့ ဗမာပြည်အတွက် ကြယ်တွေ အများဆုံး ကြွေတဲ့ သြဂုတ်လကို ရောက်တော့မယ့် ရက်။
သြဂုတ်လရဲ့ ၅ရက်နေ့မှာ တာရာမင်းဝေဆိုတဲ့ ကြယ်တပွင့်.. ကြွေတယ်..။
သြဂုတ်လရဲ့ ၁၄ရက်နေ့မှာ ထူးအိမ်သင် ဆိုတဲ့ ကြယ်တပွင့် ကြွေတယ်..။
သြဂုတ်လရဲ့ ၁၅ရက်နေ့မှာ မင်းသုဝဏ်ဆိုတဲ့ မဟာကြယ်တပွင့် ကြွေတယ်..။
အဲဒီသြဂုတ်လထဲမှာ.. ရှစ်လေးလုံးအထိမ်းအမှတ်လို့ တွင်ရတဲ့ ကြယ်တွေ ကြွေတယ်..။
နက်ဖန်..အဲဒီ သြဂုတ်အကြို ဇူလိုင် ၃၁မှာ .. ကျမ အလင်းရောင်နိမိတ်တွေကိုပဲ မှတ်တမ်းတင်ချင်ပါတယ်။
+++++
ဘာပဲဖြစ်ဖြစ်.. အိပ်မရတဲ့အတူတူ.. ဒီညမှာ ကျမတို့နိုင်ငံ ဒေါင်းအလံကို ပန်းလို ပန်လို့ လှဖို့ နိမိတ်အနေနဲ့..
စာရေးဆရာ တာရာမင်းဝေ ကွယ်လွန်ခြင်း ၂နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ VOA ကနေ ကျမ စီစဉ် အသံလွှင့်ခဲ့တာလေးကို တင်ပေးချင်ပါတယ်။ အဲဒီအစီအစဉ်လုပ်ချိန်မှာ ကျမစိတ်ထဲ အင်အားတွေ ပူးဝင်နေသလို ခံစားနေခဲ့ရတာလည်း ထူးဆန်းပါတယ်။
ဒါကြောင့် ကျမစိတ်ထင် ကျမအသံတောင် မာနေတယ် ထင်ပါရဲ့။ အဲဒီနေ့က ကျမကို ကဗျာကူရွတ်ပေးတဲ့ ကိုသားညွန့်ဦး ကလည်း အကြိမ်ကြိမ် ကဗျာရွတ်ပေးခဲ့ဖူးသမျှ ခုတကြိမ်ဟာ အပီပြင်ဆုံးပါ။ အဲသလိုပဲ ကျမ အပူကပ်လို့ ကဗျာကူရွတ်ပေးတဲ့ ကဗျာဆရာ နှင်းခါးမိုးကလည်း မအားတဲ့ ကြားက တကူးတက လုပ်ပေးရ.. ပြီးတော့ တကယ့် ခံစားချက်အပြည့်နဲ့။ တိုက်တိုက်ဆိုင်ဆိုင် သူတို့ နှစ်ယောက်စလုံးကလည်း နိုင်ငံရေးအမှုနဲ့ပဲ တာရာမင်းဝေနဲ့ အတူ ထောင်ထဲမှာ နေခဲ့ရဖူးသူတွေ...။
ဒီ Piece လေးကို လုပ်တာမှာ အချွတ်အချော်လေးတချို့ရှိနေပေမဲ့ ကိုရွှေဘုန်းအတွက် အဲလို လုပ်ပေးလိုက်ရတာကို ကျမ ကျေနပ်ပါတယ်။ တခုခုများ လိုနေခဲ့တယ်ဆိုရင်.. အဲဒါဟာ ကျမရဲ့ ချို့ယွင်းချက်သာဖြစ်ပါတယ်..။
+++++
|
ကျောင်းသားအတ္ထုပ္ပတ္တိ
(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်
အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံ ငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ရင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။
(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချိုင်းမြေမှာ
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်...
မင်းအတွက်...
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ် မလုံလောက်မှု
ဖောင်တိန် မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်…
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစဉ်ကို ထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။
(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်...
“အမျိုး ဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ယဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။
“ကောင်းမွန်စွာ
သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘ၀အဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် ... ။
(၄)
အိမ်ထရံမှာ
တခါတခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ် သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမဲ့ ...
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..
ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားရင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံဝေ
မင်းရောက်ရာအရပ်က ကြားပါစေ...
(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်းစေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဘက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
သြော်..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်.... ။ ။
ရွှေဘုန်းလူ
+++++++
14 comments:
ပြောပြစရာ စကားရှာမရပါ..
ခွပ်ဒေါင်းအားလုံးကိုဦးညွတ်လျှက်..
နေလင်း
ကဗျာတ၀က် လွှင့်ထူသွားပါသည်
မနက်ကပို့လိုက်တဲ့မေးလ်ထဲကအတိုင်းပါပဲ အမ
ဒီကဗျာဖတ်ရတိုင်းမှာ ရင်နင့်ရပါတယ်။
ကဗျာကို အသံနဲ့အတူတူတွဲပြီး နားထောင်ရတာ ပိုပြီး ထိခိုက်ကြေကွဲစေပါတယ်...။
ကဗျာလေးအတွက် ကျေးဇူးတင်ပါတယ် ဆရာမ...
စိတ်မကောင်းပါဘူး ဆရာမ။
လေးစားဦးညွှတ်စွာ လာဖတ် လာနားထောင်ပါတယ် ဆရာမ...။
ကဗျာရွတ်တာ အသံဖိုင်က တစ်ဝက်နဲ့ ပြတ်နေပါတယ် ။
ဆရာတာရာမင်းဝေဟာ ကျွန်တော် ကျွန်တော့်အတွက် အမြဲလေးစားနေရမယ့် ထာဝရရှင်သန်သူပါ။
ဆရာမရေ..ရေဒီယိုနားထောင်နေရင်း ကဗျာ ဖတ်နေရင်း မျက်ရည်တောင်ဝဲမိပါတယ်...
အားမသန်တာတောင် မာန်မလျော့ပဲ...ဆက်လက်ဆိုက်ပွဲဝင်ခဲ့ကြတဲ့
ဝင်နေကြတဲ့...သူရဲကောင်းတွေကို ထားရ လေးစားလျက်ပါ....
၈၈ မှာ လူမဖြစ်သေးပေမဲ့...
လူရယ်လို့ဖြစ်လာတဲ့ ၂၀၀၉ မှာ..
ငါတို့စိတ်ဓါတ်တွေ ရိုက်ချိုးခံရပြီးနှင့်ပြီ....
.....
အာဇာနည်သွေး.
အာဇာနည်သားလို့..
အာဇာနည်စိတ်တွေနဲ့..
မြင့်မြတ်တဲ့ သူရဲကောင်း...ငါတို့..ကျောင်းသားတို့ရေ...
တံခွန်အလံမထူနိုင်ခဲ့သေးပေမဲ့...
ယိုင်မလဲတဲ့ မာနခဲတွေ...
ငါတို့ နှလုံးသားထဲမှာထာဝရ ကမ္ဗည်ထိုးထားတယ်...
မြေမှာဖို့လို့...
မီးမှာမြိုလို့..
ပြီးဆုံးသွားပြီမထင်ပါနဲ့....
ငါတို့ မြန်မာပြည်..ကမ္ဘာမှာ နေရာယူနေသရွေ့...
ငါတို့ မြန်မာအမျိုးသားခေါင်းမှာ...မင်းတို့က အတိုင်းအဆမဲ့ အာဇာနည်ပါ..
ငါတို့မြန်မာ အမျိုးသားနှလုံးအိမ်မှာ အသက်ခန္ဒာ တည်နေသမျှ....မင်းတို့က ခေါင်းဆောင်ပါ..
ငါတို့မြန်မာအမျိုးသားရင်မှာ..အတုမရှိ..စိတ်သဘောထားမြင့်မြတ်သူတွေပါ....
ငွေနဲ့ပေးမ၀ယ်နိုင်..
ရွှေနဲ့လဲမရနိုင်...
စိန်ရတနာတွေနဲ့..အဖိုးမဖြတ်နိုင်တဲ့....အနဂ္ဂအဖိုးထိုက်တန်သူတွေပါ....
ငရဲထက်ပူတဲ့ မီးတွေ..
မိစ္ဆာတွေ ရှို့လို့..
မင်းတို့တွေ လောင်မြိုက်ခဲ့ရပေမဲ့...
မင်းတို့ဖေါက်ခဲ့တဲ့လူ့ပြည်ကလမ်းမှာ..
နတ်သကြားလို့..ဆင်းလျှောက်ရင်း..သာဓုခေါ်မှာပါ....
ကောင်းရာသုကတိသို့...လားနေကြသူများ.....သို့..
ဒီတပုဒ်ရွေးဖြစ်သွားတာကိုး။ အကြိမ်ကြိမ်ဖတ်ဖူးပေမယ့် ဖတ်တိုင်း ခံစားရတဲ့ ကဗျာ။ ရွတ်ထားတာလည်း ကောင်းတယ်။
ကဗျာလေးကို ပြန်လည် ဖော်ပြပေးလို့ ကျေးဇူးပါ ဆရာမရေ...
မ ရေ… နှလုံးသားတွေ တစစီ လွင့်စင်သွားသလို ကြေကွဲခံစားရပါတယ်… ဘယ်တော့မှ မေ့လို့ မရပါဘူး…
သေနတ်ကလေးလည်း မျက်ရည်စိုတဲ့အထိ နူတ်ခမ်းကို ကိုက်မိတဲ့အထိ၊ ခံစားမိရပါတယ်.. ဒါလောက်ပဲ ပြောနိုင်ပါတယ် ပြောနိုင်တာထက် လုပ်နိုင်တာလေးတွေလည်း လုပ်ကြပါစို့။
Post a Comment