Jul 23, 2009

မြသီလာရဲ့ အဝေး

အဲဒီမှာ... အမေရိက... တဲ့။ လေယယာဉ်ပြတင်းပေါက်ကနေ ငုံ့ကြည့်တော့ သစ်ပင် အကိုင်းအခက် မည်းမည်းတွေနဲ့ ကောင်းကင်ပြာပြာက မလိုက်ဖက်။ စိမ်းစိုလန်းဆန်းတဲ့ မြန်မာပြည်နဲ့ ထိုင်းနိုင်ငံမှာ နေခဲ့တဲ့ ကျမအတွက်တော့ မြင်ကွင်းက ဘယ်လိုမှ ရင်ခုန် နွေးထွေးစရာ မရှိ။ ဘာပဲဖြစ်ဖြစ်.. ဒါ ကျမတို့ အခြေချရမယ့်မြေ။ ဆိုတော့ ကိုယ့်ကို နွေးနွေးထွေးထွေး လန်းလန်းဆန်းဆန်း ကြိုဆိုဖို့ မျှော်လင့်ထားပေမဲ့… ဖြစ်မလာလည်း ဒါဟာ လက်ခံရမယ့် အနေအထား။

အေးစက်စက် ခြောက်သွေ့သွေ့။ လေအေးစက်စက်က ကျမကို ဖြန်းကနဲ လှမ်းပက်တယ်။ ကျမရင်ထဲမလည်း တကယ်ပဲ အေးနေခဲ့တာ ၀န်ခံပါတယ်။ ဘာပဲဖြစ်ဖြစ်.. အပူထုထည် တွေနဲ့တော့ အတန်သင့် ဝေးခဲ့ပြီလို့ ပြောနိုင်တယ် မဟုတ်လားလေ..။ ပြီးတော့… မြသီလာရဲ့ အဝေး…. တကယ့်ကို အဝေးကြီး။ ပြီးတော့ ဒီလမ်းကို ကိုယ်တိုင်ပဲ ရွေးခဲ့တာ။ အဲဒီအချိန်မှာတော့ လာခဲ့ရရာလမ်းကို ပြန်စောင်းလို့ပင် မကြည်ချင်သေးပါ။ ခုထိ မောပမ်း နွမ်းနယ်ဆဲ..။ မောင်နေလင်းကတော့ စိတ်ဒုံးဒုံးချသလို ပေါ့ပါး ရယ်မောနေပါတယ်။ တကယ်တော့ အဲဒီအချိန်မှာမှ ကျမတို့ဆိုတဲ့ ၀န်ထုပ်ဝန်ပိုးကြီးက သူ့အပေါ် ပိသွားတာ။ ကျမစိတ်ထဲက အခိုက်အတန့်ပါ သားရယ်.. လို့ သူ့ကို အားနာနေမိခဲ့ပါတယ်။ ကြည့်ပါဦး။ တကယ့် ရေခြား မြေခြားမှာ… မိသားစု ၅ယောက်ကြီး… တဘ၀လုံးစာတွေ… ပြီးတော့ ကိုယ့်ဘာသာ လက်နဲ့ ယက်တက်ရမယ့် အနေအထား။ တကယ့်ကို အနှုတ်နဲ့ စရတဲ့ အနေအထားမှာလေ..။ ဒီနေရာမှာ အများသိသင့်တာလေး ပြောပြချင်ပါသေးတယ်။ DV လို့ အများသိကြတဲ့ Green Card Diversity Lottery အကြောင်းပါ။

များသောအားဖြင့်က DV ပေါက်တာကို အမေရိကန်က စရိတ်အကုန်အကျခံပြီး ခေါ်တယ်လို့ပဲ ထင်ကြပါတယ်။ သတင်းဌာနတွေက ပြောပြပေမဲ့လည်း မသိကြပါဘူး။ တကယ်တော့ DV lottery မှာ အမေရိကန်အစိုးရက Visa တခုတည်းကိုပဲ ထုတ်ပေးတာပါ။ အဲဒါတောင်မှ ရှောရှောရှူရှူ ထုတ်ပေးတာမျိုး မဟုတ်ပါဘူး။ လိုအပ်တဲ့ အချက်အလက်တွေ အကုန် ပြည့်စုံမှပါ။ ဒါဖြင့် ဘာတွေလဲ သေချာ ပြောပြချင်ပါတယ်။

+++++

ပထမဆုံး Online ကနေ DV လှမ်းလျှောက်တာကိုတော့ အားလုံး သိကြပါတယ်။ စက်တင်ဘာလကနေ နိုဝင်ဘာလအထိကြားထဲမှာ DV လျှောက်လွှာတွေ ခေါ်တာကို အချိန်မီ တင်ပေါ့။ အဲလို လျှောက်တဲ့အခါမှာ အချက်အလက်က အကုန် သေချာမှန်ဖို့ လိုပါတယ်။ နာမည်စာလုံးပေါင်း.. မွေးသက္ကရာဇ်.. ပညာအရည်အချင်း..။ အဲဒါဟာ တကယ်လို့ DV ပေါက်သွားခဲ့ရင် တောက်လျှောက် အတည်ဖြစ်သွားတာပါ။ မှားခဲ့ရင်လည်း မှားတဲ့အတိုင်း တောက်လျှောက်သာ လိုက်မှားပေရော့.. ဆိုပါတော့။ မဟုတ်ရင် အင်မတန် အလုပ်ရှုပ်အောင် ရှင်းရ လင်းရ ပါတော့တယ်။ အဲလို အောင်အောင်မြင်မြင် ထီထိုးပြီးသကာလ ပထမအဆင့် အရွေးချယ်ခံရပြီဟေ့ ဆိုရင်တော့ ကိုယ်ထီထိုးထားပြီး ၅လနဲ့ ၆လအတွင်းမှာ ပေါက်ကြောင်း အကြောင်းကြားစာနဲ့ အတူ Form တွေ ရောက်လာပါတယ်။ ကိုယ်က Single တင်ရင် Form တစုံ။ ကျမတို့တုန်းကတော့ မိသားစု ၅ယောက်စာ ၅စုံ တခါတည်း ရောက်လာပါတယ်။ ပြီးတော့ ဒါဟာ နောက်ဆုံးဆင့် ရွေးချယ်ဖို့ ကျန်သေးတယ်ဆိုတဲ့ သတိပေး တာလည်း ပါပါတယ်။ Form တွေကို သူတို့ စစ်ဦးမှာပါ။

သွားမယ်လို့ သေချာ ဆုံးဖြတ်ထားရင်တော့ Form တွေက သေချာဖြည့်ရမှာမို့ ဦးဆုံး copy ၂စုံလောက်ယူထားပြီး စမ်းဖြည့်ရပါတယ်။ ကိုယ့်ရှေ့မှာ DV ပေါက်ဖူးတဲ့သူ ရှိရင်တော့ မေးပြီး ဖြည့်တာ အကောင်းဆုံးပါ။ တချို့ နေရာတွေက နည်းနည်း ရှုပ်ထွေးတာမို့လို့ပါ။ နောက်တခုလိုတာက အမေရိကန်နိုင်ငံက Sponsor တယောက်ရဲ့ နာမည်တွေ လိပ်စာတွေ ဖြည့်ဖို့ လိုပါတယ်။ သေချာအောင်ဖြည့်ပြီးရင်တော့ စာတိုက်မှာ register လုပ်ပြီး သူတို့ အဆင်သင့် ထည့်ပေးထားတဲ့ လိပ်စာလေးကို ကပ်လိုက်ရုံပါပဲ။ ဖြစ်နိုင်ရင် အမြန်ဆုံးဖြည့် အမြန်ဆုံ ပြန်ပို့တာ ကောင်းပါတယ်။ ကျမတို့တုန်းက DV 2008 ကို ၂၀၀၆ နိုဝင်ဘာလကုန်ကာနီး Due date ကပ်မှ လှမ်းလျှောက်ခဲ့တာ ၂၀၀၇ ဧပြီလနောက်ဆုံးပတ်မှာ အကြောင်းကြားစာ ရောက်ပါတယ်။ ဇွန်လဆန်းမှာ Form တွေ ပြန်ပို့လိုက်ပါတယ်။ သူတို့ဆီက ကျမတို့ကို လုံးဝ လက်ခံကြောင်းစာက ကျမတို့ဆီကို ၂၀၀၈ ဇန်န၀ါရီလ နောက်ဆုံးပတ်ကျမှ ရောက်ပါတယ်။ ကျမတို့ ၂၀၀၈ စက်တင်ဘာ ၃၁ရက်နေ့ကို နောက်ဆုံးထားပြီး အမေရိကန်နိုင်ငံကို ရောက်ရမယ်။ မရောက်ရင် ဒီ ဗီဇာ သက်တမ်း ကုန်မှာ ဖြစ်တယ်လို့လည်း တပါတည်း သတိပေးတာ ပါပါတယ်။ ဒါကြောင့် အချိန် ၈လ ကျော်ကျော် ရပါတယ်။

အဲဒီစာပြန်ရောက်လာချိန်မှာ သံရုံးဝင်ဖို့ ရက်ချိန်းလည်း တခါတည်း ပါပြီးသားပါ။ ကျမတို့တုန်းက ဧပြီလ ၄ရက်နေ့ကို ချိန်းပါတယ်။ ပြီးတော့ လိုအပ်တဲ့ Requirement တွေနဲ့ သံရုံးမှာ ပေးရမယ့် ပိုက်ဆံ ဘယ်လောက်ဆိုတာကအစ ပါပါတယ်။ ဆိုတော့ ကြားထဲမှာ အချိန် ၂လလောက် ရပါတယ်။ ဗမာပြည်က လူတွေအနေနဲ့ဆိုရင်တော့ Passport မရှိသေးရင် လျှောက်ထားဖို့ အချိန်ရပါတယ်။ သံရုံးမ၀င်ခင် Passport မရလည်း သံရုံးကို လျှောက်ထားဆဲလို့ ပြောလို့ရပါတယ်။ သံရုံးဝင်တဲ့အချိန်မှာတော့ သူတို့ ကြိုတင်ပို့ပေးထားတဲ့ Requirements တွေ အကုန်ပါအောင် ယူသွားရပါတယ်။ မွေးစာရင်း.. အိမ်ထောင်စုစာရင်း.. ပညာရေး အဆင့်အတန်းအထောက်အထားတွေ.. ရဲစခန်းထောက်ခံစာ… နောက် ဆေးစစ်ထားတဲ့ စာရွက်စာတမ်း (ဆေးစစ်တာလည်း သူတို့ သတ်မှတ်ထားတဲ့ ဆေးရုံက သတ်မှတ် ထားတဲ့ ဆရာဝန်နဲ့သာ စစ်ရပါတယ်).. နောက် Passport နဲ့ ပတ်သက်တဲ့ အထောက်အထား.. ကိုယ့်ရဲ့ နိုင်ငံသားဖြစ်ကြောင်းအထောက်အထား..။ အဲဒီအဆင့်မှာတင် ပိုက်ဆံက တော်တော် ကုန်နေပါပြီ။ ဆေးစစ်တာကချည်းပဲ ဗမာပြည်မှာဆိုရင် သိန်းနဲ့ ချီပြီး ကုန်ပါတယ်။ သူက အသေးစိတ် အစုံ စစ်တာကိုး။

အဲဒီအထောက်အထားတွေကို စစ်ပြီးမှ သံရုံးက ဗီဇာပေးဖို့ ဆုံးဖြတ်တာပါ။ ဒီနေရာမှာ ပြောရမှာ တခုကတော့ ထုံးစံအတိုင်း သံရုံးကို ၀င်ရပြီဆိုတာနဲ့ တွေ့ခ တယောက် ဒေါ်လာ ၁၀၀ သွင်းလိုက်ရပါပြီ။ အဲဒီ ဒေါ်လာတွေ သွင်းလိုက်ချိန်မှာ ကျမတို့ Consular နဲ့ တွေ့ပြီး ဘာ ညာ ကွိကွ နည်းနည်းပြောပြီး သူ့လက်ထဲ ကိုယ့် requirements ထည့်လိုက်ရတဲ့ အဆင့်ပဲ ရှိသေးတာပါ။ သူ့လက်ထဲ အဲဒါတွေ ရောက်သွားပြီးတော့ သူက စောင့်ခိုင်းထားပါတယ်။ နောက် ၁နာရီလောက်ကြာတော့ (ကျမတို့က မိသားစု ၅ယောက်မို့ ပို ကြာတာပါ) Consular ပြန်ထွက်လာပြီး တချို့ အချက်တွေ သေချာ ပြန်မေးပါတယ်။ နောက်တော့ ပုံစံတချို့မှာ သူ ဟိုရေး ဒီမှတ်လုပ်ပြီး ငွေသွင်းခိုင်းပါပြီ။ (အဲဒီငွေက ဗီဇာထုတ်ပေးမှာမို့ သွင်းခိုင်းတာလား လည်း မသိပါ။ Consular ကတော့ ဘာမှမပြောဘဲ ငွေသွားသွင်းလို့ရပြီလို့ပဲ ပြောတာပါ။) အဲဒီအချိန်မှာတော့ တယောက်ကို ၆၇၅ ဒေါ်လာ သွင်းရပါပြီ။ (ဘုရား.. ဘုရား):P ကျမဆို ပိုက်ဆံပေးတော့ လက်တွေတောင် တုန်တယ်။ :D

အားလုံးပေါင်း တယောက် ၇၇၅ ဒေါ်လာနဲ့ ၅ယောက်စာ ၃၈၇၅ ဒေါ်လာကြီးများ သွင်းအပြီး ကျမခမျာ ဗီဇာလည်း မမြင်ရသေးလေတော့ ကတုန်ကယင်တောင် ဖြစ်ပါတယ်။ နောက်တခါ တနာရီလောက်ကြာပြန်တော့ Consular ပြန်ထွက်လာ.. ကျမတို့ကို ခေါ်။ မေးခွန်း နည်းနည်းမေး.. ပြီးတော့ ညာဘက်လက်ဖ၀ါးတွေထောင်.. ကျမ်းကျိန်ပြီးသကာလမှာတော့ ဒုံးဒုံးဒုံးဆို တံဆိပ်တုံးတွေ ထုပြီး ဗီဇာပေးမယ့်အကြောင်း ပြောပါတော့တယ်။ ဒါပေမဲ့ ကျမတို့မှာ လိုအပ်တာလေးတွေကို လာပေးဖို့ ထပ်ချိန်းပါတယ်။ အဲဒီ လိုအပ်ချက်တွေကတော့ တယောက်နဲ့တယောက် မတူပါဘူး။ ဥပမာ.. ကျမဆိုရင် သားကြီးအဖေဆုံးတဲ့ အထောက်အထား Death Certificate တောင်းပါတယ်။ နောက် သားကြီးနဲ့ ကျမရဲ့ DNA စစ်ဆေးချက် တောင်းပါတယ်။ (အဲဒီ DNA စစ်တာက ဒေါ်လာ တထောင်ကျပါတယ်)။ သားကြီးရဲ့ အဖေနာမည်နဲ့ ခု အိမ်ထောင်ဦးစီးနာမည် မတူ တာကြောင့်ပါ။ Step Father ဖြစ်နေတာကြောင့်ပါ။ တချို့ကတော့ TB ပိုး ရှိနေလို့ ဆေးသောက်ပြီး စောင့်ခိုင်း တာမျိုးလည်း ရှိပါတယ်။ တချို့ နာမည်လွဲနေတာတွေ..။ အဲလိုပေါ့။ တခါကဆိုရင် အတန်းပညာလိမ်ထားလို့ ပိုက်ဆံသွင်းပြီးမှ ဗီဇာမရတာတောင် ရှိတယ်လို့ ကြားဖူးပါတယ်။ အားလုံး သူတို့ လိုအပ်တာ ရပြီးပြီဆိုရင်တော့ ဗီဇာ ထုပေးလိုက်တာပါပဲ။ အနည်းဆုံးတော့ သံရုံးကို ၃ခါလောက် သွားကြရပါတယ်။ ဒါမဲ့ နောက် အခေါက်တွေကတော့ ပိုက်ဆံ မပေးရတော့ပါဘူး။

ဆိုတော့ လိုရင်းပြောရရင် DV ပေါက်လို့ သွားမယ်ဆိုရင် အရှုပ်အရှင်းဘာမှ မရှိတဲ့ လူတယောက်ကို ပျမ်းမျှ ဒေါ်လာ ၃၀၀၀လောက်ကုန်ရင် အမေရိက အရောက်ဆိုပါတော့။ သံရုံးအ၀င် ၇၇၅ဒေါ်လာ..။ ဆေးစစ်တာက ဒေါ်လာ ၁၀၀၀ ၀န်းကျင်လောက် ကုန်မယ်။ စာရွက်စာတမ်းကိစ္စတွေ… Passport လုပ်မယ့် စရိတ်နဲ့ လေယာဉ် လက်မှတ်ခ..။ အဲဒါပါပဲ။ (အမေရိကရောက်ရင် နေစရာ အဆင်သင့် ရှိထားဖို့တော့ လိုတာပေါ့လေ.. မဟုတ်ရင် နေစရိတ်ပါ ထည့်စဉ်းစားထားဖို့ လိုပါတယ်)။

+++++

အမေရိကရောက်ပြီဆိုရင်တော့ Green Card သမားရဲ့ အားသာချက်က စာရွက်စာတမ်းကိစ္စ ရှုပ်ရှုပ်ထွေးထွေး မရှိ။ ကိုယ်ပေးခဲ့တဲ့ လိပ်စာအတိုင်း Green Card တွေက စာတိုက်ကနေ ရောက်လာပါတယ်။ အဲလိုပဲ အမေရိကမှာ အလွန်အရေးပါသော Social Security Card တွေလည်း စာတိုက်ကနေ ရောက်လာပါတယ်။ နောက်အားသာချက်ကတော့ အလုပ်ရှာရ.. အလုပ်လျှောက်ရ လွယ်ကူတာပါပဲ။ ပြီးတော့ Benefit ရှိတဲ့ အလုပ်တွေလည်း (ရမယ်ဆို) တန်းလုပ်နိုင်တာပါပဲ။ ဒီတော့ ကြွေးရှိရင် မြန်မြန် ဆပ်နိုင်တာပေါ့နော်.. :P

တကယ်တော့လည်း စဉ်းစားကြည့်ရင် စိတ်ထဲ ကသိကအောက်ဖြစ်စရာပါ။ DV ခေါ်တယ် ဆိုတာက အနည်းဆုံး ၁၀တန်းအောင်ရမယ်လို့ ပညာအဆင့်သတ်မှတ်ထားတာမို့ သူတို့ တိုင်းပြည်ကို အနည်းဆုံး စာတတ်သူပဲ ရောက်လာမှာပါ။ အဲလိုပဲ အနည်းဆုံး ဒေါ်လာ ၃၀၀၀ တော့ သုံးပြီးလာနိုင်တာမို့ သိပ်အခြေနေမဲ့တော့ မဟုတ်ဘူးလို့လည်း ပြောရမှာပါ။ ဆိုတော့ အမေရိကန်ကလည်း လူလတ်တန်းစားအဆင့်လောက်ကို ရွေးယူလိုက်တာပါပဲ။ ခေတာတော့ မဟုတ်။ ဒီတော့ အနည်းဆုံး သူ့တိုင်းပြည်မှာ ပညာအခြေခံရှိသူတွေ တိုးပွား လာတာပါပဲ။ အဲဒီလူတွေရဲ့ မညံ့တဲ့ လုပ်အားတွေလည်း သူတို့ ရတာပေါ့လေ။ အမေရိကရောက်တော့လည်း သူတို့ရဲ့ စနစ် ယန္တယားထဲမှာ…. ၀ိုင်းပြီး လည်ပတ်ပေးရသလိုပဲ မဟုတ်လား..။

ဒါပေမဲ့.. ကျမကတော့ Green Card Lottery ကံစမ်းတာကို အားပေးချင်ပါတယ်။ သူများနိုင်ငံမှာ အလွယ်တကူနေခွင့်ရပြီး ကိုယ့်နိုင်ငံသားအဖြစ်ကိုလည်း စွန့်စရာ မလိုတာမို့ ကောင်းပါတယ်။ ပြီးတော့ ခုလို အချိန်မျိုးမှာ အနည်းဆုံး တိုးတက်တဲ့ နိုင်ငံတခုက ပညာရေး ကိုပဲဖြစ်ဖြစ် အတွေ့အကြုံကိုပဲဖြစ်ဖြစ် ရအောင် ယူနိုင်တဲ့ အခွင့်အရေးလို့ ထင်ပါတယ်။

+++++

ကျမတို့ နေဖို့ ရွေးချယ်လိုက်တာက Maryland ပြည်နယ်ထဲက Rockville ဆိုတဲ့ မြို့ငယ် လေးပါ။ ၀ါရှင်တန်ဒီစီနဲ့ နာရီဝက်စာ ကားမောင်းလာရတဲ့ မြို့ကလေးပေါ့။ နယ်မြို့တွေကို ချစ်တတ်တဲ့.. မေမြို့ကို စွဲလန်းတဲ့ ကျမအတွက်တော့ Rockville က မေမြို့ပါပဲ။ ဆရာ ဦးဝင်းဖေကတော့ ကျောက်မြို့လို့ ခေါ်တယ်။ ဆိုတော့လည်း ကျောက်မဲ အလွမ်းပြေပေါ့။ သစ်ပင် အုံ့အုံ့ဆိုင်းဆိုင်းတွေနဲ့.. ကျမ မကြိုက်တဲ့ တိုက်တာမြင့်မြင့်ကြီးတွေ မရှိတဲ့ ဒီမြို့လေးဟာ အေးလည်း သိပ် အေးချမ်းတာပါပဲ။

( Washington DC ကနေ Maryland ကို လာတဲ့ လမ်းတလမ်း)

ကျမ သဘောကျလို့ မောင်နေလင်း နေရာ ချပေးတဲ့ အိမ်ဝင်းဆိုရင် အိမ်နောက်ဘက်မှာ သစ်ပင်စိမ်းစိမ်းစိုစို ခင်တန်းလေးနဲ့.. သမင်လေးတွေကဆို အိမ်နားထိတောင် ကပ်ကပ်လာတာ..။

(အိမ်နောက်ဘက်ကို လာနေကျ သမင်လေးတွေ)

နောက် ဒီရောက်မှ မြင်ဖူးတဲ့ Raccoon လေးတွေ အုပ်လိုက်။ တောကြောင်ပေါက်လေးတွေ.. မြေခွေးပုလေးတွေလည်း ရှိရဲ့။ ရောက်စတုန်းကတော့ သမီးနဲ့ သားငယ်လေးက အဲဒါလေးတွေကိုပဲ အဆန်းတကြယ် ဖြစ်နေသေးတာ။ ငှက်ကလေးတွေကလည်း ရှားပါးမျိုးလေးတွေတောင် တွေ့ရတတ်တယ်။ သဘောအကျဆုံးကတော့ တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့ ပတ်ဝန်းကျင်နဲ့ နေရတာကိုပါပဲ။ အိမ်ဝင်းကနေ ၁၀မိနစ်လောက် လျှောက်ရင် ဘူတာရုံရောက်ပြီဆိုတော့ သွားလာရေးလည်း အဆင်ပြေ။

(ကျမတို့ရဲ့ ဘူတာရုံကလေး)

(ဒီလမ်းလေးဆုံးရင် ဘူတာရောက်ပြီ..။ အဲဒါ ရောက်စက ရိုက်ထားခဲ့တာ)

ရောက်စကတော့ တကယ့် အေးတဲ့ ရာသီနဲ့တိုးတာမို့ နေရခက်ပေမဲ့ ဘ၀မှာ အဆိုးတွေ အများကြီး ရင်ဆိုင်ခဲ့ဖူးတာမို့ ရာသီအေးတာလောက်တော့ စာမဖွဲ့ချင်တော့ပါ။

(ရောက်စက ကြုံရတဲ့ ဆောင်း)


(ခုတော့လည်း သူမဟုတ်သလို)

ဒါဖြင့် ဘာကို စာဖွဲ့ချင်သလဲဆိုရင်တော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်သစ်မှာ ရတဲ့ သင်ခန်းစာတွေ.. ခံစားချက် တွေကိုတော့ ဆင်ခြင်စရာဖြစ်အောင် စာဖွဲ့ချင်တာပေါ့။ ပြီးတော့ သူတို့နိုင်ငံရဲ့စနစ်ထဲ အပြေးအလွှားလိုက်ရလို့ မောတာတွေကို စာဖွဲ့ချင်တာပေါ့။ အဲဒီထဲမှာ အားသာချက်.. အားနည်းချက်တွေ….. ပါမှာပေါ့နော် ။


21 comments:

poe said...

မမေငြိမ်းေ၇ ဒီပို့စ်လေးဖတ်ပြီး ၀မ်းသာ၇ပါတယ်...ခုတော့ဘ၀သစ်ကို အားမာန်အပြည့်နဲ့စနေ၇ပြီပေါ့...
မမေငြိမ်းတို့မိသားစုလေး အစစအရာရာ
အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပါတယ်..

rose of sharon said...

ဆရာမရေ.... DV အကြောင်းအသေးစိတ်ရေးပေးလို့... ဗဟုသုတရတဲ့အတွက်ကျေးဇူးတင်ပါတယ်.... ဒီပို့စ်လေးကတကယ်ကိုတန်ဘိုးရှိပြီးဖတ်ရကျိုးနပ်တယ်... ဆက်ရန်မျှော်နေပါမယ်....

CMS said...

အစစအရာရာအဆင်ပြေပါစေ ဆရာမ :)

MieMie said...

မမေငြိမ်းရဲ့  ဘ၀သစ်လေး ဒီကိုရောက်ပြီးတဲ့ အချိန်က
စပြီး အေးချမ်းပြည့်စုံပြီလို့ မျှော်လင့်ပါတယ်...

ဂရင်းကဒ်ကံစမ်းမဲပေါက်လို့ သံရုံးအင်တာဗျုး ၀င်တဲ့အခါ
ဗီဇာအပယ်ခံရပြီး ငွေတွေကုန် စိတ်ဓါတ်တွေ အကြီးအကျယ် ကျသွားတဲ့သူတွေလည်းရှိပါရဲ့ ...
တင်သမျှစာရွက်စာတမ်းတွေအားလုံးကို မိမိဆီမှာ ကော်ပီရှိထားဖို့အရေးကြီးပါတယ်...

ယူအက်စ်ရောက်လာပြီးရင်လည်း မိမိသုံးတဲ့ နေထိုင်တဲ့လိပ်စာက စာတိုက်ပုံးမှာ (မိမိကလူသစ်ဖြစ်နေတော့)မိမိရဲ့  နာမည်ကိုရေးထားဖို့လည်းလိုအပ်ပါတယ်..နာမည်
မတွေ့လို့ ဆိုရှယ်ကဒ် မိမိဆီရောက်မလာတာမျိုးလည်း ရှိပါတယ်...


mie nge

Vigor said...

Hi...I love the scenery you photographed,.. Thanks for sharing...Enjoy..

Nge Naing said...

ဆရာမရေ
ဘ၀ဖြတ်သန်း မှုလေးတွေကို ဖတ်သွားပါတယ်။ အမေရိကန်က ကံစမ်းမဲနဲ့ ခေါ်တာကိုပဲ ပညာအရည်အချင်း ကြည့်တာ အများကြီးတော်ပါတယ် ဆရာမ။ အော်စီက ဒုက္ခသည်ခေါ်တာတောင် ခွဲခြားခွဲခြားလုပ်တယ် ကိုယ်ရေးရာဇ၀င်ကြည့်ပြီး ပညာအခြေခံနည်းတဲ့သူတွေကို အချိန်သိပ်ဆွဲသလောက် ဘွဲ့ရပညာတတ်တွေကို ဆိုရင် အင်တာဗျူးတောင် မခေါ်ပဲ ဆေးစစ် Form တခါတည်း ချပေးတာ ရှိတယ်။ သူဆေးစစ် Form တခါတည်းပေးပြီး ရောက်လာတဲ့သူတွေ ရောဂါရတဲ့သူနဲ့ အလုပ်မလုပ်နိုင်သူနဲ့ တင်ကြွေးထားရတယ်။ ကိုယ်ကျိုးအတွက် ဒုက္ခသည် ခေါ်တာ တွက်ခြေမကိုက် ဖြစ်သွားတာပေါ့။ ဒုက္ခသည် ခေါ်တဲ့နေရာမှာတော့ အမေရိကန်က ဘာပဲဖြစ်ဖြစ် ရပ်တည်ချက် မှန်ကန်ပါတယ်။ သူသတ်မှတ်ထားတဲ့ စံအတိုင်း ၀င်ရင် စာတလုံးမှမတတ်လည်း ခေါ်တယ်၊ ရောဂါရှိလည်းခေါ်တယ်။ အဲဒီအတွက်တော့ ကျွန်မကြိုက်တယ်။

စည်သူ said...

ပို့စ်လေးကိုဖတ်ပြီး

စိတ်ကိုအေးချမ်းသွားတယ်အမရေ
အေးချမ်းလှတဲ့ ဆောင်း ကိုလည်းခံစားသွားတယ်..။

DV အကြောင်းလည်းဗဟုသုတရသွားတယ်..။

ပျော်ရွှင်စရာ မိသားစုကမ္ဘာလေးဖြစ်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်..။

လေးစာစွာဖြင့်
စည်သူ။

မေ့သမီး said...

အမရ ကိုယ်တိုင်လည်းတခါမှအဲဒါကို မလုပ်ဘူးတော့ အခုအမပြောမှပဲ စဉ်းစားမိပါတယ်။ တကယ်တော့ သူတို့နိုင်ငံကဗီဇာပေးတယ်ဆိုပေမယ့် လူတိုင်းပေးနေတာမှမဟုတ်တာ။ တော်တော်ကောင်းတဲ့ အတွေးအခေါ်လို့တောင်ပြောလို့ရနေပြီနော်။

သက်ဝေ said...

ဆရာမရေ...
မြသီလာရဲ့ အဝေး ဆိုပေမယ့် ဖတ်ပြီး ဝမ်းသာမိပါတယ်... ဓါတ်ပုံလေးတွေကလဲ ချစ်စရာ... နေရာလေးတွေကလဲ နေချင်စရာလေးတွေ...
နေရာသစ်မှာ ဆရာမတို့ မိသားစုလေး ငြိမ်းချမ်း အေးမြပါစေလို့ ဆုတောင်းပါတယ်...

pandora said...

အစ်မရေ
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲ DV ပေါက်တဲ့ မိန်းကလေးတယောက်နဲ့ စကားပြောဖြစ်ပါသေးတယ်။ သူကလည်း ပေါက်ပြီးတဲ့အခါ ဖြတ်ကျော်ရသေးတဲ့ အဆင့်တွေအကြောင်း ပြောပြပါတယ်။ အခုထိတော့ process ထဲမှာပဲရှိသေးသတဲ့။

ဗဟုသုတ မှတ်သားစရာ.. ကျေးဇူးပါ။

အစစအရာရာ အဆင်ပြေသထက် ပြေပါစေ။

သက်ပိုင်သူ said...

အမရေ
ဖတ်သွားပါတယ်
ဆက်ရေးပါဦးနော်

Rita said...

အစ်မရဲ့ အတွေ့အကြုံကြောင့် ၀မ်းသာဝမ်းနည်း ဖြစ်မိပါတယ်။ ဆောင်းရာသီကိုတော့ ကြည့်ရုံကြည့်ပြီး အားကျမိတယ်။ ဒီမှာ ဆောင်းမရှိဘူးလေ။ မနှစ်က ဒီဇင်ဘာမှာ IC လာတော့ အငဲက ဒီဇင်ဘာ သီချင်းဆိုသွားတော့တောင် မိုးထဲရေထဲ နားထောင်လိုက်ရသေး။ အေးတယ်ပြောပြော ဘာပဲပြောပြော.. နေပူတာနဲ့ မိုးရွာတာပဲ မြင်ရတာထက်စာရင် တော်သေးတယ်လို့ ထင်မိတယ်။

တိုက်တိုက်ဆိုင်ဆိုင် ခုရက်ပိုင်းပဲ ရုံးက ကိုယ့်စာရွက်စာတမ်းဟောင်းတွေကို (ပြန်ကြည့်ဖို့ လိုဦးမယ် အထင်နဲ့) ပစ်ချိန်တန်လို့မှ မပစ်နိုင်သေးဖြစ်နေတော့ တွေးမိသေးတာ...
စွန့်ရတယ် ဆိုတာ လွယ်မှတ်လို့နော်။

Moe Cho Thinn said...

ဆရာမရေ
ငွေလမ်းခင်း လုပ်ရတာပါပဲလား။ ကံကောင်းလို့ ဒီဗီပေါက်ပေမဲ့ ငွေကတော့ ကုန်ရသေးတာပဲနော်။ ဒါပေမဲ့ မိသားစုလိုက် တပြိုင်တည်း ရောက်ရ၊ ရင်ဆိုင်ရတော့ အများကြီး စိတ်သက်သာသေးတယ်။ တချို့ဆို မိသားစုတွေ ထားပြီး လာရတာလေ။

ဆရာမတို့မြို့လေးတော့ ပုံတွေကြည့်ပြီး သိပ်စိတ်ချမ်းသာ သွားပြီ။ တနေ့တော့ လာဖြစ်အောင် လာလည်အုံးမယ် ဆရာမရေ။ အိမ်နောက်မှာ သမင်လေးတွေ ရှိနေတာတဲ့။ ချစ်လိုက်တာ မပြောပါနဲ့တော့..

မေငြိမ်း said...

Poe ရေ.. အားနဲ့ မာန်နဲ့ Stress နဲ့ attack နဲ့ဆိုပါတော့ :D
ဟုတ်တယ် Sharon ရေ.. သိစေချင်တာကြောင့်လေ။
CMS.. ကျေးဇူး..:)
Mie Nge ရေ.. ကောင်းတယ်.. အဲလို သတိထားစရာလေး ဖြည့်ပြောပေးတာ..။ ကျေးဇူးတင်တယ်နာ်..
Vigor.. နောက်ထပ်လည်း တင်ပေးဦးမှာနော်.. ဓာတ်ပုံရိုက်တာ ၀ါသနာပါတော့ ရိုက်ထားတာ အများကြီးရယ်..။
ဟုတ်တယ် မငယ်ရေ..
နောက်တခုက အမေရိကမှာ multi culture မို့ နေရတာလည်း ပိုကောင်းတယ်။ အမ ခုထိ ကြုံရသလောက်တော့ Discrimination မရှိလှဘူး။
စည်သူရေ.. ဆုတောင်းပေးတာ ပြည့်ပါရစေ.. :)
မေ့သမီးရေ..
တကယ်တော့ သူ့နိုင်ငံရဲ့ စနစ်ထဲ မောတယ်သာ ပြောတာပါ.. လူဆိုတာအပေါ်မှာ အာမခံချက်တွေ အခွင့်အရေးတွေတော့ ရှိတာမို့.. မောရကျိုး နပ်ပါတယ်။
သက်ဝေရေ..
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ..။
ရွှေပန်ရေ...
လိုတာရှိ မေးနိုင်ပါ၏..။ ပေးတဲ့ဆုနဲ့ တလုံးတ၀ ပြည့်ရပါလို၏..။
သပသ.. စိတ်ချ။ :D
Rita ရေ..
အချိန်တချိန်မှာ.. မစွန့်မဖြစ်ဆိုတဲ့ အဖြစ်အပျက်..ဒါမှမဟုတ်.. ခံစားချက်မျိုး ကြုံလာရတဲ့အခါ............. :(
ချိုသင်းရေ..
အဲဒီ မိသားစုအကုန်တူတူလာရတာက အမြတ်ဆုံးပေါ့နော်..။ ခုထိ အဲဒါကိုပဲ စိတ်ကျေနပ်ပြီး အမောပြေနေရတာလေ..။ ဟေးး ဘာတနေ့တော့လဲ.. ဒီတခါ Vacation မှာ လာကို လာရမှာ။ ဆရာဦးဝင်းဖေဆီလည်း လာလည်ဖြစ်အောင်လေ။ ခု အသစ်ပြောင်းတဲ့ ဆရာ့အိမ်က သိပ်လှတာပဲ။ မြန်မြန်ရောက်အောင်လာ.. ဒါပဲ :)

Maung said...

သမင်ချစ်တယ်ဆိုတဲ့ချိုသင်းရေ..
တွေ့ရင်သမင်အကြောင်းပြောပြမယ်..
သတိပေးပါ..
ဆရာမကိုမေးကြည့်...:)

NL

မေငြိမ်း said...

ဟုတ်သားချိုသင်းရေ..ပြောဖို့မေ့နေတာ။ ဟိ.. အလည်ခေါ်လို့ ရောက်လာလည်း မောင်နေလင်းအိမ်ပဲ အကျယ်ကြီး ..ဟီဟိ.. ပြီးတော့ သူပဲ လိုက်ပို့ရမှာ.. ခစ်ခစ်.. သူ့အားကိုးနဲ့ ခေါ်တာလေ။ သယ်ရင်းတွေ ပြန်တွေ့ရတာပေါ့။ သမင်နဲ့ မောင်နေလင်းဇာတ်လမ်းလည်း ထည့်ရေးဦးမယ်။ :D

တန်ခူး said...

မ ရေ... မြသီလာနဲ့ အဝေးမှာ တည်ငြိမ်ငြိမ်းချမ်းမှုတွေနဲ့ အစပြုလို့  ချစ်စရာမိသားစုလေးရဲ့ အပြုံးလေးတွေ တွေ့ ရတော့ ၀မ်းသာမိပါတယ် မရယ်...
ဒီဗွီအကြောင်းပြည့်ပြည့်စုံစုံလေးရေးထားတာ ကျေးဇူးပါ မ ရေ... လျှောက်ချင်တဲ့သူတွေကို ညွှန်ပေးလို့ ရတာပေါ့နော်...
မြို့ ကလေးရယ်..ဘူတာရုံလေးရယ်... သစ်တောအုပ်လေးတွေရယ်...ပြီးတော့ သမင်လေးတွေရယ်... အားကျလိုက်တာ မ ရေ.. ဒီမှာတော့ မီးခြစ်ဆံဗူးလေးထဲက ဘ၀တွေလေ...

ပုတီတိုး said...

ဆရာမ ..တခုမေးချင်လို့ ပါ.. DV..ပေါက်တဲ့သူတွေကို..အစိုးရက..နေစရာစီစဉ်ပေးတယ်ဆိုတာ..မဟုတ်ဘူးလားခင်ဗျာ..အဲဒီမှာအသိမရှိတဲ့လူတွေ..ဘယ်လိုလုပ်လဲခင်ဗျ? ..

မေငြိမ်း said...

ပုတီတိုး..
လုံးဝ မဟုတ်ပါ။ အမေရိကန်အစိုးရက ဘာမှ ထူးပြီး လုပ်မပေးပါ။ အားလုံး ကိုယ့်ဘာသာ စီစဉ်ရပါတယ်။

sumiko said...

မှတ်သားစရာ..ပို့စ် ပါ.. ကျေးဇူးပါ.. နေထိုင်ဖို့အတွက် နေရာ ရွေးချယ်ပုံ နဲ့.. အလုပ်အကိုင် အနေအထားတွေ ကိုပြောပြပေးနိုင်မယ် ဆို..အထူးကျေးဇူးပါ.. စောင့်ဖတ်ပါ့မယ်

Thu Thu said...

အခုမှပဲ DV information ကိုသေသေချာချာ သိတော့တယ်။ ကျေးဇူးပါ မမရေ။