Oct 10, 2010

ချစ်ခြင်းများ (၂)


မီးဖိုချောင်ထဲက ဂက်စ်မီးဖိုတွေရှေ့ရပ်တိုင်း Sylvia Plath ကို သတိရတာတော့ ဘယ်ဟုတ်ပါ့မလဲ…။
သာယာတဲ့မြစ်ကမ်းဘေးထိုင်တိုင်းလည်း Virginia Woolf ကို အမှတ်မရပါဘူး။
အချိန်မှန်မှန် ကျတတ်တဲ့စိတ်တွေထဲမှာတော့ Frida Kahlo ကို သတိရအောင်
ထည့် ထည့် တွေးမိတာတော့ အမှန်…။
လူ့ဘ၀မှာ ငွေကြေးက ဘယ်လောက်မှ အရေးမပါဘူးလို့ တွေးတတ်အောင်
သင်ခဲ့တာတော့ Marilyn Monroe ပဲ။
မေတ္တာတရားအတွက် စာရွက်စာတမ်းသက်သေ မလိုဘူးဆိုတာကို အတည်ပြုပေးတဲ့
Simone de Beauvoir ကြောင့်
အချစ်ရဲ့ တန်ဖိုးကို ပိုသိခဲ့။
လောကကြီးထဲ နေစရာရှားလိုက်တာလို့ တွေးမိရင်တော့ Van Gogh ကို သတိရပြီး
ပြောင်းခင်းကို မကြည့်မိအောင် နေရတယ်။
ငါ့ရဲ့ လှပလှတဲ့ ဦးနှောက်ကို တန်ဖိုးမသိသူတွေအတွက် မပေးတော့ဘူးလို့များ
မြို့မငြိမ်း တွေးလေသလား လို့ သိချင်မိ။
အချစ် ငွေကြေး အောင်မြင်ကျော်ကြားမှု သားသမီး ချစ်ဇနီးဆိုတာတွေထက်
ဘာကများ ပိုအရေးကြီးခဲ့သလဲ ဆိုတာကိုတော့ Elvis Presley က ပြောပြမသွားခဲ့ဘူး…။
ဒါပေမဲ့ သူတို့တွေဆီကနေ လောကထဲမှာ ထွီစရာတွေ များလှတယ်ဆိုတာကိုတော့ တကယ်ပဲ ခံစားခဲ့ရ….။
ကဲ… ခုနေခါ ကျမ ဘယ်သူ့ကိုများ လွမ်းဆွတ်ရဦးမှာပါလိမ့်…။

၁၀၊၁၀၊၁၀

3 comments:

သဒ္ဓါလှိုင်း said...

ကဗျာလေးကိုသေချာဖတ်သွားပါတယ်..။
ဘယ်သူ့ကိုများလွမ်းဆွတ်ရဦးမှာပါလိမ့်............

ခင်မင်စွာ
သဒ္ဓါလှိုင်း

ညီလင်းသစ် said...

အမရေ့..
စိတ်ပြေလက်ပျောက် ပင်လယ်ကမ်းစပ်ဖက် လျှောက်ရင်တောင်မှ Ernest Hemingway ကို သတိရ ချင်ရမိဦးမှာ မဟုတ်လား...၊ သူ့အဖေရဲ့ ဘဝအဆုံး သတ်ပုံကို အမြဲအပြစ်တင်လေ့ရှိတဲ့ လူလေ၊ ပင်လယ်ပြာထဲက တံငါအိုကို ဖွဲ့စဉ်မှာတော့ သူလည်း အဖေ့လမ်းစဉ်လိုက်လိမ့်မယ်လို့ တွေးနေမိမယ် မထင်ဘူး၊

ငြီးငွေ့စိတ်ကျခြင်းဆိုတာ တကယ့်ကို တငွေ့ငွေ့နဲ့ အတွင်းလှိုက်လောင်တဲ့ ဖွဲမီးပါပဲဗျာ...။

မေငြိမ်း said...

ဟုတ်လိုက်တာ ညီလင်းရေ..
ငြီးငွေ့စိတ်ကျခြင်း...
ခုမှ တကယ် ပြည့်စုံတဲ့ ခံစားချက်။ ကျေးဇူး...