Oct 22, 2010

ဘွယ်ကြီးရေ…

အဲဒီတုန်းက ၁၉၈၅…။ သူ့ကို ကျမက ဘွယ်… လို့ ခေါ်နေကျပါ။ သူက တဦးတည်းသောသား…။ အဖေနဲ့အမေက အင်မတန် ပုံအောချစ်တဲ့ သားပေါ့။

ကျမက ညီအမတွေအများကြီးထဲက အကြီးဆုံး။ ပြီးတော့ သူငယ်ချင်းယောက်ျားလေး အများကြီး ရှိတဲ့သူ။ ကျမက ယောက်ျားမဆန်ပေမဲ့ ကျမကိုဆို ယောက်ျားလေးသူငယ်ချင်းတွေက ယောက်ျားလေးအချင်းချင်းလို သဘောထားပြီး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးဆက်ဆံကြတာ အမြဲပဲ။ ဒီတော့ ဘွယ်နဲ့ကျမကလည်း သူငယ်ချင်းလိုရော ညီအကိုလိုရော မောင်နှမလိုရော တော်တော် ရင်းနှီးချစ်ခင်ကြတာပါ။ တကယ်တော့ ကျမက အတန်းကြီးပေမဲ့ အသက်ကျတော့ သူက ကျမထက် ၃လကြီးတယ်။ ကျမနဲ့သူ အတန်းကွာပေမဲ့ နင်လုံး ငါလုံး ရိုက်ပြီး ပြောဆိုကြတာ။ ရန်ဖြစ်လိုက်.. ငြင်းလိုက်ခုန်လိုက်..။ ဒါပေမဲ့ တခါမှ မခေါ်မပြော မနေခဲ့ကြဖူးပါဘူး။ သူနဲ့ကျမ မဂ္ဂဇင်းတွေမှာ စာရေးတော့လည်း ရှေ့ဆင့် နောက်ဆင့်..။ သူ့ကို စင်တင်တာက ရှုမ၀..။ ကျမကို စင်တင်တာက ပေဖူးလွှာ။ ကျမက ရှုမ၀က မွေးတဲ့စာရေးဆရာ ဖြစ်ချင်တာမို့ သူ့ကို အားတကျကျ။

ကျမနဲ့သူက ငြိမ်းကျော် ကြိုက်တာ တူတူ.. မင်းလူ ကြိုက်တာ တူတူ..။ စာရေးဆရာဖြစ်ချင်တာလည်း အတူတူ။ သုတေသနစာတမ်းတွေ ကြိုက်တတ်တာလည်း တူတူ။ မြန်မာစာကို မြတ်နိုးလို့ အထူးပြုဘာသာရပ်အနေနဲ့ တမင် ရွေးယူခဲ့ကြတာလည်း အတူတူ။ မတူတာကတော့ ကျမက စာရေးရင် သစ်အောင် ထွင်ရေးမယ်လို့ စဉ်းစားတာကို မကြိုက်ဘူး။ ကိုယ် စိတ်ပါသလို ချရေးဖို့ အားသာတယ်။ သူကတော့ presentation နဲ့ စကားလုံးအသုံးကို ထွင်ဖို့ ကြိုးစားချင်တယ်။ ကျမရေးတာကို ရိုးတယ်လို့ သူက ဝေဖန်သလို သူရေးတာကိုလည်း အဆန်းထွင်တယ်လို့ ကျမက ပြောတတ်တယ်။

အဲဒီတုန်းက ကျမက ကျမ မချစ်ဘဲနဲ့ လက်ခံလိုက်မိတဲ့ ရည်းစားတယောက်နဲ့ တွဲနေကြတာ။ ကျမက ကျမရည်းစားကို ဘယ်လိုပြန်ဖြတ်ရမှန်းမသိတဲ့အကြောင်း သူ့ကို ရင်ဖွင့်နေကျ။ အဲဒီအခါ သူက ကျမကို ဆူတတ်သလိုပဲ.. အဲလိုပဲ ကျမ ရည်းစားနဲ့ Canteen ထိုင်လည်း သူ ရှိ ရှိနေကျလေ။

ဘွယ်က ညဆို သူ့အဖေနဲ့ တူတူ အရက်နည်းနည်း သောက်တယ်။ တခါတလေတော့ သူ့အဖေက ပုံမှန် ဆေးဖြစ် ၀ါးဖြစ်သောက်ပြီး သိမ်းသွားလည်း ဒင့်က ဆက်သောက်တတ်သေးတာ။ သူ့ရဲ့ နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး နည်းနည်း ညစ်တစ်တစ် ရှိတဲ့ နေ့တွေမှာပေါ့။ အဲဒီအခါကျရင်တော့ ကျမက ဓားစာခံပဲ.. ည ည အချိန်မတော် ကျမဆီဖုန်းဆက်ပြီး ရင်ဖွင့်တာ.. မပြီးနိုင် မစီးနိုင်…။ ကျမဖြင့် တယ်လီဖုန်း ကိုင်ထားရတာ လက်ကို ညောင်းတဲ့အထိ။ ကျမအဖေက ဘွယ့်အဖေ စာရေးဆရာကြီးကို လေးစားလေတော့ ဘွယ်နဲ့ကျမ ဖုန်း အကြာကြီး ပြောလည်း မဆူပါဘူး။ ပြီးတော့ ကျမတို့နှစ်ယောက် တကယ့် ညီအကို မောင်နှမတွေလို ရင်းနှီးကြတာကိုလည်း သိကြတာကိုး။

ဒီလိုပါပဲ.. အဲဒီတုန်းက ကျမရဲ့ ရည်းစားကို ကျမ မရ ရအောင် ဖြတ်လိုက်တော့ အဲဒီရည်းစားက ပြဿနာတွေ ရှာလို့ ကျမ အရှက်ရ.. စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတွေဖြစ်ရတော့လည်း သူပဲ အားပေးရတာပေါ့။ နောက်ထပ် သူနဲ့ ကျမ မတူတာက သူက အင်မတန် အစွဲအလန်းကြီးပြီး သစ္စာကြီးတာပဲ..။ ကျမကကျတော့ အဲဒီတုန်းက ခံစားရရင် ခဏပဲ..။ သိပ်အစွဲအလန်းလည်း မထားတတ်ဘူးထင်ပါရဲ့။ အဲဒီရည်းစားနဲ့ ပြတ်ပြီး တနှစ်မကြာဘူး နောက်ရည်းစားထပ်ထားတာပဲ..။ “ဟဲ့..နေစမ်းပါဦး.. နင်တကယ်ချစ်တာ ဘယ်ရည်းစားကိုလဲ”လို့ ပြုံးစေ့စေ့နဲ့ ကျမကို မေးတတ်တာ လည်း သူပါပဲ။ ကျမက လက်ရှိတယောက်ကိုတော့ အချစ်ဆုံးထင်တာပဲလို့ဖြေရင် ကျမကို မျက်စောင်းထိုးတတ်သေးတယ်။ သူကတော့ ကျမနဲ့ ဆန့်ကျင်ဘက်.. သစ္စာကြီးလွန်းသူလေ..။

သူက ကျမကို နံပြားလို့ တခါတလေ စတယ်။ ကျမမျက်နှာက ပြားပြားကြီးမို့လို့တဲ့လေ..။ ဒီတော့ ကျမကလည်း ဘွယ်က အသားညိုညို.. အရပ်ရှည်ရှည်.. မျက်နှာရှည်ရှည်မို့ ဆီးချိုပေါင်မုန့်ကြီးလို့ ပြန်ခေါ်တယ်။ ကျမနဲ့သူ တော်တော် ချစ်ခင်ခဲ့ကြတာကို အဲဒီကာလတုန်းကတော့ သတိမထားမိပါဘူး။ ဝေးသွားမှပဲ.. ကိုယ့် မောင် ကိုယ့်အကိုတယောက်ကို သတိရသလို သူ့ကို ခဏခဏ သတိရမိတော့မှ သူ့ကို ကျမ တကယ် ချစ်ချစ်ခင်ခင် ရှိခဲ့ပါလားလို့ တွေးမိတော့တာပါ။

မှတ်မှတ်ထင်ထင်ဖြစ်ရတာက.. သူ ပထမအကြိမ် ထောင်ကျနေတုန်း.. ကျမတပည့်မလေးတယောက်က ဘွယ့်လိုပဲ နိုင်ငံရေးနဲ့ ထောင်ကျနေတဲ့ သူ့အကိုကို ထောင်ဝင်စာသွားတွေ့ရင်း ဘွယ့်ကိုပါ တွေ့ခဲ့ရတာမှာ ဘွယ်က ကျမဆီစာလေးတစောင် အဲဒီကလေးမလေးနဲ့ ထည့်ပေးလိုက်တာ။ စီးကရက်ဗူးထဲက ငွေရောင် စက္ကူကျောဘက်မှာ လက်ရေးသေးသေးလေးတွေနဲ့ ရေးထားတာ..။ စက္ကူလေးက သေးသေးလေး ဖြစ်အောင် လိပ်ပြီး ခိုးထုတ် ယူခဲ့ရလို့မို့ တွန့်ကြေလို့ ..။ စာထဲမှာတော့ မဂ္ဂဇင်းထဲပါတဲ့ ကျမ၀တ္ထုတွေ သူ အထဲမှာ ဖတ်ရတဲ့အကြောင်း.. ကျမကို သတိရတဲ့အကြောင်းနဲ့ ယုံကြည်ချက်အတွက် သူဒီလို ဘယ်လောက်ကြာကြာ နေရမယ် မသိဘူးဆိုတာတွေ ရေးထားတာ။ ကျမကို စာရေးဆရာအနေနဲ့ရော ကျောင်းဆရာမအနေနဲ့ပါ အောင်မြင်အောင်ကြိုးစားဖို့လည်း မှာတာ..။ သူကတော့ မဖြစ်နိုင်တော့ဘူး တဲ့။ မှတ်မိသေးတယ်။ အဲဒီစာကို ဖတ်နေတုန်းက ကျမက လှိုင်တက္ကသိုလ်ရဲ့ မြန်မာစာဌာနထဲမှာ..။ ဖတ်နေရင်း ကျမ မျက်ရည်တွေ ပေါက်ပေါက် ကျခဲ့တာ။ အဲဒီတော့မှပဲ ကျမနဲ့သူ့ကြားက သံယောဇဉ်ကို ကျမ ပိုသိသွားခဲ့တာ။

ကျမတို့ ခေတ်တုန်းက သွေးမတော် သားမစပ် ယောက်ျားလေးတယောက်နဲ့ မိန်းကလေးတယောက် ခင်မင် သံယောဇဉ်ရှိကြပြီဆိုရင် မရိုးမသား ထင်ပစ်လိုက်ကြတာ ရှိတယ်။ ကျမနဲ့ ဘွယ်နဲ့ကတော့ ဖြူစင် ရှင်းလင်းလွန်း လို့လား မသိဘူး.. မိဘတွေကရော.. သူ့ရည်းစား ကိုယ့်ရည်းစားတွေကရော.. သူငယ်ချင်းတွေကရော ဘယ်လိုမှကို မရိုးမသား မထင်ခဲ့ကြပါဘူး။ ပြောရရင် ကျမဘ၀မှာ အဲလို ချစ်ရ ခင်ရ သံယောဇဉ်ဖြစ်ရတဲ့ ယောက်ျားလေးမိတ်ဆွေတွေ တော်တော် အများသားပါ..။ အဲဒီလူတွေထဲမှာ ဘွယ်ကတော့ တကယ့် မောင်နှမ အရင်းအချာလို နီးနီးစပ်စပ် ရှိခဲ့ရတဲ့သူပေါ့။

+++++

၈၈ရဲ့ မတ်လ ၁၆ ရက် တံတားနီနေ့မှာ ဘွယ်တို့အဖွဲ့တွေ ရန်ကုန်တက္ကသိုလ် အပမ်းဖြေခန်းမရှေ့ ဆင်ဝင်ပေါ် တက်ပြီး တရားဟောကြတော့ ကျမကို ဘွယ်က အကူညီတောင်းတာ..။ သူတို့ စာကူးစက်လှည့်ဖို့ မှင်လိုတာ လိုက်ရှာပေးတဲ့..။ ဒါနဲ့ ကျမ လှည်းတန်းဈေးဘက်ထွက်လာတုန်း သူတို့ကို လုံထိန်းတွေ ၀င်စီးတာပေါ့။ ကျမ မှင်ဝယ်ပြီး ပြန်ရောက်လာတော့ လုံထိန်းတွေ ၀င်ကာစ..။

ကျမက အဲဒီအချိန်မှာ ၀န်ထမ်းကဒ်ပြား ရင်ပတ်မှာ တပ်ထားလို့ အစစ်အဆေးမရှိ လွတ်လာခဲ့တာ။ ကျမ ဘွယ်တို့ဆီ အရောက်ပြန်တာ..။ ဘွယ်က ကျမဆီပြေးလာပြီး ဟေ့ကောင် နင် လစ်တော့..။ နင်က ဆရာမ.. အဖမ်းခံရလို့ မဖြစ်သေးဘူး သွား… ဆိုပြီး တွန်းလွှတ်တာ..။ ကျမ တုန်လှုပ်ပြီး မျက်ရည်တွေ ကျလာတော့ သူက ကျမကို လက်မောင်းကနေဆွဲပြီး ဟေ့ကောင်လာ.. သွားမယ်ဆိုပြီး ဆွဲခေါ်.. နောက်တော့ ကောင်လေး နှစ်ယောက်က ဆရာမ... လာ.. ဆိုပြီး သူ့လက်ထဲကနေ ကျမကို ဆွဲခေါ်။ ဘွယ်က “ခက် မြန်မြန် လစ်တော့..”တဲ့။ ကျမ ပြေးထွက်ခဲ့တယ်။ အဲဒီနေ့မှာပဲ ဘွယ်တို့ ပထမဆုံးအကြိမ် အဖမ်းခံခဲ့ရတာပါ။

++++

အဲဒီကာလထဲမှာပဲ ကျမ အိမ်ထောင်ပြု.. ။ နောက်တော့ ၃နှစ်ကျော်ကျော်အကြာမှာ ဘွယ် တခေါက် ပြန်လွတ် လာတယ်။ သူထောင်ကလွတ်ပြီး ရက်ပိုင်းပဲ.. ကျမအိမ်ကိုလာတော့ ကျမတို့မောင်နှမ အလွမ်းသယ်ကြတာပေါ့။ တနေကုန်ပဲ.. စကားတွေထိုင်ပြောကြတာ.. ။ နိုင်ငံရေးရော.. စာပေကိစ္စရော.. ကျောင်းဆက်တက်ဖို့ ကိစ္စတွေရော..။ သူကတော့ ကျောင်းလည်း ပြန်မတက်ချင်တော့ဘူး.. အဲလိုပဲ အချစ်ဝတ္ထုတွေလည်း မရေးချင်တော့ဘူးတဲ့..။ ဘွယ်က သိပ်ကို တည်ငြိမ်လေးနက်သွားတယ်။ ငါ လက်တွေ့ဘ၀ကို သိသွားပြီတဲ့..။ ကျမကတော့ ငါကတော့ စိတ်ကူးယဉ်တတ်နေတုန်းပဲလို့ ပြန်ပြောတော့ သူက ရယ်တယ်။ “အဲဒါ နင်ပဲလေ”..တဲ့။ “ဒါပေမဲ့ လက်တွေ့ဘ၀မှာတော့ စိတ်ကူးမယဉ်နဲ့တော့နော် ကျောင်းအမ.. ကလေးပဲ တယောက်ရနေပြီ.. စာရေးတာမှာပဲ စိတ်ကူးယဉ်တာကောင်းတယ်”.. တဲ့။ ပြီးတော့ ပြောသေးတယ်.. နင့်စာတွေကတော့ နည်းနည်း ဘ၀ဆန်လာပါပြီတဲ့။ အဲဒီတုန်းက ၉၁ ခုနှစ် နှစ်လယ်လောက် ထင်တယ်။ ကျမ သားကြီးကို မွေးပြီးစလောက်ပဲ ရှိသေးတယ်..။

နောက် သိပ်မကြာလိုက်ပါဘူး..။ သူ ထပ်ပြီး အဖမ်းခံရပြန်တယ်..။ အဲဒီတခါ ထောင်ဒဏ်ချခံရတာလည်း များတယ်။ ၁၂နှစ်တဲ့။ ကျမလည်း ဘ၀ထဲ ကမောက်ကမတွေဖြစ်..။ နောက်ဆုံး ကျမကိုယ်တိုင် ဘားအံကို ရောက်သွား..။ အဲဒီနှစ်တွေထဲမှာ.. ဘွယ်ကလည်း ထောင်ထဲမှာ..။ သူက ယုံကြည်ချက်အတွက် ထောင်ထဲ ၀င်လိုက်ထွက်လိုက် ဖြစ်နေရချိန်မှာ ကျမကတော့ ကိုယ်ရေးကိုယ်တာ သောကတွေထဲပဲ တ၀ဲလည်လည်..။ ဒါကြောင့်ပဲ ကျမနဲ့ သူ လုံးလုံး အဆက်အသွယ် ပြတ်သွားကြတာ..။ ကျမဘယ်လောက်များ တာဝန်မဲ့ခဲ့သလဲဆို သူ့အမေ အန်တီဝင်း ဆီကိုတောင် ဖုန်းမဆက်ဖြစ်တဲ့အထိ။ ကိုယ့်အပူကိုမှ အပူလို့ အောက်မေ့တတ်တဲ့ ကြောင်.. ပီပီသသ။

ဒီလိုနဲ့ ဘ၀ထဲ တလူးလူးတလိမ့်လိမ့်နဲ့ပဲ.. ကျမ ရန်ကုန်ပြန်ရောက်..။ စိတ်သွားတိုင်း ကိုယ်လိုက်ခဲ့တဲ့ နောက်ထပ် ဘ၀သစ်တခုထဲမှာ ရုန်းကန်နေတုန်း..။ ဘွယ်.. ထောင်က ပြန်လွတ်လာပြီတဲ့။ ၂၀၀၃…။

သူရှိနေတဲ့နေရာဆီ ကျမ သွားတွေ့တယ်။ သူ အများကြီးပိုပြီး တည်ငြိမ်သွားပြန်တယ်။ သူ့ရှေ့မှာ ကျမကတော့ လွန်ခဲ့တဲ့ နှစ်၂၀နီးပါးတုန်းက ခက်ခက် ပြန်ဖြစ်သွားပေမဲ့ သူကတော့ သိပ် လူကြီး ဆန်သွားခဲ့ပြီ။ ကျမရဲ့ ဒဏ်ရာဒဏ်ချက်တွေက သူ့ရှေ့မှာကျတော့ ဘာမှမဟုတ်တော့ပြီ။ ဘာလို့လဲဆိုတော့ သူက ထောင်ထဲက အတွေ့အကြုံတွေ ပင်ပန်းဆင်းရဲခဲ့ရမှာတွေကို စကားလုပ်ပြီးတော့တောင် မပြောခဲ့လို့ပါပဲ။ ပြန်တွေ့တွေ့ချင်းနေ့မှာတုန်းကတော့ သူနဲ့ ကျမ စိမ်းသွားတယ်လို့တောင် ခံစားလိုက်ရပါတယ်။
ဒါပေမဲ့ အဲဒါ မဟုတ်ပါဘူး။ တကယ်တမ်း စကားတွေ ထိုင်ပြောကြတော့ တိုင်းပြည်အတွက် ရတက်မအေးတဲ့သူက သစ္စာကြီးသူပီပီ.. နိုင်ငံ့အရေးကိစ္စကိုသာ အလေးအနက်ထားတော့တာကိုး။ နောက်တော့ သူက.. သူ့အဖေရဲ့ အစဉ်အလာကြီးခဲ့တဲ့ ပုဂံစာအုပ်တိုက်ကို ပြန်လည်ပတ်မယ့် အကြောင်း.. လူငယ်တွေအတွက် လိုအပ်မယ့် စာအုပ်မျိုးတွေ ပြန်ထုတ်မယ့်အကြောင်းတွေ အများကြီး ပြောတယ်။ သူ့အမေအတွက်ကို ထည့်စဉ်းစားတာတွေဘာတွေလည်း ရှိလာပြီ။

ကျမ အပြင်ဘက် ထွက်မလာခင် ၂၀၀၅ ဖေဖော်ဝါရီ နောက်ဆုံးပတ်ထိ သူနဲ့ ကျမ တပတ်တခါလောက် ဆုံပြီး ကော်ဖီဆိုင်ထိုင်တယ်..။ စကားတွေ ပြောတယ်..။ အရင်ကလို ကလေးမဆန်ကြတော့ပေမဲ့ အရင်ကလိုပဲ ကျမဟာ သူ့ရဲ့ နှမတယောက်လို ရှိနေဆဲပါပဲ..။

ကျမက နင်အိမ်ထောင်လေး ဘာလေးပြုဟာလို့ ပြောတော့ .. တော်စမ်းပါဟာလို့ ပြန်ပြောတယ်။ ဘာမှတော့ အကြောင်းမပြဘူး။ ငါ နင့်အတွက် စိတ်မအေးဘူးဟ.. လို့ ကျမပြောတော့ အောင်မယ်.. အရေးမပါလိုက်တာ ဟာ.. တဲ့။ ငါ့မှာ လုပ်စရာတွေအများကြီး ရှိသေးတယ်ဟ.. တဲ့။ ကျမ အလုပ်ထွက်တော့မယ်ဆိုတော့လည်း နင်သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်နော်..တဲ့။ ဒီလောက်ပဲ .. အရင်လို အကြံမပေးတော့ဘူး..။ နောက်… ငါ အပြင်ထွက်တော့မယ်လို့ အသိပေးတော့လည်း မတားဘူး။ သူ တကယ့်ကို ပြောင်းလဲ ရင့်ကျက် သွားခဲ့တာပါပဲ။

++++++

ကိုယ့်ယုံကြည်ချက်နဲ့ တာဝန်တခုအတွက် ငါ ဆက်လုပ်ရမှာပဲ.. လို့ ကျမနဲ့ နောက်ဆုံး စကားပြောခဲ့တဲ့ အချိန်ထိ သူ ပြောခဲ့တယ်။ အဲဒီအချိန်မှာ သူတို့ကို ထပ်ဖမ်းဖို့ လာနေကြပြီလို့ သိထားတဲ့အချိန်ပါ။ နင်ရှောင်နေလိုက်ပါဟာလို့ ကျမ အတုန်တုန်အလှုပ်လှုပ်နဲ့ ပြောတော့ ရယ်နေတယ်။
ကျမကတော့ တကယ့် ဟာသပါပဲ..။

နောက်တော့ သူတို့ရဲ့ ယုံကြည်ချက်နဲ့ ဂုဏ်သိက္ခာအတွက်.. အမှန်တရားအတွက်.. သူတို့တတွေ အသာတကြည်ပဲ အဖမ်းခံခဲ့ကြပြန်တယ်။ ၂၀၀၇ သြဂုတ်လ ၂၁ရက်နေ့ည..။ နှစ်ရှည်ထောင်ဒဏ်တဲ့။ တော်ရုံနှစ်ရှည်တောင်မဟုတ်.. နှစ် ၅၀ကျော် .. ၆၅နှစ်နီးပါးတွေ..။ (တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့ဆိုရင်ပဲ ၃နှစ်နဲ့ ၂လ ရှိပြီ)။ သူတို့အားလုံးဟာ ထောင်ထဲမှာ ယုံကြည်ချက်နဲ့ အကျဉ်းကျခံနေကြရသူတွေ။ ကိုယ့်တိုင်းပြည် လွတ်မြောက်ရေးအတွက် ၈၈နောက်ပိုင်းကာလတလျှောက်လုံး သူတို့ရဲ့ ကိုယ်ပိုင်ဘ၀တွေကို စွန့်ထားကြသူတွေ..။ သူတို့ရဲ့ နုပျိုတဲ့ အချိန်တွေ.. အရည်အသွေးမြင့် ဦးနှောက်တွေနဲ့ ချစ်ခြင်းသံယောဇဉ်တွေကို ကျောခိုင်းပြီး လူထုခံစားချက်တွေကိုသာ မျက်နှာချင်းဆိုင်ခဲ့ကြသူတွေ..။
အဲဒီလို အသီးသီး စွန့်ထားခဲ့ကြရသူတွေထဲမှာ ဘွယ်ဆိုရင်လည်း အသက် ၇၀ကျော်အမေကြီးကို တယောက်တည်း ထားထားခဲ့ရတာ..။ အဲဒီတုန်းက ကျမ စိတ်ထိခိုက်ခံစားရတဲ့အထဲမှာတော့ ကိုယ့်ရဲ့ မစွန့်လွှတ်နိုင်မှုတွေကို ရှက်နေမိတဲ့ ခံစားချက်ပါ ပါနေခဲ့ပါတယ်။
ဘွယ်ကတော့ ပြောဦးမှာပါပဲ..။ “ဒါတွေက ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပါဟာ.. ကိုယ် လုပ်ချင်တာ လုပ်ကြတာပါပဲ.. ငါက ဒါပဲလုပ်ချင်တာကိုး..” လို့ပဲ.. ပြောမှာပါပဲ။
ဒါပေမဲ့ ကျမကတော့ ခုချိန်ထိ သူ့ကို လွမ်းတဲ့အခါတိုင်း ကိုယ့်ရဲ့ အတ္တအတွက် ရှက်မိတာကိုတော့ ဖျောက်မရနိုင်တာ အမှန်ပါ။ အရင်လို မျက်နှာချင်းဆိုင်ပြီး မေးခွင့်များ ရရင်တော့ ဘွယ့်ကို မေးချင်ပါသေးတယ်။ စာရေးဆရာကြီး ဗန်းမော်တင်အောင်က သူ့ဘ၀မှာ အတ္တဆိုလို့ မခင်ဦးကို ချစ်မိတာပဲ ရှိပါတယ်လို့ ဆိုခဲ့တာ..။ ခု ဘွယ့်မှာရော.. အတ္တဆိုရင် ဘာရှိမလဲလို့ ကျမရဲ့ ချစ်စွာသော သူငယ်ချင်းကို စေ့စေ့ကြည့်ြုပီး မေးချင်ပါသေးတယ်..။

+++++
အောက်တိုဘာ ၂၁

8 comments:

Ko Paw said...

မှန်တယ်။ ဆရာမ ခံစားရသလို ကျနော်တို့လည်း ခံစားရတယ်။ သူတို့ရဲ့ ရိုးဖြောင့်မှု၊ ဇွဲ၊ သတ္တိနဲ့ အနစ်နာခံမှုတွေအတွက် လေးစားမိသလောက် ကိုယ့်အတ္တအတွက်တော့ ကိုယ်ရှက်မိတယ်။ ဟိုတနေ့က ဖတ်လိုက်ရတဲ့ ကဗျာထဲကလိုပေါ့။ မနက်မနက်တိုင်း....

“သွားတိုက်တယ်၊ အရှက်မရှိတဲ့မျက်နှာကိုသစ်တယ်
မနက်ခင်းတိုင်း အိတ်ကလေးဆွဲပြီး ကော့ပက်ကော့ပက်နဲ့ မီးနီကိုလစ်ရင် ဖြတ်လျှောက်တယ်”

http://kokzkhine.blogspot.com/2010/10/blog-post_16.html

မန်းကိုကို said...

လမ်းဆုံးရင် ရွာကိုရောက်ကြရမှာပါ။
ကွာခြားချက်ကတော့ ကိုယ်ရောက်ချင်တဲ့ ရွာဟုတ်မဟုတ်နဲ့ သမုဒ္ဒရာရေပွက် ကလေးတွေရဲ့ ရထားတဲ့ ကာလအတိုင်းအတာလေးက ရွာရောက်တဲ့အထိ ခွင့်ပြုမပြုဆိုတာ.. လို့သာမြင်မိပါတယ်။

မေငြိမ်း said...

ကိုပေါရေ.. တကယ်တော့ ကျမနဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းကိုသာ ရေးရတာပဲ ရှိသေးတာ..။ တကယ့်ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ သူစွန့်လွှတ်လိုက်ရတာတွေ.. ကာယကံရှင်ကို ခွင့်မတောင်းရလို့ မရေးရတာ..။
ဒါကြောင့်လည်း သူတို့.. ဖြစ်နေတာပါပဲလေ..။

Kay said...

ကျ မ နားထဲ မတော့.. သူ့ ကို လာဖမ်း ရှာ တဲ့ နေ့က..ရှာနေ တဲ့ အချိန် ..သူ့ အမေ ကြီး.. ရေဒီယို ကို ပြောတဲ့.. စကားတွေ..နားထဲက..မထွက်ဘူး။ တည်ငြိမ် ပြတ်သားလိုက် ကြပုံများ။ ဂုဏ်သိက္ခာကို.. အဆုံးထိ သယ်ဆောင် ထားနိုင် ကြသူတွေ။

tin min htet said...

တီချယ်ကြီးပြောပြတာတော့ ကြားဖူးပါတယ်။ ခုမှ ပိုပြီး ပြည့်ပြည့်စုံစုံ သိရတော့တယ်။

အခုရေးနေတာလေးတွေ သဘောကျတယ်။ ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေ အကြောင်းရေးတော့ တီချယ်ကြီး စာတွေက ကြည်နေတာပဲ။

ခင်မင်းဇော် said...

နောက်ဆုံးနေ့က သူ့ကို ပြောတာ နင်နဲ့ငါ တူတူပဲမဟုတ်လား။တို့၃ယောက် လဘက်ရည်ဆိုင် တူတူထိုင်ဖြစ်တုန်းကနော်။ လိုက်ခဲ့ပါလားလို့ ခေါ်တော့ ငါ့အမေကို မထားခဲ့နိုင်ဘူးလို့ သူပြောခဲ့တာ။ ခုတော့လဲ သူ့ချစ်တဲ့ သူပူပင်တဲ့အမေ့ကို နိုင်ငံအတွက် သူစွန့်လွှတ်လို့နော်... ကေပြောသလိုပဲ.. သူ့အမေရဲ့အင်တာဗျူးကို နားထောင်ရင်း ငါမျက်ရည်ကျမိတယ်။ ခုလဲ ဒီစာကို ဖတ်ရင်း မျက်ရည်ကျမိပြန်တယ်။

Nyi Linn Thit said...

သူတို့တွေရဲ့ စွန့်လွှတ်၊ ပြတ်သားရဲတဲ့ စိတ်ဓါတ်တွေက တကယ့်ကို အံ့သြလေးစားဖွယ်ရာပါပဲ...၊ အမေတခု၊ သားတခုဘဝမှာ ပေးဆပ်ရဲတဲ့ ရဲရင့်မှုက ကြီးမြတ်လွန်း ပါတယ်၊

ကြည်နူး၊ ကြေကွဲရတဲ့ ပို့စ်ပါပဲ အမရေ...။

Moe Cho Thinn said...

ချိုသင်း ဒီပို့စ်ကို ဘာလို့များ မဖတ်မိပါလိမ့်..
ခုမှ ဖတ်တော့ ခု ပြန် စိတ်ထိခိုက်ရတယ်။
အကို့ကို အရပ်ကြီးကလန်ကလား နဲ့ အမတွေရဲ့ သူငယ်ချင်းတယောက်အနေနဲ့သာ သိခဲ့တာ။

ငယ်ငယ်က ဦးမင်းကျော်က မအေးနဲ့ မနှင်းကို သူ့သား နဲ့အတူ တွဲပြီး သူတို့အိမ်မှာ သချာင်္ သင်ပေးလေ့ရှိတယ်။ သား ပျော်အောင် အဖော်တွေနဲ့ စာသင်တဲ့ သဘော။ အံတီဝင်းက ထမင်း ဟင်းတွေ စုံနေအောင် ချက်ပြီး ထမင်းကျွေး စာသင်တာမျိုး။ သူတို့သားကို အဖေရော အမေပါ သိပ်မျှော်လင့် ခဲ့ကြတယ် လို့ ခံစားမိနေပါတယ်။ အခုအချိန်.. ဦးရှိနေအုံးမယ် ဆိုရင် ၆၅ ဆိုတဲ့ ဂဏန်းဟာ ဒဏ်ရာ ဒဏ်ချက် မဟုတ်ဘဲ တစုံတယောက် ပီပီသသ ဖြစ်ခဲ့တဲ့အတွက် ကျေနပ် နေလိမ့်မယ် လို့ ထင်ပါတယ်။

အဖေဆုံးတော့ သူတို့ အားလုံး ရန်ကုန်က အိမ်ကို လာကြလို့ ပြန်ဆုံကြရတယ် လို့ မအေးက ပြောပြတယ်။ ကေ ပြောသလိုပဲ၊ DVB မှာ အံတီဝင်း ပြန်ပြောတဲ့ အသံကို ရင်ထဲက မထွက်ဘူး။