Apr 5, 2012

အမေရိကန်ကျောင်းပုံစံ နဲ့ သပြေညို


အမြဲလိုလို စိမ်းလန်းပြီး အညွန့် နီနီညိုညိုလေးတွေ ဝေဖြာနေတတ်တဲ့ သပြေကို မြန်မာလူမျိုးတွေက အောင်အတိတ် အောင်နိမိတ် အဖြစ် မှတ်ယူကြတယ်ဆိုတဲ့ စကားမျိုးကို အမေရိကန်ရောက် မြန်မာကလေးငယ်တွေ နားမလည်နိုင်သေးပေမဲ့ ကျမအိမ်မှာ စိုက်ထားတဲ့ သပြေပင်လေးဆီက သပြေညွန့်တွေ ချိုးလာပြီးတော့ ကလေး တွေကို ပြပြီး ဒါဟာ ကံကောင်းတဲ့ အပင် အရွက်လို့ မြန်မာတွေက ယူဆကြတယ် ဆိုတာကို ပြောပြရင်တော့ သူတို့ သဘောပေါက်ကြပါတယ်။ ဒီတော့မှပဲ သ-သပြေညို အောင်ပွဲကြိုဆိုတာကိုလည်း သူတို့ သေချာ နားလည်ကြပါတော့တယ်။
 
အဲဒီလို လက်တွေ့ ပြနိုင်တာလေးတွေက ကလေးတွေရဲ့ မှတ်ဉာဏ်ထဲ ပိုစွဲစေတယ်ဆိုတာ သေချာပေမဲ့ ကျမတို့ငယ်စဉ်က ဒီအခွင့်အရေး မရခဲ့ပါဘူး။ ဆရာ ဆရာမတွေရှေ့ လက် စုံပိုက်ပြီး စာတွေကို ကုန်းအံ ခဲ့ကြတာမှာ ဒီစာက ဘာအဓိပ္ပါယ်လဲလို့ ကျမတို့ အထူးတလည် သိခွင့် မရခဲ့သလို၊ သိချင်စိတ်လည်း မရှိခဲ့ကြပါဘူး။ ကျောင်းစာတခု ခက်ရင် ဘာကြောင့်ခက်သလဲ ဆိုတာ ကျမတို့ အဖြေမရှာ တတ် ခဲ့ကြ သလို ဒါကို မေးခွန်းထုတ်ရမယ်လို့လည်း မသိခဲ့ကြပါဘူး။ ဒါဟာ Teacher centered learning (ဆရာဦးဆောင်တဲ့သင်ယူနည်း) နဲ့ ကြုံခဲ့ရလို့ပဲ ထင်ပါတယ်။ အဲဒီအကျင့်က ကျမတို့ မြန်မာပြည်ပညာရေး လူထွက်တွေမှာ စွဲနေခဲ့တာ ကျမကိုယ်တိုင် အပါအ၀င်ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ စကားစပ်လို့ ပြောရရင်၊ မြန်မာပြည်မှာ မြန်မာစာအဓိကနဲ့ B.A ဘွဲ့၊ B.A (hons;) ဘွဲ့ နဲ့ M.A ဘွဲ့တွေ ရခဲ့ပေမဲ့ အင်္ဂလိပ်စာကို တော်ရိလျော်ရိသာ သင်ခွင့်ရခဲ့တာ မို့ အမေရိက ရောက်ချိန်မှာတော့ ဘာသာစကားပြဿနာနဲ့ တည့်တည့် တိုးရပါတော့ တယ်။ ကျမတို့က မြန်မာပြည်မှာတုန်းက အင်္ဂလိပ်လို ပြောကျင့် လုံးလုံးမရှိခဲ့တာမို့ ဒီရောက်တော့ အင်္ဂလိပ်စကားပြောဖို့ရာ မြွေကိုင်ရမှာလို တွန့်နေခဲ့တာပါ။ ဒီတော့ အင်္ဂလိပ်စာ အတွက် ကောလိပ်မှာ ကျောင်းတက်ရပါတော့တယ်။ အဲဒီအခါမှာတော့ ကျမဟာ အတန်းထဲမှာ ဆရာဆရာမကို မေးခွန်း မထုတ်တတ်တဲ့၊ တခုခု နားမလည် တာကို မေးဖို့အရေး တွန့်ဆုတ်နေတတ်တဲ့ ကျောင်းသူ ဖြစ်နေခဲ့ဖူးပါတယ်။ နောက်မှပဲ ဆရာမနဲ့ အတန်းဖော်တွေ လက်တွဲခေါ်မှုကြောင့် အတန်းထဲမှာ ကျမ ကျင့်သွားရသွား ခဲ့တာပါ။ ဒီတော့မှပဲ မေးခွန်း ထုတ်တာတွေ၊ ငြင်းချက်ထုတ်တာတွေ၊ ဝေဖန်သုံးသပ် တာတွေ၊ အုပ်စုဖွဲ့ သင်ယူနည်း တွေ၊ သုတေသနလုပ်တာတွေ၊ ဆရာ ဆရာမအပေါ် အကဲဖြတ်စစ်တမ်း ပေးတာတွေကို ရင်းနှီးကျွမ်းဝင်သွားခဲ့တာပါ။

 ဒီနေရာမှာ ပြောပြချင် တာက အဲလို ကောလိပ်တက်ဖြစ်လိုက်တာဟာ ကျမကို အမေရိကန် ပညာရေး စနစ်၊ သင်ကြားရေးစနစ်တွေနဲ့ ထိတွေ့ပေးလိုက်သလို ဖြစ်သွား ခဲ့တယ်ဆိုတာပါ။ အဲဒါကပဲ သပြေညိုကို ပျိုးထောင်တဲ့အခါမှာ ကျမက ကလေးတွေနဲ့ ကွာဟမှု သိပ်မကြီးမားခဲ့တာပဲ လို့ ထင်ပါတယ်။ ပြီးတော့ ကျမ သမီး နဲ့ သားငယ် ကိုယ်တိုင်တွေက အလယ်တန်းနဲ့ မူလတန်းကျောင်းသားတွေ ဖြစ်နေကြတာကြောင့် လည်း ကလေးတွေရဲ့ တုံ့ပြန်မှုစရိုက်သဘာဝကို ကျမ သဘောပေါက်ထားလို့ ဖြစ်ပါ လိမ့်မယ်။ ကျမအတွက်တော့ မြန်မာ-အမေရိကန်ကလေးတွေဟာ အများထင်ထား သလောက် ကိုင်တွယ်ရ မခက်ခဲ့ပါဘူး။

 +++++++

ခုချိန်မှာ အမေရိကန်ပညာရေးဟာ ကျဆင်းနေတယ်.. မအောင်မြင်ဘူးဆိုတဲ့ စစ်တမ်း တွေ အမျိုးမျိုး ထွက်နေပေမဲ့ ကျမလက်လှမ်းမီသလောက်မှာတော့ အမေရိကန် ပညာရေး ဟာ ကမ္ဘာက စောင့်ကြည့်နေရတဲ့..၊ လိုလားနေရတဲ့ အခြေအနေ မှာတော့ ရှိနေဆဲပါ။ ပြီးတော့ မြန်မာပညာရေးလူထွက် ဖြစ်တဲ့အပြင် ကိုယ်တိုင် ကျောင်းဆရာမ အဖြစ် နှစ် ၂၀နီးပါး အတွေ့အကြုံ ရှိခဲ့တဲ့ ကျမအမြင်မှာတော့ အမေရိကန် ပညာရေး.. ပိုပြီး အသေးစိတ်ပြောရရင် ကျမကိုယ်တိုင် ကျောင်းသူအဖြစ် ထိတွေ့ရတဲ့ ကောလိပ် အဆင့်ပညာရေး နဲ့ ကျမ သားသမီးတွေကြောင့် ထိတွေ့ရတဲ့ အခြေခံပညာရေးပုံစံ မှာ ကိုပဲ အတုယူစရာ သဘောကျစရာက များပြီး၊ စိတ်ပျက်စရာ အနေအထားက နည်းပါးပါတယ်။

 ပြီးခဲ့တဲ့ ဆောင်းပါးတွေမှာ ကျမပြောခဲ့ဖူးသလိုပါပဲ။ ကျမတို့ မြန်မာပြည်ပညာရေးထဲမှာ ဆောင်ပုဒ်တွေနဲ့ ကြွေးကျော်ပြီး တကယ် ထိထိရောက်ရောက် အလုပ်မဖြစ်ခဲ့တဲ့ “မိဘ ဆရာ ပူးပေါင်း ကလေးပညာကောင်း”ဆိုတာကို အမေရိကန်တွေကတော့ မကြွေးကျော် ဘဲ အကောင်အထည် ဖော်ပါတယ်။ ကလေးတွေရဲ့ ပညာရေးထဲမှာ မိဘ မပါမဖြစ် ပါရ ပါတယ်။ တလတကြိမ် မိဘဆရာ ပုံမှန်အစည်းအဝေးတွေ တက်ကို တက်ရပါတယ်။ (မတက်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ ပညာရေးမှာ သိသိသာသာ မတိုးတက်တာ လက်တွေ့ တွေ့နိုင်ပါတယ်)။

 ဒါ့အပြင် တနှစ်တကြိမ်၊ ကျောင်းသားမိဘ နဲ့ အတန်းပိုင် ဆရာ တွေ့ပြီး ကလေးရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုတွေကို ဆွေးနွေးရပါတယ်။ အချိန် ပေး နိုင်ရင် အတန်းလိုက်တက်ရပါတယ်။ ကိုယ့်ကလေး စာသိပ်မလိုက်နိုင်တဲ့ ဘာသာ ဆိုရင် ကလေးက ဘာချို့ယွင်းသလဲ..၊ ဒါမှမဟုတ် ဆရာရဲ့ သင်ကြားရေးကပဲ ချို့ယွင်း သလား ဆိုတာတွေကို သိဖို့ မိဘကိုယ်တိုင် စာသင်ချိန်ကို ၀င်ကြည့်နိုင်ပါတယ်။ ပြီးတော့ ဆရာကိုဖြစ်စေ ကျောင်းအုပ်ကိုဖြစ်စေ၊ မိဘက တွေ့ခွင့်တောင်း ရက်ချိန်းယူပြီး ၀င်တွေ့ ဆွေးနွေးနိုင်ပါတယ်။ ဒီလိုတွေ့တာမျိုးကိုလည်း ဆရာတွေ ကရော ကျောင်းအုပ် တွေကပါ သဘောတကျ လက်ခံကြပါတယ်။

အမေရိကမှာ ကျောင်းကောင်း ကျောင်းညံ့ခွဲတာက ဆရာကောင်း၊ ပတ်ဝန်းကျင် ကောင်း နဲ့ တော်တဲ့ကလေးတွေဖြစ်လာအောင် ဘယ်လို စနစ်တကျ မြေတောင် မြှောက် ပေး သလဲ ဆိုတဲ့ စစ်တမ်းတွေပေါ်မူတည်ပြီး သတ်မှတ်တာဖြစ်ပါတယ်။ စာမေးပွဲစနစ်နဲ့ စာမေးပွဲ ချပစ် တာမျိုး၊ အောင်ချက်တွေနဲ့ ဆုံးဖြတ်တာမျိုး မဟုတ် တာကြောင့် ဆရာဆရာမတွေဟာ တနှစ်ပတ်လုံး တာဝန်ကျေကြရပါတယ်။ ကျောင်းသားတွေကလည်း တနှစ်ပတ်လုံး မှန်မှန် စာလုပ်ကြရပါတယ်။ ကျောင်းသား တွေ ရဲ့ နေ့စဉ်အိမ်စာတွေကို တကယ်လုပ်ကြောင်း မိဘတွေက နေ့စဉ် လက်မှတ် ပြန် ထိုးပေးရပါတယ်။

 ပြီးတော့ ကလေးတွေရဲ့ ကျောင်းသင်ခန်းစာနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင် လေ့လာရေးခရီးတို (Field Trip) တွေလည်း တနှစ်ကို အနည်းဆုံး ၂ခေါက် ထွက်ကြရပါတယ်။ ပြီးတော့ ကျောင်းဝန်းကျင်မှာ ကလေးတွေ ပျော်ဖို့ ပျော်ပွဲ ရွှင်ပွဲတွေ လှုပ်ရှားမှုအမျိုးမျိုး Activities တွေ လုပ်ကြပါတယ်။ အဲဒီအခါတွေမှာလည်း ဆရာ ဆရာမတွေနဲ့အတူ မိဘတွေက စေတနာ့ဝန်ထမ်းအဖြစ် လိုက်ကူကြရပါတယ်။ တကယ်ကို ပျော်ပျော်ပါးပါးပါပဲ။


အဲဒီအခြေခံပုံစံကို ကျမရဲ့ သပြေညိုကျောင်းမှာ ကျမ ပြန်သုံးပါတယ်။ တပတ်မှ တရက်တည်း၊ နှစ်နာရီတည်းသာ စာသင်ခွင့်ရတဲ့ ကျောင်းမို့ မိဘတွေမကူဘဲ ကလေးတွေရဲ့ မြန်မာစာ တိုးတက်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် မိဘတွေကူကို ကူရမယ့် အိမ်စာမျိုးကို ပေးရပါတယ်။ ပြီးတော့ နေ့စဉ်စောင့်ကြည့်အကဲဖြတ်တဲ့အနေနဲ့ သတ်ပုံစစ်တာ၊ အဓိပ္ပါယ် ဘယ်လောက်ထိ နားလည်သလဲဆိုတာ သိရဖို့အတွက် စကားလုံးတွေ ဝေါဟာရတွေ ၀ါကျတွေကို အရုပ်ဆွဲပြီး ပုံဖော်ခိုင်းပါတယ်။ တကယ့် လက်တွေ့အရောင် ကိုပါသိအောင် အရောင်တွေ ထည့်ခိုင်းပါတယ်။ ပြီးတော့ စာတွေနဲ့ အရုပ်တွေကို မှန်အောင် တွဲတာမျိုး၊ စာလုံးတွေတွဲတာမျိုးတွေ လုပ်ခိုင်းပါတယ်။ Puzzle ဆက်ခိုင်း တာမျိုးပေါ့။ အဲဒီအခါမှာတော့ ကလေးတွေဟာ သူတို့ သင်ပြီးသလောက် သင်ခန်းစာ တွေကို တကယ်သိ၊ တကယ်နားလည်၊ တကယ် တတ်မြောက် သွားပါတော့တယ်။

အဲသလိုပဲ ဆရာဆရာမနဲ့ မိဘတွေ တလတကြိမ် အစည်းအဝေးကိုလည်း ကျမတို့ သပြေညိုကျောင်းမှာ ပုံမှန်လုပ်ပါတယ်။ ဆရာဆရာမတွေကို မိဘတွေက အကြံပေးကြ သလို မိဘ တွေဘက်က ဖြည့်ဆည်းကူညီရမှာတွေကိုလည်း ဆရာဆရာမတွေက ပြော ကြပါတယ်။ အဲလိုပဲ ကလေးတွေနဲ့ လေ့လာရေးခရီးတို ထွက်တာတွေ၊ အပန်းဖြေ ခရီးတို ထွက်တာတွေ၊ အမေရိကန်ယဉ်ကျေးမှုအထိမ်းအမှတ် နဲ့ရော မြန်မာ့ယဉ်ကျေးမှု အထိမ်းအမှတ်တွေအတွက်ရော ပျော်ပွဲရွှင်ပွဲတွေ လုပ်ပါတယ်။
အဲဒီအခါ ကလေးတွေက ကျောင်းမှာ ပျော်လာကြပါတော့တယ်။
ဒါကြောင့်ပဲ သပြေညိုကျောင်းက ခုလောက်မြန်မြန် အခြေကျလာခဲ့တာလို့ ထင်ပါတယ်။
ပြောရရင် အမေရိကန်ကျောင်းတွေကို နမူနာယူပြီး သပြေညိုကို ထူထောင်ခဲ့တာပါပဲ။

 နောက်သီတင်းပတ်တွေမှာလည်း အမေရိကန်ကျောင်းတွေရဲ့ ကောင်းကွက် ဆိုးကွက် တွေနဲ့ ယှဉ်ပြီး သပြေညိုကို ဒီ့ထက် သန်စွမ်းဖွံ့ဖြိုးအောင် ဘယ်လို လုပ်နေကြသလဲ ဆိုတာတွေ ပြောပြပါဦးမယ်။ ရည်ရွယ်ချက်ကတော့ မြန်မာပြည်က မိဘတွေ ဆရာတွေ ကို အတွေ့အကြုံတွေ ဝေမျှပေးချင်တာပါပဲရှင်။

၂၇၊ မတ်လ၊ ၂၀၁၂။
( ပြည်တွင်းထုတ် Venus News Weekly Journal ပါ အပတ်စဉ်ဆောင်းပါး-အမှတ် ၄)

3 comments:

Nyi Linn Thit said...

သဘောကျဖို့ ကောင်းလိုက်တာ အမရေ..၊ ဟုတ်တယ်နော်..၊ အမေရိကန် ပညာရေးစနစ်က ကောင်းကွက်တွေ၊ အတုယူစရာတွေ အများကြီး ရှိပါတယ်၊ ဒါတွေကို အမတို့က အခုလို အတုယူပြီး ကလေးတွေ တိုးတက်ဖို့ လုပ်ပေးနိုင်တာ ချီးကျူးစရာပါပဲ၊ တစ်ခု မေးချင်လို့အမ..၊ သပြေညို ကျောင်းက သင်ရိုးညွှန်းတမ်း စာအုပ်တွေမှာ မိတ္တူ အပိုတွေ ရှိလား? ရှိခဲ့ရင်ကော အပြင်က ကျောင်းသား မဟုတ်သူတွေ ဝယ်ခွင့် ရှိသလား? လို့ သိချင်လို့ပါ..။

မေငြိမ်း said...

ညီလင်းရေ..
သင်ရိုးက ထွေထွေထူးထူး မဟုတ်ပါဘူး။ မြန်မာပြည်က သူငယ်တန်း သင်ပုန်းကြီး ဖတ်စာအုပ်ကိုပဲ ကိုင်တာပါ။ အစ်မတို့ တိုင်းပြည်က သင်ရိုးတွေ ကောင်းပါတယ်။ သင်နည်ဒ စနစ်နဲ့ ဆရာဆရာမတွေရဲ့ ၀မ်းစာ နည်းတာ၊ စနစ်တကျ သင်တန်းပေးတာတွေ မရှိလို့သာ ညံ့ကြရတာပါ။ ဒီတော့ ဒီ သင်ရိုးကိုပဲ အစ်မ ပြောခဲ့သလို သင်နည်း ပြောင်းပြီး သင်လိုက်ရင်ကို အတော် ဟုတ်သွားပါပြီ။ အမ ရှေ့တပတ်အတွက် ရေးထားတဲ့ အပုဒ်ထဲမှာ ပါပါတယ်။ အဓိကက နိုင်ငံတကာက အခြေခံပညာရေး (မူလတန်း) အတွက် သင်ကြားနည်းတွေကို သုံးဖို့ပါပဲ...

rose of sharon said...

အမေရိကမှာနေတဲ့ မြန်မာခလေးတွေအတွက်ဝမ်းသာစရာဘဲနော်.. အမလိုဆရာမတစ်ယောက်ရှိတာ အရမ်းကိုအဖိုးတန်ပါတယ်....