Apr 10, 2012

ဒီမိုကရေစီပညာရေး နဲ့ သပြေညို

အမေရိကန်ပညာရေးစနစ်က လေ့ကျင့်ပေးထားသလို ရှိတာကြောင့် ကျမရဲ့ သပြေညို မြန်မာစာကျောင်း ပိုလွယ်လွယ် ထိရောက်အောင်မြင်ရတာပါလို့ ရှေ့ဆောင်းပါးတွေမှာ ပြောခဲ့တော့ တလက်စာတည်း ဆက်ပြောစရာ ရှိလာတာက ယဉ်ကျေးမှုစံ တန်ဖိုးကိစ္စ ပါ။

အတန်းထဲမှာ ဆရာကို ပြန်မေးခွန်းထုတ်ခွင့် - Questioning (ကျမတို့ မြန်မာ့လူမှု ၀န်းကျင်ရဲ့ သတ်မှတ်ချက် နဲ့ ဆို အတွန့်တက်တယ်လို့ ပြောရမှာပေါ့)၊ ငြင်းဆန်ခွင့်- Argument (ဆင်ခြေပေးခွင့်) တွေ ပေးထားတဲ့ တဘက်မှာ မသိမသာ တွဲပါလာတတ် တာက အရိုအသေတန်သလို အမူအယာတွေ ဖြစ်နေတတ်တာပါ။ အမေရိကန် ရုပ်ရှင် တွေထဲ မြင်ရတတ်ပါတယ်။ ကျမ ထင်တာတော့ ဒါမျိုးက အမေရိက မှာမှ မဟုတ်ဘဲ ဘယ်နေရာမှာမဆို ရှိတတ်တာမျိုးပါ။ အရွယ်ရဲ့ ပြဿနာ၊ ပတ်ဝန်းကျင် ရဲ့ ပြဿနာ၊ ပြီးတော့ မိဘတွေရဲ့ ပြဿနာတွေက လွှမ်းမိုးတဲ့ ကလေးတွေ မှာသာ ဖြစ်လေ့ရှိတာပါ။ ကလေးတွေထဲ တချို့က I don’t care လို့ တုံ့ပြန်တာမျိုးပါ။

ဒါပေမဲ့ တကယ့် လက်တွေ့ မှာတော့ အတန်းထဲမှာ ဆရာဆရာမကို အဲလို တုံ့ပြန်ရင် သူ့အပြစ် အကြီးအသေး အလိုက် အနည်းဆုံး တနာရီကနေ ၂နာရီ လောက်ထိ အတန်းဖော်တွေ ထဲကနေ ခွဲထွက်ပြီး တယောက်တည်း ထိုင်နေရပါတယ်။ ဒီလို အပြစ်ပေးတာကို Time Out ပေးတယ်လို့ ခေါ်ပါတယ်။ အဲလို အပြစ်ပေးခံရမှာကို ကလေးအများစုက ရှက်ကြ ကြောက်ပါတယ်။ ဒီတော့ အဲလောက်ပြစ်ဒဏ်က လုံလောက်ပါတယ်။ အိမ်မှာလည်း သားသမီးတွေ ဆိုးရင် မိဘက အပြင်းအထန်အပြစ်ပေးတာတခုက Time out ပေးတာ ပါပဲ။ အဲဒီပြစ်ဒဏ်ကို ကလေး အများစုက ကြောက်ပါတယ်။ ဒီတော့ ကျမရဲ့ သပြေညို မှာလည်း ဒီနည်းကိုတော့ သုံးနိုင်ပါတယ်။

ဒါပေမဲ့ တကယ်တမ်းမှာ Time out သုံးရတဲ့ အဆင့် မရောက်ပါဘူး။ “Time out ထိမယ်နော်” ဆိုရင်ကို ရပါပြီ။ တခု ရှိတာက အမေရိကန်နိုင်ငံက ပြဋ္ဌာန်းထားတဲ့ လူနေမှုစနစ်ကိုက ကလေးတွေကို အကြောက်တရားကင်းအောင်၊ ရဲရင့်အောင်၊ သတ္တိရှိအောင်၊ အရာရာ ကို ရင်ဆိုင် တတ်အောင် လေ့ကျင့်ပေးတာမို့ ကလေးတွေက ရဲရဲတင်းတင်းနိုင်တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေတာမျိုးလည်း ဖြစ်ပါတယ်။ အဲဒါမျိုးက ကျမတို့ မြန်မာ မိဘတွေ အတွက်တော့ လက်ခံ နားလည်နိုင်အောင် တော်တော်ကို ကျင့်ယူရတဲ့ကိစ္စပါ။

အထူးသဖြင့်တော့ မြန်မာ ကျောင်းဆရာမ အနေနဲ့ ကျင့်သားရခဲ့တဲ့ ကျမအတွက်၊ ပြီးတော့ ကျမကို ကူသင်ပေးကြတဲ့အထဲ မြန်မာပြည်က ထွက်လာတာ မကြာသေးတဲ့ ဆရာမလေးတွေအတွက်တော့ အမေရိကန်ပညာရေးထဲက မြန်မာကလေးတွေရဲ့ စာသင်ချိန်နဲ့ စာသင်ခန်းကို ရင်ဆိုင်ရာမှာ တော်တော် ကျင့်သားရအောင် ကြိုးစားရ ပါတယ်။ ကလေးတွေက သူတို့ဘာသာ ချဲ့ထွင်သင်ယူကြပါတယ်၊ (ကျမတို့ မြန်မာတွေ အသုံးအနှုန်း အတိုင်း ပြောမယ်ဆိုရင် အမေး အမြန်း ထူတယ်၊ စောဒကတက်တယ်၊ အတိမ်းအစောင်း မခံဘူး။ အတွန့် တက်မယ်၊ စပ်စုမယ်၊ ပြီးတော့ သူတို့ဘာသာ တီထွင် ရှေ့တက်ချင်တယ်။ ကျမတို့ မြန်မာပြည် မှာသာဆို နင် ဆရာလား.. ငါဆရာလား.. လို့ အငေါက်ခံရမယ့်အဖြစ်မျိုး ပေါ့)။ အမေရိကမှာတော့ ဒါက စာသင်သားရဲ့ အခွင့်အရေး Student Rights ပါ။ ဒါကြောင့်ပဲ အမေရိကန် ဒဿနိက နဲ့ ပညာရေးပါရဂူ John Dewey(1859-1952) က “ပညာရေးသည် သင်ကြားခြင်းမဟုတ်။ ကလေးဘာသာသင်ယူတတ်ရန် လေ့ကျင့်ပေးခြင်းသာ ဖြစ်သည်။” လို့ အတိအလင်း ပြောခဲ့တာဖြစ်ပါတယ်။

 ++++++

အမေရိကမှာက ကလေးတွေဟာ ငယ်ငယ်ကတည်းက မိဘနဲ့ အတူတူ မအိပ်ကြရ တော့ ပါဘူး။ ဒီတော့ သူတို့ဟာ ညတွေကို တယောက်တည်း ရင်ဆိုင်ကျင့် ရှိပါတယ်။ အဲလိုပဲ မိဘတွေမှာ ကလေးတွေရဲ့ စူးစမ်းလိုစိတ်ကိုလည်း ဟန့်တားခွင့်လည်း မရှိဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ အားပေးတာမျိုးသာ လုပ်ကြရတာကြောင့် ကလေးတွေဟာ လုပ်ရဲ ကိုင်ရဲ ရင်ဆိုင်ရဲကြတာပါ။ အမေရိကမှာ ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ် ထားတာကတော့ မိဘတွေက သားသမီးတွေကို ရိုက်နှက်တာ၊ စိတ်ဆင်းရဲအောင် ညှင်းပမ်းတာတွေ၊ အစာရေစာ ၀လင်အောင် မကျွေးတာ.. လူတန်းစေ့မထားတာ တွေ အတွက် မိဘတွေကို ပြတ်ပြတ်သားသား အရေးယူ တရားစွဲတာပါပဲ။

ကျောင်းနေ ကလေးတိုင်းဟာ မိဘက ရိုက်နှက်ရင်ပဲဖြစ်ဖြစ်၊ မောင်နှမချင်း အနိုင်ကျင့် ရင်ပဲ ဖြစ်ဖြစ်၊ ဘယ်နေရာမှာမဆို ပြဿနာတခုခု ရင်ဆိုင်ရရင်ပဲဖြစ်ဖြစ်၊ 911 ကို ခေါ်ပြီး ပြောဖို့ ကျောင်း တွေကကို သင်ပေးထားတာပါ။ ဒီတော့ ကလေးတွေဟာ ဥပဒေကို အားကိုး ယုံကြည် တဲ့ စိတ်နဲ့ ကြီးပြင်းရ တာကြောင့်လည်း စိတ်လုံခြုံမှုနဲ့ ကြီးပြင်းရ ပါတယ်။ အဲဒီအခါ သူတို့ဟာ သူတပါးကို မတရားသဖြင့် ဒုက္ခရောက်အောင် ထိခိုက် အောင် လုပ် တာမျိုး မဟုတ်ရင် ဘာမဆို လုပ်ခွင့်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရဲတင်း နေကြတာလို့ ပြောရမှာပါပဲ။ အဲဒီအခါ မြန်မာပြည်ထဲ မွေးခဲ့ နေခဲ့ အရွယ်ရ ကြီးပြင်း ခဲ့တဲ့ မြန်မာအမေတွေ အဖို့ တော့ သူတို့ သားသမီး အမေရိကန်ကလေးတွေရဲ့ ခွန်းတုံ့မခံ ပြန်ပြောတာ၊ ဝေဖန် ထောက်ပြတာ၊ ရဲတင်းပွင့်လင်းတာတွေကို တော်တော် သီးခံကြရတယ် လို့ပဲ ပြောရ မှာပါ။

ဒါပေမဲ့ အဲဒီ ကလေးတွေက သူတို့အပေါ် သူတို့ လက်ခံတဲ့ အပြုအမူမျိုး မိဘ မောင်နှမ ဆရာ ဆရာမတွေက ဆက်ဆံရင် ပြုမူရင်တော့လည်း Thank you လို့ ပြောဖို့ I love you လို့ ပြောဖို့ ၀န်မလေးကြသူလေးတွေပါ။ ကျမပြောချင်တာက သူတို့ဟာ တုံ့ပြန်ဝေဖန်တာ(Criticize)လုပ်သလိုပဲ အသိအမှတ်ပြုတာ(Appreciate) လည်း လုပ်ကြသူတွေဖြစ်တယ်ဆိုတာပါ။ သူတို့လေးတွေဟာ အဆိုးမြင်သမားတွေလည်း မဟုတ်ကြသလို အကောင်းမြင်သမား တွေလည်း မဟုတ်ကြ ပါဘူး။ သေချာတာကတော့ သူတို့ဟာ အရာရာကို သူတို့ မြင်တဲ့ ထင်တဲ့အတိုင်းသာ ပြောခွင့်ရကြသူတွေမို့ အမှန်ကို ပြောရဲသူတွေတော့ ဖြစ်နေတာပါပဲ။

အဲဒီအခါ သူတို့နဲ့ ရင်ဆိုင်ရတဲ့ လူကြီးတွေကလည်း အမှားမလုပ်မိအောင် သတိထား ဖြစ်လာပါတော့တယ်။ ဒါကြောင့်ပဲ ကလေးတွေရဲ့ ပညာရေးစနစ် .. ပြုစုပျိုးထောင်ရေး ပုံစံက ဘယ်လောက်အရေးပါတယ်ဆိုတာ ပိုပြီး ပေါ်လွင်လာရတာပဲ ဖြစ်ပါတယ်။


+++++

တလောက မြန်မာပြည်က သတင်းတွေထဲ အခြေခံပညာကျောင်းက ကျောင်းသား ကျောင်းသူတချို့ကို  ကျောင်းအုပ် ဆရာမကြီး၊ ကျောင်းအုပ်ဆရာကြီး ၊ အတန်းပိုင်ဆရာမ တို့က ပြင်းပြင်း ထန်ထန် ရိုက်နှက် အပြစ်ပေးတယ် ဆိုတဲ့ သတင်း သုံးလေးပုဒ် ဆက်တိုက်လို ဖတ် လိုက်ရတော့ ကိုယ်တိုင် အမေလည်း အမေ၊ ဆရာမလည်း ဆရာမမို့၊ ကျမ စိတ်ထဲ တော်တော် ထိခိုက်ခံစားရပါတယ်။ ဒီလို အဖြစ်အပျက်မျိုးဟာ အမေရိကမှာ ဖြစ်လို့ ကတော့ အဲဒီ ဆရာ ဆရာမတွေ ပြင်းပြင်းထန်ထန် အရေးယူ ခံရမယ့်အပြင် လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ရှောင်ဖယ်တာကိုတောင် ခံကြရမှာပါ။

ကလေးတွေကို ရိုက်နှက်ဆုံးမတယ်ဆိုတာက ဒီမှာတော့ အလွန် ကြီးလေးတဲ့ ပြစ်မှုပဲ ဖြစ်ပါတယ်။ ဒါ့ထက်ပို ကျယ်ကျယ်ပြောပြော စဉ်းစားရင်တော့ ဒါက ယဉ်ကျေးမှု ကိစ္စလည်း ဖြစ်ပါတယ်။ သူတပါးကို အသားနာအောင် လုပ်တယ်ဆိုတာကိုက မယဉ်ကျေးတဲ့ လုပ်ရပ်မို့ ဆရာက တပည့်ကို ရိုက်ဆုံးမတာဟာ ချစ်လို့၊ မိဘက သားသမီးကို ရိုက်ဆုံးမ တာဟာ ချစ်လို့ စေတနာရှိလို့.. ဆိုတဲ့ ကျမတို့ မြန်မာ့အတွေး အယူအဆဟာ ပြန်စဉ်းစားစရာကောင်းနေတာ အမှန်ပါ။ ကျမလည်း စဉ်းစား ကြည့်နေ ပါတယ်။ တကယ်ပဲ ရိုက်ဆုံးမတာဟာ အဖြေကောင်း လား၊ စနစ်မှန် လား…။ ရိုက် မှပဲ ထိရောက်အောင် ဆုံးမတယ် မည်သလား.. စဉ်းစားကြရပါမယ်။

ဒါကို ပညာရေး စိတ်ပညာရှင်တွေ အပါအ၀င် စိတ်ပညာရှင်တွေ အတော်များများလည်း စဉ်းစားခဲ့.. အဖြေထုတ်ခဲ့ကြပြီးသားပါ။ အဖြေက ရှင်းပါတယ်။ ရိုက်နှက်ခြင်းသည် မှန်ကန်သော ဆုံးမခြင်း မဟုတ်… ဆိုတာ ပါပဲ။ ဒါပေမဲ့ ကျမတို့ မြန်မာပြည်မှာတော့ ခုချိန်ထိအောင် ကျောင်းတွေမှာ အိမ်တွေမှာ ဆရာ ဆရာမတွေက မိဘတွေက သားသမီးတွေကို တရားဝင် ရိုက်နှက်ခွင့် ရနေဆဲ ဖြစ်ပါတယ်။ ဒါက ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုကို ချိုးနှိမ်ရာ ကျတယ် ဆိုတာကို ကျမတို့ မတွေးမိခဲ့ကြပါဘူး။

+++++

ဒီတိုင်းပြည်ရောက်တဲ့အခါမှာ ကျမ သေသေချာချာ သတိထားမိတာကတော့ ဒီမိုကရေစီ ပညာရေးကျင့်စဉ် ဆိုတာကိုပါပဲ။ အရင်ကတော့ ကျမမှာလည်း စာတွေ့သာ ရှိခဲ့ရတာပါ။ John Dewey(1859-1952) ရဲ့ လေ့လာတွေ့ရှိချက်အရ ပြောရရင်.. ဒီမိုကရေစီပညာရေးစနစ်ရဲ့ ရည်မှန်းချက် တွေဆိုတာက… -စာသင်သားတွေကို အတူတကွပူးပေါင်းလုပ်ဆောင်စေပြီး ဘက်စုံအသိပညာကိုရစေဖို့ -အနာဂတ်ကာလဖွံ့ဖြိုးတိုးတက်စေဖို့၊ -အပြုသဘောဆန်ပြီးလွတ်လပ်တဲ့အတွေးအခေါ်တွေဖွံ့ဖြိုးတိုးတက်စေဖို့ -အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်ဖို့၊ -တရားမျတမှုကိုမြတ်နိုးတတ်ပြီးကိုယ်ချင်းစာတရားရှိစေဖို့၊ -လူမှုဆက်ဆံရေးတိုးတက်စေဖို့၊ -ကလေးတွေရဲ့ တစ်ယောက်နဲ့တစ်ယောက်မတူဘဲ ကွဲပြားခြားနားနေမှုတွေကို ဂရုစိုက်ပြီး တစ်ဦးချင်းကို ဖွံ့ဖြိုးတိုးတက်စေဖို့၊
-ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို အားပေးဖို့ နဲ့
-အသက်မွေးဝမ်းကျောင်းအလုပ်တွေ လုပ်နိုင်မယ့် ပညာရေးမျိုးကို စီစဉ်ပေးဖို့ ဆိုတာ တွေ ပါပါတယ်။

အဓိကကတော့ ကျောင်းသားကျောင်းသူတွေဟာ ဒီမိုကရေစီပညာရေးထဲကနေ လူမှု အသိုင်းဝိုင်း ထဲမှာ အဆင် ပြေပြေ နေသွားနိုင်ပြီး ကိုယ်ပိုင်အရည်အသွေးတွေနဲ့အတူ လူသားအချင်းချင်း ကိုယ်ချင်းစာ လေးစား တတ်တဲ့ အသိတွေ အတွေ့အကြုံတွေ စိတ်ချရ တဲ့ အသက်မွေးဝမ်းကြောင်းပညာ နဲ့ အလုပ်တွေကိုပါ ရသွားမှာမို့ အောင်မြင် တဲ့ နိုင်ငံသားတွေ ဖြစ်လာဖို့ ရည်မှန်းတာဟာ ဒီမိုကရေစီ ပညာရေးရဲ့ သော့ချက်ပဲ ဖြစ်ပါတယ်။ အဲဒီအခါ ခု ကျောင်းသေးသေးလေးပါဆိုတဲ့ သပြေညို  မြန်မာစာကျောင်းလေး သည်ပင် လျှင်၊ တချိန်မှာ ကျမတို့ကလေးတွေ ကိုယ့်ဇာတိမြေကို ပြန်ပြီး အလုပ်အကျွေး ပြုနိုင်တဲ့ အောင်မြင် တဲ့ နိုင်ငံသားတွေ ဖြစ်လာဖို့ ဆိုတဲ့ ရည်မှန်းချက်တော့ ရှိနေပါတယ်။

 ဒါမှပဲ ကျမလည်း ဆရာမကောင်း၊ သပြေညိုဟာလည်း ကျောင်းကောင်း၊ ပြီးတော့ ကျမ တို့ရဲ့ ကလေးတွေဟာလည်း စာသင်သားကောင်းလေးတွေ ဖြစ်မှာမဟုတ်ပါလား ရှင်။

၎ ဧပြီ ၂၀၁၂။

(ပြည်တွင်းထုတ် Venus News Weekly Journal  ပါ အပတ်စဉ်ဆောင်းပါး - အမှတ် ၅)

1 comment:

ညီလင်းသစ် said...

စာကြောင်းလေး တစ်ကြောင်းကို ထဲထဲဝင်ဝင် တွေးဖြစ်သွားတယ် အမ..၊

‘သေချာတာကတော့ သူတို့ဟာ အရာရာကို သူတို့ မြင်တဲ့ ထင်တဲ့အတိုင်းသာ ပြောခွင့်ရကြသူတွေမို့ အမှန်ကို ပြောရဲသူတွေတော့ ဖြစ်နေတာပါပဲ..’၊

လူ့အဖွဲ့အစည်း တစ်ခုကို ထိန်းကျောင်းမောင်းနှင် နိုင်ဖို့ အရည်အချင်းတွေထဲမှာ အမှန်ကို မြင်ပြီး မြင်တဲ့အတိုင်း ပြောရဲတာလည်း ပါတာမို့ ဒါဟာ နောင်တချိန် လူကြီးဖြစ်လာမယ့် ကလေးတွေအတွက် တကယ်ပဲ အရေးကြီးလွန်းတဲ့ အချက်ပါလား-လို့ သတိချပ်မိပါတယ်၊ ဒီအခန်းဆက် ဆောင်းပါးတွေကို သဘောကျလွန်းတာမို့ အခုလို ပြန်တင်ပေးတာ ကျေးဇူးပါ အမရေ..။