Apr 16, 2012

အမေရိကန်ရောက် သင်္ကြန်ပွဲ နဲ့ သပြေညို

ဒီနှစ် သင်္ကြန်ဟာ သပြေညို ကျောင်းအနေနဲ့ ပထမဆုံးကြုံရတဲ့ သင်္ကြန်ပါ။ ပြောချင်တာက စာသင်ခန်းထဲမှာ ကလေးတွေကို သင်္ကြန်ဆိုတာ ဘယ်လို ပွဲတော်လဲ.. ဘာအထိမ်းအမှတ်နဲ့ လုပ်တဲ့ ပွဲလဲ.. ဘယ်လို ဆင်နွှဲကြတဲ့ ပွဲလဲ.. ဘယ်လို ဆင်နွှဲသင့် တဲ့ ပွဲလဲဆိုတဲ့ ဗမာမှုတွေကို သင်ခွင့်ရဖို့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ပြောပြချင်တာပါ။ သပြေညို ကျောင်းစဖွင့်တာက မနှစ်က ဇွန်လ.. အမေရိကန်ပြည်ရဲ့ နွေရာသီ ကျောင်း ရက်ရှည် ပိတ်ရက်ထဲမှာမို့ ဗမာပြည်က သင်္ကြန်ချိန်နဲု့ မကြုံလိုက်ရပါဘူး။ ဒါကြောင့် ဒီနှစ် ကြုံကြိုက်မှပဲ သင်္ကြန်နဲ့ ပတ်သက်သမျှကို စာသင်ခန်းမှာ ပြောပြရပါတော့မယ်။

သင်္ကြန်ဆိုတာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့အကြောင်း၊ နွေကာလ ပူပူ လောလော ရာသီ မှာ အေးမြစေလိုစိတ်နဲ့ ရေလောင်းကြတဲ့အကြောင်း၊ အောင်အတိတ် အောင်နိမိတ် ဆောင်ပြီး အေးချမ်းမွှေး ပျံ့စေ လိုတဲ့ စေတနာ ပါ ပါလာတဲ့အခါ၊ သပြေခက်နဲ့ နံ့သာရည်ကို ပက်ဖြန်းကြတဲ့ အကြောင်း၊ နောက်ဆက် တွဲမှာ မြန်မာ နှစ်ဟောင်း ကုန်ပြီး နှစ်သစ်ပြောင်းချိန်မို့ မကောင်းတဲ့ စိတ်.. မကောင်းတဲ့ အဟောင်း၊ မကောင်းတဲ့ အညစ်အကြေးတွေကို ဆေးကြောတယ်လို့လည်း မှတ်ယူကြောင်း တွေ လောက် ပြောပြရင် သူတို့ နားလည်ပါပြီ။ ပြီးရင်တော့ အင်တာနက် ထဲက သင်္ကြန်ပုံတွေ ရှာပြီး Projector နဲ့ ပြမယ်။ ဟိုး ပုဂံခေတ်တုန်းက သင်္ကြန်ကို နံရံဆေးရေးနဲ့ သရုပ်ဖော် ထားတဲ့ ပုံတွေ ပြနိုင်တယ်။ အဲဒီကမှ တဖြည်းဖြည်းချင်း ခေတ်အလိုက် ရွေ့လျော ပြောင်းလဲ လာတာတွေကို ပြမယ်။ အားလုံးပြောပြအပြီး သူတို့တွေ အမျိုးမျိုး ပြန်မေး လာကြမယ့် မေးခွန်းတွေ ကို ဖြေပြီး ပြောပြပြီးရင်တော့ သင်္ကြန်ပွဲမှာ ဓလေ့ ထုံးစံတွေ.. ဝတ်စားဆင်ယင်မှုတွေ ဘယ်လို ရှိသင့်တယ်ထင်သလဲဆိုတာကို ကျမ သူတို့လေး တွေ ကို ပြန်မေးမယ်လို့ စိတ်ကူးထားပါတယ်။

အဲဒီလို သင်္ကြန်ပွဲနဲ့ပတ်သက်တဲ့ ပို့ချချိန် လုံလောက်ပြီဆိုရင်တော့ ထုံးစံအတိုင်း ဒီ အကြောင်းအရာအပေါ် သူတို့ ဘယ်လောက် နားလည်ကြသလဲ ဆိုတာကို ပြန် အကဲဖြတ် ရပါမယ်။ တကယ်လို့ စာကောင်းကောင်း ရေးနိုင်တဲ့ အရွယ် ဆိုရင်တော့ သူတို့ကို မှတ်စု ပြန်ရေးခိုင်းရုံပါပဲ။ ခုကတော့ စာကောင်းကောင်း မရေးနိုင်သေးတာမို့ သရုပ်ဖော်ပုံ ဆွဲခိုင်းရမှာပါ။ သင်္ကြန်ကို သူတို့ ဘယ်လို နားလည်လဲ.. ဘယ်လောက် နားလည်လဲ.. ဘယ်လို ခံစားသလဲဆိုတာ.. သူတို့ကိုယ်ပိုင် သရုပ်ဖော်တဲ့ ပန်းချီပုံတွေ မှာ တွေ့ရပါလိမ့်မယ်။

တနည်းအားဖြင့်တော့ ဒါဟာ ကလေးတွေရဲ့ သိမှုဆိုင်ရာစွမ်းရည် IQ ((Intelligent Quotient) ကိုသာမက ခံစားနားလည်နိုင်မှုစွမ်းရည် EI (Emotional Intelligence) ကိုပါ မြင့်တက် လာအောင် လေ့ကျင့်ပေးရာ လည်း ရောက်ပါတယ်။ ပြီးတော့ ဒါဟာ ပြဋ္ဌာန်းချက်တွေထဲက မဟုတ်ဘဲ၊ စာသင်သားတွေကို ပြောပြ သင်ပြဖို့ လိုအပ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ သင်ခန်းစာလည်း ဖြစ်ပါတယ်။ ဒီလို သင်ခန်းစာတွေကို ပုံမှန်ကျောင်းပညာရေး Formal Education ထဲမှာ ထည့်သုံး ပြောပြရမှာက ဆရာ ဆရာမ တွေရဲ့ တာဝန်လည်း ဖြစ်ပါတယ်။

+++++

 ကမ္ဘာပေါ်မှာတော့ ၁၉၂၀ လောက်ကတည်းက ကလေးတွေအတွက် IQ ထက်ပိုပြီး EI ကို ပို လိုအပ်တယ် လို့ တွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ၁၉၂၀မှာ စိတ်ပညာရှင် Edward L. Thorndike (1879-1949) က ကလေးတွေ အတွက် ပညာရေးထဲမှာ လူမှုဆက်ဆံရေး စွမ်းရည် (Social Intelligence) ကိုပါ ထည့်သွင်းသင့်တယ်ဆိုတဲ့ သူ့ရဲ့ အယူအဆကို တင်ပြ ခဲ့ပါတယ်။ အဲဒီ အယူအဆရဲ့ နောက်မှာမှ ကလေးတွေ အတွက် လူမှု ဆက်ဆံရေး စွမ်းရည် နဲ့ ခံစား ဆင်ခြင်နိုင်မှု စွမ်းရည် (Inter and Intra Intelligence) က အရေးပါကြောင်းကို ပညာရှင်တွေ ဖြစ်တဲ့ Abraham Maslow က ၁၉၅၄ မှာ ၊ Carl Rogers က ၁၉၆၉မှာ၊ Howard Gardner က ၁၉၈၃ မှာ … သုတေသန လုပ်ပြီး တင်ပြ လာခဲ့ကြ ပါတယ်။ အဲဒီ တွေ့ရှိချက် အယူအဆပေါ်မှာ မူတည်ပြီး ပညာရှင်တွေက အမျိုးမျိုး ဆွေးနွေး အဖြေရှာ ခဲ့ကြပါတယ်။

 ၁၉၉၀ နောက်ပိုင်းမှာတော့ အဲဒီ အယူအဆတွေအရ EI က IQ ထက်ပိုပြီး ဘ၀ကို အောင်အောင် မြင်မြင် ဖြတ်သန်း နိုင်စွမ်း ရှိတယ်လို့ လက်ခံလာကြပါတယ်။ အဲဒီ နောက်မှာ တော့ EI အရ စိတ်ခံစားချက်က စဉ်းစား တွေးခေါ်ခြင်းကို ပို ထက်မြက စေပြီး ခံစားချက် တွေကို အသိဥာဏ် နဲ့ ယှဉ်ပြီး ဝေဖန် ပိုင်းခြား စဉ်းစားနိုင်တယ် ဆိုတဲ့ ယူဆချက်ကို ကလေးတွေအတွက် လိုအပ်တဲ့ စွမ်းရည်အဖြစ် ထောက်ပြလာကြပါ တယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း “ပညာတတ်သူသည် လောကရှိ အရာရာ ကို အခွင့်အလမ်းအလိုက် ဆင်ခြင် သုံးသပ် နိုင်စွမ်းသော ဥာဏ်အားကိုလည်းကောင်း၊ မိမိ ဥာဏ်အမြင် အရ စိတ်နေ စိတ်ထား စိတ်ဓါတ် (Emotion of the Education) တို့ကိုလည်းကောင်း၊ ပြုပြင် ပြုစု စီမံထားခဲ့ သူသာလျှင် ဖြစ်သည်” လို့ ပြောခဲ့ဖူးပါတယ်။ ဒါဟာ ပညာရေးစနစ်ထဲမှာ EI (Emotional Intelligence) က အရေးပါ လှတာကို ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ စကားစပ်လို့ ဥပမာလေးတခု ပြောပြပါရစေ။ ကျမတို့ မြန်မာနိုင်ငံမှာတုန်းက ကျမသားကြီးက ကမာရွတ် ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC) မှာ ကျောင်း တက်ပါတယ်။ သားကြီး ၈တန်းကျောင်းသားအရွယ်မှာ မြန်မာစာသင်ရိုးထဲက ကဗျာတပုဒ်ကို လပတ်စစ် စာမေးပွဲမှာ ဆရာမပေးထားတဲ့ မှတ်စု အတိုင်း ၏-သည်-မလွဲ မဖြေဘဲ သူနားလည်သလို ဖြေတာမှာ ဆရာမက ၁၀မှတ်ပေးဖို့ သတ်မှတ်ထား တာမှာ ၂ မှတ်ပဲ ပေးခဲ့ပါတယ်။ သားရဲ့ အဖြေစာရွက် အိမ်ကို ပါလာလို့ ကျမ ပြန်စစ် ကြည့်တော့ အချက်အလက်တွေအားလုံး အမှန်ပဲ ဖြစ်ပြီး စာလုံးပေါင်း သတ်ပုံ တစ်လုံးစ နှစ်လုံးစလောက်ပဲ မှားတာတွေ့ပါတယ်။ ကျမကိုယ်တိုင်လည်း မြန်မာစာ ဆရာမ မို့ ဒီလို အဖြေမျိုးကို အမှတ်ပေးစည်းမျဉ်းအရ အနည်းဆုံး ၆မှတ် ပေးဖို့ ဘောင်ဝင်တာကို တွေ့ပါတယ်။ ဒါနဲ့ပဲ သားရဲ့ မြန်မာစာဆရာမကို အကျိုးအကြောင်း မေးကြည့်ချင်တာနဲ့ ကျမ သားရဲ့ အဲဒီ မြန်မာစာ ဆရာမကို လိုက်တွေ့တော့ သူပေးတဲ့ မှတ်စုအတိုင်း မဟုတ်လို့လို့ ကျမကို အဖြေပေးပါတယ်။

ဒါဟာ ကလေးရဲ့ EI အရ ဖြေဆိုတာကို အသိအမှတ် မပြုတဲ့ ပြဿနာပါပဲ။ ပြီးတော့ အဲဒါဟာ မြန်မာနိုင်ငံ ရဲ့ ကျောင်းတွေမှာ တော်တော် များများ တွေ့နေရတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။ ဒါနဲ့ပဲ ကလေးတွေဟာ ပုံစံသွင်းထား တဲ့ အနေအထားမျိုးနဲ့ သူတို့ရဲ့ ကိုယ်ပိုင်စိတ်ကူးဉာဏ်တွေကို ရိုက်ချိုး ခံရပြီး အရွယ် ရောက် လာကြရတာမို့ ဒါဟာ လက်တွေ့ဘ၀ကိုပါ ရိုက်ခတ် လာတော့ တာပါပဲ။ ဘာလို့လဲဆိုတော့ အနာဂတ်ဘဝ တိုးတက် ဖွံ့ဖြိုးဖို့ ဆိုရင် ကလေးတွေ အနေနဲ့ လက်တွေ့ ပစ္စုပ္ပန် ဘ၀ထဲမှာလည်း အရာရာကို ကိုယ့် စိတ်ကူး စိတ်သန်းနဲ့ ကိုယ် တွေးတောကြံဆ ဆင်ခြင်သုံးသပ်ပြီး အောင်အောင်မြင်မြင် ရင်ဆိုင် ကျော်ဖြတ်နိုင်ဖို့ လို တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဟာ EI ကို အသုံးချခွင့်လည်း ဖြစ်ပါတယ်။

 +++++++

ဆက်စပ်ပြီးတော့ ပြန်ကောက်ပြောရရင် ခု အမေရိကမှာတော့ ကလေးတွေဟာ သင်္ကြန် ဆိုရင် တိုင်းတပါးနိုင်ငံမှာမို့ သင်္ကြန်ကျစရာနေရာက ဘုန်းကြီးကျောင်းဝင်းပဲ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု ရဲ့ မြန်မာများတဲ့ မြို့တွေမှာ ဘုန်းကြီးကျောင်း အနည်းဆုံး တကျောင်း တော့ ရှိပါတယ်။ အဲဒီ ဘုန်းကြီးကျောင်း မှာ သင်္ကြန်အထိမ်းအမှတ်ပွဲတွေ လုပ်တဲ့အခါ မြန်မာနွယ်ဖွား အများစုက မြန်မာ့ရိုးရာ ၀တ်စုံတွေ ၀တ်ကြပါတယ်။ ပြီးတော့ မဏ္ဍပ်တွေထိုး၊ စတုဒီသာ ကျွေး၊ ရန်ပုံငွေဈေးရောင်းပွဲတွေ လုပ်၊ သီချင်းတွေ ဆိုကြ၊ သင်္ကြန်ကတွေ ကကြ။ ဘုန်းကြီးကျောင်းဝင်းတ၀င်းလုံး မြနန္ဒာသံတွေ.. တူးပို့သံ တွေ ညံလို့။ တခါတလေ ရာသီဥတုက ကောင်းကောင်းမနွေးသေးရင် သပြေခက်နဲ့ ရေပက်တာပါ။ ကလေးတွေ ကတော့ မြန်မာပြည်မှာလိုပဲ ရေပြွတ်တွေနဲ့ ဖလားတွေ နဲ့ ပေါ့။ သက်ကြီးပူဇော်ပွဲတွေလည်း လုပ်ပါတယ်။ သိပ်ကို မြန်မာဆန်တဲ့ သင်္ကြန်စစ်စစ်လို ကျင်းပကြပါတယ်။ ဘာကြောင့်ပါလဲ…


 ကျမစိတ်ထင်တော့ ဒါဟာ အမျိုးသားရေးစိတ်ပါပဲ။ ကိုယ့်ဇာတိမြေကို စွန့်ခဲ့ရ ပေ မဲ့ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ထုံးတမ်း အစဉ်အလာ၊ ကိုယ့်ရိုးရာဓလေ့၊ ကိုယ့်သရုပ်သကန်ကို မေ့မသွားအောင် ထိန်းချင်တာ၊ ဖော်ထုတ်ချင်တာပဲလို့ မြင်ပါတယ်။ အဲဒီလို ထိန်းတာကပဲ ကျမတို့ရဲ့ ကလေးတွေကို ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်ကို သိအောင် ပြောပြ သင်ပြရာရောက်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်က သင်္ကြန်ပွဲကလေးဟာလည်း ကျမတို့ သပြေညို မြန်မာစာ ကျောင်းလေး အတွက်တော့ သင်ကြားမှု အထောက်အကူပြု နယ်ပယ်လေးတခုပဲ ဖြစ်ပါတယ်ရှင်။ သင်္ကြန်အခါသမယ နှစ်ဟောင်းအကုန် နှစ်သစ်အကူးမှာ မြန်မာပြည်က မိဘပြည်သူတွေ ကလေးတွေ လူငယ်တွေ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေလို့ ဆန္ဒပြုပါ တယ်ရှင်။

 ၁၁ ဧပြီ ၂၀၁၂။

Venus News Journal ပါ ဆောင်းပါး အမှတ်- ၆။

2 comments:

Nyi Linn Thit said...

ကျောင်းသားက သူ့အရည်အချင်းကို အားကိုးပြီး သူနားလည်သလို ပြန်ရေးပြတာကို အားပေးရမယ့် အစား ဆရာသင်ပြထားသလို မဟုတ်လို့ အမှတ်မပေး နိုင်ဘူး ဆိုတာကတော့ ဆိုးပါတယ် အမရာ..၊ အင်းလေ ကျနော်လည်း အခုမှသာ ပြောတာပါ၊ ဟိုမှာတုန်းကတော့ စာမေးပွဲဖြေရင် ဆရာရေးပေး ထားတာနဲ့ မတူမှာစိုးလို့ အတိအကျ လိုက်မှတ်နေရ တာနဲ့ပဲ စာပါ အကြောင်းအရာကို ဘာမှန်းတောင် သေသေချာချာ မသိ၊ မတွေးဖြစ်ခဲ့တာ ချည်းပါပဲဗျာ၊ အမတို့ရဲ့ ကျောင်းကလေးက နေပျော်စရာ ကောင်းလိုက်မယ့် ဖြစ်ခြင်း..။

phung bella said...

hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog