မြန်မာစာရဲ့ စာလုံးဖွဲ့စည်းပုံက အင်္ဂလိပ်စာလို Flat Form မဟုတ်ဘဲ Mixed Form လို့ ပြောရမယ် ထင်ပါ တယ်။ အင်္ဂလိပ်စာလုံးဖွဲ့စည်းပုံက Consonant + Vowels ဆိုတော့ ရှင်းပါတယ်။ A to Z .. Consonant တွေကို A,E,I,O,U ..Vowel တွေနဲ့ ပေါင်းလိုက်တာမို့ အဘိဓာန်မှာ Consonant အစဉ်အတိုင်း ကြည့်ရုံပါပဲ။ မြန်မာစာ မှာကတော့ စာလုံးပေါင်းဖွဲ့စည်းပုံကိုက အခြေခံအဆင့် ၄ဆင့်ရှိနေတာပါ။ ‘က’ ကနေ ‘အ’ အထိ ဗျည်းတွေကို အခြေခံသရ (အ၊ အိ၊ အု၊ အေ၊ အဲ၊ အော၊ အံ၊ အို) နဲ့ တွဲတာက ပထမအဆင့်။ နောက် ဒုတိယ အဆင့်က အသတ် တွေနဲ့ တွဲ။ အသတ်အစဉ်လိုက်ထဲမှာကို သရစဉ်အတိုင်းလိုက်ပြီး အသတ်ထပ်ခွဲ တာတွေ ရှိပြန်။ အဲဒီ အသတ်ဆင့် ပြီးပြန်တော့ တခါ ဗျည်းတွဲဆင့် -ျ ။ြ- ။ -ွ ။ -ှ ။ -ျွ ။ြ-ွ ။ -ျှ ။ြ-ှ ။ -ွှ ဆိုတာတွေကလည်း အဆင့်ဆင့်.. အဲဒီ ဗျည်းတွဲတွေကိုမှ တခါ ဗျည်းတွဲသရ နဲ့ ဗျည်းတွဲ အသတ်တွေ ထပ်ခွဲသေးတာဆိုတော့ အဲဒီ အက္ခရာအစဉ်ကိုသာ မကျေညက်ရင် အဘိဓာန် နဲ့ သတ်ပုံကျမ်း တခါ လှန်ဖို့အရေးက အတော်ကို အချိန် ယူ တော့တာပါ။ တက္ကသိုလ် ပထမနှစ် ပင်ရင်းမြန်မာစာ သင်ရိုးမှာ အက္ခရာစဉ် ပါပါတယ်။
အင်မတန် ကျွမ်းပါတယ်ဆိုတဲ့ ကျမတောင် အဲဒီအစဉ်အတိုင်း စာလုံးရှာဖို့ အချိန်ယူရသေးရင် အဲဒီအစဉ်ကို မကျေညက်ဘဲ ဗျည်းစဉ်ပဲ သိပြီး ရှာရတဲ့သူတွေအဖို့တော့ ပိုဆိုးတော့တာပဲ။ ဒါနဲ့ပဲ တော်ရုံဆို မကြည့်တော့ ဘဲ မှားလည်း မှားမှားပဲလို့ သဘောထားလိုက်ကြတာပါ။ တကယ်တော့ အဲလို သဘောထားတာကိုက Professional မဆန်တာလို့ ပြောရမလားပါပဲ။ (Professional ကို ဗမာလို အကောင်းဆုံးဘာသာပြန်စကားလုံး ရှိရင်လည်း ပြောပြကြပါဦး) ကျမ ဆရာမဖြစ်ခါစကဆို အဲဒီအက္ခရာစဉ်ကို ခေါင်းရှုပ်လွန်းလို့ (သိပ်မကျွမ်း သေးတာလည်း ပါပါတယ်) သူငယ်ချင်းဆရာမက ကျမအစား အတန်း ၀င်ယူပေးရတာမျိုးတောင် ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကိုယ့်ပညာရပ်အတွက် ကိုယ့်အလုပ်အတွက် Professional ဖြစ်ဖို့ မရ အရ ကြိုးစားရမှာပါပဲ။ အချိန်ပေး၊ အာရုံပေးလိုက်ဖို့ပါပဲ။ အဲဒီအတွက် နာရီပိုင်း .. ရက်ပိုင်းပဲ ကြာပါတယ်။
+++++
နောက်ထပ်အရေးကြီးတာတစ်ခုကတော့
ကိုယ် ပြောချင်တဲ့ အကြောင်းအရာကို ရေးထားတာ တကယ် နားလည်လွယ်ရဲ့လား ဆိုတာကို ပြန်စစ်ကြဖို့ပါ။
အထူးသဖြင့် ဘာသာပြန် သတင်းတွေပါ။ ကျမ အကြံပေးချင်တာက တော့ စကားလုံးကောင်းကောင်းတွေ
အဆင့်မြင့်မြင့်တွေ သုံးဖို့ ကြိုးစားတာထက် အရှင်းဆုံးတွေးပြီး အရှင်းဆုံး ရေးတာကသာ
အကောင်းဆုံး မြန်မာစာ ဖြစ်တယ် ဆိုတာ ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ရေးတာ က သတင်း
ဖြစ်နေလို့ပါ။ ရသစာ မဟုတ်ပါဘူး။ ပြီးတော့ ၀ါကျရှည် တွေ သုံးတာကို အတတ်နိုင်ဆုံး ရှောင်ကြ
စေချင်တာပါ။
ရေဒီယိုသတင်းတွေမှာ စာပိုဒ် တစ်ပိုဒ်လုံး ၀ါကျတစ်ကြောင်းတည်း ပြောသွားတာမျိုးတွေ အများကြီး တွေ့နေ ရ ပါတယ်။ အဲဒီအပြင် အဆက်ပစ္စည်းစကားလုံးတွေ နဲ့ ပုဒ်တွေကို မှန်မှန်ကန်ကန် မသုံးနိုင်တာပါ။
ဥပမာ စာပိုဒ်တစ်ပိုဒ်ကို ပြချင်ပါတယ်။
ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကတော့ ကိုးကန့်ဟာ တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးမှာ ပါဝင်နေတာ ကြောင့် တိုင်းရင်းသား တန်းတူအခွင့်အရေး ပေးပြီး တိုင်းရင်းသား ရင်ကြားစေ့ရေးကို သော့ချက် အဖြစ် အသုံးပြု ကာ ငြိမ်းချမ်းရေး တံခါးဖွင့်ပါဆိုပြီး သမ္မတ ဦးသိန်းစိန် ကို အိတ်ဖွင့်ပေးစာ ကို ဖေဖော်ဝါရီလ ၁၆ ရက် နေ့က ပေးပို့ခဲ့ပါတယ်။အဲဒီသတင်းမှာဆိုရင်… အကြောင်းအရာက တဆက်တစပ်တည်းမို့ ၀ါကျ မခွဲနိုင်ဘူးဆိုရင်တောင် အနည်းဆုံး ၀ါကျခွဲ နှစ်ကြောင်းလောက်တော့ ခွဲသင့်ပါတယ်။ ကျမ ပြန်ရေးထားတာမှာ လေ့လာနိုင်ပါတယ်။
ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကတော့ ကိုးကန့်ဟာ တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးမှာ ပါဝင်နေတာ ကြောင့် တိုင်းရင်းသား တန်းတူအခွင့်အရေး ပေးသင့်ကြောင်း နဲ့ တိုင်းရင်းသား ရင်ကြားစေ့ရေးကို သော့ချက် အဖြစ် အသုံးပြုကာ ငြိမ်းချမ်းရေး တံခါးဖွင့်သင့်ကြောင်း တို့ကို သမ္မတ ဦးသိန်းစိန် ထံ အိတ်ဖွင့်ပေးစာ အဖြစ် ဖေဖော်ဝါရီလ ၁၆ ရက် နေ့က ပေးပို့ခဲ့ပါတယ်။ကာ- အသုံးကို တချိန်တည်းပြိုင်တူလုပ်နေတဲ့အမူအရာ နှစ်ခုအတွက်သုံးရပါတယ်။
ကော်ဖီသောက်ကာ တယ်လီဖုန်းပြောနေတယ်။ (ရင်း- နဲ့ တူတူပါပဲ)
ကို - ကတော့ Object Marker ပါ။ ဦးတည် တဲ့ သဘော (To ) နဲ့ သုံးမယ်ဆိုရင် ဆီကို-ထံကို လို့ သုံးရမှာပါ။ ဒါဆိုရင် ‘ကို’နှစ်ခါ ထပ်တဲ့ စကားမပြေပြစ်မှုမျိုးလည်း မဖြစ်တော့ဘူးပေါ့။
အချိန်လုပြီး လုပ်ရတဲ့ ရေဒီယို သတင်းထောက်တွေ အတွက်ကတော့ အလွယ်ဆုံး စကားပြေ နဲ့ အတိုဆုံးဝါကျတွေ ရေးသင့်တယ်ဆိုတာကို မြင်စေချင်လို့ပါပဲ။
+++++
နောက်ထပ် ခဏခဏ ဆင်တူယိုးမှားမို့ မှားနေကြတဲ့အပြင် အဓိပ္ပါယ်ကိုပါ လုံးလုံးလွဲသွားစေတဲ့ စကားသုံး တချို့ကို ထောက်ပြချင်ပါသေးတယ်။ (ကျမ ခဏခဏ ပြောဖူးပြီးသားတွေလည်း ဖြစ်ပါတယ်)။
အပြောင်းအလွဲ - အပြောင်းအလဲ (အမှန်)
(ပြောင်းလဲ တာနဲ့ လွဲချော် တာဟာ တော်တော် ကွဲတဲ့ အဓိပ္ပါယ်ပါ)
နိုင်ငံရေးအကျဉ်းသမား - နိုင်ငံရေးအကျဉ်းသား
(သမား- ဆိုတာက ကျွမ်းကျင်သူလို့ အဓိပ္ပါယ်ရပါတယ်)
မှတ်ချက်ချ - ကောက်ချက်ချ
ဥပမာ - IS စစ်သွေးကြွတွေရဲ့ လုပ်ရပ်ဟာ ရက်စက်ကြမ်းကြုတ်တယ်လို့ သမ္မတအိုဘားမားက မှတ်ချက်ချ ပြောဆိုပါတယ်။
- အသေးစားလုပ်ငန်းတွေ တိုးတက်လာတဲ့အခြေအနေတွေကြောင့် ၂၀၁၅ နောက်ပိုင်းမှာ အမေရိကန်စီးပွားရေး ပြန်ပြီး ဦးမော့လာမယ်လို့ စီးပွားရေးသုတေသီတွေက ကောက်ချက်ချ ပါတယ်။
(Remark နဲ့ Conclude နဲ့ တော်တော်ကွာပါတယ်နော်)
မှတ်တမ်းတင် - စံချိန်တင်
အကြောင်းအရာ တစ်ခုခုကို မှတ်တမ်းတင်တာနဲ့ နှုန်းထားတစ်ခုခု စံချိန်ချိုးတာ။
ဥပမာ- ၈လေးလုံးလှုပ်ရှားမှုကြီးဟာ သမိုင်းမှတ်တမ်းတင်စရာဖြစ်ပါတယ်။
- ဒီနှစ် ဆောင်းရာသီမှာ နှင်းကျတာ စံချိန်တင်ပါတယ်။
အကျင့်ပျက်ချစား - အကျင့်ပျက်ခြစား (အမှန်)
ခြကောင်တွေစားသလို တတိတိ လျော့ပါးသွားတဲ့အဓိပ္ပါယ်နဲ့ သုံးတာပါ။
ဂတိပေး - ကတိပေး (အမှန်)
ကတိက၀တ်က လာတာမို့ ကတိ က အမှန်ပါ။ ဂတိဆိုတာက ပါဠိက လာတာ ဖြစ်ပြီး လားရာဆိုတဲ့ အဓိပ္ပါယ်ပါ။
- ပညာရေးဥပဒေသစ် ပြင်ဆင်ရေးဆွဲရေးကိစ္စကို အစိုးရဘက်က နှုတ်ကတိပေးရုံလောက်ပဲ ရှိသေးတယ်လို့ ပြောနိုင်ပါတယ်။
စားရိတ်စက - စရိတ်စက (အမှန်)
မြန်မာနိုင်ငံမှာ ၀န်ထမ်းတွေ လုပ်ခ နည်းသလောက် ကုန်ကျစရိတ် ၊ နေထိုင်စရိတ် စတဲ့ စရိတ်စက တွေက ကြီးမြင့်လှပါတယ်။
ကျစ်ကျစ်လစ်လစ် - ကျစ်ကျစ်လျစ်လျစ် (အမှန်)
လစ် - က အလစ်အငိုက် ၊ လစ်လပ် စတဲ့ အဓိပ္ပါယ်တွေ ရှိပါတယ်။
အများဆုံးမှားကြတဲ့ ပျောက်ကြား - ပြောက်ကျား(အမှန်)
အကွက်ပြောက်ပြောက်ပုံစံနဲ့ ကျားတက် တက် ထိုးစစ်ဆင်လို့ ပြောက်ကျား လို့ပေါင်းတာပါ။
လျှော့ကျ ၊ လျော့ချ - လျှော့ချ ၊ လျော့ကျ (အမှန်)
တကယ်တော့ စည်းကမ်းနဲ့ မှတ်လို့ မရတဲ့ သဒ္ဒါအထားအသိုတွေလည်း မြန်မာစာမှာ ရှိတော့ ရှိသားပါ။
ဥပမာ - အကြီးဆုံးသား၊ အငယ်ဆုံးညီမ လို့ ပြောသလို သားအကြီးဆုံး ၊ ညီမ အငယ်ဆုံး လို့လည်း ပြောနိုင် ပါတယ်။ ဒါပေမဲ့ အချစ်ဆုံးသူငယ်ချင်း နဲ့ သူငယ်ချင်းအချစ်ဆုံးကျတော့ လှည့်ပြောလို့ မရပြန်ပါဘူး။ အဲလိုပဲ အလှဆုံးမြို့ ၊ အကောင်းဆုံးစာအုပ်.. ဒါတွေကိုလည်း လှည့်လို့ မရပါဘူး။ Superlative စကားလုံးတွေကို နာမ်/နာမ်စားတွေနဲ့ အတူတွဲသုံးရတယ်ဆိုတဲ့ Structure ဖြစ်ပါတယ်။
ဒါပေမဲ့ မနေ့ကတော့ ဂီတဆုပေးပွဲတစ်ခုမှာ ဆုပြားပေါ်မှာရေးထားတဲ့ အမှားတစ်ခု ကို တွေ့လိုက်ရပါတယ်။
နှစ်ပေါင်းများစွာ အောင်မြင်မှုကို အထိန်းသိမ်းနိုင်သော လူငယ်ဂီတသမားဆု.. တဲ့။
အထိမ်းသိမ်းနိုင်ဆုံး.. ဆိုတာနဲ့ ထိန်းသိမ်းနိုင်သော ကို ဘယ်လို လွဲမိသွားတယ် မသိပါဘူး။ အဲဒီအမှားကတော့ ဆုပြားပေါ်မှာကို ရေးထိုးထားတာမို့ မှတ်တမ်းဝင်အမှား ဖြစ်သွားရှာပါပြီ။
(အမှားတွေ ထပ်တွေ့တဲ့အခါ အလျဉ်းသင့်သလို ရေးသွားပါဦးမယ်ရှင်)
(စာကြွင်း- သူငယ်ချင်းတစ်ယောက်က ကျမကို ပြောပါတယ်။ မြန်မာသဒ္ဒါကို ရှင်းတာ အခေါ်အဝေါ်တွေ ကို ပြဋ္ဌာန်းစာအုပ်ထဲကအတိုင်း သုံးသင့်ပါတယ်.. တဲ့။ သူပြောချင်တာက သမ္ဗန္ဓ တို့ ကတ္တားပုဒ် ကံပုဒ် တို့၊ သုဒ္ဒကြိယာ ၊ ကာရိုက်ကြိယာ.. စသဖြင့်။ ကျမက ပြန်ပြောလိုက်ပါတယ်။ အဲဒီ စကားလုံးတွေကြောင့် မြန်မာသဒ္ဒါကို တော်ရုံနဲ့ ကြောက်ကုန် ကြ တာ.. ပျင်းကုန်ကြတာ ထင်တယ်လို့။ ဒါကြောင့် လူအများစု အလွယ်တကူ သိပြီးသား အဆက်ပစ္စည်းစကားလုံး.. Subject, Object, Active, Passive လို့ သုံးတာလို့ ပြန်ပြော လိုက်ပါတယ်)
1 comment:
ကျစ်ကျစ်လစ်လစ် နဲ့ ကျစ်ကျစ်လျစ်လျစ် (အမှန်)ကို မသိခဲ့ဘူး... ခုမှသိတာ... မှတ်ထားလိုက်ပါပြီ အမ... <3
Post a Comment