Feb 19, 2015

ကျမ နဲ့ မြန်မာစာ (၃)

အများစုကြီး ဖောဖောသီသီ မှားနေကြတဲ့ ..
တုံ့ပြန် ကို တုန့်ပြန် လို့ ရေးတာ..။ ထမင်းစားနေတုန်း ကို ထမင်းစားနေတုံး လို့ရေးတာ..မောပန်း ကို မောပမ်း လို့ရေးတာ.. ပင်ပန်းကို ပင်ပမ်း လို့ရေးတာ.. ရုပ်သိမ်း ကို ရုတ်သိမ်း လို့ ရေးတာ.. လမ်းပန်းအဆက်အသွယ် ကို လမ်းပမ်းလို့ရေးတာတွေကတော့ ထင်ယောင် ထင်မှား ဖြစ်စရာမို့လို့ရော.. သိသိသာသာ ရုပ်ဆိုးတဲ့ အဓိပ္ပါယ်မှားလည်း မဖြစ်စေတာမို့ ပြောမနေ ချင်တော့ပါ။ ဒါပေမဲ့ အပြစ် တင်တယ်.. အပြစ်ဖို့တယ် ဆိုတာတွေကတော့ အပစ်.. ရယ်လို့ မဖြစ်ဖို့ သိပ်ကို အရေးကြီးပါ တယ်။ အပြစ်တင် တာနဲ့ အပစ်အခတ်..၊ အမှိုက်ပစ် ဆိုတဲ့ အခြေခံ ပေါင်းထုံးလောက်ကိုတော့ သတိ ထားသင့် ပါတယ်။

ဒီနေ့ ပြည်ပမီဒီယာ တစ်ခု ရဲ့ Website မှာ ခုလို တွေ့ရလို့ပါ။
"၂၀၁၄ ခုနှစ်အတွင်း အရပ်သားသေဆုံးမှု ၇၂ ရာခိုင်နှုန်းအတွက် တာလီဘန်နဲ့ အခြား စစ်သွေးကြွ တွေကို အစီရင်ခံစာက အပစ်ဖို့ထားပြီး ၁၄ ရာခိုင်နှုန်းကတော့ အာဖဂန်နဲ့ နိုင်ငံတကာတပ်ဖွဲ့ တွေ ကြောင့် ဖြစ်ပါတယ်။"
အဲဒီသတင်းဌာနမှာပါပဲ …
"အခုအချိန်ဟာ နိုင်ငံအနေနဲ့ အခွင့်အလန်း တွေကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ လိုအပ်တဲ့ အချိန် ဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ မစ္စတာ Carter ရဲ့ အမှာစကားမှာ ပါရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး အဆင့်မြင့်ဌာန အရာရှိတဦးက ပြောပါတယ်။"
အမြဲတစေ စာရေးနေရတဲ့ သူတွေအတွက်တော့ အခွင့်အလမ်း ကို အခွင့်အလန်း နဲ့ တော်တော် မမှား သင့်ပါ ဘူး။ အဲဒီစကားလုံးကို ခဏခဏ မေ့တတ်ရင် သေချာ မှတ်ရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ် ထမင်းစား နေရတဲ့ အလုပ်ဖြစ်တဲ့အပြင် သတင်းဌာနကြီး ဖြစ်တဲ့အတွက် စံမြန်မာစာဖြစ်ဖို့ ဂရုစိုက်ရမှာမို့လို့ပါပဲ။

နောက်ထပ် အများစုမှားကြတာကတော့ အခမ်းအနား ကို အခန်းအနား လို့ရေးကြတာပါ။ အဓိပ္ပါယ် လုံးလုံး မှားပါတယ်။ ပွဲလမ်းသဘင်အခမ်းအနား ဆိုတဲ့ အဓိပ္ပါယ် နဲ့ အခန်းတစ်ခုရဲ့ အနီးအနားဆိုတဲ့ အဓိပ္ပါယ် နှစ်ခု တော်တော် လွဲပါတယ်။

အဲဒီအပြင် ဖွံ့ဖြိုးကို ရေးတာရော ဖတ်တာပါ ဖွင့်ဖြိုး လို့ ရေးနေကြတာ..၊ လိုချင်တယ်.. ရချင်တယ်.. စားချင်တယ် ဆိုတဲ့ ချင်.. ကို ခြင် နဲ့ရေးနေကြတာတွေက တော်တော်  ပစ္စလက္ခတ် နိုင်ပါတယ်။ ခြင် ကို ကျမတို့က ခြင်ကိုက်တယ်.. ခြင်ထောင် ဆိုတာတွေကလွဲလို့ တခြားနေရာမှ မသုံးတာပဲ။ ဒါလောက်တော့ သိသင့်တယ် ထင်တာပါပဲ။

နောက်ထပ် မြိုင်မြိုင်ဆိုင်ဆိုင်ကြီးမှားကြတာက ကြေညာ နဲ့ ကြော်ငြာ.. ပါ။ ဒါကိုပဲ ကျေညာ.. လိုက် ကြော်ညာ လိုက်.. ကြေငြာ လိုက်နဲ့ ပတ်လည်ရိုက်ရေးနေကြတာ..။ ကုန်ပစ္စည်း ကြော်ငြာ..၊ သတင်းကြေညာ… အဲလို တွဲမှတ်ဖို့ ဘယ်လောက်များ ခဲယဉ်းနေပါသလဲ..။

အဲလိုပဲ ဒီခေတ် မြန်မာပြည်သတင်းထဲ လှိုင်လှိုင်ကြီးတွေ့နေကျ.. အကျပ်အတည်း.. ကိုလည်း အမြဲ အကြပ် အတည်း လို့ရေးနေကြတာ..။ အကြပ် ကို ကျမတို့ ဘယ်နေရာများ သုံးလို့လဲ..။ ကြီးကြပ်.. အကြပ်တပ်သား.. တပ်ကြပ်.. ဒါပဲ။

အဲဒါကြောင့်ပဲ မြှင့်လို့ မြင့်တယ်.. ၊ ချ လို့ ကျတယ်.. ၊ လွှတ်လို့ လွတ်တယ်.. ၊ လွှင့်လို့ လွင့်တယ်.. ၊ လှပ်လို့ လပ် တယ်..၊ ရွှေ့ လို့ ရွေ့တယ်..၊ ချက်လို့ ကျက်တယ်..၊ ခွဲလို့ ကွဲတယ် ..၊ ခွာလို့ ကွာတယ်..၊ ဖြုန်း လို့  ပြုန်းတယ်.. ၊ နှစ် လို့ နစ်တယ်..၊ နှပ် လို့ နပ်တယ်.. ဆိုတဲ့ Active, Passive သဘောတွေကိုတော့ ဘယ်လိုမှ မကွဲနိုင်ကြတော့ တာပါပဲ။

ဒီနေ့ သတင်းဌာနအတော်များများ သုံးနေတဲ့.. ‘သင့်-မသင့်’ ဆိုတဲ့ အသုံးကို ပြောပါဦးမယ်..။ ဥပမာ ဒီနေ့ သတင်းတစ်ပုဒ်မှာ တွေ့ရတဲ့ ခေါင်းစဉ်တစ်ခု..
"ကျောင်းသားစစ်ကြောင်း ရန်ကုန်ကို ချီသင့်၊ မသင့် မနက်ဖြန် ဆုံးဖြတ်မည်"
အဲဒီမှာ ချီသင့်-မချီသင့် ဆိုတာကသာ သဒ္ဒါအမှန်ဖြစ်ပါတယ်။ တကယ်လို့ သင့်-မသင့်.. လို့ တွဲ သုံးမယ်ဆိုရင် ရန်ကုန်ကို ချီတက်ဖို့ သင့်-မသင့် လို့သာ ဖြစ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ‘သင့်’ က ဒီနေရာမှာ ကြိယာ ထောက်(Supporting Verb) ဖြစ်တာမို့ သူ့ကို ချီသင့်-မသင့် လို့ ကြိယာမပါဘဲ ဟန်ချက်ညီပုံစံနဲ့ မသုံးနိုင်ပါဘူး။မ+Verb+သင့် .. သာ ဖြစ်ရပါမယ်။

သွားသင့်-မသွားသင့် (သွားဖို့ သင့်- မသင့်)
စားသင့်-မစားသင့် (စားဖို့ သင့်-မသင့်)

4 comments:

စူးနွယ်လေး said...

များများရေးပါ အစ်မ
သိပ်မသေချာတာတွေ သိချင်လို့ပါ

Unknown said...

ကုန်ကျစာရိတ်၊ စားစာရိတ် အဲ့ဒါတွေကိုရော စာရိတ်လို့ရေးရတာလား စရိတ်လို့ပဲ ရေးရတာလားဆိုလာလေးလဲ ရှင်းပြပေးပါအုံးအမရေ... စိတ်ထဲမှာ မရှင်းမလင်းဖြစ်နေလို့ပါနော်...။

Adora etc. said...

ဗဟုသုတအရမ်းရလို့ ကျေးဇူးတင်ပါတယ်ရှင့်

Unknown said...

အစည်းအဝေကိုကျတော့ရုပ်သိမ်းတာလား၊ရုတ်သိမ်းတာလား