May 29, 2007

ဘလော့ရင်ခုန်သံ

ဘလော့တွေ ၀င်ဝင်ဖတ်ဖြစ်နေတာကြာပါပြီ။

သားက သူ့ဘလော့လေးပြတော့ စိတ်ထဲသဘောကျလို့ သူငယ်ချင်းတွေကို သားဘလော့လေး အကြောင်း ကြွားရတာအမော..။ အဲဒီတုန်းက ကိုယ်တိုင်ကတော့ အလုပ်တွေ ပိပြီး..ကိုယ်ကြိုက်တဲ့ ဘလော့တွေတောင် မှန်မှန်မကြည့်နိုင်။ ကိုယ်ဘလော့ လုပ်ချင်ပြီဆိုတဲ့ အချိန်ကျတော့.. သားက သူ့ပညာရေးအတွက် ကျမနဲ့ ခပ်ဝေးဝေးမှာ ရောက်နေ..။

ခုတော့…သားဆီရောက်တုန်း အချိန်အမိအရပေးပြီး ဘလော့တစ်ခု ဖြစ်အောင်လုပ်၊ နည်းပညာနဲ့ ဝေးလှစွာသော ကျမအတွက်တော့ သိပ်လွယ် တယ် လို့ ပြောကြတဲ့ ဘလော့ရေးရတာက တော်တော်မှတ်စရာသားစရာ လုပ်ထုံး လုပ်နည်းတွေများလှပြီ...။

ကိုယ့်ဘလော့လေးကို တကြည့်ကြည့်နဲ့။ ကျမသူငယ်ချင်း ယောဟန်အောင် ပြောသလိုပဲ သော့တွေအထပ်ထပ် ပိတ်လိုက်ဖွင့်လိုက်.. အရိပ်တကြည့်ကြည့်နဲ့…။ ပြီးတော့ သူပြောသလိုပဲ ဘလော့လေးလုပ်အပြီးမှာ ကျမလဲ ကျောင်းတုန်းက ကဗျာစာအုပ်ထုတ်တုန်း က ခံစားချက်တွေကို ပြန်ပြန်သတိရတယ်။

တက္ကသိုလ်တွေမှာ ကျောင်းသားတွေ ကဗျာစာအုပ် အပျော်တမ်း ထုတ်တာက ယဉ်ကျေးမှုတခု။ မိန်းလို့ ခေါ်တဲ့ ရန်ကုန်တက္ကသိုလ် ပင်မထဲမှာ ဆိုရင်လဲ ကျမတို့ရှေ့သက်တမ်းမှာ အောင်ပြည့်၊ ကိုရွှေသိမ်းမင်း၊ ခင်အေးသက် ..ကနေ… မင်းလူ၊ မောင်မောင်စနေ၊ သားကြီး မောင်ဇေယျ တို့…. အစုလေးက နာမည်ကြီးတယ်။ ကျမသိပ်ကြိုက်ခဲ့တာပေါ့..။

နောက်တော့လဲ… ကဗျာစာအုပ် ပေါင်းများစွာ… မောရူးဆိုး..ဇေယျာလင်း..ခင်အောင်အေး.. ခင်မြဇင် ကနေ၊ မောင်သာချို.. ဇောင်းထက် ..မောင်စန်းဦး (mso)..မေငြိမ်းတို့အထိပေါ့။

ဒါ..မိန်းတခုထဲမှာပဲ ထွက်ခဲ့တာ..စက်မှုက.. ဆေးကျောင်းက..ပုသိမ်က ..မန္တလေးဘက်က.. မော်လမြိုင်..ပဲခူး ..တောင်ကြီးဘက်ကတွေ မပါ သေးဘူးနော်…။

ဒါက ကျောင်းထဲကဗျာစာအုပ်တွေကနေ မဂ္ဂဇင်း စာမျက်နှာတွေပေါ်ထိ ရောက်လာခဲ့ကြသူတွေပဲ ရှိသေးတာ..။အပြင်စာပေလောကထဲ မ၀င်ဖြစ်ဘဲ ကျောင်းထဲ ကဗျာစာအုပ်ထုတ်ခဲ့တဲ့ ကဗျာဆရာကောင်းတွေ အများကြီး ရှိသေးတာပါ။

ကျောင်းထဲက တချို့ကဗျာတွေဆို ခုထိ အလွတ်ရတုန်း.. အဲဒီ ခေတ်တွေတုန်းကဆိုရင် ယောက်ျားလေး တစ်ယောက်က မိန်းကလေး တစ်ယောက်ကို ရည်းစားစာပေးတဲ့ နေရာမှာ ရေပန်းစားတဲ့ ကဗျာလေးတစ်ပုဒ်ရှိတယ်။

အချစ်ရေ..
လူမှန်ရင်
သစ်ပင်တစ်ပင်
ဖြစ်မြောက်အောင်စိုက်ဖူးရမယ်..
သားကောင်းတစ်ယောက်
ထွန်းတောက်အောင် မွေးဖူးရမယ်..
ကိုယ်..မနေ့က
သစ်ပင်တစ်ပင်
စိုက်ခဲ့ပါပြီ..
ကဲ..အချစ်ရေ…
မင်းကရော…ဘယ်လိုလဲ..။

အဲဒီကဗျာလေးကို သားကြီးမောင်ဇေယျရေးတာ…။ ကျမတို့ခေတ်မှာ ကျောင်းသားတွေ သိပ်သဘောကျခဲ့တာပေါ့။ ချစ်စရာကောင်းတဲ့ ကဗျာလေး..။

ကျမ ကဗျာစာအုပ်တွေထုတ်တော့ ………။အဲဒီတုန်းက….. ၁၉၈၅ပေါ့။

ဖယောင်းစက္ကူ(Wax)ပေါ်မှာ ကညစ်သံချွန်နဲ့ရေးပြီး ဂက်စ်တင်နာနဲ့ လှည့်ထုတ်ရတာ.. လှည့်ပြီးထွက်လာတဲ့ စာရွက်တွေကို ကိုယ်တိုင် အရွယ် တော်ဖြတ်၊ စတက်ပလာနဲ့တွဲချုပ်…ကိုယ်တိုင်လုပ်တဲ့ ကဗျာစာအုပ်လေးတွေ..။ ကဗျာစာအုပ် ထုတ်ဝေရေးဌာနနေရာက ဦးချစ်ဆိုင်ရဲ့ ငှက်ပျောတောအုပ်လေး ထဲမှာပေါ့။

စာအုပ်လေးတွေရလာရင် အရိပ်တကြည့်ကြည့်နဲ့..ကျောင်းထဲမှာ တစ်အုပ် တစ်ကျပ်နဲ့ လိုက်ရောင်း…။ သိပ်ပျော်စရာကောင်းခဲ့တာ။

အဲသည်တုန်းက ရန်ကုန်ထဲ ရှိရှိသမျှ တက္ကသိုလ်တွေထဲ ကဗျာစာအုပ် လိုက်ရောင်းရတာ အလုပ်တစ်ခု။ အဲသည်တုန်းက လက်ဘက်ရည်တခွက်လဲ တစ်ကျပ်ခေတ်ပဲ။ ထမင်းကြော် ရှယ်တစ်ပွဲမှသုံးကျပ်ပဲ။ ကဗျာစာအုပ်ရောင်းခတွေ ကို သူငယ်ချင်းတွေနဲ့ စုပြီး မုန့်စားပစ်တာပါပဲ.. အဲဒါကပဲ ပျော်စရာ….။

အဲဒီတုန်းက ကျောင်းထဲမှာ ကဗျာစာအုပ်ထုတ်တဲ့ မိန်းကလေးက ကျမတစ်ယောက်ထဲ..ယောက်ျားလေးတွေနဲ့ ကဗျာစာအုပ်ပေါင်းထုတ်.. ကဗျာစာအုပ်လိုက်ရောင်းလို့ အတန်းကဆရာမခေါ်ဆူတာကို ခံရဖူးတာလဲ ခုထိမှတ်မိသေးတယ်။

ပြီးတော့.. အချင်းချင်း ကဗျာတွေကို အပြန်အလှန်ဝေဖန်ကြ။ ငြင်းကြခုန်ကြ ရန်ဖြစ်ကြ..ပြန်ချစ်ကြ။

တခါက ကျမရဲ့ ကဗျာတစ်ပုဒ်မှာ

ချစ်သူရေလာ..
ဘ၀ဆိုတဲ့ တလင်းကိုဖြတ်ဖို့
အချစ်ဆိုတဲ့ ဘိနပ်ကိုစီးလို့…
လျှောက်စို့…။

လို့ ရေးခဲ့တာမှာ ကဗျာသူငယ်ချင်းတချို့က အချစ်ကိုဘိနပ်နဲ့ နှိုင်းလို့ ဆိုပြီး အကြာကြီးငြင်းကြခုန်ကြရသေးတာ..ခုထိမှတ်မိပါသေးတယ်။

ခုရော….
ဘလော့တွေပေါ်မှာ ငြင်းကြခုန်ကြ..ဆွေးနွေးကြ..။
ခံစားတတ်မယ်ဆို ကြည်နူးစရာ…
ဒါပေမဲ့ ဒေါသတွေတော့ မပါစေချင်ပါ။

ကျမကတော့ အနုပညာနဲ့ ပတ်သက်ရင် အရာရာကို အကောင်းမြင်တာ များတာမို့

ကိုယ်နဲ့ အလိုမတူလဲ သာတောင့်သာယာ နေလိုက်တာပါပဲ..

တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း ဘယ်ထပ်တူ တူနိုင်ပါ့မလဲ…

တချို့ဆို ကဗျာရေး စာရေးတာ..စာဖတ်တာကိုတောင် အပိုအလုပ်လို့ ထင်တာမျိုး ရှိသေးတာလေ..။ တချို့ကဆို ကျမကို ကြီးကောင် ကြီးမားနဲ့ ဘာတွေလုပ်မှန်းမသိဘူးတဲ့.. ပြောကြသေးတာ။

ဘာဖြစ်လဲ အရေးမကြီးပါဘူးနော်..

ကျမထင်တာတော့ အရေးကြီးတာက ကိုယ့်သွားနေတဲ့လမ်းက သူများကို အနှောက်အယှက် မဖြစ်စေရင် တော်ပြီထင်တာပဲ။သူတပါးဘက် ကလဲ အဲလိုပဲ တုံ့ပြန်ရင် ကမ္ဘာကြီးဘယ်လောက်ငြိမ်းချမ်းလိုက်မလဲ…

အဲလိုစိတ်ရှိလို့ပဲထင်ပါရဲ့.. ကျမကတော့ ကျောင်းထဲမှာ ၈၈နောက်ပိုင်း ကျောင်းတွေပြန်အဖွင့် ကျောင်းထဲမှာ ထွက်သမျှ ကဗျာစာအုပ်တွေထဲ ကျောင်းသားတွေနဲ့အတူ.. ကဗျာတွေဝင်ရေးရတာမှာ ပျော်နေခဲ့တာပဲ။
ကလေးတွေ ရေးတဲ့ကဗျာတွေပေမဲ့ သူတို့နဲ့ထပ်တူရင်ခုန်ခဲ့တာ..ခုထိပဲ..

ဒါကြောင့်ပဲ ခု ဘလော့တွေကိုဖတ်ရတော့ ကျမ သိပ်ပျော်တာ.. သိပ်ကျေနပ်တာ..။

ပြီးတော့ စာရေးကဗျာရေးချင်တဲ့သူတွေဆိုရင်ကို ကျမကချစ်ခင်တာ။

ကျမအတွက်တော့၊ ဟိုးကျောင်းမှာတုန်းကလို… လက်ရေးကဗျာစာအုပ်လေးတွေ ဖတ်နေရသလိုပဲ..
ကိုယ်လဲ..အရင်ကလို ကဗျာစာအုပ်လေးတွေ ထုတ်နေရသလိုပဲ.. ခံစားချက်က တူတယ်။ ရင်ခုန်စရာကောင်းတယ်။ ချစ်စရာကောင်းတယ်။

ဒါကြောင့် အချိန်အရယူပြီး ဘလော့လုပ်တာပါ..စာတွေလဲ တင်နေမှာပါ..

ဖတ်ချင်တဲ့သူတွေ ၀င်ဖတ်ဖို့ပါပဲ……………

နောက်ပိုင်းမှာ..

ကျောင်းထဲက ကဗျာစာအုပ်တွေထဲက တချို့ ကဗျာလေးတွေကို အလျဉ်းသင့်သလို

တင်သွားမယ်လို့ စဉ်းစားထားပါတယ်။

ဥပမာ…

ပင်လယ်

မြစ်တွေက
ငါ့ဆီရောက်မှ
ချစ်ခြင်းဆုံကြသတဲ့…
ငါကတော့
အဖေါ်မဲ့ပေါ့…။


နီမာရှင်း(၁၉၉၃-လှိုင်တက္ကသိုလ်)


အဲလို ကဗျာမျိုးလေးတွေပေါ့။
ဘယ်နှယ့်လဲ… ချစ်စရာကောင်းတယ် မဟုတ်လားဟင်…။

2 comments:

Moe Htet said...

၈၄… ၅… ၆ ရန်ကုန်တက္ကသိုလ် ကဗျာရင်ခုန်သံလေးတွေကို ဖတ်လိုက်ရတော့ ကံ့ကော်ရိပ်ကို လွမ်းလိုက်တာ…။ ဆရာမ ပထမဆုံးထုတ်ခဲ့တဲ့ အဲသည် ဖယောင်းကဗျာစာအုပ်ထဲက “ချစ်သူနဲ့အတူဆိုရင် ဘ၀ကို ရင်ဆိုင်လျှောက်လှမ်းဖို့ အဆင်သင့်ပါပဲ” ဆိုတဲ့သဘောမျိုး ရေးထားတဲ့ ကဗျာတပုဒ်ကို မှတ်မိနေသေးတယ်။ ဖြစ်နိုင်ရင် ဒီဘလော့မှာ ပြန်ဖတ်ခွင့် ရချင်သား။

May Nyane said...

အဲဒီစာအုပ်လေးတွေ ကျမကိုယ်တိုင်လဲ လွမ်းတာ..
လက်ထဲမှာ တစ်အုပ်မှ မ၇ှိတော့ဘူး..
ခု မှတ်မိသလောက်ပြန်ပြန်ရေးနေတာ..
တချို့ မမှတ်မိတော့ဘူး..
ရှိသလောက်တော့ တင်သွားမှာပါ..
ကျမကို မှတ်မှတ်ရရ ရှိတဲ့အတွက်….
ကျေးဇူးတင်ပါတယ်