Feb 14, 2008

အချစ်ဆိုတဲ့ ၀တ္ထု

ဒီကနေ့ ‘Valentines Day’….
တကမ္ဘာလုံးမှာ အမှတ်တရ ပျော်ကြမှာတဲ့။
ဗမာပြည်မှာတောင် ဗိုလ်ချုပ်မွေးနေ့သာ မသိကြတယ်.. ‘Valentines Day’ တော့ သိကြတယ်..။
ချစ်သူတွေအချင်းချင်း အထိမ်းအမှတ်လက်ဆောင်တွေ အပြန်အလှန်ပေးကြ..။
အမှတ်တရ ချိန်းဆို တွေ့ကြသတဲ့။
ကောင်းပါတယ်..။ ဘာပဲဖြစ်ဖြစ် ‘အချစ်’ဟာ ‘အမုန်း’ထက်တော့ ကောင်းတာအမှန်ပါပဲ။

အရေးကြီးတာက ‘အချစ်’ဟာ တရားနည်းလမ်းကျ.. အစွန်းမရောက်ဘဲ ဘ၀အတွက် မောင်းနှင်အားအဖြစ် အသုံးဝင်ဖို့ပါပဲ။ ငြိမ်းချမ်းအေးမြတဲ့ အချစ်.. ကိုယ်ချင်းစာ ညှာတာနားလည်တဲ့အချစ်ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။

ဒီကနေ့မှာ ကျမစဉ်းစားနေမိတယ်..။
ကျမတို့ ဗမာပြည်မှာ အုပ်ချုပ်သူတွေကိုယ်တိုင်ကကို မေတ္တာတရားကင်းနေတဲ့ အချိန်..။ ပြီးတော့ လူငယ်တွေကို မေတ္တာတရားဆိုတာကို နားမလည်တော့အောင် အဘက်ဘက်က စနစ်တကျ ပုံသွင်း ဖျက်ဆီးခံထားရတဲ့ အချိန်ကာလမျိုးမှာ .. ကျမတို့ ဗမာပြည်က အချစ်ဆိုတာတွေကရော.. စစ်ရော စစ်မှန်သေး ရဲ့လား..။ တကမ္ဘာလုံးက လူငယ်တွေ ဆင်နွှဲကြမယ့် ‘Valentines Day’ ကို ဗမာပြည်က လူငယ်တွေကရော တကယ့် ချစ်ခြင်းမေတ္တာအတွက် ဆင်နွှဲတာလား…။ ဒါမှမဟုတ်.. ဖက်ရှင်အနေနဲ့လား..။

၂၀၀၃ ခုနှစ်တုန်းက ကျမ ဒဂုံတက္ကသိုလ်မှာ ရှိစဉ်.. တွေ့ခဲ့ရတဲ့ လူငယ်တွေထဲက အချစ်ဆိုတာအပေါ် ခံစားရလို့ ၀တ္ထုတိုတပုဒ်ရေးခဲ့ဖူးပါတယ်။ အဲဒီဝတ္ထုတိုလေးကို ‘Valentines Day’ အမှတ်တရအနေနဲ့ တင်ပေးလိုက် ပါတယ်။ (မအားတဲ့ ကြားက ၀တ္ထုကို စာကူရိုက်ပေးတဲ့ ကိုအောင်ဖြိုးလေးကို ကျေးဇူးတင်ပါ၏)

အချစ်ဆိုတဲ့ဝတ္တု



‘စိန့် သြစတင်း’ ဆိုတဲ့ပုဂွိုလ်က… ‘အချစ်ဆိုတာ စိတ်ဝိညာဉ်ရဲ့ အလှတစ်ပါးပါပဲ’ ဟု ဆိုခဲ့သည်တဲ့။ ဒါပေမဲ့… ခုလို အချိန်ကာလမျိုးမှာတော့ဖြင့်… ‘အချစ်' ဆိုတာကို ယုံကြည်ဖို့ အတွက် ခိုင်လုံတဲ့ အချစ်ဝတ္တုတစ်ပုဒ်၊ ဒါမှမဟုတ် သေချာတဲ့ အချစ်ဖွဲ့ သီချင်းတစ်ပုဒ်၊ ဒါမှမဟုတ် ယုံလောက်စရာ အချစ်ကဗျာတစ်ပုဒ်၊ ဒါမှမဟုတ် စစ်မှန်တဲ့ မျက်မြင်သက်သေတချို့တော့ လိုပါသည်။

လောလောဆယ်မှာတော့ ကျွန်မက အချစ်ဆိုတာကိုပဲ တော်တော် လွမ်းဆွတ်နေရပါသည်။

‘အချစ်ဆိုတာ… ပျော်ရွှင်စရာများနဲ့အတူတူ ပူဆွေးမှုများလည်း သူခေါ်ခဲ့တယ်’
ဆိုတဲ့ သီချင်းလေး ကျေးဇူးပြုပြီး ကိုခိုင်ထူး ပြန်ဆိုပေးပါ။ ဒါမှမဟုတ်…
‘ဘာတွေကို ဆုတောင်းရဦးမှာလဲ ၊ ဘာတွေကို မကျေနပ်ဘူး ပြောရမှာလဲ ၊ ဒီကမ္ဘာရဲ့ အချိုဆုံး ၀တ်ရည်ကို အတူတူ သောက်ခွင့်ရနေမှ’
ဆိုတာလေး အစ်မ အယ်လ်ခွန်းရီ ပြန်ဆိုပေးစေချင်ပါတယ် ။

ဒါမှမဟုတ်…..


‘တူနှစ်ကိုယ် တဲအိုပျက်မှာနေရ … ရွှေဘုံပေါ်မှာစံရ... ချစ်တာချစ်တာ ပဓာနလို့ ဆိုချင်တယ် မောင်ရယ်’
ဆိုတဲ့ သီချင်းလေး ‘ဟေမာ’ ဆိုမလား။ ကျမကတော့ ….

‘ချစ်သူ့ရင်ခွင်သည်သာ… ငြိမ်းချမ်းနယ်မြေ…. သစ္စ္စာတရားထွန်းကားရာ ငြိမ်းချမ်းသာယာသော နယ်မြေ…’လို့ ဆိုမယ်။ သီချင်းတွေအားလုံး ဆုံးသွားရင်တော့ ပထမဆုံး ‘သိန်းသန်းထွန်း’ ရဲ့ ‘မပန်ပါနဲ့ ကြွေချင်တယ်' ကို ဖတ်မယ်။ ပြီးရင် ‘ကြည်အေး’ ရဲ့ ‘တမ်းတတတ်သည်’ နဲ့ ‘မောင် ကိုကို နဲ့ မြနန္ဒာ’ ကို ဖတ်မယ် ။ ‘ခင်ဆွေဦး’ ရဲ့ ‘အောင်ရဲ့အောင်’ ကို ဖတ်မယ်။ ‘မောင်ဝဏ္ဏ’ ရဲ့ ‘ပန်းတွေနဲ့ဝေ’ ကို ဖတ်မယ် ။ ‘မိုးမိုး (အင်းလျား)’ ရဲ့ ‘ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား’ ဖတ်မယ်။ ပြီးရင် ‘မမြင့်ခိုင်’ ရဲ့ ‘မောင့်ကိုစိမ်းကား မယ်နှမက ဆိုသလား’ ဖတ်မယ်။ ချစ်ခြင်းတွေ ပြန်လည်သက်ဝင်လို့ ရင်တွေ သိပ်ခုန်လာရင်တော့ ‘မောင်စိန်ဝင်း (ပုတီးကုန်း)’ ရဲ့ အချစ်ဖွဲ့ ကဗျာတွေ ဆက်ဖတ်ဦးမှာ…။

‘ချစ်သူ့ဆောင် နံ့သာတောကိုလ မျှော်မောကာ ရွှေရင်ထိတ်ပါလို့ တိတ်တိတ်လေးလာ…’ ဆိုတဲ့ အပိုဒ် လေးကို ဖတ်ရရင် အဆောင်ဝင်းအပြင်ကို မျှော်မျှော်ငေးတတ်တဲ့ မျက်လုံးတစ်စုံကို ချက်ချင်း မြင်ယောင်ရင်း ရင်ထဲက သွေးတွေတောင် ပူနွေးလာသေးတာ ။ 'မောင်သိန်းဇော်' ကတော့ အချစ်နဲ့ပတ်သက်ရင် …..

’ကျွန်တော်သည် ခင်၏ နှလုံးသားရှိရာ အရပ်ကို မျက်နှာမူကာ အသက်ရှု၏’ တဲ့။

အနည်းဆုံးတော့ ‘အချစ်’ဆိုတဲ့ ဝေါဟာရက ချိုမြိန်ယစ်မူးဖွယ်ကောင်းတာပါပဲ။ ခုချိန်မှာ ‘ငြိမ်းကျော်' ရဲ့ အချစ်ဝတ္တုထဲက ချစ်သူမိန်းကလေးအပေါ် မထိရက် မတို့ရက် တန်ဖိုးထားတဲ့ ယောက်ျားလေးရဲ့ ယဉ်ကျေး သိမ်မွေ့တဲ့ ချစ်ခြင်းကို သိပ်လွမ်းသည်။ ကိုယ်တိုင် ဘတ်စ်ကားကျပ်ကျပ်ထဲ ချစ်သူ့လက်မောင်းကို ဟန်ပြု ထိန်းရတဲ့အခါ ပတ်ဝန်းကျင်ကို ရှက်မိတဲ့ခံစားချက်က ခုထိ ရှက်လို့ကောင်းတုန်း ….. ။

အဲဒါကိုသိရင် ဒဂုံတက္တသိုလ်ကျောင်းကို သွားတဲ့ ဘတ်စ်ကားတွေပေါ်က ပွန်းတီးလှတဲ့ ကျောင်းသူ ကျောင်းသားတွေက ကျွန်မကို ဟားကြမယ်ထင်သည်။ ဒါပေမဲ့ ‘အချစ်ဆိုတာ လူထူထူကြားထဲ ဖက်တွယ် မှီနွဲ့လို့ ပွတ်သပ်ကျီဆယ်တာမျိုးမဟုတ်တာ’ တော့ သေချာပါသည်။ တစ်ခုခုတော့ မှားနေပြီထင်၏ ။

++++++++++

သို့ပေမဲ့ ကျမချစ်သော ၀န်းကျင်မှာ လေပြည်လေညင်းတို့ကတော့ ခုထိ လတ်ဆတ်ချိုမြိန်ဆဲပါ။ ခုထိ မြက်ခင်းစိမ်းစိမ်းတွေ၊ စပါးပင်စိမ်းစိမ်းတွေ၊ ပျံလွှားငှက်တွေ၊ ဗျိုင်းဖြူဖြူအုပ်စုတွေ၊ ရေအိုင်ကျယ်နှင့် ကြာဖြူ ကြာနီတွေကလည်း သာယာပျော်မွေ့ဖွယ် ကောင်းဆဲ…။ အဲဒီ မြင်ကွင်းကျယ်ကို ကျော်ဖြတ်ပြီးလျှင်တော့ စိမ်းစို လန်းဆန်းသော တောအုပ်ရှိရာဆီ ရောက်မည်။ ‘တဂိုး’ ရဲ့ ‘သျှန်တိနိကေတန်’ကို မြင်ယောင် ချစ်တတ်သော ကျမအတွက်တော့ ထိုတက္တသိုလ်တောအုပ်ကလေးကလည်း ချစ်မက်ဖွယ်။ မောင်သိန်းဇော်ရဲ့ ‘လတ်ဆတ် လမ်းသွယ်စိမ်း’ကိုရွတ်ရင်း ထိုတောအုပ်ထဲ ဖြတ်လျှောက်လျှင်တော့ ပျိုမြစ်နူးညံ့ခြင်းကိုပါ ပိုင်ဆိုင်ရလေသည်။


'လတ်ဆတ်လမ်းသွယ်စိမ်း
အနံ့ဟောင်းမရှိတဲ့
ကွင်းပြင်တွေ
မြင်မြင်ချင်း
ချစ်လိုက်တာ
မြင်မြင်သမျှ အစိမ်း
မမြင်ရတဲ့ လေညင်းတောင်
အစိမ်းရောင်ပဲဖြစ်လိမ့်မယ်
ငါထင်မိ
မင့်ဆီမှာ……တောင်လည်းညို
မင့်ဆီမှာ……မိုးလည်းစွေ
မင့်ဆီမှာ……ပန်းလည်းတင်
မိုးငွေ့ဆွတ်ပျံ့ ညနေတစ်ခွင်လုံး စိမ်းလို့ … ‘

အဲဒီအခါ သစ်ပုတ်ပင်နှင့် ဂျပ်စင်တို့ မရှိလည်း တက္တသိုလ်မြေဆိုတာဟာ တိမ်းမူးစရာ ကောင်းတာပါပဲ။

‘နေ၀င်ပြီဆိုရင် ကိုယ်လေ ငိုချင်တယ်၊ ရင်မှာ နာကျင်စွာရယ် ဆွေးတယ်’ ဆိုတဲ့ ‘ဂျပ်စင်ထိပ်က လရိပ် ပြာ’ ကိုဆိုလည်း အရသာရှိတာပါပဲ။ အဲဒီတုန်းကဆိုရင် အဲသည်လို နူးညံ့သိမ်မွေ့မှ နုနယ်ပျော့ပျောင်းမှပဲ အချစ်ဆိုတဲ့ ခံစားမှုလို့ ထင်တော့တာ…. ။

++++++++++

အဲသည်တုန်းကဆိုရင် ……

လက်တွေ့ခန်းထဲမှာ ထွက်သာတဲ့ လတစ်စင်းဟာ ချစ်သူပါပဲ။ ကျောင်းအပြန် ဘတ်စ်ကားကျပ်ကျပ်ထဲ သူ့ပခုံးစွန်းကရတဲ့ ကိုယ်ရနံ့ဟာလည်း အချစ်ပါပဲ။ သူ့ရဲ့ အစောင့်အရှောက်နဲ့ အိမ်အရောက် ပြန်ရတာ ဟာလည်း ချစ်ခြင်းရဲ့ သာယာမှုပါပဲ။ အဲဒီ နူးညံ့တဲ့ ဆက်သွယ်မှုတွေထဲမှာဆို အိပ်မက်တွေကတောင် ချိုမြိန်သည်။ သူ့လက်ဖ၀ါးတွေကို အားပြုဆုပ်ကိုင်ရုံနဲ့ ခွန်အားကို ခံစားရ၏။ အထိမ်းအမှတ်နေ့စွဲ တစ်ခုခု ဆိုရင်တော့ မောင့်ကို နဖူးလေး ပေးနမ်းမယ်။ ဒါမှမဟုတ် လက်ဖမိုးလေးပေါ့နော်။ နမ်းပြီးတဲ့အခါတော့ မသိဟန်ဆောင်နေရမယ် မောင်။ ရှက်တယ် ။

‘ထူးအိမ်သင်’ က …

‘ရင်ခုန်ရင် …. အချစ်ပဲကွယ် … ရိုးရိုးသားသားချစ်တယ် …. နှလုံးသားချင်းလည်းနားလည် … အကြင်နာဆုံးလေးရယ် ….. ဝေးသွားလည်းပဲ ချစ်ရဦးမယ် … ဝေးသွားလည်းပဲ သတိရလို့နေမယ်…. ’ တဲ့ ။

ကဲ …. အဲဒါပဲ … အချစ်ရဲ့ အနှစ်သာရ မဟုတ်လားကွယ်။

++++++++++

သူ့ရဲ့မျက်လုံးအိမ်ထဲ စူးနစ်စိုက်ကြည့်လိုက်ရင်… ကိုယ့်ကိုကိုယ် တွေ့တာပါပဲ ။ အဲဒီမှာ သစ္စ္စာတရား တွေ... ယုံကြည်ခြင်းတွေ... မြတ်နိုးတန်ဖိုးထားမှုတွေရယ်… အားလုံးကို မြင်အောင် ကြည့်နိုင်ပါသည်။ အချစ် ဆိုတာရဲ့ အတွင်းထဲမှာ …..။

‘ကေခိုင်ချစ်ရင် စာကျက်မယ်’ ဆိုတဲ့ ကောင်လေး …

‘မီ့ကိုချစ်ရင် ဆေးလိပ်ဖြတ်’ ဆိုတဲ့ ကောင်မလေး …

‘စာမေးပွဲအောင်ရင် အဖြေပေးမယ်’ ဆိုတဲ့ ကောင်မလေး …

‘မနေနိုင်လို့ပါ အချစ်ရဲ့ …. မင်းအနား ရောက်ရောက်လာတာ’ ဆိုတဲ့ ကောင်လေး ….

‘မင်းပေါ့… ပုံမှန်အသက်ရှုနေတဲ့ သေသူတစ်ယောက်ကို ပြန်လည်လူလားမြောက်စေခဲ့တာ’ ဆိုတဲ့ ကောင်မလေး…

‘စံပယ်ပွင့်တွေရေ … အချစ်တွေနဲ့ ဖျားနာသွားတဲ့ အထိ ငါ့အပေါ်ရွာချလိုက်ပါကွယ်’ ဆိုတဲ့ ကောင်လေး…

‘မြတ်နိုးမှု တခုတည်းနဲ့သာ နွယ်ကြိုးကို ခိုင်အောင်ချည်ခဲ့တယ်’ ဆိုတဲ့ ကောင်မလေး …

‘မသုံးရသေးတဲ့ နေ့စွဲတစ်ခုမှာ.. အချစ် … မင်းနဲ့ငါ ဥယျာဉ်အသစ် ထူထောင်မယ်’ ဆိုတဲ့ ကောင်လေး ….

ကြည့်ပါဦး… အချစ်တွေ… အချစ်တွေ… တွေ့မည် ။ ဘယ်လောက် မွှေးပျံ့လိုက်ပါသလဲ။ ပြီးတော့ ဘယ်လောက် လွမ်းဆွတ် တသစရာ ကောင်းလိုက်ပါသလဲ။ အဲဒီမှာလေ… အချစ်ဆိုတာ… ဘယ်လောက် သန့်ရှင်း ဖြူစင်လိုက်ပါသလဲ။

++++++++++

ချစ်သူကို လွမ်းတဲ့အခါ အားကိုးတိုင်တည်စရာ လက်ဖ၀ါးတွေကို သတိရသည်။ ၀မ်းနည်းအားငယ်တဲ့ အခါကျတော့ နှစ်သိမ့်တဲ့ မျက်လုံးတွေကို တမ်းတသည်။ ကျွန်မဘ၀မှာ သူမရှိလို့ မဖြစ်ဖူးလို့ ခံစားရသည်။ အဲဒီအခါ ဘယ်လောက်ပဲ ရိုးစင်းပေမဲ့… ‘မင်းမရှိရင်... အသက်မရှင်ချင်ဘူး အချစ်ရယ် …. မနေ့က ငါသေဆုံးသွားခဲ့’ ဆိုတာလေးက တော်တော်ခံစားရပါသည်။ အဲဒီအခါ ‘အချစ်’ဆိုတာ အင်မတန် စင်ကြယ်သန့်ရှင်းတဲ့ ၀ိညာဉ်လည်းဖြစ်၏ ။ ပြီးတော့ အဲဒီ အလွမ်းထဲမှာ ပူလောင်ပြင်းပြတဲ့ နှုတ်ခမ်းတွေလည်း မပါကြပေ။

ချစ်သူတွေသည် တယောက်ကိုတယောက် လိုအပ်ကြဖို့ပဲ အရေးကြီးပါသည်။ ‘Alexander Smith’ ပြောသလိုဆို …

‘အချစ်ဆိုတာ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ သူများဆီမှာ ရှာဖွေတွေ့ရှိတာပါပဲ … ’

မိမိကိုယ်မိမိ တွေ့ရှိရတဲ့အခါမှာ ပျော်ရွှင်ရတယ်တဲ့ ။ အဲဒီအခါ … မောင်ဟာ ကျမရဲ့ တစ်ခြမ်းဖြစ်သလို မောင့်ရဲ့ တစ်ခြမ်းဟာလည်း ကျမပါပဲ။ အဲဒီ ယုံကြည်စိတ်နဲ့ပဲ ချစ်သူတွေက .. ကမ္ဘာမြေကြီးကို ဖန်တီးခဲ့ကြတာ မဟုတ်လားနော် ။

++++++++++

‘အမှောင်ခေတ်ထဲက ရသမျှအလင်းရောင် … အကောင်းဆုံးလက်ဆောင်အဖြစ် သူ့အတွက် ကျွန်တော့်ကို ပေးတယ်၊ ကျွန်တော့် အတွက် သူ့ကိုရတယ်' (တင်မင်းထက်)

ကဲ…. အဲဒါတွေဟာ… အချစ်ဆိုတာပါပဲလို့ ယုံကြည်ရပါမည်။ ခုထိ .. ရှိခဲ့ကြတဲ့ ချစ်သူစုံတွဲတွေကတော့ အကောင်းဆုံး မျက်မြင်သက်သေတွေပေါ့…။ ဒါ့ထက်ခိုင်လုံဖို့ လိုအပ်ရင်တော့ … သီချင်းချိုချိုတွေ နားထောင်ပါ။ ၀တ္တုချိုချိုတွေ ဖတ်ပါ။ ကဗျာချိုချိုတွေ ရွတ်ပါ ။ လောကကို နှလုံးသားချိုချိုနဲ့ ခံစားပါ။ အဲဒီအခါ အချစ်ဆိုတဲ့ အရာကို ပွေ့ဖက် နှုတ်ဆက်ခွင့် ရလာပါလိမ့်မည် …. ။ အဲဒီအခါကျရင် မြို့မငြိမ်းရဲ့ …

‘အမြဲတသ.. စွဲလမ်းခဲ့တဲ့… တပွင့်တည်းသော ပန်းသစ္စ္စာ… မြတ်နိုးထိုးစိုက် မောင့်အသည်း ၌ ဆင်မြန်းဖို့ ရွယ်လာ… ’

ဆိုတဲ့ ‘သစ္စ္စာ’ သီချင်းကို အော်ဆိုပစ်လိုက်ဖို့တော့ လိုပါလိမ့်မည် ။

မေငြိမ်း( ၉.၉.၀၄ )
ရွှေအမြုတေ မဂွဇင်း
၊ ၁၅- နှစ်ပြည့် အမှတ်တရ
အမှတ်(၁၈၀) ၊ နိုဝင်ဘာလ ၊ ၂၀၀၄။


1 comment:

တန်ခူး said...

'မ'ရေ...ရင်ထဲမှာချိုနေရစ်ခဲ့တယ်...။