အာဇာနည်တွေ နေတဲ့ တိုင်းပြည်
(၁)လမ်းတွေပေါ်မှာ တိတ်ဆိတ်နေတဲ့ အသံတွေက ပွက်လောရိုက်လို့။ ဖြတ်ကျော် နင်းလျှောက်နေတဲ့ ခနော်နီခနော်နဲ့ လမ်းတွေပေါ်မှာ နီညိုရောင်ရင့်ရင့် အစွန်းအကွက်တွေ။ ဖြတ်တိုက်လာတဲ့ လေမှာ ညှီစို့စို့ချဉ်ရှရှ အနံ့တွေနဲ့။ အသစ်ချပ်ချွတ် ကျောင်းတံတိုင်းတွေပေါ်မှာ ပန်းကြွေပွင့်တွေ တဖွဲဖွဲ...၊။ လတ်လတ်ဆတ်ဆတ်ကြီးနဲ့ ကြွေသွားရတဲ့ ပန်းလေးတွေ။ အဲဒီ နိမိတ်ပုံတွေက ၈၈ နောက်ပိုင်းတလျှောက်လုံး ကျမကို ဖိစီးနေတတ်တဲ့ ပုံရိပ်တွေပါပဲ။
ကျမစိတ်ထဲမှာတော့ ကျမတို့ တိုင်းပြည်ထဲမှာ ပတ်ဝန်းကျင်တခုလုံးဟာ တိတ်ဆိတ်နေတာပါပဲ။ ပန်းခြံတွေထဲ... ရုပ်ရှင်ရုံထဲ... စတိတ်ရှိုးပွဲထဲ... ဈေးတန်းတွေထဲ... ကုန်တိုက်တွေထဲ... စာသင်ကျောင်းတွေထဲæအားလုံးဟာ အသက်မဲ့ တိတ်ဆိတ်လို့။ ဘယ်လို အသံမျိုးမှ မထွက်နိုင်တဲ့ ငြိမ်ဝပ်တိတ်ဆိတ်နေမှုမျိုးထဲ၊ ဘယ်လို စိုပြေမှုမျိုးမှ ရောက်မလာနိုင်တဲ့ ခြောက်သွေ့မှု မျိုးထဲ၊ ဘယ်လိုအေးရိပ်မျိုးမှ ရမလာနိုင်တဲ့ ပူပြင်းလောင်မြိုက်မှုထဲမှာ ကျမတို့ မြန်မာပြည်သူ တွေ ဘယ်လောက်ကြာကြာနေကြဦးမလဲ...။
(၂)
ဟိုးလွန်ခဲ့တဲ့ ၁၉နှစ်မှာတုန်းက မတွေ့ချင်ဘဲ တွေ့ခဲ့ရတဲ့ အဖြစ်ဆိုးတွေ...၊ မမက်ချင်ဘဲ မက်ခဲ့ရတဲ့ အိပ်မက်ဆိုးတွေ...၊ တွေ့ချင်လျက်နဲ့ မတွေ့ခဲ့ရတဲ့ အလွမ်းတွေ..၊ ချစ်သူပျောက်တွေ၊ သားပျောက်မိခင်တွေ၊ ပျောက်သွားတဲ့ ချစ်သူငယ်ချင်းတွေ၊ ၁၉၈၈ရဲ့ နောက်ပိုင်းမှာတော့ ကျဉ်းကျဉ်းကျပ်ကျပ် နံရံလေးဘက် ကြားထဲမှာ တချို့၊ တောတောင်လျှိုမြောင် စိမ့်စမ်းတွေကြားထဲမှာက တ၀က်။ နေ့စဉ်နဲ့အမျှ သေခြင်းတရားနဲ့ မျက်နှာချင်းဆိုင် စစ်ထိုးရင်း ပျိုရွယ်နုမြစ်ချိန်တွေကို ပေးဆပ်လိုက်ကြရသူတွေ။
များသာအားဖြင့် ကျမတို့ သာမန်ပြည်သူတွေက နေ့စွဲတွေကို မေ့မေ့လျော့လျော့နဲ့ ပေါ့ပေါ့ပါးပါး ဖြတ်ကျော်မိ နေချိန်တွေမှာ တိုင်းပြည်လွတ်လပ်ရေးအတွက် စွန့်လွှတ် စွန့်စား ရင်ဆိုင်နေသူတွေမှာတော့ ရင်းနှီး ပေးဆပ် နေရတာတွေက တနင့်တပိုး။ ဒီလိုနဲ့ ကျမဆီမှာ တာဝန် ကြွေးတွေ တင်နေခဲ့တာ တနင့်တပိုး။ ကျမတို့ကိုယ်စား တာဝန်ကျေနေသူတွေအတွက် ကျမ ဘယ်လောက် တုံ့ပြန် ပေးဆပ်ပြီးပြီလဲ။ ပြီးတော့ ဆက်လက် တာဝန်ကျေနေဆဲသူတွေအတွက်ရော.... ကျမတို့ ဘာများ ပံ့ပိုး အားဖြည့်ပေးပြီးပြီလဲ။
(၃)
လမ်းတွေပေါ်မှာ မိုးရေထဲ၊ မိုးလေထဲ၊ ဖိနပ်မပါ ထီးမပါ... သံဃာတော်တွေ မေတ္တာပို့သတဲ့။ မြို့အနှံ့ မိုင်နဲ့ချီလို့။ မေတ္တာဇွဲနဲ့ လျောက်လှမ်းကြတာ၊။ တိုင်းပြည်ငြိမ်းချမ်းဖို့တဲ့...။ ကိုယ်ကျိုးဆန္ဒ အာသီသ လုံးဝ မပါတဲ့ မေတ္တာပို့ပွဲ။ အဲဒီ ၁၈ရက် စက်တင်ဘာကစလို့၊ ကျမမှာ အဝေးကနေ ကြက်သီးတွေ ဖျန်းဖျန်းထ။ စိတ်ထိခိုက်ရတာနဲ့ အားတက်ရတာနဲ့ ပေါင်းပြီး မျက်ရည် တွေတွေကျ...။ ကဲ... ကျမတို့ရဲ့ မတရားအစိုးရမင်းများ... ဘာများ တတ်နိုင်သေးလဲပေါ့...။ ဘုရားသားတော်တို့ရဲ့ မေတ္တာကို သင်းတို့ ဘယ်လို အံတုမလဲပေါ့။ အမှန်အတိုင်း ၀န်ခံရရင်၊ စစ်အစိုးရ ဘယ်လောက် ရက်စက်ကြမ်းကြုတ်တယ်ဆိုပေမဲ့ ဘုရားသားတော်များကို သွေးမြေကျ အောင် စော်စော်ကားကား လုပ်လိမ့်မယ်.. လုပ်ရဲလိမ့်မယ်လို့ ထင်မထားမိခဲ့တာ အမှန်ပါ၊
၂၀၀၇ ၊ စက်တင်ဘာလ ၂၆ရက် (တော်သလင်းလပြည့်နေ့) တနင်္လာနေ့။
ဗုဒ္ဓဘာသာဝင်တွေအတွက် အလေးအမြတ်ထားရတဲ့ ဥပုသ်နေ့လည်းဖြစ်ပါတယ်။ သံဃာတော်တွေ ရွှေတိဂုံဘုရားမှာ ၀တ်ပြုဆုတောင်းပြီး ဆွမ်းခံကြွမယ်ပေါ့။ အနုပညာရှင် ဇာဂနာ၊ ရုပ်ရှင်မင်းသားကျော်သူနဲ့ အမျိုးသားရေးဦးဝင်းနိုင်တို့ဦးဆောင်တဲ့ အလှူရှင်တွေကလည်း ဆွမ်းလောင်းကြမယ်ပေါ့။ အဲဒီ အခါသမယမှာပဲ ၀တ်ပြုနေတဲ့ သံဃာတော်တွေရဲ့ နှိမ့်ချဦးခေါင်းတွေကို အကြမ်းဖက် မိစ္ဆာဒိဋ္ဌိအစိုးရရဲ့ လက်ပါးစေတွေက ရိုက်ခွဲခဲ့ကြပြီ။ ‘ဘုန်းဘုန်းတွေကို ရိုက်ကုန်ပြီ’ ဆိုတဲ့ လူထုရဲ့ အော်ငိုသံက ကမ္ဘာကုန် လွှမ်းသွားခဲ့တယ်။ ရွှေဝါရောင်တော်လှန်ရေးက မိုးမြေသိမ့်သိမ့် တုန်စေခဲ့တယ်။ ကမ္ဘာ ကြေသော်လည်း ဥဒါန်းဘယ်မကျေ။
အဲဒီနောက်ပိုင်းမှာတော့ ၈၈တုန်းကလိုပဲ သွေးထပ်စွန်းတဲ့မြေဖြစ်ခဲ့။ နောက်တော့ အကျဉ်းထောင်တွေထဲ လူဟောင်းတွေ ပြန်ဝင်ရ။ လူသစ်တွေ ထပ်ဝင်ရ။ ဘ၀တွေ အရွယ်တွေကို ရင်းကြရပြန်တဲ့သူတွေ။ သူတို့ခမျာ ဘာရပိုင်ခွင့်အတွက်မှ မဟုတ်။ ဘာရာထူးအာဏာအတွက်မှ မဟုတ်။ ပြည်သူလူထုကို လွတ်လပ်စေချင်လွန်း လို့တဲ့။ ထမင်း၀၀ စားစေချင်လွန်းလို့တဲ့။ လူတန်းစေ့ဘ၀လေး ရစေချင်လွန်းလို့တဲ့။ ဒါလေး အတွက်ပဲ အချိန်တွေ၊ အရွယ်တွေ၊ ဘ၀တွေကို ပေးဆပ်ကြရပြန်ဦးမလား။
(၄)
ကျမမှာ မောင်အရင်းလို ဖြစ်နေတဲ့ လူငယ်လေးတယောက် ရှိပါတယ်။ ရှစ်လေးလုံးကာလမှာတုန်းက ရန်ကုန် တက္ကသိုလ်က နောက်ဆုံးနှစ်ကျောင်းသားလေးပါ။ အရေးအခင်းကာလထဲ တက်တက်ကြွကြွပါခဲ့တာ။ အဲသည်တုန်းက နိုင်ငံ့အရေး လှုပ်ရှားတက်ကြွသူတွေ စုဝေးရာ အန်တီစုရဲ့ခြံဝင်းထဲက လူငယ်တွေထဲ သူလည်း တယောက်အပါအ၀င်။ တကယ့်ကို ဘာကိုမှ မကြောက်မလန့်။ အဲလိုနဲ့ ၁၉၉၀မှာတော့ စစ်အစိုးရရဲ့ အကျဉ်းထောင်ထဲ ရောက်ရ ပါတော့တယ်။
စစ်ကြောရေးမှာ..၊ အကျဉ်းထောင်ငရဲခန်းထဲမှာ..၊ အညှင်းပန်း အနှိပ်စက်ခံရတာတွေကိုတော့ သူက စာမဖွဲ့ချင်တော့။ ထောင်ထဲမှာ သူ့လုပ်ရပ်ကို မှားတယ်လို့ ၀န်ခံလက်မှတ်ထိုးရင် လွှတ်ပေးမယ်လို့ အပြောခံရတာ အကြိမ်ကြိမ်။ သူကတော့ သူ့ ယုံကြည်ချက် အမှန်တရားကို မှားတယ်လို့ မပြောနိုင်ပါ။ သေရင်လည်း သေပါစေတော့။ လူတိုင်း သေရတာပဲ။ သေတာ ဘာဆန်းလဲ။ ပြီးတော့ ကိုယ်ကျိုးအတွက် သေရတာမျိုး မဟုတ်။ အများအကျိုးအတွက် သေရတာ မြတ်တယ်။ ဒီလိုနဲ့ အပြင်မှာ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးအတွက် တိုက်ခဲ့တဲ့သူက အကျဉ်းထောင်ထဲမှာလည်း အကျဉ်းသမား အခွင့်အရေးအတွက် ဆက်တိုက်ခဲ့ရပြန်ပါတယ်။ အစာငတ်ခံတိုက်ပွဲ။ ဒီတခါတော့ သေပြီလို့ ထင်ခဲ့တာ အကြိမ်ကြိမ်။ အဲလိုနဲ့ ၁၅နှစ်တာကို ဖြတ်ခဲ့။ ဘယ်သူကမှ တခုတ်တရ မချီးကျူးပေမဲ့ ဘ၀ကို ပေးဆပ်ခဲ့သူ။ အဲလို လူတွေ ကျမတို့ တိုင်းပြည်မှာ အများကြီးရှိနေပါတယ်။
ခုတော့ လွတ်မြောက်နယ်မြေကနေများ ပိုလုပ်နိုင်လေမလားလို့တဲ့။ တကယ်တော့ အဲဒီ လွတ်မြောက်နယ်မြေ ဆိုတာမှာကလည်း ပုန်းရှောင်ပြေးလွှားနေရ။ သူနဲ့ လက်တွဲလုပ်ခဲ့တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးစတဲ့ ၈၈မျိုးဆက် ကျောင်းသားတွေမှာလည်း ဘ၀သက်တမ်းတ၀က်က အကျဉ်းထောင်တွေထဲမှာ ပေးဆပ်နေကြရတာ...၊ သူတို့ သူတို့တတွေ လွတ်မြောက်ဖို့ဆိုတာ... တနိုင်ငံလုံး လွတ်လပ်မှပဲဖြစ်မှာ။ တနိုင်ငံလုံးလွတ်လပ်ဖို့ ဆိုတာကလည်း ...။
(၅)
ကိုသူရ(ဇာဂနာ)ရဲ့ ဘလော့ ထဲမှာရေးထားတဲ့
ခုတော့ နီလာသိန်းခမျာ လသား သမီးလေးနဲ့ ခွဲရ(ကျောင်းမှာ သင်ရဖူးတဲ့ မဒ္ဒီဒေ၀ီရဲ့ မိခင်သောကကို အမှတ်ရစရာ)။ စုစုနွေးခမျာ နေမကောင်းတဲ့ကြားက နောက်မဆုတ်၊ ရှေ့ကို ရဲရဲတိုးမပျက်။ ဖြူဖြူသင်းခမျာ အဖေ့ရုပ်အလောင်း မြေကျတာမှ ကြည့်ခွင့်မရ။ မီးမီးမှာလည်း သားသမီးလေးတွေက အရွယ်ရောက်ပြီ။ သူတို့တတွေက အန်တီစုလိုပဲ မိသားစုအရေးကို ကျောခိုင်းပြီး တိုင်းပြည်အရေးကို ရွေးချယ်လိုက်ရတဲ့ အာဂအမျိုးသမီးတွေပါ။ ကျမတို့ တိုင်းပြည်ရဲ့ လွတ်လပ်ရေးတိုက်ပွဲ မပြီးမချင်း သူတို့ ဆက်တိုက်နေရဦးမှာ၊ သူတို့ဘ၀တွေ ပေးဆပ်နေရမှာ၊ သူတို့ အနာဂတ်တွေ မှိန်ဖျော့နေရဦးမှာ။ နီလာသိန်းပြောသလိုပဲ... သူ့သမီးလေးလို မိဘနဲ့ ဝေးနေရတဲ့၊ မေတ္တာငတ်နေရတဲ့ ကလေးတွေ လူငယ်တွေအများကြီး ရှိနေရဦးမှာ။ ဒီတကြိမ် တိုက်ပွဲသာ မပြတ်နိုင်ခဲ့ရင်တော့ ကျမတို့ နိုင်ငံမှာ အဲလို အဖြစ်တွေ၊ ဘ၀တွေကို နောက် အကြိမ်ပေါင်းများစွာ ကြုံနေကြရ ဦးမှာပါ။
(၆)
ခုတောင် ဘယ်လောက်ဆိုးလာနေပြီလဲ...။
ဗုဒ္ဓဘာသာအစိုးရလို့ အမည်ခံထားပါလျက်နဲ့ ရိုးရိုးကလေး မေတ္တာပို့၊ ဘုရားရှိခိုး ဆုတောင်းသူတွေကိုတောင် မိစ္ဆာဒိဋ္ဌိဆန်ဆန်နဲ့ဖမ်းလားဆီးလား လုပ်လာပြီ။ သားကို မမိရင် အမေကိုဖမ်း၊ အဖေကို မမိရင် သားကိုဖမ်းတဲ့ ပြန်ပေးဂိုဏ်းဆန်ဆန်အလုပ်တွေကို လုပ်လာပြီ။ မင်းမဲ့ တရားဥပဒေကင်းမဲ့နေတဲ့ တိုင်းပြည်မှာ ဘယ်လိုနေလို့မှ မလုံခြုံနိုင်တော့၊ မအေးချမ်းနိုင်တော့။
နိုင်ငံအရေးထဲ ၀င်လုပ်မှ ဖမ်းတာဆီးတာ နှောက်ယှက်တာ မဟုတ်၊ သီချင်းဆိုဖို့လောက်သာ စဉ်းစားတဲ့ ဆယ်ကျော်သက် လူငယ်တွေရဲ့ သီချင်းဆိုပွဲကိုတောင် ရန်ရှာလာပြီ။ ဂီတအစည်းအရုံးက ရာထူးယူထားပြီး အစိုးရကို အလိုက်သင့်ပေါင်းချင်တဲ့သူတွေကိုယ်တိုင်တောင် အစော်ကားခံရတဲ့ အခြေအနေရောက်လာပြီ။ ဆင်ခြင်တုံတရား ကင်းမဲ့နေသူတွေရဲ့ ရန်သတ္တရုပြုနေမှုကို ဘယ်လောက် ကြာကြာ ဆက်ခံနိုင်ကြမလဲ။
သူယုတ်မာတွေ ကြီးစိုးတဲ့အတွက် သူတော်ကောင်းတွေ ပြုန်းတီးကုန်ရတာကို ဘယ်လောက် ကြာကြာ လက်ပိုက်ကြည့်နေနိုင်ကြမလဲ။ တကယ်တော့ ကျမတို့နိုင်ငံဟာ လူစိတ်ကင်းမဲ့နေတဲ့ စစ်ဘီလူးတွေ အုပ်ချုပ်တာကို ခံနေရတာပါ။ တော်တော်ကို သတ္တိကောင်းကာမှ၊ မကြောက်တတ်ကာမှ၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် ပြင်းပျလွန်းကာမှပဲ ရင်ဆိုင် အံတုနိုင်တာပါ။ တိုင်းပြည်လူဦးရေနဲ့ ယှဉ်ကြည့်ရင် လက်တဆုပ်စာသာ ရှိတဲ့ လူရမ်းကား တွေကို သန်း၅၀သောပြည်သူတွေက ဘာကြောင့် မနိုင်ရသလဲ။ ဒါဟာ ကျမတို့ ပြည်သူတွေ အားလုံး စဉ်းစား အဖြေရှာရမယ့် ပြဿနာပါပဲ။
(၇)
တကယ်တော့ ကျမတို့နိုင်ငံက ကူကယ်ရာမဲ့ မဟုတ်ပါ။ နိုင်ငံတကာမှာ ကျမတို့ကို စောင့်ကြည့်ပြီး ၀ိုင်းကူပြောဆိုပေးမယ့် အင်အားတွေ ရှိပါတယ်။ တတ်နိုင်တဲ့ အင်အားနဲ့ ကူလို့ရတာကို ကူပေးမယ့်သူတွေ ရှိပါတယ်။ ကျမတို့နိုင်ငံအတွက် အရာရာကို ပေးဆပ်ဖို့အသင့်ရှိနေတဲ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့အတူ ခေါင်းဆောင်နိုင်သူတွေ ရှိနေကြပါတယ်။ ဒုက္ခတွင်းကြီးထဲကနေ တကယ် လွတ်မြောက်ချင်တဲ့ လူထုကြီး ရှိနေပါတယ်။ တခုပဲ လိုတယ်လို့ ကျမထင်ပါတယ်။ ကောင်းစေချင်တဲ့ စေတနာနဲ့ သူတို့ရဲ့ ပုဂ္ဂလိက ဘ၀တွေကို ဘေးဖယ်ပြီး လူထုရှေ့က မားမားမတ်မတ် ရပ်တည်နေတဲ့ ပြည်တွင်းက သူရဲကောင်းတွေရဲ့ လှုပ်ရှားမှုတွေကို အစွမ်းကုန်၊ မမှိတ်မသုန်၊ တညီတညွတ်တည်း၊ ခြွင်းချက်မရှိ၊ ၀ိုင်းဝန်း ပံ့ပိုး၊ ထောက်ခံ အားပေး ကူညီနေကြဖို့ တခုတည်းပဲ ရှိပါတယ်။ ဒီတစ်ပွဲမှာ လူထုအားနဲ့ ပြတ်အောင် ဖြတ်မှကို ဖြစ်ပါမယ်။
(၈)
တောင်အာဖရိက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဘုန်းတော်ကြီး Desmond Tu Tu ကတော့ "ပြည်သူလူထု အားလုံးကသာ တခဲနက် လိုချင်တယ်ဆိုရင် မရဘူးဆိုတာ မရှိပါဘူး.." တဲ့။ ကျမတို့ တိုင်းပြည်ဟာ အာဇာနည် တွေ နေတဲ့ တိုင်းပြည် ပါ။
မေငြိမ်း
၂၀၀၇၊ နိုဝင်ဘာ။
(ချိုးလင်းပြာ မဂ္ဂဇင်း)

"လောကမှာ ကောင်းတာတွေဟာ ကြောက်တတ်တဲ့သူတွေက လုပ်ခဲ့တာ မဟုတ်ဘူး၊ သတ္တိရှိတဲ့သူတွေက လုပ်ခဲ့တာ..."ဆိုတဲ့ ဘုန်းတော်ကြီး တပါးရဲ့ အဆိုအမိန့်လိုပါပဲ။

4 comments:
တိတ်ဆိတ်မြေ ဆိုတာထက်..... နှုတ်ဆိတ်မြေဆိုရင် ပိုမှန်မယ် ထင်မိတယ် အမ.........အန်တီ ဆိုလိုတဲ့ အဓိပ္ပါယ်က အဲလို ဖြစ်မယ်ထင်တယ်.....
In The Quiet Land
(By Daw Aung San Suu Kyi)
In the Quiet Land, no one can tell
if there's someone who's listening
for secrets they can sell.
The informers are paid in the blood of the land
and no one dares speak what the tyrants won't stand.
In the quiet land of Burma,
no one laughs and no one thinks out loud.
In the quiet land of Burma,
you can hear it in the silence of the crowd
In the Quiet Land, no one can say
when the soldiers are coming
to carry them away.
The Chinese want a road; the French want the oil;
the Thais take the timber; and SLORC takes the spoils...
In the Quiet Land....
In the Quiet Land, no one can hear
what is silenced by murder
and covered up with fear.
But, despite what is forced, freedom's a sound
that liars can't fake and no shouting can drown.
နအဖ က သူဟာသူ အရူးချီးပန်း ကောက်ခါငင်ခါ မေလ မှာ ဆန္ဒခံယူပွဲ လုပ်မယ်ဆိုပြီး...... အခုတော့.... သူတို့ အော်မိတာ မှားပြီ ဆိုတဲ့ အတွေးမျိုးဝင်နေပြီလို့ မြင်မိတယ်.....ဒီတခါက တကယ့် အဆုံးအဖြတ်ပေးမယ့်ပွဲ....ကျနော်တော့ Vote No or No Vote နှစ်ခု စလုံး သဘောတူတယ်....No Vote က ပထမ ဦးစားပေး... အဲဒါ ဖော်ဖို့ မဖြစ်မှ Vote No လုပ်လို့ မြင်မိတယ်......အဲဒီ စကားလုံး နှစ်ခုနဲ့ ရှုပ်နေတဲ့ လူတွေကို ရှင်းအောင်မြင်စေချင်ပါတယ်.....အဓိက အတွင်းထဲက ရှေ့ထွက်ဦးဆောင်မယ့် အာဇာနည်တွေ အနယ်နယ်မှာ ပေါ်လာဖို့ လိုပြီလို့ မြင်မိပါတယ်...... အဓိက အနယ်နယ် အရပ်ရပ်က ဒီချူပ်လူငယ်အဖွဲ့တွေ အလျင်အမြန် အကောင်အထည်ဖော်ဖို့လိုပါပြီ.......Vote No or No Vote campaign!!!
ကိုရဲရေ.. နှုတ်ဆိတ်မြေဆိုလည်း ပိုမှန်တာပဲလေ..။ အမကတော့ ၀တ္ထုသမားဆိုတော့ Sound of silence ကို ပြောချင်တာပါ..။ အင်္ဂလိပ်လို သေသေချာချာ တင်ပေးတာလေးအတွက် ကျေးဇူးနော်။
အမလည်း အတူတူပါပဲ။ ဘယ်လိုပဲ No,No.. လက်ခံတယ်၊ ဒါပေမဲ့.. နအဖဘက်က ကောက်ကျစ်ခဲ့ရင်တော့ လူထုအားကို သိသိသာသာပြပြီး ဆန့်ကျင်ဖို့ပါ စဉ်းစားထားရတော့မယ်လို့ ထင်ပါတယ်၊
လာဖတ်တယ်။ စကားတွေ တိတ်တဆိတ် ပြောသွားတယ်။ ကြားလား အစ်မ.။
Post a Comment