အခုအချိန်မှာ... ကျမတို့ နိုင်ငံထဲမှာ စားဝတ်နေရေးက အစ အသိပညာ ဗဟုသုတ အဆုံး ငတ်မွတ် နေရတာ တွေ ပို ပို ကြားလာ ရတော့ ကျမကိုယ်တိုင် ငတ်မွတ်ခဲ့ဖူးတုန်းက ခံစားရဖူးတဲ့ စိတ်ကျအနာကို ပြန် ပြန် သတိရပါတယ်။ အဲသည်တုန်းက ၉၆ ကျောင်းသားလှုပ်ရှားမှုကြောင့် ကျောင်းတွေ ပိတ်ထားတာ ပြန်အဖွင့်.. ၁၉၉၉ မှာ လွဲမှား တင်းကျပ်တဲ့ ကျောင်းစည်းကမ်းတွေ၊ စာမေးပွဲမှာ ကျောင်းသားတွေ ခိုးချဖြေတာကို အရေးမယူရဘူး လို့ ဆရာတွေကို အမိန့်ပေးတာတွေ၊ မင်းကျင့်တရားဆယ်ပါးကို အကျယ်မသင်ရ.. ဗိုလ်ချုပ်အောင်ဆန်း အကြောင်း မပြောရ.. နိုင်ငံတကာ ပညာရေးအကြောင်း မချီးမွမ်းရ.. ကျောင်းစာက လွဲလို့ အပြင်ဗဟုသုတ မပြောရ.. ဆိုတာတွေထဲမှာ ကျမ အသက်ရှူ ကျပ် ကျပ်လာတာ။ လွတ်လပ်မှုကို ငတ် ငတ် လာတာ...။
ကိုယ်က စာတွေဖတ်တော့ ကိုယ့်နိုင်ငံပြင်ပက လူငယ်တွေရဲ့ လွတ်လပ်မှု.. လင်းပွင့်ခွင့်ရမှုတွေကို ကြည့်ပြီး နှလုံးသားတွေ နာကျင်။ ကိုယ့်ဆီက ကျောင်းသားတွေခမျာမှာတော့ အဘက်ဘက်က ပိတ်ဆို့။ အခွင့်အလမ်း ဆိုတာ စာထဲမှာသာ တွေ့ရတဲ့ စကားလုံးမျှသာ။ အထူးသဖြင့် ရန်ကုန်မှာ။ လူငယ်တွေခမျာ လူတန်းစား ကွာဟမှုကို တော်တော် မြင်သာထင်သာ ခံစားရရှာတာ။ ဒါတွေကို ကျမ မကြည့်ရက်နိုင်တော့။ နိမ့်ပါးရှာတဲ့ လူငယ်တွေကိုယ်စား မခံစားနိုင်တော့။
အဲဒီမှာ ကျမ ဆုံးဖြတ်လိုက်ပါတယ်။ လူတန်းစား ကွာခြားမှု ဘယ်လောက်မှ မရှိနိုင်တဲ့.. ငတ်ခြင်းကိုတောင်မှ ကောင်းကောင်း မခံစားတတ်တဲ့ နယ်မြို့လေးတွေဆီမှာဆိုရင်တော့ တကယ့် လက်တွေ့ဘ၀ကို မမြင်ချင်ယောင် ဆောင်နေနိုင်မယ်လို့ ကျမ ထင်ခဲ့ပါတယ်။ ဒါနဲ့ပဲ .. ကျမနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့၊ တောင်တွေ တောတွေ လျှိုတွေ စိမ့်စမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့၊ ကျမချစ်တဲ့ မော်လမြိုင်တက္ကသိုလ်ဆီကို ထွက်ပြေးခဲ့ပြီး..... ခု ဒီ ၀တ္ထုလေးကို ၂၀၀၀နှစ်ဦးမှာ ရေးဖြစ်ခဲ့ပါတယ်။ စိစစ်ရေးက အတန်တန် စိစစ်၊ ဖြတ်တောက်၊ ပြင်ဆင်ခိုင်းတာတွေကို ကျော်ဖြတ်ခဲ့ရပြီး ၂၀၀၀ခုနှစ် နိုဝင်ဘာ ကျကာမှပဲ ရွှေအမြုတေမဂ္ဂဇင်းမှာ ဖော်ပြခွင့်ရပါတော့တယ်။ နောက်တော့ ၂၀၀၁ မှာ ဥတ္တရလမင်း စာအုပ်တိုက်က ထုတ်တဲ့ ခံစားသူအကြိုက် ၀တ္ထုတိုပေါင်းချုပ်ထဲမှာပါ ဖော်ပြခံရပါတယ်။ အခု အဲဒီ ၀တ္ထုလေး တင်ပေးလိုက်ပါတယ်။
တောသူ
ခုတလော ကြည့်မှန်မှာ အသားညိုညို မျက်နှာပြဲပြဲနှင့် ကိုယ့်ကိုယ်ကို ကြည့်ကာ “တောသူ” ဟု အံကြိတ်ပြီး ခဏခဏ ပြောမိလေသည်။ ကြည့်လေ... လတ်ဆတ်သော လေကိုရှူ၊ လတ်ဆတ်သော အသီးအရွက်တို့ကို စား၊ လတ်ဆတ်သော မြင်ကွင်းတို့ကို ကြည့်၊ နေရောင်နှင့် မိုးစက်တို့သည်ပင် ကျမထံပါးမှာ ထူးထူးကဲကဲ လတ်လတ်ဆတ်ဆတ် ခံစားရလေတော့ ထိုလတ်ဆတ်မှုများကို စားသုံးခွင့်ရသော ကျမက အသားတွေက ညို၊ ခန္ဓာကိုယ်ကပင် ၀ဖြိုး တုတ်ခိုင်လျှက်၊ တကယ့်ကို ကိုယ့်ကိုယ်ကို “ကင်ပွန်းတပ်” ထားသလို၊ ကျမက တောသူမကြီးလို လန်းဆန်း စိုပြေနေသည်ဟုပင် ထင်၏။ ပြီးတော့ စိတ်နှလုံးတို့မှာလည်း လန်းဆန်း ကြည်လင်လျှက်၊ ဘယ်လို လောဘမှလည်း ရှိမနေတော့ပြီဟု ယုံချင်သည်။
အဲဒါဟာ အမှန်ပဲလား…။ ပြီးတော့… အဲဒါဟာ အဆိုးလား၊ အကောင်းလား။ ကိုယ်တိုင်လည်း ဝေခွဲမရပါ။ ဒါပေမဲ့ သေချာတာကတော့ အဲဒီလို “တောသူ” ဘ၀မှာ ကျမ ဘာကိုမဆို မေ့ချင်ဟန် ဆောင်နေလို့ ရတာတော့ အမှန်ပင် ဖြစ်ပါသည်။
ကျမရဲ့ ရှေ့မှာ ပင်ကူအိမ်တွေ ဖုံးလွှမ်းနေသော မြင်ကွင်းတို့ ရှိသည်။ ထိုအခါ ရှေ့ဝန်းကျင်ကို သဲသဲကွဲကွဲ မမြင်ရ။ ဟိုဘက်ဆီကလည်း ကျမကို မြင်နိုင်မှာမဟုတ်ဟု ထင်ချင်သည်။ ချောင်းကြည့်တော့လည်း ၀ိုးတ၀ါး သာ။ တကယ်ဆို တိုးထွက် ဖေါက်ဝင်သွားဖို့လည်း အလွယ်ကလေးပဲ။ သို့ပေမဲ့ ခုအတိုင်းပဲ နေချင်သည်။ အနည်းဆုံးတော့ မပတ်သက်သလို ဟန်ဆောင် ကျောခိုင်းထား၍ ရသည်။ ပြီးတော့ တိတ်တဆိတ် ကြိတ် ငို နိုင်သည်။ ဟိုတဘက်က မြင်ကွင်းတွေကို မြင်ရရက်နှင့် တိတ်တခိုး ပုန်းခိုရတာ စိတ်လှုပ်ရှားစရာလည်း ကောင်း သည်။ တခါတခါ ကျမ ခင်ပွန်းက ကျမကို တောခိုနေတာဟုပင် စွပ်စွဲ တတ်သေးသည်။
ကျမရဲ့ အိမ်ခန်းကလေးရှေ့မှာ ခင်ပွန်းဖြစ်သူ စိုက်ပျိုးထားသည့် အပင်ကျိုးကျဲလေးတွေ ပြည့်နေသည့် မြေကွက်လပ်လေး ရှိသည်။ ဒန့်သလွန်ပင်ပျိုလေးတွေက အရွက်ဖားဖား ဝေမယ်မှ မကြံခင် အပွင့်တွေ ဝေ၏။ ပြီးတော့ သူ့အလိုလို ပေါ်လာသော လေးကျွန်းကြာခိုင် နှင့် နှင်းပန်းရုံတွေ၊ တောနှင်းဆီ၊ တောစံပယ်တွေ။ အရင် အဆက်ဆက်လူတွေ စိုက်ပျိုးခဲ့သော မျိုးစေ့ အကြွင်းအကျန်များ ဖြစ်လိမ့်မည်။ အဟောင်း..အကြွင်းအကျန်ပေမဲ့ ပေါင်းသင် ရေလောင်း မွမ်းမံလိုက်တော့လည်း အသစ်တွေ လန်းပွင့် လာတာပဲ။ အိမ်အတက်အဆင်း လှေခါးနံဘေးမှာတော့ Morning Glory ပန်းတွေက ဖွေးလှုပ်လို့။ ကျမစိတ်ထဲ ပန်းတွေကို ကြည့်ရတာ အသက်ရှူ ၀ သည်။ ရင်အေးသည်။ ဒါနဲ့ပဲ မောင်က ကျမကို အိမ်ရှေ့မှာ ပန်းတောအုပ်ကလေး ဖြစ်အောင်ကို ဖန်တီးပေးဦးမှာ တဲ့။ ဒါဆို ကျမ ပျော်ရပြီလား။
ကျမကတော့ သစ်ပင် ပန်းပင်တွေရဲ့ အရိပ်အောက်မှာ ဘာကိုမှ မမြင်ရအောင် ပုန်းခိုလို့ ရရင် တော်ပြီ။ အနည်းဆုံးကတော့ စိတ်ထဲ အေးမြ လုံခြုံ၏။ တခါတခါ မောင့်ပန်းတောအုပ်ကလေးနှင့်ပင် မလုံလောက် တော့ဘူးလို့ ခံစားရလျှင်တော့ အိမ်ဝင်းနှင့် မဝေးလှသော နေရာမှာ ကိုယ့်ကို အုပ်မိုး ငုံ့ကြည့်နေသလို ရှိသော တောင်ဝိုင်းဆီက တောအုပ်ပျပျတွေဆီကိုပဲ အားကိုးတကြီး ကြည့်ရပြန်သည်။
တကယ်တမ်းကျတော့ ခဏခဏပင် ကျမက အဲဒီ တောင်ညို တောင်ဝိုင်းဆီ လှမ်းမျှော်ရင်း “မုန်းတယ်” ဆိုတာကို တီးတိုး တိုင်တည် ရင်ဖွင့်ရတာပါပဲ။
မုန်းတယ်။
အချစ်ဝတ္ထုတွေကို မုန်းတယ်။
အပြုံးတွေကို မုန်းတယ်။
ကဖေးဆိုင် ယဉ်ကျေးမှုကို မုန်းတယ်။
ခေတ်ရေစီးကြောင်းကို မုန်းတယ်။
အမျိုးအမည် သတ်မှတ်ထားတဲ့ အနုပညာ ဆိုတာတွေကို မုန်းတယ်။
မျက်လုံးတွေ တော်တော်များများကို မုန်းတယ်။
ဘ၀ ဆိုတာကြီးကိုလဲ မုန်းတယ်။
(ဒါဖြင့် ကျမက စိတ်ချမ်းမြေ့နေတာ မဟုတ်ဘူးတဲ့လား) တကယ်က ကိုယ်တိုင်လည်း ဒေါသသင့်နေသူ။ ပေါက်ကွဲ ဒေါသရော၊ မြိုသိပ် ဆုတ်နစ် ဒေါသရော။ ကိုယ်ထဲမှာ ပီတိဆိုတာပင် ရှိတတ်သေးရဲ့လား မသိ။
တဖြည်းဖြည်းနှင့်ပင် နှလုံးတို့ ကျုံ့ဝင်ကာ …..
ကာလတစ်ခုမှာတော့ ကျမက အိမ်ရှေ့ဆီက ခရေပင်လေးရဲ့ အခေါင်းပေါက် သေးသေးလေးထဲမှာ ခဲရာခဲဆစ် ပုန်းခိုတွယ်ကပ် နေသော မှိုပွင့်ကလေး ဖြစ်သွားတတ်ပြန်သည်။
မှိုပွင့်ကလေးဆိုတော့လည်း ထိလွယ် ရှလွယ် ကြေမွလွယ်ပြန်သည်။ အကာအကွယ်ယူဖို့ အားမွေးတော့ ၀န်းကျင် မှာ ကလေးတွေကိုပဲ အားကိုးတကြီး ရှာတွေ့သည်။ သူတို့ကို သင်ကြားပေးဖို့ ပြုစုပျိုးထောင်ဖို့ဆိုတာ ကျမ အတွက်တော့ စိတ်သက်သာရာ ရစရာ သက်မွေးဝမ်းကြောင်းလည်း ဖြစ်သည်လေ။
ကလေးတွေကိုသင်ဖို့ ၀တ္ထုရှည်သင်ရိုးအတွက် စာအုပ်တွေရှာ၊ နာနာဖတ်။ “ဂန္တ၀င်စာပေစာတမ်းများ၊ အတ္ထုပတ္တိစာပေစာတမ်း၊ ရသစာပေအဖွင့် နှင့် နိဒါန်း၊ ဓါး သံလျက် နှင့် ပန်းပွင့်၊ ကြာပန်းရေစင်၊ ကျွန်တော် ဆက်၍ ရေးချင်သောဝတ္ထုများ၊ Modern Literary Theory များ၊ စာပေရေးရာ ဆောင်းပါးများ” ဒါပဲလား။ ဒါနဲ့ပဲ လုံလောက်ပြီလား။ ကျမ ဘ၀ တစ်လျှောက်လုံး သုံးဆယ့်ငါးနှစ်ထိတိုင် စာဖတ်ခဲ့သမျှသော အတွေ့အကြုံများ။ အများကြီးဖြန့်ဝေနိုင်မည်..။သေချာတာကတော့ ကလေးများအတွက် အဆိပ်တော့ မသင့်စေရပါ။
သူတို့တတွေကို အများကြီး ပေးချင်သည်။ ယူကြမှာလား။ တံခါးတို့ကတော့ ပိတ်ထားကြ၏။ “တကယ်တော့ ၀တ္ထုဆိုတာ ဖန်တီးသူရဲ့ အသည်းနှလုံးကို ဦးနှောက်နဲ့ စီခြယ် မွမ်းမံ ပြထားတာပါ”။ “ဆရာမတို့က သူတို့ အသည်း နှလုံးရဲ့ အရောင်၊ အနံ့၊ အရသာကို မြင်အောင်ကြည့်ကြမှာ၊ ပြီးမှ ကိုယ်သိဖူးတဲ့ ကိုယ် လေ့လာထားတဲ့ ပေတံတွေနဲ့ သူ့ဆီက နည်းပညာ ဆိုတာကို ရှာရမှာ။ ဆရာမကတော့ သူ့နှလုံးသားကို ရှာဖို့ပဲ ပို စိတ်ဝင်စားတယ်။ နည်းပညာကိုတော့ သိပ်စိတ်မပါဘူး။ ဒါပေမဲ့လည်း သီအိုရီအရ....” ။ ကျမရဲ့ Lecture တွေက အဲဒီ နည်းပညာပိုင်းရောက်လျှင် နည်းနည်းတော့ ပျင်းစရာ ကောင်းသွားတတ်သည်ဟု ထင်သည်။
ပိတ်ထားသော တံခါးရွက်တို့က ဖွင့်ရခက်၏။
ကျမ သိသမျှ ချပြသမျှထဲက ကလေးတွေက လိုသလို ကောက်ယူတတ်လျှင် ကောင်းမည်။ တခါတလေတော့ ပုံသေကားချ နည်းစနစ်တွေကို မသိချင်ဟန် ဆောင်ချင်သည်။ အသက်ရှူ မ၀ ဖြစ်ရပြန်သည်။ ထိုအခါ ကျမက တောအုပ်ကလေးတွေဆီ ပြန်ပြေးရ၏။ ပြီးမှ ခပ်တိုးတိုး ရင်ဖွင့်ရသည်။ မုန်းလိုက်တာ………။
ပင့်ကူမျှင် အထပ်ထပ်တွေရဲ့ တဘက်မှာ တံခါးရွက်တို့ အလုံးစုံပွင့်နေသော ကမ္ဘာတခြမ်းကို လှမ်းတွေ့ရ သည်။ အဲဒီမှာ နေရောင်တွေ လင်းပွင့် ပြိုးပြက် ၊ ပန်းတွေ စုံညီပွင့်၊ ပြုံးရယ်ရွှင်ပျ လွတ်လပ်ခိုင်မာ မျက်နှာတွေနှင့် ။
တန်ဖိုးမရှိသော ငြင်းခုန်သံများလည်း မရှိ။ စာမျက်နှာ ဖြုန်းတီးမှုတွေ မရှိ။ တီထွင်ကြံဆခွင့်များသာ ရှိလေသည်။ သို့နှင့်ပင် ကျမရဲ့ ကြိတ်မှိတ် တို့သုတ်ရသော မျက်ရည်များတို့ကဖြင့် ပူလောင်ကြလေသည်။
ကျမ ဘာကို လိုချင်နေတာလဲဟင်….။
လိုချင်တာတွေကတော့ဖြင့် အများကြီးပါပဲ။ လွတ်လပ်သော မြို့ပြတစ်ခု၊ ပြီးတော့ အေးချမ်း ဆိတ်ငြိမ် ရဦးမည်။ မနာလို ၀န်တိုခြင်းတွေလည်း မရှိရ။ လှေခါးထစ်တွေကိုတော့ လိုချင်သည်။ ဟိုး…. မိုးအမြင့်ထိ မြင့်ပစေ။ လောလောဆယ်တော့.... ကျမရဲ့ ချိုင့်ဝှမ်းထဲမှာ တောအုပ်တို့သာ အထပ်ထပ် ရှိလေသည်။
------
တကယ်ကျတော့ဖြင့် မောင့်ရဲ့ ကျေးလက်တောအုပ်ကလေးထဲမှာလည်း ကျမ မပျော်နိုင်ပါ။ ကိုယ့် ကိုယ်ကိုလည်း တောသူလို့ ညာယူလို့ မရ။ ကျမ မျက်လုံးများကို ဖုံးကွယ်ထားလို့မှ မရဘဲ။ ကျမက လတ်ဆတ်သော လေကို၊ တသွင်သွင် စီးသော ချောင်းရေကို၊ ဝေဆာသော ပန်းတွေကို၊ သာယာစွာသော ကျေးငှက်သံတို့ကိုသာ ချစ်ခဲ့ တာပါပဲ။ ရိုးအ သော်လည်း မရိုးသားကြသော၊ လောဘနည်းပြီး ပျင်းရိသော၊ ကိုယ့်ကိုယ်ကို ထက် သူတစ်ပါးကိစ္စကို ပိုစိတ်ဝင်စားကာ အဆိုးမြင် လွယ်သော၊ ရွှံ့နွံရနံ့ ထူပြောလျက်မှ ဟန်များလှသော နယ်မြို့ကလေးကို တကယ်မှာတော့ ကျမ မချစ်နိုင်ခဲ့ပါ။ ဒါဖြင့် အေးချမ်း ရိုးသားခြင်းနှင့် ဖွံ့ဖြိုး တိုးတက်ခြင်းကို ကျမ အတူတွဲ မရနိုင်တော့ပြီ ထင်သည်။
ထိုအခါ… ကွန်ပျူတာရဲ့ ကြွက်ကလေးကို ကိုင်ရင်း ဖျောက်ချင်ရာရာ အစိတ်အပိုင်းတွေကို ခဏခဏ Auto- hide လုပ်ရင်း ကိုယ့်ကိုယ်ကိုလည်း အဲလို ခဏခဏ ပုန်းပစ်လို့ ရရင် သိပ်ကောင်းမှာပဲဟု စိတ်ဖြေဖြစ်ပြန် သည်။
ကဲ… ကျမ ကိုယ်တိုင်ကရော မညံ့ပါလား…။ ရင်ဆိုင်ခြင်းထက် ရှောင်ပြေး ပုန်းခိုခြင်းကိုပဲ ရွေး ရွေး နေရတာ။ ပြီးတော့ တလောကလုံးက ကိုယ့်ကို နားလည် လက်ခံ စေချင်ကြတာတဲ့။ ကိုယ်တိုင်ကျတော့ဖြင့် ဘယ်သူ့ကိုမှ နားမလည်သူ။
-------
တခါက ကျမ မြတ်နိုးသည့် အနုပညာရှင်ကြီးတစ်ယောက်က အသုဘပွဲတစ်ခုကို ချည်စောင်ကြားကြီး တစ်ထည် ခြုံကာ တက်ရောက်ခဲ့ဖူးသည်။ သူက စွယ်စုံရ အနုပညာရှင်။ နေပူပူ၊ လူထူထူထဲ သူ့ကို ကြည့် ကာ လူတချို့က တီးတိုး ဆို၏။ ကြိတ် ရယ်ကြ၏။ နှာခေါင်း ရှုံ့၏။ ကျမကတော့ မရယ်မိ။ ဒါ သူ့ လွတ်လပ်ခွင့်။ ပြီးတော့ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှလည်း မထိခိုက်စေပါ။ သူ့ရဲ့လွတ်လပ်သော ဖန်တီးမှု၊ လွတ်လပ်စွာ ဖန်တီးခွင့်။
တချိန်ထဲမှာ ကျမ တွေးနေသည်။ တကယ်လို့များ သူသာ အနောက်တိုင်း တနေရာဆီက ဖြစ်ခဲ့လျှင်တော့ အခု ရယ်ကြ၊ နှာခေါင်းရှုံ့ကြသူတွေကပဲ ‘ဒါဟာ.. ပါဖေါမင့် အနုပညာ (Performance Art) ’ ဟု အမည်တပ် ကြဦးမည် ထင်သည်။ ခု…. ကိုယ့် အချင်းချင်းကျတော့ ကျိတ်ရယ်ကြလေသည်။ မုန်းလိုက်တာ………။
ဒါကြောင့်ပဲ ကျမက မျက်လုံးတွေကို မုန်းတော့တာ။ အနုပညာဖန်တီးသူအတွက် အမည် ပညတ် သတ်မှတ်ချက် မလို။ ဆိုင်းဘုတ် မလို ဟု ကျမ ယုံသည်။ လွတ်လပ်စွာ ယုံကြည်၊ လုပ်ပိုင်ခွင့် ရှိသည် ဟုလည်း ယုံသည်။
ထိုအခါ ကျမ၏ အသည်းနှလုံးဆီမှာ ဂန္ထ၀င်(Classics) မရှိ၊ မော်ဒန် အနုပညာ(Modern Art) မရှိ။ ဘာ သတ်မှတ်ချက်၊ ဘာ ပုံစံ၊ ဘာ Ism မှ မရှိ။ မလိုအပ်။ တစ်ခုပဲ လိုသည်။ ရင်ထဲ၊ ဦးနှောက်ထဲဆီက တားမနိုင် ဆီးမရ၊ ပွင့်ထွက်လာသော ဖန်တီးလိုမှု စစ်စစ်သာ လိုသည်ဟု ကျမ ရင်ဖွင့်ချင်ပါသည်။
-----------
ထိုနေ့ နေ့လယ်ခင်းမှာ ပန်းတွေ ပွင့်လှ၏။ လေ ငြိမ်ပြီး နေက လင်းလွန်းသည်။ ကျမရဲ့ အိမ်ခန်းကျဉ်းထဲမှာတော့ အေးမြသား။ သမီးလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ ကျမကတော့ သီချင်းတစ်ပုဒ် နားထောင် နေသည်။ အသည်းကွဲတေးတစ်ပုဒ်ပေမဲ့ စကားလုံးတို့က ဆန်းသစ် လေးနက်၏။ အဆိုတော် လူငယ်လေး၏ ခံစားမှုအားကိုလည်း သီချင်းအသံထဲမှာ ကြားရသည်။ ညည်းတွားလိုက်၊ ကြေကွဲလိုက်၊ နာနာ ကျည်းကျည်း အော်ဟစ်လိုက်။ သံစဉ်တွေက မညီညာ။ အတက်အကျ ပြင်းပြင်း၊ ဘေ့စ်သံ ရိုက်ချက် ကလည်း ပြင်းပြင်း။ ကျမ နှလုံးတို့ပင် အညီအညွတ် လိုက်ခုန်သည် ထင်၏။ ခုန်ပေါက် စီးဆင်းသော တေးသွားထဲမှာ သီဆိုသူ ရဲ့ ရင်ခုန်သံ ကိုပါ ကြားရသည်။ သမီးလေးက မနိုး။ ကြားနေကျ ငြိမ့်ညောင်းသံစဉ် မဟုတ်ပါဘဲနှင့် သမီးက ငြိမ့်ငြိမ့် အိပ်၏။ သမီးလေးကရော အဲဒါကို ဂီတလို့ လက်ခံတယ်လား ဟင်။
ခင်ပွန်းက ကျမကို ပြောသည်။
“မင်း ဒီသီချင်းကို နားထောင်လို့ ရသေးတယ်။ တောသူ မဖြစ်သေးဘူး” တဲ့။
ကျမ လက်ခံ ပြုံးလိုက်ပါသည်။
“ဟုတ်တယ်။ ဒီ သီချင်းမျိုးကို ကြိုက်တယ်” ။
သူက ခေါင်းညိတ်ပြပြီး
“အဲဒါကို Alternative လို့ ပြောကြတာပဲ”တဲ့။
(သွားပြီ။ စိတ်ပျက်လိုက်တာ ကွယ်။ ကျမ ခံစားနေတာ ရင်ခုန်သံ တစ်ခုကိုပါ။ ပစ္စည်းတစ်ခုကို မဟုတ်ပါဘူး။ အမျိုးအမည် တစ်ခုခုလည်း မဟုတ်ပါဘူး။) ကျမ Stop ခလုတ်ကို နှိပ်လိုက်မိတော့သည်။ ခင်ပွန်းက နားမလည် နိုင်သော အကြည့်ဖြင့် ကြည့်၏။ ကျမ သက်ပြင်းသာ ရှိုက်လိုက်သည်။ သူ့ကိုလည်း မဆွေးနွေးချင်တော့ပါ။ ကျမ နှင့် အတူရှိနေသူကို ကျမနှင့် တသားတည်းကျသော နှလုံးသား ရှိရမည်ဟု သတ်မှတ်ရန် မလွယ်ပါ။ ဒါကိုတော့ ကျမ နားလည် လက်ခံ ရပါလိမ့်မည်။
ကျမက ကိုယ်တိုင် ဖန်တီးသော အနုပညာကို ကိုယ့်ဘာသာ နာမည်တပ်ခြင်းမျိုး။ ဒါမှမဟုတ် နာမည်တပ် ပြီး သား အနုပညာ ပုံစံတစ်ရပ်၏ နောက်က လိုက်ခြင်းမျိုးကို မကြိုက်။ သည်တော့ ကျမ တတ်နိုင်သမျှကို ကျောခိုင်း။ အဲဒီ နေ့လယ်ပူပူမှာ ပန်းပင်တွေကိုပဲ ပေါင်းသင် မြေဆွ ရတော့သည်။ ပန်းပင်တွေ မြင့်မားကာ ကျမ မြင်ကွင်းတွေကို ပိန်းပိတ် ကာကွယ် သွားမည်ဆိုလျှင် ဘယ်လောက် ကောင်းလိုက်မလဲ။ ပန်းပင်တွေ ပွင့်ဝေနိုင်ဖို့လောက်တော့ဖြင့် ကျမ ဖန်တီးနိုင်မည် ထင်ပါသည်။
-----------
မနေ့တနေ့ပင် ဒေါက်တာသန်းထွန်းရေးသော စာထဲက “နိုင်ချင်လို့ အရှုံးခံတယ်” ဆိုတာလေးကို ဖတ်ပြီး အရှုံးခံ ခဲ့တာ များပြီး အနိုင်မရနိုင်လွန်းတဲ့ ဘ၀ကို ကြေကွဲမိသေးသည်။ ပြီးတော့ တိတ်တိတ်လေး ရှက်နေမိပြန်၏။ ခုထိ လွမ်းစရာမရှိဘဲ နာစရာများသော ကိုယ့်သမိုင်းကို Auto-hide လုပ်ချင်သည်။ (အရှုံးပေးလွန်းရာ ကျမှာကို လည်း စိုးသေး၏)။ ထိုအခါ…. ပိတ်ထားသည့် တံခါးရွက်တွေကို နာတတ်သော အနာက ထပ်နာ ပြန်သည်။
မဂျူး ရဲ့ “ချစ်သူရေးတဲ့ ကျမရဲ့ ညတွေ” ကိုလည်း ဖတ်မိပြန်သည်။ သည်တော့လည်း နှလုံးတို့ ဆတ်ဆတ် တုန်ခါကာ ပင့်ကူမျှင်တွေကို ယောင်ယမ်း ဆွဲဖယ်မိတော့မလို ဖြစ်မိသေး၏။ မဖြစ်နိုင်ပါ။ ကျမ၏ လက်တို့က တောအုပ်ထဲ၌ နေသားကျကာ ရေညှိအထပ်ထပ်ဖြင့် လေးလံ စွဲမြဲနေခဲ့ပြီ။ မဂျူးပြောတဲ့ ပန်းချီကားတွေကို မြင်ယောင်တော့ မျက်ရည်ပင် လည်ချင်သည်။ သို့ပေမဲ့ အမည်သတ်မှတ်ချက်တွေ နည်းပညာ ရှင်းလင်းချက် တွေကိုတော့ ကျော်လွှား သွားမိသည်။ နှလုံးသားတွေကိုပဲ တွေးယောင်ကာ လွမ်းနေရတာ ကျေနပ်လှသည်။
ထိုအခါကျမှပဲ အိပ်မက်မှ လန့်နိုးသူလို ယောင်ယမ်း ထကြည့်မိတော့ ပင့်ကူမျှင် အထပ်ထပ်တွေရဲ့ နောက်မှာ ရိနွမ်းနေသည့် မှိုပွင့်ငယ်ငယ်လေးကို သနားစဖွယ် တွေ့ရလေသည်။
တောအုပ်တွေ နောက်ကွယ်က စပါးပင်တွေအကြားမှာ ကျမက သမီးလေးနှင့်အတူ စိတ်နှစ်ပြုံးရယ်တော့ မောင်က ကြည်နူးစွာ ပြုံးရင်း မျက်ရည်လည်သည်။ သူကတော့ စိတ်ချမ်းသာရှာသည်။ သူ့ကို ကြည့်ပြီး ကျမ မျက်ရည်ကျတော့ ငယ်ငယ်ကတည်းက စပါးပင်တွေကြားထဲမှာသာ ကြီးပြင်းခဲ့ရသော သူက ကျမ မျက်ရည် များကို နားမလည်ရှာ။ (ကျမကပဲ လူတော်ကို မလိုချင်ဘဲ၊ လူကောင်းကိုသာ ရွေးချယ်ခဲ့တာလေ။ ဒါကို ကျမ ကျေနပ် နိုင်ရမည်။)
ထိုအခါ သမီးလေးကို ခပ်တင်းတင်း ပွေ့ဖက်ရင်း အံခဲကာ ဟိုးအဝေးကြီးက မိုးကုတ်စက်ဝိုင်းဆီ မျှော်ကြည့် တော့ မျက်ရည်တို့ဖြင့်ေ၀၀ါးကာ လက်လှမ်း မမီနိုင်လောက်အောင်ပင် ဝေးလံလှသည်ကို မြင်ရလေသည်။
ကျမ ကျောခိုင်းထားတဲ့ နောက်ဘက်ဆီမှာတော့ ကိုယ်တိုင်ပင် စိုက်ပျိုးယူခဲ့သော တောအုပ်တို့က ရေညှိပင် တွေ၊ ပင့်ကူအိမ်တွေ၊ အထပ်ထပ်နှင့် ကျမကို ဖုံးကွယ်ထားသလို နီးနီးကပ်ကပ် ရှိနေကြသည်။ ထို တောအုပ် များကကျတော့ မျက်ရည်များကြားမှာပင် ထင်ရှား ပြတ်သားလို့။ ပြီးတော့ ကျမ နှင့် သူတို့ အကြားမှာ ဖြတ်တောက်ဖို့ မလွယ်သော အမြစ်တို့က တောထ လို့…….။
၂၀၀၀ ၊ မေလ ၂၂
(ရွှေအမြုတေ၊ နိုဝင်ဘာ၊ ၂၀၀၀)

4 comments:
အမရေ …
ဒီ တောသူ ၀တ္ထုလေးက ညီမကို တကယ် ဖမ်းစားသွားတယ်။ သစ်ခေါင်းလေးထဲက ထိလွယ်ရှလွယ် ကြေမွလွယ်တဲ့ … ပင့်ကူမျှင် အထပ်ထပ်နောက်မှာ ရိနွမ်းနေတဲ့ …. မှိုပွင့်လေးဘ၀ကို စာနာစိတ်နဲ့ မြင်ယောင်တွေးမိတယ်။
အခုတော့ … မှိုပွင့်ကလေး မဟုတ်တော့ဘူးပေါ့နော် … ။
ဒီဝတ္ထုထဲက ညီမ နှစ်ခြိုက်မိတဲ့ စာသားလေးတွေက ….
“တကယ်တော့ ၀တ္ထုဆိုတာ ဖန်တီးသူရဲ့ အသည်းနှလုံးကို ဦးနှောက်နဲ့ စီခြယ်မွမ်းမံပြထားတာပါ”။
အနုပညာဖန်တီးသူအတွက် အမည် ပညတ် သတ်မှတ်ချက် မလို။ ဆိုင်းဘုတ် မလို ဟု ကျမ ယုံသည်။ လွတ်လပ်စွာ ယုံကြည်၊ လုပ်ပိုင်ခွင့် ရှိသည် ဟုလည်း ယုံသည်။”
“ထိုအခါ ကျမ၏ အသည်းနှလုံးဆီမှာ ဂန္ထ၀င်(Classics) မရှိ၊ မော်ဒန် အနုပညာ(Modern Art) မရှိ။ ဘာ သတ်မှတ်ချက်၊ ဘာ ပုံစံ၊ ဘာ Ism မှ မရှိ။ မလိုအပ်။ တစ်ခုပဲ လိုသည်။ ရင်ထဲ၊ ဦးနှောက်ထဲဆီက တားမနိုင် ဆီးမရ၊ ပွင့်ထွက်လာသော ဖန်တီးလိုမှု စစ်စစ်သာ လိုသည်”
ကျေးဇူးတင်ပါတယ် အမ … ။
'ထိုအခါ ကျမ၏ အသည်းနှလုံးဆီမှာ ဂန္ထ၀င်(Classics) မရှိ၊ မော်ဒန် အနုပညာ(Modern Art) မရှိ။ ဘာ သတ်မှတ်ချက်၊ ဘာ ပုံစံ၊ ဘာ Ism မှ မရှိ။ မလိုအပ်။ တစ်ခုပဲ လိုသည်။ ရင်ထဲ၊ ဦးနှောက်ထဲဆီက တားမနိုင် ဆီးမရ၊ ပွင့်ထွက်လာသော ဖန်တီးလိုမှု စစ်စစ်သာ လိုသည်ဟု ကျမ ရင်ဖွင့်ချင်ပါသည်။"
တော်တော် တူနေတယ်။ ဘာပြောရမှန်းတောင် မသိတော့ဘူး။ ရေးနေတုန်း မမေဓာဝီ ကွန်မန့်က တက်သွားပြန်တယ်။
အနုပညာဖန်တီးသူ၏ အလုပ်သည် ဖန်တီးရန်သာ။ အမည်ပညတ် သတ်မှတ်သည့် ပညာရှင်များလည်း သူ့အလုပ် သူလုပ်ကြပါလိမ့်မည်။ အနုပညာကရှေ့ကသွား ပြီး အမည်ပညတ်က နောက်ကလိုက်မည်။ trend ဖြစ်လာ တော့လည်း ism ဖြစ်သွားမည်။ ဒီလိုနဲ့ ism အသစ်တွေ ထပ်ထပ်ပေါ်လာမည်။ စစ်မှန်သော အနုပညာတစ်ရပ်ကို "တကူးတက" ဆိုသော စကားလုံးမျိုးနှင့် တော့ မဆက်စပ်တတ်ရိုး အမှန်ပါ။ ကိုယ်ဥာဏ်မီသလောက် တွေးကြည့်မိတာပါ ဆရာမရေ။
ကျနော် အနှစ်သက်ဆုံးကတော့ -
တချိန်ထဲမှာ ကျမ တွေးနေသည်။ တကယ်လို့များ သူသာ အနောက်တိုင်း တနေရာဆီက ဖြစ်ခဲ့လျှင်တော့ အခု ရယ်ကြ၊ နှာခေါင်းရှုံ့ကြသူတွေကပဲ ‘ဒါဟာ.. ပါဖေါမင့် အနုပညာ (Performance Art) ’ ဟု အမည်တပ် ကြဦးမည် ထင်သည်။ ခု…. ကိုယ့် အချင်းချင်းကျတော့ ကျိတ်ရယ်ကြလေသည်။ မုန်းလိုက်တာ………။
ဆိုတဲ့ စာသားကိုပါပဲ။ အနုပညာဆိုတာ ဂန္တ၀င်၊ မော်ဒန်ရယ်လို့ ဘာသတ်မှတ်ချက်မှ မရှိ၊ ဖန်တီးလိုမှုက အဓိက ဆိုတာကို ဖော်ကျူးနေတဲ့ စကားလုံးတွေအကြားမှာပဲ ပြုံးချင်စရာ ထေ့ကွက်ကလေး တခုလို့ မြင်မိတယ်။
ကိုယ်တိုင် ဖန်တီးသော အနုပညာကို ကိုယ့်ဘာသာ နာမည်တပ်ခြင်းမျိုး။ ဒါမှမဟုတ် နာမည်တပ် ပြီး သား အနုပညာ ပုံစံတစ်ရပ်၏ နောက်က လိုက်ခြင်းမျိုးကို မကြိုက် ဆိုတဲ့ စကားကိုလဲ အားရပါးရကြီး ထောက်ခံချင်တယ်။ ကိုယ့်အနုပညာကို ဒါဟာ ဘာပါ လို့ ပြောဖို့က ဖန်တီးသူရဲ့ အလုပ်မဟုတ်၊ ခံစားဖတ်ရှုသူရဲ့ သတ်မှတ်မှုလို့သာ ကျနော်လဲ မြင်မိလို့ပါပဲ။
အားလုံးကို ခြုံကြည့်လိုက်ရင် လွတ်လပ်မှုခြင်းရဲ့ အရသာကို လိုချင်တဲ့ သဘောမျိုးပါပဲ ကျေးဇူးဆရာမ
Post a Comment