(နေရာသစ်တခုမှာ ဘ၀ကို တစ်ကနေ ပြန်ပြန်စခဲ့ဖူးတာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့။ ခုလည်း အသစ်ကနေ ပြန်စနေရတာလေ။ ပင်ပန်းလိုက်တာ..။ ရေသစ်မြေသစ် ၀န်းကျင်သစ် အတွေ့အကြုံသစ်တွေထဲမှာ တကယ်ပဲ စိတ်မောလူမော..။ အချိန်ဆင်းရဲတယ်ဆိုတဲ့စကားက အပိုတင်စားပြောတာ မဟုတ်ပါဘူး။ ဒါတောင် ရထားစီးနေချိန်ပါမချန် စာဖတ်တဲ့ အလုပ်လုပ်နေတာပါ။ ဒါမှပဲ တပတ်တရက်လောက် အချိန်ပေးပြီး Blog မှန်မှန် ရေးနိုင်အောင်။ စောင့်ဖတ်သူတွေကို အားနာတာရော.. ကိုယ့်ရဲ့ရေးချင်စိတ်က ချွန်းအုပ်မရတာကြောင့်ရော.. တပတ်တပုဒ်ပုံမှန်တင်ဖို့ ကြိုးစားနေတာပါပဲ..။ အဲဒီကြားထဲက ခုလို နောက်ကျ ကျ သွားရတာတွေ အတွက်တော့)။
+++++
၂၀၀၀ပြည့်နှစ်မှာ စပြီးအကာင်အထည်ဖော်မယ်ဆိုတဲ့ နှစ်၃၀စီမံကိန်းရဲ့ အဓိက ဦးတည်ချက်က ပညာရေးစနစ်ဟာ Information Technology ကို အခြေခံပြီး ကျောင်းသားတွေ ပညာရည်မြင့်မားဖို့ပါတဲ့။ အဲဒီအတွက် ကျောင်းတွေမှာ ကွန်ပျူတာ အဟောင်းတွေရောက်လာပါတယ်။ Model နိမ့်တာကို မပြောတော့ပါဘူး.. အမြင်ကိုက တော်တော် မလှတော့တဲ့ မီးကျိုး မောင်းပျက် ကွန်ပျူတာတွေအတွက် ကျောင်းတွေမှာ အခန်းကောင်းကောင်းတခု အဆင်သင့် ပြင်ထားရပါတယ်။ ကွန်ပျူတာအတွက် လိုအပ်ချက်အဖြစ် လေအေးပေးစက်တွေ တပ်ရပါတယ်။ ပြီးတော့ အဲဒီအခန်းတွေကို Multimedia Classroom လို့ ဆိုင်းဘုတ်တပ်ရပါတယ်။ ပြီးရင် ပညာရေးကောင်စီ ဥက္ကဋ္ဌအပါအ၀င် နေရာတော်တော်များများရဲ့ ဥက္ကဋ္ဌဖြစ်ထသော ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရက်ချိန်းတောင်းပြီး ဖွင့်ပွဲ ဖိတ်ရပါတယ်။ အဲဒီနောက် ဗိုခင်ညွန့် ကော့ကော့ ကော့ကော့နဲ့ လာဖွင့်မယ့်နေ့အတွက် ပြင်ဆင်စောင့်ကြိုပြီးသကာလ ဖွင့်ပြီးပြီဆိုရင်တော့ နောက်ဆုံး အဆင့်က အဲဒီသတင်း ဓာတ်ပုံနဲ့တကွ… သတင်းစာထဲမှာ ပြစရာပါသွားဖို့ပါပဲ။ အဲဒီ အဲဒီရဲ့နောက်မှာတော့ Multimedia Classroom ဆိုတာဟာ အချိန်တော်တော်များများ တံခါးပိတ်သော့ခတ်ထားတဲ့၊ အခွင့်ထူးခံ ဆရာမတချို့နဲ့ ကျောင်းသားကျောင်းသူတချို့သာ ၀င်ရောက်ကိုင်တွယ် သုံးစွဲခွင့်ရှိတဲ့ အခန်းတစ်ခုသာ ဖြစ်နေတာပါပဲ။ ကွန်ပျူတာခန်းတွေ ပိတ်ထားချိန်များတာကတော့ မီးမှန်မှန် မလာတာကြောင့်လည်း ပါတာပေါ့လေ။
(အဲဒီစီမံကိန်းမှာ ကွန်ပျူတာအရောင်းဆိုင်တွေ၊ လေအေးပေးစက်ဆိုင်တွေ၊ UPS ရောင်းတဲ့ ဆိုင်တွေတော့ တော်တော် အလုပ်ဖြစ်သွားတာပေါ့။ အဓိကကတော့ ကွန်ပျူတာကို မြန်မာပြည်ထဲ အရောက်သွင်းခွင့်ရတဲ့ ရဲနိုင်ဝင်း(ဗိုခင်ညွန့်သား) ကျေးဇူးပေါ့လေ… တခါတလေတော့ ဒါကပဲ နှစ်၃၀စီမံကိန်းထဲက Hidden Agenda တခုလားလို့ ကျမ တွေးမိတတ်ပါတယ်)
ကျောင်းသားတွေရဲ့ Time-table ထဲမှာ ကွန်ပျူတာချိန်လို့ တပတ်တချိန်ပါပေမဲ့ တလမှ တကြိမ်တောင် မ၀င်ရတတ်ပါဘူး။ သေချာတာကတော့ ကျောင်းက Multimedia Class ကနေ ကွန်ပျူတာ သုံးတတ်သွားတဲ့သူ တယောက်မှ(တယောက်မှ) မရှိဘူးဆိုတာပါပဲ။ ရှိတယ်လို့ ထုတ်ပြရင်လည်း အဲဒီကျောင်းသားဟာ အခွင့်ထူးခံတယောက်သာဖြစ်ပါလိမ့်မယ်။ အဲဒီ နှစ်ပိုင်းတွေမှာပဲ အဝေးသင်ကျောင်းသားတွေအတွက်လည်း စနေ တနင်္ဂနွေတွေမှာ နီးစပ်ရာ ကျောင်းတွေ မြို့နယ်ငြိမ်ဝပ်ပိပြားရေးရုံးတွေမှာ မြန်မာ့ရုပ်သံကနေ ဘာသာရပ်အလိုက် သင်ကြားချက် ပို့ချချက်တွေ လွှင့်ပေးတာမျိုး လုပ်ပေမဲ့ အင်မတန်ပျင်းစရာကောင်းလှပြီး ဘယ်လို အာမခံချက်မျိုးမှ မရှိတဲ့ အဲဒီအစီအစဉ်ကို ၂ပတ်ထက်ပိုပြီး ဘယ်သူမှမလာကြပါဘူး။ ကျမအပါအ၀င် ဆရာဆရာမတွေခမျာမှာတော့ မြို့နယ်တွေထိ ကိုယ့်ထမင်းကိုယ်စား ကိုယ်စရိတ်ကိုယ်ခံပြီး သွားကြရပါတယ်။ နောက်ပိုင်း စရိတ်ပြန်ပေးမယ်လို့ ပြောခဲ့ပေမဲ့လည်း ပေါ်မလာပါပဲ။ ကျမဆို ကလေးငယ်ငယ်လေးကို ထားခဲ့ပြီး မော်လမြိုင်ကနေ သံဖြူဇရပ်ထိ သွားခဲ့ရပါတယ်။ တော်သေးတာက ၄ပတ်လည်းမြောက်ရော ကျောင်းသားတယောက်မှ မလာလို့ဆိုပြီး အစီအစဉ်ရပ်သွားပါတယ်။ ဒါပေမဲ့ ပညာရေးဝန်ကြီးဌာနက ပြောတာတော့ အဲဒီ ရုပ်သံနဲ့ ပို့ချတဲ့အစီအစဉ်က အောင်မြင်တယ်ဆိုပဲ.. :D မွန်ပြည်နယ်မပါဘူးဖြစ်မယ်။
အဲဒီတုန်းက သူတို့အောင်မြင်ပါတယ်ဆိုတဲ့ အစီအစဉ်ထဲမှာ ဆရာဆရာမတွေ ပင်ပန်းကြရသလို ကျောင်းသားတွေခမျာလည်း နစ်မွန်းကြရပါတယ်။ အထူးသဖြင့် အဲဒီတုန်းက အဝေးသင်ကျောင်းသားတွေခမျာ ပြဋ္ဌာန်းထားတဲ့ သင်ရိုးက များတော့ ရုပ်သံက လွှင့်တဲ့ အပုဒ်တွေကများ အရေးကြီးသလားလို့ ထင်ကြပြီး အဲဒီအပုဒ်တွေ ဖိကျက်ကြ..။ နောက်တော့ အဲဒီအပုဒ်တွေက အနီးကပ်သင်တန်းချိန်ကျကာမှ ဖြုတ်တဲ့အထဲ ပါနေတာမျိုး.. (ဆန်းတယ်နော်.. ကျမတို့ နိုင်ငံလောက် ပညာရေးကို လုပ်ချင်သလို ပစ္စလက္ခတ်လုပ်တာမျိုး၊ ကလိမ်ကညစ်လုပ်တာမျိုး ဘယ်နိုင်ငံမှာမှ မရှိဘူးထင်ပါတယ်.. ကျမ လေ့လာရသလောက်တော့ မတွေ့ဖူး သေးပါဘူး)။
ပြီးတော့ တနှစ်လုံးကို သင်ရိုးအဖြစ် အပုဒ် ၂၀လောက် ထည့်ထားပြီး စာမေးပွဲဖြေဖို့ ၂ပတ်သာလိုတော့တဲ့ အနီးကပ်သင်တန်းချိန်ကျမှ ၁၀ပုဒ်လောက် ဖြုတ်ပစ်လိုက်တော့ အများစုက ကျက်ထားတဲ့ စာတွေ ပြုတ်တဲ့အထဲ ပါသွားတာ အဲဒီအဖြစ်အပျက်က ဘယ်လောက် စိတ်ဆင်းရဲစရာကောင်းလဲ..။ ဒီတော့ အဲဒီ နှစ်ပတ်အလို ကျမှ တဘာသာကို အနည်းဆုံး အသစ် ၅ပုဒ် ထပ်ကျက်ကြရပါတယ်။ ဆိုတော့ Major တခုမှာ အနည်းဆုံး ၅ဘာသာရှိတာမို့ ၂ပတ်မှာ ၂၅ ပုဒ် ထပ်ကျက်ရပါမယ်။ ပြီးတော့ မြန်မာစာမေဂျာက လွဲရင် ကျန်တဲ့ ဘာသာတွေက အင်္ဂလိပ်လို ကျက်ရတာ။ မြန်မာစာဆိုရင်လည်း ကျောက်စာတွေ.. ကဗျာစာသား.. စကားပြေစာသား Quotation တွေ ကျက်ရတာ။ ဘယ်လိုမှ မကျက်နိုင်ကြပါဘူး။ အဝေးသင်ကျောင်းသားတွေ အင်မတန်ပင်ပန်းကြပါတယ်။
ကျောင်းသားတွေအနေနဲ့လည်း တနှစ်လုံး အလုပ်လုပ်ပြီး ဒီအနီးကပ်ကာလမှပဲ အလုပ်တွေကနေ ခွင့်တွေယူပြီး ကျူရှင်တွေယူရ.. စာအုပ်တွေ ၀ယ်ရပါတယ်။ တချို့ဆို နယ်ဒေသတွေကနေ တက္ကသိုလ်ရှိရာမြို့ကို လာနေကြရတာမို့ ငွေကုန်ကြေးကျများကြတာကြောင့် နှစ်ချင်းပေါက် စာမေးပွဲအောင်ဖို့ကလည်း အရေးကြီး ပါတယ်။ အဲဒီအခါ တော်ရုံ အပင်ပန်းလည်း မခံနိုင်တဲ့ ကျောင်းသားတွေကတော့ ခိုးချရတဲ့ လမ်းကိုပဲ ရွေးပါတော့တယ်။ ဒါပေမဲ့ မော်လမြိုင်မှာကတော့ တခြား အာရုံများစရာ ပတ်ဝန်းကျင်နည်းပါးတာကြောင့်ရော.. ဆရာ ဆရာမတွေက အနီးကပ်သင်တန်းတွေမှာ ပို့ချချက်တွေကို ကျက်မှတ်ရလွယ်အောင် သင်ပေးနိုင်ကြတာ ကြောင့်ရော.. ကျူရှင်တွေက ပိုက်ဆံယူသင်တယ်ဆိုပေမဲ့ ကျောင်းသားတွေ စာမေးပွဲဖြေနိုင်အောင် တကယ် သင်ပေးတာကြောင့်ရော ဆိုပါတော့။ ကျောင်းသားတွေဟာ ကျောင်းစာအတွက် သိပ်အခက်အခဲ မကြုံကြရပါဘူး။ အောင်မှတ်ဖိုးလောက်ကိုတော့ ပြင်ဆင်နိုင်ကြပါတယ်။ ဒါကြောင့်ပဲ အဲဒီတုန်းက မော်လမြိုင်တက္ကသိုလ်မှာ ခိုးချတဲ့ ဓလေ့ မထွန်းကားခဲ့တာပါ။
အဲဒီတုန်းကဆိုရင် အနီးကပ်ကျမှ သင်ရိုးတွေကို ဖြုတ်ချပစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဝေးသင်ဌာနက ဆရာဆရာမကြီးတွေကို ကျမတို့ နှစ်တိုင်း စိတ်ခုကြ.. စိတ်ဆိုးကြရပါတယ်။ ခုချိန်ထိလည်း သူတို့ ဘာလို့ အဲလို လုပ်တာလဲဆိုတာကို နားမလည်ပါဘူး။ ကျမကတော့ နှစ်စကတည်းက ၁၅ပုဒ်ပြဋ္ဌာန်းရင်လည်း ၁၅ပုဒ်ပေါ့။ စာမေးပွဲမှာလည်း အဲဒီ ၁၅ပုဒ်ထဲကပဲ မေးပေါ့။ အဲဒါကို မဖြေနိုင်ရင် ကျောင်းသားအပြစ်ပေါ့။ ခုတော့ သူတို့ လုပ်ပုံကိုက ကျောင်းသားတွေအပေါ် တမင်ညစ်သလိုဖြစ်နေတော့ ကျောင်းသားတွေကို ခိုးချအောင် တွန်းပို့နေ သလိုပဲလို့ ခံစားရပါတယ်။ ဒါနဲ့ ကျမ ရန်ကုန် ပြန်ရောက်တော့ အဝေးသင်ဌာနက ဆရာမကြီးတယောက်ကို မေးမိပါတယ်။ ဘာဖြစ်လို့ အဲလို အနီးကပ်ကျမှ ပုဒ်ရေတွေဖြုတ်ပစ်တာမျိုး အသစ်တိုး တာမျိုး လုပ်တာလဲ.. လို့။ အဲဒီ ဆရာမကြီးက ပြောပါတယ်။ ဖြုတ်ပစ်လည်း အကုန်ကျက်ထားပြီးသားဆိုရင် ဖြေနိုင်ရမှာ ပေါ့.. တဲ့။ သူပြောတာ မမှားပါဘူး။ ဒါပေမဲ့ ကျမတို့ ဆရာဆရာမတွေအနေနဲ့ ထည့်တွက်ပေးရမှာက ကျောင်းသားတွေ ဆီမှာ ရှိနေနိုင်တဲ့ Exam Fright ကိုပါ။ ဒီတော့ စာမေးပွဲ သိပ်နီးလာချိန်ကျမှ ဘာသာတိုင်းမှာ ကိုယ်ကျက်ထားတဲ့စာ ပြုတ်သွားပြီး ကိုယ်မသိတဲ့.. ကိုယ်ကျက်မထားတဲ့ စာတွေ ထပ်တိုးလာတာဟာ ကျောင်းသားတွေကို ဘယ်လောက်တုန်လှုပ်စေမလဲ..။ ဒါဟာ ဆရာဆရာမတွေမှာ အလိုလို ရှိနေသင့်တဲ့ Hidden ethic ပါ။ ပြီးတော့ ဒါဟာ ကျောင်းသားတွေရဲ့ ပညာရေးအတွက် ကောင်းတဲ့ အကျိုးဆက်ရစေတဲ့ မူမျိုးလည်း မဟုတ်ဘူးလေ။
ဒါပေမဲ့ အဲဒီ ပြဿနာက မော်လမြိုင်မှာ ရှိနေတုန်းမှာတော့ ကျမအတွက် သိပ် သိသိသာသာကြီး မထိခိုက်စေခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ မော်လမြိုင်မှာ ကျောင်းသားတွေက အတန်အသင့် စာလိုက်နိုင်တာ ကြောင့်ပါပဲ။
+++++
၂၀၀၀ရဲ့ ဆောင်းဦး နိုဝင်ဘာ..။ မော်လမြိုင်ရဲ့ မြသီလာမှာ စာသင်ချိန်တွေနဲ့.. ကလေးနှစ်ယောက်နဲ့ ကျမ နပမ်းလုံး နေရတုန်းမှာပဲ.. အမေ့ဆီက ဖုန်းဝင်လာပါတယ်။ အဖေနေမကောင်းဘူးတဲ့။ အဲဒီအချိန် အသက် ၅၆နှစ်သာရှိသေးတဲ့ အဖေက လူငယ်လေးလို သွက်လက်နေတတ်တာ။ ကျမနဲ့ အဖေ့ကို မောင်နှမ ကျနေတာပဲလို့ လူတိုင်းက ပြောနေတဲ့အချိန်။ ပြီးတော့ အရက်မသောက် ဘီယာမသောက်.. ဆေးလိပ် မသောက်.. ၀ိုင်နီကိုတောင် ဆေးဖြစ်ဝါးဖြစ်သာ သောက်တတ်တဲ့ အဖေက အသည်းကင်ဆာ.. ဖြစ်ရသတဲ့။ လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က ၀မ်းကိုက်ပိုး အသည်းကို ရောက်တယ်ဆိုလား.. ဖြစ်ဖူးရာကနေ.. ။ နောက် လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် လောက်ကျတော့ အသည်းရောင် အသားဝါနဲ့ ဆေးရုံတက်ရရာက အဖေ အသည်းနဲ့ပတ်သက်တဲ့ ဆေးတွေ အများကြီးသောက်ခဲ့ရဖူးတာ မှတ်မိတယ်။
ညီမအလတ်က ပြောတယ်.. အဖေအခြေအနေ သိပ်မကောင်းဘူးတဲ့။ ကျမ တော်တော် တုန်လှုပ်သွားပါတယ်။ ဒါနဲ့ပဲ ကျမ ကျောင်းက ခွင့်ယူပြီး မိသားတစုလုံး ရန်ကုန်ဆင်းရပါတယ်။ အဖေ့ကို အဲလို မျက်နှာငယ်လေးနဲ့ တခါမှ မတွေ့ဖူးတာမို့ ကျမတော်တော် စိတ်မကောင်း ဖြစ်သွားပါတယ်။ အဖေက သတ္တိတော့ တကယ် ကောင်းတာ.. ကင်ဆာစာအုပ်တွေ ဖတ်ပြီး သူ့ဆရာဝန်ကြီး ဒေါက်တာဦးမျိုးသွယ်နဲ့ ညှိပါတယ်။ ဓာတ်မကင်ဘူး.. အနာအကျင် အကိုက်အခဲဝေဒနာ သက်သာစေမယ့် ဆေးပဲ ပေးပါ.. တဲ့။ ဒါပေမဲ့ သူ့အခြေအနေသိနေတဲ့ အဖေကရော ကျိတ်ပြီး ခံစားမနေဘူးလို့ ဘယ်သူပြောမလဲ..။ ကျမရင်ထဲမှာ မချိဘူး။ အမေ့စကားနဲ့ ပြောရရင် ကျမက အဖေ့သမီးလေ..။ အဖေကို အထင်ကြီး.. အချစ်ကြီး.. ပြီးတော့ အဖေကို ကိုးကွယ်သူ..။ အဖေ့ကို ကျမ တခါမှ ကျေးဇူးမဆပ်ဖူးသေးပါဘူး။ ကျမ တက္ကသိုလ် ပထမနှစ်တက်နေတုန်း အဖေ တခေါက် အသည်းအသန် ဖြစ်တုန်းကလည်း ကျမက ကျောင်းစာတဘက်နဲ့ နေသာသလို နေခဲ့တာ။ အဖေ့ကိုရော အမေ့ကိုပါ ခုချိန်ထိ ကျမ ပြုပြုစုစု တခါမှ မရှိဖူးသေး။ ပြုစုဖို့လည်း မကြုံကြိုက်တတ်။ အဖေနဲ့ အမေကသာ ကျမနဲ့ ပတ်သက်ရင် အမျိုးမျိုး ဒုက္ခခံခဲ့ရရှာတယ်။ အဲလိုနဲ့ပဲ ကျမဘ၀မှာ ကျေးဇူးအကြွေးတွေ များလှချည့်။ ဒါကြောင့်ပဲ ကျမဘ၀ထဲ အမြဲ မအေးမချမ်း မတည်မငြိမ် ရှိနေရတာများလားလို့လည်း မကြာခဏ တွေးမိတတ်ပါတယ်။ ခုထိ ကျမမှာ ရှိတဲ့ သေရာပါမယ့် ဒဏ်ရာက အဲဒါပါ..။
ဒီတခေါက်မှာလည်း အဖေ့နား ၁၀ရက်လောက်နေပြီး ကျမ မော်လမြိုင်ပြန်ရပြန်ပါတယ်။ အဖေ့ဆီ ခဏ ခဏ ဆင်းလာမယ်လို့ ကျမပြောခဲ့သေးတာ။ အဖေကတောင် ‘အမလေး ပင်ပန်းတယ်.. မလာနဲ့.. နွေကျမှလာ.. ငါ ဘာမှမဖြစ်ဘူး’လို့ ခပ်မာမာပြန်ပြောခဲ့သေးတာ…။ ကျမစိတ်ထဲ လွန်ခဲ့တဲ့ အနှစ် ၂၀.. အဖေ အသည်းအသန်ဖြစ်စဉ်က ဆရာဝန်က 5 years survival လို့ ပြောခဲ့ပြီး အဖေက ခုချိန်ထိ နေနေရသေးတာပဲလို့ တွေးနေပါတယ်။ ကျမ မော်လမြိုင်ပြန်ရောက်ပြီး တပတ်တခါ အိမ်ကို ဖုန်းဆက်.. ကြားနေရတဲ့ အဖေ့ အသံက မာတုန်း..။ အစားအသောက်လည်း မပျက်ဘူးတဲ့။ ဒီလိုနဲ့ ဖေဖော်ဝါရီလ ရောက်လာပါတယ်။ အမေက ဒီလကို စိတ်ပူရှာပါတယ်။ အဖေ့မွေးနေ့က ဖေဖော်ဝါရီ ၉ရက်လေ..။ အမေကပြောတယ်.. သမီးရေ.. သက်တမ်းစေ့ ဆိုရင်တော့ ဒီမွေးနေ့လေး ဂရုစိုက်ရမယ်တဲ့..။ ကျမမှာ ရင်ကို မောနေတာပါပဲ..။ အဲဒီတုန်းကဆို ကျမအသက် ၃၆နှစ်ပဲ ရှိပါသေးတယ်။ အဖေလည်း ၅၆နှစ်ပဲ ရှိပါသေးတယ်။ မိစုံဖစုံ နေလို့ ရသေးတဲ့ အရွယ်တွေပါ..လို့ တွေးနေမိတယ်။
အဖေ့မွေးနေ့ ကျော်သွားတော့ ဘာရယ်မဟုတ်.. စိတ်ထဲ အဖေတော့ ဒီတောင်ကျော်ပြီလို့ ယုံတော့တာ။ ဖြစ်ချင်တော့ ခါတိုင်းဖုန်းဆက်နေကျ.. တနင်္ဂနွေမှာ ကျမ အိမ်ကို ဖုန်းမခေါ်ဖြစ်။ နောက်တော့ ဖေဖော်ဝါရီလ ၁၉ရက်မနက်.. (ကျမတို့ မေ့မေ့လျော့လျော့ ဖြစ်နေတာတခုက အဲဒီနေ့က အဖေ့ ဗမာလိုမွေးနေ့ပါ)။ ကျမတို့ ကျောင်းမှာ စာသင်နေတုန်း ဗိုချုပ်တင်ဦးတို့ ဘားအံနားမှာ ဟယ်လီကော်ပတာ ပျက်ကျလို့.. ဆိုတဲ့ သတင်း ၀င်လာပါတယ်။ မနက် ၉နာရီလောက်တဲ့။ အမှန်အတိုင်းပြောရရင် ကျမ စိတ်ဝင်စားရူံပါပဲ.. သိပ်စိတ်မကောင်း မဖြစ်မိလိုက်ပါဘူး။ ဗိုချုပ်တင်ဦးက ကျမသိသလောက် တပ်ထဲမှာ Hard liner လေ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင် တော်တော် တင်းမာပြီး ရိုင်းရိုင်းပျပျ ပြောတတ်သူ။ ဒီတော့ သူ့သတင်းအကြားမှာ ကျမက ပြောလိုက်သေး.. အဲဒါ ဘုရားရိုက်တာ.. လို့။ အဲဒီည ၈နာရီ… ကျမအိမ်ခန်းလေးထဲမှာ အဆောင်နေ သူငယ်ချင်း ဆရာမတွေ ၆ယောက်လောက်က ဗိုချုပ်တင်ဦးတို့ သတင်းကို နားထောင်ဖို့ ရောက်နေကြတာ…။ ကျမသမီးငယ်လေးက ပေါင်ပေါ်မှာ အိပ်ပျော်လို့။ သားကြီးက သူ့ကုတင်ပေါ် စာဖတ်နေ တာပေါ့။ အဲဒီအချိန်………..
ညကြီးမင်းကြီးကို လိပ်ပြာအနက်လေးတကောင် ကျမတို့ အိမ်ခန်းလေးထဲမှာ ထိုင်နေတဲ့ လူအုပ်စုထဲ ၀င်လာပါတယ်။ တကယ်တော့ အဲဒါက လိပ်ပြာရဲ့ သဘာဝမဟုတ်ဘူးမို့လား။ လိပ်ပြာဆိုတာ လူကြောက်တယ် မဟုတ်လား။ ပြီးတော့.. အဲဒီလိပ်ပြာလေးက ကျမပခုံးမှာ နား… ပြီးတော့ ရှေ့နားလေးမှာ ထိုင်နေတဲ့ ရာကျော့်ပခုံးမှာ နား..။ ပြီးတော့ ကျမပေါင်ပေါ်အိပ်နေတဲ့ သမီးလေးဆီ ပျံလာပြီး သမီးလေးပါးမှာ တောင်ပံလေး တငြိမ့်ငြိမ့်နဲ့ နားပါတယ်..။ မထူးဆန်းဘူးလား။ တခြားဘယ်သူ့ဆီကိုမှ မသွားပါဘူး။ နောက်တော့ သားကြီး ကုတင်ဘေးက နံရံမှာ သွားနားနေလိုက်တာ.. အဲဒီည ၁၁နာရီလောက်မှ ကျမတို့ အိပ်ယာဝင်တဲ့အထိ နားနေဆဲ..။ ငြိမ်လို့။ မနက်မိုးလင်းတော့ လိပ်ပြာလေး မရှိတော့ဘူး ထင်ပါတယ်(ရှိရင် ကျမတို့ သတိထားမိ မှာလေ..)။ နောက်ထပ် တခါမှလည်း အဲလို အိမ်ထဲ ၀င်မလာတော့ပါဘူး။ အဲဒါတခုကတော့ မှတ်မှတ်ရရ တိုက်တိုက်ဆိုင်ဆိုင်…
ဒီလိုနဲ့ ဖေဖော်ဝါရီလ ၂၀ရက်နေ့မနက် ကျမကျောင်းကို ရောက်လာချိန်မှာတော့ အဖေ ၁၉ရက်နေ့ည ၉နာရီမတ်တင်းမှာ ဆုံးတယ်ဆိုတဲ့ ဖုံးသတင်းက ဌာနကို ရောက်နေပါပြီ။ မနေ့က ည ၉နာရီမတ်တင်းတဲ့။ လိပ်ပြာလေး ကျမတို့ဆီရောက်လာတဲ့ အချိန်နားပဲပေါ့။ လိပ်ပြာကို ၀ိဥာဉ်တွေရဲ့ ကိုယ်စားလှယ်လို့လည်း အယူအဆရှိတာမို့.. အဖေ ကျမတို့ဆီ လာခဲ့လေသလား။ အဖေ့အနီးအနားမှာ ရှိမနေတာကလည်း ကျမတို့ မိသားစုပဲလေ။ အဖေ ကျမတို့ကို လာနှုတ်ဆက်ခဲ့တာလား……..။ ဘာပဲဖြစ်ဖြစ်.. သေချာတာကတော့ အဖေ မရှိတော့တာဟာ ကျမအတွက်ကတော့ ရပ်တည်ရာမြေကြီး ကွဲအက်သွားတာပါ..။ ပြီးတော့ ကျမဘ၀ရဲ့ တ၀က်တိတိကြီး အဓိပ္ပါယ်မဲ့သွားတာလည်း ဖြစ်ပါတယ်။
နောက်ထပ်ကံဆိုးတာတခုကတော့ အဖေဆုံးချိန်မှာ ဗိုချုပ်တင်ဦးတို့ ကိစ္စက ဖြစ်ပြီး ကောဠာဟဠတွေ ပျံ့နေတာမို့ အအေးတိုက်တွေအကုန် ပိတ်ထားပါတယ်တဲ့။ ဒါကြောင့် အဖေ့ကို ဆေးရုံကြီးအအေးတိုက်မှာပဲ ထားရမယ်တဲ့။ ဆေးရုံကြီးအအေးတိုက်က အအေးမလုံလောက်တာကြောင့်ရော.. အဖေ့ရဲ့ ဆန္ဒအရပါ အမေက အဖေ့ကို နေ့ချင်းမြေချဖို့ ဆုံးဖြတ်ပါတယ်တဲ့။ (အဖေတို့ မာလိုက်ပုံများတော့ သူ့နာရေးသတင်းကို သူကိုယ်တိုင် ရေးခဲ့တာပါ။ သူဆုံးတော့ အမေက အဲဒီစာရွက်လေးကိုင်ပြီး ငိုရှာပါတယ်။ ပြီး အဖေရေးခဲ့တဲ့အတိုင်းလေးပဲ သတင်းစာထဲ ထည့်ခဲ့တာပါ.. အဖေက ပကာသနဆန်တာကို လုံးလုံး မကြိုက်လေတော့ သူ့နာရေးမှာတောင် ဦးသိန်းရွှေ(ပုသိမ်)တဲ့.. ဒါပဲ။ သူ့နောက်ဆက်တွဲ ပညာ ရာထူးတွေ ဘာမှမထည့်၊ သားသမီးတွေဆိုလည်း နာမည်တွေပဲ ပါတာ။ မိတ်ဆွေတွေက ကျမတို့ နာမည်တွေနဲ့ တွဲကြည့်မှ အဖေပဲဆိုတာ သေချာတယ်လို့ သိကြရတာလေ.. တော်သေးတာက အဖေ့သားသမီး ကျမတို့ မောင်နှမတွေရဲ့ နာမည်တွေကလည်း ကျမနာမည် လိုပဲ တူတဲ့နာမည်ရှိဖို့ ခဲယဉ်းလို့သာ တော်တော့တာပေါ့)။ ခုဆို ၈နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။
ကျမတို့မိသားစု မော်လမြိုင်ကထွက်တဲ့ ညနေမှာပဲ အဖေက ရန်ကုန်မှာ မြေကျခဲ့ပြီလေ။ ဆိုတော့ ကျမကတော့ ခုချိန်ထိ .. အဖေလို့ သတိရလိုက်ရင်.. နိုဝင်ဘာလ ကျမတို့ မိသားစုသွားတုန်းက အပြန်မှာ ထိုင်ကန်တော့တော့ ကုလားထိုင်ပေါ်မှာ ထိုင်ရင်းကျန်ခဲ့တဲ့ မာမာချာချာပုံရိပ်နဲ့ အဖေ့ကိုပဲ မြင်ယောင်တာပါ။ အဲဒီအခါ ကျမစိတ်ထဲမှာ နေမကောင်းဖြစ်ပြီး ဝေဒနာခံစားနေရတဲ့ အဖေမရှိ။ အအေးတိုက်ထဲက ဆွဲထုတ်လာတဲ့ အဖေနဲ့တူတဲ့ ရုပ်အလောင်းတခုမရှိ။ ကျမအဖေဟာ ကျမအတွေးထဲမှာတော့ အမြဲတမ်း သွက်လက် ဖျတ်လတ်နေတဲ့.. အဖေ.. ပါပဲ။ ဒီနေ့ထက်ထိ ဘယ်လောက် အလုပ်ရှုပ်ရှုပ်.. တခုခုနဲ့ ဆက်နွယ်ပြီး အဖေ့ကို သတိမရလိုက်တဲ့ နေ့ဆိုတာ ကျမမှာ တနေ့မှ မရှိသေးပါ။
တကယ်တော့ အဲလို အဖေမရှိတော့ကလည်း ကျမဘ၀ရဲ့ အေးရိပ်တခုဖြစ်နေတဲ့ မော်လမြိုင် ၀န်းကျင်ကနေ ခွာလာရတဲ့အကြောင်းတကြောင်း ဖြစ်လာတာပါ။ ကျမကိုက အေးငြိမ်းခြင်းကို ကြာကြာ မခံစားရဖို့ ပြဋ္ဌာန်း ခံထားရသူ ထင်ပါရဲ့။
+++++
၂၀၀၁ နဲ့ ၂၀၀၂ထဲမှာ နိုင်ငံရေးအရကတော့ န၀တက အဲဒီကာလတွေထဲမှာ အန်တီစုကို နေအိမ် အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးတာတွေ…၊ အန်တီစု မန္တလေးဘက်အသွားမှာ ရထားစီးတော့ အန်တီ့ မှတ်ပုံတင်နဲ့ လက်မှတ်ပေါ်က နာမည်မတူလို့ အန်တီကို ရထားပေါ်က ဆွဲချတယ်ဆိုတာတွေ.. အန်တီ့ စကားပြောပွဲတွေ.. ခရီးသွားတာတွေကို ပိတ်တာ တားတာတွေ လုပ်လာတယ်ဆိုတာတွေလည်း ကြားနေရပါတယ်။ ပြီးတော့ တခါ ဘာစိတ်ကူးပေါက်တယ်မသိ.. အန်တီစုကို စစ်အစိုးရက သူတို့ ဆောင်ရွက်နေတဲ့ နိုင်ငံတော်စီမံကိန်းတွေ ပြမယ်ဆိုပြီး အန်တီစု မော်လမြိုင် အတ္တရံတံတားကိုတောင် လာကြည့်ပါသေးတယ်။ ဒီတပွဲမှာတော့ ကျမ သေချာ မသိလိုက်ရပါဘူး။ သတင်းပဲ ကြားလိုက်ရပါတယ်။ ကျမတို့ တက္ကသိုလ်ရှိတဲ့ တောင်ဝိုင်းနဲ့ တံတားက တောင်ဖျားနဲ့ မြောက်ဖျားကိုး။ ဒီလိုနဲ့ ကျမက မော်လမြိုင်မှာ တကယ့်တောသူမကြီးလို ဘာမှ သိပ်မသိ..။ သတင်းတွေဆိုလည်း သဲ့သဲ့ ကြားရုံသာ။ ဘယ်လောက် ညံ့နေလိုက်သလဲဆို ဘ၀မှာ စာသင်ဖို့ရယ်.. မိသားစုကို ပျိုးထောင်ဖို့ရယ်.. စိတ်ပါရင် ပါသလို ၀တ္ထုတိုလေးဘာလေး ရေးဖို့ရယ်ပဲ သိတော့တာ။ တခါတလေကျတော့လည်း အဲလို အပူအပင် ကင်းကင်း နေရတာက အရသာရှိပါတယ်။
ကျမ စဉ်းစားမိတယ်..။ မတရားသဖြင့်နိုင်လှတဲ့ ဒီစစ်အစိုးရသာ မရှိရင် ကျမတို့အားလုံး ကိုယ့်တိုင်းပြည်မှာပဲ အေးအေးချမ်းချမ်း ရောင့်ရဲပြီး နေနေကြမှာဆိုတာကို။ သူများတွေတော့ မသိဘူး။ ကျမကတော့ အဲလို စာလေးသင်.. ၀တ္ထုလေးရေး။ ရာကျော်က လယ်လုပ် ဆီကြိတ်..။ ကျောင်းရက်ရှည်ပိတ်ရက်တွေဆို ရွာမှာ သွားနေ… ဘယ်လောက် အေးချမ်းလိုက်မလဲ။ကျမက ရာကျော့်ကို ပြောထားတာ ကျမ ပင်စင်ယူပြီးရင် ရွာမှာပဲ နေပြီး စာရေးမယ်.. စာဖတ်မယ်လို့။ တကယ်တော့ ရွာက သူ့ရွာပေမဲ့ ကျမက အဲဒီရွာကို သိပ်ချစ်တာ။ သူ့ကို အမြဲ စတယ်.. ငါက ရွာမှာ နေချင်လို့ .. အဲဒီလယ်တွေနဲ့ နေချင်လို့ မင်းကို ယူတာလို့။ ကျမပြောဖူးတယ် ထင်ပါတယ်နော်…။ သံလွင်မြစ်ကမ်းဘေးက ကျမတို့ ရွာလေးအကြောင်းကို..။ ခုထိ ကျမလွမ်းပြီဆို ကျမဇာတိရန်ကုန်ကို မလွမ်းဖြစ်ဘဲ အဲဒီ ထုံးအိုင်ရွာလေးကိုပဲ လွမ်းတာ..။ အဲဒီရွာလေးအကြောင်း သိချင်သပ ဆိုရင်တော့ ဒီကို သာ သွားဖတ်ပါတော့။
++++++
ဒီလိုနဲ့ ၂၀၀၂ ထဲမှာတော့ ရာကျော့်အတွက် ရွာမှာ ဘယ်လိုမှ လယ်အလုပ် မဖြစ်တော့ပါဘူး။ အဓိကကတော့ အရင်းအနှီးများလာတာကို မခံနိုင်တာပါ။ စိုက်စရိတ်.. အလုပ်သမားစရိတ်.. နောက်ဆက်တွဲ စက်ဆီစရိတ်…။ ခက်တာက အဖေမရှိတော့ကတည်းက အမေကလည်း Tour Company တွေကိုပဲ ကားတွေအပ်ပြီး ငှားစားတာမျိုးပဲ လုပ်တော့တာမို့ ကိုယ် လိုက်မောင်းစရာ.. လိုက်ကြည့်စရာမလိုတော့။ ဒီတော့ ရာကျော်လည်း အရင်လို အလုပ်လိုက်လုပ်စရာ မရှိတော့။ ကျမကတော့ မော်လမြိုင်မှာ ပျော်နေပြီ..။ ဘယ်ကိုမှ မသွားချင်တော့။ မော်လမြိုင်တက္ကသိုလ်မှာ တခုကောင်းတာက စစ်တပ်ရဲ့ အငွေ့အသက်နဲ့ လုံးလုံး မပတ်သက်တာပါပဲ။ ဒီတော့ စိတ်ထဲ အကုသိုလ်နည်းနည်းနဲ့ သိပ်အေးချမ်းတာပဲ။ ဒါပေမဲ့ ရာကျော်ကတော့ တခုခု ပြတ်ပြတ်သားသား လုပ်ချင်ပြီတဲ့။ ကျမတို့နှစ်ယောက် လွန်ဆွဲနေတုန်းမှာပဲ ကျမကိုယ်တိုင် တွေတွေဝေေ၀ ဖြစ်လာစရာ အကြောင်းက ပေါ်လာပါတယ်။ နဂိုတည်းက သားသမီး ၃ယောက်ယူမယ်လို့ ဆုံးဖြတ်ထားတဲ့ ကျမတို့ဆီကို သားအငယ်ဆုံးလေးက စာရင်း လာတို့လိုက်တာပါပဲ။
ရာကျော်က ကလေးတွေရှေ့ရေးကို စဉ်းစားပါတယ်။ သူ့အလုပ်အကိုင်ကိုလည်း စဉ်းစားပါတယ်။ နောက်ဆုံး တော့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က လူငယ်တွေ.. ပြီးတော့ သူ့ညီအကို တွေလိုပဲ နိုင်ငံခြားထွက်မယ်.. ထွက်တာတောင်မှ မလေးရှားကိုပဲတဲ့။ သူ့ညီအကိုတွေ ရှိလို့မို့။ ကျမလည်း စဉ်းစားကြည့်တော့ ရန်ကုန်မှာ မေမေ့အနားနေရမယ်။ ပြီးတော့ အတန်း ကြီးလာပြီဖြစ်တဲ့ သားကြီးပညာရေးကို ၀ိုင်းကြည့်မယ့်သူ များမယ်…။ ပြီးတော့ ဘာပဲဖြစ်ဖြစ် ရန်ကုန်က ကျမဇာတိလေ။ သူ့ဇာတိမှာ နေမရရင် ကျမဇာတိမှာ နေရပေမပေါ့။ တကယ်တော့ မော်လမြိုင်မှာ ကျမတို့နှစ်ယောက်လုံးက ဧည့်သည်ပဲလေ။ ကျမတို့ ရန်ကုန် ပြန်လာမယ်လို့ သေချာပြီဆိုတော့ အမေက ပျော်ရှာပါတယ်။ အမေက ရာကျော့်ကို တော်တော် ချစ်တာလေ။ ကျမက ပြောင်းရွှေ့ခွင့်တင်တာတို့ ဘာတို့ လုပ်..။ ရာကျော်က passport လျှောက်တဲ့ ကိစ္စတွေ လိုက် လုပ်။ နောက် ရွာက လယ်တချို့ ရောင်းလိုက်ပါတယ်။ အဲဒီတုန်းက မလေးရှား သွားအလုပ်လုပ်ဖို့ ပေါက်ဈေးက ၆သိန်း။ စင်္ကာပူက ၁၀သိန်း..။ ဂျပန် ၂၅သိန်း…။
ဒီလိုနဲ့ ကျမသားအငယ်ဆုံးလေးကို မတ်လ ၃၀ရက်နေ့မှာ မွေးပါတယ်။ (ဒီနေရာမှာ ခေတ်အခြေအနေကို မှတ်တမ်းတင် ရရင် လွန်ခဲ့တဲ့ ၃နှစ်ခွဲ… သမီးကို မွေးတုန်းက ပိုက်ဆံ ၇၀၀၀ပဲ ကုန်ခဲ့တဲ့ မော်လမြိုင်မှာ သားငယ်လေးမွေးတော့ အဲဒီ ဆရာဝန်ကြီးနဲ့ပဲ.. ဆေးရုံကတော့ ရတနာမွန် ဆိုတဲ့ ကိုယ်ပိုင်ဆေးခန်းမှာ.. ဗိုက်ခွဲမွေးရတာ… ပိုက်ဆံက တသိန်းခွဲကုန်ပါတယ်။ အဲဒီအချိန် မှာပဲ ကျမသူငယ်ချင်းက ရန်ကုန် ရွှေဂုံတိုင်က SSC မှာ သားဦးလေးကို ခွဲမွေးတာ ၁၂သိန်းကုန်ပါသတဲ့.. အဲဒီအချိန် ရွှေဈေးကမှ ၅သောင်းခွဲလောက်ပဲ ရှိတာပါ)။
ထုံးစံအတိုင်းဆိုရင် တော့ Transfer Order တွေက မေလမှာ ထွက်တတ်ပါတယ်။ ကျမက နှစ်ပြည့်ပြီးသားမို့ ပြောင်းရမှာ သေချာပေါက်လေ။ သားကလေး မွေးပြီး သင်္ကြန်အကျော် ဧပြီလနောက်ဆုံးပတ် စနေနေ့မှာတော့ အမေက ရန်ကုန်ကနေ ကျမညီမအငယ်ဆုံးလေးနဲ့ သူ့အမျိုးသားကို အိမ်ကကားနဲ့ မော်လမြိုင်ကို နေ့ချင်း အရောက် လွှတ်လိုက်ပါတယ်။ သူတို့ နှစ်ယောက် တလှည့်စီမောင်းလာကြတာ.. မော်လမြိုင်ကို စနေနေ့ နေ့လယ်ကြီး ရောက်လာပါရော..။ မလေးကုမ္ပဏီတခုက ရာကျော့်ကို လှမ်းဆက်သွယ်လို့တဲ့။ ချက်ချင်းပဲ ထွက်ရတော့မလို…။ တကယ့်ကို ဗြုန်းစားကြီး…။
ပထမတော့ ကျမတို့ မလိုက်သေးဘူးလို့ပဲ.. ဒါပေမဲ့ ရာကျော်က passport in hand ဆိုတော့ ချက်ချင်းများ ထွက်ရမလား မသိဘူးဆိုတဲ့ စိတ်နဲ့။ သူကလည်း မထားခဲ့ချင်.. ကျမကလည်း မနေခဲ့ချင်..။ ဒါနဲ့ပဲ ကျမတို့ အိမ်ပစ္စည်းတွေ သေချာ ထုပ်ပိုးသိမ်း.. ရာကျော်က တချို့ကို နိုင်သလောက်ယူပြီး ရန်ကုန်ကို ဆင်းဖို့ ပြင်ရပါတယ်။ နောက် တကယ်ပြောင်းတဲ့အခါကျတော့ သိပ်မသယ်ရတော့ဘူးပေါ့..။ ကံကောင်းတာက သားကြီး ကို နွေကျောင်းပိတ်မို့ သူ့အဖေ ဘက်က အဖိုးအဖွားဆီ ပို့ပေးထားတာကြောင့် သားကြီးက ရန်ကုန်ရောက်နှင့် နေတာပါပဲ။ ဒီလိုနဲ့ ရန်ကုန်မြေကို ကျမ ပြန်နင်းရပြန်ပေါ့..။ ရန်ကုန်ဆိုတာ တကယ်တော့ ကျမနဲ့ အင်မတန် စိမ်းတဲ့ မွေးရပ်မြေပါပဲ..။
ထုံးစံအတိုင်း ရန်ကုန်ကတော့ သူ့မြေကို နင်းပြီဟေ့ဆိုကတည်းက ပူပင်သောကနဲ့ ကျမကို ကြိုတယ်..။ ဘယ်မှာ နေမလဲ… ဆိုတာက စလို့… ရာကျော်မရှိဘဲ အဆင်ပြေပြေ ဘယ်လို ရပ်တည်မလဲ… ဆိုတာအဆုံး။ အားလုံးဟာ ပူပြင်းလောင်မြိုက်မှုတွေနဲ့သာ မွမ်းမံတာ ပါပဲ။ ကျမဘ၀မှာ ဘယ်တော့မှ ငြိမ်းရာကို အလွယ်တကူမရ..။ ခက်ခဲမှုနဲ့ ရင်းမှပဲ နည်းနည်းလောက် ရနိုင်လေရဲ့။ ဒီလိုနဲ့ပဲ ရန်ကုန်ရင်ခွင်ထဲ နေမပျော်မြဲ ကျမက ဒီ မြို့သူ ဆိုတဲ့ ၀တ္ထုလေး ရေးဖြစ်ခဲ့တာ။ အဲဒီဝတ္ထုလေးကျတော့လည်း စာပေစိစစ်ရေးက လွတ်လာသား။
သေချာတာကတော့ ရန်ကုန်က ငယ်ပေါင်းပေမဲ့ ကျမ သူ့ကို စွဲစွဲလန်းလန်း မချစ်ခင်ခဲ့ပါ…။ အဲလို မချစ်တဲ့ ရန်ကုန်ကို ရာကျော်မပါဘဲ ရင်ဆိုင်ရလို့များ ပိုခါးသက်ခဲ့သလားမသိ။ ကျမရဲ့ အမိမြေက လက်တွေ့ဘ၀ကြီးကို လုံးလုံးကျောခိုင်းပစ်ဖို့ထိတောင် စိတ်ကူးပေါက်ခဲ့တာ…။ အဲဒီလောက်ထိ ဖြစ်သွားရစေတဲ့ အကြောင်းရင်းတွေကို ဆက်ရေးသွားမှာပါ။ (အင်း တဖြည်းဖြည်းနဲ့တော့ မြသီလာအလွမ်းပြေက ကိုယ်တိုင်ရေးပုံတူ ဖြစ်နေပြီလားမသိ)

11 comments:
မမမေငြိမ်းရေ..
ထုံးစံအတိုင်း ဖတ်လို့ ကောင်းလိုက် တာ
ကျောင်းအကြောင်းတွေ ရော
အဖေ့ အကြောင်း တွေ ရော
ပြီးတော့.... ခေတ် တစ်ခေတ်ကို မြင်သာစေနိုင်တဲ့
အရေး အသား တွေ ကို ဖတ်ရင်း နစ်မျောနေမိပါ တယ်
ဖတ်နေရင်း.. ကျမတို့ နောက်ဆုံးနှစ်ရဲ့
နေ့တနေ့ မှာ ကျမတို့ ရဲ့ ဘဘ (လှလှ) ကြီး လာခဲ့ တဲ့
ကာလက စကား တစ်ခွန်း မှတ်မိ လာတယ်..
ဘာတဲ့...ခုပညာရေးစံနစ်က .
.မြန်မြန်သင်..များများ အောင် ..တဲ့ ရှင့်..
ကျမတို့ သိပံ ခန်းကို ရောက်တုန်း ပြောခဲ့ တာလေ..
သူမလာခင် တက္ကသိုလ်ဝင်း တစ်ခု လုံး မီးတွေ ပြတ်သွားတယ်
ကျမတို့ က အထိတ်တလန့် နဲ့ ဆရာ့ကိုမေး တော့
တပည့်တွေ မစိုး ရိမ်ပါနဲ့ တဲ့...
လူကြီးလာ လို့ ဘာမှ ညွှန်ကြား စရာ ရှိမနေရင် မကောင်း တတ်လို့ ..ဖြတ်ထား တာ ဆိုပဲ..
ဆရာ က နောက်တာ လား..အတည်ပြောတာလား လို့
ကျမတို့ ခုထိ ဝေခွဲ မရနိုင်ခဲ့..
နှစ်၃၀ ပညာရေး စီမံ ကိန်း ဆိုတာ
အဲဒီ မြန်မြန် သင် များများ အောက် စံနစ် ကြီးက
ထွက်လာ တင်ပါရဲ့ နော် ..
ဘဘကြီး သာ..အကျဉ်းစံ ဖြစ်သွား ရရှာတယ်
ပညာရေး စံနစ်ကြီး က
ခုထိ အဲဒီ အတိုင်း...
ဆရာမရေ မြသီလာဆိုတာ ဆရာဆရာမတွေ ကျောင်းသားတွေနဲ့ တစ်သားတည်းလေ။ ကိုယ်တိုင်ရေးပုံတူဖြစ်လည်း မြသီလာရဲ့ မှတ်တိုင်တွေအတွက် ဆက်ရေးပါခင်ဗျာ
ဆရာမရေ
တက္ကသိုလ် ပညာရေး အကြောင်းရော၊ ဆရာမ အဖေ့အကြောင်းရော၊ ရန်ကုန်မှာ ပြန်အခြေချရမဲ့ အခက်အခဲတွေရော ဖတ်ရင်း မောသွားလိုက်တာ။
တကယ့်ကို တနင့်တပိုးပါပဲ။ ဘ၀ကို အသစ်က ပြန်ပြန်စ နေရတာ မုန်းလွန်းလို့..။
မြသီလာ အလွမ်းပြေ ကိုဖတ်ပြီး ဆရာမ အကြောင်း ခေတ်အကြောင်း စနစ်အကြောင်း တွေပါ ဖတ်ရလို့ မှတ်တိုင် တွေကျော်လာရသလိုပါပဲ... အမောတွေ ပြေပါစေတော့ ဆရာမ
ဆရာမရေ.......
သမီးလဲ ဆရာမပြောသလို ကိုယ်.တိုင်းပြည်မှာဘဲ အေးအေးချမ်းချမ်းနေချင်ခဲ့တာ....အခုတော. ........
ဆရာမရဲ.(၃၅)ကိုဖတ်ပြီးတော.သမီးရဲ.ဆရာပြောတာသတိရမိတယ်.....သူတို.ရဲ. ပညာရေးနှစ်(၃၀)စီမံကိန်းပြီးရင် မြန်မာနိုင်ငံမှာ အ သုံးလုံး ပြန်သင်ရလိမ်.မယ်....တဲ.
အစ်မရေ အဲဒီတစ်ခေတ်တုန်းက ညီမတို့ အလယ်တန်း ကျောင်းတက်နေတုန်းလေ။ Multimedia တွေ ဖွင့်လဲပြီးရော အမြဲတံခါးပိတ်ထားတဲ့ အခန်းတွေပေါ့။ သတိရနေသေးတယ်။ အလုပ်ရှုပ်တဲ့အချိန်ကတော့ ဗိုလ်ချုပ်ခင်ညွန့်ကို ကြိုတဲ့အချိန်ပဲ။ တစ်ပါတ်လောက်ကို တိုက်ရတာ။ အင်္ဂလိပ်လို နှုတ်ဆက်ရမယ်ဘာညာဆို။ သူလဲပြန်သွားရော အဲဒီအင်္ဂလိပ်စာ လေ့ကျင့်ရေးအခန်းတွေ၊ ကွန်ပျူတာအခန်းတွေအားလုံး သော့ပိတ်ရက်ပဲ။
i like to read your story. sometime it seen look like you are away from your site. you stop writing around 2 weeks. i am the one every day checking your blog from myanmarnet.co.uk.
Thanks for writing.
ဆရာမ
လယ်သမားတွေ လိုအပ်ချက်တွေ။ စိုက်ပျိုးရေးလုပ်ငန်းမအောင်မြင်တဲ့ အကြောင်းတွေအတွက်။
အဝေးသင်ပညာရေးကို အသေးစိတ်ရှင်းပြတဲ့အတွက်။
ပညာရေးလောကမှအလွဲများကိုမီးမောင်းထိုးပြတဲ့အတွက်။
စိတ်ခွန်အားနဲ့ ရသ၊အတူမျှပေးနိုင်စွမ်းတဲ့ ပုဂ္ဂလိကပိုင်းဆိုင်ရာ အခက်အခဲများနဲ့။ ကျော်ဖြတ်ခဲ့ပုံများ..။
စသည်..စသည်များအတွက်ကျေးဇူးပါ။ တစ်ခုလေးပေါ့လေ..နဲနဲဖြည့်ပြောချင်တာက..ကျွန်တော်တို့ပညာရေးစံနစ်ဟာ..ဘယ်နှစ်ပုဒ်ပြဌာန်းလို့ ဘယ်နှစ်ပုဒ်ကျက်ဖြေရမယ်ဆိုတာကိုက လွဲမှားနေပါတယ်။ စာကျက်ဖြေခိုင်းတဲ့ စံနစ်ကနေ..စာနားလည်မှုကိုဆန်းစစ်တဲ့ စနစ်ကိုတကယ်ပြောင်းလဲနိုင်ရင် ကောင်းမယ်ထင်တယ်။ ဘယ်လိုပြောင်းလဲရမလဲဆိုတာတော့..ကိုယ်တိုင်လဲသိပ်နားမလည်သေးလို့ ဆရာမကိုပဲ အားကိုးအုံးမယ်။ :)
အခါများစွာမှာ ကျမ post ကို comment ပေးကြတာတွေက post လေးကို ထပ်ဖြည့်ပေးလိုက်သလိုပဲ ပြည့်စုံနေတာမို့ comment တွေကို ပြန်မဖြေဖြစ်ပါ။ လိုတယ်ထင်တဲ့ မေးခွန်းတွေကိုပဲ ပြောဖြစ်ပါတယ်။ ခုလည်း ကိုအောင်ဆန်းရဲ့ comment လေးအတွက် ဖြေရမှာမို့ပါ။
ကိုအောင်ဆန်းရေ..
Student centered teaching နဲ့ ပတ်သက်ပြီး ကျမ RFA Radio မှာ အများကြီးပြောဖူးပါတယ်။ လောလောဆယ်တော့ ကျမရဲ့ ပညာရေးမျက်နှာစာဘလော့ http://maynyane-edu.blogspot.com/
အဲဒီမှာသာ မွှေနှောက်ာကည့်ပါတော့ရှင်...
ဘ၀အမောတွေကို ဆရာမ ဖြတ်ကျော်နိုင်ခဲ့တာကတော့ လေးစားဘို့ ကောင်းတယ်။ လင်းသာဆိုရင်တော့ ခံနိုင်ရည် အဲလောက်ရှိမယ်မထင်ဘူး။
( အသဲကွဲတာလေးတောင် ကမ္ဘာပျက်သလိုဖြစ်နေတာ)
တိုက်တိုက်ဆိုင်ဆိုင် ဆရာမရဲ့ မြသီလာကိုဖတ်နေတုန်း ဆရာမက လင်းဆီလာသွားတယ်။ ကျေးဇူးဆရာမ
Post a Comment