ရန်ကုန်ကို Transfer တင်တော့ ကျမလျှောက်ထားတဲ့ ကျောင်းက ဒဂုံတက္ကသိုလ်ပါ။ အဲဒီကာလမှာ အမေက အဖေဆုံးပါးပြီးတဲ့နောက် မြို့ထဲက တိုက်ခန်းမှာ မနေချင်တော့ဘူး ဆိုပြီး မြောက်ဒဂုံအ၀င် သစ်တောကွက်ထဲက သင်းဝင်လမ်းမှာ ၀ယ်ထားတဲ့ အိမ်မှာပဲ နေနေပြီမို့ ကျမက အမေနဲ့ နီးနီးလည်း နေရ.. ဒဂုံတက္ကသိုလ်ကို ကျောင်းသွားဖို့လည်း လွယ်မယ့်နေရာ ရှာရပါတယ်။ အမေကြိုရှာထားပေးတဲ့ ကျမနေဖို့ ရွေးလိုက်တဲ့ အိမ်က ကားဂိတ်ကနေ အတွင်းထဲကို မိနစ် ၂၀လောက် လမ်းလျှောက်ဝင်ရတဲ့ နေရာမှာ ရှိနေပါတယ်။
တကယ်တမ်းကျတော့ အမေနဲ့လည်း မနီးလှ..။ ဈေးလည်း မနီး..။ အိုးး အဲဒီနေရာမှာတောင် အိမ်လခက ၁သောင်းခွဲ..။ ကျမ ရတဲ့ လစာကလည်း တသောင်းခွဲ.. ကွက်တိ။ အဲဒီမှာ ကျမရယ်.. ကလေး ၃ယောက်ရယ်.. ကလေးကြည့်ပေးမယ့် ကလေးမလေး တယောက်ရယ်.. နေရမှာ။ အဲဒီလမ်းက လူနေကျဲပါးပါတယ်။ ကျမတို့ နေမယ့် အိမ်ဘေးမှာကို လူ မနေ တိုက်မဆောက်သေးတဲ့ မြေကွက် ၃ကွက်..။ ဆိုးတာခုက ခြံစည်းရိုး မကောင်းတဲ့အပြင် အိမ်သာက အိမ်အပြင်ဘက်ရောက်နေတာ..။ ဘုရားရေ.. ယောက်ျားသား မရှိဘဲ နေလို့ဖြစ်ပါ့မလား..။ ရာကျော်က နောက်တပတ်ဆို သွားရပြီတဲ့။ ပြီးတော့ ဒီကြားထဲမှာ ကျမက မော်လမြိုင်ကို Transfer ကိစ္စ သွားရဦးမှာ ရှိသေး..။ အိမ်ကို ဘယ်လို ထားခဲ့မလဲ..။
အဲဒီ အိမ်မှာ ပစ္စည်းတွေ ပတ်ချာလည်ချပြီး ကျမ မဝေခွဲတတ်ဖြစ်နေပါတယ်။ စပေါ်တ၀က်လည်း ပေးပြီးပြီ။ ကဲ.. ဖြစ်သမျှအကြောင်းပေါ့။ ဒါပေမဲ့ ကျမစိတ်ထဲ ဒီအိမ်က မလုံခြုံဘူးလို့ ခံစားနေရတာက ဆိုးပါတယ်။ လူကလည်း သွေးနုတုန်း.. သားငယ်လေးမှ ရက်၄၀လားရသေးတာလေ။ နောက်တခုက သားကြီး ကျောင်းတက်ဖို့ သိပ်ဝေးတာ..။ ကျောင်းကားတောင် ရှိပါ့မလားပဲ။ အမေကတော့ သူ့အဖိုးအဖွားအိမ် တက္ကသိုလ်ရိပ်သာလမ်း မှာ သွားထားလိုက်ပေါ့တဲ့။ ကျမကတော့ သက်ပြင်း တချချ..။ လောလောဆယ် ကျမကျောင်းသွားချိန် အိမ်မှာ ကလေး၃ယောက်နဲ့ ကောင်မလေးကို ဘယ်လို ထားခဲ့ရပါ့ပေါ့။ သမီးလေးက မူကြိုတက်ရမှာ.. အငယ်ဆုံးလေး ကမှ ၂လသား မပြည့်သေး.. ကျမ ရင်ထဲ ပူပူလောင်လောင် ရှိရပြန်ပါပြီ။ (စာဖတ်နေသူတွေကတော့ ကိုယ်ပဲ အပူရှာပြီးတော့လို့ တွေးနေမလားမသိပါ)။ ကျမကတော့ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင် နေမိပါတယ်။
အဲဒီတည… အဲဒီအိမ်မှာ ကျမတို့ မိသားစု အိပ်ကြပါတယ်။ တလမ်းလုံး တိတ်ဆိတ်.. မှောင်မဲ..။ အပြင် အိမ်သာ ထွက်တော့လည်း မှောင်မှောင်မိုက်မိုက်…။ ကျမ စိတ်ထဲ ဘယ်လိုမှ နေမဖြစ်ဘူးလို့ သိနေသလိုပဲ..။ ရာကျော့်ကို ပြောတော့ ရာကျော်က ဘာလုပ်ချင်လဲ..တဲ့။ နောက်ဆုံး ပိုက်ဆံဆုံးလည်း ဆုံးတော့.. မနေချင်ဘူး.. လို့ ပြောလိုက်ပါတယ်။ အမြဲ ကျမအလိုပဲ လိုက်တဲ့ ရာကျော်က.. သေချာစဉ်းစားပြီးပြီလားဆိုတာကလွဲလို့ ဘာမှမကန့်ကွက်ပါဘူး။ ဒါနဲ့ နောက်ဆုံးတော့ အမေ့အိမ်သေးသေးလေးဆီပဲ မိသားစု ပြန်ပြေး ရတော့တာပေါ့။ ၆လစာ တင်ထားတဲ့ ပိုက်ဆံ ၉သောင်း ဆုံးသွားပါတယ်။ (တိုက်တိုက်ဆိုင်ဆိုင်.. နောက် ၆လလောက်နေတော့ ကျမတို့ မနေဖြစ်တဲ့ အဲဒီအိမ်ကလေးနဲ့ ၃အိမ်ကျော်မှာ အပျိုကြီး တူဝရီးနှစ်ယောက် ပစ္စည်းယူပြီး အသတ်ခံ လိုက်ရပါတယ်)။
အမေ့အိမ်လေးကတော့ လမ်းမကြီးနဲ့ ကျောချင်းကပ်ဆိုတော့ ကျမကျောင်းသွားရတာလည်း အဆင်ပြေ..။ ကလေးတွေ ကျောင်းတက်ဖို့လည်း ဖယ်ရီကားရှိတော့ အဆင်ပြေတာပေါ့။ အိမ်လခလည်း သက်သာ။ ကျဉ်းကျပ်ပေမဲ့ အမေနဲ့ နေရတော့ လုံခြုံတယ်လေ။ ရာကျော်ကတော့ သားငယ်လေး ရက်၅၀ပြည့်တဲ့ နေ့မှာပဲ ထွက်သွားရပါတယ်။ ကျမတို့နှစ်ယောက်က မကြာခဏ ခွဲနေရဖူးပေမဲ့ ခုလောက် အနည်းဆုံး ၃နှစ်ခွဲရမယ်လို့ ကြိုသိပြီး အကြာကြီး ခွဲနေရမှာမျိုး မကြုံဖူးတာမို့ ကျမစိတ်ထဲ အားငယ်ကျန်ခဲ့တာတော့ အမှန်ပါပဲ။ အမေကတော့ ခုပြန်တွေးရင်ကို ကျမစိတ်ထဲ သနားတုန်း..။ အမေက ကျမ သားအငယ်ဆုံးလေးကို တော်တော်ချစ်တော့ နေ့လယ် ကလေးအိပ်ရင်ကို အချိန်လုံး ပုခက်လွှဲနေခဲ့တာ..။ အမေ့အရိပ်မှာ ကျမ လုံခြုံခဲ့တာကြောင့်လည်း ဒဂုံတက္ကသိုလ်မှာ ကျမက တာဝန်ကျေတဲ့ ၀န်ထမ်းဖြစ်နိုင်ခဲ့တာပါ။ ကျမ ဒီလိုပြောရတာအကြောင်း ရှိပါတယ်။
+++++
၂၀၀၃ခုနှစ်ရဲ့ မေလနောက်ဆုံးပတ်မှာ ကျမ ဒဂုံတက္ကသိုလ် စ၀င်ရပါတယ်။ ဖြစ်ချင်တော့ ဌာနမှူးက ကျမ ဆရာမစဖြစ်တုန်းက လှိုင်ကောလိပ်မှာ ၉နှစ်တောက်လျှောက် အတူတူ လုပ်ခဲ့ရတဲ့ ဌာနမှူးပါပဲ။ ခုတော့ ဆရာမကြီးက ပါမောက္ခပေါ့။ ကျမကလည်း ကထိကပေါ့။ (ထွက်တော့လည်း သူ့လက်ထဲက ထွက်ခဲ့ရတာ တိုက်ဆိုင်မှုပါပဲ)။ ဆရာမကြီးနဲ့ ကျမ စဆုံရတုန်းက ကျမက အသက် ၂၁နှစ်.. ။ ပြန်ဆုံကြရတော့ ကျမ အသက် ၃၈နှစ်။ အချိန်တွေ ကွာဟ.. အတွေ့အကြုံတွေလည်း များခဲ့ကြပြီ။ ပိုဆိုးတာက အင်မတန်ခေတ်မီတယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်တဲ့ ကျမက ဒဂုံတက္ကသိုလ်ရောက်ချိန်ကျမှပဲ ကျမက တော်တော် နောက်ကျနေခဲ့တယ်လို့ သိလိုက်ရတော့တာပါ။
ဒဂုံတက္ကသိုလ်ကို ကျမရောက်တော့ အရင်က လယ်ကွင်းသာသာ ရှိခဲ့တယ်ဆိုတဲ့ နေရာက တော်တော် စည်ပင်ပြီး ကျောင်းနဲ့တော့ တူနေခဲ့ပါပြီ။ တက္ကသိုလ်နဲ့သာ မတူတာဆိုပါတော့။ ကျောင်းအလာ လမ်းတလျှောက် မှာ ဖြတ်ခဲ့ရတဲ့ လယ်ကွင်းတွေ လူနေအိမ်ခြေရပ်ကွက်တွေကို ထည့်မတွေးဘူး… ပြီးတော့ လကမ္ဘာကို သတိရစေတဲ့ လမ်းချိုင့် လမ်းခွက်တွေအကြောင်း ထည့်မတွေးဘူး ဆိုရင်တော့ ဒဂုံတက္ကသိုလ်ကို ကျောင်းလို့ သတ်မှတ်ကြပါစို့။ ကျောင်းသူကျောင်းသားတွေ ရှိမယ်.. ဆရာဆရာမတွေ ရှိမယ်.. စာသင်ခန်းတွေ ရှိမယ်ဆို ကျောင်းပေါ့..။ တက္ကသိုလ်လို့ သမုတ်ဖို့တော့ ထုံးစံအတိုင်း တော်တော် စဉ်းစားရပါမယ်။ တက္ကသီလ… မြင့်မြတ်သော နည်းနာအကျင့်တို့ ဆည်းပူးရာအရပ်… တက္ကသိုလ်ရယ်လို့ ဖြစ်ဖို့ဆိုတာ….။
+++++
ကျမရဲ့ ကျောင်းဆရာမ လုပ်သက်တလျှောက်မှာ မပျော်ဆုံးကျောင်း နဲ့ မပျော်ဆုံးအချိန်ကို ပြပါဆိုရင်တော့ အဲဒါဟာ ဒဂုံတက္ကသိုလ်နဲ့ အဲဒီမှာ လုပ်ခဲ့ရတဲ့ အချိန် (၂၀၀၃ မေလကနေ ၂၀၀၅ ဖေဖော်ဝါရီလထိ) ပါပဲ။ ဒဂုံတက္ကသိုလ်ရောက်တဲ့အချိန်မှာ ကျမဟာ တကယ့် တောသူမကြီးလိုကို ဖြစ်နေတော့တာပါ။ ကျမက နယ်တက္ကသိုလ်တွေမှာပဲ ၁၀နှစ်လောက် ဆက်တိုက်နေလိုက်သလိုဖြစ်သွားလေတော့ ၂၀၀၃ ဒဂုံတက္ကသိုလ်ကို ပြန်အရောက်မှာ ကျောင်းသူကျောင်းသားအများစုနဲ့ ဆရာဆရာမအများစုဟာ ကျမ စိတ်ထဲတော့ အံ့ဖွယ်သုတ လို ဖြစ်နေတာပါပဲ။ ကျောင်းသူကျောင်းသား အများစုကြီးက စာသင်ခန်းကို စိတ်မ၀င်စား.. ဆရာဆရာမ အများစုကြီးကလည်းစာသင်ခန်းကို စိတ်မ၀င်စားကြတာလေ။ သူတို့ ဘာတွေကို စိတ်ဝင်စား သလဲ…။ တကယ်တော့ အဲဒါတွေက ကျမ ပြန်မရေးချင်တဲ့ ကိစ္စတွေပါ..။
အဲဒီ ဒဂုံတက္ကသိုလ်မှာ…
တသက်လုံး စည်းစည်းလုံးလုံးနဲ့ ကိုယ့် မေဂျာကို ချစ်တယ်.. စီနီယာတွေက ဂျူနီယာတွေကို အဆင့်ဆင့် ထိန်းကြ စောင့်ရှောက်ကြတယ်.. သူတို့ ဆရာဆရာမတွေကို ချစ်ကြတယ်ဆိုတဲ့ နာမည်တလုံးနဲ့ နေလာကြတဲ့ ဘူမိဗေဒမေဂျာက ကျောင်းသား၃ယောက်က သူတို့မေဂျာက ဆရာမကို Rape လုပ်တာ.. ပြီးတော့ အဲဒီ Rape case က လက်သိပ်ထိုး ဖျောက်ဖျက် ခံလိုက်ရတာ…။
ဒဂုံတက္ကသိုလ်က ကျောင်းသားတွေရဲ့ ဖဲဝိုင်းတွေမှာ ထိုးကြေးက သိန်းဆယ်ချီပြီးတော့ တခါတလေမှာ ကားသော့တွေတောင် ပါတာ.. ကျမ ကိုယ်တွေ့မျက်မြင်..။
အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… ကိုယ်ပေါ်မှာ သိန်းရာချီတန်တဲ့ စိန်တွေ ၀တ်ထားပြီး ဆေးတခုခုသုံးထားလို့ သွက်သွက်ခါအောင် မူးနေတဲ့ ကျောင်းသူတချို့ကို သက်ဆိုင်ရာဌာနက ဆရာမတွေက အိမ်တိုင်ရာရောက် လိုက်ပို့ပေးရတာတွေ..။
အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… မြန်မာစာဌာနကနေ လှမ်းမြင်နိုင်တဲ့ ကော်ရစ်ဒါ ထောင့်ချိုးလေးမှာ စုံတွဲတွေ ဖြစ်ချင်တိုင်း ဖြစ်နေတာကို မကြည့်နိုင်တဲ့ ဆရာမက သွားပြီးတော့ အဲဒီလို မနေသင့်ကြောင်းပြောတာကို ဟားလွှတ်တဲ့ ကျောင်းသား ကျောင်းသူတွေ ရှိနေတာ..။
အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… ပါမောက္ခချုပ်ကြီးကို ကျောင်းသားကျောင်းသူ ပြဿနာတွေ တင်ပြတော့ ကျောင်းသားတွေနဲ့ ပြဿနာဖြစ်ရင် ကိုယ့်တာဝန်ကိုယ်ယူကြဆိုပဲ..။ မော်ကွန်းထိန်းကလည်း ဒါတွေ စိတ် မ၀င်စား..။ ကျောင်းဖယ်ရီထဲမှာ သူပိုင်ကားတွေ ထည့်ဖို့.. ကားခတွေ တိုးကောက်ဖို့တွေပဲ စိတ်ဝင်စား။ ကျမကတော့ အဲဒီမော်ကွန်းထိန်းရဲ့ လစာနဲ့ ဘယ်လိုလုပ်များ ဖယ်ရီဘတ်စ် ၅စီး ၀ယ်နိုင်ပါလိမ့်လို့ အံ့သြနေမိခဲ့သေးတယ်။
အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… ကားဖယ်ရီတွေပေါ်မှာလည်း ဖဲဝိုင်းအကြီးအကျယ်ဆိုပဲ..။ ကားသမားတွေကို အကောက်ပေးရ သတဲ့။ ပိုဆိုးတာက နေ့လယ်ဘက် နားထားရတဲ့ အဲဒီ ဖယ်ရီတွေပေါ်မှာ ကျောင်းသား ကျောင်းသူ စုံတွဲတွေကို ချိန်းတွေ့ဖို့ နေရာငှားသတဲ့..။ နောက်လည်းကျရော အဲဒီ အဖြစ်အပျက်တွေက ဗီဒီယိုခိုးရိုက်ထားတဲ့ အခွေ ထွက်လာပါလေရော..။
အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… အတ္ထုပ္ပတ္တိစာပေအကြောင်းသင်တော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ထည့်ပြောလို့ဆိုပြီး ကျမ သတိပေးခံခဲ့ရတာ..။ (၂၀၀၀ပြည့်နှစ်တုန်းက ကွန်ပျူတာ တက္ကသိုလ်မှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပြောပြီး စာသင်လို့ ထောင်၇နှစ် ကျသွား တဲ့ မြန်မာစာဆရာ ဦးဌေးဝင်းလို ဖြစ်သွားမယ်နော်.. ဆိုတာလည်း ပါပါသးတယ်..)။
အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… ၀န်ထမ်းရေးရာက ဌာနမှူးရဲ့ မျက်နှာကို ဆရာဆရာမတွေက ကြည့်ပြီး အလုပ်လုပ်နေကြရတယ်ဆိုတာ..။ ဌာနမှူးက မကြည်ရင် အမျိုးမျိုးညစ်တယ်ဆိုပဲ.. ဥပမာ စာမေးပွဲခန်းစောင့်တဲ့ ကိစ္စတွေမှာ..။
အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… ဆရာဆရာမတွေ ၃လ တကြိမ်.. ၁၀ရက်ဆက်တိုက် မနက် ၇နာရီကနေ ညနေ ၅နာရီအထိ စာမေးပွဲခန်းတွေ စောင့်ကြရတာ။ ဆရာဆရာမတွေခမျာ.. ကိုယ်တွေလက်တွေ ကိုက်ကြခဲကြ.. ဖျားကြ နာကြ..။ ကိုယ့်ဘာသာ ဆေးကုကြ။ ပြီးတော့ အဲဒီလို အပင်ပန်းခံ စောင့်ကြရတဲ့ စာမေးပွဲတွေကို အထက်အမိန့်ဆိုတာကြီးက ပေါပေါလောလော အအောင်ပေးကြတာ။
အဲဒီ ဒဂုံတက္ကသိုလ်မှာပေါ့.. စာမေးပွဲမှာ စာမရလို့ မေးခွန်းတွေချည်းပဲ ကူးတင်လိုက်တဲ့ကြားက စာမေးပွဲအောင် လာလို့ ဆိုပြီး ကျောင်းကို လှောင်ပြောင်တဲ့ ကျောင်းသားကို ကျမ ရှက်ရှက်နဲ့ ငေးကြည့်နေခဲ့ရတာ..။
အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… ၂၀၀၄ခုနှစ်ရဲ့ အဝေးသင်စာမေးပွဲတခုမှာ ပေါ်ပေါ်ထင်ထင် ခိုးချနေတဲ့ ကျောင်းသားကို ဆရာမက အဲလို မလုပ်ဖို့ တားတော့ ကျောင်းသားက သူ့ရဲ့ တပ်ကြပ်ကြီးကဒ်ပြားကို ထုတ်ပြတာ..။ ဆရာမလေးက ဘယ်သူပဲဖြစ်ဖြစ် စာမေးပွဲခန်းထဲ အဲလို လုပ်ခွင့် မရှိဘူးလို့ပြောပြီး သူ့ခုံနားမှာ လာစောင့်ရပ်နေတာကို မေးခွန်းစာရွက်ပေါ်မှာ ညစ်ညစ်ပတ်ပတ်ပုံတွေ ဆွဲပြတာ..။ အဲဒါကို ဆရာမက ပြဿနာလုပ်တော့ ဆရာမက သူ့ဆီက ပိုက်ဆံခိုးပါတယ်လို့ ပြန်စွပ်စွဲတာ..။ အဲဒီအမှုမှာ ကျောင်းသား မှားတယ်လို့ လူတိုင်း သိကြပါတယ်။ ပါမောက္ခချုပ်ရုံးခန်းထိ ရောက်ခဲ့တဲ့ အမှုပါ။ ဖြစ်ချင်တော့ ဆရာမလေးက အင်မတန် တိကျတဲ့ မှန်ကန်တဲ့ ဆရာမ.. သူ့အဖေက တိုင်းတခုက တရားသူကြီး။ ဒါပေမဲ့ ပါ/ချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆရာမက ကျောင်းသားကို တောင်းပန်လိုက်ရပါတယ်။ ဆရာမလေး နယ်ပြောင်းခံလိုက် ရပါတယ်။
အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့.. သောင်းချီတဲ့ Answer Paper တွေကို တပတ်အတွင်းအပြီး အမှတ်ခြစ်.. အောင်စာရင်းလုပ်…။ ဆရာဆရာမတွေခမျာ ကိုယ့်ထမင်း ကိုယ်စားပြီး မနက် ၈နာရီကနေ ည ၈နာရီထိ အလုပ် လုပ်ကြရတာ.. ယုံစရာကောင်းရဲ့လား..။
အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့.. စစ်ထောက်လှမ်းရေးကနေ Linguistics နဲ့ ပတ်သက်ပြီး မဟာဝိဇ္ဇာ လာတက် နေတဲ့ ကျောင်းသားဆိုသူက လူ ၅၀ပဲ ရှိတဲ့ ကျမရဲ့ မဟာဝိဇ္ဇာ Literature တန်း စာသင်ချိန်တွေမှာ လာ လာ ထိုင်နေတာ..။ အင်း သူက On Duty နဲ့ဆိုပဲ။ ကျမ စာသင်တာမှာ နိုင်ငံရေးနဲ့ မလွတ်မကင်းတွေ ပါလာရင်တော့ ပြဿနာရှိနိုင်တယ်ဆိုပဲ..။
အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့.. တိကျ သေချာတဲ့.. အဂတိ မလိုက်စားတဲ့.. စာသင်ခန်းတွေ ထဲမှာ ကြိုးစားအားထုတ်တဲ့ ဆရာဆရာမတွေကို ကျောင်းသားတွေက မကြိုက်သလို ဆရာဆရာမ အချင်းချင်းကလည်း စိတ်အနှောက်အယှက် အမျိုးမျိုး ပေးကြတာ..။ ဒါပေမဲ့ အဲဒီ မကောင်းမှု ကိုပဲ လူကြိုက်များနေတာ..။
အဲဒီဒဂုံတက္ကသိုလ်မှာပဲပေါ့… စစ်တပ်အရာရှိကြီးတယောက်ရဲ့ တူမ… စာမေးပွဲကျနေတဲ့ ကျောင်းသူတယောက် ဂုဏ်ထူးတန်းတက်ခွင့်ရအောင် လာဘ်စားပြီး လုပ်ပေးထားတဲ့ ဌာနမှူးကို သက်သေခံနဲ့ တကွ တိုင်တဲ့ အတန်းပိုင်ဆရာကို ပါ/ချုပ်က ခေါ်ပြီးတော့ အရပ်ထဲက စကားလုံးနဲ့ တိုင်းဆဲခဲ့တာ..။ ပြီးတော့ အဲဒီဆရာက အလုပ်ပြုတ်တာ..။ ဌာနမှူးဆိုသူကတော့ ပိုကောင်းတဲ့ နယ်တနယ်ကို Transfer ဆိုပြီး အပြစ်ပေးခံရတာ…။
အဲဒီ ဒဂုံတက္ကသိုလ်မှာပဲပေါ့… အဝေးသင်လာတက်တဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ပင်ပန်းဆင်းရဲမှုနဲ့ ငွေကြေးကုန်ကျမှုတွေ… တကယ် ရိုးသားကြိုးစားပြီး လိမ္မာကြပေမဲ့ ငွေကြေးမတတ်နိုင်တဲ့အတွက် အောက်တန်း နောက်တန်း ကျရရှာတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ သိမ်ငယ်မှုတွေ..။ ကမောက်ကမ ပညာရေးစနစ်ထဲ သားကောင် ဖြစ်ကြရတဲ့ ဆရာဆရာမတွေနဲ့ တပည့်တွေ..။
မှတ်မိနေတာတခုကတော့ အဲဒါတွေကို မခံစားနိုင်တဲ့အဆုံး ကျမ တောင်ငူဆောင်မှာ ကျမရဲ့ ဆရာတွေရှေ့မှာ ရင်ဖွင့်ရင်း မျက်ရည်ကျခဲ့တာပါပဲ။
+++++
သင်ကြားရေးစနစ်နဲ့ ပညာရေးစနစ်.. တပည့်နဲ့ ဆရာဆရာမတွေကြားက စိတ်ပြဿနာ.. ယဉ်ကျေးမှု ပြဿနာတွေကို စိတ်ညစ်နေတဲ့ ကျမ နောက်တခါ လာပြန်ချည်သေးဟေ့ ဆိုသလို…။ ကြံ့ဖွံ့ မ၀င်မနေရတဲ့…။ မ၀င်ရင် ဘာဖြစ်မလဲဆိုတော့ မ၀င်ဘူးဆိုတာ မရှိဘူးလေ..တဲ့။ ၀န်ထမ်းမှန်ရင် အလိုလို ကြံ့ဖွံ့ပဲတဲ့..။ ကျမတို့ နှစ်စဉ်ဖြည့်နေရတဲ့ ၀န်ထမ်းကိုယ်ရေးရာဇ၀င် ၆စောင် ထဲမှာ တစောင်က ကြံ့ဖွံ့ရုံးအတွက်ပဲလေ..တဲ့။ ကဲ.. ကျမ ဘာတတ်နိုင်မလဲ..။
လာပြန်ပြီ နောက်တခု ဆရာမတိုင်း အမျိုးသမီးရေးရာအဖွဲ့ဝင်တဲ့…။ ကထိကတွေ နှီးနှောဖလှယ်ပွဲတွေ အစည်းအဝေးတွေ အလှည့်ကျ တက်ကြရမယ်တဲ့..။ အထူးသဖြင့် စီနီယာ ကထိကတွေတဲ့။ ကဲ.. ကျမတောင် တခေါက် တက်လိုက်ရသေး..။ ခရမ်းရောင်ဝတ်စုံနဲ့.. ပုဝါစုံချလို့..။ လုပ်ရတာပဲ.. ကျမ ငြင်းလို့ မရ။ နောက်တော့ လာဦးမှာ.. မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းလည်း ၀င်ရဦးမတဲ့။ မေငြိမ်းက စာရေးဆရာလည်းဖြစ်တော့ ပိုလုပ်ရမှာနော်.. တဲ့။
အဲဒါထက် ပိုဆိုးလာတာကတော့ ပါရဂူဘွဲ့ကိစ္စတွေပါ..။ ကထိကတွေ ပါရဂူဘွဲ့ မယူမနေရတဲ့။ ပါရဂူဘွဲ့အတွက် ပထမအဆင့်က ပါရဂူတန်းတက်ခွင့်ရဖို့ ၀င်ခွင့်ဖြေရမယ်။ အောင်ရင် တနှစ်တက်ရမယ်..။ တနှစ်ပြီးရင် နောက်ထပ် ၃နှစ် ကျမ်းတွေပြုပေါ့..။ အဲဒီအတွက် စုစုပေါင်း သိန်း ၂၀လောက်တော့ အသာလေး ကုန်မှာတဲ့။ ဒါဖြင့် ပိုက်ဆံ မတတ်နိုင်ရင် ဘယ်လိုလုပ်မလဲဆိုတော့.. ပါရဂူမဟုတ်ရင် ရာထူးမတက်ပါ…တဲ့။
ဒီနေရာမှာ ထည့်ပြောရပါတော့မယ်။ လောလောဆယ်.. မဟာတန်းတွေ တက်နေကြတဲ့ အများစုက ၈၈ နောက်ပိုင်းမှာ တက္ကသိုလ်ရောက်သူတွေပါ။ သူတို့ထဲမှာ ၁၉၉၀နောက်ပိုင်း ပညာရေးလောကထဲ အဂတိအင်မတန်များလာတဲ့ ခေတ်ထဲမှာ စာကူးချတာတို့ လာဘ်လာဘ ပေးတာတို့နဲ့ ဂုဏ်ထူးတွေရကြ.. မဟာတန်းတွေတက်ကြတဲ့ သူတွေ ပါလာပါတယ်။ အဲဒီလို လူတွေက ငွေတတ်နိုင်တော့ တက္ကသိုလ်မှာ ဆရာမတွေ ပြန်ဖြစ်ကြ။ ကြိုးစားအားထုတ်မှု မရှိခဲ့ကြတော့ ကသောင်းကနင်း ဒရောသောပါးတွေဖြစ်ပြီး မပြည့်တဲ့ အိုးတွေပီပီ… ငွေတတ်နိုင်သူတွေရဲ့ ထုံးစံအတိုင်း ပညာရှိသူတွေကို လေးစားရကောင်းမှန်းလည်း မသိကြ။ အဲဒီလိုလူတွေကပဲ ငွေကြေးတတ်နိုင်လေတော့ ပါရဂူဘွဲ့တွေ ရသွားကြပါဦးမယ်.. ရာထူးတွေတက်ကြပါဦးမယ်.. သူတို့ကို သူတို့ အဟုတ်ထင်ပြီး မောက်မာကြပါဦးမယ်… ။ ပညာလည်း တကယ် မပြည့်စုံကြလေတော့ လွဲကြ မှားကြပါဦးမယ်..။ အဲဒီအလွဲအမှားကို ထောက်ပြရင်လည်း လက်ခံကြမှာ မဟုတ်တဲ့အတွက် ပြဿနာတွေ ဖြစ်ကြရပါဦးမယ်။
အဲ့ဒီအပြင် တကယ် တော်ပေ တတ်ပေမဲ့ ပိုက်ဆံ မရှိတဲ့ ဆရာဆရာမတွေခမျာတော့ ပါရဂူဘွဲ့ မယူနိုင်တာကြောင့် ရာထူးမတက်တဲ့အတွက် အဲ့လို ကိုယ့်ထက်အငယ်.. ကိုယ့်တပည့်တွေရဲ့ လက်အောက်မှာ အရိုအသေအတန်ခံပြီး အလုပ်လုပ်ကြရပါမယ်။ (ကိုယ့်ထက်အငယ်ဆိုပေမဲ့ တကယ်တော်တဲ့သူတွေက ကိုယ့်အပေါ်ရောက်ရင်တော့ ကျမတို့က လေးစားလိုကနာဖို့ ၀န်လေးမှာ မဟုတ်ပါဘူး)။ ဒီတော့ ရိုင်းရိုင်းဥပမာပေးရရင် တကယ့်ကို ဘုရားကားအောက် မျောက်ကားအထက်ဆိုတာမျိုး ဖြစ်အောင် စီစဉ်ထားတဲ့ မူပါပဲ။ ၂၀၀၄ ခုနှစ်ထဲမှာတော့ ကျမဆီမှာ ကျောင်းဆရာမဘ၀နဲ့ ပတ်သက်ပြီး အဲလို စက်ဆုပ်စရာခံစားမှုတွေက ဆင့်ကဲ ဆင့်ကဲ တွေ့ကြုံလာရတာပါ။ သေချာတာကတော့ အဲဒီ ပါရဂူဘွဲ့ ကျမ မယူနိုင်ပါဘူး။ ပြီးတော့ အဲလို လူမျိုးတွေရဲ့ လက်အောက်မှာလည်း အလုပ်မလုပ်ချင်ပါဘူး။ ကျမစိတ်ထဲ မြသီလာက ချစ်စရာ လွမ်းစရာ မကောင်းတော့ဘူးလို့လည်း ထင်လာတဲ့ အချိန်တွေပေါ့...။ ကျမ တခုခုကို ဆုံးဖြတ်ရပါတော့မယ်..။

19 comments:
အစ်မရေ
ရင်မောစရာ မြန်မာပညာရေး
လောကကြီး အကြောင်း
စာတပိုဒ် ဖတ် သက်ပြင်း တခါချ ပြီး
ဆုံးအောင်ဖတ် မိပါတယ်..
ပို့စ်လဲ ဆုံး သွားရော..
နှလုံးသား ထဲ ဒဏ်ရာတွေ က
ပိုပြီး နိုးထ လာသလို ပါပဲ..
ဒဂုံ တက္ကသိုလ် အကြောင်း
ကြားသာ ကြားဖူးတာ ဒီပို့စ် ထဲ ဖတ်ရတော့
မျက်မြင်ကိုယ်တွေ့ လို ခံစား မိတယ်
မ..မျှော်နေတုန်းဖတ်လိုက်ရလို့ကျေးဇူးတင်ပါတယ်
ကျန်တစ်ခုတော့မပြောတော့ဘူးနော် ..
ဆရာမရေ
အသည်းနှလုံးတခုလုံး ဆုတ်ခြေပစ်လိုက်သလို စုတ်ပြတ်သွားတော့တာပါပဲ။ ဖတ်ပြီးတော့ ခံစားလိုက်ရတာလဲ အလဲလဲ အကွဲကွဲပါပဲ။ သူတို့ တကယ်ပဲ ဖျက်ဆီးရက်ကြတယ်။
Saya Ma,
Our current governent derives from so called university DSA or DSTA. They wants to improve only these universities.
There are a lot of untold scandals about these universities. A lot of Homo raping, torturing, insulting and even killing each other, especially senior to junior. My nephew studied in DSTA 5 years ago, he asked a lot of money every month because his senior brothers forced him to ask such amount. About 5 years ago, four seniors killed my nephew in the pond but they mentioned this case as an accident. We couldn't do anything because one senior's father is General. Thats why they also wants to spoil (eradicate) our education system and universities.
တီချယ်ကြီးရေ ..
တစ်ချို့ အဖြစ်အပျက်တွေကို ကြားဖူးပေမယ့်၊ အသေးစိတ် မသိခဲ့ပါ။ တီချယ်ကြီး တာဝန် တစ်ခု ကျေသွားပြီ မှတ်လိုက်ပါတော့။ ပြောလို့ မကောင်းတိုင်းသာ ပြန်မပြောကြရင်၊ နောင်တစ်ချိန် မေ့ကုန်ကြမယ်။
ဒေါက်တာစိန်ထွန်းတို့၊ ဓာတုက ခေါင်းပေါင်းနဲ့ ဆရာကြီး (နာမည်မေ့နေ) စတဲ့ ဆရာတွေရှေ့ (ကိုယ့် ဆရာမဟုတ်ပဲနဲ့) လက်တောင် တွဲမလျှောက်ရဲတာ မှတ်မိသေး :P
ငထက်
ဓါတုက ခေါင်းပေါင်းနဲ့ ဆရာကြီးက ဦးဦးအောင်လေ ကွယ် ( ဟုတ်တယ်မဟုတ်လားဟင်.. မှားသွားရင်တော့ များ..မေ့နေတာပဲ ဖြစ်မယ်။ မဟာသိပ္ပံ ပထမနှစ်မှာ သင်ရတယ်)။
ဒီအပိုင်းတွေ ဖတ်ရင်း ကိုယ့်နိုင်ငံအတွက် ၀မ်းနည်းပြီးရင်း ၀မ်းနည်းနေရတယ် မေငြိမ်းရယ်။
ဆရာမရေ အမေလူထုဒေါ်အမာ ပြောတတ်တဲ့စကား
လေးသွားသတိရမိတယ်။
”အမေတို့  ခောတ်ကလေ....အမေတို့ ခောတ်ကလေ”
ကျမတို့ လည်း ကျမတို့ တက်ခဲ့တဲ့
“ရန်ကုန်တက္ကသိုလ် ခောတ်ကလေ ”
ဆိုပြီးပြောရမယ်။
ခောတ်ကြီးကပြောင်းသွားလိုက်တာ
ကြောက်စရာ။
ဟိဟိ စာလုံးပေါင်းတွေမှားသွားတယ်။
ခောတ် မဟုတ်ပါ။
ခေတ် ဟုပြင်ဖတ်ကြပါ။
Dear Sayama,
It is with deep sorrow to read all those accounts.
The military junta systematically and intentionally spoiled universities and Burmese education system because they think that the less educated we are, the longer they can rule.
Because of their inconsideration and ignorance, the present generation and the next ones have to be paying the price.
A saying goes "A politician thinks of the next election and a statesman thinks of the next generation." But for these dumb military thugs, they can never think beyond the welfare of their own.
For those unethical teachers and students, they deserve one another.
Thank a lot for telling us about these accounts.
တီချယ် .. အလုပ်တွေများတဲ့ကြားထဲက..
၃၅ ကိုရေးပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။
ဖတ်ပြီးသွားတော့ ယူကြုံးမရဖြစ်မိတယ်...
လူတွေရဲ့ စိတ်ဓာတ်တွေကိုဖျက်စီးခံလိုက်ရတာ အဆိုးဝါးဆုံးပဲ...
ဆရာမမေငြိမ်းရေ မယုံနိုင်စရာဘဲ။ ဒီလောက် တောင်ပဲလားဟု ဖတ်ပြီး ရင်မောရပါသည်။
ဆရာမ..
ကျွန်တော်ဖြတ်သန်းခဲ့တဲ့ဘူမိဗေဒဆိုတာ..
*တပည့်လေးတွေနဲ့အတူတူ field trip မှာ ဆရာ/တပည့်မခွဲခြားပဲ နေထိုင်ပညာသင်ပေးတဲ့..အေးချမ်းတဲ့ပညာရည်ပြည့်ဝလွန်းတဲ့
Professor ဦးသိန်းနဲ့ဆရာကြီးတွေရှိတဲ့နေရာ
*တပည့်တွေကိုစစ်တပ်ကတောင်ငူဆောင်နဲ့ဒဂုံဆောင်
ထဲမှာဝင်ဖမ်းတော့အချုပ်ကားနောက်ကနေလိုက်ပြီး
ဘွဲ့နှင်သဘင်ထဲမှာတပ်မမှူးနဲ့ရင်ဆိုင်ပြီး
တပည့်တွေကိုထုတ်ဖို့ကြိုးစားခဲ့တဲ့
ဆရာဦးကိုကိုသန့်တို့လိုဆရာငယ်တွေရှိတဲ့နေရာ
ဆိုးတယ်လို့ပြောခံရတဲ့ကျွန်တော်အပါအဝင်တပည့်တွေကို Respect and kindness နဲ့သူငယ်ချင်းလိုပေါင်းပြီး တပည့်တွေအပေါ်တာဝန်အပြည့်ယူလေ့ရှိတဲ့
ဒဂုံဆောင်အဆောင်မှူးဆရာဦးခင်မောင်ဝင်း နဲ့အဆောင်မှူးဆရာတွေရှိတဲ့နေရာ
*သူငယ်ချင်းကိုထိရင်.. ဘူမိဗေဒမကောင်းကြောင်းတိုးတိုးဖြစ်စေ..ကျယ်ကျယ်ဖြစ်စေ.
ကြားတာနဲ့ကျီးတွေလိုဝိုင်းအာကြတဲ့
ချစ်တဲ့သူငယ်ချင်းတွေရှိတဲ့နေရာ..
*ကိုညွှန့်ဝင်းလွင်..ကိုဝေလ တို့လိုအကိုလိုသူငယ်ချင်းလိုပေါင်းသင်းတဲ့
အတန်းကြီးတွေ
စိုးစိုး(နေဆူးသစ်)..Jကြီး.အောင်ကြီး..ကျော်လင်းဦးတို့လို..ပြောမနာဆိုမနာ.အတန်းငယ်
်ညီအစ်ကိုတွေရှိတဲ့နေရာ..
ုအဲဒီလိုပဲမှတ်မိချင်ပါတယ်..အဲဒီလိုပဲသတိရပါတယ်..
နေလင်း
နေလင်းရေ..
အရင်တုန်းကတော့ Geology ဆိုရင် စည်းလုံးတယ်..ဆိုသလိုပဲ တခြားမေဂျာက ကလေးတွေဆိုလည်း ဆရာဆရာမတွေကိုတော့ ချစ်ကြတာပါပဲ..။ ခု ၂၀၀၀ နောက်ပိုင်းမှသာ အပြန်အလှန်ဆိုသလို အားနည်းချက်တွေနဲ့ကိုး။ နောက်တခုပ Geology က သားတို့ ခေတ်တုန်းကလို အမှတ်မြင့်မြင့်နဲ့ ရွေးတာမျိုး မဟုတ်တော့ဘူးလေ.. အမှတ်ပေါင်း ၂၀၀ နဲ့ လမ်းလျှောက်ခိုင်းပြီး လျှော့လျှော့ပေါ့ပေါ့ ရွေးတာမျိုးလေ..။ ပြီးတော့ ၀ါသနာပါလို့ ယူတာမျိုးလည်း မဟုတ်တော့ မေဂျာစိတ်မရှိ.. မေဂျာကို မချစ်တတ်ကြတော့ဘူးပေါ့။ တကယ်တော့ ခေတ်စနစ်ရဲ့ သားကောင်ဖြစ်ရတာလည်း ပါတာပါ...။
ဆရာမရေ...
မျှော်နေမိတဲ့ မြသီလာ (၃၅) အတွက် ကျေးဇူးပါ။
ဆရာမရေးထားတာက သရုပ်ပေါ်လွန်းတော့ ဒဂုံတက္ကသိုလ် အကြောင်းဖတ်ရတာ ရင်ထဲမှာ တော်တော် ထိခိုက်ရပါတယ်...။
ကမောက်ကမ ပညာရေးစနစ်ထဲ သားကောင် ဖြစ်ကြရတဲ့ ဆရာ ဆရာမတွေနဲ့ တပည့်တွေ... အခုရော..
ဘယ်လိုတွေ ဖြစ်နေကြမလဲ မသိဘူးနော်...။
In Myanmar,
Unbelievable is nothing!
မမ..
ဟနက ဒဂုံတက္ကသိုလ်ကို တစ်ခါမှ မရောက်ဖူးသလိုတော့ ဒဂုံတက္ကသိုလ် ဘယ်လိုဆိုတာ မသိဘူး။ ဗိုလ်တထောင်ကနေ မိန်းကိုလာမတက်ရတော့တဲ့ သူငယ်ချင်း ပြောတာ တွေကြားဖူးတော့ သူက ဟနတို့လို အာရ်စီတူး ကနေ မိန်းကို မကူးရလို့ ဒဂုံကို တမင်စိတ်နာပြီး မိန်းမှာ မတက်ကြရလို့ ဒဂုံကို မကောင်း ပြောတာ ထင်မိသေးတယ်။ နောက်မှ ဟို မောင်လေးပဲ လေ..သူ ရေးထားတွေဖတ်မိတော့ သူတက်ခဲ့တဲ့ ဒဂုံကိုနည်းနည်း ရေးရေးမြင်လာတယ်။ ခု မြသီလာမှာ ဖတ်မိတော့မှ သေချာ သိတော့တယ်။ မိန်းမှာ ဟနတို့ ဖိုင်နယ်တုန်းက အတန်းထဲကကျောင်းသားတစ်ယောက်က သူ ခိုးချတာကို လာဟန့်တဲ့ ဆရာမကို အဲဒီ ဆရာမ ငါ အလုပ်ပြုတ်အောင် တိုင်မယ် ဆိုတာ နားနဲ့ ဆတ်ဆတ်ကြားတုန်းက အတော်လေး အံ့အားသင့်ခဲ့တယ်။ ဒီလိုကျောင်းသားမျိုးတွေ ရှိသလားပေါ့။ တကယ်တန်းကျတော့ အပုံကြီး ဆိုးနေပါပေါ့လား။ မြသီလာ မမ ရေးနေတာ ကျေးဇူးတင်ပါတယ်။ မသိရတာတွေ သိရတယ်။ ခံစားချက်တွေလည်း အစုံဖြစ်လာတယ်။ ခု (၃၅)က ဒဂုံအကြောင်းဖတ်ရတာ မျက်ရည်တွေကျလာတယ် ဘာလို့လဲ မသိဘူး။ကိုယ်တိုင်က ဆရာဆိုတဲ့ ဖီလင်ကြောင့်မို့ ထင်တယ်။ ၂၀၀၇ တုန်းက ဟန သင်တဲ့ဘာသာမှာ ဆရာတစ်ယောက်လိုလို့ အဲဒီဘာသာရပ်ဘွဲ့ကလည်း ဒီကနိုင်ငံသားတွေ မရှိတဲ့ဘွဲ့ဖြစ်နေတော့ ကျောင်းတုန်းက ဆရာတစ်ယောက်က သူ့တပည့်တစ်ယောက်ကို လျှောက်ခိုင်းလိုက်တာ အဲဒီတစ်ယောက်က မာစတာကို ဒယ်ဘယ် ဒီဂရီ ။ထရန်စခရစ်ပ် ကလည်းအတော်လေး ကောင်းတယ်။ သူတော်တာလဲ သိတယ်။ အဲဒါကို ဒီက အိပ်ခ်ျအာရ် က ရီဂျက် လုပ်လိုက်တော့ မေးကြည့်မိတာပေါ့။ ဒဂုံတက္ကသိုလ်ကမို့လို့တဲ့ သူတို့ အသိအမှတ်ပြုတဲ့ တက္ကသိုလ်မဟုတ်လို့တဲ့။ (အဲဒီနောက်ဆက်တွဲတွေ တွေးမိတာတွေ အများကြီးပဲ..အတွေးတွေတိုင်းမှာ ပူလောင်လာတယ်။) ဆက်မပြောချင်တော့ပါဘူး မမရယ်။
ဂျီအိုလိုဂျီ လို လူနည်းနည်းနဲ့  အသက်မွေးဝမ်းကျောင်းပညာတစ်ရပ်ကိုပေးမယ့်ဆရာတွေကို ရိုသေတတတ်တဲ့ မေဂျာမျိုးမှာတောင်ဒီလိုဖြစ်သွားတယ်ဆိုရင် တက္ကသိုလ်ရဲ့ ပြယုဂ်ကတော်တော်မြင်မကောင်းတော့ဘူးပဲ..
မသိသေးတာတွေ စိတ်ပျက်စွာသိလိုက်ရတယ်။ ရင်လေးစရာပဲ။
အစ်မရယ် ဖတ်ရတာတွေကရင်ထဲမှာ မကောင်းဘူး။ ညီမတို့ခေတ်ရောက်လာတော့ အဝေးသင်မှာ ဒီလိုမျိုးတွေရှိတာတော့သိတယ်။ ကျောင်းသားက ဆရာတွေကိုမလေးစားတာ။ (ဘယ်လေးစားမလဲ သူတို့ပိုက်ဆံပေးရင် အောင်နေတာကိုး) ဆရာတွေကလည်း ငွေမျက်နှာတစ်ခုပဲ ကြည့်တာ။ တပည့်လုရင်းဆရာဆရာမအချင်းချင်း ရန်စောင်ကြတာ တွေကြားဖူးပါတယ်။ ဒါပေမယ့် ကိုယ်တွေ Day တက်တဲ့အခါတော့ အဲဒါမျိုးတွေသိပ်မရှိခဲ့ပါဘူး။ တပည့်တွေကလည်း ဆရာမတွေကိုချစ်တယ်။ နယ်မို့လို့လားတော့ မသိဘူး။ တစ်ခုခုဆို တပည့်ကိုပို အပြစ်မြင်ကြတာ လေ။ ပြီးတော့ ကိုယ့်ဆရာဆရာမကို ထိလို့ကတော့ ထိတဲ့နေရာမှာရန်ပွဲဖြစ်သွားမှာ။
ဆရာမ
ထိုင်းရောက်တာ မကြာသေးလို့ မသိရပေမဲ့ သူငယ်ချင်းဖွင့်ထားတဲ့ျြမသီလာအလွမ်းပြေလေကိုစ ဖတ်မိရာကနေ အစအဆုံးမဖတ်ပဲ မနေနိုင်လောက်အောင် ကို စွဲမိသွားပါတယ် ဆရာမရေးထားတဲ့ အရာတွေက တကယ့်အမှန်တရားတွေဆိုတာ လုံးလုံးလက်ခံပါတယ်. သူငယ်ချင်းတွေကို ပြောဖြစ်တယ် ငါသာ 88အရေးခင်းတုန်းက ဆယ်ကျော်သက်အရွယ်ဆိုယင် တောခိုသွားတဲ့ အထဲမှာ ငါထိပ်ဆုံးမှာ ပါနေလောက်ပြီး ဆိုပြီးတော့ပေါ့လေ ရင်ထဲမှာ ဆိုနင့်ကြေကွဲ ပြီးမျက်ရည်တွေ အကြီမ်ကြိမ်ကျမိပါတယ် ဖတ်နေယင်းနဲ့ပေါ့. တခါမှလည်းဒီလို စာမရေးဘူးပါဘူး.စစ်အစိုးရရဲ့နည်းပရိယာယ်တွေ နှစ်ရှည်စီမံကိန်းတွေ ကြားမှာ ရှင်သန်လာရတဲ့ အခုခေတ်လူငယ်တွေရဲ့ စိတ်နေစိတ်ထားတွေကို အပြစ်တင်လို့လည်းမရဘူးနော်ဆရာမ သူတို့ကို ဘာမှစိတ်မ၀င်စားနိုင်အောင်စီမံကိန်းတွေနဲ့ လုပ်ထားတာကို ပြောချင်တာတွေ အများကြီးရှိတယ်ဆရာမ နောက်မှ ဖြေးဖြေးဆီရေးသွားမယ်နော်
Post a Comment