Mar 27, 2009

မြသီလာအလွမ်းပြေ(၃၇)

၂၀၀၅ ရဲ့ ဇန်န၀ါရီ…။
ကိုယ် ပတ်သက်နေရတဲ့ နေရာတိုင်းမှာ အကျင့်ပျက် ခြစားတာတွေ… ဆင်းရဲ ငတ်မွတ်တာတွေ… ပညာရေးစနစ် ပျက်စီး ယိုယွင်းနေတာ.. ဒါ့ထက်ပိုဆိုးတာက စစ်အစိုးရက ၀န်ထမ်းလောက အပါအ၀င် အနုပညာလောက စာပေလောကတွေထဲကို ဖောက်ဝင်ပြီး သပ်လျှို သွေးခွဲနေတာတွေအပေါ် ကျမ တစစ သွေးပျက်လာရတာ..။ အဲဒီအချိန်မှာ မိုးခါးရေ သောက်နိုင်မလား… ဆိုတာက ကျမအတွက် သိပ်ကြီးတဲ့ စိန်ခေါ်ချက်ဖြစ်လာပါပြီ။

ဒီလိုနဲ့ အလုပ်ထွက်စာတင်ဖို့ဘက်ကို အားသာသာလာတယ်။ အဓိကကတော့ ကျမရဲ့ အမေရိကန်က မိတ်ဆွေ ပြောတာကို စိတ်က ရောက်နေတာပါ။ ဘန်ကောက်သာ ရောက်အောင် လာလိုက် ခဗျားဆိုရင် ဗီဇာ လွယ်လွယ်လေးတဲ့။ (ဟဲဟဲ.. ကိုယ်ကလည်း ယုံတာ.. ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်သေး.. တက္ကသိုလ်က မတောက်တခေါက် ကထိက.. မဖြစ်ညစ်ကျယ် စာရေးဆရာမ များ.. တော်တော် ကြီးကျယ်တယ် ထင်တာ။ ပြီးတော့ ခုလောက် မြသီလာကို ဖတ်လာမှတော့.. ကျမ ညံ့ချက်တွေ သိလောက်ရောပေါ့..။ ကျမကို ကိုယ့်ကို ပြောရင် တကယ်အမှန်ပဲ ထင်တာ.. ယုံတယ်။ ညီမလေးတယောက်က ပြောဖူးတယ်.. အမက မထင်ရဘူး..တဲ့။ ကြည့်တော့ လည်မလိုလိုနဲ့ .. ဘသူပြောပြော ယုံနေတာပဲ.. တဲ့။ အဲဒါ အမှန်ပဲ။ ဘယ်သူပြောပြော သိပ်မယုံနဲ့လို့ တွေးထားလည်း ကိုယ့်ရှေ့ မျက်နှာသေနဲ့ လာပြော.. ယုံတာပဲ။ အထူးသဖြင့် "မေငြိမ်းကို ကောင်းစေချင်လို့ ပြောတာ.." ဆိုတာလေးသာ သူ့စကားမှာ ပါလိုက် ယုံပြီးသား… ခုထိ။

တကယ်တော့ ကျမက သူများကို (ဘယ်တော့) ဘယ်တော့မှ မလိမ်ညာ။ အထူးသဖြင့် လူတဘက်သား ဘ၀နဲ့ ချီတဲ့ အရေးကြီးတဲ့ ကိစ္စမျိုးဆိုရင်တော့ ပိုလို့တောင် မညာသေး...။ ဆိုတော့ လူတိုင်းကို ကိုယ့်လိုပဲ မှတ်ပါတယ်။ ဒါပေမဲ့ ခုတော့ ကျမ ခပ်ရေးရေး သိပါပြီ။ လောကကြီးက ကျမ ထင်သလောက် မရိုးစင်း..။ အဲသလိုပဲ လူတွေကလည်း ကျမလိုချည်းပဲတော့ မဟုတ်။ တချို့ဆို အလကားနေရင်းကို လိမ်ပြော ညာပြော လိုက်ရမှ နေသာ ထိုင်သာ ရှိတာမျိုးလေ။ တချို့ကတော့ လိမ်တာဟာ အပြစ်လို့တောင် မသိတော့။ လူတဘက်သား အတွက် ဒုက္ခဆိုတာလည်း မတွေးကြတော့။ ကျမတို့ရဲ့ အာဏာပိုင်မင်းများနဲ့ သိပ်မကွာ..။

ဒီလိုနဲ့ ကျမ အလုပ်ထွက်ချင်ကြောင်း ရာကျော့်ကို လှမ်းပြောတော့ သူ့ခမျာ စိတ်မကောင်း ဖြစ်ရှာပါတယ်။ သူက ကျမ ဆရာမ လုပ်တာကို သဘောကျတာဆိုတော့ သူက ပြောတယ်။ ကလေးတွေကို ဆရာမ သားသမီး ဖြစ်စေချင်တာတဲ့။ ဟုတ်ပါတယ်။ ကျမတို့ နှစ်ယောက်လုံးကလည်း ဆရာ ဆရာမ သားသမီးတွေ။ ပြီးတော့ ဒီဘ၀ကိုပဲ နှစ်ခြိုက် ရွေးချယ်ခဲ့သူတွေ..။ ဒါပေမဲ့ ကျမ မပျော်တော့တာကိုပဲ တွင်တွင် ပြောနေမိတယ်။ သေချာတာက ကျမ ပိုက်ဆံ ပေါနေတာမှာတောင် မပျော်ပိုက်နိုင်တော့ဘူး ဖြစ်လာတယ်။ ဒါနဲ့ နောက်ဆုံးတော့ ရာကျော့်ကို အလုပ်ထွက်ဖို့ သေချာပြီလို့ ပြောလိုက်တော့တယ်။ ဒီတော့လည်း သူ ဘာမှ မပြောတော့ပါဘူး။ ကျမ သူငယ်ချင်းတွေကတော့ ပူကြတယ်.. ဘာလုပ်မလဲတဲ့..။ ကျမက ပုသိမ်မုန့်ဟင်းခါး ရောင်းမှာပေါ့.. လို့ ဖြေတာပဲ..။ ကျမ ကောင်းကောင်း လုပ်တတ်တာ ဒါပဲ ရှိတာကိုး (ကြုံကြွား:P)။ မိတ်ဆွေကာတွန်းဆရာ ဆွေမင်း(ဓနုဖြူ) ကတောင် သူ့ တွတ်ပီကာတွန်းတအုပ်ထဲမှာ မုန့်ဟင်းခါးဆိုင် ဇာတ်ကွက် တကွက် ပါတာကို မေငြိမ်း ပုသိမ် မုန့်ဟင်းခါးလို့ ရေးပြီး နောက်ခဲ့သေးတာ။ တကယ်ပါ. ကျမလေ.. မေငြိမ်း (မဟာဝိဇ္ဇာ) အငြိမ်းစားကထိက.. ပုသိမ်မုန့်ဟင်းခါး လို့ကို ဆိုင်းဘုတ်တပ်ပြီး လမ်းဆုံလေးခွမှာ ရောင်းပစ်လိုက်ချင်တာ .. ရွတ်ရွတ်နဲ့ပေါ့။ အဲဒီတလော စိတ်ကလည်း အချဉ်ပေါက်လိုက်သမှ..။

ဖြစ်ချင်တော့ မလေးရှားကနေ ရာကျော်က ဓာတ်ပုံတွေ ပို့တဲ့အခါ အမြင့်တက်နေတာတွေ တွေ့ရတော့ နှလုံးက အောင့် အောင့်ချင်လာတယ်။ ရန်ကုန်မှာတုန်းကတော့ Agent က ရာကျော်က အင်္ဂလိပ်လိုပြောနိုင်ပြီး ဘွဲ့ရလည်း ဖြစ်လို့ Supervisor ခဏနဲ့ ဖြစ်မှာတဲ့။ တကယ် ဟိုရောက်တော့လည်း supervisor လို့တော့ ပြောပါရဲ့။ လုပ်ရတာတွေက တယ် မချောင်ဘူး။ ရတော့လည်း ဘယ်လောက်မှမဟုတ်.. အိမ်ကို တလ ၂သိန်းမှ အနိုင်နိုင်…။ ဒါနဲ့ပဲ ရာကျော့်ကို ပြန်ခဲ့တော့…။ အိမ်မှာပဲ အမေ့ကားတစီးကို ယူမောင်းတာတောင် အဲလောက်ပဲ ရပြီး မိသားစုနဲ့ လည်း ရက်ရှည်လများ ခွဲနေစရာမလိုဘူးပေါ့။ ပြီးတော့ သားကြီးက ၁၃နှစ်ပေမဲ့ ထွားတော့ လူပျိုပေါက်ကြီး ဖြစ်လာပြီ။ အရပ်ကပဲ ၅ပေ ၈လက်မ ရှိပီ။ သားယောက်ျားလေးက အဖေရှိမှ ထင်တယ်ပေါ့..။ ဆိုတော့ သွားတာမှ ၂နှစ်မပြည့်.. ကိုရာကျော်တယောက် ပြန်ချလာရ ပါလေရော..။ သူပြန်ရောက်တော့ ကျမ အလုပ် ထွက်စာတင်တဲ့ ကိစ္စက တန်းလန်း..။ ကျမကို ရစ်နေတာလေ.. အမျိုးမျိုး။ ဟိုဟာတောင်း ဒီဟာတောင်း.. ပေါ့။

နောက်တော့ စိတ်ရှုပ်လာတာနဲ့ ကျမတို့ မိသားစုနဲ့.. အချစ်ဆုံး သူငယ်ချင်း မိသားစု အုပ်စုကြီးတွေနဲ့… ပုသိမ်ဘက် သွား ချောင်းသာ သွား.. သွားပစ်လိုက်တာ..။ အဲဒီမှာ ပုသိမ်ရောက်တော့ အမျိုးတွေ ရှိတဲ့ဘက်တွေ ခြေဦးမှ မလှည့်ဖြစ်ဘဲ သူငယ်ချင်းမကြီး ဒေါ်ခင်မင်းဇော်အိမ်မှာ တည်း..။ လျှောက်လည်ပေါ့။ တပျော်ကြီး နေတာ..။ စိတ်ချမ်းသာ လိုက်တာ..။ ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်…။ သားကြီးက ၈တန်းစာမေးပွဲ တန်းလန်း..။ ကျမရဲ့ အလုပ်ထွက်စာ အထက်က လက်မခံ..။ ဘာလုပ်မလဲဆိုတဲ့ မေးခွန်းတွေ ဖိသိပ်နေတဲ့ အောက်မှာ…။

တနေ့တော့ ဒေါ်ခင်မင်းဇော်က ခွဲနေရတာ ကြာပြီဖြစ်တဲ့ သူ့မောင်တော် နောက်လိုက်ချင်တယ်တဲ့..။ မြ၀တီလမ်းအတိုင်း သူ့မောင်တော်ဆီအရောက် ဘယ်လိုသွားရမလဲလို့ ဘားအံသား ရာကျော့်ကို တိုင်ပင်တာ…။ ကျမစိတ်ထဲ ဘယ်လိုဖြစ်သွားတယ် မသိ..။ ငါတို့လည်း လိုက်မယ်လို့ ပြောလိုက်မိရော..။ သူက ဟဲ့ တကယ်လား.. ငါ့ကို လိုက်ပို့မယ်ပေါ့.. ဟုတ်လား..တဲ့။ ကျမက စိတ်ထဲ တကယ့်ကိုပဲ ရုတ်တရက်.. လိုက်မယ်ဟာ.. ငါတို့ပါ.. အဲဒီထိ လိုက်မယ်။ ခုတိုင်းဆို ငါ့ အလုပ်ထွက်စာကိစ္စရော.. Passport ကိစ္စရော.. လွယ်မှာ မဟုတ်ဘူး..။ ရာကျော်ကတော့ တော်တော်ကို စိတ်ညစ်သွားပုံရပါတယ်။ မျက်နှာ မကောင်း ဘူး။ ခင်မင်းဇော်ကတော့ သေချာ စဉ်းစားပါဦးဟာ .. တဲ့။

+++++

အဲဒီရက်တွေထဲ.. ကျမမြင်ယောင်နေတာ ကျမ ၀န်းကျင်က သနားစရာ မျက်နှာပိန် ဖျော့ဖျော့ တွေ…။ မုန်းစရာ ရက်စက်မျက်နှာတွေ..။ ရွံစရာ ပရော်ပရီမျက်နှာတွေ…။ မထေမဲ့မြင် ရယ်သံ တွေ..။ နှလုံးအော့စရာ ဖော်လံဖားတွေ..။ သာတောင့်သာယာရှိစရာ… ဘာမှ မတွေ့မိ..။ ကျမ စိတ်ထဲ.. အဝေးကြီးကို ထွက်ပြေး သွားချင်တာပဲ သိတယ်။ ခင်မင်းဇော်ကတော့ ယုံတယ်.. ကျမတို့ သူရှိနေသရွေ့ ဒုက္ခမရောက်ရဘူးတဲ့..။ ကြည့်ပါဦး.. မိသားစု ၅ယောက်.. သူများတိုင်းပြည်ကို တရားမ၀င် သွားမယ်လို့ စဉ်းစားတာ.. ကြောက်စရာ တကယ် ကောင်းတာပါ။ ပြီးတော့ ကျမက တသက်လုံး ကျောင်းဆရာမ စာရေးဆရာမ.. ဆရာချည်း လုပ်လာ တာ..။ သူများတိုင်းပြည်မှာ ဘာလုပ်မှာလဲ..။ ဒါပေမဲ့ သေချာတာကတော့ ကျမ အင်မတန် ချစ်မက် စွဲလန်း ပါတယ်ဆိုတဲ့ မြေမှာ ကျမ တရံတဆစ်မျှပင် မနေချင်တော့ပြီ။ ကျမ တကိုယ်ကောင်းဆန်သလားဆိုတာလည်း မစဉ်းစားမိပါဘူး။ ကျမစိတ်ထဲ တခုပဲ ရှိခဲ့ပါတယ်..။ သူများမြေမှာ ဘယ်လောက် ဒုက္ခရောက်ရောက် ခံတော့မယ်.. ဒီလောက ၀န်းကျင်မှာတော့ မနေချင်တော့ဘူး.. ဆိုတာ။ (တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ပမွှားလို့ မထင်တဲ့ ကျမက အပြင်မှာတော့ ငါလိုကောင် ဒုက္ခရောက်စရာလား..လို့လည်း ထင်တလုံးနဲ့ ရှိနေခဲ့တာလည်း ပါပါတယ်.. နောက်တခုက သတင်းအချက်လက်မှား တွေပေါ့။)။

+++++

တကယ်တော့ ကျမ စဉ်းစားခဲ့တာပေါ့… အများကြီးမှ တကယ့် အများကြီး..။

ကျမ သားကြီးကို ငွေတမျက်နှာတည်း ကြည့်ပြီး လူ့တန်ဖိုးကို ငွေနဲ့ ဆုံးဖြတ်တဲ့ ၀န်းကျင်မှာ မကျင်လည် စေချင်ဘူး။ အဲလို ၀န်းကျင်ထဲ မလိုအပ်ဘဲ သား စိတ်ကျခံစားရတာမျိုး အဖြစ်မခံနိုင်ဘူး။ (သေချာတာက ကျမသားဖြစ်တဲ့အတွက် ဒီခေတ်ထဲမှာ ငွေဆင်းရဲမယ်.. ဂုဏ်သိက္ခာ ချမ်းသာပေမဲ့ တန်ဖိုး မရှိ.. အဲဒီအခါ သား စိတ်ထိခိုက်မယ်.. သားလိုအပ်မယ့် ရုပ်ဝတ္ထု ပစ္စည်းတွေ ကျမ ဖြည့်မပေးနိုင်တဲ့အခါ ၀န်းကျင်အလယ်မှာ သား သိမ်ငယ်မယ် .. ဖြည့်ပေးနိုင်အောင် ကျမ လုပ်တော့မယ်ဆိုရင်.. ဂုဏ်သိက္ခာ ဆင်းရဲမယ်.. ပြီးတော့ ကျမ မလုပ်မိဖို့ ကြိုးစားရင် အဲဒီ လူ့ပတ်ဝန်းကျင်ထဲမှာ အစစအရာရာ ဆင်းရဲတော့မယ်)

အဲသလိုပဲ သမီးလေး ကြီးလာတဲ့အခါ ပညာတတ်ပေမဲ့ ဆင်းရဲတဲ့ မိဘက မွေးတာမို့ ကျမငယ်ငယ်ကလို စိတ်မထားနိုင်ရင် သမီးမိန်းကလေးမို့ ပျက်စီးလွယ်လေမလား..။ ကျမစိတ်ထဲမှာ ရှေ့ လျှောက် လူငယ်တွေ ပို ပို ပျက်စီးမှာလို့ မြင်နေတာလေ..။ အဲဒီအချိန်ပေါ့.. Nude Show ကျိတ်ဝိုင်းတွေ ရှိနေပြီလို့ ကျမ သိနေရတာ..။ ကျမရှေ့မှာ တွေ့နေရတဲ့ ဟိုမရောက်ဒီမရောက် လူငယ်လေးတွေ..။ ကိုယ်က စီးပွားကျုံး ရှာနေရတာနဲ့.. သူတို့ကို မကြည့်နိုင်တာနဲ့.. ကိုယ့်ကလေးတွေမှ ကိုယ်မထိန်းနိုင်ရင်.. အဲဒီ ပတ်ဝန်းကျင် ရေစီးကြောင်း ထဲမှာ…………………. ကျမ ကြောက်တယ်…။ တကယ်တော့ ကျမ တကယ် ကြောက်ခဲ့တာက အဲဒီ ၀န်းကျင်ကြီး တခုလုံးကိုပါ..။ ဖျက်ဆီးသူတွေနဲ့ .. အဖျက်ဆီး ခံရသူတွေနဲ့.. ပျက်စီးနေသူတွေနဲ့.. ခုခံနေရသူ တွေနဲ့.. ကြိုးစားပြီး မတ်မတ် ရပ်နေရသူတွေ နဲ့…. ဒါပဲ ရှိတဲ့ တိုင်းပြည်.. မောလိုက်တာ..။ အဲဒီ တိုင်းပြည်ရဲ့ အနာဂတ်ကို ကျမ ကြောက်တယ်..။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ကျမ ကလေးတွေရဲ့ အနာဂတ်ပဲလေ..။ ကျမရဲ့ ချိနဲ့တဲ့ အားအင်လေးနဲ့ ကလေးတွေအများကြီး မကယ်တင်နိုင်တော့တာ သေချာပြီ။ ဒါဆိုရင် ကျမ မွေးထားလို့ လူဖြစ်လာရတဲ့ ကလေးတွေကိုတော့ ကျမ ကယ်တင်ရတော့မှာပါပဲ..။

နောက်တခု တွေးစရာက အမေ…
ကျမဘ၀မှာ အမေတယောက်ပဲ ရှိတော့တာ..။ အမေက သားသမီးတွေရဲ့အပူအားလုံးကို ခေါင်းပေါ်ရွက်ထားတဲ့ အမေကြီး..။ အဖေက အမေကို သေသည်အထိ မပူမပင် နေရလောက်တဲ့ အနေအထားနဲ့ ထားသွားတာမို့ တော်ရုံနဲ့တော့ အမေက မယိုင်နဲ့နိုင်။ ပြီးတော့ အမေက တရားစခန်း အလီလီဝင်နေတာမို့.. စိတ်ပြေရာ ရှာတွေ့မယ့်သူ..။ တိုက်တိုက်ဆိုင်ဆိုင် နက်ဖြန် မတ်လ ၂၈ဆို အမေ အသက် ၆၉နှစ် တင်းတင်း ပြည့်ပြီ။ ကျမ မရှိရင် အမေ့နားမှာ သမီး ၃ယောက် ကျန်ဦးမှာပါ။ (တကယ်တော့ ကျမက အဖေနဲ့ နီးနီးကပ်ကပ်နေတတ်ပြီး အမေနဲ့ဆို စကား ဖွယ်ဖွယ်ရာရာ မပြောတတ်တာမို့ အမေနဲ့ ကျမက သမီးဦးနဲ့ အမေနဲ့ ဆိုပေမဲ့ ကျန်တဲ့ သမီးအငယ်တွေလောက် မနီးကပ်သလို ရှိနေခဲ့တာပါ.. အငယ်တွေကတော့ အမေနဲ့ ဘာသာစကားတူ.. လုံးထွေး။ ဒါပေမဲ့ အမေက ကျမနဲ့ ပတ်သက်ပြီး ဒုက္ခ အခံရဆုံး ထင်ပါရဲ့)

(အမေ... ဘာလိုလိုနဲ့ အသက် ၇၀ထဲ ၀င်ပြီ.. အဝေးဆုံးမှာ ရှိနေတဲ့ သမီးကြီးနဲ့ မိသားစုကို ဘုရားစင်ရှေ့မှာထိုင်ပြီး နေ့တိုင်းမေတ္တာပို့နေမှာ အသေအချာပေါ့)

နောက်တခု တွေးစရာက ရာကျော်…
သူ့ကိုတော့ ကျမ မပူမိ။ သူက ကျမနဲ့ ထပ်တူ လိုက်လျောနိုင်တဲ့သူ.. ပြီးတော့ ဘာကိုမဆို ရင်ဆိုင်ပြီး တတ်နိုင်သလောက် ကြိုးစား လုပ်မယ့်သူ.. သူ့ရဲ့ စိတ်ချမ်းသာမှုတို့ အလိုလောဘ တို့ ဆိုတာကတောင် ကျမနဲ့ မိသားစုအပေါ်ပဲ မူတည်တဲ့သူ…။ ပြီးတော့ ကျမက သူ့ကို ချုပ်နှောင်ထားဖို့ နည်းနည်းမှ မစဉ်းစားသူမို့.. သူ စိတ်ညစ်ညူးစရာ အကျဉ်းကျစရာ မရှိ (ကျမထင်တာပေါ့လေ.. တကယ် ဟုတ်မဟုတ်တော့ သူပဲ သိမှာပဲ :P )

(အဲဒါ ထိုင်းကို ရောက်စက ရာကျော် ပေါ့.. သနားစရာလေးနော်.. :P)

နောက်တခု တွေးစရာက ကျမအတွက်..
တကယ်လို့ အမေရိကန်နိုင်ငံသာ မရောက်နိုင်ခဲ့ဘူးဆိုရင် ထိုင်းမှာ ကျမ နေရတော့မယ်။ အဲဒီ ထိုင်းမှာ ကျမ ဘာ လုပ်နိုင်မလဲ..။ ကျမ သိသလောက်.. ကျမလုပ်နိုင်တာ.. လှိုင်းတို ရေဒီယိုတွေ ရှိမယ်။ အွန်လိုင်းစာမျက်နှာတွေ ရှိမယ်.. သေချာတာက စာသင်ကျောင်း တွေ ရှိမယ်..။ ကျမက မြန်မာစာဆရာမမို့ ပြည်ပက တခြား တိုင်းရင်းသားတွေကို နိုင်ငံခြားသားတွေကို မြန်မာစာ သင်နိုင်မယ်ပေါ့.. (တကယ်တမ်းကျတော့ ကျမက အင်္ဂလိပ်စာ ညံ့သူ)။ ကျမ စဉ်းစားခဲ့တဲ့အထဲမှာ နိုင်ငံရေး ကဏ္ဍ မပါခဲ့ပါ။ ပြီးတော့ အဲဒီအချိန်မှာ ကျမသိခဲ့တာက ထိုင်းမှာ ဗမာတွေ နေရတာ သိပ်လွယ်တယ်… ဘယ်နိုင်ငံသွားသွား သိပ်လွယ်တယ်… အေးဆေးပဲ.. မေငြိမ်းဆို ဆရာမ လည်း ဖြစ်.. စာရေးဆရာလည်း ဖြစ်.. ဆိုတော့.. လွယ်လွယ်လေး.. ဆိုပဲ။ အဲလို Information တွေ message တွေနဲ့.. ။ ထုံးစံအတိုင်း မေငြိမ်းက ယုံပါပေ့။

မြသီလာကို တကယ် စွန့်နိုင်ပြီလား.. ခွဲခွာနိုင်ပြီလား… စဉ်းစားတော့လည်း လွမ်းဆွတ် တမ်းတစရာဆိုလို့ လူမဟုတ်တဲ့ သက်ရှိတွေ.. သက်မဲ့တွေ.. ဥပမာ .. ဂျပ်စင်.. သစ်ပုပ်ပင်.. ဘွဲ့နှင်းသဘင်.. တောင်ငူဆောင်.. RC.. စာကြည့်တိုက်.. အင်းလျားတွေလောက်ပဲ ရှိတော့တာ။ အရင်ကလို ကျောင်းသူကျောင်းသားတွေ မလွမ်းတော့.. ဆရာဆရာမ တွေကိုလည်း မလွမ်းချင်တော့..။

အမေ့ကိုရော……………….. အဲဒီအတွက်ပဲ ကျမစိတ်ထဲ ဆို့နစ် ကြေကွဲစရာ ရှိတာပါ…။ အဲဒီရက်တွေထဲမှာပေါ့.. ဆရာကြီး ဒဂုန်တာရာရဲ့ "တဟီတီသွားရအောင်"ကို ခဏ ခဏ ရွတ်နေမိတာ..။

ဒီလိုနဲ့ သားကြီး ရှစ်တန်းစာမေးပွဲဖြေအပြီး အဖေ့ရွာကို သွားလည်မယ်ဆိုတဲ့ ခရီးက… မြ၀တီထိ.. မဲဆောက်ထိ… ဇင်းမယ်ဆို.. ညိုတဲ့မြို့လေးဆီအထိ… ပေါက်ခဲ့တာ..။ အဲဒီတလျှောက်မှာလည်း ဆရာမောင်သာရရဲ့ ၀တ္ထု ခေါင်းစဉ်တခုကို ယူပြောရရင်.. “သုမနကျောမှာ ဒဏ်ရာတွေနဲ့” ပေါ့…။ တကယ်တော့ ဘယ်အရာမဆို ဝေးသွားမှ.. ဝေးနေမှ ပိုလွမ်းရတယ် ပိုတမ်းတရတယ်ဆိုတာကို ကျမ ပို ပို သိလာရတဲ့ ကာလတွေဆီ.. ထွက်ပြေးလာခဲ့တဲ့ ခရီးအစပေါ့..။ ပြန်ရနိုင်ဖို့ ခက်ခဲမှန်း သိလေ… ပို လွမ်းဆွတ် ကြေကွဲရလေ…။ တခါတခါကျတော့ ရှက်ရွံ့သိမ်ငယ်ရတာတွေပါ ပါလာရပါသေးတယ်။

+++++

(တကယ်တော့ (၃၈)ဆိုရင် မြသီလာကြီးက ကျန်ခဲ့ပါပြီ။ ထိုင်းရောက်ကာမှ မြသီလာကို ဘာလို့ ပိုလွမ်းရလဲ.. ဘယ်လို လွမ်းရလဲဆိုတာတွေကို ဆက်ဖတ်ချင်ကြရင်တော့ ဆက်ရေးမှာပါ...။ ရေးရရင်ကောင်းမလားဟင် :) )





35 comments:

မမသီရိ said...

အမမေငြိမ်းရေ.. တကယ်တော့ မြသီလာ အလွမ်းပြေ က ခုမှ စမှာပါလား...း)
ဖတ်ချင်တာပေါ့.. အရမ်းပဲ
ရေးပြပါ.. အမမေငြိမ်း လွမ်းနေတာတွေ
ကျန်ခဲ့တာတွေ က.. ရင်နာစရာ အတိတ်တွေ များတယ်လေ.. နော်
အဠါမ်း သန့်သန့် လေး တွေ ပါ ရေးပြ ပါ..း)

မမသီရိ said...

အလွမ်း သန့်သန့် လေး တွေ ပါ ရေးပြ ပါ..း)

မေ said...

အမရေ
ဆက်ရေးပါဦး ... မအားလဲ ဖြည်းဖြည်းချင်းရေးနော် ...

ရွာသားလေးဝိုင်တီယူ said...

ရေးပြရင်ပိုကောင်းမယ်ထင်ပါတယ်ဆရာမ။ ပထမနှစ်တက်တုန်းက သချာင်္ ၁ သစ်တဲ့ စာသင်ကောင်းတဲ့ ဆရာအလုပ်ထွက်တဲ့ပုံလေးကို မြင်ယောင်မိသေးတယ်။ ဆရာကလည်း ကရင် စကားပြောကလည်း ပြတ် ငါနင်တို့ကို လွမ်းနေတော့မှာဟ ဆိုတာနဲ့တင် မျက်ရည်တွေနဲ့ ၀ိုင်းဖက်ငိုကြသေးတာကို သတိရမိတယ်။ အင်း.............

Phyo Evergreen said...

ဆက်ရေးပါဗျာ.. အမှတ်(၁)တည်းကနေအားပေးလားတာ..။ ဘ၀မှတ်တမ်းတစ်ခုရေးဖြစ်တာပေါ့..။

သက်ပိုင်သူ said...

ဆရာမရေ..
ဆက်ရေးပါနော်။။။။
ကျွန်တော် စောင့်ပြီး ဖတ်နေပါ့မယ်

intar said...

ဆရာမ
အခုမှဖတ်ရပေမဲ့ မထနိုင်အောင် အစအဆုံးဖတ်မိတယ်. ဆရာမ ရေးနေတာတွေဟာ ရင်ဘတ်နဲ့ရေးနေတယ်ဆို တာခံစားသိနေရတယ်. စစ်အစိုးရရဲ့နည်းပရိယာယ်တွေ ကြားမှာ ဘာမှ မသိပဲကြီးပြင်းလာရတဲ့မျိုးဆက်သစ်တွေ အတွက် စိတ်မကောင်းဖြစ်မိတယ်. ကျမတို့တောင်နည်း နည်းပဲမီလိုက်လို့ သူတို့ရဲ့နည်းဗျူဟာတွေကို သိနေယင် နဲ့ ခံနေရတယ်.88အရေးအခင်းတုန်းက ကျမက 5တန်းလေ သပိတ်မှောက်တဲ့အထဲမှာ ပါသေးတယ်.ကျောင်းကနေပေါ့
တောင်ပေါ်သူ

mg said...

ဆက်ရေးပေးပါခင်ဗျာ၊ ဆတ်တငန့်ငန့် ကြီးဖြစ်နေပေါ့။

sin dan lar said...

မမေငြိမ်းကိုချစ်လို့ပြောတာနော်... XXXXXXXXX :))

ဆက်ရေးပါ.........................။
စောင့်ဖတ်နေပါတယ်။

ကြည် said...

ဆက်ရေးပါနော်..ဆရာမရဲ့ ထိုင်းက အတွေ့အကြုံတွေကိုလည်း ဖတ်ချင်ပါသေးတယ်။ ဆရာမအမေနဲ့ ကိုရာကျော်ပုံ ကြည့်ရလို့ကျေးဇူးပါ။ ကိုရာကျော်က သနားစရာလေးတဲ့လား..အဲဒီသနားတာလေးက စတာပေါ့နော်။ :P ။

မီယာ said...

ဆက်ရေးပါ ဆရာမ

M.Y. said...

ဆက်ရေးပါ...ခင်ဗျား..မြသီလာအကြောင်း ၊မြသီလာအလွမ်း တွေ မပါတော့ဘူးဆို ရင်တော့ ခေါင်းစဉ်ပြောင်းရေးတာ ပိုကောင်းမလားလို့ ..

"အမ မေငြိမ်းကို ကောင်းစေချင်လို့ ပြောတာ.." နော် :D

P.Ti said...

ဆက်ဖတ်ချင်ပါတယ်... ဆက်ရေးပါ ဆရာမ... ခေါင်းစဉ်ကိုပြောင်းချင်ပြောင်လိုက်ပေါ့... ;)

တောရိုင်းနှင်းဆီ said...

မြသီလာအလွမ်းပြေ များကို စိတ်ဝင်စားစွာဖြင့် အမြဲစောင့်မျှော်ဖတ်နေပါတယ် ....
တကယ့်ဘ၀ပုံရိပ်တွေကို ခံစားပြီးကိုယ်တိုင်ရေးတဲ့ အတွေ့အကြုံတွေမို့ ပိုပြီးစိတ်ဝင်စားမိတာပါ ဆက်ရေးပါ အမ .......

zizawa said...

ဆက်ရေးပါ ဆရာမ။ စောင့်ဖတ်နေပါတယ်။

မေငြိမ်း said...

ဟီးး
လှပါတယ်ဆိုမှ.. ဒါတောင် ရေမချိုးရသေးဘူးဆိုသလို ဖြစ်နေပြီ.. နော်..။ နဂိုကတည်းက ရေးချင်လျက် လက်တို့ကိုများ... :P ..
ပြီးတော့ မြသီလာအလွမ်းတွေကတော့ ပါနေမှာလေ.. တနည်းနည်းနဲ့.. ဒါကြောင့် နာမည် မပြောင်းတော့ ပါဘူး..။ အဓိကက မြသီလာကို လွမ်းရတဲ့ အကြောင်းတွေပါပဲ..။

လွမ်းသုရင် said...

ဆက်ရေးပါ ဆရာမ။ ဖတ်ချင်ပါတယ်။ :)

မေ့သမီး said...

အစ်မဆက်ရေးပါနော်။ ဒီခေတ်စနစ်ဆိုးတစ်ခုထဲမှာ သားကောင်ဖြစ်ရတဲ့သူတွေ၊ မုဆိုးဖြစ်သွားတဲ့သူတွေ၊ သားကောင်လည်းမဟုတ်၊ မုဆိုးလည်းမဖြစ်ဘဲ နာကျင်ခံစားနေရတာတွေအားလုံးကို အစ်မရဲ့စာတွေ ဖတ်ရင်တွေးဆကြည့်လို့ရပါတယ်။ အဲဒါတွေဟာ နောင်တစ်ချိန်အတွက်တော့ မှတ်တမ်းတွေပါပဲ။

Maung said...

RE: ပြဿနာမီးထွန်းရှာခြင်း :)

ကိုရာကျော်

ဆက်သာေ၇းခိုင်း..မဟုတ်ရင် TV ကြည့်လိုက်.လျှောက်သွားလိုက်..နဲ့
ဟိုလိုလိုဒီလိုလို..ဖြစ်နေလိမ့်မယ်..
ဟီး..ဟီး

NL

Want to say said...

ဆရာမရေ သူများကို မလိမ်တာ ကောင်းသလို သူများလိမ်တာ မခံရတာလည်း ကောင်းပါတယ်။ ဒါမှ ပညာရှိ သူတော်ကောင်းဖြစ်မှာ။

Moe Cho Thinn said...

ဆရာမရေ
Autobiography လို ဖြစ်နေတာဆိုတော့ ဒီဖက်က အကြောင်းတွေပါ ပါမှ ပြည့်စုံတော့မှာပေါ့။
ဆရာမ သံခမောက်သာ ဆောင်းထားပေတော့။
ဆရာမကို ကောင်းစေချင်လို့ ပြောတာနော်.. အဟိ။

ယောနသံစင်ရော် said...

တီချယ် .. ဆက်ရေးပါ.. ဖတ်ချင်ပါတယ်။

phoenix said...

မူရင်းပုံပြင်ဟာ Ralston ရဲ့  Krilof and His Fabble စာအုပ်ထဲက ပုံပြင်ပါ။
သရက်မြို့ က ငညှက် ဆိုသူက နတ်မောက်ဘုန်းကျော် ဆီ ကို ရေးခဲ့တဲ့ စာမှာ ဖော်ပြထားတယ် လို့ ဆိုပါတယ်။
နတ်မောက်ဘုန်းကျော်က သူ့ ရဲ့  လူကြီးလူကောင်းဆိုတဲ့  စာအုပ်မှာ ထပ်ပြီးတင်ပြထားပါတယ်။

.....................................

စာရေးဆရာ နှင့် သူခိုး

ရှေးတုန်းက ငရဲပြည်က ယမမင်းကြီး ရှေ့ သို့  စာရေးဆရာ တစ်ဦးနှင့် သူခိုးတစ်ယောက် တစ်ပြိုင်နက် ရောက်လာကြတယ်။ စာရေးဆရာ ဆိုသူဟာ ငရဲပြည်မရောက်မီ လူ့  ပြည်မှာတုန်းက အလွန်နာမည်ကြီး ထင်ပေါ်ကျော်ကြားတဲ့ စာရေးဆရာတစ်ဦး ဖြစ်ခဲ့တယ်။ သူခိုးဆိုသူကတော့ အလစ်သုတ် ဖောက်ထွင်းသူခိုး လမ်းဓားပြလုပ် ဆိုတဲ့  အဆိုးမှန်သမျှ အကုန်လုပ်လာတဲ့ လူပါ။
သူတို့ နှစ်ယောက် ယမမင်းကြီး ထံမှောက်မှာ အစစ်အဆေးခံပြီးတော့ ပြစ်ဒါဏ်အသီးသီး ချမှတ်ခံကြရပါတယ်။ ငရဲသားတွေက ငရဲအိုးကြီးနှစ်လုံးထဲမှာ တစ်ယောက်စီထည့်ပြီး ဒယ်အိုး အောက်မှာ ငရဲမီးတွေ ဖိုပေးလိုက်တယ်။ သူခိုးရဲ့  ဒယ်အိုးအောက်က ငရဲမီးတွေဟာ ၊ မီးတောက်မီးလျှံတွေ ဟိန်းနေပြီး ငရဲခန်းမကြီးရဲ့  ကျောက်သားအမိုးကြီးတောင် တဖျစ်ဖျစ်မြည် လာတဲ့အထိ ပူပြင်းတယ်လို့  ဆိုပါတယ်။ အဲ ... စာရေးဆရာရဲ့  ဒယ်အိုးအောက်ကျတော့ ငရဲသားတွေက ငရဲမီးသေးသေးကလေး ဖိုပေးထားလိုက်ပါတယ်။ အဲဒီ ငရဲမီးသေးသေးကလေးဟာ တဖြည်းဖြည်း ကြီးကြီးလာတာ ငရဲခန်းမကြီး တစ်ခန်းလုံး နီရဲ ထိန်လင်းနေပါသတဲ့ ။


နှစ်ပရိစ္ဆေဒ အတော်ကြာလာတဲ့ အခါမှာ သူခိုးရဲ့  ငရဲအိုးအောက်က မီးတောက်ကြီးဟာ တဖြည်းဖြည်း မီးရှိန်လျော့ပြီး မီးငြိမ်းသွားပါတယ်။ နာမည်ကျော် စာရေးဆရာရဲ့  ငရဲအိုး အောက်က မီးတောက်ကြီးကတော့ ကြာလေ အရှိန်ကောင်းလာလေ ဖြစ်ပြီး မီးတောက်မီးလျှံတွေ ပိုပြီး ကြီးမားလာပါတယ်။ ကြာလေပိုပြီး ပူလောင်လာလေ ဖြစ်နေပါတယ်။ သူခိုးရဲ့  ငရဲမီး ငြိမ်းသေသွားတာ မြင်ရပြီး သူ့ ငရဲမီးက အရှိန်ကောင်းလာတာ တွေ့ ရတဲ့  စာရေးဆရာ နာမည်ကျော်က ..... ငါဟာ ပိုက်ဆံမက်မောပြီး င့ါကလောင်ကို လွတ်လွတ်လပ်လပ် ရေးချင်ရာရာတွေ ရေးခဲ့တဲ့  အပြစ်ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူတပါးပစ္စည်းကို မတရားလုယက် ခိုးယူနေတဲ့ သူခိုးနဲ့  နှိုင်းစာလျှင် ငါ့ အပြစ်က ဘာမှ မကြီးလှပါဘူး။ ဒီလို ငါ့မှာ အပြစ်ကြီးကြီး မရှိဘဲနှင့် သူခိုးထက်ပိုပြီး အပြစ်ဒါဏ်ခံရတာတော့ မမျှတပါဘူး၊.... လို့ တွေးမိပြီး ....

ဘုရားသခင် မတရားဘူး....

လို့  အော်ဟစ်ပါတော့တယ်။
..........................................
အဲဒီအခါ ငရဲသူမတစ်ယောက် ဗြုန်းကနဲ ပေါ်လာပြီး နာမည်ကျော်စာရေးဆရာကို ကြိမ်းမောင်းတော့တာပါပဲ။
ဟဲ့ ။။ လူယုတ်မာ ... ။ နင် ဘုရားသခင်ကို ဘာကြောင့်အပြစ်ဆိုနေရတာလဲ ။ နင့်က နင့်ကိုယ်ကို သူခိုးနဲ့  နှိုင်းနေရသလား ။ သူခိုးရဲ့ အပြစ်ဟာ နင်ကျူးလွန်တဲ့ အပြစ်နဲ့  နှိုင်းစာလျှင် ဘာမှ မပြောပလောက်ဘူး။ သူခိုးဟာ လူ့ ဘဝတလျောက်လုံး တရားလက်လွတ် ဥပဒေမဲ့  ဆိုးပေခိုးတိုက်လာတဲ့  အပြစ်ကလေးပဲ ရှိတယ်။
နင့်အပြစ်တွေကို ကြည့်စမ်း။ နင်ရေးသားခဲ့တဲ့  စာပေအဆိပ်တွေဟာ လူတွေရဲ့  စိတ်ဓာတ် စာရိတ္တကို ချိနဲ့  သတ္တိကြောင်စေရုံသာမက ၊ ပတ်ဝန်းကျင် လူ့ လောကကြီး တစ်ခုလုံးကို နှစ်ပရိစ္ဆေဒ ကြာလေလေ၊ အဆိပ်အတောက်တွေ ပျံ့ နှံ့  လာလေလေ ဖြစ်နေတာပဲ။
.................................. ......
ဟိုမှာကြည့်စမ်း။
နင့်အရေးအသားကြောင့် တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့  ဒုစရိုက်ရာဇဝတ်မှုတွေ ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေကြတဲ့သူတွေ၊ မိဘစကားနားမထောင်ဘဲ မိဘကို အရှက်ကွဲ အကျိုးနည်းအောင် မိဘ စိတ်ဆင်းရဲအောင် ဆိုးပေပျက်ဆီးနေတဲ့ ကလေးတွေ ၊ အဲဒီကလေးတွေရဲ့  ဆင်ခြင်တုံတရားတွေ ၊ အကျင့်စာရိတ္တတွေကို ပျက်ဆီးအောင် လုပ်ခဲ့တာ ဘယ်သူလဲ ၊ နင်လုပ်ခဲ့တာ နင်ရေးခဲ့တာ ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို သရော်လှောင်ပြောင်ပြီး လူ့ အသိုက်အမြုံကလေးတွေကို တစစီ ကွဲပြဲသွားအောင် တရားဥပဒေနဲ့  အိမ်ထောင်မှု စည်းကမ်းတွေ ဗရုတ်သုတ်ခ ဖြစ်သွားအောင် ရေးခဲ့တာ ဘယ်သူလဲ ၊ နင် ရေးခဲ့တာ။
...................................
ကြည့်စမ်း။
နင်ရေးတဲ့ စာတွေ ဖတ်ပြီး တစ်တိုင်းပြည်လုံး လမ်းလွဲလိုက်မိတယ်၊ ခိုးမှု ဝှက်မှု ရာဇဝတ်မှုတွေ ၊ သောင်းကျန်းပုန်ကန်မှုတွေ ဖြစ်နေရတာတွေဟာ တိုင်းပြည်ပျက်လု မတတ်ပဲ ။အဲဒါ နင်လုပ်ခဲ့တာတွေ ၊ အဲဒီလူတွေ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဒုက္ခရောက်ခဲ့ ရပြီး ကျဆင်းခဲ့ရတဲ့ ချွေးတွေ သွေးတွေ ၊ မျက်ရည်ပေါက်တွေအတွက် နင့်ကို အပြစ်တင်ရမှာပဲ။
.................................
လူယုတ်မာ။ နင်ရေးခဲ့တဲ့ စာတွေကြောင့် လူသားတွေ ဘယ်လောက် ပျက်စီးဒုက္ခရောက်ခဲ့ ၊ ခံစားခဲ့ရတာကို နင်မြင်ပြီလား၊ နင် ဘုရားသခင်ကို မထီမဲ့ မြင် ပြုဝံ့သေးသလား ။ ကဲ .. ။ အဲဒီအပြစ်တွေ ကျေအောင် နင်ဆက်ပြီး ငရဲခံပေအုံးတော့ ဆိုပြီး ငရဲသူမကလေးဟာ ငရဲအိုးကြီးရဲ့  အဖုံးကို ဂျိမ်းကနဲ ပိတ်ချလိုက်ပါသတဲ့ ။
..................................
ပုံပြင်ကတော့ ဒါပါပဲ။ ဒါပေမဲ့  ဆက်ပြောချင်တာတွေ ရှိပါသေးတယ်။ အခွင့်သာခဲ့ရင်ပေါ့ ။
အော်.. တခုတော့ မှာပါရစေ။ ဖတ်ပြီးသိပြီးသား ဆိုစေအုံးတော့ လက်ဆင့်တော့ ကမ်းစေ့ချင်တယ် ဗျာ။
(ထုံစံအတိုင်း ကျွန်တော် နာမည်သေချာ မဖတ်မိခဲ့တာ ဘလော့ဂါလေးရဲ့ ပို့စ်ပါပဲ...)

မေငြိမ်း said...

စိတ်ချပါ.. ရေးမှာပေါ့..
ကောင်းစေချင်လို့ ပြောကြတာပဲနော်.. :P
want to say.. ကျမကတော့ သူတော်ကောင်း ပညာရှိဖြစ်ဖို့ထက် အားလုံးကို ရိုးရိုးသားသား ပကတိအတိုင်း ရင်ဆိုင်ချင်တာပါပဲ..။ ကိုယ့်ကို လိမ်လို့မှ လိမ်မှန်း မသိတာတော့ မတတ်နိုင်ဘူး ထင်ပါရဲ့..နော်။
ပြီးတော့ Phoenix.. ရေ..
ဘာကိုဆိုလိုတယ်တော့ မသိပါ..။
ဒါပေမဲ့ စာရေးဆရာတိုင်း ငရဲမှာ ကြာရှည်တယ်လို့ ပြောချင်တာဆိုရင်တော့ တော်တော် စိတ်မကောင်းစရာပါပဲ..။ ကိစ္စတော့ မရှိပါ..။ ရေးတဲ့စာဟာ အဆိုးကို ဦးတည်သလား အကောင်းကို ဦးတည်သလားဆိုတာတော့ ကွာပါလိမ့်မယ်..။ စိတ်မပူပါနဲ့.. စာရေးဆရာ အများစုကတော့ လောကကောင်းကျိုးကိုပဲ ဦးတည်ကြပါတယ်..။ ကျမစိတ်ထင်.. ငရဲမင်းက နအဖလောက်တော့ မဆိုးဘူးထင်တာပဲ..။ အနည်းဆုံးတော့ မှန်တဲ့အတိုင်း ဆုံးဖြတ်မှာပါ.. :D

phoenix said...

ဆရာမ
ကျွန်တော်က ဆရာမ စာတွေကို အမြဲ စောင့်ဖတ်နေတာပါ။ဆရာမရဲ့ အမြင်တွေကို ကျွန်တော်အနေနဲ့  ဘာမှပြောစရာမရှိပါဘူး။ ဘယ်သူဆီကိုမှလဲ ကွန်မန့် မရေးဘူးပါ။ဒါက ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်မယ်ထင်ပါတယ်။ိုစာရေးဆရာတိုင်း ငရဲမှာ ကြာရှည်တယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ကျွန်တော် ၃ တန်းလောက်ထဲက ပုံပြင်စာအုပ်တွေ စဖတ်တာက စပြီး အခုထိ စာတွေ ဖတ်နေတုန်းပါ ဆရာမ။ အဲဒီလောက်ဆို စာရေးဆရာတွေကို ကျွန်တော် ဘယ်လို သဘောထားမယ် ဆိုတာ ဆရာမ ခန်ံ့မှန်းနိုင်မယ် ထင်ပါတယ်။ ကျွန်တော် ဆိုလိုချင်တာက စာရေးဆရာ တစ်ယောက်ရဲ့ အရေးပါမှုကိုပါ။ လူတွေရဲ့ အတွေးအခေါ်အယူအဆတွေဟာ သူတို့ အမြဲလေးစား အားကျတဲ့ စာရေးဆရာတွေ ရဲ့အရေးအသားပေါ်မှာ အများကြီး မူတည်နေတယ်ဆိုတာကို ဆိုလိုချင်တာပါ။ ကျန်တဲ့ရည်ရွယ်ချက် ဘာမှမပါပါဘူး ဆရာမ။ မြသီလာအလွမ်းပြေ ကို ကျွန်တော် စဖတ်ကထဲက ကြိုက်လို့  အမြဲတမ်း စောင့်ပြီး ဖတ်နေတာပါ။ ဒါပေမယ့် စာရေးဆရာရဲ့ ပုဂ္ဂလိက ခံစာချက်တွေကို ရေးပြနေတယ်လို့  ကျွန်တော် ထင်မြင်နေတယ်။ လူတွေထဲက လူတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ရဲ့ ထင်မြင် ယူဆချက်ဟာ မှားနိုင်ပါတယ်။ ဒီလိုပဲ စာရေးဆရာလဲ လူသားတွေထဲက လူသားတစ်ယောက်ပါ။ကိုယ့် မျက်စိနဲ့  တွေ့ တာတောင် မှားနိုင်တယ်ဆိုတဲ့ ဥပမာတွေ အများကြီးပါ။ ဒါကြောင့် စာရေးဆရာတစ်ယောက်ဟာ သူရေးတဲ့  စာတွေအပေါ်မှာ သူတစ်ယောက်ထဲနဲ့  ဆိုင်တဲ့ ခံစားချက်တွေ ထည့်မရေးသင့်ဘူးလို့ ထင်မြင်ယူဆမိပါတယ်။ကျွန်တော်တစ်ယောက်ထဲရဲ့ ယူဆချက်ပါ။ ကျွန်တော်ဟာ သာမန်စာဖတ်သူတစ်ယောက်သာ ဖြစ်တဲ့အတွက် ကျွန်တော် ထင်မြင်ယူဆချက်ဟာ ဆရာမလို ဝါရင့် စာရေးဆရာမတစ်ယောက်အပေါ် စော်ကားသလို ဖြစ်သွားရင် နားလည်ခွင့်လွှတ်ပေးပါလို့ ကျွန်တော် စိတ်ထဲကနေ တကယ်တောင်ပန်ပါတယ်။ ကျွန်တော်က စာဖတ်တာပဲ ဝါသနာပါပြီး စာရေးရတာကို အရမ်းပျင်းလို့  နောက်ထပ်လဲ ကွန်မန့်  ရေးဖြစ်မယ် မထင်ပါဘူး။ အခုတောင် ဆရာမ အနေနဲ့  တစ်မျိုးထင်မှာစိုးလို့  ကျွန်တော်ရေးလိုက်တာပါ။ဆရာမ ကိုစော်ကာလိုတဲ့ စိတ် ကျွန်တော်ဆီမှာ လုံးဝမရှိတာကို ရဲရဲကြီးအာမခံ ပါတယ်။ မြသီလာ အလွမ်းပြေ(၃၈)ကို စောင့်မျှော်အားပေးနေပါတယ်။

phoenix said...

ဆရာမ
ကျွန်တော်က ဆရာမ စာတွေကို အမြဲ စောင့်ဖတ်နေတာပါ။ဆရာမရဲ့ အမြင်တွေကို ကျွန်တော်အနေနဲ့  ဘာမှပြောစရာမရှိပါဘူး။ ဘယ်သူဆီကိုမှလဲ ကွန်မန့် မရေးဘူးပါ။ဒါက ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်မယ်ထင်ပါတယ်။ိုစာရေးဆရာတိုင်း ငရဲမှာ ကြာရှည်တယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ကျွန်တော် ၃ တန်းလောက်ထဲက ပုံပြင်စာအုပ်တွေ စဖတ်တာက စပြီး အခုထိ စာတွေ ဖတ်နေတုန်းပါ ဆရာမ။ အဲဒီလောက်ဆို စာရေးဆရာတွေကို ကျွန်တော် ဘယ်လို သဘောထားမယ် ဆိုတာ ဆရာမ ခန်ံ့မှန်းနိုင်မယ် ထင်ပါတယ်။ ကျွန်တော် ဆိုလိုချင်တာက စာရေးဆရာ တစ်ယောက်ရဲ့ အရေးပါမှုကိုပါ။ လူတွေရဲ့ အတွေးအခေါ်အယူအဆတွေဟာ သူတို့ အမြဲလေးစား အားကျတဲ့ စာရေးဆရာတွေ ရဲ့အရေးအသားပေါ်မှာ အများကြီး မူတည်နေတယ်ဆိုတာကို ဆိုလိုချင်တာပါ။ ကျန်တဲ့ရည်ရွယ်ချက် ဘာမှမပါပါဘူး ဆရာမ။ မြသီလာအလွမ်းပြေ ကို ကျွန်တော် စဖတ်ကထဲက ကြိုက်လို့  အမြဲတမ်း စောင့်ပြီး ဖတ်နေတာပါ။ ဒါပေမယ့် စာရေးဆရာရဲ့ ပုဂ္ဂလိက ခံစာချက်တွေကို ရေးပြနေတယ်လို့  ကျွန်တော် ထင်မြင်နေတယ်။ လူတွေထဲက လူတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ရဲ့ ထင်မြင် ယူဆချက်ဟာ မှားနိုင်ပါတယ်။ ဒီလိုပဲ စာရေးဆရာလဲ လူသားတွေထဲက လူသားတစ်ယောက်ပါ။ကိုယ့် မျက်စိနဲ့  တွေ့ တာတောင် မှားနိုင်တယ်ဆိုတဲ့ ဥပမာတွေ အများကြီးပါ။ ဒါကြောင့် စာရေးဆရာတစ်ယောက်ဟာ သူရေးတဲ့  စာတွေအပေါ်မှာ သူတစ်ယောက်ထဲနဲ့  ဆိုင်တဲ့ ခံစားချက်တွေ ထည့်မရေးသင့်ဘူးလို့ ထင်မြင်ယူဆမိပါတယ်။ကျွန်တော်တစ်ယောက်ထဲရဲ့ ယူဆချက်ပါ။ ကျွန်တော်ဟာ သာမန်စာဖတ်သူတစ်ယောက်သာ ဖြစ်တဲ့အတွက် ကျွန်တော် ထင်မြင်ယူဆချက်ဟာ ဆရာမလို ဝါရင့် စာရေးဆရာမတစ်ယောက်အပေါ် စော်ကားသလို ဖြစ်သွားရင် နားလည်ခွင့်လွှတ်ပေးပါလို့ ကျွန်တော် စိတ်ထဲကနေ တကယ်တောင်ပန်ပါတယ်။ ကျွန်တော်က စာဖတ်တာပဲ ဝါသနာပါပြီး စာရေးရတာကို အရမ်းပျင်းလို့  နောက်ထပ်လဲ ကွန်မန့်  ရေးဖြစ်မယ် မထင်ပါဘူး။ အခုတောင် ဆရာမ အနေနဲ့  တစ်မျိုးထင်မှာစိုးလို့  ကျွန်တော်ရေးလိုက်တာပါ။ဆရာမ ကိုစော်ကာလိုတဲ့ စိတ် ကျွန်တော်ဆီမှာ လုံးဝမရှိတာကို ရဲရဲကြီးအာမခံ ပါတယ်။ မြသီလာ အလွမ်းပြေ(၃၈)ကို စောင့်မျှော်အားပေးနေပါတယ်။

မေငြိမ်း said...

Phoenix...
တကယ်လည်း အဲဒီပုံပြင်က နည်းနည်း တဘက်သတ် ဆန်တယ်လေ..။ နောက်တခု .. ကျမရဲ့ ပုဂ္ဂလိက ခံစားချက်ဆိုလည်း ငြင်းစရာ မရှိပါဘူး.. ဘာလို့လဲဆို တော့ ကျမ မြသီလာအလွမ်းပြေကို စရေးကတည်းက Memoirs ဆန်ဆန်ရေးချင်တာလို့ ပြောခဲ့ပါတယ်။ နောက်တခုက ကျမရဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေဟာ ခေတ်ပြိုင် ခံစားချက်ဖြစ်သလို ပြည်သူလူထုရဲ့ ခံစားချက်လည်း ဖြစ်ပါတယ်။ ကျမရေးနေတာ.. ကျမတို့ မိသားစုအကြောင်းချည်းပဲ ရေးနေတာ မဟုတ်ဘူး ထင်တာပဲလေ..။ (ပုဂ္ဂိုလ်ရေး ရေးတယ်ဆိုလို့ပါ)။ ပြီးတော့ Blog ဆိုတာကိုကလည်း ကိုယ် ရေးချင် တာလေး ရေးဖို့ လုပ်ထားတာပါပဲ..။ ထားပါတော့။ ကျမကလည်း အဲလို ရှင်းပြလေ့ မရှိပါဘူး။ တဘက်က ကျမ အထင်လွဲမှာ စိုးတယ်ဆိုလို့ ကျမကလည်း ပြန်ပြောပြတာပါ.. ဘာပဲဖြစ်ဖြစ် မြသီလာကို စောင့်ဖတ်တယ် ဆိုလို့ လည်း ပါတာပေါ့။ တခု သေချာတာကတော့ ကျမ ခံစားချက် နဲ့ ကြုံရတာတွေက ဆိုးတယ်..ဆိုရင် .. ကျမတို့ ပြည်သူလူထုက ဒါ့ထက် ပိုဆိုးတယ် ဆိုတာပါပဲ။ တက္ကသိုလ်က ကထိက တယောက် တောင် ဒီလောက် ဒုက္ခရောက်ရင်.. စဉ်းစားသာ ကြည့်ပါ တော့။ အဲဒါပါပဲ..။ ကျေးဇူးတင်ပါတယ်။

မလေးမေ said...

အန်တီမေငြိမ်းဆက်ရေးပါ ...
အန်တီအိမ်ပြောင်းပီးနောက် ပိုင်းစာရေးတာတွေနှေး
သွားပေမယ့် စောင့်ဖတ် နေဆဲပါ ..
အန်တီတို့ မြန်မာစာငှာနမှာ မလေးမေ ဘကြီးနဲ့ မြန်မာစာ ရှိပါတယ်.. နောက်ပြီးတော့ အန်တီမေငြိမ်းမြင်ခဲ့ဘူးတဲ့
ကိုဘုန်းမော်အကြောင်းနောက်မှ မေးချင်ပါသေးတယ်.. ဟီး .. မြန်မြန်လဲရေး.. များများလဲရေးနော့

ကိုဖီးနစ်ရေ .. ဒါကတော့ .. ဘယ်သူမဆို ကိုယ်စီကိုယ်ငှဝေဒနာကိုယ်စီပါပဲ .. အထက်လူကြီးတွေကို မစာနာရကောင်းလား လို့ လည်းမပြောပါနဲ့ ..
သူတို့ လည်းခံစားချက်ရှိကောင်းရှိပါလိမ့်မယ် .. ဒါပေမယ့်လည်း
တကယ်ခံရတဲ့ လက်အောက်ငယ်သားမှာလဲ
နှလုံးသားနဲ့ ပါ ..
အန်တီမေငြိမ်းဘက်ကချည်းဘက်လိုက်တယ်
မပြောလိုက်ပါနဲ့ ...
မယုံမရှိပါနဲ့ ..အန်တီမေငြိမ်းရေးတဲ့ စွယ်တော်ရိပ်
အကြောင်း ပိုစ့်တခုမှာ ဖတ်ရင်း ၀မ်းနည်းပမ်းနည်း မျက်ရည်ဝဲခဲ့ရပါတယ်.. သြော်..ငါတို့ ဘ၀ကျ အန်တီမသိရှာဘူး၇ယ်လို့  .. :(
ပေဖြစ်ရတဲ့ဘ၀မှာ နဲနဲအထုခံရတာနဲ့ များများအထုခံ
ရတာပဲကွာတာ ..ကြားက နှစ်ပြန် အထုခံလိုက်ရတာ
ပြောပြချင်တယ်တကယ် :( ..
နောက်မှ အခွင့်ရရင် န်တီမေငြိမ်းကို
ပြောပြချင်တာတွေ အများကြီးပါပဲ ..
ခင်တဲ့
မလေးမေ

nyimuyar said...

ဆက်ရေးပါ ဆရာမ မေငြိမ်း ခင်ဗျာ။ တကယ်လို့  ခေါင်းစဉ် ပြောင်းရေးမယ်ဆိုလည်း ကောင်းပါတယ်ဗျာ။ မြသီလာ ဆိုလို့  ဒီနှစ် ရန်ကုန်ပြန်တော့ ကျောင်းထဲကို ခဏခဏ ရောက်တယ်။ အဓိပတိ လမ်းက ၀င်ရင် ညာဘက် ဒုတိယဆောင်ကြီး နာဂစ်တုန်းက ပျက်သွားတာ ခုထိ မပြင်ရသေးဘူး အမိုးတွေ တော်တော်များများ ဟောင်းဟောင်းနဲ့ပေါ့ဗျာ။

PAUK said...

မမေငြိမ်း..
ဆက်ရေးပါနော်....
မမန့်ဖြစ်ပေမဲ့ ပို့စ်တိုင်းဖတ်ဖြစ်ပါတယ်..

Nge Naing said...

ဆရာမရေ လိပ်စာပျောက်သွားတာရော မအားလပ်တာပါ ပေါင်းပြီး ဆရာမဘလော့ဂ်ကို မရောက်တာ အတော်ကြာသွားတယ်။ ရောက်တော့လည်း တော်တော်နဲ့ ပြန်ထွက်လို့မရပဲ စာတွေဆုံးအောင် ဖတ်ပြီးတဲ့အထိ ဆွဲခေါ်သွားခြင်း ခံရတဲ့အပြင် နောက်ထပ်အဆက်တွေကိုလည်း မျှော်နေပါတယ်။ မြန်မာပြည်တွင်းက ဆရာဆရာမတွေရဲ့ အခြေအနေကို သိခွင့်ရတာလည်း ကျေးဇူးတင်ပါတယ်။
အားပေးလျက် လေးစားလျက်ပါ
ငယ်နိုင်

mm thinker said...

အစ်မရေ
ဆက်ရေးပါဦး။
ထိုင်းမှာ အထူးသဖြင့် ဇင်းမယ်မှာ ပညာရေး အဆောက်အဦ၊ ပညာရေးအဆင့်အတန်းကို မြန်မာပြည်နဲ့ ယှဉ်ပြပေးပါလား။

ဆရာမတစ်ယောက်အနေနဲ့ ကျောင်း၊ ကျောင်းသား၊ ကျောင်းရဲ့ ပတ်ဝန်းကျင် ဆိုတာတွေကို ဘယ်လို မြင်လဲလို့။

တန်ခူး said...

မ ရေ… လာဖတ်ပြီးတာကြာပြီ… ကော်မန့် တင်မရဖြစ်နေလို့ …

မရဲ့မေမေ စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့  အသက်ရာကျော်ရှည်ပါစေလို့ ။ (တိုက်ဆိုင်မှုတွေအတွက် ကြည်နူးရပါတယ် မ ရေ)

မြသီလာထဲက ချစ်စရာမိသားစုလေးရဲ့ ဘ၀အမောတွေတခန်းရပ်တဲ့အခါ ကြည်နူးစရာ စာမျက်နှာတွေကိုလဲ ဖတ်ရင်းကြည်နူးချင်ပါသေးတယ်။ ဒါမှပဲ မြသီလာက ပိုတက်ကြွစရာကောင်းမှာပါ မ ရယ်။ အဆိုးတွေလဲ အမြဲမရှိပဲ အကောင်းတွေတလှည့် လာတတ်တာကို မြသီလာက တဆင့် အင်အားဖြည့်ပါရစေ။ ဝေးလေလွမ်းလေမို့  မြသီလာအလွမ်းက ခုမှ အရှိန်တက်လာတာပါ မ ရေ။ အလွမ်းတွေ မျှော်နေဦးမယ်နော်။

တခုတောင်းဆိုချင်တာက မြသီလာနဲ့ ဝေးမနေချင်ဘူး မရေ… ဒီတော့ မြသီလာဇာတ်သိမ်းရင် မျှော်လင့်ချက်လေးတွေနဲ့  ဇာတ်သိမ်းပေးပါ မ ရယ်။ တချိန်ကျရင် မြသီလာကို ချစ်တဲ့ ဆရာမငြိမ်းခက်ခက်ကို မြသီလာက စာသင်ခန်းတွေထဲမှာ ပြန်မတွေ့ ရဘူးလို့  ဘယ်ပြောနိုင်မလဲနော်။ အခွင့်ရရင် မြသီလာအရိပ်မှာ ပြန်ခိုဝင်ချင်ပါသေးတယ် မ ရယ်။

Law Shay said...

တူတူပဲ ခင်ဗျ။ အထက်တန်းကျောင်းနဲ့ မိသားစုကလွဲလို့ ဘာကိုမှ မလွမ်းဘူး။

ma said...

စာဖတ်ရတိုင်း ခံစားမှု တခုခုအစဉ်ရပါတယ်။