မြသီလာ (၃၅)နဲ့ ၂၀၀၄ခုနှစ်အပိုင်းအခြားကို ရေးဖို့ ကျမ တော်တော်ကို စိတ်လျှော့ခဲ့ရပါတယ်။ ကျမ မရေးရက် လို့ မရေးထွက်လို့ ချန်ထားခဲ့တာတွေလည်း အများကြီးပါ..။ ကျမရေးခဲ့တာတွေက အားလုံး ကိုယ်တိုင် သက်သေ ခံနိုင်တဲ့ မျက်မြင်ကိုယ်တွေ့ကိစ္စတွေ ချည်းပါ..။ မသေချာဘူးထင်တာကို ကျမ မရေးခဲ့ပါဘူး။ ဥပမာ ဆရာမလေး ကို Rape လုပ်တဲ့ ကျောင်းသား၃ယောက် မေဂျာပြောင်းပြီး တာဝတက္ကသိုလ်မှာ အခန့်သား ကျောင်းတက်နေကြ တယ်ဆိုတာ… ကျမကိုယ်တိုင် မမြင်ရလို့ ထည့်မရေးတော့တာပါ။ (ဆရာမလေးကတော့ စိတ်ပုံမှန် မဟုတ်တော့ တာကို ကျမကိုယ်တိုင် တွေ့နေရတာပါ။ အဲဒါကျတော့ မရေးရက်လို့ မရေးတော့တာပါ)။ ပြီးတော့ ဘယ်ဌာနက ဘယ်ပါမောက္ခက လာဘ်ယူပြီး ဘယ်သူတွေကို အအောင်ပေးတာ.. ဘယ်သူတွေကို ဂုဏ်ထူးတန်း ပေးတက် လိုက်တာတွေ… ကျမ မရေးတော့ပါဘူး။ ဒါပေမဲ့ တချိန်.. အဲဒီလူတွေက တိုင်းပြည်နဲ့ လူမျိုးအပေါ် ရက်ရက်စက်စက် လုပ်လာတာမျိုးရှိရင်တော့ ကျမက ခုနှစ်နဲ့ နာမည်နဲ့ကို ဖွင့်ချမှာလို့ ဆုံးဖြတ်ပြီးသားပါ။
အဲလို မတရားမှုတွေ ရှိသလိုပဲ ထမင်း၀၀စားရဖို့ထက် သိက္ခာကို ဖက်တွယ်ရင်း ဒုက္ခရောက်နေ ကြရတဲ့ သူတွေ အကြောင်းလည်း ကျမ ချန်ခဲ့တာတွေရှိပါတယ်။ ကာယကံရှင်တွေက ထုတ် မပြောချင်တာမျိုး ဖြစ်မှာစိုးလို့ပါ။ မြသီလာတလျှောက် ဆရာမအနေနဲ့ ကျမ ကြုံခဲ့ရတဲ့ ဒုက္ခဆိုတာတွေက တကယ်တော့ ကျမလို ဆရာ ဆရာမမျိုး တွေကို ကိုယ်စားပြုတဲ့ ဒုက္ခပါပဲ။ ကျမသူငယ်ချင်းဆရာမတယောက်ဆိုရင် ကျောင်းမှာ အချိန်ပြည့် တာဝန်ယူရ တာ တဘက်.. အပိုဝင်ငွေရဖို့အရေး ကျူရှင်ပြေးပြရတာက တဘက်နဲ့ နောက်ဆုံး အိမ်ထောင်ဖက်က နားမလည် နိုင်ဘဲ ဖောက်ပြန်သွားတဲ့အတွက် ကွဲကြကွာကြ ဖြစ်ရတဲ့ အထိပါ။ (ကျမတောင် အိမ်မှာ အမေက ဒိုင်ခံ ပံ့ပိုးပေး နေလို့ ကိုယ့်အလုပ်ကို နောက်ဆံ မတင်းဘဲ လုပ်နိုင်နေ တာလေ)။ ကျမ သူငယ်ချင်းခမျာ ကလေးတွေ တို့လို့ တန်းလန်းနဲ့.. ကျောင်းတာဝန် တွေ တဘက်…. ပိုလို့သာ ပင်ပန်း ဆင်းရဲပြီး နောက်ဆုံး ၁၇နှစ်သာရှိသေးတဲ့ သားက မိန်းမ ခိုးပြေးသွားတဲ့အထိ..။ ဘ၀တွေကို ပေးထားရတာ..။ အိမ်ငှားခ ပေးဖို့လောက်ပဲ ရတဲ့ လစာအတွက် တနေ့တနေ့ ကျောင်းမှာ ပေးရတဲ့အချိန်တွေ…။ အဲဒီလို အချိန်ပေးပြီး ပညာတတ်တွေ မွေးထုတ်ရတာ ဆိုရင်လည်း ကျမတို့ ဆရာမတွေ ဘ၀အနာခံ.. အချိန်တွေ အနာခံရကျိုး နပ်ဦးမှာပါ။ ခုတော့…။
ဆရာဆရာမတွေခမျာ.. စာမေးပွဲတွေ အချိန်ပေး ခွန်အားပေးပြီး စောင့်ရ.. အမှတ်တွေ စစ်ရ..။ တကယ်တမ်း ကျတော့ (၃၅)မှာ ပြောခဲ့သလိုပဲ ကျောင်းသားတွေ အဖြေစာအုပ်မှာ ခုံနံပါတ် တပ်ရုံနဲ့ကို အအောင် ပေးနေတာ ပါ။ ကျမတို့မှာသာ ခွန်အားတွေ ပြုန်းတီး။ (ကျမ တပည့်တယောက်ဆို ဂုဏ်ထူးတန်းတက်နေတာ ကနေ.. ကျူတာစာမေးပွဲ ဖြေရမယ်ဆိုလို့ ကျူတာပြန်မလုပ်ချင်ဘူးဆိုပြီး အဲဒီ ကျူတာစာမေးပွဲကို သွားမဖြေဘဲနေတာ..။ အောင်စာရင်းထွက်တော့ သူ့ နာမည်ပါလာလို့.. ဘယ်လိုလုပ်ရမလဲလို့ ကျမကို လာတိုင်ပင်ဖူးပါတယ်။ အဲဒါလည်း ၂၀၀၄ မှာပဲ။ အဲဒီကာလလောက်မှာပဲ ဘယ်သူစလိုက်မှန်းမသိတဲ့ စာချိုးတခု တက္ကသိုလ်လောကမှာ ပေါ်လာတာ.. “လမ်းအထိုထို တက္ကသိုလ်.. တွေ့သမျှလူ ပါရဂူ.. မြင်မြင်သမျှ ပါမောက္ခ…” တဲ့။ ကျမကတော့ အဲဒီ အဖြစ်အပျက်တွေထဲမှာ တကယ်ပဲ သွေးပျက်လာပါတယ်။
ဆရာတွေက ကျမကို တွေ့တိုင်း ဘယ်တော့ ပါရဂူတန်းတက်မှာလဲဆိုတာ မေးကြပါတယ်။ ကျမကတော့ ပိုက်ဆံ မတတ်နိုင်ဘူးလို့ပဲ တွင်တွင် ဖြေပါတယ်။ ဒါပေမဲ့ အဲဒီအတွက် အဖြေကလည်း ဆရာတွေဆီမှာ မရှိပါဘူး။ တချို့(ကျမရဲ့ တပည့်မတော်ဖူးတဲ့) ဂျူနီယာ ဆရာမလေးတချို့က ကျမကို မျက်ခုံး ပင့် ပင့်ပြီး ကြည့်စ ပြုလာပါပြီ။ အဲဒီ ၂၀၀၄ထဲမှာပဲ ကျမ ကထိကလုပ်သက် ၅နှစ်ပြည့်လို့မို့ ၂၀၀၅ဆိုရင် တွဲဖက် ပါမောက္ခ တင်ရ တော့မယ်တဲ့။ ပါရဂူဖြေဖို့ လုပ်မှာလားဆုံးဖြတ်တော့... ဆိုတဲ့ အချက်ပေးသံတွေ မြည်လာပါတယ်။ တကယ်တော့ စာတော်တော် မတော်တော်.. စာသင်ကောင်းကောင်း မကောင်းကောင်း.. အချိန်တန်ရင် ကထိကတွေ ပါမောက္ခ တွေ အလိုလို ဖြစ်ဖြစ်သွားတဲ့ ဒီစံနစ်ကိုလည်း ကျမ ဘ၀င်မကျတော့ပါ။ ကျမစိတ်ထဲ မြသီလာနဲ့ ပတ်သက်ရင် ချစ်စိတ်လျော့လာတာလည်း အမှန်ပါပဲ။
+++++
ဒဂုံတက္ကသိုလ်ထဲ မောမောနဲ့ အချိန်ရသလောက်လုပြီး ကျမရဲ့ ချစ်သော မြသီလာကြီးရှိရာဆီ ကျမ ပြေးပြေး သွားပြီး အမောဖြေတဲ့အခါမှာရော…။ မြသီလာကတောင်မှ ကျမကို စိမ်းစိမ်းကြီး ကြိုပါပြီ။ စာကြည့်တိုက်မှာ စာအုပ်ငှားဖို့ သွားတော့ ပါရဂူတန်း တက်နေသူတွေကိုသာ ငှားပါသတဲ့။ ပြီးတော့ ရန်ကုန်တက္ကသိုလ်က မဟုတ်ရင် စာကြည့်တိုက်မှာပဲ အပြီးထိုင်ဖတ်ပါ.. အိမ်ကို မငှားပါ..တဲ့။ ပြီးတော့ ဆံထုံးနဲ့ ခြင်းတောင်းနဲ့ ဆရာမရယ်လို့ သေချာတဲ့ အပြင်အဆင်နဲ့ အသက် ၄၀၀န်းကျင်တွေကိုတောင်မှ မြသီလာ အစောင့်တွေက ကဒ်ပြားတွေ စစ်ပါတယ်.. ဘယ်သွားမှာလဲ မေးပါတယ်။ မြသီလာဟာ တံခါးနဲ့ ဓားနဲ့ ဖြစ်ခဲ့ပြီ။ တောင်ငူကင်တီးမှာ ဟိုးတုန်းကလို သွားထိုင်ပြန် တော့လည်း တချို့(ကျမရဲ့ တပည့်မတော်ဖူးတဲ့) ပါရဂူသင်တန်းသူ ဂျူနီယာ ဆရာမလေး တချို့က ကျမကို မျက်ခုံး ပင့် ပင့်ပြီး ကြည့်စ ပြုလာပါပြီ။
မိန်းထဲရောက်လို့ အဲဒီပညာရေးလောကထဲက စိတ်ဆင်းရဲစရာတွေကို ပြောတဲ့အခါ ကျမရဲ့ ဆရာရင်း တချို့ ကတောင် ကျမကို တချို့ကိစ္စတွေမှာ သိပ်မခံစားဘဲ အလိုက်သင့်နေပါတဲ့။ ‘ယောနိသော မနသီကာရ’ ကို နှလုံးသွင်းပါလို့ ကျမကို ဆုံးမ လာပြီ။ ကျမကတော့ ဒီကိစ္စတွေဟာ အသင့်အတင့် နှလုံးသွင်းရမယ့် ကိစ္စ မဟုတ်ဘူးလို့သာ ခံစားနေရတာပဲ။ အဲဒီအချိန်တွေထဲမှာပါပဲ….
ကျမဘ၀မှာ သင်ကြားရေးနဲ့ ပတ်သက်ရင် စံထားလောက်အောင် တော်တဲ့ ဆရာ ၂ယောက်.. အလုပ်ကနေ ထွက်.. စိတ်ကျပြီး အရက်တွေ နင်းသောက်နေတာ.. တွေ့ခဲ့တာ..။ (ခုတော့ အဲဒီဆရာလည်း ခပ်ကြောင်ကြောင် ဖြစ်နေတယ်လို့ သတင်းကြားရပါတယ်)။ အဲသလိုပဲ တော်တဲ့ ဆရာတစ်ယောက်လည်း အလုပ်ထွက်ပြီး အပြင်မှာ ၁၀တန်း ကျူရှင်ပဲ ပြနေတော့တာ..။
နောက် ဘယ်လောက်မှ မကြာဘူး.. အဲဒီ နှစ်ယောက်ထဲက တယောက်ဖြစ်တဲ့ ကျမရဲ့ တကယ့် ကျေးဇူးရှင် ဆရာ လို့ ပြောရမယ့် အကိုတယောက်ကတော့ ဆုံးပါးသွားခဲ့တာ… လူတွေက အရက်သောက်လို့လို့ အပြစ်တင်ကြ ပါတယ်။ ကျမကတော့ အဲဒီ အကိုဟာ ဆရာထက်တပည့် လက်စောင်းထက်လို့ စာမေးပွဲ အချခံရရာက စိတ်ကျပြီး ဆုံးပါးရတာလို့ သိနေပါတယ်။ သူဟာ သိပ်ကို တော်တဲ့ ဆရာ.. ဒါပေမဲ့ ဆရာဖြစ်ခွင့် မရခဲ့သူ..။
နောက်တော့ ကျမရဲ့ ပတ်ဝန်းကျင်မှာ တပည့်တွေအပေါ် စေတနာထားတဲ့ မှန်မှန်ပဲ စကားပြောပြီး စကား ပြတ်ပြတ်ပြောတတ်တဲ့ ဆရာ ဆရာမတွေကို ကျောင်းသားတွေက စောင်းမြောင်း စော်ကားတာ..။ တပည့်တွေကို မျက်နှာချိုချိုနဲ့ ဆက်ဆံပြီး အောင်စာရင်း အရောင်းအ၀ယ်လုပ်တဲ့ ဆရာဆရာမတွေကျတော့ ကျောင်းသား တွေက လုံးထွေး.. စော်စော်ကားကား နောက်ပြောင်တာလည်း ရှိ။ အသက်ခပ်ကြီးကြီး ဆရာကြီး ဆရာမကြီးတွေ ခမျာတော့ လူကြိုက်နည်း ကုန်ပစ္စည်းများလို.. ကျောင်းအလုပ်တွေ ဖိလုပ်ပြီး ရတဲ့ လစာနဲ့ လောက်အောင် သုံးရတာမို့ ညှိုးညှိုးငယ်ငယ် မှိန်မှိန်ဖျော့ဖျော့။
ကျမကတော့ အဲဒီအချိန်မှာ သားကြီးက ၈တန်းကျောင်းသား…။ သမီးလေးက Private Preschool တခုမှာ တက်နေ.. သားငယ်လေးက ၁နှစ်သား။ သားကြီး ဖယ်ရီခက တလ ၅ထောင်၊ ကျူရှင်ခက ၂သောင်း၊ သမီး ဖယ်ရီနဲ့ ကျောင်းလခက ၃သောင်း၊ မုန့်ဖိုးတွေ မပါသေး။ သားငယ်လေး နို့မှုန့် Dumax ဖိုးက တလ ၂သောင်းလောက် ရှိတယ်။ အိမ်အဖော် ကလေးမလေး က ၁သောင်း…။ ကျမလစာက ၁သောင်းခွဲ.. ယောက်ျားက မလေးရှားကနေ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာတောင်မှ တလ ၂သိန်းလောက် အနိုင်နိုင် ပို့ရတာ…။ ဒါပေမဲ့ ကျမနဲ့မှ စာသင်ချင်ပါတယ်လို့ လိုက်လာတဲ့ အဝေးသင်ကလေးတွေကို အိမ်မှာ နေရင်းကနေ.ကျူရှင်သင်တာက တလကို တသိန်းတော့ အသာလေးရတာပဲ..။ ဒါတောင် ကျမမှာ သားကြီးကို သူ့သူငယ်ချင်းတွေနဲ့ တန်းတူအောင် ကွန်ပျူတာ ၀ယ်မပေးနိုင်..။ သားကြီးက TTC မှာ တက်တာမို့ ပတ်ဝန်းကျင်က ပိုကြီးလေတော့ အမီလိုက်ဖို့က တော်တော် လက်ပမ်းကျတာပါ။ နွေရာသီမှာ သားကို အင်္ဂလိပ်စာ သင်တန်းပို့ဖို့…။ နောက် ၉တန်းအတက်မှာ ကျူရှင်တွေ ကြိုထားဖို့က တလ၃သောင်းတဲ့။ အံမယ်မင်းး။
သေချာတာကတော့ ကျမသာ သေသေချာချာ ကျူရှင်ပြမယ်ဆိုရင်တော့ ကျမကလေးတွေကို လူတန်းစေ့ ထားနိုင်မှာပါ။ ဒါပေမဲ့ ပိုက်ဆံလိုချင်ဇောနဲ့ ကျူရှင်ပြရတာမျိုး ကျမ မလုပ်ချင်ပါဘူး။ ဒါပေမဲ့ မလုပ်ရင်လည်း မဖြစ်တော့ဘူးဟေ့ဆိုရင်.. ကျမ ဘာလုပ်မလဲ…။
+++++
အဲဒီတုန်းက ကျမရဲ့ ထွက်ပေါက်ကလေး နောက်တခုက စနေညနေတွေမှာ မြို့ထဲထွက်ပြီး မဂ္ဂဇင်းတိုက်တွေ သွားတာ.. သူငယ်ချင်းစာရေးဆရာတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်တာပါ။ ဖြစ်ချင်တော့ ၂၀၀၄ ရက်တွေထဲ ကျမရဲ့ အဲဒီ လေထန်ကုန်းဝန်းကျင်လေးမှာလည်း အသက်ရှူ ကျပ်စရာတွေ… မောစရာတွေချည်း မြင်ရ.. ကြားရ.. ခံစားရ။ မှတ်မှတ်ရရ… အဲဒီ ၂၀၀၄ ထဲမှာပဲ အယ်လ်ဖြူ ဆုံးပါတယ်..။ နောက် တစ်လမှာ သားကြီးအဖေ ဆုံးပါတယ်… နောက်တစ်လ ကိုငှက် ဆုံးပါတယ်။ ကိုငှက်ဆုံးပြီး နောက်တရက်မှာပဲ ဆရာကြီးမင်းသုဝဏ် ဆုံးပါတယ်..။ ပြန်စဉ်းစားကြည့်တော့ ဆရာဇော်ဂျီ.. မရှိတော့.. ဒေါ်ခင်နှင်းယု မရှိတော့… ဒေါ်ခင်မျိုးချစ် မရှိတော့… ကိုချောနွယ် မရှိတော့.. မင်းမင်းလတ် မရှိတော့…။ ကိုခင်ဝမ်း မရှိတော့.. ဒိုးလုံး မရှိတော့… ဗဒင် မရှိတော့.. စောဘွဲ့မှူး မရှိတော့။ တဖြည်းဖြည်းနဲ့တော့ ကုန်ပြီဆိုပါတော့… နောက်တော့ ကျမ ချစ်တဲ့ တန်ဖိုးထား တဲ့ သူငယ်ချင်းတွေ ၀န်းကျင် (Celebrities ဆိုသူများ) ထဲမှာ ကျမချစ်ခဲ့တဲ့ ရင်းနှီးပွင့်လင်းမှုတွေ မှိန်ဖျော့ခဲ့ပြီ။ အားလုံးရဲ့ စိတ်တွေ.. နှလုံးသားတွေ.. ယုံကြည်မှုတွေ.. ခံစားချက်တွေထဲမှာ ပိုက်ဆံကသာ လွှမ်းမိုးနေခဲ့ပြီ။ ခေတ်ကိုကလည်း အဲလိုဖြစ်ခဲ့ပြီ။ အဲလို စီးကြောင်းထဲ မပါတဲ့ ကိုငှက် ကျပြန်တော့လည်း လောကထဲက အလျင်စလို ထွက်ခွာသွားခဲ့ပြီ။ အဲဒီတုန်းကဆိုရင် “အရင်ကလို..” ဆိုတဲ့ စကားစုလေးကိုတောင်မှ ကျမ လွမ်းဆွတ်နေခဲ့တာ မှတ်မိပါတယ်။
+++++
တကယ်တော့ အနားမှာ တိုင်ပင်ရင်ဖွင့်စရာ ရာကျော်လည်း မရှိတဲ့အခိုက်.. ၀န်းကျင်က ဒဏ်ရာဒဏ်ချက် တွေကလည်း ကိုယ့်ကို ရိုက်ခတ်လာတဲ့ အချိန်… သားကြီးရဲ့ မျက်လုံးထဲမှာ သူ့ဘ၀အပေါ် မကျေနပ်တာတွေ ရှိလာတာတွေကို ကျမ မြင်လာရ…။ ကျမ၀န်းကျင်မှာ အလိုလောဘတွေက မြင့်မြင့်တက်လာ…။ မြင်ကွင်းတွေ ထဲမှာ ဒေါသနဲ့ မောဟတွေက သိသိသာသာ တိုးထွက်လာကြ..။
တနေ့ ကျမ ဘတ်စ်ကားနဲ့ မြို့ထဲသွားတဲ့အခိုက် ကျမ လေးစားရတဲ့ ပါမောက္ခဆရာကြီး တယောက်ကို စပယ်ယာက အော်ငေါက်ပြီးတော့ ‘ဟိုမျက်မှန်နဲ့ဘကြီး.. အထဲတိုးပါဆိုတာ မတိုးဘူးလား’လို့ ပြောတာကို ကျမ တွေ့နေရပါတယ်။ ဆရာကြီးက “ငါ့ကို မင်းပဲ နောက်ကနေ တိုးသွားဆိုလို့ တိုးလာလို့ ဒီနား ရောက်လာတာ လေကွာ..” လို့ ပြန်ပြောတော့ စပယ်ယာက ‘ဘာမှ ပြန်ပြောမနေနဲ့ တိုးနိုင်ရင်တိုး မတိုးနိုင်ရင် ဆင်း.. Taxi စီး’လို့ ပြောတာ.. ကျမတို့ တည့်တည့်တောင် မကြည့်ရဲတဲ့ လေးစားချစ်ခင်ရတဲ့ ဆရာကြီးကိုပါ။ ကျမ တိတ်တိတ် မျက်ရည်ဝဲခဲ့ရပါတယ်။ ကိုယ်တိုင်လည်း ဘာမှ မတတ်နိုင်တဲ့ အခြေအနေမှာ.. ဆရာကြီး စိတ်မကောင်း ဖြစ်သွားမှာ စိုးတဲ့အတွက်သာ ကျမကို မမြင်အောင် ခေါင်းကို တဘက် လှည့်ထားရပါတယ်။ ကျမတို့ ပတ်ဝန်းကျင်ကတော့ လူ့တန်ဖိုး.. လူကြီးတယောက်ရဲ့ တန်ဖိုးနဲ့ ဂါရ၀ဆိုတာတွေကိုတောင် အသိအမှတ် မပြု တော့တဲ့ ၀န်းကျင်ဖြစ်နေပါပြီ။
အဲဒီအကြောင်းပြောရရင်.. ဒီစပယ်ယာက ဆရာကြီးကို ဆရာမှန်းမသိလို့ ပြောတယ် ဆိုပါတော့။ ကျမ ကိုယ်တိုင် ကတော့ ဆရာမအ၀တ်အစားနဲ့ ဒဂုံတက္ကသိုလ်အသွား ကျောင်းထဲ ဌာနရှေ့မှတ်တိုင်မှာ ကျမ ဆင်းရမှာကို ကားရပ်မပေးလို့ “ဒီမှာ ဆင်းမှာဟေ့..” လို့ အော်ပြောတာကို စပယ်ယာက ဒရိုင်ဘာကို “ရပ်ပေး ဆရာရေ့.. ဒီမှာ အိန္ဒြာကျော်ဇင် ဆင်းမယ်” လို့ ပြောပါတယ်။ အဲဒါကိုလည်း ကားပေါ်ပါလာတဲ့ ကျောင်းသားတွေက ၀ိုင်းရယ် ပါတယ်။ ကျမက.. ဆင်းရင်းနဲ့ “ဟဲ့ ငါ ဒီကျောင်းက ဆရာမ.. နင့်အမေလောက် ရှိတယ်.. နောက်စရာလား..” လို့ ကျမ ပြောမိပါတယ်။ အဲဒီတော့ စပယ်ယာက ပျစ်ချွဲချွဲ အသံ တမင် လုပ်ပြီး ပြန်ပြောတယ်… ကြောက်ပါတယ် ဆရာမ.. တဲ့။ အဲဒါကိုလည်း ကားပေါ်က ကျောင်းသား တွေက ရယ်ပြန်ပါတယ်။ ကျမကတော့ ဒေါသတွေဖြစ်ပြီး ခေါင်းတွေတောင် မူးလာတဲ့အထိပါပဲ။ ဖြစ်ချင်တော့ ကျမက မော်လမြိုင်က ပြောင်းလာကာစဆိုတော့ နယ် ကျောင်းသားကျောင်းသူ တွေရဲ့ လိမ္မာမှုမျိုးနဲ့သာ ရင်းနှီးခဲ့တဲ့ ဆရာမ ဖြစ်နေ ခဲ့တာမို့လည်း ပို ခံစားလိုက်ရတာ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ကျမ ဆရာမပေါက်စဘ၀ လှိုင်မှာတုန်းကတော့ ခုလို စော်ကားမော်ကားအဆက်ဆံမျိုး မကြုံဖူးလေတော့ ဒီလို အဖြစ်အပျက်တွေမှာ တော်တော်ကို ခါးသီးတာပါ။ ဒါပေမဲ့ အဲလိုတွေ ကြုံရဆုံရတာ များလာတဲ့အခါမှာတော့ ကျမ စိတ်ထဲ မြသီလာနဲ့ ပတ်သက်ရင်ကို ဗလာဆန် လာခဲ့တာပါ။
အဲဒီ တလောတွေမှာ ကျမ ခံစားရတာအားလုံးဟာ တကယ့် အနိဋ္ဌာရုံတွေချည်းပါ…။ ကျမစိတ်ထဲ ကျမအနား ပတ်ဝန်းကျင်က လူတွေဟာ တနေ့ထက်တနေ့ ဗင်ဂိုးရဲ့ အာလူးစားသူများ ပန်းချီကားထဲက မျက်နှာတွေနဲ့ တူတူလာတယ်….။ ပိုဆိုးတာက ကျမအနားက ကျမသူငယ်ချင်းဆရာမတွေ ဖောင်စီးရင်း ရေငတ်ဆိုတာလို ကိုယ်က တက္ကသိုလ်က ဆရာမဖြစ်လျက်နဲ့ ကိုယ့်သားသမီးကို ကျူရှင်ကောင်းကောင်းမှ မထားနိုင်လို့ စိတ်ဆင်းရဲနေရတာတွေ…၊ တနေ့တနေ့ ကားတိုးစီးပြီးတော့ ဝေးဝေးလံလံကျောင်းလာကြရ.. ပင်ပင်ပန်းပန်း စာသင်ကြရပြီး ရတဲ့ လခက လာခပဲ ရှိတာတွေ…။ အဲဒီကာလမှာပဲ မှတ်မှတ်ရရ ၂၀၀၄နှောင်းပိုင်း နိုဝင်ဘာလ လောက်မှာ ဆရာဆရာမတွေ ကျူရှင်မပြရ.. ကျူရှင်ပြရင် အလုပ်ထုတ်ခံရတဲ့အထိ အရေးယူမယ်ဆိုတာကို သိရှိကြောင်း.. လိုက်နာပါမယ့် အကြောင်း လက်မှတ်ထိုးရမယ်တဲ့။ ကျမလေ စိတ်တိုလိုက်တာ.. အသားတွေ ဆတ်ဆတ် တုန်တယ်။ တကယ်တော့ ဆရာ ဆရာမတွေ ကျူရှင်ပြတယ်ဆိုတာ ဆရာဝန်တွေ ဂျီပီ ထိုင်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ဆရာဝန်တွေ ဆေးရုံမှာ အလုပ်ပြီးရင် အပြင်ဆေးခန်း ထိုင်တဲ့ သဘောပဲ မဟုတ်လား။ ပြီးတော့ ကျူရှင်ပြရတယ်ဆိုတာကလည်း တကယ့်ကို ပင်ပင်ပန်းပန်း အားစိုက်ခွန်စိုက် လုပ်ကြရ တာ။ ကိုယ့်ပညာနဲ့ လုပ်စားရတဲ့ အလုပ်ကိုတောင် ခိုးလုပ်ရမယ့်အပေါက်ဖြစ်အောင် လုပ်တာလေ..။ ဆရာ ဆရာမတွေက စာပြတဲ့အလုပ် မလုပ်ရဘူးဆိုတော့ သူတို့ပေးတဲ့ လစာက လောက်လို့လား..။ ဒါဟာ တမင်တကာကို ဆရာတွေရဲ့တန်းကို ချပစ်လိုက်တာလို့ ကျမကတော့ ခံစားရပါတယ်။ ကျူရှင်ပြရင် ခိုးပြရမယ်.. မပြရင် ငတ်မယ်.. ခိုးပြလို့ မိရင် အလုပ်ပြုတ်မယ်.. ကဲ.. ဘာလုပ်မလဲ..။
+++++
အင်မတန်ကို စိတ်ဆိုးနေတဲ့ ကျမ.. ထုံးစံအတိုင်း စိတ်ရဲ့ ထွက်ပေါက်အနေနဲ့ အဲဒီနေ့ နေ့ခင်းမှာပဲ မိန်းထဲသွားပြီး ကင်တီး ထိုင်ဖြစ်ပါတယ်။ ထုံးစံအတိုင်း ဆရာတွေ.. သူငယ်ချင်းတွေနဲ့ တွေ့.. ထုံးစံအတိုင်း ပေါက်ကွဲ.. ထုံးစံအတိုင်း အဖြေမရ..။ ဒါပေမဲ့ အဲဒီတုန်းမှာပဲ သမိုင်းဌာနက သူငယ်ချင်းတွေ ရောက်လာပါတယ်။ အဲဒီနေ့မှာ သူတို့ ပါရဂူတန်းတွေရဲ့ ဆရာကန်တော့ပွဲပါတဲ့။ တိုက်တိုက်ဆိုင်ဆိုင်… သမိုင်းဌာနက သူငယ်ချင်း ဆရာ တယောက်က အဲဒီပွဲမှာ အကန်တော့ခံ ဆရာကြီး ဒေါက်တာသန်းထွန်း ပြောတဲ့စကားကို ကျမကို ပြန်ပြောပြ ပါတယ်။ ကန်တော့ပြီး ဆုပေးတဲ့အချိန်မှာ ဆရာက ပြောပါတယ်တဲ့။
ဆရာပြောတဲ့ အဓိပ္ပါယ်ကတော့… “မင်းတို့ကလည်း အပြစ်ရှိခဲ့ရင် ခွင့်လွှတ်ပါလို့ပြောသလို.. အဲလိုပဲ ငါက လည်း မင်းတို့ကို ငါ့ကို ခွင့်လွှတ်ဖို့ ပြန်ပြောရဦးမယ်.. ပါရဂူခေါ်လောက်အောင် မထိုက်တန်တဲ့သူတွေကို အအောင်ပေးနေတဲ့အထဲ ငါလည်းပါနေတော့ မလုပ်သင့်တာ လုပ်မိသလိုဖြစ်နေတာကြောင့် ငါ့ကိုလည်း ခွင့်လွှတ်ကြပါ…” ဆိုတာမျိုးပါ။ (ကျမ စကားလုံး အတိအကျ မမှတ်မိပေမဲ့ သဘောအဓိပ္ပါယ်က အဲလို အတိအကျပါပဲ။ နောက်တော့ ဆရာကြီးရဲ့ အဲဒီ စကားပါတဲ့ သြ၀ါဒဆောင်းပါးကို ချင်းတွင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်) ကျမ သူငယ်ချင်းကတော့ ရယ်ရယ်မောမောပဲ ပြောတာပါ။ ။ ကျမရဲ့ စိတ်ထဲကိုတော့ တစုံတရာက ထုတ်ချင်းဖောက် ၀င်သွားခဲ့ပါတယ်။ အဲဒါကတော့ ကျမကိုယ်တိုင်လည်း အဆိပ်ပင်တွေ ပေါင်းသင် ရေလောင်း ပျိုးထောင်နေသူတွေထဲ တယောက် အပါအ၀င် ဖြစ်နေပြီ။ အဲဒီအခါ ကျမတွေးမိခံစားမိလာတာက ကျမကိုယ်တိုင် သမိုင်းတရားခံဖြစ်မှန်းမသိ ဖြစ်နေပြီဆိုတာပါပဲ။
၂၀၀၄ခုနှစ်ရဲ့ ဒီဇင်ဘာမှာတော့ ကျမ တချိန်လုံး လေးလေးနက်နက် စဉ်းစားနေမိတာက ဒီ ကျောင်းဆရာမဘ၀ လမ်းကြောင်းကို ကျမ ဆက်လျှောက်မလား…။ ဒါမှမဟုတ်.. အလုပ် ထွက်ရင် ကျမ ဘာလုပ်မလဲ..။ ကျမခမျာက စာရေးတော့လည်း ရေးချင်တဲ့အချိန်မှာ ကိုယ် ရေးချင်တာကို ရေးချင်သလို ရေးတာမို့ ဈေးကွက်ဝင်အောင်လည်း မလုပ်တတ်။ ပိုဆိုးတာက ဈေးကွက်ဝင်အောင် ရေးဆိုရင်လည်း အဲလို လုပ်မစားချင်ဘူးဆိုတဲ့ စိတ်က ရှိပြန်။ တကယ်လို့ ဒီကျောင်းဆရာမ လမ်းကြောင်းပဲ ဆက်လျှောက်မယ်ဆိုရင်တော့လည်း နောက် ၆လ တစ်နှစ်လောက် နေရင် ကျမက တွဲဖက်ပါမောက္ခဖြစ်ပြီ။ ဘာပဲဖြစ်ဖြစ် စိတ်လျှော့ပြီး ပါရဂူဘွဲ့ယူမယ်ဆိုရင် ခဏလေးနဲ့ ပါမောက္ခ ဖြစ်မှာပဲ။
ဒါပေမဲ့ သေချာနေတာတခုကတော့ ကျမက ကျောင်းသားတွေ လုပ်ဖော်ကိုင်ဖက်တွေ အများစုက မကြိုက်တဲ့ ပါမောက္ခမျိုးပဲ ဖြစ်မှာလေ..။ သင်ကြားရေးနဲ့ ပတ်သက်ရင် စည်းကမ်းကြီး.. လာဘ်လာဘမယူ.. ဆင်းရဲ.. အဲလို ပါမောက္ခက လူကြိုက်နည်းမှာ အမှန်။ အဲလိုမှမဟုတ်ဘဲ ကျမရဲ့ မိသားစုလိုအပ်ချက်တွေကြောင့် အများလို မိုးခါးရေ သောက်စို့ ဆိုရင်ရော..။ ကန်တော့ခံပြီး စား.. တချို့ကိစ္စတွေ မသိချင်ယောင်ဆောင်.. ဘာမှမတတ်ဘဲ ကိုယ့်ကိုယ် စီးလားနင်းလားဆက်ဆံမယ့် ယူနီဖောင်းဝတ်တွေကို ခေါင်းငုံ့ အရိုအသေလေး ပေး။ တကယ်တော့ ဘယ်လောက်မှ မခက်ခဲ မပင်ပန်း…။ တချို့ကတော့ လူ့အောက်ကျို့လို့ လူပိမသေဘူးတဲ့။ အမလေးးး ကျမကတော့ အဲဒါမျိုးတွေ လုပ်ဖို့ တွေးကြည့်တာနဲ့တောင် မျက်နှာတွေ ဖြန်းကနဲ ပူလာတာ..။ ပြီးတော့ မဟုတ်မမှန် လုပ်တဲ့သူတိုင်းကို ခပ်တင်းတင်းကြည့်ပြီး “ဒီမှာ ငြိမ်းခက်ခက်ရဲ့ သမိုင်းကြောင်းတလျှောက် လိုက်ကြည့်လိုက်ဦး.. မိဘက အစ.. ဘယ်လိုဆိုတာ”လို့ ခပ်မာမာ ပြောခဲ့သမျှအတွက် ကျမကိုယ်တိုင်က ပြောင်းလဲပြီး မဟုတ်မမှန်တွေ လုပ်ခဲ့ပြီဆိုရင်…။ ဘုရား.. ဘုရား.. လဲသေပစ်လိုက်တာမှ ကောင်းပါဦးမယ်..။ အဲလို အတွေးတွေနဲ့ ဗလောင်ဆူနေခဲ့တာ ၂၀၀၄ ရဲ့ ဒီဇင်ဘာမှာပေါ့။
+++++
အဲဒီအချိန်မှာပဲ သားကြီးရဲ့ TTC မှာလည်း ဆရာဆရာမတချို့ရဲ့ မျက်နှာလိုက်မှုတွေကို သားကြီးဆီကတဆင့် ရိပ်မိလာရတာက တမှောင့် ဖြစ်လာပါသေးတယ်။ သားကြီးက သိပ် တိုင်တိုင်တောတော မလုပ်တတ်လေတော့ သူ့မျက်နှာရိပ်မျက်နှာကဲကြည့်ပြီး မေးမြန်း ကြည့်ရတာပါပဲ။ တကြိမ်မှာတော့ သားရဲ့ မြန်မာစာဆရာမနဲ့ ကျမ ထိပ်တိုက် တွေ့ရပါတော့တယ်။ လစဉ်စာမေးပွဲတခုမှာ ကဗျာစကားပြေပြန်တဲ့ မေးခွန်းတခုကို သားဖြေထားတာ ကျောင်းသုံးစာအုပ် ဗလာစာရွက်နဲ့ ၂မျက်နှာ ရှိပြီး ဖြေထားတာလည်း အချက်အလက်က ကွက်တိပါပဲ။ ဒါကို ၁၂မှတ်ပေးတဲ့ အဲဒီအပုဒ်ကို မြန်မာစာဆရာမက ၂မှတ်ပဲ ပေးလို့ သားက တော်တော် မကျေမနပ်နဲ့ ကျမကို လာပြတာပါ။ ကျမလည်း ဖတ်ကြည့်ပြီး တော်တော် အံ့သြသွားပါတယ်။ တော်ရုံနဲ့ ကျမက ကျောင်းတွေ ဘာတွေ လိုက်သွားတတ်တဲ့ အမေမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ခုကိစ္စကတော့ လိုက်မှပဲ ရမှာ။ ဒါနဲ့ နောက်တရက်မှာ ကျမ သားကျောင်းကို လိုက်သွားပါတယ်။ သားအတန်းပိုင်ဆရာမနဲ့ တွေ့ပြီး အမှတ်ပေးစည်းမျဉ်း ကိစ္စကို ဆယ်တန်းအမှတ်ပေးပုံနဲ့ ယှဉ်ပြီး ကျမပြောပြပါတယ်။ မြန်မာစာဆရာမက သူ ပေးထားတဲ့ မှတ်စုအတိုင်းမဖြေလို့ အမှတ်မပေးတာပါ..တဲ့။ ကျမပြောပြတာတောင် မြန်မာစာ ဆရာမက မလျှော့တဲ့အတွက် ကျမလည်း စိတ်ညစ်ညစ်နဲ့ပဲ ကျမရဲ့ ရာထူးတွေ.. ဘာညာတွေ ထည့်ပြောရပါတယ်။ ဒါတောင် အဲဒီဆရာမက ၀န်မခံပါဘူး။ ဒါပေမဲ့ နောက်ဆုံး အတန်းပိုင် ဆရာမကတော့ တာဝန်ယူပါတယ်… သူ ပြေလည်အောင် ညှိပါ့မယ်တဲ့။ ကျမကတော့ ပြောလိုက်ပါတယ်။ “အချက်အလက် ကိုက်ညီအောင် ဖြေထားပေမဲ့ ‘၏ သည်’ မလွဲ ဖြေမှ အောင်မှတ်ပေးမယ်ဆိုရင် အဲဒါကို စာရေးပြီးတော့ မြန်မာစာဆရာမ လက်မှတ်ထိုးပြီး ကျမကို ပေးပါ.. ကျမ Board of study မှာ တင်လိုက်မယ်”လို့ ပြောပြီး ပြန်ခဲ့ပါတယ်။
အဲဒီနောက်မှ ကျမပိုစဉ်းစားမိလာတာက ကျမအတန်းက တပည့်တွေကို ကျမက ဘယ်လောက်ပဲ Student centered approach နဲ့ သွားသွား.. ကျန်တဲ့ သူတွေက Teacher centered ပဲ သွားနေလေတော့ ကျောင်းသားတွေကလည်း ဆရာခေါ်ပေးတဲ့ Notes ကို သက်သောင့်သက်သာ ယူပြီး ကျက်ဖြေတာပဲ အားသန် ကြတော့တာ…။ ကျမ ဘာသာရပ် ဆိုရင်တော့ Lecture ကို သူတို့ Notes ပြန်ပြင်ရတော့ ဒေါ်ငြိမ်းခက်ခက် ဘာသာဆို လုပ်ရတာ ပင်ပန်းတယ်လို့ ညည်းသံတွေ ကြားရတာ။ ဒါတွေကို ကျမ ကြိုးစားလုပ်ယူနိုင်ပေမဲ့ ကျမ သားတို့ကျောင်းတွေ.. သမီးတို့ကျောင်းတွေမှာ.. ကျမ လုပ်မပေးနိုင်ဘူး..။ ကျမ သက်ပြင်းတွေ ချမိ။ ကျမ နဘေးက လူတွေကို ရင်ဖွင့်တော့ တချို့က ဒါကို ပြဿနာလို့ မထင်။ တချို့ကတော့ မတတ်နိုင်ဘူးလေ… တဲ့။ တချို့က ကျမပြောချင်တာကို နားလည်ပုံ မပြ။ သေချာတာတော့ ကျမမှာ ပျော်ပိုက်စရာနေရာ သိပ်နည်း လာတာပါပဲ။
+++++
နောက်ထပ် မြသီလာနဲ့ ဆက်စပ်ရေးဖို့ မဆိုင်သလိုဖြစ်နေပေမဲ့ ကျမကို အချိန် တော်တော် များများမှာ ဖိစီးနေတဲ့ နောက်တခုကတော့ ဒီစစ်အစိုးရရဲ့ ၂၀၀၃ မေ၃၀.. ဒီပဲယင်းမှာ အန်တီစုကို လုပ်ကြံဖို့ ကြိုးစားကြတာ.. အန်တီစုကို အင်းစိန်ထောင်ထဲ ပို့ရဲတဲ့အထိ.. ဘဘဦးတင်ဦးကိုပါ အကျယ်ချုပ်ရဲတဲ့အထိ မိုက်ကန်းကြ ရက်စက် ကြတာ.. ခံရတဲ့သူတွေကို ပြောင်ပြောင်တင်းတင်း ချုပ်ထားလိုက်တာ… အဲဒါတွေကို ကျမ မုန်းတီး စက်ဆုပ် ရွံရှာတာကလည်း ၂၀၀၃ မေနောက်ပိုင်းမှာ ကျမကို ဖိစီးလာတဲ့ ပူလောင်မှုတခုပါ။ အဲဒီ ပူလောင်မှုကြောင့်လည်း ကျမက ကိုယ့်တိုင်းပြည်မှာ မနေချင်တာတွေ.. ဘယ်သူ့ကိုမှ မယုံတာတွေ.. မဟုတ်တာလုပ်သူတွေကို ခါးခါးသီးသီး မုန်းတာတွေ.. စစ်အစိုးရအပေါ် ရွံရှာစက်ဆုပ်တာတွေကလည်း တနေ့ထက် တနေ့ ပို ပို ဆိုးလာ..။ ဒီလိုနဲ့……
+++++
အဲဒီ ၂၀၀၄ ဒီဇင်ဘာမှာပဲ အမေရိကားမှာ နေလာတာ ၃၅နှစ်ရှိပြီးဖြစ်တဲ့ မိတ်ဆွေတယောက် ရန်ကုန်ကို လာလည်ပါတယ်။ အဲဒီမိတ်ဆွေနဲ့ သွားကြ လာကြ လည်ကြ ပတ်ကြ ရင်းနဲ့ ကျမတို့ ဟိုဟိုဒီဒီ ပြောရာက ကျမ ရဲ့ ရင်ဖွင့်သမျှ အဲလို မကျေနပ်ချက်တွေကို သူက နားထောင်ရင်းအမှတ်တမဲ့.. 'မေငြိမ်း ခဗျားက မြန်မာပြည်နဲ့ မကိုက်ဘူးဖြစ်နေတာ.. ခဗျားသာ အမေရိကမှာဆို လုပ်နိုင်တာတွေ လုပ်ချင်တာတွေ အများကြီး တွေ့မှာ…' တဲ့။ အဲဒါဟာ ကျမ တခါမှ မစဉ်းစားမိဖူးတဲ့ အသစ်တခု..။ အမေရိကန်နိုင်ငံဆိုတာ ကျမနဲ့ တကယ်ကိုမှ အဝေးကြီး…။ သူက ပြောသေးတယ်.. အဲဒီ ပြဿနာမျိုးတွေကို public က ထဲထဲဝင်ဝင် မသိကြ နားမလည် ကြတာကြောင့် ပိုဆိုးတာ.. တဲ့။ အဲဒီနောက်မှာတော့ ကျမစိတ်ထဲ ဒီတိုင်းပြည်ကနေ ထွက်သွားလိုက်ရင် ကောင်းမလား ဆိုတဲ့အတွေး ပထမဆုံး ပေါ်လာပါတော့တယ်…။ အဲဒီအတွေးနဲ့အတူ ကိုယ့်လက်ရှိဘ၀ကို တကယ် ဖြတ်တောက်နိုင်သလားလို့လည်း ကိုယ့်ကိုကိုယ် အပြန်ပြန် စစ်မေးမိပါတယ်။ စာဆန်ဆန် ပြောရရင်တော့ မြသီလာကို တကယ်ပဲ ကျောခိုင်းနိုင်ပြီလားပေါ့…။

23 comments:
ဖတ်ရတာ ရင်မောလိုက်တာ ဆရာမရေ…. ဆရာမပြောတဲ့ အဖြစ်အပျက်တွေက ကျနော်တို့က ကျောင်းသားဘ၀မှာ ကြုံလိုက်ရတာပေါ့။ ဘာပဲပြောပြော ကျနော်တို့ တက္ကသိုလ်တက်တဲ့ခေတ် (၁၉၉၀-၁၉၉၆)မှာတော့ တကယ့်ကို ဆရာပီသတဲ့ ဆရာတွေ ထက်ဝက်လောက် ကျန်သေးတယ်ဆိုတော့ တော်ပါသေးတယ်ပေါ့။ အဲသည်အချိန်မှာ တပည့်မပီသတာက ကျနော်တို့တွေ ဆရာမရဲ့။ အတော်များများက ၁၉၈၈ ခုနှစ်မှာ ဆယ်တန်းအောင်၊ အရေးအခင်းကြီးအပြီး ၃ နှစ်လောက် တက္ကသိုလ်တွေပိတ်ထားတော့ အရပ်ထဲမှာ ယောင်တဲ့လူကယောင်။ ရရာအလုပ် ၀င်လုပ်သူကလုပ်။ လုပ်ငန်းခွင်မှာဝင်ပြီး ငွေကို ရှာခဲ့ဖူးကြတဲ့ ကျောင်းသားတွေများတာမို့ အများစုမှာ အရပ်သားစိတ်တွေ၊ နောက်ပြီး စိတ်ကြမ်းတွေ ၀င်လာတယ်။
နောက်ပြီး တက္ကသိုလ်ကလည်း တကယ့်ကို ပိတ်လိုက်ဖွင့်လိုက်။ ဖွင့်ချိန်ကနည်းနည်း၊ ပိတ်ချိန်ကများများ။ ကျောင်းဖွင့်တာနဲ့ စာမေးပွဲအချိန်စာရင်းပါ တခါတည်း ထွက်လာတာမျိုး။ ကျောင်းသားတွေမှာ အနာဂတ်ရှည်ရှည်ဝေးဝေးကို မပြောနဲ့….ကျောင်းပြီးဖို့တောင် မသေချာ။ အားလုံးကလည်း စိတ်အချဉ်ပေါက်နေကြပုံရပါတယ်။ တကယ်တော့ အားလုံးဟာ စနစ်ရဲ့ သားကောင်တွေပါပဲ။
ခေတ်ပျက်ကြီးထဲမှာ လူဖြစ်ရတာပေါ့ဗျာ။ အခုတော့ အဲသည်ထက် ဆိုးရောပေါ့။ ဆရာမက နိုင်ငံခြားကို ထွက်လာတာ ကျနော့်ထက် နောက်ကျတော့ အဲသည်လို တနေ့တခြား ပိုဆိုးလာတဲ့အဖြစ်တွေကို ကိုယ်တိုင်မြင်တွေ့ပြီး အော့နှလုံးနာမယ်ဆိုတာ တွေးကြည့်ရုံနဲ့ သဘောပေါက်ပါတယ်။
မျိုးဆက်တွေ ဘယ်လောက်များများအထိ ဒီ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးမွေကြီးရဲ့ ဒဏ်ကို ခံစားနေရမယ်မသိ။
ကိုယ့်လက်ထက်မှာတော့ ကိုယ်တတ်စွမ်းသမျှ အဲသည် စစ်အာဏာရှင်စနစ်ဆိုးကြီးကို မြန်မာ့မြေပေါ်က ပျောက်အောင် ဆန့်ကျင်တိုက်ဖျက်သွားရမှာပါပဲ။
ကိုပေါရေ.. ခုချိန်ထိ ကျမ ကျောင်းသတင်းတွေ နားစွင့်ကြည့်နေသလောက်တော့ ရွှေပြည်တော် မျှော်တိုင်းဝေးဆဲ...။ ကျမတို့ ပစ်လိုက်ရတာတွေ သိပ်များနေခဲ့ပြီ။
ဆရာမရေ..
မြသီလာ ၃၆ ကတော့ ဖတ်ခဲ့သမျှ မြသီလာထဲမှာ စိတ်အဆင်းရဲရဆုံး၊ စိတ်အထိခိုက်ရဆုံး ပို့စ်ပဲ ထင်ပါရဲ့ ဆရာမရယ်။ အားလုံးက ခေတ်စနစ်ရဲ့ သားကောင်တွေပဲ ဆိုတာ ရုပ်လုံးပေါ်လွန်းလို့ ရင်နာရတယ်။
ဒါကြောင့် နိုင်ငံတနိုင်ငံမှာ ပညာရေး အဖျက်ဆီးခံရရင် သမိုင်းအမွေအနှစ် ဖျက်ဆီးခံရရင် ဘာမှ မမျှော်လင့်နဲ့တော့လို့ ပြောရမှာပါပဲ။ ပညာရေးကို နားမလည် တန်ဖိုးမထားတဲ့ အာဏာရှင်တွေရဲ့ လက်ထက်မှာ မြသီလာလဲ ရစရာမရှိ ဖြစ်ရပြီပေါ့။
ချိုသင်းက ကြက်တူရွေးကျက် ကျက်ပြီး ၏ သည် မရွေး ဖြေမှ အောင်တဲ့ အမှတ်ရတဲ့ ပညာရေးစနစ်ကြီးလို့ ရင်နာခဲ့ရတာ ဘာဟုတ်သေးလို့လဲ။ အခု ဆရာမ ရေးပြသလိုမျိုးဆို စာမေးပွဲ သွားမဖြေတဲ့သူ ဂုဏ်ထူးတန်းကျောင်းသူတောင် စာမေးပွဲအောင်တယ် ဆိုပါလား။ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ ခွင့်လွှတ်ကြပါကို ရင်နာသွားတယ်။
ချစ်သော
ချိုသင်း
အော် နောက်ဆုံးတော့လည်း သံယောဇဉ်ကြီးလှတဲ့ မြသီလာကို သံယောဇဉ်ဖြတ်နိုင် စွန့်နိုင်ခဲ့တယ်နော်။ ဒါကို ကြည်ခြင်းအားဖြင့် ဆရာမရင်ထဲမှာ ခံစားရတာတွေကို သိနိုင်၊ ခံစားနိုင်ပါတယ်။
ရင်နာနာ နဲ့ ၃၇ ကို ဖတ်သွားပါပြီ
ကိုယ်တိုင်လဲ အခြေခံ ပညာ မှာ
ပညာရေး ၀န်ထမ်းဖြစ်ခဲ့ သူမို့
ပိုကြေကွဲ ခဲ့ရတာပါ..
ကျမလဲ .. သင်းကွဲ တဲ့ သူ တယောက်ဖြစ်ခဲ့ တယ်..
အဲဒီ.. CCA .. TCA ကြောင့်ပါ...
ဆရာမရေ..ရင်ထဲမှာမွန်းကျပ်သွားတာပဲ။ ဖြစ်ခဲ့တာတွေ အနီးကပ်မြင်ခဲ့ရတော့ ကြည်ညိုခဲ့ဘူးတဲ့ဆရာကြီးကို မျက်နှာတောင်မကြည့်ခြင်ဘူး။ အင်း…..G အချင်းချင်း သူု့ ရာထူးအတွက်ရက်စက်တယ်
“လမ်းအထိုထို တက္ကသိုလ်.. တွေ့သမျှလူ ပါရဂူ.. မြင်မြင်သမျှ ပါမောက္ခ…” လက်သည်က ဆရာဦးကိုကြီး (သမိုင်းဋ္ဌာန) ထင်တယ်။
ဆရာမ ၃၆ လာဖတ်သွားပါတယ်ခင်ဗျာ
မ ရေ… မြသီလာကို ဖြေးဖြေးချင်းဖတ်လာတာ အခုတော့မှီသွားပြီ… အိမ်ပြန်တုန်းက အကြွေးတွေလေ… ကျွန်မအကျင့်ကလဲ စာအုပ်ဖတ်ရင် ကျော်ဖတ်တတ်တဲ့ အကျင့်မရှိတော့ အစဉ်လိုက်လေး ဖတ်တာ… မ အသစ်တင်တာတွေ့ ရင် ကိုယ်မမှီသေးတော့ ဓာတ်ပုံလေးတွေတောင် မကြည့်မိအောင် သတိထားတယ်… အရသာပျက်သွားမှာ ကြောက်လို့ လေ…
မြသီလာရဲ့ ဆွဲဆောင်မှုထဲမှာ ပွင့်လင်းခြင်းကလဲ တခုပါတယ်… မြသီလာထဲမှာ မ ရဲ့ ပွင့်လင်းခြင်း၊ မကွယ်မ၀ှက်ရိုးသားစွာ ဖော်ပြခြင်းကို ကျွန်မနှစ်သက်တယ်... အစိတ်စိတ် အမွှာမွှာ တစစီ ကွဲကြေသွားတဲ့ မြသီလာကို မြင်ရတော့ ကိုယ်စီးဝင်မျောပါခဲ့တဲ့ ရာစုနှစ်တွေ ဖြစ်ပေမယ့် ခံစားချက်တွေ အသစ်ပြန်ဖြစ်တယ် မ ရယ်… ငိုမိတယ်… ကြေကွဲမိတယ်…
လင်းမြအိမ်လေးက မ နဲ့ တူတယ်နော်… အငယ်ဆုံးလေးက နာမည်ဘယ်သူလဲဟင်… ဘာပဲဖြစ်ဖြစ် ကံဆိုတာ အမြဲကောင်းမနေနိုင်သလို အမြဲဆိုးမနေနိုင်ဘူးဆိုတာ မြသီလာက သက်သေခံနေတယ်… မြသီလာထဲမှာ အချိုးအကွေ့ တွေ ဘယ်လောက် ကြမ်းကြမ်းဘ၀ကို ရဲရဲကြီးဆန်တက်တဲ့ အမျိုးသမီးတယောက်ရဲ့ ထက်မြက်ခြင်းတွေ ရှိတယ်… မြသီလာထဲမှာ အချစ်နဲ့  ကိုယ့်မိသားစုလေးကို အေးမြမှုပေးနိုင်တဲ့ ယောင်္ကျားတယောက်ရဲ့ သစ္စာတွေ ရှိတယ်… မြသီလာထဲမှာ အေးအတူပူအမျှ ငြိမ်းချမ်းအေးမြတဲ့ မိသားစုလေးရဲ့ ကြည်နူးမှုတွေရှိတယ်… ပြီးတော့ မြသီလာထဲမှာ မြသီလာရဲ့ သမိုင်းတွေရှိတယ်…
မ ရေ… မ ရဲ့အားထုတ်မှုကို လေးစားအားကျမိပါတယ်… မြသီလာဟာ မ ရဲ့မှတ်တိုင်တခုပါ… စောင့်နေမယ် မ ရေ… နားနားနေနေရေးပါ…
13 Mar 09, 06:05
zaw zaw ( Hlaing ): I am not a Sea man.
13 Mar 09, 06:05
zaw zaw ( Hlaing ): if some one who really in need. But we, one could hardly find such behaviour in our country. Sorry , may be i was wrong, but I could npot bear the feeling when I saw it.
13 Mar 09, 06:03
zaw zaw ( Hlaing ): now i am please that I do not need to face such people any more, do not need to take a Bus like in Burma. I do not need to lie any more, I do not need to cheat any body. But I still give up my seat on
13 Mar 09, 05:56
zaw zaw ( Hlaing ): to me and said I must stop building now, he was the King of the Street, cos i did not let him know and pay.
13 Mar 09, 05:54
zaw zaw ( Hlaing ): I wanted to do a very small shop, oh..my god... my saving is just enough for paying the authority, everything was asked by law ( funny ), I was building a shop which was permitted, but some one came
13 Mar 09, 05:48
zaw zaw ( Hlaing ): suit in that country any more, no more.
13 Mar 09, 05:46
zaw zaw ( Hlaing ): the Law ( oh.. my..mine.. god.. ) I was really serious, wanted to hit that guy. 2004 to 06 I was once again in Hell. really,that was one of my experiences in my beloved country. And I knew I did not
13 Mar 09, 05:41
zaw zaw ( Hlaing ): I could not catch him, n he disappeared. so I went to the nearestes Police station and reported about that. But.. but... a Police guy said that I was having unlawfull currency and i was breaking the
13 Mar 09, 05:39
zaw zaw ( Hlaing ): I needed to take an IELTS exam, so I must have to buy US Doller, I baught some, suddently a guy came to me and saying friendly and suddently rubbed some of my momey, it wa in Bar Street. I could not
13 Mar 09, 05:37
zaw zaw ( Hlaing ): I ..er... liked a man who really wanted a worm socitly like b4, but other way roung so much.. so much different but it was not a good , the old sociaty spoiled, I think it was destroyed perfactly.
13 Mar 09, 05:27
zaw zaw ( Hlaing ): since I finished my Dip in Burma 96, left the country, working abroad.I was really far away from the country came back there in 2004. Things had changed, and the people had changed. Unbelieveable...I.
13 Mar 09, 05:23
zaw zaw ( Hlaing ): Mmmm... I left a MSG once about missing unreachable Nights around University Halls ( around Hlaing Campus ).since then , I ve read every one of your Articles but reary leve a MSG in the Cbox.
13 Mar 09, 05:20
zaw zaw ( Hlaing ): Hello....
ချိုသင်းရေ.. အဲဒီဂုဏ်ထူးတန်းကျောင်းသားက အောင်တာမှ ဆရာပြန်လုပ်ဖို့ စာမေးပွဲကို အောင်တာနော်.. တကယ် စိတ်မပါတဲ့သူတွေ အရည်အချင်းမရှိတဲ့သူတွေကို ဆရာပြန်ဖြစ်စေချင်တဲ့ စိတ်တွေ ဘယ်လောက်ရှိနေကြသလဲဆိုတာ... ဒါကြောင့် နောက်ပိုင်းကျတော့ ဆရာမ စိတ်နာတဲ့ အထဲမှာ ပညာရှင်ဆိုတဲ့ ဆရာကြီး ဆရာမကြီးတွေပါ ပါလာခဲ့တော့တာ..။ တကယ်တော့ သူတို့သာ ညီညီညာညာနဲ့ ပညာမာနရှိခဲ့ရင်.. အမှန်တရားအပေါ် သစ္စာရှိခဲ့ရင်..
အရှက်နဲ့ ဂုဏ်သိက္ခာကို ရာထူးထက် တန်ဖိုးထား ခဲ့ရင်.. တို့ပညာရေးက ဒါလောက် မပျက်စီးဘူး လို့..။ အမှန်အတိုင်း ၀န်ခံရင် Authority ရှိပါလျက်နဲ့ အဖျက်ဆီးခံခဲ့တဲ့ ဆရာကြီး ဆရာမကြီးတွေကိုပါ ဆရာမ မုန်းတယ်...။
ကြည်ရေ..
တကယ်ပါပဲ.. တချို့ကိစ္စတွေဆို စာနဲ့ မှတ်တမ်း တင်ရမှာကိုတောင်မှ ရှက်လို့ ထုတ်မရေးခဲ့တာတွေ တောင် ရှိတာပါ။ ကျမ စိတ်ထင်တော့ ဒဂုံတက္ကသိုလ်ဟာ အဆိုးဆုံးကျောင်းဖြစ်မယ် ထင်တာပဲ..။ ကျမ အဲဒီ ၂၀၀၃-၂၀၀၅ ဒဂုံတက္ကသိုလ်က အာဏာပိုင်တွေအကြီးအကဲတွေကို သိပ်စိတ်နာတယ်.. မုန်းတယ်..။
မမသီရိရေ..
ဟုတ်တယ်.. အဲဒီနှစ်အပိုင်းအခြားမှာ ပျက်လိုက် တာမှ အဖတ်ဆယ်လို့ မရတော့အောင်...။ တက္ကသိုလ်တွေကနေ သူငယ်တန်းအထိ...။ ဒီအစိုးရနဲ့ ပတ်သက်ရင် အဓိက ခံစားချက်က ပညာရေးကို ဖျက်ဆီးခဲ့တဲ့ အပေါ် သိပ်စိတ်နာတာ ပါပဲ.. တကယ့်ကို ကမ္ဘာမကြေဘူး..။
ဟုတ်တယ် Jeff ရေ.. အဲဒီတုန်းကလည်း ဆရာမ အဲဒီစကားလုံးတွေကို ပြောခဲ့တာ..။ G မှာ ကလေးတွေကတောင် ကိုယ့်ဆရာ ဆရာမကို ထိရင် လုံးလုံး မခံတဲ့ အစဉ်အလာရှိခဲ့တာ..။ ခုတော့ G က ဆရာကြီးက ပါမောက္ခချုပ်ဖြစ်တဲ့အချိန်ကျကာမှ G က ဆရာမအစော်ကားခံရ.. စော်ကားတာက G က ကျောင်းသားတွေ..ကဲ.. ဘယ်လောက် ရာဇ၀င်ရိုင်းလိုက်သလဲ..။ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ G ရဲ့ စည်းလုံးတယ်ဆိုတဲ့ သမိုင်း ပျက်တာပဲ...အဲလိုဖျက်တာကလည်း G က ဆရာကြီးပဲ.. လို့ ဆရာမပြောခဲ့တယ်။ တကယ်တော့ သားရယ်.. တကျောင်းလုံး.. တနိုင်ငံလုံးက တာဝန်ရှိသူတွေကကို ကိုယ့်သားသမီးကို ပြန်ဖျက်ဆီးနေကြတာပါပဲလေ။
ရွာသားလေးရေ...
အဲဒီသက်တမ်းက လူငယ်လေးတွေခမျာ တကယ်တော့ မြေစာပင်လေးတွေပါပဲ..။
တန်ခူးရေ...
မအားတဲ့ကြားက အဲဒီလို လေးလေးနက်နက် စောင့်ဖတ်ပြီး အားပေးတာ.. ဖြည့်စွက်တာတွေ ကြောင့်ပဲ ရေးရတာလည်း အားရှိနေရတာပါ။
မြသီလာကို ရေးတော့လည်း စိတ်ထဲ မှတ်တမ်းတခုဖြစ်စေချင်တာမို့ ကိုယ်တွေ့မျက်မြင် အချက်အလက်မှန်တွေကိုပဲ ဂရုတစိုက် ရေးခဲ့ပါတယ်။ ဒါကြောင့် အမှား အမှန်ကို ကိုယ်တိုင် တာဝန်ယူရဲတာပါ။ (ခုတော့လည်း ခါတိုင်း ၀င်ဝင် နှောက်ယှက်တဲ့သူတွေများ ငြိမ်လို့..။ ကျမက စောင့်နေတာ.. ၀င်ပြောလို့ကတော့ အဲဒီအချက်တွေမှန်ကြောင်း နာမည်တွေ လိပ်စာတွေနဲ့ကို ပြန်ရှင်းပစ်လိုက်မှာ ဆိုပြီးတော့ :D)
ဟုတ်ပါ့.. ညစ်တာတွေ ရေးရတာနဲ့ သားငယ်လေးနာမည်တောင် မရေးမိ..။ သားလေးနာမည်က မင်းညိုစင်.. လို့ ပေးထားတာပါ။ နောက်ကြုံရင် ထည့်ရေးပါဦးမယ်.. :)
zaw zaw (Hlaing) ရေ..
Cbox မှာ ရေးရေးသွားတဲ့ အချက်တွေက ကျမရဲ့ မြသီလာနဲ့ ဆက်စပ်ပြီး သိမ်းထားချင်စရာကောင်းတဲ့ record လို ဖြစ်နေတာမို့ comment box မှာ ထည့်လိုက်ပါတယ်..။ ဒါလည်း ကျမတို့ ချစ်သော မြန်မာပြည်ရဲ့ သမိုင်းတခုပါပဲလေ..။
Dear Sayama,
After I read this post, I feel very sad, cry and remember my childhood. My father was lecturer at Physic Department and my mother was teacher (now both of them are retired). Both of my parents didn’t want to teach tuition so we really could not spend a lot and I didn’t get pocket money till finished High School. When I knew second year exam result, I didn’t know how to decide to attend 1st year Hons or normal class at the Dagon University (2001), because I worked as Accounts Assistant and supported my family. My salary was five times of my mother’s salary at that time. So, my mother worried that I can’t support if I attend Honors but my father wanted me to attend. Although I attended the Honors class as my father wish, I could only attend first year because of the high living cost and tuition fee for my little brother who attended at 10th standard and me. My parents didn’t have enough earning to support both of us so I must work again and supported my family. I feel bitterly about this. Another one is I’ve to go tuition when I attended at Dagon University because most of our lecturers didn’t teach very well. Actually the lectures can’t teach very well as they need to take care their words what they said. Sometimes, they need to go Professor’s office as they teach some words related with political things.
I really appreciate if you forgive the Dagon University students who rude to you and their lecturers. Most of the students have their own problem and sadness stories. I attended 1st year at Yangon University (1996) and then closed the University and needed to sit the exam without lecture so what should we do??? We copied from paper and pass the exam. (Our morale are destroyed) When the University opened, we can’t attended at Yangon University and have to study at Dagon University which is very far from our houses and muddy (the farmers still did operate their farms when we attended Dagon University and we felt very sad for them as they must give their farms to build this University), no shade, the buildings are around with the wild tall grass and then the lectures do not come as the time-table and if we want to pass the exam, we have to attend tuition. At the same time, we need to worry about our family, the living cost.
During I write this letter, I cry and feel very painful about my University life. Now, I’m away from my parents and the soil that I love deeply. Anyway, thanks a lot for the knowledge of “Myathilar” posts and I always respect all the teachers.
Thanks and Best Regards,
Yu
(Major of International Relation-IR)
although I would like to write Myanmar Language, I don’t have Myanmar font. If I write wrong grammar or some words, please forgive me.
Yu..
comment အတွက် သိပ်ကျေးဇူးတင်ပါတယ်။ ပြောရရင် စာရေးဆရာမို့ တင်စားပြောသလို ဖြစ်နေမှာပါ.. တကယ်လည်း ဒီ post တွေကို ရေးချိန်မှာ အကြိမ်ကြိမ် မျက်ရည်ဝဲ.. မျက်ရည်ကျနဲ့ ရေးခဲ့ရပါတယ်။ ခု Yu ရဲ့ comment ကို ဖတ်နေချိန်မှာလည်း ရင်ထဲမှာ ဆို့နေခဲ့တယ်။ တကယ်ပါပဲ.. Yu လို ကလေးတွေလည်း အဲဒီတုန်းက ကျမအနားမှာ ရှိနေခဲ့ကြတာ.. ခုတောင် ပြန်သတိရပါတယ်။ အဲဒီတုန်းက ခု မြသီလာထဲက အဖြစ်အပျက်တွေကို တွေ့သမျှ ဘာသာစကားတူ မိတ်ဆွေတွေကို ပြောပြောပြပြီး မျက်ရည်ကျလွန်းလို့ သူငယ်ချင်းတွေကတောင် ခဗျား စိတ်နည်းနည်း လျှော့မှ ဖြစ်တော့မယ်.. လို့ ပြောခဲ့ကြရတာ ခု ပြန်သတိရနေသေးတယ်။ ခု Yu ရဲ့ comment လေးကလည်း ကျမအတွက်တော့ မြသီလာ ကို ဖြည့်စွက်ပေးတဲ့ သမိုင်းလေးတွေပါပဲ..။
အစ်မရေ....
မကြားဝံ့မနာသာတွေ....
အမှန်တကယ်..ရှိခဲ့ ဖြစ်ခဲ့သတဲ့.....။
အင်း ဖတ်ရင်းနဲ့ မျက်ရည်ဝဲမိသဟ....
အကြိမ်ကြိမ်ကြားဖူးပြီးသားတွေတောင်မှ ဒီလောက်ခံစားနေရတုန်းပဲ ..
တို့တွေ ကိုယ့်ပြည်ကြီးကို ကယ်နိုင်ပါ့ဦးမလားဟင်...
သြော်..မခင်မင်းဇော်နှယ်...
စစ်တပ်ကတိုင်းပြည်ချောက်ထဲကျမှာစိုးလို့ပခုံးပေါ်တင်
ခေါင်းပေါ်တင်..အိတ်ထဲထည့်..မယားပါသားတွေကိုအလကားပေးနဲ့
ကယ်တင်ထားတာ..နှစ်၅၀တောင်မပြည့်သေးဘူးတဲ့
လောက်ဖျား
ယု စာလေးဖတ်ပြီး စိတ်မကောင်းလို့ ထပ်ရေးတာပါ။ ဟုတ်ပါတယ်။ တက္ကသိုလ်တက်တဲ့အရွယ်ဆိုတာ ပျော်ပျော်ရွှင်ရွှင် စာသင်ချင်၊ လွတ်လွတ်လပ်လပ် စူးစမ်း လေ့လာချင်တဲ့ အရွယ်ပါ။ အမတို့တုန်းကလဲ အဲဒီလိုပဲ ခံစားခဲ့ရတယ်။
ပထမနှစ်တက်စ ၉၀ မှာ အမေ ဆုံး၊ ၉၁ ကနေ ကျောင်းတက်တဲ့ တောက်လျှောက် အဖေ့ကို ကျောင်းသားတွေအတွက် ကဗျာရေးလို့ ထောင်ကျ ၊ ကျောင်းရောက်တော့လဲ ပညာရေးနဲ့ ဘာမှ မဆိုင်တဲ့သူတွေက ဘာလှုပ်ရှားမလဲ မျက်လုံးဒေါက်ထောက် ကြည့်နေကြ၊ တက်သုတ်ရိုက် ပညာသင်၊ အိမ်ရဲ့ စီးပွားရေးလဲ လောက်င လေအောင်၊ သူများကို အကူအညီ မတောင်းရလေအောင် ပူပန်ရ ဆိုတော့ တက္ကသိုလ်တက်တဲ့ တောက်လျှောက် သူငယ်ချင်းတွေနဲ့ ပျော်ရင်တောင် ဥပက္ခာစိတ်နဲ့ တ၀က်ပဲ ပျော်နိုင်တယ်လို့ ပြောရမလား။
ဒါကြောင့် တချို့ဟာတွေ မေ့ကုန်ပြီ။ တကယ်က မသိစိတ်က မေ့ပစ်လိုက်ချင်လို့ မေ့လိုက်တာ ဖြစ်မလား မသိ။ တခါတလေကျတော့လဲ အားလုံး ဗလာ ဖြစ်နေရော..
ဒါကြောင့် မြန်မာပြည်သူပြည်သားတွေ အားလုံး စိတ်ဒဏ်ရာတွေ ရင်မှာပိုက်ပြီး ကျောင်းသွားကြ၊ အလုပ်တက်ကြ ခုချိန်ထိ မမေ့ပျောက်နိုင်ကြ။ တပြည်လုံး နှစ်သိမ့် တဲ့ concelling လုပ်ရမှာ။ ဒီလောက် သဘောမနောကောင်းတဲ့ မြန်မာပြည်သူတွေမှ ဒီလို လူမိုက်တွေနဲ့ ကြံရတယ်။ ပြည်သူတွေလဲ စိတ်ရော လူပါ ဖွတ်ဖွတ်ကြေနေပါပြီလေ။
ကိုကြီး Jeff
မင်းငါ့ထက်အသက်အတော်ကြီးပုံရတယ်..:)
"ဖြစ်ခဲ့တာတွေ အနီးကပ်မြင်ခဲ့ရတော့ ကြည်ညိုခဲ့ဘူးတဲ့ဆရာကြီးကို မျက်နှာတောင်မကြည့်ခြင်ဘူး။ အင်း…..G အချင်းချင်း သူု့ ရာထူးအတွက်ရက်စက်တယ်"
မင်းအသိဆုံးပါ..field ထဲကိုအဲဒီဆရာကြီးက SuperRoof နဲ့ Jonny Walker နဲ့ပင့်မှလိုက်တာ...
အခုလုပ်နေတဲ့ဆရာ။ဆရာမတွေထဲမှာ..ဘယ်လိုအကပ်လိုက်ရတာ...
နောက်ဆုံးကုန်ကုန်ပြောရရင်..ထောက်လှမ်းရေးကိုမျက်နှာချိုသွေး...စစ်တပ်နဲ့ပတ်သက်နေတာဂုဏ်ယူ...
ကြံဖွတ်အနေနဲ့ထောင်လွှားနေတဲ့သူတွေများတဲ့
နေရာဖြစ်နေမှတော့...
တခါတလေတွေးမိတယ်
အဲဒီတုန်းကဆရာဦးကျော်ထင်သာရှိရင်..ငါတို့မင်းတို့တွေရှိခဲ့ရင်..
အခုတော့ငါတို့ချစ်တဲ့ G
ဆိုတာ ကျောင်းသား "ဒီငြိမ်းလင်း" တို့ထွက်တဲ့နေရာလို့ပဲပြောချင်တယ်..
အစ်မမေငြိမ်းရေ ဆရာ၊ဆရာမတွေရဲ့အဖြစ်ကလည်း တကယ်ကိုခါးသီးခဲ့တာပါ။ အဲဒီလိုပညာရေးစနစ်ကို ကမောက်ကမလုပ်တဲ့အခါ ကလေးတွေအပေါ်မှာတကယ် စေတနာရှိတဲ့ဆရာ၊ဆရာမကြီးတွေက ပိုပြီးခံစားကြပါတယ်။ ညီမတို့တုန်းက ဆရာမရိုက်ရင် ငိုရုံကလွဲပြီးမပြောရဲဘူး။ အိမ်ကတောင်ကိုယ့်ကိုထပ် ဆူသေးတယ်။ ဟိုတစ်နှစ်က ပုသိမ်ကိုပြန်တော့ ကျောင်းမှာစာမရလို့ကလေးကိုရိုက်တဲ့ဆရာမကို အမေကသွားရန်တွေ့သတဲ့။ ပညာရေးဌာနကိုတိုင်မယ်ဆိုတာလည်းပါသေးတယ်။ အဲဒီဆရာမကြီးကသူများတွေလို မျက်နှာလိုက်၊ ပိုက်ဆံရှိသူကိုမျက်နှာသာပေးပြီး ကျန်တဲ့သူကိုနှိမ်တဲ့သူမျိုးမဟုတ်ဘူး။ ဒါပေမယ့်လည်း ခေတ်ကိုကအဲဒီလိုဖျက်ဆီးခံလိုက်ရတာကိုး။
ဆရာမရေ
သမီးကတော့ဆရာမရဲ့ပိုစ့်ကို နေ့တိုင်းလာချောင်းပြီး တိတ်တိတ်လေးပြန်သွားနေကျပါ။ အသစ်ဖတ်ရရင်ပျော်ပြီး ကျေနပ်ပြီးပြန်သွားသလို ၊ အသစ်မတင်တာကြာရင်လဲ ဆရာမနေမကောင်းလို့လား၊ အလုပ်ရှုပ်နေလို့လား၊ ဘာအဆင်မပြေလို့လဲလို့ တိတ်တိတ်လေး စိတ်ပူနေကျ။ ပျော်စရာကြည်နူးစရာတွေပြည့်နေတဲ့ မြသီလာရဲ့ရှေ့ပိုင်းအချိန်တွေတုံးကတော့ ဆရာမရဲ့စာတွေကို ဖတ်နေရရင်ကိုပဲ ကျေနပ်နေတာ။ နောက်ပိုင်း သမီးတို့်ပါ ကိုယ်တိုင်တွေ့ကြုံ ခံစားရတဲ့အချိန်တွေနားရောက်တော့ သမီး ရဲ့အတွေ့အကြုံလေးကိုလဲ ပြောပြချင်လာလို့ပါ။ အလိုက်မသိလျှာရှည်သလိုဖြစ်သွားရင်အားလုံးပဲ ခွင့်လွှတ်ပေးပါနော်။
သမီးကတော့ နောက်ထပ် ယု တယောက်ပေါ့။ ဒါပေမည့်ယုထက် တော့ တနှစ်ကြီးပါမယ်။ ဒုတိယနှစ်စာမေးပွဲကို အထက်တန်းကျောင်းမှာ ဖြေပြီး ဂုဏ်ထူးတန်းဝင်ခဲ့တဲ့ သူတွေထဲကတယောက်ပေါ့။ ငယ်ငယ်လေးထဲက ကြွေးကျော်ခဲ့တဲ့ ပါရဂူဒေါက်တာကြီးဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့ဖူးသူပါ။ တကယ်တန်းကျတော့ ယုလိုပါပဲ။ ကျောင်းအကန့်အသတ်မရှိတွေပိတ်ထားတုံးမှာ အဒေါ်ရှိတဲ့ အိမ်နီးနားချင်းနိုင်ငံတစ်ခုကို သွားလည်ဖြစ်တယ်။ စာမေးပွဲတွေပြန်ဖြေရတော့မယ်ဆိုတော့ အမေကအပြန်လာဖို့် အကြောင်းကြားတယ်။ ဟိုကလူတွေက သူတို့ဆီမှာပဲ ကျောင်းတက်ဖို့တားတာတောင်မှ မြန်မာပြည်ကို မျှော်လင့်ချက်အပြည့်နဲ့ ပြန်လာခဲ့ပြီး ကျောင်းမပိတ်ခင်က သင်ထားခဲ့သမျှလေး ဒုတိယနှစ် သင်ခန်းစာတွေကို အားကျိုးမာန်တက်ကျက်ခဲ့ဖူးပါတယ်။ သမီးသိသမျှတော့ အဲဒီ့တုန်းကကျောင်းသားတော်တော်များများဟာ သင်ခဲ့သမျှလေးကိုတော့ ရသလောက်အချိန်လေးမှာ ကြိုးစားပန်းစားကျက်ဖြစ် ကြပါသေးတယ်။ တနှစ်ခွဲ နှစ်နှစ်လောက် (လို့ထင်တာပဲ) အလကားထိုင်နေရပြီး စာမေးပွဲကို ကမန်းကတမ်းစစ်တော့မှ တစ်နှစ်ကျမှာကိုတော့ ကျောင်းသားတိုင်းကြောက်ကြပါတယ်။ စာမေးပွဲဖြေခါနီးမှာ ကျောင်းမပိတ်ခင်က တက်ခဲ့တဲ့ကျောင်းကဆရာတွေရဲ့ကျုရှင်ကိုစုံစမ်းပြီးပြန်တက်ကြပါတယ်။ ကျူရှင်ဆိုပေမယ့် ဆရာတွေက တကယ်အပင်ပန်းခံပြီးသင်ပေးကြတာပါ။ ငွေကြေးကတော့ထုံးစံဆိုပေယ့် ကျူရှင်မှာတကယ်ကို လေးလေးစားစားသင်ခဲ့ကြတာပါ။ ပထမရက်စာမေးပွဲဖြေဖို့ အထက်တန်းကျောင်း ကိုရောက်တော့ နီးစပ်ရာသူငယ်ချင်းတွေအပြင် ပထမနှစ်ထဲကတွေ့ဖူးပေမယ့် မရင်းနှီးခဲ့တဲ့သူတွေကိုတွေ့ရတော့လဲ သူငယ်ချင်းဟောင်းတွေလို တရင်းတနှီးနှုတ်ဆက်ပြီး ပျော်ရသေးတယ်။ ကျောင်းသားချင်းယိုင်းပင်းမှုကတော့ ထုံးစံအတိုင်းပါပဲ။ သမီးရဲ့ကိုယ်တွေ့လေးကို ပြောပြချင်တာပါ။ သင်ထားသမျှတော့ ကျက်ထားပေမယ့် သူငယ်ချင်းကောင်လေးတွေက သူငယ်ချင်းကောင်းပီသစွာ အဆောင်လေးတွေပေးလာတော့ ဘေးဆီးရန်ကာဆောင်လို့ပေါ့။ သူတို့်မှာ အိတ်စိုက်ပြီး တခြားလူတွေအတွက်ပါ ရှယ်ယာလုပ်ပေးကြတာလေ။ စာလုပ်ထားပေမယ့် အနည်းဆုံးတော့ အဖြေတိုက်လို့ရတာပေါ့ဆိုတဲ့ဆောင်ပုဒ်နဲ့ပေါ့။ သမီးတို့ဖြေရတဲ့ကျောင်းက ရန်ကုန်မြို့ထဲက သိပ်နာမည်မကြီးတဲ့ကျောင်းပါ့။ တချို့အထက်တန်းကျောင်းတွေကတော့မသိဘူး။ သမီးဖြေရတဲ့ကျောင်းကဆရာတွေ ဆရာမတွေကတော့ ကျောင်းသားတွေကို ဂရုဏာမျက်ဝန်းတွေနဲ့ကြည့်လို့။ ခလေးတွေသနားပါတယ်ပေါ့လေ။ စာမေးပွဲစလို့ တစ်နာရီခွဲ လောက်လဲရှိရော... တချို့ကျောင်းသားတွေကဖြေပြီးလို့ ထိုင်နေကြပြီ။ ပထမရက်ဆိုတော့ မသောင်းကျန်းကြသေးပါဘူး။ အဲဒီ့မှာ စောင့်တဲ့ဆရာတယောက်က မင်းတို့တွေ ဖြေကြလေ။ ဘာလုပ်နေတာလဲ၊ အချိန်ကတန်ဘိုးရှိတယ်တဲ့။ အထာနဲ့လေ။ ပြီးတော့သူတို့အချင်းချင်းလဲပြောကြသေးတယ် ခလေးတွေသနားပါတယ်။ ကျောင်းဒီလောက်အရှည်ကြီးပိတ်ပြီး ပြန်ဖြေရတော့လဲ ကတိုက်ကရိုက်နဲ့။ ဘာညာပေါ့။ ကျောင်းသားတွေကလဲအထာပေါက်ပါတယ်။ ဒါပေမယ့် ရုပ်ဆိုးလောက်အောင် ဆရာတွေကို မထေမဲ့မြင် တော့မလုပ်ကြပါဘူး။ ဖြေတဲ့သူကလဲ သိုသိုသိပ်သိပ်၊ အဖြေတိုက်တဲ့သူကလဲ သိုသိုသိပ်သိပ်၊ ဆရာတွေကလဲ မသိကျိုးကြွန် ပြု။ အဲဒါကြီးကိုကောင်းတယ်လို့ယူဆလို့မဟုတ်ပါဘူး။
ဒါပေမယ့် နားလည်မှုတွေရှိခဲ့တဲ့တကယ့်အဖြစ်ပါ။ နောက်ပိုင်းနှစ် အဝေးသင်စာမေးပွဲတွေမှာ ကြားရသလိုမျိုး ကျောင်းသားတွေငွေစုပြီး ဆရာတွေကိုပေးကြတယ်ဆိုတာမျိုး အဲဒီ့နှစ်က မကြားခဲ့ပါဘူး။ ဖြစ်ချင်တော့ သမီးနောက်ကခုံမှာ ထိုင်တဲ့ ကျောင်းသားက ကျောင်းမှာတုံးကမခင်ခဲ့ပါဘူး။ ဒါပေမယ့်သမီးကို အဆောင်ပေးတဲ့ထဲမှာ သူက ပထမဆုံးပေါ့။ မျက်မှန်လေးနဲ့ချောချောလေးပေါ့။ တကယ်တော့သူ့မျက်စိကတအားမှုန်တာ။ အဆောင်ကိုလဲတအားအားကိုးတာ။ သူ့အဆောင်သူပြန်မမြင်ရတော့ သမီးကလဲ ဖြေတာပြီးရင် သူ့ကို အဖြေစာရွက်ထောင်ပြရတယ်။ ပါးစပ်ကလဲ ပြောပြရသေးတယ်။ သူကမျက်စိတာမှုန်တာ နားကျတော့တော်တော်ပါးတယ်။ ဒါပေမယ့်ပေပါ (၂) နေ့မှာ သမီးDifferentiate နဲ့ Integrateမှားဖြေတာကျတော့ သူကပြင်ပေးရတာ။ ကံကောင်းလို့။ နို့မဟုတ်ရင် ဆွမ်းကြီးလောင်းတဲ့နှစ်မှာတောင် ဂုဏ်ထူးတန်းမ၀င်ဘူးဖြစ်သွားမယ်။ အောင်စာရင်းတွေထွက်လို့သွားကြည့်တော့ သူနဲ့သမီးက ကပ်ရက် စတားလေးတွေနဲ့ဆိုတော့ တယောက်မျက်နှာ တယောက်ကြည့်ပြီး ရီလိုက်ရတာ။ အပြန်အလှန်ကျေးဇူးရှိကြတယ်ဆိုပြီး ပေါ့လေ။ သူငယ်ချင်းတယောက်ကရှိသေးတယ် အဆောင်ဆောင်ကြတာချင်းအတူတူ သူကျတော့ ဂုဏ်ထူးတန်းမ၀င်ဘူးဆိုတော့ မတရားဘူးပေါ့လေ။ သမီးတို့မှာ သူ့ကိုမသနားနိုင် အားမနာနိုင်ဘဲ သူစိတ်တိုတာကို ထိုင်ရီနေကြတာ။ အဲ့ဒီမှာ အာစီ ၂ ကလူတွေက ဂုဏ်ထူးတန်းဝင် ရင် မိန်းမှာဆက်တက်ရမယ်။ ရိုးရိုးဆိုရင်တော့ ဒဂုံနဲ့ တာဝမှာတက်ရမယ်။ ငယ်ငယ်ထဲက အိမ်မက်မက်ခဲ့တဲ့ ကံ့ကော်တောကို ပိုင်ပိုင်နိုင်နိုင်ခြေချ ရမယ်ဆိုတော့ ဘာပဲဖြစ်ဖြစ်ပျော်တာပေါ့နော်။ ကံ့ကော်တော က နောင်တော်၊ အမတော်တွေတို့ခေတ်တုံးကလို မစည်ကားပေမယ့်လည်း ကိုယ့်ဟာကိုယ်တော့ ပျော်စရာလေးတွေ ရှာကြံပြီးနေခဲ့ကြပါသေးတယ်။ နောက်ဆုံးတော့လဲ ဆရာမရဲ့ ပိုစ့်ထဲမှာ ပြောဖူးတဲ့ ပမာဏလောက်ရှိတဲ့ ပိုက်ဆံနဲ့ အချိန် ငါးနှစ်လောက် ပေးနိုင်ရင် တနေ့ကျရင် ပီအိတ်(ချ)ဒီဖြစ်နိုင်တဲ့ ကျောင်းကြီးကို ကျွန်မကတော့ ဂုဏ်ထူးတန်းအပြီးမှာ နှုတ်ဆက်ခဲ့ပါတယ်။ မာစတာတက်ရင်းကျန်ခဲ့တဲ့သူငယ်ချင်းတွေကိုတော့ အားကျရင်း တတ်နိုင်တဲ့သူတွေကိုတော့ ပြီးအောင်ဆက်လုပ်ဖို့်တိုက်တွန်းရင်းနဲ့ပေါ့။ စကော်လာတယောက်ဖြစ်ချင်ခဲ့ပြီး မြသီလာကိုတန်ဖိုးထားပေမယ့် နောက်ဆုံးမှာတော့ မြသီလာက ကျောခိုင်းထွက်ခဲ့ရတဲံ ကျောင်းသားတွေထဲက ကျောင်းသား တယောက်အကြောင်းပေါ့။
တကယ်တော့ ကျွန်တော်လည်း ကျောင်းဆရာကောင်းတစ်ယောက်ဖြစ်ချင်ခဲ့တဲ့သူပါ အန်တီမေငြိမ်းရေ ...။
Ph.D ကို ပေါပေါလောလောပေးနေတဲ့ ... နိုင်ငံဖြစ်သွားမှာ တကယ်ပဲစိုးရိမ်ခဲ့တယ်...
ဘာမှမသိတဲ့သူတွေက ဘာတွေများသင်ပေးနိုင်မှာလဲ ...။ အပေါ်ယံဟန်ဆောင်တဲ့ ပညာရေးစနစ်ဟာ တနိုင်ငံလုံးကို ထိခိုက်စေတာပါ ...။
ကျွန်တော် B.E ရဖို့ ငါးနှစ်တက်ခဲ့ရတယ် ...။
မြန်မာပြည်မှာ ဆယ်တန်းတွေကို စာသင်တဲ့ အလုပ်ကလွဲလို့ဘာမှမလုပ်ဖူးခဲ့ဘူး ...။ စင်ကာပူမှာ လာပြီးအလုပ်လုပ်တဲ့ အချိန်မှာ ... beginner level ကပြန်စနေရတယ် ...။ တစ်နှစ်လောက်ကြာမှ ... professional ဘ၀ကို စနိုင်တယ် ...။ တကယ်တမ်းသာ ကျွန်တော်တို့ကျောင်းတွေက အဆင့်မြင့်မြင့်သင်ပေးနိုင်ခဲ့ရင် ... ဒီလို entry level က စနေစရာ မလိုတော့ဘူးပေါ့ ...။
ဒီလိုပြောလို့ မြန်မာပြည်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေ စိတ်ဓာတ်ကျမှာလဲစိုးရိမ်တယ် ...။
မြန်မာပြည်က ကွန်ပြူတာ တက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်က selected few တွေအားလုံးနီးပါး Singapore မှာရောက်နေကြတာ တကယ့်ကို မထူးဆန်းတော့ဘူး ...။ ဒီမှာက သမာအာဇီဝနဲ့ ထမင်းဝတာတစ်ခုတည်းနဲ့ လာနေကြတာပါ ...။
တကယ်တမ်းပညာလိုချင်ရင် ... မြန်မာပြည်မှာ အချိန်အများကြီးမဖြုန်းပါနဲ့လို့ပဲ ပြောချင်တယ် ...။ ဆရာကြီးလုပ်တာမဟုတ်ပါဘူး ..။ တကယ်ခံစားရတဲ့အတိုင်းပြောတာပါ ...။
ပညာရေးကို အားမပေးတဲ့ အစိုးရလက်ထက်မှာ ... ပညာတတ်တွေကို တန်ဖိုးမထားတဲ့ ယဉ်ကျေးမှုက ဆက်ပြီး ဖွံ့ဖြိုးနေဦးမှာပါ ..။
အန်တီမေငြိမ်းရဲ့ နှလုံးသားနဲ့ရေးတဲ့စာတွေကို အားပေးလျက် ..
Z
မေ့သမီးရေ..
အဲဒါကြောင့်ပဲ အမ ထည့်ပြောတာပါ.. မှန်ကန်တဲ့ ဆရာဆရာမတွေကျတော့လည်း စိတ်ကျကြ.. အလုပ်ထွက်ကြပေါ့..။ အဲဒီတော့ ခေတ်ကိုက ဖျက်ဆီးခံရတယ်ဆိုတာကိုပဲ ပြန်ပြောရတော့တာပါပဲ။
Thint Sweယ
ဟုတ်ပါတယ်သမီးရယ်.. အဲလို ပေါ့ပေါ့ပါးပါးလို့ ထင်ခဲ့တဲ့ အမှိုက်တစကပဲ ပြဿာဒ်မီးလောင်ခဲ့တာ..။ ကလေးတွေကို ခိုးချခွင့်ပေးတယ်ဆိုတာကိုက လွဲပါတယ်။ တကယ်တော့ သမီးပြောသလိုပဲ အဲဒီ ၁၉၉၈ စာမေးပွဲတွေတုန်းက ကျောင်းစာက နည်းနည်းလေးပါ။ ဘယ်လိုကျက်ကျက် အောင်တယ်ဆိုတာကိုလည်း ဆရာတွေကိုယ်တိုင်က အာမခံပြီးသားပါ။ အဲဒါကိုပဲ သမီးပြောခဲ့သလို ကိုယ့်အစွမ်းမပါဘဲ ဂုဏ်ထူးတန်းဝင်ချင်တဲ့စိတ်.. အချောင်လိုချင်တဲ့ စိတ်တွေကို အစပျိုးစေခဲ့တာ.. ဆရာဆရာမတွေမှာလည်း အပြစ်ရှိတယ်။
Z ရေ.. ဟုတ်တာပေါ့..
အမကတော့ နဂိုကတည်းက အများညီ ဤ ကျွဲဖတ်ဆိုတဲ့ ထုံးစံကို လက်မခံတတ်ခဲ့တာ။ ဘယ်နှစ်ယောက်ညီညီ ဤ ဟာ ဤ.. ကျွဲ က ကျွဲပေါ့။ ဒါကြောင့်ပဲ ပတ်ဝန်းကျင်တခုလုံးကို စိတ်လျှော့ခဲ့မိတာပါပဲ..။
comment ၀င်ရေးသူတွေအားလုံးဟာ မြသီလာမှတ်တမ်းကို ဖြည့်စွက်ပေးကြသလို ရှိတာမို့ ကျေးဇူးတင်ပါတယ်။
မြန်မာပြည်ပညာရေးကို မြန်မာပြည်ကလာတဲ့ တက္ကသိုလ်ဆရာ/မ နောက်ပေါက်တွေနဲ့ နဖူးတွေ့ဒူးတွေ့တွေ့မှပဲ တော်တော် စုတ်ပြတ်နေပါပြီကောလို့ လန့်သွားမိပါတယ်။
တကယ်တော်တဲ့သူတွေ ရှိပါတယ်ဆိုတာတောင်မှ ရှိသင်တဲ့အချိုးထက် အလွန်အမင်းနည်းနေနိုင်ပါတယ်။
အပြင်လောကကနဲ့ တက္ကသိုလ်က ဆရာ/မ အဆင့်ကလာတာနဲ့ယှဉ်ရင်တောင် ပညာရေးကလာပြီး ဘာကြောင့် ဒီလောက်ညံ့နေသလဲဆိုတာ အတော် စိတ်ဝင်စားဖို့ကောင်းတယ်။
ခင်ဗျား ဘယ်လို မာစတာပြီးခဲ့လဲ မေးတော့ ဘာမှ မဖတ်ဘူး ဒီလိုပဲ လုပ်လိုက်တာပဲတဲ့။
Neo- ဆိုတဲ့ ရှေ့ဆက်ပုဒ်ကိုတောင် မသိဘဲ ပြည်တွင်းမှာ ပါရဂူဘွဲ့လုပ်နေပါတယ်ဆိုတော့ သေဟဲ့နန္ဒိယလို့ပဲ ဟစ်လိုက်ချင်တာပါပဲ။
ကျနော်သိသလောက် ပညာရေးလောကက လာသမျှ တစ်ယောက်မှ ကျောင်းမပြီးဘဲ အရှက်ကွဲပြီး ပြန်သွားကြရပါတယ်။ (တစ်ခုတော့ အမြတ်ထွက်ပါတယ်။ တစ်ယောက်ကို လက်ပ်တော့ပ် နှစ်လုံးလောက်စီတော့ အသာလေး ဝယ်သွားတာတွေ့မိပါတယ်။) သူတို့က ပြန်သင်မယ့် တပည့်တွေတော့ ဘယ်လို ထွက်လာမလဲဆိုတာ မတွေးတတ်တော့အောင်ပါပဲ။
ဒါ ၂၀၀၇၊ ၂၀၀၈ မှာ ကိုယ်တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေကို ပြောတာပါ။
ဒဂုံတက္ကသိုလ်မှာ ကျနော် တက်ခဲ့တော့ ပြောရရင် ကျောင်းသားတွေကလည်း ဆရာတွေကို မလေးစားတော့တာ အမှန်ပဲ။ ကျနော့်အတန်းဖော်တွေ ငွေနဲ့ပေါက်ပြီး အောနက်စ် ဝင်ကြတယ်။
ကံဆိုးချင်တော့ မဖြေနိုင်တာချင်းအတူတူ ကျနော်က ခြောက်ထောင်ကျပ် မပေးနိုင်လို့ စာမေးပွဲ ကျတယ်။ (ကံကောင်းချင်လို့ ကျမှန်း နောက်မှ သိတယ်။ အဟဲ) ဒါတွေမြင်ထားတော့ ကျောင်းသားတွေ စိတ်မှာလည်း အရိုအသေတန်ကုန်တယ် ထင်ပါတယ်။
ပြီးတော့ ကျောင်းမှာ ဆရာ ဆရာမများနဲ့ ရင်းနှီးစွာ မထိတွေ့တာလည်း ပါမယ် ထင်ပါတယ်။
ပညာရေးစနစ် ဘုန်းဘုန်းလဲတာဟာ နိုင်ငံပြုပြင်ပြောင်းလဲရေးမှာ မဟာ အဟန့်အတားကြီးဖြစ်ကြောင်း ပညာရှင်တွေ ထောက်ပြပြောဆိုသံ တော်တော်ကျယ်လာတာ တွေ့နေရပါပြီ။
ဘရိတ်ပေါက် လေးကျိုး ကားပျက်ကြီး ဘယ်ထိမောင်းမလဲတော့ ကြည့်နေရတုန်းပါပဲ။
Teacher May Nyein,
I wanna write this comment after reading "Yu" comment. Really feel sorry to hear her university life. I also think "everyone wants to get happy university life without worry for anything". I do appreciate Yu for expressing her mood frankly.
For Yu, "Don't think the previous time that you have been passed, just think your future, you are now better than before, we are all destroyed coz of this bad Rule." Wish you will get happy future time.
Post a Comment