Jul 7, 2009

၇ဇူလိုင် အမှတ်တရ

စစ်အာဏာရှင်တွေက အနာဂတ်ရဲ့ မျိုးဆက်သစ် ပညာတတ် ကြယ်ပွင့်လေးတွေကို သိသိသာသာ သတ်ဖြတ်ခဲ့.. ဖိနှိပ်ခဲ့... အညွန့်ချိုးခဲ့တာ ခု ဇူလိုင် ၇ရက်ဆိုရင် ၄၇နှစ် ပြည့်ပြီ။ ခုထိ နည်းအမျိုးမျိုးနဲ့... အသတ်ခံနေရဆဲ... အဖိနှိပ်ခံနေရဆဲ... အညွန့်ချိုးခံနေရဆဲ...။ ပေးဆပ်သူတွေ ပေးဆပ်နေ.. ကျဆုံးသူတွေ ကျဆုံးခဲ့ပေမဲ့ ခုထိ ကျောင်းနံရံမှာ ဒေါင်းအလံ ပြန်မစိုက်နိုင်သေး... ကျမတို့ခေတ်မှာ အများစုက တာဝန်မကျေကြသေး...။


(ကဗျာဆရာ စာရေးဆရာ အောင်ပြည့်က
နာမည်ရင်း ခင်မောင်မြင့်(ပြွန်တန်ဆာ)နာမည်နဲ့
ရေးဆွဲခဲ့တဲ့ မူရင်း illustration ပါ။)

သွေးစီးပေတဲ့လက်တွေနဲ့

ရဲဘက်တော်တို့---
ခုနစ်ရက်နေ့က
ကြုံရတဲ့အဖြစ်
ပစ်လိုက်တဲ့မောင်းပြန်သေနတ်
ဒလစပ်ဆူညံ
မုန်တိုင်းသံ၊ တော်လဲသံ
ကျောင်းသားတွေ တပြုံလုံး
တုံးအရုံးမှောက်လှန်
သွေးပွက်ပွက်အန်ပါရော့
သွေးရောင်နောက်ခံ
ဒေါင်းအလံလဲ
အ၀ါခံဒေါင်းရုပ်ပျောက်
နောက်ကျိ ညိုမည်း
သွေးခဲသွေးတစ်
သွေးအိုင်မှာ နစ်ခဲ့ရပြီ ရဲဘော်တို့။

သွေးအိုင်ပွက်က
ဆယ်ယူလို့ရခဲ့တဲ့
သမဂ္ဂတံခွန်တော်
ငါတို့ရဲ့အလံတော်
သွေးအိုင်မှာ မြုပ်လို့
ဒေါင်းအရုပ် မပေါ်
အလံတော်တစ်ခုလုံး
သွေးနီရောင်ဖုံးပြီလို့
ရုံးကြ စုကြ
လာကြဟေ့ တပ်လှန့်ခေါ်
ရဲဘက်တော်နဲ့ ရဲဘော်တို့ ညီကြ
မောင်ကြီးတို့နှင့် အတူပ
ကျုပ်နှမတွေလည်း အတူလာ
အရေးတော်မဟာ
သွေးစည်းကြ ညီညီညာ
သွေးစည်းတွေပေတဲ့ လက်နဲ့
ပြုတ်မထွက်ရအောင်
လက်ချင်းဆက် လက်ချင်းတွဲ
မြတ်တရားပါတဲ့
ငါတို့ရဲ့ မဟာတိုက်ပွဲ
အားခဲကာ အနိုင်တိုက်မယ်ပ
ဦးမငိုက် မဆုတ်တမ်း
အောင်ကျော်လမ်းမှာ လူစု
ကျောင်းသားထု အလံတော်ကို
ခေါင်းပေါ်မှာ ပင့်ချီသွားတဲ့အောင်..
ဟေ့...
ဓါးဆွဲလို့ထွက်ခဲ့ကြ ရဲဘော်တို့။ ။

တိုးနီ(မြင်းခြံ)


(ဆရာအောင်ပြည့် လက်ရာပါပဲ)


အင်းဝဆောင် သဟာယအသင်းက ထုတ်ဝေခဲ့တဲ့ ကဗျာစာအုပ်ရဲ့မျက်နှာဖုံးပုံပါ။ ကျမအဖေ အခက်အခဲ အမျိုးမျိုး ကြားထဲက သိမ်းခဲ့ရတာမို့ စာအုပ်ကလေးကအနားလေးတွေ စုတ်နေပါပြီ။ ကျောင်းသားကြီးတွေရဲ့ ရဲရဲတောက်စိတ်ဓါတ်ကို မျိုးဆက်သစ်တွေ အမှတ်တရဖြစ်ရအောင် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။


မြကျွန်းသာဝယ်

မြကျွန်းသာတွင်
နေရာအနှံ့၊ ယမ်းငွေ့နံ့ရှင့်
ပျံ့ပျံ့သင်း၍ နေဘိခြင်း။
မြကျွန်းသာတွင်
ရွှေဝါဆန်းတင့်၊ ကံ့ကော်ပွင့်တို့
အရင့်အရဲ ပွင့်ဘိခြင်း။
မြကျွန်းသာတွင်
သံခွာဖိနပ်၊ မြက်ခင်းစပ်ဝယ်
ထပ်ထပ်ခါခါ နင်းဘိခြင်း။
မြကျွန်းသာဝယ်
ကျလာမျက်ရည်၊ မကြည်စိတ်ဝမ်း
ရောပွန်းဒေါသ ထဘိခြင်း။
မြကျွန်းသာဝယ်
ညင်သာစီးသွား၊ အင်းလျားသည်ပင်
ရေပြင်လှိုင်းစ ထဘိခြင်း။
မြကျွန်းသာဝယ်
ညီညာစုံဝေး၊ သွေးနှင့်အသိ
သတိပညာ၊ အာဏာတော်လှန်
ခွပ်ဒေါင်းပျံလျက်
နက်ဖြန် အောင်ပွဲခံကြစို့။

မိုးသလ္လာ

(တကယ်တော့ ကဗျာတွေက အများကြီးပါ... ကျမ ရွေးချယ်ပြီး တင်ပေးတာပါ)

2 comments:

မေ့သမီး said...

သမဂ္ဂအဆောက်အဦးကိုဖြိုခွဲရက်တာကိုတော့ စိတ်နာလို့ မဆုံးဘူး။ ဒါလွတ်လပ်ရေးမှာအထင်ကရ ဖြစ်ခဲ့တဲ့နေရာ၊ ခေတ်အဆက်ဆက်ကျောင်းသားတွေ ကျောင်းသားရေး၊ နိုင်ငံရေး၊ ခေါင်းဆောင်မှုရေးရာ၊ ဒီမိုကရေစီစနစ်တွေကို လေ့လာခဲ့တဲ့နေရာ။ ဗိုလ်ချုပ်လည်းဒီနေရာကပဲ ခေါင်းဆောင်ဖြစ်ခဲ့တယ်။ သခင်နုလည်း ဒီနေရာမှာ အထင်ကရရှိခဲ့တယ်။ တခြားခေါင်းဆောင်တွေအားလုံးရောပဲ။ ဒါကိုတက္ကသိုလ်ပညာအဆင့်မရှိတဲ့၊ ဒီသမိုင်းကိုတန်ဖိုးမထားတတ်တဲ့လူယုတ်မာတယောက်က ချေဖျက်လိုက်တာ သိပ်စိတ်နာဖို့ကောင်းတာပဲ။

Moe Cho Thinn said...

ဆရာမရေ
ကဗျာတွေရော တရိုတသေ သိမ်းထားတဲ့ စာအုပ်လေးအတွက်ပါ ကျေးဇူး အရမ်းတင်မိပါတယ်။
အဖေက ဆရာမကို စာအုပ်ရော စိတ်ဓာတ်ပါ လက်ဆင့်ကမ်းလိုက်တာကိုးနော်။