Feb 17, 2009

မြသီလာအလွမ်းပြေ(၃၃)

၁၉၉၉ရဲ့ မြသီလာဆောင်းရက်တွေကတော့ မဟာတန်းတွေနဲ့ အဝေးသင်တွေကို စာသင်ရုံကလွဲလို့ ဘာမှ ထူးထူးခြားခြားမရှိတဲ့အပြင် ကျမမှတ်မိသလောက် ရန်ကုန်မှာ ကျန်ရစ်ခဲ့တဲ့ မြသီလာကြီးမှာလည်း ထူးထူးခြားခြား အဖြစိအပျက် ဘာမှမရှိခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၀၀နှစ်ဆန်းမှာတော့ ကျောင်းတွေပြန်ဖွင့်မယ်။ စာသင်နှစ်တွေကို ၆လတတန်းသတ်မှတ်ပြီး Semester ပုံစံနဲ့ သွားမယ်.. ပညာရည်မြင့်မားမှုစီမံကိန်းဆိုတာတွေ လုပ်မယ် ဆိုတာတွေ အသံကြားလာရပါပြီ။ အဲဒီအတွက် ဘာသာရပ်ဆိုင်ရာ အကြံပြုစာတန်းတွေ တက္ကသိုလ်အလိုက် လုပ်ရမယ် ဆိုတာတွေ ညွှန်ကြားလာပါပြီ။ မြန်မာစာဌာနက သင်ကြားရေး အထောက်အကူပြု စာတမ်းတစ်စောင် ဖတ်ပါတဲ့။ အဲဒီအခါ ဌာနမှူးက ကျမကို တာဝန်ပေးပါတယ်။ ငြိမ်းခက်ခက်က စာရေးဆရာလည်းဖြစ်တော့ literature ပိုင်း တခုခု တာဝန်ယူပါတဲ့..။ အဲလိုပဲ Language ပိုင်းကိုလည်း တယောက်ကို တ၀န်ပေးပါတယ်။ အဲဒီဆရာမကလည်း Language ပိုင်းမှာ တကယ်တော်တဲ့သူပါ (သူကလည်း မဟုတ်မခံမို့ လူကြီးမကြိုက်သူပါပဲ)။ ကျမတို့ စာတမ်းရေးဖို့ နှစ်ပတ်ပဲ အချိန်ရပါတယ်။ အဲဒီမှာ ဖတ်ထားတဲ့ စာတမ်းတွေထဲကနေ ရွေးပြီး ရန်ကုန် စိန်ရတုခန်းမမှာ တနိုင်ငံလုံးက တက္ကသိုလ်ပေါင်းစုံ စာတမ်းဖတ်ပွဲမှာ ထပ်ဖတ်မှာတဲ့။ တကယ်တော့ တော်တော် တာဝန်ကြီးတဲ့ ကိစ္စပါ။
Justify Full
(တကယ်က ဘယ်သူမှမလုပ်ချင်တဲ့ ခေါင်းမခံချင်တဲ့အလုပ်ကို စွာတာတာမို့ အမြင်ကပ်လက်စရှိနေတဲ့ နှစ်ယောက်ကို ချောက်ချလိုက်တာပါပဲ)။ ကျမတို့ကတော့ ဒါမျိုး မမှုတဲ့သူဖြစ်တဲ့အပြင် နဂိုတည်းက သင်ကြားရေးပိုင်းကို ဝေဖန်နေကြသူတွေမို့ အလွယ်တကူ လက်ခံလိုက်တာပါပဲ။ မြန်မာနိုင်ငံမှာ Teacher- centered နဲ့ သင်နေတဲ့စနစ်ကို အူထဲအသည်းထဲကကို ကျမက မကြိုက်တာလေ။ ကျမက မဟာဝိဇာတန်းမှာ ၀တ္ထုနဲ့ စာပေဝေဖန်ရေးသင်ရတာမို့ ကျမဖြစ်စေချင်သလို Student centered classroom ဖြစ်အောင် လုပ်ယူပါတယ်။ ကျောင်းသားတွေက ဦးဆောင်ဆွေးနွေးပြီး စာသင်ခန်းထဲ အဖြေရှာရတဲ့ သင်နည်းကို မြန်မာနိုင်ငံမှာတော့ ဆရာက အသက်သာခိုတယ် လို့တောင် ထင်ကြတဲ့ အနေအထားပါ။ တကယ်တမ်း ကျောင်းသားတွေ ရှာတွေ့လာတဲ့ ပြဿနာတွေ ဝေဖန်ချက်တွေကို စနစ်တကျ လက်ခံဆွေးနွေးဖို့ ထောက်ပြအကြံပြုဖို့အတွက် ဆရာလုပ်တဲ့ သူမှာ ၀မ်းစာ ဘယ်လောက် လိုအပ်တယ်.. ဘယ်လောက် ကြိုးစားထားရတယ်ဆိုတာကို ခုထိတောင် မြန်မာနိုင်ငံက ဆရာအများစု က မသိကြ နားမလည်ကြသေးပါဘူး။

အဲဒီတုန်းက ကျမရေးတဲ့ စာတမ်းက “ဆင်ခြင်တွေးတောခြင်းနှင့် မြန်မာစာသင်ကြားရေး နယ်ပယ်” ဆိုတဲ့ ခေါင်းစဉ်ပါ။ ကျောင်းသားတွေဆီမှာ ရှိနေတဲ့ Critical Thinking, Lateral Thinking နဲ့ Creative Thinking တွေကို မြန်မာစာသင်ခန်းစာတွေ သင်ကြားရင်းကနေ ဖော်ထုတ်လေ့ကျင့်ပေးသွားဖို့အတွက် Student-Centered Approach နဲ့ ဘယ်လို လုပ်နိုင်တယ်ဆိုတာကို အထောက်အထားတွေနဲ့ ရေးတာပါ။ အဲဒီတုန်းက မော်လမြိုင် တက္ကသိုလ်ရဲ့ စာကြည့်တိုက်မှာရော မြန်မာစာဌာနရဲ့ စာကြည့်တိုက်မှာရော Reference လုပ်စရာ ဘာစာအုပ်စာတမ်းမှ မရှိလို့… လိုတဲ့စာအုပ်တွေ ရန်ကုန်ကို လှမ်းမှာပြီး ကြိုးစားပမ်းစား ရေးရပါတယ်။ ကွန်ပြူတာမရှိတဲ့ ခေတ်မို့ လက်ရေးနဲ့ ရေးလိုက်ဖျက်လိုက်.. ကလေးငယ်လေးတဘက်နဲ့ တော်တော် ပင်ပန်းတာပါ။ စာတမ်း အချိန်ကိုက်ပြီးသွားတော့ ကျမမှာ သဘောတွေကျလို့။ ဌာနမှူးကို သွားပေးတော့လည်း ကိုယ့်ဘာသာ မြောက်ကြွ မြောက်ကြွပေါ့။ အဲဒီနေ့ကျလို့ မေးခွန်းတွေတက်လာရင် ဘယ်လိုတွေဖြေမယ်.. ဘယ်လိုတွေ ပြောမယ်ပေါ့။

တကယ်တမ်း စာတမ်းဖတ်ဖို့ နှစ်ရက်အလိုမှာတော့ ဆရာမကြီးက ကျမကို အခန်းထဲခေါ်ပြီး ကျမစာတမ်းကို မဖတ်ဖြစ်တဲ့အကြောင်း၊ ဌာနမှူးပါမောက္ခတွေလည်း တစောင် မဖြစ်မနေ ဖတ်ရမယ်လို့ ထပ်ပြောတဲ့အတွက် သူလည်းတစ်စောင်ဖတ်ရတော့မှာ ဖြစ်ကြောင်း၊ နောက် စာတမ်းတစောင်က “ပုဂံခေတ်မင်စာများမှ မြန်မာစာအရေးအသားအဆင့်အတန်း”ဆိုတဲ့ ခေါင်းစဉ်မို့ ပါ/ချုပ်က စိတ်ဝင်စားလို့ ရွေးလိုက်ကြောင်း၊ ဒါကြောင့် ကျမစာတမ်းကို ဖြုတ်လိုက်ရတယ်လို့ ပြောပါတယ်။ ကျမက တကယ်ပဲလို့ ယုံပါတယ်။ ဒါနဲ့.. “ကိစ္စမရှိဘူးမမ.. ကျမစာတမ်းလေးသာ ပြန်ပေးပါ။ ကျမ တက္ကသိုလ်သုတေသနဂျာနယ်ကို ပေးလိုက်မယ်..” လို့ ပြောလိုက်ပါတယ်။ ဌာနမှူးက ကျမစာတမ်း သူ့အိမ်မှာ ရှိကြောင်း၊ နောက်နေ့မှယူပါလို့ ပြောပါတယ်။ အဲဒီ နောက်နေ့တွေမှာ သူ ပြန်မပေးလို့ ကျမ တောင်းတာ ၃ခါမြောက်ပြီးချိန်မှာတော့ ကျမ သူ့အိမ်ကို လိုက်သွားပါတယ်။ သူက ကျမစာတမ်းကို ဘယ်မှာ ထားမိမှန်းမသိလို့ အားနာလိုက်တာတဲ့။ တကယ် ဟုတ် မဟုတ်.. သူပဲ သိမှာပါ။ (ခုတော့ အဲဒီဌာနမှူးလည်း ပင်စင်ယူသွားပါပြီ)။ ကျမဆီမှာတော့ ဖျက်ရာခြစ်ရာတွေ ပေပွနေတဲ့ အကြမ်းထည်သာ ကျန်ခဲ့ပါတယ်။ နောက်ပိုင်း ဘယ်ကိုမှလည်း မပေးဖြစ်ခဲ့တော့ ပါဘူး။

(အဲဒီ စာတမ်းရေးခဲ့တဲ့ အကျိုးဆက်ကတော့ ကျမ ပြည်ပထွက်လာပြီး နောက်ပိုင်း Radio Free Asia မှာ ပညာရေးကဏ္ဍ အသံလွှင့်ဆောင်းပါးတွေ ရေးတဲ့အခါမှာ အဲဒီစာတမ်းထဲက အချက်အလက် တွေ ပြန်ထည့်နိုင်တာပါပဲ)။ ဒါတွေကို ကျမပြောပြနေတာက ကျမတို့နိုင်ငံမှာ ‘အချိန်ကိုက် အဖြစ်လုပ်’ တဲ့ကိစ္စတွေသာ တွင်ကျယ်နေတာကိုပြောချင်တာပါ။

နောက်တော့ ၂၀၀၀ မေလ ဆယ်တန်းစာမေးပွဲတွေ စာစစ်တဲ့ ကိစ္စတွေအပြီးမှာပဲ ကျောင်းတွေ ပြန်ဖွင့်မယ်.. ပညာရည်မြင့်မားမှုအနှစ်၃၀စီမံကိန်းတွေ အကောင်အထည်ဖော်မယ်ဆိုတာတွေ တရားဝင်ပြောလာပါတယ်။ ကျမတို့ နိုင်ငံရဲ့ ထုံးစံအတိုင်း စကားလုံးတွေကတော့ ကောင်းပေ့ပေါ့။ စီမံကိန်းတွေကလည်း စာရွက်ပေါ်မှာ ရှယ်ပေါ့..။ Our Vision ဆိုတဲ့ ကြီးကြီးကျယ်ကျယ် ဆိုင်းဘုတ်ကြီးတွေနဲ့။ အဲဒီဆိုင်းဘုတ်ပေါ်က ဘယ်သူရေးမှန်းမသိတဲ့ မြန်မာစာက မြန်မာစာဆရာမတွေတောင် နဝေတိမ်တောင်ဖြစ်ကုန်တာ.. ဘာကို ဆိုလိုမှန်း မသိ..။ ဆရာဆရာမတွေ ကွန်ပျူတာတတ်ရမယ်တဲ့..။ သင်ထားပါ.. မသင်လို့ မတတ်ရင် နောက်မှာ ချန်ခဲ့ရမှာပဲ.. တဲ့။ ကျမတို့က သင်ဖို့ ဘယ်သူစီစဉ်ပေးမှာလဲဆိုတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်.. တဲ့။ ဘုရားရေ.. ကွန်ပျူတာသင်တန်းက အတတ်ကို ၁သောင်းခွဲ.. ကျမတို့ တရားဝင်လစာက အဲဒီတုန်းကထိ ၁၇၀၀ပဲ ရသေးတာ။

ပြီးတော့ အစည်းဝေးခန်းထဲမှာ ဆရာမကြီးက ပြောသေးတယ်။ ဘာတဲ့.. ရေဗူးပေါက်တာ မလိုချင်ဘူး.. ရေပါတာပဲ လိုချင်တယ်တဲ့။ ကျမက ချက်ချင်း ပြန်ပြောလိုက်တယ်.. “မမ… အဲဒါ စစ်တပ်က ရေသယ်တဲ့ကိစ္စမှာ ပြောတဲ့ စကားဖြစ်မယ်... ပညာရေးထဲမှာတော့ အဲလို မရဘူးထင်တယ်..” လို့။ သူက “မရဘူး.. ဒါ ဖြစ်အောင်လုပ်ရမယ့် ကိစ္စတွေပဲ.. မလုပ်နိုင်တဲ့သူ ကျန်ခဲ့” တဲ့။ ကြည့်ပါဦး.. ပညာတတ် ဆရာမကြီးတယောက်က သူ့လက်အောက်က လုပ်ဖော်ကိုင်ဖက်တွေကို ပြောတာ။ လက်ဝှေ့ကြိုးဝိုင်းထဲ စိန်ခေါ်တာကျနေရောနော်..။ ပညာမတတ်တဲ့သူတွေက အဲလိုပြောတယ်ဆို ထားပါတော့။ (တကယ်တော့ ဒါ့ထက်အများကြီးဆိုးတဲ့ ဆရာဆရာမကြီးတွေလည်း ရှိတာကို နောက်ပိုင်းမှာ ကျမပြောပြပါ့မယ်.. ဒါမှပဲ ကျမ ဘာလို့ မြသီလာကို စွန့်ခဲ့ရတယ်ဆိုတာက ပေါ်လွင်တော့မှာလေ)။

မော်လမြိုင်တက္ကသိုလ်မှာ ထူးခြားတာက ဆရာဆရာမအများစုက တော်ကြတာ.. ပြီးတော့ ဆရာဆရာမစိတ် ရှိကြတာပဲ။ ဒါကြောင့် ကျောင်းသားတွေကလည်း အများစု တော်ကြ လိမ်မာကြတယ်။ ရန်ကုန်ကျောင်းတွေမှာ စာမေးပွဲမှာ စာခိုးချတဲ့ ပြဿနာတွေ.. အခန်းစောင့်ဆရာမတွေက ငွေယူပြီး စာခိုးချတဲ့ကျောင်းသားကို လွှတ်ပေးတယ်ဆိုတာတွေ ကြားနေရချိန်မှာ ကျမတို့ မော်လမြိုင်တက္ကသိုလ်က စံပြလို့တောင် ပြောလို့ရလောက်အောင် စာခိုးချတဲ့သူတွေ နည်းတယ်။ ရှိရင်လည်း အရေးယူတယ်။ ကလေးတွေကလည်း အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ ဆရာဆရာမတွေကလည်း ညီကြတယ်။ စုန်းပြူး အနည်းအကျဉ်း ရှိပေမဲ့ အများစုက ကောင်းလေတော့ အဲဒီတုန်းက မော်လမြိုင်တက္ကသိုလ်ဟာ နာမည်ကောင်း ထွက်တဲ့ ကျောင်းတခုပေါ့။

ဒီလိုနဲ့ ၂၀၀၀ပြည့်နှစ်ရဲ့ဇူလိုင်လမှာတော့ ၁၉၉၆ကျောင်းသားလှုပ်ရှားမှုအပြီးကတည်းက ပိတ်ထားခဲ့တဲ့ စာသင်ခန်းတံခါးတွေ ပြန်ဖွင့်လိုက်ပြန်ပါတော့တယ်။ အဲဒီ ၂၀၀၀ ကျောင်းတံခါးတွေ ပြန်ဖွင့်တာရဲ့ နောက်ကွယ် မှာ ကျောင်းသားတွေ စာမတတ်ရေး.. ပညာရေးအဆင့်အတန်း နိမ့်ကျရေးနဲ့ ပညာတတ်တန်ဖိုးတွေ နိမ့်ကျ သွားစေရေးအတွက် နောက်ကွယ် အစီအစဉ် (Hidden Agenda)တွေ ရှိနေခဲ့တာကို ဘယ်သူမှ မရိပ်မိကြသေးပါဘူး။ ကျမလို စစ်အစိုးရနဲ့ပတ်သက်ရင် မသင်္ကာစိတ်နဲ့ အမြဲ စောင့်ကြည့်တတ်တဲ့သူတောင်မှပဲ သံသယ မရှိမိခဲ့သေးပါဘူး။ ကျမ ရိပ်မိတဲ့ အချိန်က ၂နှစ်လောက် နောက်ကျခဲ့ပါတယ်။ တကယ်တော့ ‘တိုင်းပြည်ဖျက် စီမံကိန်း’ ဆိုတာကလည်း စနစ်တကျ စိမ့်ဝင်ထိုးဖောက်ပြီးမှ လုပ်တာပဲ မဟုတ်လားလေ။

+++++

ကျောင်းဖွင့်ချိန်မှာ ပျော်ရွှင်ကြည်နူးကြတာတော့ ကျောင်းသားတွေတင်မဟုတ်.. ကျမတို့ ဆရာဆရာမတွေပါ.. စိတ်လက်ကြည်နူးကြရပါတယ်။ ပင်ပန်းတာကတပိုင်း.. ကိုယ့် ပလက်ဖောင်းလေးပေါ် ကိုယ်ပြန်ရောက်ရတာက စိတ်ချမ်းသာစရာ..။ ကျမဆို ဘ၀မှာ စာသင်ခုံပေါ် ရပ်ပြီး စာသင်နေရမှ အဓိပ္ပါယ်ရှိတယ်လို့ကို ထင်တာလေ။ စာသင်ခန်းဟာ ကိုယ်ဖြန့်ဝေချင်သမျှပြောခွင့်ရတဲ့ နေရာလေး..။ ကိုယ်မွေးချင်တဲ့ မျိုးဆက်သစ်လေးတွေ မွေးထုတ်ခွင့်ရတဲ့ နေရာလေး.. ကိုယ်ဟောချင်တဲ့ တရားတွေ ဟောခွင့်ရတဲ့ နေရာလေး… ကျမ ဒါကို မက်မောတယ်။ ပြီးတော့ မြန်မာစာဘာသာရပ်.. အထူးသဖြင့် ကဗျာ စကားပြေစတဲ့ စာပေဘာသာရပ်ဟာ ကျမ နှလုံးသားထဲကကို မြတ်နိုးတဲ့ဘာသာရပ်မို့ ကျမဒါနဲ့ပတ်သက်ပြီး ပြောနေဆိုနေရတာကို သိပ်မွေ့လျော်တာပါ။ ဆရာမဖြစ်ပြီး နောက်ပိုင်းကာလတွေထဲ ကျမဘ၀ရဲ့ အပျော်ဆုံးအချိန်တွေဟာ အဲဒီ မော်လမြိုင် တက္ကသိုလ်ကာလမှာလို့တောင် ပြောလို့ ရပါတယ်။

(မော်လမြိုင်မှာ စိတ်ချမ်းသာနေတာ)

အဲဒီကျောင်းပြန်အဖွင့်မှာမှ ရာကျော်လည်း Chemistry Major ကို Final Year တက်ရတာပေါ့။ ကလေးတဘက် အလုပ်တဘက်နဲ့ပေါ့။ ကျမက ရာကျော်ရှက်နေမှာ စိုးနေမိသေးတယ်။ မိန်းမက ဒီတက္ကသိုလ်မှာပဲ ဆရာမ.. သူက ကျောင်းတက်နေရတုန်း.. ပိုဆိုးတာက နေတာကလည်း ကျောင်းဝင်းထဲလေ.. ။ ပြောသာပြောရတယ်.. အဲဒီအချိန်မှာ ကျောင်းသား ကျောင်းသူ တော်တော်များများကလည်း အိမ်ထောင်တွေ ကျကုန်ပြီ။ တချို့လည်း ကလေးတဘက်နဲ့ပေါ့။ ကျမရဲ့ ဘားအံတုန်းက တပည့်တွေထဲမှာလည်း နောက်ဆုံးနှစ်ကို မော်လမြိုင်မှာ လာတက်သူတွေက တက်ကြရတာပေါ့။ အဲဒီအခါ ကျမစိတ်ထဲ ကျမတပည့်တချို့ ကျမအပေါ် ရာကျော်နဲ့ အိမ်ထောင်ပြုလိုက်တဲ့အပေါ် စိတ်ကသိကအောက်ဖြစ်မှာ အရိုအသေတန်မှာတွေကိုလည်း တွေးပူနေမိတာမျိုး ဖြစ်နေမိပါ သေးတယ်။ ဒါပေမဲ့ ကျမတပည့်လေးတွေကရော သူတို့ရဲ့ မိဘတွေကပါ ကျမနဲ့ ရာကျော့်အပေါ် အချစ်မပျက်.. အရိုသေမပျက်.. အရင်ကအတိုင်း လှိုက်လှိုက်လှဲလှဲ ရှိဆဲမို့ ကျမမှာ တော်တော် အားတက်ရတာပါ။ ဒီတော့လည်း ကျမအိမ်ကလေးက ဘားအံကောလိပ် မှာတုန်းကလိုပဲ တပည့်တွေရဲ့ စားအိမ်သောက်အိမ် အပန်းဖြေစရာ အိမ်ကလေး ဖြစ်နေမြဲပေါ့။

+++++

မော်လမြိုင်တက္ကသိုလ်က အချိန်တွေဟာ ကျမအတွက်တော့ တကယ့်ကို ကျေနပ်စရာကောင်းခဲ့တဲ့ ဘ၀လေးပါပဲ။ ဌာနမှာဆိုရင်လည်း ကျမနဲ့ စိတ်တူကိုယ်တူ ဆရာဆရာမတွေက အများစုလေ..။ ကျမဖြင့် အဲဒီတုန်းက ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သိပ်ချစ်တာပါပဲ။ ပြီးတော့ အေးချမ်းတဲ့ မော်လမြိုင်မြို့လေးနဲ့ အနီးဝန်းကျင် တ၀ိုက်ကလည်း ကျမအတွက်တော့ ချစ်စရာတွေချည်း။ အခါကြီး ရက်ကြီးတွေ ဘာသာရေးအထိမ်းအမှတ်နေ့ တွေဆို တောင်ဝိုင်း တောင်ပေါ်က ဘုန်းကြီးကျောင်းတွေမှာ အလှူလုပ်။ နောက် ကျောင်းရှေ့က ဘိုးဘွားရိပ်သာမှာ အလှူလုပ်။ ကျမစိတ်ထဲ မော်လမြိုင်မှာပဲ နေတော့မှာလို့ကို ဆုံးဖြတ်လိုက်တဲ့အထိ… အဲဒီမြေမှာ ပျော်မွေ့ခဲ့တာပါ။

အဲဒီအချိန်တွေမှာပဲ ရာကျော်လည်း ကျောင်းပြီး.. ဘွဲ့ရ..။ သမီးလေးလည်း တောက်တောက် ပြေးပြီ။ တကယ့်ကို အပူပင်နည်းနည်း လောဘနည်းနည်း သောကနည်းနည်းအချိန်တွေ..။ သမီးလေးဓာတ်ပုံမြင်ပြီး နှစ်ဖက်အဖိုးအဖွားနဲ့လည်း အဆင်တွေပြေ။ ကျမအဖေက ပိုက်ဆံ ၃သိန်းထုတ်ပေးလို့ လယ်ကို အကြီးအကျယ်စိုက်မယ်လို့ ကြွေးကျော်ပြီး ရာကျော်က ရွာပြန်ဆင်းသွားပါတယ်။ ကျမက သားကြီးကို အဖော်လုပ်ပြီး သမီးလေးရယ်.. ကျမကို ကူလုပ်တဲ့ အဖော်ကောင်မလေးတွေရယ်နဲ့ နေခဲ့ပေါ့။ အဲဒီတုန်းကတော့ တကယ်လည်း သားကြီးကိုအဖော်လုပ်ရတာ။
(အဲဒီတုန်းက ကိုကိုကြီးနဲ့ ညီမလေး)

သားကြီးက ငယ်ငယ်ကတည်းက ဘာမှမကြောက်တတ်။ တခြားကလေးတွေ ညဘက် အိမ်ပြင်တောင် မထွက်ရဲတဲ့ အရွယ်မှာ သားက ကျမကို အပြင်ထွက်လည်း လက်နှိပ်ဓာတ်မီးကိုင်ပြီး အဖော်လိုက်ပေးတာ။ ညမိုးချုပ်ချုပ်မှာ ကျူရှင်က ပြန်ရင်လည်း တောအုပ်လို ကျောင်းဝင်းထဲ တယောက်တည်း ပြန်လာရရှာတာ။ ခုထိလည်း အားတော့ ကိုးရသားပါ။ (ဆင်ခြေများတာက လွဲလို့)။

(အမေနဲ့ အဖော်လိုက်ပေးတဲ့ သားကြီး)

တကယ်တော့ ရာကျော်က သူ့အသွေးအသားထဲကကို လယ်လုပ်ရတာကို ပျော်တာ.. လယ်ကိုချစ်တာမို့ ဒါပဲ လုပ်ချင်တယ်ဆိုလို့သာပါ။ ပြီးတော့ ရာကျော်က လယ်လုပ်ပြီဆိုရင် အလုပ်သမားတွေ ငှားထားပေမဲ့ စိတ်တိုင်းမကျတာနဲ့ သူကိုယ်တိုင် ဆင်းဆင်းလုပ်တာကြောင့် ပင်ပန်းလွန်း လို့ ကျမက သိပ်မလုပ်စေချင်ပါဘူး။ သူက ကန်သင်းပေါက်လည်း ကိုယ်တိုင်လုပ်ရမှ.. စက်မောင်းလည်း ကိုယ်တိုင်လုပ်ရမှဆိုတော့.. လိုအပ်တာထက် ပင်ပန်းတယ်လို့ ကျမက ထင်တာလေ။ ကျမကတော့ ရန်ကုန်မှာ အဖေက ခရီးသွားကားတွေ ထောင်ထားတာမို့ အဖေ့ကားတွေ မောင်းပေးတာမျိုး.. ဧည့်သည်တွေနဲ့ လျှောက်လိုက်ပေးတာမျိုးကို လုပ်စေချင်တာ။ ပြီးတော့ အဲဒီအချိန်မှာ အဖေကလည်း သူ့ကို ချစ်နေပြီလေ။ ဒါပေမဲ့ သူက ရန်ကုန်မှာ မပျော်ဘူး။ လယ်ပဲ ပြန်လုပ်ချင်နေတာ..။ နောက်တော့ ကျမအဖေကလည်း သူလယ်လုပ်ချင်တာကို အားပေးပါတယ်။ ရာကျော့်အဖေဆိုရင်လည်း ရေဆင်းက ကျောင်းပြီးထားတာကို ကိုယ့်လယ်ပဲ ခေတ်မီနည်းစနစ်တွေနဲ့ ပြန်လုပ်မယ်လို့ ကြွေးကျော်ပြီး တကယ် ကြိုးစားပမ်းစား လုပ်နေတာ။ ဒါကိုပဲ ရာကျော့်အမေ ကျောင်းဆရာမကြီးက သဘောကျ ကျေနပ်နေတာဆိုတော့ ကျမလည်း ရာကျော့်ကို အားပေးရ တော့တာပါပဲ။

အဲဒီအချိန်မှာ စစ်အစိုးရကလည်း စပါးပြီးစပါးတွေ.. တနှစ်သုံးသီးစီမံကိန်းဆိုတာတွေ လုပ်နေပြီ။ ကျမတို့ လယ်ကလည်း နွေစပါးဆို အထွက်ကောင်းလေတော့ ရာကျော်က ပုံအောပြီး လုပ်တော့တာပေါ့။ အစိုးရက ရေသွင်းတဲ့အခါ စက်မောင်းဖို့ ဆီလည်း အလုံအလောက် ပေးမယ်ဆိုတာကိုး။ တကယ်တမ်းကျတော့ ဒီအစိုးရဆိုသူများရဲ့ ထုံးစံအတိုင်း အစပိုင်းမှာသာ စက်ဆီလည်းပေး.. ထောက်ပံ့စရာရှိတာထောက်ပံ့.. မြေသြဇာ ပိုးသတ်ဆေးကအစ ပေးပါမယ် ဆိုတာတွေ ကြေငြာပြီး တကယ်လိုပြီဆိုတဲ့ အချိန်လည်း ကျရော ဘာမှမရတော့ပါဘူး။ လယ်သမားတွေကတော့ အလုပ်က စနေပြီ.. ခရီးတောင် တော်တော်ရောက်နေပြီဆိုတော့ ဖြစ်အောင်ပဲ ဆက်လုပ်ရတော့တာပေါ့။ လိုသမျှ အပြင်ကနေ ၀ယ်ဖြည့်ပေါ့။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ ကရင်ပြည်နယ် မွန်ပြည်နယ်မှာ လယ်လုပ်မယ့်သူ အင်မတန်ရှားနေချိန်ပါ။ လူငယ် လူလတ် တော်တော်များများက နီးစပ်ရာ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ပြီး အဆင်ပြေကြတာမို့ ရွာမှာ လယ်လုပ်မယ့်သူ မရှိသလောက် ဖြစ်နေပါတယ်။ ဒီတော့ အလုပ်သမားတွေ ဈေးကောင်းပါတယ်။ ဆိုတော့ လယ်လုပ်ရတာ အရင်းအနှီး အများကြီး ပိုစိုက်လာရပါတယ်။

ဒီကြားထဲ ကရင်ပြည်နယ်ဘက်ဆီမှာ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကတည်းက အလွန်အကျွံသစ်ခုတ်မှုတွေ ရှိတာရဲ့ အကျိုးဆက်ဖြစ်ပါလိမ့်မယ်.. အဲဒီ ၂၀၀၀ပြည့်နှစ်ထဲမှာ အချိန်မတန်ဘဲ မိုးကြီးတာ.. ရေတက်တာတွေ ဖြစ်လာတာမို့ စပါးတွေ သီးနှံတွေ ပျက်တဲ့ အလေ့အကျင့် ဖြစ်လာနေပါတယ်။ ကျမတို့လည်း အရင်းတောင် အပြည့်ပြန်မရ ဖြစ်သွားပါတယ်။ ဒါတောင် ကိုယ်ပိုင်လယ်မို့ပါ။ အငှားလုပ်ရတဲ့ လယ်သာဆိုရင် တော်တော် ဒုက္ခကြီးမယ့်ကိန်း။ တကယ်လို့ အစိုးရကသာ သူတို့ပြောတဲ့အတိုင်း လယ်လုပ်သူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့တာတွေ.. ပံ့ပိုးတာတွေ ရှိခဲ့ရင်တော့လည်း ကျမတို့ အရှုံးကလည်း အဲလောက်များဖို့ မရှိပါဘူး။ ပိုဆိုးတာကတော့ ထွက်တဲ့စပါး အစိုးရကို သွင်းရမယ်လို့ သတ်မှတ်လိုက်တာပါပဲ။ ဒီတော့ ဈေးကောင်း မရတာရော.. အရင်းအနှီးများတာကြောင့်ရော.. အဲဒီနှစ်မှာ မွန်ပြည်နယ်.. ကရင်ပြည်နယ် တကျောက လယ်သမားတွေ တော်တော် အထိနာကြပါတယ်။ ကျမတို့လည်း အပါအ၀င်ပေါ့။ ဒါပေမဲ့ ကျမတို့ အလွယ်တကူနဲ့တော့ လက်မလျှော့ကြပါဘူး။ နောက် တနှစ်မှာ မိုးစပါးရော နွေစပါးရော ထပ်လုပ်ကြသေးတာပါ။ ဒါပေမဲ့လည်း အဲဒီနောက်မှာလည်း ရေကြီးတယ်.. မိုးစောတယ်။ အစိုးရက အတင်းအဓမ္မ စပါးဝယ်တယ်.. ဈေးနှိမ်တယ်။ ဆိုတော့ မထူးဇာတ်တွေပဲဆိုပါတော့။

အဓိက စိတ်ပျက်လာတာကတော့ ကိုယ့်လယ်ကိုယ်စိုက်လုပ်ရပြီး အစိုးရက အဓမ္မ ဈေးနှိမ် ၀ယ်တာ တဲ့ ကိစ္စကိုပါပဲ။ သိပ်ကို မတရားလွန်းတာမို့ နောက်ဆုံး ကျမတို့ ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အတွက် လယ်လုပ်ဖို့ကို စိတ်လျှော့လိုက်ပါတယ်။ အဲဒီနောက်ပိုင်း ကျမကို “လယ်မလုပ်တော့ဘူးလား” လို့ မေးကြရင် ကျမဖြေနေကျ စကားရှိပါတယ်။ “မလုပ်တော့ဘူး.. ကျမတို့လယ်က ရွှေထွက်လို့”.. ဆိုတာပါ။ တကယ်လည်း ကျမမှာရှိသမျှ စုဆောင်းထားသမျှ ရွှေတိုရွှေစပါမကျန် အကုန်ထွက်သွားတာလေ။ ရာကျော်လည်း အဲဒီတော့မှပဲ သူ့လယ်ကို စိတ်ပြတ် သွားတော့တာ။ မပြတ်လည်း မရတော့ဘူးလေ။ ဒီလိုနဲ့ပဲ ကရင်ပြည်နယ် မွန်ပြည်နယ်ဘက်မှာ တစတစနဲ့ လယ်ပိုင်ရှင်တွေက သူတို့လယ်တွေကို ပစ်ထားလိုက်ကြ တော့တာပါပဲ။ ဒီတော့လည်း အစိုးရမင်းများက လယ်ရှိလျက်နဲ့ မလုပ်ရင် သိမ်းမယ်လို့ အမိန့်ထုတ်ပါတယ်။ လယ်သမားတွေမှာတော့ ဆုပ်လည်းစူး စားလည်းရူးပေါ့။ ရာကျော့်မိဘတွေကတော့ သိမ်းလည်း သိမ်းပေါ့.. လုပ်မယ့်သူမှမရှိတာလို့ ခပ်အေးအေးပဲ ပြောပါတယ်။ အချိန်ပြည့် စိတ်ဒုက္ခရောက်နေရမှာကိုတော့ မခံနိုင်တော့ဘူး… တသက်လုံး ပိုင်ခဲ့တဲ့ လယ်တွေကိုပဲ အဆုံးရှုံးခံလိုက်တော့မယ်… တဲ့။ ခုတော့ ဘယ်လို နေတယ် မသိပါဘူး။

တကယ်တော့ လယ်ကို ကျွမ်းကျင်ပြီး လယ်ပိုင်တွေလည်း ရှိကြတဲ့သူတွေကတော့ လယ်ပဲ လုပ်ချင်တာပါ။ သူ့လယ်မှာ သူပဲ အရှင်သခင်လေ..။ ဘယ်လောက် အရသာရှိလိုက်လဲ..။ ကိုယ့်လက်နဲ့ ကိုယ့်ချွေးနဲ့ စိုက်ထားတဲ့ လယ်တွေက စပါးပင်တွေ တဖြည်းဖြည်း မြင့်တက်လာတာ.. ၀င်းမှည့်လာတာ.. ရိတ်သိမ်းချိန်တန်လာတာတွေကို တနေ့တနေ့ ကြည့်နေရတာ သိပ် စိတ်ကြည်နူးစရာ ကောင်းတာပါ။ ပြီးတော့ အဲဒီကရတဲ့ စပါးကို ဆန်ဖြစ်တဲ့အထိ ကိုယ်တိုင်လုပ်ရ.. ထမင်းဖြစ်တဲ့အထိ ချက်ရတာ..။ သိပ် သဘောကျစရာ ကောင်းတာပါ။ ပင်ပန်းပေမဲ့ စိတ်ချမ်းသာရပါတယ်..။ ဒါပေမဲ့ ကိုယ့်လယ်က ထွက်တဲ့စပါးမှ ကိုယ်မစားရ.. ၀မ်းစာစပါးတောင်မချန်ရဘဲ အစိုးရကို သတ်မှတ်တင်းရေ ပြည့်မီအောင် ဖြည့်ရောင်းနေကြရတော့ လယ်သမားတွေ လယ်လုပ်ရတာမှာ ဘာ အကျိုးအမြတ်မှ မရှိတဲ့အပြင် စိုက်ထုတ်ရတဲ့ စိတ်အင်အား လူအင်အားတွေပါ ပြုန်းတီးကုန်တာပါ။

+++++

၂၀၀၀ပြည့်နှစ်ထဲမှာ ကိုယ်ရေးကိုယ်တာအရ အဲလို စိတ်ပျက်စရာတွေ ကြုံခဲ့ရပေမဲ့ ကျောင်းတွေဖွင့်ချိန်မို့ စာသင်နေရတဲ့ ကျမက အဲဒီ ပြဿနာတွေ အခက်အခဲတွေနဲ့ ပတ်သက်လို့ အရင်ကလောက် သောက မဖိစီးတော့ပါဘူး။ ကျမရဲ့ ဆရာမသက်တမ်း တလျှောက်မှာ မော်လမြိုင်မှာ ဆရာမဖြစ်ရတဲ့အချိန်ကို ကျေနပ်ရတာ နောက်တမျိုးကတော့ အင်မတန် စာသင်လို့ကောင်းတာပါ။ ကိုယ်တိုင်ကလည်း အသက်အရွယ် ရလာချိန်…။ စာသင်ဖို့ ကိုယ်ပိုင်ဝမ်းစာကလည်း အတော်အတန် အားကောင်းလာတာမို့ရော.. မော်လမြိုင် တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေရဲ့ လိမ္မာာနာယူမှုကြောင့်ရော... ပါပါလိမ့်မယ်။ အဲဒီ ၂၀၀၀ပြည့်နှစ်ထဲမှာပဲ ကျမ ကထိကအဖြစ် ရာထူးတက်သွားတာမို့ လုပ်ပိုင်ခွင့်နဲ့ လုပ်နိုင်ခြေလည်း ပိုများလာပါတယ်။ အထူးသဖြင့် မဟာဝိဇာတန်းကို ကျမ သင်ချင်တဲ့ စာအုပ်တွေ သင်ရိုးတွေ ရွေးချယ်လို့ ရတာပါပဲ။ နောက် သင်ကြားနည်းကိုလည်း ကျောင်းသားတွေ ဦးဆောင် ဆွေးနွေးစေတာမျိုး လေ့ကျင့်ပေးနိုင်လာပါတယ်။ ပါမောက္ခ ဆရာမကြီးလည်း ကျမရဲ့ တကယ့်သဘောထားနဲ့ စရိုက်သဘာဝကို အတော်အတန် သိသွားတာကြောင့် ဖြစ်ပါလိမ့်မယ်။ ချစ်ချစ်ခင်ခင်ရှိသွားတာမျိုး မဟုတ်ပေမဲ့ ဘာပြဿနာမှ ထူးထူးထွေထွေ မဖြစ်တော့ပါဘူး။ နောက် ကျမတို့ ဆရာ ဆရာမတွေကလည်း ညီပေတာကိုး။ (အဲဒီတုန်းကတည်းက ကျမမှာ ယုံကြည်စိတ်တခု စွဲခဲ့ပါတယ်။ အမှန်တရားကအားကောင်းရင် အမှားက အလိုလို အားနည်းငြိမ်ဝပ်သွားတယ်…ဆိုတဲ့ အယူအဆပါ)။

အဲဒီအချိန်တွေထဲမှာပဲ အေးအေးဆေးဆေး စာလေးသင်ပြီး နေပျော်နေတဲ့ ကျမကို လှုပ်နှိုးလိုက်တာက ဗိုလ်ချုပ်ခင်ညွန့်ရဲ့ “အမျိုးသားပညာရည်မြင့်မားမှု နှစ်၃၀စီမံကိန်း” ဆိုတာကြီးပေါ့။ အဲဒီစီမံကိန်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို သေချာပြောပြမှပဲ မြသီလာရဲ့ သမိုင်းနဲ့ ပတ်သက်ရင် ကျမ တာဝန်ကျေတယ်ရယ်လို့ လိပ်ပြာသန့်နိုင်မှာပါ။

+++++

Feb 14, 2009

Valentine's Day... တဲ့။



အချစ်ဆိုတာကို အကျယ်မချဲ့ဖြစ်တော့တာကြာပြီ။
အချစ်ဆိုတာ ဘ၀တွေမှာ မရှိမဖြစ်ဆိုတာကို လက်ခံပေမဲ့ အသက်အရွယ်နဲ့ အချိန်ကာလအရ... ပြီးတော့ ခေတ်အခြေအနေအရ… အချစ်ဆိုတဲ့ အခန်းကဏ္ဍက ကျမ၀န်းကျင်မှာ မှိန်ဖျော့ခဲ့ပြီ။

တကယ်တော့ ကျမက အချစ်နဲ့ ပတ်သက်တဲ့ အနုပညာတွေကိုသာ သိသိသာသာ နှစ်သက်တတ်တဲ့သူပါ။ ကိုယ်တိုင်လည်း အချစ်ဝတ္ထုတွေ အချစ်ကဗျာတွေသာ ရေးလိုသူ..။ ခု ထိ လေးဖြူနဲ့ မောင်မောင်ဇော်လတ်ရဲ့ ‘စာမျက်နှာ၁၅’ကို ရင်ခုန်တတ်တုန်း.. ခုလည်း Valentine Day ဆိုတော့ တချိန်က တမက်တမော ကြိုက်ခဲ့ရဖူးတဲ့ (ကေအေတီစီစဉ်တဲ့) ချစ်သူများနေ့အမှတ်တရသီချင်းတွေကို ပြန်သတိရနေမိတယ်။ ပြီးတော့ ဖြူစင်ခဲ့တဲ့ နုပျိုစဉ်အရွယ်က အချစ်နဲ့ ပတ်သက်ခဲ့တဲ့ အချိန်တွေ သတိရမိပါတယ်..။ လူတိုင်း ဖြတ်ကျော်ခဲ့ရတဲ့ အချစ်ဆိုတာ ကိုတော့ ပစ်ပယ်လို့ မရနိုင်ဘူးလေ..။ ဘာပဲဖြစ်ဖြစ်.. တကယ့်အချစ်ဆိုတာက အင်မတန် ငြိမ်းချမ်းနူးညံ့တာပဲ မဟုတ်လား။ ဆိုတော့ ချစ်ကြသူတွေရဲ့နေ့ဆိုတာကို အသိအမှတ်တော့ ပြုသင့်ပါတယ်လေ။

ကဗျာဆရာ ‘သစ်ကောင်းအိမ်’က သူသိပ်ကြိုက်တဲ့ အချစ်ကဗျာတစ်ပုဒ် ကျမဘလော့မှာ တင်ဖို့တဲ့ လှမ်းပို့ပါတယ်။ ကျမကလည်း ကိုယ်တိုင် ကဗျာတစမှမရေးနိုင်လေတော့ လောလောဆယ် ကိုယ့်ဆီရှိတဲ့ အချစ်ကဗျာလို့ ယူဆထားတဲ့ ကဗျာတချို့ တင်ပေးဖို့ပဲ စဉ်းစားဖြစ်ပါတယ်။ ကျမကြိုက်တဲ့ ကဗျာလေးတွေမို့ စာဖတ်သူတွေလည်း ကြိုက်မယ်လို့ ယုံပါတယ်။ 

"ဒီတခါနက္ခတ်စုံရင်တော့
ပြန်ဆုံကြရအောင်....ဒေလီယာ"

ပြန်သောက်မိတဲ့စီးကရက်တွေကလည်း
ငယ်ငယ်တုန်းက
စီးကရက်တွေမဟုတ်တော့ဘူး

ပြန်ထိုင်မိတဲ့ လက်ဘက်ရည်ဆိုင်တွေကလည်း
ငယ်ငယ်တုန်းက
လက်ဘက်ရည်ဆိုင်တွေမဟုတ်တော့ဘူး

ပြန်နားထောင်မိတဲ့သီချင်းတွေကလည်း
ငယ်ငယ်တုန်းက
သီချင်းတွေမဟုတ်တော့ဘူး

ပြန်ပေါင်းမိတဲ့သူငယ်ချင်းတွေကလည်း
ငယ်ငယ်တုန်းက
သူငယ်ချင်းတွေမဟုတ်တော့ဘူး

ပြန်ရောက်ခဲ့တဲ့ငါမြို့လေးဟာလည်း
ငယ်ငယ်တုန်းက ငါ့မြို့လေးမဟုတ်တော့ဘူး

ငယ်ငယ်က“မာရီလင်မွန်ရိုး..” ကတော့
“မာရီလင်မွန်ရိုး....” အတိုင်းလှပဆဲ

တို့အတူလွှတ်ဖူးတဲ့စက္ကူလှေလေးတွေက
စမ်းချောင်းလေးအတိုင်းမျောပါဆဲ

တို့ကျောင်းရှေ့လမ်းမှာ
စိန်ပန်းပွင့်တွေကလည်း
ငယ်ငယ်တုန်းကလို ကြွေဆဲပဲ

နှင်းဆီလိုချိုအီတဲ့ မင်းကိုယ်သင်းရနံတွေက
နှစ်နှစ်ဆယ်ကျော်ကာလကိုဖြတ်သန်း
သောင်ရင်းမြစ်တဖက်ကမ်းထိမွှေးပျံဆဲ

ပ၀ါတကမ်းလက်တလှမ်း
နေ့စွဲတွေဟာလည်း
တို့နှစ်ယောက်ကြားမှာ
အရင်ကအတိုင်းရှိနေဆဲ

မဖြောင့်တန်းတဲ့
ငါလျှောက်နေကျလမ်းတွေလို
တို့သူငယ်ချင်း“ င၀န်” ဟာလည်း
ကွေ့ကောက်ဆဲ

ငြိမ်းချမ်းပါစေ “ဒေလီယာ..”
ငြိမ်းချမ်းပါစေ ကမ္ဘာမြေကြီး
ငြိမ်းချမ်းပါစေ ကိုယ့်ရဲ့အလွမ်းများ

ရေစီးကြမ်းတဲ့မြစ်ကိုဆန်လို့
လူသားရဲ့ဝိညာဉ်မွန်ဟာ
ခေတ်တွေကို
အချစ်တွေနဲ့ထမ်းပိုးသယ်ဆောင်လို့ပါလား

အရှေ့ဆီမှာ
ရောင်နီလာတော့မယ် “ဒေလီယာ…”။ ။

သစ်ကောင်းအိမ်
(ဒီဇင်ဘာ၊ ၂၀၀၅)


လက်ဆောင်

ကံ့ကော်ပန်းတွေနဲ့ လုပ်ထားတဲ့
ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ
သူ့ကို ရည်စူးခဲ့တာပါ။
ကျွန်တော်ပျံသန်းဖို့ ကောင်းကင်တစ်ခု
သူ့မျက်ဝန်းကနေရတယ်။
သန့်စင်ပြီးလှပတဲ့ အိပ်မက်လေးတစ်ခု
သူ့ကို ကျွန်တော်ပေးခဲ့တယ်။
သူ့ရဲ့ရနံ့တွေကို သယ်ဆောင်လာတဲ့
အပြာရောင် လက်ကိုင်ပုဝါလေးတစ်ထည်က
ကျွန်တော့်ကို ချွေးသိပ်ယုယခဲ့ပါတယ်။

ကျွန်တော်တို့အပေါ် အမြဲတမ်းဖိစီးနေတဲ့
အမှောင်ခေတ်ထဲက ရတတ်သမျှအလင်းရောင်
အကောင်းဆုံး လက်ဆောင်အဖြစ်
သူ့အတွက် ကျွန်တော့်ကိုပေးတယ်။
ကျွန်တော့်အတွက် သူ့ကိုရတယ်။
သစ်ရွက်လေးတစ်ရွက်
လှုပ်ခတ်တာကအစ
အဓိပ္ပာယ် ရှိခဲ့ပါတယ်။

တင်မင်းထက်

အနားသတ်မျဉ်း

မိုးခေါင်ရေရှား ရပ်ဝန်းထဲ
စိတ်ကူးလှလှလေးတွေ လင်းလဲ့ည
ကြယ်ပွင့်တွေဆီ ခိုးနမ်းမိခဲ့။

ပျောက်ဆုံးသွားခဲ့
ကျွန်တော့ အိုအေစစ်လေး
အခုဆို
ပျော်နေရောပေါ့.........။

ရင်ခုန်သံ အစွန်းဘက်
မြေပုံအညွှန်းတစ်ဝက်နဲ့
ဇာတ်လမ်းဆက်သူဟာ
ဘယ်သူလဲ မေးရင်
တစ်ဘ၀စာ တမ်းတမိသူ
ကျွန်တော့ အပြစ်ပါ။

မဆွေးချင်ဘူး......
ဒါပေမယ့်
လွမ်းမိတယ်။ ။
နေဆူးသစ်

"မပြီးပြတ်သေးသောရိုက်ကွင်းပေါ်မှာ"

ခုထိ ရေခဲ မကွဲသေးဘူး
ဆိုင်ပိတ်ချိန် ရောက်တော့မလား
သစ်သီးဖျော်ရည်တွေ ခါးသက်နေခဲ့တာ
ဖန်ခွက်က ချွေးဥတွေ အောက်ခံပြားပေါ် စီးအိုင်နေ
ရေခဲက မကွဲသေးဘူး
တစ်ဖက်စွန်းမှာ တစ်ယောက်က
သူ့ရဲ့ အကောင်းဆုံးအချိန်တွေကို စတေးရ
နိုင်သူအကုန်ရ မျက်နှာကျနဲ့ ဟိုလူက စားပွဲပေါ် တံတောင်ဆစ်ကွေးထောက်လို့
]ကတ်}

အလင်းအမှောင်ကို မကြိုက်ဘူး
အမှောင်ရှိလို့ အလင်းက ထင်းရတယ်ဆိုပေမယ့် အမှောင်များလွန်းတယ်
မီးထိုးမှန်ထောင်တွေကလည်း မရှိလို့ လုပ်စားတယ်ဆိုတဲ့ အစားမျိုးတွေက များများ
ဒီဆင်းန်က အဆင်ကို မပြေနိုင်ခဲ့
သတင်းကကြီးတော့ မီဒီယာတွေ ရိုက်ကွင်းကို ထောက်လှမ်းကြ
တကယ်ကျတော့လည်း ကြည့်ကျက်ရေးလိုက်ကြတာပါ
အဲဒီအသံတွေက ရိုက်ကွင်းကို လာလာမှန်တယ်
ဒါနဲ့ပဲ ရေခဲက မကွဲသေးဘူး
ကြေကွဲစရာအကောင်းဆုံး ဇာတ်လမ်းဖြစ်တယ်
ကြေကွဲစရာအကောင်းဆုံး ပြကွက်ဖြစ်တယ်
ကြေကွဲစရာအကောင်းဆုံး အမူအရာဖြစ်တယ်
ကြေကွဲစရာတွေက ရှက်စရာဖြစ်ရတာ ဇာတ်အနာဆုံး
အများကြိုက်ရုပ်ရှင်တွေမှာ ပျော်စရာဇာတ်သိမ်းတွေနဲ့
သီချင်းဆိုခန်းတွေနဲ့
ခမ်းနားတဲ့ ဆက်တင်တွေနဲ့
တောက်ပပြိုးပြက် အ၀တ်အစားတွေနဲ့
နုနယ်လှပ မိန်းမတွေနဲ့
ဒီဇာတ်ကားမှာ အေးစက်တဲ့စားပွဲတစ်လုံးက အဓိကပဲ
သစ်သီးဖျော်ရည်နှစ်ခွက်ကို တိတိကျကျ ထားသိုနေရာချထားတယ်
အင်း၊ ဇာတ်ဆောင် နှစ်ယောက်ပါတယ်လို့လည်း ဆိုရမယ်
ရေခဲ မကွဲသေးဘူး၊ ကြည့်ရတာ
ခင်ဗျားလည်း ချွေးပျံနေမှာပါပဲ။

မောင်လင်းရိပ်
( ပိတောက်ပွင့်သစ်၊ အမှတ် ၂၁ ၊ ၂၀၀၈ ဒီဇင်ဘာလ )

တကယ်တော့ ကျမတို့ဘ၀တွေ… ဇာတ်ဆောင်နှစ်ယောက်အနည်းဆုံးပါနေပေမဲ့ ခုထိ မပြီးပြတ်နိုင်ကြသေး။ အနည်းဆုံး Valentine Day တွေမှာ ချစ်သူတွေ ကြေကွဲမနေကြရဖို့ အတွက်ဆိုရင် တကယ့်ဘ၀ထဲက ဇာတ်ဝင်ခန်းတွေ လှနေဖို့တော့ လိုမယ်..။


Feb 13, 2009

ဗိုလ်ချုပ်မွေးနေ့(မြန်မာနိုင်ငံကလေးများနေ့)

ဒီ ၂၀၀၉ ခုနှစ်မှာ ကျမတို့ မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင်တွေ ဖြစ်ကြတဲ့ ငြိမ်းချမ်းရေးဗိသုကာ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ခဲ့ဖူးတဲ့ ပန်းတနော်ဦးသန့်၊ ပညာရှိစာဆို ဆရာကြီးမင်းသုဝဏ်၊ သတင်းစာ ဆရာ၊ ၀တ္ထုရေးဆရာကြီး မောင်ထင်တို့ရဲ့ နှစ်၁၀၀မြောက်မွေးနေ့တွေ ကြုံကြိုက်ပါတယ်။ ခု ဖေဖော်ဝါရီ ၁၃ရက်နေ့ကတော့ ကျမတို့နိုင်ငံရဲ့ ခေါင်းဆောင် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိမယ်ဆိုရင် အသက် ၉၄နှစ်ပြည့်တဲ့ မွေးနေ့ပေါ့။ မြန်မာပြည်က မျိုးဆက်သစ်ကလေးတွေကို ဗိုလ်ချုပ်လို နိုင်ငံ့သားကောင်းပီသစေလိုစိတ်ရှိစေဖို့ ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံရဲ့ကလေးများနေ့လို့ သတ်မှတ်တာဟာ သိပ်သင့်တော်တယ်လို့ ကျမ အမြဲမှတ်ယူခဲ့တာ။ ခုတော့ ကျမတို့နိုင်ငံမှာ ကလေးတွေ လူငယ်တွေက ဗိုလိချုပ်ကို မေ့တေ့တေ့တောင် ဖြစ်နေကြပြီတဲ့။ ဗိုလ်ချုပ်မွေးနေ့အစား ဖေဖော်ဝါရီ၁၄ရက်နေ့ Valentine Day ဆိုတာကိုပဲ မျှော်နေကြတော့သတဲ့။

မနှစ်ကတော့ ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်ကို လွမ်းတဲ့ post လေး ဒီမှာ ရေးခဲ့ဖူးပါတယ်။ အဓိကကတော့ ကျမတို့ တိုင်းပြည်အတွက် အရေးပါခဲ့တဲ့ ခေါင်းဆောင်ကောင်းကို မမေ့မလျော့စေချင်တာ.. သူ့ကို အတုယူလို့ နိုင်ငံ့ကောင်းရာ ကောင်းကြောင်းအတွက် တတ်စွမ်းသလောက် သယ်ပိုးဖို့ သတိချပ်မိကြစေချင်တာပါပဲ..။ ဗိုလ်ချုပ်ရဲ့ ဂုဏ်ရည်ကို အဓွန့်ရှည်စေချင်တာပါပဲ..။

ကဗျာဆရာ သစ်ကောင်းအိမ်ကတော့ ဒီကနေ့မှာ ကဗျာတပုဒ်ရေးပါတယ်…။

အောင်ဆန်း

အမေ့ အိပ်ရာဝင်ပုံပြင်ထဲက
ကျနော့ရဲ့ရော်ဘင်ဟု
အမှန်တရားအားလုံးရဲ့သေနာပတိ
ရုပ်တုထုကိုးကွယ်ရမယ့်
ငါတို့နိုင်ငံရဲ့တဆူသောဘုရား
ဝိမုတ္တိတရားဦးကိုဟောဖို့
ဥရုဝေလတောကို သူလာခဲ့တယ်။ ။
(သစ်ကောင်းအိမ်)

ကျမကတော့ မြန်မာနိုင်ငံသားမှန်ရင် ဗိုလ်ချုပ်နဲ့ ပတ်သက်လို့ အနည်းဆုံး မှတ်မိသတိရ စေချင်တဲ့ ကဗျာရိုးရိုးလေးကိုပဲ ပြန်တင်ပေးချင်ပါတယ်။

Feb 12, 2009

မြသီလာအလွမ်းပြေ(၃၂)

၁၉၉၈ ရဲ့ ဒီဇင်ဘာလလယ်လောက်မှာပဲ မော်လမြိုင်တက္ကသိုလ်ကို ပြောင်းရွှေ့ခွင့်အမိန့်စာ ထွက်လာပါတယ်။ ကျမခမျာ အီကိုမှာပျော်တဲ့ကြားက နောက်တနေရာကို ပြောင်းရဦးတော့ မှာလေ..။ ဒါပေမဲ့ အဲဒီ မော်လမြိုင်တက္ကသိုလ်ဟာလည်း ကျမ ချစ်တဲ့ နေရာလေးတစ်ခုပဲမို့ စိတ်ထဲ ပေါ့ပေါ့ပါးပါးပါပဲ…။ သေချာတာက ရန်ကုန်မှာလိုတော့ ကျမ စိတ်ညစ်ပင်ပန်းရမှာ မဟုတ်တာပါပဲ..။ နယ်တက္ကသိုလ်လေးမှာ နေစရာ အိမ်ခန်းကလေး ရပြီဆိုရင် ကျန်တာကို မပူတော့။ ကျမ ရာကျော့်ကို ယုံတယ်..။ သူ ကျမကို သေချာပေါက် လုပ်ကိုင်ကျွေးနိုင်မှာလေ။ ကျမတို့နှစ်ယောက်ဘ၀အစမှာ ခြေဖ၀ါး လက်ဖ၀ါးချည်းပဲ… ဆိုသလို၊ ဒါ့အပြင် အပိုပိုင်ဆိုင်မှုဆိုလို့ သားတယောက်သာ ရှိရုံနဲ့ ပြည့်စုံနေခဲ့ကြတာ…။

ဇန်န၀ါရီလဆိုတော့ နှစ်တန်းကျောင်းသား သားက စာမေးပွဲနီးနေပြီမို့ ပုဂံခြံဝင်းထဲက အဖွားအိမ်မှာ သူ့အဖေနဲ့ တူတူ တလှည့်ခဏနေခဲ့ဖို့ စီစဉ်ရပါတယ်။ သားစာမေးပွဲပြီးရင် မေမေလာခေါ်မယ်ပေါ့..။ သားက အမေစီစဉ်တာ ကို မျက်လုံးအ၀ိုင်းသားနဲ့ လက်ခံရှာပါတယ်။ တကယ်တော့ သူ့ခမျာက TTC မှာပဲ ကျောင်းတက်ချင်ရှာတာပေါ့။ ဒါပေမဲ့ အမေနဲ့သား တူတူနေရဖို့။ တကယ်တော့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ထဲမှာက တခါတလေတော့ နယ်ကကျောင်းတွေကတောင် ကလေးတွေအတွက် ပိုကောင်းနေတတ်တာပါ..။ ကျမတို့လို ငွေကြေးမတတ်နိုင်တဲ့ မိဘတွေရဲ့ သားကလေးအဖို့တော့ နာမည်ကျော်ကျောင်းတွေကတောင် ကလေးကို ပိုစိတ်ဆင်းရဲစေနိုင်မယ်လို့ မြင်မိပါတယ်။ ဒီလိုနဲ့ ၁၉၉၉ ဇန်န၀ါရီလမှာတော့ ကျမတို့ မော်လမြိုင်ဆီကို ထွက်ခဲ့ကြရပြန်ပါပြီ်။ ဒီတကြိမ်မှာလည်း စိတ်ထဲ တက်ကြွဖျတ်လတ်နေတဲ့ အားသစ် အင်သစ် မျှော်လင့်ချက်အသစ်တွေနဲ့ပေါ့…။
အဆုံးအထိ သူတို့ရဲရင့်ကြ
အဆုံးအထိ သူတို့ယုံကြည်စိတ်ပြင်းပျကြ
အဆုံးအထိ သူတို့ထပ်တူထပ်မျှဖြစ်ကြ
မျက်နှာရဲ့ အစွန်းတနေရာမှာ တွယ်ကပ်သွားကြတဲ့
မျက်ရည်နှစ်စက်လိုပဲ။
Zbigniew Herbert (မောင်သစ်မင်း ဘာသာပြန်)
+++++

ကျမက မြို့ကလေးတွေကို ချစ်တဲ့နေရာမှာ လေ မြေ ရနံ့တွေကအစ ချစ်တာပါ..။ မုတ္တမဘက်ကမ်းကနေ မော်လမြိုင်ဘက်ကမ်းဆီကူးဖို့ သင်္ဘောစီးကတည်းက စပြီး စိတ်ချမ်းသာတော့တာ…။ အဲဒီ ညှီအဲ့အဲ့ မြစ်ရေနံ့ရယ်… မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေနွေးနွေးရယ်… သင်္ဘောနောက်ကို လိုက်လာတတ်တဲ့ စင်ရော်တွေရယ်.. ကြည်နူးစရာ ခေါင်းဆေးကျွန်းရယ်…

(ဒီနေရာက ပုံပါ)

နောက်တော့ လှမ်းမြင်နေရတဲ့ ကျိုက်သလ္လာန်ဘုရားရယ်….. ဘယ်တော့မှ မေ့မရမယ့် မြင်ကွင်းတွေနဲ့ ကျမချစ်လက်စရှိတဲ့ မော်လမြိုင်မှာ.. ကျမ ဘယ်လောက် ကြာကြာ နေဖြစ်ဦးမလဲ..။ တသက်လုံးဆိုလည်း နေနိုင်မယ်လို့ ထင်တာပါပဲ။

တကယ်တမ်းမော်လမြိုင်ရောက်တော့ ပစ္စည်းပစ္စယတွေကို အိမ်ထောင်သည်ဝင်းထဲမှာ ရောက်နှင့်နေတဲ့ သူငယ်ချင်း ဆရာတယောက်အိမ်မှာ ခဏထားပြီး ကျမက ဌာနဘက် သတင်းပို့ဖို့ သွားရပါတယ်။ ကျမ သိထားသလောက်က အိမ်ခန်းနေရာ တန်းပေးမှာလေ။ အိမ်ထောင်သည်ဝင်းထဲ အိမ်ခန်းလွတ်တွေ ရှိနေတာလည်း တွေ့ထားတော့ ကျမမှာ စိတ်တွေချမ်းသာလို့ပေါ့။ ဌာနရောက်တော့ သတင်းပို့ပြီး ရုံးကိစ္စတွေ လုပ်။ အိမ်လျှောက်တဲ့ ကိစ္စတွေလုပ်ပြီး ပါမောက္ခချုပ်ကို ၀င်တွေ့ရပါတယ်။ အိမ်ခန်းကိစ္စ တပါတည်းမေးတော့ ရမှာပါ.. စောင့်တော့ စောင့်ရမယ်တဲ့။ ကျမက ဒါဆို ကျမ ခု ဘယ်လိုနေရမလဲဆိုတော့ တယောက်ယောက် အိမ်မှာတည်းပေါ့လို့ ခပ်အေးအေး ပြန်ပြောပါတယ်။ တကယ်တော့ အိမ်ခန်းဆိုတာတွေက ပေ၂၀ပတ်လည် စာသင်ခန်းတွေကို အိမ်ခန်းလုပ်ပြီး နေကြရတာမို့ တည်းဖို့ အဆင်မပြေလှပါဘူး။ ဒါပေမဲ့ အဆင်ပြေအောင် လုပ်ပြီး တပတ်လောက်တော့ စောင့်ရမှာပေါ့လေလို့ တွေးပြီး ပါချုပ်ကို ဘယ်လောက်ကြာကြာ စောင့်ရမလဲ ဆိုတာတောင် မမေးမိတော့ပါဘူး...။

နောက်တော့ ဘားအံမှာတုန်းက အတူလုပ်ခဲ့ဖူးတဲ့ မော်ကွန်းထိန်းကလည်း မော်လမြိုင်ကို ရောက်နေပြီး အိမ်ထောင်သည်ဝင်းထဲမှာပဲ နေနေတယ်ဆိုလို့ သူ့ကို သွားတွေ့ပြီး အကူအညီ တောင်းရပါတယ်။ ဒီတော့ ဆရာက ကျမကို သူ့အိမ်မှာ တည်းပါ.. တဲ့။ အခန်းပိုတခု ရှိပါတယ်တဲ့။ သွားကြည့်တော့ အခန်းပိုဆိုတာက ၁၀ပေပတ်လည် စတိုခန်းကလေးပါ။ သံမံတလင်း အခင်းမှာ ဘာမှမရှိ။ စားပွဲတလုံး ကုလားထိုင်တလုံးတော့ ရမယ်တဲ့။ ကျမနဲ့ ရာကျော် အခန်းသန့်ရှင်းရေး လုပ်… ဟိုအခန်းကပေး ဒီအခန်းကပေးနဲ့ ဖျာတွေခင်း.. ပါလာတဲ့ ကိုယ့်အိပ်ယာတွေ အထုပ်တွေချတဲ့ပြီး ဘာလုပ်ကြမလဲ စဉ်းစားနေကြတုန်း မြန်မာစာဌာနက သူငယ်ချင်း ဆရာမတွေ တပြုံကြီး ရောက်လာကြပါတယ်။ အဲဒီသူငယ်ချင်းတွေဟာ ကျမ မော်လမြိုင်မှာ ရှိစဉ်တလျှောက်လုံး ကူညီစောင့်ရှောက်ကြတဲ့ သိပ်ကို ချစ်စရာကောင်းတဲ့ မော်လမြိုင်သူတွေပေါ့။

သူတို့ဟာ ကျမရဲ့ မော်လမြိုင်မှာ နေခဲ့ရတဲ့ ဘ၀မှာ အင်မတန်ကို အရေးပါခဲ့တဲ့ သူငယ်ချင်းတွေပေါ့။ ညီအမတွေလို သိပ်ချစ်ရပြီး ခုချိန်ထိ သူတို့အကြောင်း စဉ်းစားမိရင် တသသနဲ့ မျက်ရည်လည်လာရတဲ့အထိ လွမ်းဆွတ်လာရတဲ့ သူတွေပေါ့။ သူတို့ကြောင့် အားတွေရှိခဲ့တာ… ဘယ်တော့မှမမေ့။ လူ့ဘ၀မှာ အဲလို ချစ်စရာကောင်းလှတဲ့ သူငယ်ချင်းတွေ ရှိရတာ ဘယ်လောက် ကျေနပ်စရာ ကောင်းလိုက်ပါသလဲ..။ သူတို့သာ မရှိခဲ့ရင် ကျမရဲ့ မော်လမြိုင်ကဘ၀ဟာ ဒီလောက် ကျေနပ်စရာ ကောင်းခဲ့မယ် မဟုတ်ပါ..။ ကျမတို့ရဲ့ ဆင်းတောင့်ဆင်းရဲ အိမ်ထောင်ဘ၀ဦးကလေးက သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်လည်း သာတောင့်သာယာ ရှိခဲ့တာပါ…။

အဲဒီ ၁၀ပေပတ်လည်အခန်းလေးမှာ ယာယီနေရာချပြီး ရောက်လေရာမှာ စိတ်ချမ်းသာအောင် နေတတ်တဲ့ ကျမကတော့ ပျော်လို့ပါပဲ..။ ကျမကို စာရေးဆရာမမို့ဆိုပြီး (ဘာအဓိပ္ပါယ်နဲ့မှန်း မသိ..) ပါ/ချုပ်က ကြည့်မရဘူးဖြစ်နေတယ်ဆိုတာတွေ…၊ ကျမက ဆင်းတိဆင်းရဲပုံစံမို့ တံစိုးလက်ဆောင် ကောင်းကောင်း မပေးနိုင်လို့ နယ်မြေဌာနအကြီးအကဲက အိမ်ခန်းပေးရမယ့် ကိစ္စမှာ ညစ်ချင်တာတွေ…၊ ကျမက ခပ်စွာစွာလို့ သတင်းမွှေးတာမို့ ဌာနမှူးပါမောက္ခက ကျမ ရောက်လာတာကို စိတ်ညစ်နေတာတွေ.. ကျမ မသိပါဘူး။ တနေ့ပြီး တနေ့သာကုန်ရော အိမ်ခန်းက မရသေးပါဘူး။ အဲဒီရက်တွေထဲမှာပဲ ရာကျော်က အလုပ်ပြန်လုပ်ဖို့ ရွာကို ပြန်ဆင်းရမှာ..။ ရာကျော့်ခမျာ ကျမကို တယောက်တည်းထားခဲ့ရမှာကို နောက်ဆံတငင်ငင်..။ နောက်ဆုံး ရန်ကုန်ကနေ မော်လမြိုင်ကို ကျမထက်အရင် Transfer ကျပြီး ရောက်နေတဲ့ သူငယ်ချင်းဆရာမက သူတို့ ဆရာမများအဆောင်မှာ လိုက်နေဆိုတာနဲ့.. ရာကျော်ရွာပြန်တဲ့ အခိုက် စတိုခန်းလေးကို ပိတ်ပြီး သူငယ်ချင်းတွေနဲ့ သူတို့အပျိုဆောင်မှာ လိုက်နေ..။ အဲဒီတော့လည်း ကျမက သူငယ်ချင်းတွေ တ၀ုန်းဝုန်းနဲ့ ပျော်တာပါပဲ။

ဒီကြားထဲ နောက်ထပ် စိတ်ချမ်းသာစရာတခုက ၉၆အပြီးမှာကတည်းက ပိတ်ထားလိုက်တဲ့ မဟာတန်းတွေနဲ့ အဝေးသင်တန်းတွေကို ဖေဖော်ဝါရီလထဲမှာ ပြန်ဖွင့်လိုက်တာပါပဲ..။ ဒီလိုနဲ့ စာပြန်သင်ရတဲ့ အချိန်တွေထဲ ကျမဘ၀လေး နေသားတကျ…။ ဆောင်းအကုန် နွေဦးမှာတော့ ကျမရဲ့ စတိုခန်းလေးက လေလေးတဖြူးဖြူးနဲ့ အေးလို့ပါပဲ။ ကျောင်းထဲမှာ လူတော်တော်များများက ကျမကို အခန်းမပေးဘဲ တမင်ထားတာ သိကုန်တဲ့အပြင် အများစုက ကျမတို့ကိုလည်း ချစ်ကြခင်ကြတော့ ကျောင်းဝင်းထဲမှာ နေရတာ ပိုကောင်းလာပါတယ်။ ပြီးတော့ ဘားအံ ကော့ကရိတ်တကျောက တပည့်တွေကလည်း ကျမဆီ ခဏခဏ လာကြပါတယ်…။ ရာကျော်ကလည်း လူချစ်လူခင် ပေါတဲ့သူဆိုတော့ ကျမရဲ့ စတိုခန်းလေးမှာ ဧည့်သည်မပြတ်..။ ကျမဖြင့် ပျော်နေရော..။

ဒီလိုနဲ့ နွေကျောင်းပိတ်ရက်ကိုရောက်လာတာမို့ သားကို ရန်ကုန်မှာ ပြန်သွားခေါ်ပါတယ်။ သားရောက်လာ ရင်တော့ သူတို့ အိမ်ခန်းက မပေးမဖြစ် ပေးရတော့မှာ..။ ကျမလည်း ထပ်သွားတောင်းဖို့ ပိုအားကောင်း လာပြီပေါ့.. အဲလိုတွေးထားတာ။ ဒါနဲ့ ရန်ကုန်ကနေ ပြန်ရောက်ပြီး ချက်ချင်းလိုပဲ ပါ/ချုပ်ကို ၀င်တွေ့ပြီး အကျိုးအကြောင်းပြောပြတော့ အိမ်ခန်းပေးတဲ့ရာသီ မဟုတ်ဘူးတဲ့..။ ကျမက ပိတ်ထားတဲ့ အခန်းလွတ်တွေ ဘာလုပ်ဖို့ထားတာလဲ ဆိုတော့လည်း ဒါ မူပဲ.. တဲ့။ ကျမ တော်တော် ဒေါသဖြစ်သွားပါတယ်..။ ပါ/ချုပ်ကို စက်ဆုပ်သွားမိပါတယ်။ နောက်မှပြန်သိတာက မူအရဆိုရင် မော်လမြိုင်နယ်ခံ ဆရာဆရာမ ဆိုရင်တောင် အိမ်ခန်းမပေးဘူးဆိုပြီး တကယ်တမ်းကျတော့ တံစိုးလက်ဆောင် ယူပြီး ပေးထားတာပါပဲ.. တဲ့။ ရန်ကုန်ကလာတဲ့ ဆရာဆရာမတွေကိုတော့ အဲလို ပညာပြနေကျ… တဲ့။ အဲဒါမျိုးကို စိတ်ဆိုးလွန်းလို့ အလုပ်ထွက်သွားတဲ့ ဆရာမတောင် ရှိခဲ့ဖူးတယ်တဲ့။ ကျမကိုတော့ ဒါမျိုးတော့ ဘယ်ရပါ့မလဲ.. ကျမ ပါ/ချုပ်ကို နောက်ထပ်တခါ ထပ်ဝင်တွေ့ပြီး ပြောရပြန်တာပေါ့။

အဲဒီ အကျိုးဆက်ကတော့ ကျမကို နေရာပေးထားတဲ့ မော်ကွန်းထိန်းကို အဆောင် ပြောင်းနေခိုင်းပြီး ကျမနေနေတဲ့ စတိုခန်းကို ပိတ်တော့မယ်လို့ လာပြောတာပါပဲ..။ အဲဒီအချိန်မှာတော့ ကျမက မရတော့ဘူး..။ ကျမအဆိပ်က ထိပ်တက်နေပြီ။ ကျမ နယ်မြေဌာနရုံးခန်းမှာ သွား သောင်းကျန်းပစ်လိုက်တာ…။ အဆင့်မြင့်ပညာ ဦးစီးဌာနကို တိုင်မယ်.. မူနဲ့မညီဘဲ အိမ်ခန်းချပေးထားတာတွေ တိုင်မယ်.. ကျမနေနေတဲ့ စတိုခန်းလေးကို လာပိတ်လိုက်ရင် အဓိပတိလမ်းမပေါ်မှာ အထုပ်တွေချပြီး နေမယ်.. သတ္တိရှိရင်လာလုပ်..လို့ ပြောပစ်လိုက်တယ်။ အဲဒါ မေလ..။ ကျမကိုယ်ဝန်၅လကတောင် တော်တော်ပေါ်နေပြီ။ မော်လမြိုင်ရောက်တာပဲ ၆လရှိပြီလေ။ ကျမသူငယ်ချင်းတွေက ကျမဘက်က အခိုင်အမာ..။ ကျောင်းထဲမှာ ရှိသမျှ အလုပ်သမား တော်တော်များများ ကလည်း ကျမဘက်ကနေ တီးတိုး တီးတိုးပေါ့။

ဒီတော့မှပဲ အုပ်ချုပ်သူလူကြီးမင်းတွေ ငြိမ်သွားတယ်။ အိမ်ခန်းမပေးသေးပေမဲ့ စတိုခန်းကို လာမပိတ်တော့ဘူး။ အဲဒီရက်တွေမှာ ရာကျော်က မရှိ.. ရွာမှာသွားပြီး အလုပ်ပြန်လုပ်နေတဲ့ အချိန်..။ မော်လမြိုင်ရဲ့ အရိုးထိပေါက်တဲ့ မိုးအေးအေးထဲမှာ သားအမိနှစ်ယောက် သံမံတလင်းပေါ် ဂွမ်းကပ်ကလေးခင်းပြီး ချမ်းလွန်းလို့ ကျောချင်းကပ် အိပ်ခဲ့ရတာ မိုးတွင်း တတွင်းလုံးလိုလိုပါပဲ။ သားက ကိုယ်ခံအားကောင်းပြီး ကျမကလည်း ကံကောင်း ထောက်မ စွာ ကျန်းမာရေးတော်တော်ကောင်းနေလို့သာ ဖျားတာနာတာ ကိုက်တာခဲတာတွေ ပြန်မဖြစ် တာပါ။ မိုးရက်တွေထဲ ရာကျော်ရောက်လာရင်တော့ သားက အဖေနဲ့အမေကြားမှာဆို နည်းနည်း ပိုနွေးတယ်တဲ့။ (သားခမျာ ငယ်ငယ်လေးကတည်းက အမေနဲ့ တန်းတူ အဲသလို ဘ၀ဒဏ်ကို ခံခဲ့ရတာပါ.. အဲဒီတုန်းက တခါတလေ.. ကျမက ဘ၀အမောတွေထဲ စိတ်တိုနေတုန်း ကလေးပီပီ သူဆိုးရင် အဲဒီ ၃တန်းအရွယ် ကလေးလေးကို တအားဆူပြီး နှင်ချတာတို့ ရိုက်တာတို့ လုပ်မိသေးတာ.. ခုထိ ပြန်စဉ်းစားမိရင် သနားတုန်း)။

ဒါပေမဲ့ မော်လမြိုင်မှာက အိမ်ခန်းမရသေးတာကလွဲရင် စားရေးသောက်ရေး ငွေရေးကြေးရေးအတွက် သိပ်မပူရပါဘူး..။ များများမမြင်ရတော့ များများမငတ်ရတဲ့ သဘောလည်း ပါတာပေါ့လေ။ ရာကျော်ကလည်း ရွာကနေ တခေါက်ပြန်လာရင် ဆန်တွေ ဆီတွေ အသီးအနှံအခြောက်အခြမ်းတွေ သယ် သယ် လာတာဆိုတော့… အဆင်ကို ပြေလို့။ ကျမကတော့ စတိုခန်းလေးထဲ အသားကျပြီး အခန်းကိစ္စတောင် မေ့မေ့ပျောက်ပျောက် ဖြစ်ချင်နေပြီ။ ကျမရဲ့ ကိုယ်ဝန်ကလည်း တဖြည်းဖြည်း မြင်မကောင်းလောက်အောင် ကြီးကြီးလာပြီ။ ကျောင်းဝင်းပတ်ဝန်းကျင်ကျဉ်းကျဉ်းလေးထဲ ကိုယ်ဝန်ကြီးတကားကားနဲ့ မိုးရွာထဲ.. သားကြီးကို ကျောင်းကြို လိုက်.. မြန်မာစာဌာနရှိတဲ့ အပေါ်ဆုံးထပ်ကြီးကို ဆင်းလိုက် တက်လိုက်။ ပြီးတော့ အိမ်ထောင်သည်ဝင်းရဲ့ အရှေ့ဘက်ဆုံးမှာ ရှိတဲ့ စတိုခန်းလေးထဲ ကြော်လှော်ချက်ပြုတ်နေတဲ့ကျမက တော်တော်ပဲ အမြင်မတော်လေ သလား.. ဒါမှမဟုတ် သနားသွားသလား. ဒါမှမဟုတ်..သူတို့ အိမ်ခန်းပေးချင်တဲ့သူ ပေါ်လာလို့ပဲလား မသိ..။ သြဂုတ်လထဲမှာတော့ နောက်ထပ် ၀န်ထမ်းတွေကို အိမ်ခန်းတွေ ချပေးရင်းကနေ ကျမအတွက် အိမ်ခန်းတခန်း ရလာပါတယ်။ သူတို့ပိုက်ဆံနဲ့ ၀ယ်ထားရတာမဟုတ်တဲ့ ပေ ၂၀ပတ်လည်အခန်းလေးကို သက်ဆိုင်ရာ လူကြီးမင်းများက ကျမကို တကယ်ပေးရမယ့် အချိန်ထက် ၈လနောက်ကျပြီးမှ ပေးလိုက်ပါတော့တယ်။

(ဒီနေရာမှာ ကျမပြောချင်တာကတော့ ကျမတို့နိုင်ငံမှာ အာဏာရပြီဆိုတာနဲ့ အာဏာပြချင်တဲ့လူတန်းစားဟာ ပညာတတ်လောကမှာပါ ရှိနေတာကို ထောက်ပြချင်တာပါ.. ဒါကြောင့်ပဲ ဒီမိုးဒီရေဒီလူတွေနဲ့ မြဲမြံ ကြန့်ကြာနေတာလည်း တကြောင်းပေါ့..။ ခု ပညာရေးဝန်ကြီးဒေါက်တာချမ်းငြိမ်းကိုပဲ ကြည့်လေ... ၈၈တုန်းက ကျောင်းသားတွေကို ကိုယ်ချင်းစာရပ်တည်ခဲ့..။ ပညာရှင်ပီပီသသ အေးအေးချမ်းချမ်းရှိခဲ့...။ ခုတော့.... အာဏာရှင်တွေအလိုကျ အသုံးတော်ခံနေရတဲ့ စက်ရုပ်တရုပ်လို။ စက်ရုပ်တောင်မှပဲ အာဏာရှင်စက်ရုပ် ဖြစ်နေတာက.. စိတ်ထိခိုက်စရာပါပဲ)။

ဒီလိုနဲ့ ရာကျော်ရွာကနေ စနေတနင်္ဂနွေ ပြန်လာတဲ့အခါမှာတော့ ကျမတို့မိသားစု သူများနဲ့ တန်းတူနေခွင့်ရတဲ့ အခန်းလေးတခန်းဆီ ပြောင်းရပါတော့တယ်။ အခန်းလေးကို သေချာ နေရာချပြီးး မွမ်းမံလိုက်တော့လည်း နေချင်စဖွယ်လေးပါ။ အိမ်ရှေ့က မြေကွက်လပ် ကျဉ်းကျဉ်းလေးမှာ စိုက်ပျိုးရေးသမားကြီး ကိုရာကျော်ရဲ့ ပဲတောင့်ရှည်.. ရုံးပတီ.. ချဉ်ပေါင်ခင်းနဲ့ ငရုတ်စိမ်းတွေက စားလောက်သောက်လောက်အောင် တကယ်ပဲ မြိုင်မြိုင်ဆိုင်ဆိုင်…။ နောက်တော့ မြေကွက်လေးရဲ့ အနားသတ်မှာ နာမည်မသိပေမဲ့ ကျမကြိုက်တဲ့ မြေလျှောက်ပန်းဝါ၀ါလေးတွေ..။ နောက်.. ကျောက်နှင်းဆီခင်း.. သူ့အကန့်နဲ့သူ…။ အခန်းလေးကို လာလည်တဲ့ သူတိုင်းက ပျော်ကြတယ်။ အဲဒီတုန်းက ဘာတခုမှ မပိုင်ဆိုင်ပေမဲ့ အပူအပင်ကင်းကင်းနဲ့ နေရတဲ့ မိသားစုဘ၀ထဲမှာ ကျမ စိတ်ချမ်းသာလိုက်တာ…။

+++++

မော်လမြိုင်တက္ကသိုလ်ဟာ.. တကယ့်ကို တောအုပ်ကြီးတခုလို.. စိမ့်စမ်းတွေ လျှိုပေါက်တွေနဲ့။ နောက် ချစ်စရာကောင်းတဲ့ တိုင်းရင်းသား ကျောင်းသူ ကျောင်းသားတွေနဲ့..။ ၁၉၉၉မှာ တက္ကသိုလ်ရဲ့ အငွေ့အသက်ကို ထိတွေ့ခံစားရသေးတဲ့ နေရာ.. ဆရာဆရာမဆိုတာရဲ့ တန်ဖိုးကို ခံစားမြင်သိနေရသေးတဲ့ အချိန်ကာလ တခုဟာ.. အဲဒီအရပ်မှာ ရှိနေခဲ့ပါသေးတယ်။ ကျောင်းသားတွေကို စာသင်ရတာလည်း သိပ်ကို ကောင်းတဲ့ အချိန်တွေပေါ့။ အဲဒီဝန်းကျင်လေးဟာ တကယ့် အဖြူထည်ဝန်းကျင်.. ကောက်ကျစ်ရင်လည်း သိသိသာသာ.. ရိုးသားရင်လည်း သိသိသာသာ..။ ပရိယာယ်နည်းပါးလှတဲ့ ရပ်ဝန်းလေး။ အနားက တောင်ညိုတောင်တန်းက ပတ်လည်ဝိုင်းထားတဲ့ တောင်ဝိုင်းအရပ်…။ အဲဒီ တိတ်ဆိတ် အေးချမ်းတဲ့ အရပ်ထဲ ပျော်ဝင်ရင်းနဲ့ပဲ ကျမ ‘တောသူ’ ဆိုတဲ့ ၀တ္ထုတိုလေး ရေးဖြစ်ခဲ့တာ…။ ရွှေအမြုတေကို ပေးကြည့်တော့ ကံကောင်းထောက်မစွာပဲ စိစစ်ရေးက pass လုပ်ပါတယ်။ ကျမကတော့ စိတ်ချမ်းသာတဲ့အခါ ရုပ်ဝတ္ထု ဆင်းရဲတာကိုတောင် မေ့ပျောက် နေနိုင်တယ်လို့ အမြဲယုံတဲ့အတိုင်း အဲဒီအချိန်တွေမှာ သောကဆိုတာ မရှိသလောက်ပါပဲ။ အဲဒီအချိန် ရာကျော်နဲ့ကျမ ပိုက်ဆံ နည်းနည်း အဆင်ပြေလာလို့ လယ်တောင် ကိုယ်ပိုင် လုပ်လိုက်ကြသေးတာ..။ စိတ်ချမ်းသာနေချိန်… ကံကလည်း လှည့်ပြောင်းလေသလား မသိ… လယ်လုပ်တာ အမြတ်အစွန်းလေးတောင် ရပြီး ဟန်တွေ ဘာတွေ ကျလို့ပေါ့..။

Due date က စက်တင်ဘာလဆန်းတဲ့..။ Ultra sound ရိုက်တော့ ယောက်ျားလေးတဲ့..။ သားကြီးက သဘောတွေကျလို့.. ညီလေးဆိုတော့ ကစားဖော်ရပြီ…. တဲ့။ ရာကျော်လည်း တပြုံးပြုံးပေါ့.. သူက တဦးတည်းသားမို့ သိပ်အဖော်မင်တာလေ… ဒါကြောင့် သားကြီး အဖော်ရမှာကို တွေးပြီး သဘောကျနေတာတဲ့။ ကျမကတော့ ဘ၀မှာ သောကကုန်ပြီလို့ တကယ်ယုံခဲ့ပြီ။ ဒီလိုနဲ့ စက်တင်ဘာလက ဆန်း… Due date ရောက်… ပြီးတော့ လယ်… Due date ကျော်စပြုပြီ။ ဒါပေမဲ့ ကျမကိုယ်ဝန်က အပြင်ထွက်ချင်တဲ့ အရိပ်အယောင် နည်းနည်းမှ မပြသေး.. အထဲမှာ သကောင့်သားလေးက ဆော့ကောင်းတုန်း..။ ဒီလိုနဲ့ လကုန်ကာနီး နောက်ဆုံးပတ်ဝင်ပြီ။ OG က ရက်ကျော်တာကို မကြိုက်ချင်..။ ကျမကတော့ သားကြီးတုန်းကလည်း ၁၀လ တင်းတင်းပြည့်မှ မွေးရလေတော့ သိပ်မပူမိ..။ ဒါပေမဲ့ OG မမက ဆေးရုံတက်တော့တဲ့..။

အဲဒီတုန်းက မော်လမြိုင်မြို့လေးမှာတော့ တက္ကသိုလ်က ဆရာမကို ဆရာဝန်မကြီးကလည်း လေးလေးစားစား ဆက်ဆံပါတယ်။ နောက်ဆုံးတော့ ‘တော်သလင်း နေ ပုစွန်သေ’ ဆိုတဲ့ စက်တင်ဘာလရဲ့ ၂၂ရက်နေ့.. နေ့လယ်.. နေခြစ်ခြစ်တောက် ပူနေတဲ့အခိုက်… မိုးတွေ တဗြုန်းဗြုန်းရွာကျလာတုန်းအချိန်လေးမှာ အလွန်ကိုမှ လွယ်ကူစွာ သမီးလေးကို မွေးထုတ်နိုင်ခဲ့ပါတယ်။ Ultra Sound ရိုက်တုန်းက ယောက်ျားလေးလို့ ပြပြီး မွေးလာတော့ မိန်းကလေးဖြစ်နေတာအတွက် ကျမက ဘယ်လိုမှ မခံစားပေမဲ့ ရာကျော်နဲ့ သားကြီးကတော့ နည်းနည်းအီလည်လည်ဖြစ်နေပါတယ်။ ဒါပေမဲ့ အဲဒီနေ့ အဲဒီအချိန်မှာ ကျမတယောက်တည်း မွေးလူနာရှိတာမို့ မှားစရာအကြောင်းကလည်း မရှိ..။ ဒီလိုနဲ့ ကျမတို့ မိသားစု ၃ယောက် ဘ၀ထဲ သမီးကလေးတယောက် ထပ်တိုးလာခဲ့တာပါပဲ။

(လင်းမြအိမ်(၃)လသမီး)

အဲဒီမော်လမြိုင်ဆေးရုံကြီးရဲ့ သားဖွားဆောင်လေးမှာ မြန်မာပြည်က ဆေးရုံတရုံအနေနဲ့ ထုံးစံအတိုင်း မပြည့်မစုံ ဆင်းရဲပေမဲ့ ဆရာဝန်တွေ သူနာပြုတွေရဲ့ ဂရုစိုက်မှုကို အပြည့်အ၀ ရခဲ့တာက ကျေနပ်စရာပါပဲ။ ဆေးရုံကဆင်းလာချိန်မှာတော့ ကလေးမွေးခအဖြစ် အလှူသာ ထည့်ခဲ့ပါတဲ့။ မှတ်မှတ်ရရ… သမီးကို မွေးတာ ပိုက်ဆံ ၁၀၀၀ပဲ အလှူထည့်လို့ ကုန်ခဲ့ပါတယ်။ သမီးကိုမွေးစဉ် ဆေးရုံပေါ်က ၃ရက်တာမှာလည်း ကျမ တခါက ပြောခဲ့ဖူးတဲ့ မော်လမြိုင်ဒေါ်ပုထမင်းဆိုင်က အမလို ချစ်ရတဲ့ သူငယ်ချင်းဆရာမ မိသားစုက တောက်လျှောက် ထမင်းပို့ပေးတဲ့အတွက် အင်မတန် သက်သောင့်သက်သာ နိုင်စွာပဲ သမီးလေးရဲ့ ဘ၀ဦးကို စနိုင်ခဲ့ပါတယ်။ ကျမရဲ့နာမည်နဲ့ ပတ်သက်ပြီး တော်တော်များများက ‘ငြိမ်းခက်ခက်’ဆိုလို့များ ဘ၀မှာ ငြိမ်းဖို့ခက်နေတာလားလို့ ပြောတတ်ကြတာကြောင့် သမီးလေးကိုတော့ “လင်းမြအိမ်”လို့ နာမည်ပေးဖြစ်ပါတယ်။ အလင်းရောင်နဲ့ အေးမြခြင်းတွေ သယ်ဆောင်လာတဲ့ ဘ၀အိမ်ကလေးကို ပိုင်ဆိုင်ရပါစေရယ်လို့ပေါ့…။

(အခု... လင်းမြအိမ်)

+++++

Feb 11, 2009

Feb 8, 2009

မျှဝေခံစားခြင်း

သစ်ကောင်းအိမ်ရဲ့ ကဗျာလေးတပုဒ်တင်ပေးချင်လာလို့ပါ.. မြသီလာအမောတွေထဲ စိတ်ပြေလက်ပျောက်ပေါ့… နော်။


(ဒီက ပုံပါ)

နာဆစ်ဆပ်
(Narcissus)

မင်းအချစ်မှာတောမှီ
တရားထူးရှာတွေ့သူ ယောဂီလို
ငါ့မှာ လွတ်မြောက်ရ
ငါ့မှာ ငြိမ်းချမ်းရ

မင်းအချစ်မှာ ဖိုဝင်
ပြဒါးရှင်လုံးရသူ ၀ိဇ္ဖာဓိုရ်လို
မြေလျှိုးမိုးပျံ
ဈာန်သမာပတ်တွေ ငါရ

ငါ့တပ်တော်ဦးဆီ
မင်းအောင်လံပဲ တလူလူလွှင့်
မင်းပစ္စုပ္ပန်မှာပဲ
နိဗ္ဗာန်တံခါးကို ငါဖွင့်

လေရိုင်းထဲက
ငါ့ဆံရိုင်းတွေကို ချည်နှောင်ဖို့
ခေါင်းစီးကြိုးလေးဟာ
မင်းဖြစ်တယ်….

သစ်ကောင်းအိမ်

၅. ဖေဖော်ဝါရီ. ၂၀၀၉


Feb 6, 2009

မြသီလာအလွမ်းပြေ(၃၁)


မိသားစုအပြောင်းအရွှေ့ကာလမှာ အင်တာနက်သုံးဖို့ အဆင်မပြေတဲ့အခိုက်အတန့်… post အတင်ကျဲတာ စိတ်ထဲမကောင်း။ အင်တာနက်လျှောက်ထားတာ ရတော့မှာပါတဲ့…။ ဒီကြားထဲ ကြုံရာ ကွန်ပျူတာမှာ ကိုယ့် ဘလော့လေး ၀င်ဝင်စစ်..။ ကျမရဲ့ အရင်းအချာတချို့ကတောင် ဒီ post တွေကို ဖတ်မှ ကျမရဲ့ တော်တော်ဆိုးရွားခဲ့တဲ့ တချို့အဖြစ်အပျက်တွေကို သိကြတယ်ဆိုတာ comment တွေထဲ ဖတ်ရပါတယ်။ ဟုတ်ပါရဲ့.. များသောအားဖြင့် ကျမနဲ့ ပတ်သက်ရင် အဲလိုပါပဲ..။ ကျမက လူတွေကို သိပ်အပြစ်မတင်ချင်တတ် သလို ကိုယ့်အနာကိုလည်း မလိုဘဲ ထုတ် ထုတ် မပြချင်တတ်ဘူးလေ..။ အဲဒီအခါ ကိုချောရဲ့ ကဗျာတပုဒ် ထဲကလိုပါပဲ….
နာကျင်တဲ့အခါ မအော်ဘဲ
ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျဘူး။
သူ့အတိဒုက္ခကို တဘက်လူက
သိရှိလက်ခံပေမဲ့
သူက သူ့ဒုက္ခအပေါ် ကိုယ်ဖော့နေတတ်လွန်းလို့
တ၀က်ကူညီစာနာမှုသာ ရခဲ့သူပေါ့။
……………………………………………. ဆိုသလို။


+++++

တကယ်တော့ ၉၇-၉၈ကို ရေးဖို့က တော်တော် အချိန်ယူရမှာပါ။ ကျောင်းရက်ရှည် ပိတ်ထားချိန်မို့ ကိုယ်ရေးကိုယ်တာတွေပဲ ရေးရမလိုလည်း ဖြစ်နေတာမို့ သိပ်လည်း မရေးချင်သလို ဖြစ်နေပါတယ်။ ပြီးတော့ အဲဒီ ၉၇-၉၈ထဲ အဖြစ်အပျက်တွေ များလွန်းလို့ ရေးနေရင်းနဲ့ တခါတလေမှာ ကျမရဲ့ မှတ်ဥာဏ်ထဲ အချက်အလက်တွေ အချိန်ကာလတွေ ရောထွေးကုန်တယ်။ အနားမှာ ရှိတဲ့ ကိုရာကျော်က ကူစဉ်းစားပေးပေမဲ့ အပိုင်း၂၉ နဲ့ ၃၀ကို ရေးချိန်မှာ ကျမတို့ မိသားစု အပြောင်းအရွှေ့ကိစ္စနဲ့ အလုပ်ရှုပ်နေကြတာမို့ သူလည်း ကူစဉ်းစားပေးဖို့ အချိန်မရ..။ ကျမမှာလည်း အချိန်လုပြီး post တင်ရတာနဲ့ တချို့ အချိန်ကာလတွေ မှားကုန်ပါတယ်။ အချက်အလက်တွေကတော့ မမှားပါဘူး။ ဥပမာ ကိုရာကျော်က ပြောတယ်.. ‘ပဲခူးတိုင်း ရေကြီးတာ ၁၉၉၈ မေလ မဟုတ်ဘူးတဲ့။ ၁၉၉၇ ၀ါခေါင်တဲ့။ ကျောင်းပိတ်ရက်ရှည်က ကြာဦးမယ်.. ပြီးတော့ Transfer order တွေလည်း ထွက်တော့မယ်ဆိုလို့ ဆရာဆရာမတွေက ဘားအံက ကိုယ့်ပစ္စည်းတွေ ရန်ကုန်ကို ပြန်သယ်ကြတဲ့အချိန်’ တဲ့။ အဲဒါ ပြန်စဉ်းစားတော့ ဟုတ်တယ်။ အဲဒီအချိန်မှာပဲ ကျမ ဟိုကလေးမလေးတွေနဲ့ နေဖို့ ဖြစ်လာတာ။ ဆိုတော့ အချိန် လွဲနေတာ။ တကယ်က အဲဒီ အဖြစ်အပျက်တွေက ၁၉၉၇ရဲ့ စက်တင်ဘာနောက်ပိုင်းမှာ ဆက်တိုက်ဖြစ်ခဲ့တာ။ ကျမ သတိလစ်ပြီး သျှင်ပါဂူ ဆေးရုံရောက်သွားတာကတောင် ၁၉၉၈ရဲ့ ဇန်န၀ါရီလ လောက်မှာ…တဲ့။ ဒါပေမဲ့ အချိန်တွေလွဲပြီလို့ သေချာသွားတဲ့အချိန်မှာ ကျမက အဲဒါနဲ့ ပတ်သက်ပြီး post တွေ ၂ခုတောင် တင်ပြီးသွားပြီ။

ဒီနေရာမှာ စကားမစပ်ဆိုပေမဲ့ စကားစပ်ပြီးပြောရရင်.. ကျမရဲ့သား မောင်နေလင်းက ပါရဦးတော့မယ်။ ကျမနဲ့ မောင်နေလင်းက မြန်မာတွေရဲ့ အစဉ်အလာ အယူအဆနဲ့ ပြောရရင် ပဋ္ဌာန်းဆက်ပါတယ်လို့ ပြောရမယ်ထင်တယ်။ ဒါကြောင့် သူနဲ့အကြောင်းက ကျမရဲ့ အဲဒီ အချိန်ကာလလေးကိုပြောရင် ချန်ခဲ့လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ကျမနေမကောင်းတဲ့ သတင်းနဲ့ ကျမရဲ့ နေမကောင်းတဲ့အပေါ် ခံစားရတာကို ရေးဖြစ်တဲ့ ၀တ္ထုလေးတပုဒ်က အဲဒီ ၁၉၉၈ရဲ့ ဖေဖော်ဝါရီလလောက်မှာ မဟေသီမဂ္ဂဇင်းမှာ ပါသွားပါတယ်။ အဲဒီအချိန်မှာ ကျမက မိဘအိမ်မှာ အနားယူနေရတဲ့အချိန်… သားနေလင်းက စင်္ကာပူမှာ ရောက်နေတဲ့ အချိန်…။ ကျမတို့ချင်းက အဆက်အသွယ်ပြတ်နေကြတာ ကြာပြီ။ အဲဒီတုန်း မောင်နေလင်းက ကျမ သတင်းကို မဟေသီမှာ တွေ့ပြီး မဟေသီတိုက်က အယ်ဒီတာချုပ် ဦးခင်မောင်မြင့် (ဆုံးရှာပြီ)ကို ကျမနဲ့ ဆက်သွယ်ဖို့ ဖုန်းနံပါတ်လှမ်းမေးပြီး အမေ့အိမ်ကို ဖုန်း လှမ်းဆက် ပါတယ်။ ကျမမှာ အားရှိလိုက်တာ။ သားက ဖုန်းထဲကနေ အားပေးပါတယ်။ ပြီးတော့ အိမ်လိပ်စာ တောင်းပြီး နက်ဖန် သူ့သူငယ်ချင်းတွေ လာလိမ့်မယ်လို့ ပြောပါတယ်။

နောက်တနေ့ကျတော့ မောင်နေလင်းရဲ့ စင်္ကာပူကနေ မြန်မာပြည်ကို ခဏ ပြန်ရောက်နေတဲ့ သူငယ်ချင်းမိန်းကလေးနှစ်ယောက် ရောက်လာပါတယ်။ ကျမကို သတင်းမေးရင်း မောင်နေလင်းက ပေးခိုင်းလို့ဆိုပြီး ပိုက်ဆံ ၃သောင်း ပေးပါတယ်။ အင်မတန် မာနကြီးချင်တဲ့ ဘယ်သူ့အကူအညီမှ တော်ရုံနဲ့ မလိုချင်တတ်တဲ့ ကျမက အဲဒီအချိန်မှာတော့ ဘယ်လိုမှ မငြင်းနိုင်ဘူး ဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ ကျမမှာ ပိုက်ဆံ တကယ်ကို လိုနေတဲ့ အချိန်မို့လို့ပါပဲ။ အဲဒီတုန်းက ရွှေဈေးက ၁သောင်း၂ထောင်မို့ မောင်နေလင်းပေးတဲ့ ၃သောင်းဟာ ကျမအတွက် တော်တော် ခုမိခံမိစေတဲ့ ဆေးဖိုးပါပဲ..။ အဲဒီနောက်မှာပဲ ကျမ electric shock ပေးတဲ့ ကုထုံးနဲ့ ကုဖြစ်တာပါ။ (ခု ကျမရဲ့ post ထဲမှာ လွဲနေတဲ့ နေမကောင်းဖြစ်နေတဲ့အချိန်ကို အဲဒီတုန်းက ပိုက်ဆံလာပို့တဲ့ မိန်းကလေးတစ်ယောက်က အတည်ပြုပေးပါတယ်။ သူကလေးက နောက်ပိုင်းမှာ မောင်နေလင်းနဲ့ အိမ်ထောင်ကျပြီး ကျမနဲ့ သားနေလင်းရဲ့ ပဋ္ဌာန်းဆက်ထဲ ကန့်လန့်ကန့်လန့် ပါနေခဲ့တာ… ခု လတ်တလော အပြောင်းအရွှေ့ကိစ္စတွေအထိပါပဲ.. )

ဒါတွေကို ကျမပြောပြနေတာက ကိုယ့်နိုင်ငံမှာ အမြင့်ဆုံးပညာရေးဌာနဖြစ်တဲ့ တက္ကသိုလ်မှာ လက်ထောက်ကထိကဆိုတဲ့ ပြန်တမ်းဝင်အရာရှိဖြစ်နေတာတောင်မှ ကိုယ့်ဘာသာကိုယ်ဆိုရင် ဆေးမကုနိုင်လို့ သေရမယ့် ၀န်ထမ်းဘ၀ကို ပြောပြချင်တာပါ။ ကျမတို့ရတဲ့ လစာ ၁၇၀၀ ဟာ အိမ်ငှားခလည်းမရ… စားဖို့လည်း ၀မ်းမ၀… ဒီလိုနဲ့ ဆရာဆရာမတွေဟာ တရားမ၀င် ကျူရှင်ပြပြီး စားကြရတာပါ။ ဒါဖြင့် ဆရာဆရာမ မဟုတ်တဲ့ ၀န်ထမ်းတွေကရော.. ဘယ်လိုရပ်တည်မလဲ.. ဒီလိုနဲ့ပဲ ခိုးကြ လိမ်ကြ.. လာဘ်စားကြ.. အချင်းချင်းတွေ ဖြတ်ခုတ်ကြ ရ… အဂတိလိုက်စားကြရနဲ့ တကယ်တော့ ၀န်ထမ်းတွေကို သူခိုးဇာတ် သွင်းပစ်တာပါပဲ။

+++++

ဒီလိုနဲ့ ဆေးရုံပေါ်မှာ တစ်လကျော် နေရပြီးနောက် မတ်လထဲမှာမှ ကျမ လှိုင်ဆရာများ အိမ်ရာကို ပြောင်းနေပါတယ်။ အဲဒီတော့မှပဲ Transfer orderကလည်း တကယ် ထွက်လာပါ တော့တယ်။ သားခမျာတော့ ကျမနဲ့ ပုဂံခြံဝင်းက အဖိုးအဖွားတွေဆီ တလှည့်စီ နေနေ ရတာပေါ့။ အဲဒီ ၉၈ရဲ့ ဇွန်လထဲမှာပဲ သားအဖေဖြစ်သူ သူ့မိဘတွေဆီကို ပြန်ရောက်လာ ပါတယ်။ သူ့ရဲ့ ကောင်းကွက်တခုက ကျမကို ဘယ်လို အနှောက်အယှက်မျိုးမှ မပေးတာပါပဲ။ အဲဒီအခါ သူကလည်း သူ့မိဘတွေအိမ်မှာ နေ… ကျမကလည်း ကိုယ့်ဘာသာ ရုန်းကန် ရပ်တည်။ အဲဒီတုန်းကတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်က မိန်းထဲက နဂိုဌာနနေရာမှာပဲ ရှိနေသေးတာမို့ ကျမအတွက် တော့ မြသီလာရဲ့ရင်ခွင်ထဲ အနာတွေ အမောတွေ ဖြေသိမ့်စရာတမျိုးတော့ ဖြစ်နေသေးတာပေါ့လေ..။ နေတဲ့အိမ်ဝင်းလေးကနေ အင်းစိန်လမ်း ပေါ်က ဘုရားလမ်းမှတ်တိုင်ထိ လမ်းလျှောက်… အဲဒီကနေ လှည်းတန်းကို ကားစီး။ ရာမည ၀င်ပေါက်ကနေ ကျောင်းထဲဝင်… ဒဂုံဆောင်ရှေ့ကနေ ဖြတ်လျှောက်ရတဲ့ လမ်းကလေး အတိုင်း ရွှေဘိုဆောင်ကိုဖြတ်.. ဂျပ်စင်ကို ဖြတ်.. ၀ိဇာခန်းမကို ဖြတ်.. အီကိုကင်တင်းကို ဖြတ်ပြီး ဌာနအရောက်သွားရတဲ့ နေ့တိုင်းခရီးကို ကျမ မောရကောင်းမှန်း မသိခဲ့ပါဘူး။ ပြီးတော့ အဲဒီအချိန် ကျမရဲ့ ထုံးစံအတိုင်း ဌာနက လုပ်ဖော်ကိုင်ဖက်တွေနဲ့ကလည်း ညီအမတွေလိုပဲ သိပ်ချစ်ကြတာ။ ပိုပြီး ကျေနပ်စရာကောင်းတာက ဌာနမှူးကလည်း သိပ်ချစ်စရာကောင်းတာပါပဲ။

အီကိုမှာ ပျော်ပေမဲ့ ပြဿနာက ကျမရဲ့ စားဝတ်နေရေး ခက်ခဲ ကျပ်တည်းတဲ့ ပြဿနာပါပဲ။ အဲဒီကာလတွေထဲမှာပဲ မောင်နေလင်းက ဗမာပြည်ပြန်ရောက်လာလို့ဆိုပြီး ကျမဆီ ဆက်သွယ်ပါတယ်။ ပြီးတော့ အိမ်ကို လာတွေ့ပါတယ်။ အဲဒီတုန်းက သားနေလင်းက ကျမကို စာအုပ်ထုတ်ဝေရေးကိစ္စတွေ ကျန်းမာရေးအခြေအနေတွေ အသေးစိတ်မေးနေပါတယ်။ သူမျက်နှာ သိပ် မကောင်းလှပါဘူး။ ဧည့်ခန်းထဲ ဘုရားစင်လေး တခုပဲ ရှိပြီး သံမံတလင်းမှာ ယိုးဒယားဖျာလေး ခင်းပြီး ဧည့်သည်ကို ဧည့်ခံရတဲ့ အခြေအနေ။ နောက် မီးဖိုထဲမှာလည်း ဟာလာဟင်းလင်း…။ ရှေ့ပိုင်းမှာ ပြောခဲ့သလို အိပ်ယာ၂ခု သေတ္တာ၂လုံး အနေအထားကို သူတွေ့ပြီး စိတ်မကောင်း ဖြစ်နေပုံပါ။ နောက်တော့ ကျမလက်ရှိ ရပ်တည်နေရတဲ့ အနေအထား.. ၀င်ငွေတွေကို မေးပြီး စာအုပ်လုပ်ငန်းလေး ပြန်လုပ်ပါလား..လို့ တိုက်တွန်း ပါတယ်။ ကျမကတော့ မချိပြုံးပဲ ပြုံးနေနိုင်ပါတယ်။

နောက် သိပ်မကြာခင်မှာတော့ မောင်နေလင်းက လူကြုံနဲ့ ကျမဆီကို ငွေတစ်သိန်း ပို့လိုက်ပါတယ်။ ကျမ စာအုပ်လုပ်ငန်းပြန်လုပ်ဖို့တဲ့။ အဲဒီတကြိမ်မှာတော့ ကျမ မျက်ရည်ကျ မိပါတယ်။ ကျမ ဒီကလေးအပေါ် ကျေးဇူးကြွေးတွေ တင်လှပြီ။ လောလောဆယ် ကျမ မငြင်းနိုင် မတတ်နိုင်။ သူ့အပေါ် ကိုယ့်ကျေးဇူး လုံးလုံးမရှိပါဘဲ ကိုယ့်ကို သက်သက်ကူညီတဲ့ ကလေးတယောက်ရဲ့ ချွေးနှဲစာကို ကျမ အလဟဿ အဖြစ်မခံနိုင်ပါ။ ဒါကြောင့် သူဖြစ်စေချင်တဲ့ အလုပ်ကလေး ဖြစ်အောင် ကြိုးစားလုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျမ လုပ်ဖြစ်တဲ့ စာအုပ်လေးက “၉၈အချစ်ကဗျာ အချစ်ကဗျာ၉၈” ပါ။ ကဗျာဆရာ ၉၈ယောက်ရေးတဲ့.. ကဗျာ ၉၈ပုဒ်ပါတဲ့ စာအုပ်လေးပါ။ စာအုပ်လုပ်နေရင်း စရိတ်တွေ ထောင်းတာရော စားတဲ့အထဲပါတာရောနဲ့ ငွေထပ်လိုလာပြီး စာအုပ်ဖြစ်ဖို့အရေး နှောင့်နှေးနေပြန်တော့ သူငယ်ချင်း ကျော်ဇောခိုင်က တစ်သိန်း ထုတ်ပေးပါတယ်။ ဒါနဲ့ပဲ နောက်ဆုံးတော့ စာအုပ်ကလေး လှလှပပဖြစ်လာပါတယ်။ မျက်နှာဖုံးကိုတော့ ဒဏ္ဍာရီ (သုခမိန်လှိုင်သမီး)လေးရဲ့ ပန်းချီကားကို ဒီဇိုင်း လုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်လေးက အမြတ်အစွန်းသိပ်မရှိပေမဲ့ ခေတ်ပြိုင်မှတ်တိုင်လေးတစ်ခုတော့ ဖြစ်ခဲ့ပါတယ်။ အဲဒါကပဲ အမြတ်ဆိုပါတော့။

၉၈ရဲ့ ဇူလိုင်လထဲမှာပဲ တက္ကသိုလ်ကျောင်းတွေ ပိတ်ထားတာကိုတော့ ပြန်မဖွင့်ဘဲ ကိုယ်နေတဲ့ နေရာနဲ့ အနီးဆုံးမှာရှိတဲ့ အထက်တန်းကျောင်းတွေမှာ စာမေးပွဲဖြေရမယ်လို့ ဗြုန်းစားကြီး ကြေငြာပါတယ်။ တကယ်တမ်း ပညာလိုလား စာကြိုစားတဲ့ ကျောင်းသား ကျောင်းသူတွေခမျာ မျက်နှာ အပျက်ပျက်နဲ့ပေါ့။ သင်ရိုးတွေက တကယ်လည်း မကုန်သေးဘဲ ရှိတာလေးကို မေးခွန်းထုတ်.. ကလေးတွေလည်း ရှိတာကိုသာ ဖြေဖို့။ တချို့ နေရာတွေမှာဆို စာမေးပွဲ လာဖြေရင်ကို အောင်ပြီလို့တောင် ကြိုပြောထားတာတဲ့။ တကယ်ပဲ အဲဒီစာမေးပွဲမှာ အကုန်အောင်.. တချို့ အထက်တန်းကျောင်းတွေက ဆရာဆရာမတွေကို လာဘ်ထိုးပြီး ကူးချဖြေတဲ့အတွက် ဂုဏ်ထူးတွေထွက်. ဂုဏ်ထူးတန်းတက်ခွင့်တွေ ရကြပါတယ်။ အဲဒီအချိန် က စပြီး ခိုးချတဲ့ ဇာတ်လမ်းတွေ တက္ကသိုလ်ပညာရေးထဲမှာ စလာတာပါပဲ။ ကံမကောင်း တာက အဲဒီအချိန်နောက်ပိုင်းက စပြီးတော့ပဲ ပညာရေးလောကထဲမှာ ဆရာဆရာမတွေ ဆင်းရဲလေတော့ လာဘ်ပေးလာဘ်ယူတွေ သိပ် ထွန်းကားလာတော့တာပါပဲ။ ဒီလိုနဲ့ ပိုက်ဆံ ချမ်းသာတဲ့သူတွေ ဂုဏ်ထူးတန်းတက်.. ဆရာဆရာမဖြစ်.. ပါရဂူဘွဲ့ရတွေအထိ ဖြစ်နိုင်တယ်ဆိုတဲ့ အစဉ်အလာ တခု တက္ကသိုလ်လောကမှာ သန္ဓေတည်လာတာပါ။

အဲဒီနောက် မကြာမတင်မှာပဲ စက်မှုတက္ကသိုလ်လို သက်မွေးဝမ်းကျောင်းတက္ကသိုလ်ကြီးမှာ ၆နှစ်တာ သင်ယူရတဲ့ နည်းပညာတွေကို ညနေပိုင်းသင်တန်းတွေ ဖွင့်ပြီး ဒီပလိုမာတွေ ပေးပစ်တာမျိုးတွေ စလုပ်လာတာပါပဲ။ ဘာသာရပ်တွေကို အဆင့်အတန်း နိမ့်ကျသွားအောင် လုပ်တဲ့ ရည်ရွယ်ချက်တွေပေါ့။ စက်မှုတက္ကသိုလ် ဆိုတာက အာဏာရှင်စစ်အစိုးရရဲ့ မျက်စေ့ထဲက စပါးမွှေးလေ..။ ၁၉၉၈ သြဂုတ်လ ၂၄ရက်ညမှာတော့ ကမာရွတ်လှည်းတန်းမှာ ကျောင်းသားတွေ လမ်းမပေါ် စီတန်းထိုင်ပြီး ဆန္ဒပြတယ်လို့ ကြားပါတယ်။ အမှန်အတိုင်း ပြောရရင် အဲဒီညက အဖြစ်အပျက်ကို ကျမ သေချာ မသိလိုက်ပါဘူး။ ကျမတို့ အိမ်ဝင်းနဲ့ နီးတဲ့ ခပေါင်းဆောင်တို့ အင်းလေးဆောင်တို့ဘက်ခြမ်းကို ရဲတွေ လုံထိန်းတွေ ရောက်လာပြီး လမ်းတွေ ပိတ်လိုက်တာပဲ သိလိုက်ပါတယ်။ နောက်တော့ အဲဒီဆန္ဒပြတဲ့ကလေးတွေကို လုံထိန်းကားတွေနဲ့ ၀ိုင်းထားပြီးတော့ မီးသတ်ကားတွေက ရေတွေနဲ့ ၀ိုင်းထိုးပက်တယ်ပြီး ဖမ်းခေါ်သွားတယ်လို့ ကြားရပါတယ်။ ကျမအပါအ၀င် လူထုကတော့ သတင်းအကြားမှာ စုတ်တသပ်သပ်…။ ပြီးတော့လည်း အဲဒီသတင်းလေးက ပျောက်သွားရ ပြန်တာပါပဲ။ ကျမတို့ ကိုယ်စီတွေမှာ ဖိစီးနေတဲ့ အပူမီးကလည်း ကြီးလွန်းနေကြတာလေ။

+++++

ဖတ်နေတဲ့သူတွေ မောကာမှ မောရော.. သြဂုတ်လကုန်မှာတော့ ကျမရဲ့ မပြီးစီးနိုင်သော ပြဿနာတခုက ပြန်ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ အိမ်ခန်းလေး ငှားထားတာ ၆လပြည့်လို့မို့ နောက်ထပ် ၆လစာ ၁သောင်း၈ထောင် ထပ်ပေးရမှာလေ။ သေချာတာက ကျမလက်ထဲ အဲလောက်ပိုက်ဆံ ဘယ်လိုမှ မရှိတော့။ ရှာလည်း မရှာနိုင်တော့။ နောက်ဆုံးတော့ ကျောင်းက ဆရာတယောက်က လှည်းတန်းဈေးနားမှာ အမျိုးသမီးဆောင် ဖွင့်ထားတယ်တဲ့။ အဲဒီအောက်ထပ်မှာ သားအမိငှားနေရင် အဆောင်သူတွေလိုပဲ တယောက် တထောင်.. သားအမိနှစ်ယောက်ဆိုတော့ နှစ်ထောင်တဲ့။ လချင်းပေးသွားပြီး နေလို့ ရမယ်တဲ့။ ရာကျော်ရောက်နေတုန်း အဲဒီ အဆောင်လေးကို သွားကြည့်တော့ အောက်ထပ် ဧည့်ခန်းလေးရဲ့ အတွင်းဘက်မှာ ကျမတို့ နေရမယ့် အခန်းတဲ့။ အခန်းလေးက ၁၂ပေပတ်လည် အခန်းလေး။ အခန်းမှာ တံခါးမပါ။ တံခါးမရှိ ဓားမရှိ ဆိုပါတော့။ ခန်းစီးလေးတစ်ခုက အကာပေါ့။ သေတ္တာတွေတော့ သော့သေချာခပ်ပါတဲ့။ ရာကျော်ကတော့ အတော် မျက်နှာပျက်နေပြီ။ ဒီလိုနေရာမှာ ကျမ ဘယ်လောက်ကြာကြာနေမလဲ..။ သားကျောင်းကားခက ၁၀၀၀ တဲ့။ အိမ်လခနဲ့ ပေါင်းရင် ၃၀၀၀..။ သားအမိနှစ်ယောက် စားစရိတ်မပါသေး။ ကျမလစာက ၁၇၀၀…။ ကျမ ဘယ်လိုရပ်တည်မလဲ…။ တခုခု ဆုံးဖြတ်ရပါတော့မယ်။

နောက်ဆုံးတော့ ကျမနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့အပြင် ရာကျော်လည်း နောက်ဆုံးနှစ်တက်ရမယ့် မော်လမြိုင်တက္ကသိုလ်ကိုပဲ ပြောင်းဖို့ ရွေးဖြစ်ပါတယ်။ ကျမ ရန်ကုန်ကို ပြန်ရောက်တာက တနှစ်တောင် မပြည့်သေးလေတော့ နယ်ပြန်ထွက်ဖို့ လွယ်ပါ့မလားတာ့ မသိဘူးပေါ့။ ဒီလိုနဲ့ ကျမ ပြောင်းရွှေ့ခွင့် တင်ပါတယ်။ နယ်တခုခုကို တောင်းပြောင်းရင် အကြောင်းပြချက် တခုခုပေးရမယ်ဆိုတော့ ကျမက မိသားစုကိစ္စလို့ ဖြည့်လိုက်ပါတယ်။ အဲဒီ ပြောင်းရွှေ့ခွင့် အဆင့်မြင့်ပညာဦးစီးဌာနကို ရောက်သွားတော့ ကျမကို လှမ်းမေးပါတယ်။ မိသားစုကိစ္စဆိုတာ ဘာလဲတဲ့။ ကျမလည်း အကျပ်ရိုက်သွားပြီး ခင်ပွန်းရှိတဲ့အတွက် ပြောင်းချင်ပါတယ်လို့ တင်လိုက်ပါတယ်။ အေးပြီလို့ ထင်တာ မအေးပါဘူး။ နောက်ရက်မှာ “အဆည”က ကျမကို ခေါ်တွေ့ပါတော့တယ်။ ကျမရဲ့ ကိုယ်ရေးရာဇ၀င်ဖြည့်ရာမှာ ခင်ပွန်းဆိုတဲ့နေရာမှာ ကွာရှင်းလို့ ဖြည့်ခဲ့တာက ၃နှစ်တောင်ရှိပြီဆိုတော့ ခု ခင်ပွန်းက ဘာလဲ.. ပြန်ပေါင်းတာလားပေါ့။ ကျမမှာ ဒုက္ခ။ ဘာလုပ်ရပါ့ပေါ့။

ပြဿနာကတော့ ပြောရရင် သိပ်များတယ်တောင် ထင်ကြမယ်။ ရန်ကုန်မြို့ကြီးမှာ တက္ကသိုလ်က လက်ထောက်ကထိကဆရာမတယောက် နေစရာမရှိ.. စားစရာမရှိတာကို ဖြေရှင်းလို့ကို မရတော့တာ။ နယ်မှာဆိုရင်တော့ နေစရာလေးရမယ်.. အစားအသောက် ကလည်း ပေါတယ်။ ပြီးတော့ ကုန်ကျစရိတ် နည်းတယ်ပေါ့။ ပြီးတော့ နယ်ကောလိပ် လေးတွေကို ကျမ ချစ်တယ်လေ..။ ကဲ.. ဘာလုပ်မလဲ.. ဆုံးဖြတ်ပေါ့။ မော်လမြိုင်တက္ကသိုလ် ပြောင်းဖို့ အရေးကတော့ ခင်ပွန်းယောက်ျားရှိမှ ရတော့မှာ.. အသေအချာပဲ..။ ရာကျော်ကတော့ ခပ်အေးအေးပဲ ပြောတယ်..။ လက်ထပ်ကြရအောင်… တဲ့။

ကျမနဲ့ သားအပေါ် အင်မတန် စိတ်ရှည် အနွံအတာခံ..။ လူပြောသူပြောခံပြီး အနားမှာ နေပေးနေတဲ့ လူငယ်လေးကို ကျမ အသုံးချသလိုတော့ မဖြစ်ချင်ပါ။ နောက်.. ကျမရဲ့ အချစ်အကြောင်းပြောရအောင် ၀တ္ထုထဲကလိုပါပဲ..။ ကျမ သူ့ကို အားနာလှပါတယ်။ သူ့ခမျာ မိဘတွေရဲ့ တဦးတည်းသော သားကလေး.. သူ့ခမျာ အဲဒီတုန်းကဆို အသက်ကလည်း ၂၄ပဲ ရှိသေး…။ ပြီးတော့ ကိုယ်ချင်းစာ မိတာက ကျမကိုယ်တိုင် သားတယောက်အမေ။ အမေတယောက်ရဲ့ မျက်ရည်တွေနဲ့ ရင်းရမယ့် ဆုံးဖြတ်ချက်တခု.. အဲသလိုပဲ ဆရာမတယောက်ရဲ့ ရပ်တည်ချက်နဲ့ ရင်းရမယ့် ဆုံးဖြတ်ချက်တခု.. ခက်ခဲ ပင်ပန်းလိုက်တာ…။ ကျမ ဘာလုပ်ရမလဲ.. ကိုယ့်ဘ၀ ရပ်တည်ရေးအတွက် ကိုယ်သံယောဇဉ်ရှိတဲ့သူကို အသုံးချတာမျိုးဖြစ်မှာလည်း စိုးလှပါတယ်။ ဒါဖြင့် ကျမနဲ့သူ့အကြား ဘာမှ မရှိဘူးတဲ့လား.. ။ မဟုတ်ဘူးလေ… သူနဲ့ ကျမကြားမှာ ခိုင်ကျည်နေတဲ့ ကြိုးမျှင်တွေက မနည်းမနော..။

ကိုပိုင်စိုးဝေစကား ငှားပြောရရင်တော့
ရေကျချိန်တွင်
မျောပါသွားသည့် အမှိုက်တစ်စပမာ
နာကျင်စွာ
ပျော်ရွှင်နာကျင်စွာ
ရာဇ၀င်ကားချပ်ပေါ်မှာ မဆုတ်မနစ်
သွေးသစ်များဖြင့် လန်းဆန်း လတ်ဆတ်
အဆက်မပြတ် အချစ်စိတ်ယိုစီးမှုများနဲ့
မွေးဖွားခဲ့တဲ့ ငါပါ။
ပန်းရိုင်းတွေက မြေကြီးပေါ်မှာ ဖူးပွင့်လို့
ငှက်ကလေးတွေ လေထဲမှာ ပျံသန်းလို့
အဝေးကြီး
ဟိုး………… အဝေးကြီးက ရယ်မောသံတွေ
ငါ့ရင်ထဲမှာ ဆွေးမြည့်သေဆုံးနေကြ
ဘ၀တစ်ခုလုံးနဲ့တော့ မလဲနိုင်ခဲ့ဖူးကွယ်။
ရက်စက်လှတဲ့ ထိုးဇာတ်လိုပါပဲ။ ကျမ လိုအပ်ချက်အတွက် သူ့ကို လက်ထပ်လိုက်တာမျိုး ဖြစ်ခဲ့ရတာ..။ သူကတော့ စိတ်အေးလက်အေးနဲ့ ပျော်လို့ပါပဲ..။

+++++

နောက်ဆုံးတော့ ၁၉၉၈ ရဲ့ ဆောင်းရက်တရက်မှာပဲ နှစ်ဘက်မိဘ မပါဘဲ ရုံးတက် လက်မှတ်ထိုး… မိတ်ရင်း သူငယ်ချင်းအနည်းအကျဉ်းနဲ့ လှည်းတန်းက ဘုန်းကြီးကျောင်းလေး တကျောင်းမှာ ဆွမ်းကျွေး…။ (နှစ်ဘက်မိဘတွေက ခွင့်မပြုခဲ့ကြပါဘူး)။ အဲဒီတုန်းက ကျမတို့ ဆင်းရဲပေမဲ့ ပင်ပန်းပေမဲ့ စိတ်လက်ချမ်းသာ ရှိနေခဲ့ကြပါတယ်။ အားလုံး တစ်ကပြန်စရတဲ့ ဘ၀တစ်ခုပေါ့။ ကျမ တကယ်လိုလားတဲ့ မိသားစု ဘ၀လေးပါ။ ကျမဘမှာ အဆုံးအရှုံးတွေ အလဲအပြိုတွေများခဲ့ပေမဲ့… ဘ၀တခုလုံးနဲ့ လဲပစ်လိုက်တဲ့အထိ ကျမ မရှုံးနိမ့်ခဲ့တာကိုပဲ ခုချိန်မှာ တွေးမိတိုင်း စိတ်ချမ်းသာနေမိပါတယ်။ ပြီးတော့ ခုအိမ်ထောင်သက် ၁၀နှစ်ကျော်တဲ့ အထိလည်း ကျမကို စိတ်ဆင်းရဲအောင် တခါမှ မလုပ်ဖူးတဲ့အပြင် မိသားစုအပေါ် မပြောင်းမလဲ ဂရုစိုက်တဲ့ .. ကျမနဲ့ ပတ်သက်ရင် အစစအရာရာ ပံ့ပိုးကူညီတဲ့ ရာကျော့်ကို ခုထိလည်း ကျေးဇူးတင်နေမိတုန်းပါ..။ သူ့ မေတ္တာတရားက ကျမရဲ့ အနာတွေအမောတွေကို အများကြီး ကုစားပေးနိုင်ခဲ့တာလေ..။
နေ့မရှိ ညမရှိ
အကြေကွဲဆုံးကာလမှာမှ သန္ဓေတည်ခဲ့တဲ့
ရင်ထဲက အစိုင်အခဲ
ခွဲထုတ်ပစ်လို့ မရဘူးလေ။
(ပိုင်စိုးဝေ)

++++++++++++++++++++++++++++++