May 30, 2007

ဒီပဲယင်းအမှတ်တရ

ဒီနေ့ မနက် အစောကြီးနိုးလာတယ်။
အိပ်မက်နဲ့ စိတ်အစွဲအလန်းကြောင့်ထင်ပါရဲ့။
အိပ်မက်ထဲမှာ ရှစ်လေးလုံးတုန်းကလို လူအုပ်တွေပါတယ်။
ပစ်ကြခတ်ကြတာတွေ သွေးထွက်သံယိုတွေ မျက်ရည်တွေ..ပါတယ်။
ဒါနဲ့ပဲ အစောကြီးနိုးလာတော့တာ။

ဒီနေ့ မေ၃၀..
အန်တီစုကို သူတို့ အသေသတ်ဖို့ ကြံခဲ့တဲ့နေ့။

ရက်စက်ကောက်ကျစ်တဲ့နေရာမှာ ကမ်းကုန်တဲ့ စစ်အုပ်စုရဲ့
ကမ္ဘာကျော် လူသတ်ပွဲတွေထဲက တစ်ခုပေါ့။

ကျမကတော့

An eye for an eye
A tooth for a tooth

ဆိုတဲ့ ဟာမူရာဘီကိုဓ ဥပဒေကို သတိရနေတယ်။
ကျမတို့ မြန်မာတွေကတော့ လက်တုံ့မပြန်တတ်သူတွေပါ။
ဒါပေမဲ့ ကျမကတော့ အဲဒီဥပဒေက လူကောင်းသူကောင်းတွေအတွက်
လောကကြီးက..သဘာဝတရားကြီးက တာဝန်ယူဖြေရှင်းပေးတဲ့ ဥပဒေလို့ မြင်တယ်။

ကြည့်လေ.. အကုသိုလ်နဲ့ တံတားခင်းခဲ့တဲ့ လူတွေ..
အဲဒီတံတားပေါ် သူတို့ကိုယ်တိုင်ပဲ ပြန်လျှောက်ကြရတာ…
ကမ္ဘာ့အာဏာရှင်အဆက်ဆက်…ဘယ်လမ်းသွားခဲ့ကြရသလဲ..
ကျမတို့ဆီမှာလဲ..ဦးနေ၀င်းကစ.. ခု ဦးစိုးဝင်း.. ဦးရွှေမန်း… အထိ။

ကျမသတိရနေသေးတယ်..

အတွင်းရေးမှူး(၂) ဦးတင်ဦးဆုံးတုန်းက..၂၀၀၁ ဖေဖေါ်ဝါရီ-၁၉။
ကျမ မော်လမြိုင်မှာ တာဝန်ကျနေတဲ့အချိန်
ကြားကြားချင်း .. သူများကို ဒီလောက်ဒုက္ခပေးတာ..ကောင်းတယ်..ဖြစ်ပစေလို့
တွေးမိခဲ့တယ်။

ဒါပေမဲ့ အဲဒီညမှာပဲ ကျမဘ၀မှာ အရေးကြီးဆုံးဖြစ်တဲ့ အဖေလဲ ဆုံးတယ်။
ကင်ဆာရောဂါမို့ ကြိုတွေးထားပြီး သိထားပြီးဖြစ်တဲ့ကြားကတောင်
ကျမအတွက် အပူဆွေးဆုံးဖြစ်ခဲ့တယ်။

အဲဒီမှာ ကျမတွေးမိတယ်..
ဘာပဲဖြစ်ဖြစ် ဦးတင်ဦးဟာဘယ်လောက်ဆိုးဆိုး
သားသမီးတွေရဲ့ အဖေတစ်ယောက်တော့ ဖြစ်သေးတာပဲ..
ဒါကို ကျမ ကိုယ်ချင်းမစာမိလို့
ညကျတော့ ကျမအဖေအတွက် ပူဆွေးရတာကို ချက်ချင်းကြုံရတယ်လို့..

ဒါဟာ… ကိုဓ ဥပဒေ အသွားပဲ မဟုတ်လား…။
အဲသလို ကျမ ယုံတယ်။

ဦးတင်ဦးဟာ ၈၈ မှာ ၆၂က စိန်လွင်ရဲ့ နေရာကို ယူခဲ့ပြီး
ကျောင်းသားတွေအပေါ် လူထုအပေါ် ကမ်းကုန်အောင် ရက်စက်ခဲ့တာ။
ဒီတော့ သူ့မှာ သူများလုပ်ကြံခံရပြီး သေရမှာကိုတောင်
သုံးခါလောက် သီသီလေးလွဲရတဲ့ စိတ်သောကတွေကို ကြုံရပြီးမှ
သေခန်းရောက်ရတာ..

ပိုဆိုးတာက
သူမသေရခင်မှာမှ.. သူ သိပ်ချစ်တဲ့ သမီး ချိုလဲ့ဦး ဗုံးပေါက်ပြီး ဆုံးရတာပဲ…။
အဲဒီတုန်းကလဲ သူတော်တော် ခံစားရတာ..။သူအချစ်ဆုံး ဂုဏ်အယူဆုံးသမီးလေ..
တက္ကသိုလ်မှာ ပါရဂူတန်းတက်နေတဲ့ ဆရာမလဲ ဖြစ်သေး..။
သူတို့ မိသားစု တော်တော် အသည်းကွဲရတဲ့ အဖြစ်ပေါ့။

အဲဒါ ကိုဓ ဥပဒေပဲ..မဟုတ်လား...။

အဲလိုပဲ..
ဦးနေ၀င်းရဲ့ အချစ်ဆုံးသမီး သားမက်နဲ့ မြေးတွေရဲ့ အဖြစ်ဆိုးနဲ့ ..သူ့ဘ၀ နေ၀င်ချိန်..။

ခု..ဦးခင်ညွန့် ဘ၀..။

သူတို့ မောင်ပိုင်စီးခဲ့တဲ့ မြေပေါ်မှာတောင်မှ သေစရာနေရာ မရှိတဲ့ ဘ၀ တွေ…။

ဒါ ထင်ရှားတဲ့သူတွေရဲ့ သာဓကနဲနဲလေးပဲ ရှိသေးတာပါ။

ခုရော..ဦးစိုးဝင်း..။ကြည့်လေ.. ။ အန်တီစုလို သူတော်ကောင်းကို..မတရားသဖြင့်လုပ်ခဲ့တာ၎နှစ်ပဲ ရှိသေး.. သူသတ်ဖို့ကြိုးစားခဲ့တဲ့သူက ခုထိ သမာဓိကောင်းကောင်းနဲ့ မတရားမှုတွေကို
ရင်ဆိုင်အံတုနေနိုင်သေးတဲ့အချိန်မှာ သူကတော့ သေရပါမယ့် အရေးကိုတောင်
ခြောက်ခြောက်ခြားခြားနဲ့ စောင့်နေရပြီ။

စဉ်းးစားတတ်ရင် ကြောက်စရာပါ..။

ဒါကြောင့် ကျမကတော့ ကိုဓဥပဒေ ဟာ…
မတရားသူတွေအတွက် လောကကြီးက သတ်မှတ်ထားတဲ့ တရားဥပဒေလို့
ယုံတယ်။

မေငြိမ်း

၃၀မေ(ဒီပဲယင်းနေ့ အမှတ်တရ)

4 comments:

မေဓာဝီ said...

အမပြောတာ ဟုတ်တယ် နော်။
လောကကြီးရဲ့ ကိုဓဥပဒေကနေ ဘယ်သတ္တ၀ါမှ ပြေးရှောင်လို့ မလွတ်နိုင်ဘူးပဲ။
ဒါကြောင့် ဗုဒ္ဓဘာသာမှာ ကံ-ကံရဲ့ အကျိုးတရားလို့ ပြောကြတာပဲ။
ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုကံ၊ မကောင်းမှုကံတွေဟာ ကိုယ့်နောက်က အရိပ်လို လိုက်နေတယ်။ အခွင့်သင့်တဲ့အခါ အကျိုးပေးမှာပဲ။ ဒီဘ၀မှာ မပေးရင်တောင် သံသရာတလျှောက်လုံး လိုက်နေဦးမှာပဲ။
အမပြောသလိုပဲ …. စဉ်းစားတတ်ရင် တကယ်ကြောက်စရာပါ အမရယ် .. ။
မစဉ်းစားတတ်တဲ့ သူတွေကတော့ မကြောက်ဘူးပေါ့။
မျက်ကန်း တစ္ဆေမကြောက်လို့ ပြောရမလားပဲ … ။

မေငြိမ်း said...

မေရေ..
ကျေးဇူးတင်ပါတယ်..
အမလဲ ကိုယ်ယုံကြည်တဲ့အတိုင်းရေးလိုက်တာပါပဲ..
ဟိုးရက်တွေက အမဘလော့ထဲလာလည်ပြီး ကွန်မင့်ရေးသွားတဲ့သူတွေကိုလဲ စာမပြန်နိုင်ခဲ့ဘူး.. စာတွေက လေးထောင့်တုံးတွေ ဖြစ်နေလို့လေ..
ခုတော့ရသွားပြီ။ နောက်ကို စာမှန်မှန်ပြန်မယ်နော်…

ချစ်သော-မေငြိမ်း

Hteink Min said...

ဆရာမ ဟုတ်တယ်ဗျို့။ ဒီ ကိုဓဆိုတဲ့ ဥပဒေ ကို ဘယ်သူမှ ရှောင်လို့ မရဘူး။ ခုဆို ကြည့် ဗိုလ်ချုပ်ရူးကြီး သန်းရွှေလည်း ဒရွတ်တိုက်နေပြီ။ ပါးမရွဲ့သေးတာပဲ ရှိသေးတယ်။ သူ့သမီး မင်္ဂလာဆောင်မှာ လမ်းလျှောက်လာတဲ့
ပုံကို ကြည့်ရင် သူလည်း မကြာတော့ဘူး။ တစ်ခုပဲ ကျွန်တော်တို့ ဆုတောင်းပေးရမှာ ကျွန်တော်တို့ရဲ့ ချစ်မေမေ ဒေါ်စု ကျန်းမာရေးကောင်းမွန်ပါစေဗျာ။ ငြိမ်းချမ်းရေး ငှက်ကလေးကို သူတို့ ထိပါးနေသ၍ ၊ ဒီကောင်တွေ အသက်ရှင်နေ၊ အစားကောင်း အသောက်ကောင်းတွေ ဘယ်လောက်စားစား၊ ကျန်းမာရေး ဘယ်လိုပဲ ဂရုဆိုက်ဆိုက် သူတို့ အတွက်ကတော့ ဘယ်တော့မှ ငြိမ်းချမ်းတဲ့ နှလုံးသားပိုင်ဆိုင်ခွင့် ရမှာ မဟုတ်ဘူး။ မကောင်းတာလုပ်တဲ့ လူတွေ ဘယ်မှာများ အသက်ရှည်လို့လည်းဗျာ. သက်ဆင်ဆီနာဝက် ကိုပဲ ကြည့်၊ လောလောဆယ် နေစရာ မရှိလို့ အင်္ဂလန်ကို ရောက်နေတယ်၊ ဒီလိုလူမျိုးကို ပိုက်ဆံရှိတယ် ဆိုပြီး လက်ခံတဲ့ အင်္ဂလန် လည်း တစ်နေ့ နောင်တ ရစရာ အဖြစ်ဆိုးတွေ ကြုံတွေ့ဦးမှာပဲ။ ဒီလိုပဲ စင်္ကာပူ လည်း အတူတူပဲ၊ ဆိုးသည်ကောင်းသည် မကြည့်၊ ပိုက်ဆံရှိရင် ဆေးကုသာတာကို လက်ခံ တဲ့ နိုင်ငံ၊ သူလည်း အဖြစ်ဆိုးတွေ ကြုံလိမ့်မယ်။

ကျွန်တော်တို့ တတွေ မေတ္တာစိတ်ထားပြီး ၊ အများအတွက် ကောင်းရာတွေကို ဆက်လုပ်ကြပါစို့။ မြန်မာပြည်ကြီး စစ်အစိုးရလက်မှ လွတ်မြောက်ပါစေဗျာ။

မေငြိမ်း said...

မင်းမင်းရေ..
တကယ်တော့
ကံနဲ့ ၀ဋ်ကြွေးကို ပုံချရတာလဲ
လတ်တလော လွတ်မြေက်ရေးကို
နှောင့်နှေးစေသလားလို့
တခါတခါ တွေးမိတယ်။