Sep 2, 2007

ဖြန့်ဝေခြင်း(၇)

ပြည်တွင်းက လူတယောက်က ကျမဆီကို လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်တဲ့ သူ့ အမြင်ကို စာရေးပြီး ပို့လာပါတယ်။

တကယ်တော့ ပြည်တွင်းက လူတွေဟာ ကျမတို့လို တိုင်းပြည် အပြင်ဘက် ရောက်နေတဲ့ သူတွေထက် အများကြီး ပိုပြီး စစ်အစိုးရပေးသမျှ ဒုက္ခတွေကို ရင်ဆိုင် ခံစားနေကြရတာပါ။ ဒါကြောင့် ကျမကတော့ ပြည်တွင်းက လူတွေရဲ့ အယူအဆတွေ အမြင်တွေ ဆွေးနွေးချက်တွေကို အမြဲ အလေးအနက် ထားပါတယ်။ ကျမ Radio Free Asia မှာ အပတ်စဉ် တင်ဆက်နေတဲ့ ပညာရေးပိုင်းမှာဆိုရင်လည်း ပြည်တွင်းက တောင်းဆိုတဲ့ အကြံပေးတဲ့ အချက်တွေကို ဦးစားပေးပြီး ရေးပါတယ်။ ကျမပြောချင်တာကတော့ ကျမတို့ နိုင်ငံရဲ့ အရေးကို ချဉ်းကပ်ရာမှာ လူထုထဲက အသံဟာ ဂရုစိုက်နားထောင်ရမယ့် အရေးတကြီး ကိစ္စ ဖြစ်တယ် ဆိုတာပါပဲ။

ဒါကြောင့် ကျမ ခု အဲဒီပြည်တွင်းက ပို့လာတဲ့စာကို စာရေးသူကိုယ်စား တင်ပေးလိုက်ပါတယ်။

လမ်းနှင့်ပန်းတိုင်
ပထမဆုံး ပြောချင်သည့်အချက်မှာ ကျွန်တော်သည် မည်သည့် ပါတီ အဖွဲ့ အစည်း ကိုမျှ မ၀င်ခဲ့ဖူးသည့် သူဖြစ်ပါသည်။ မည်သည်အယူဝါဒ၏ လက်အောက်ခံတစ်ယောက်လည်း မဟုတ်ပါ။ ဆိုလိုသည်မှာ လွတ်လပ်စွာ တွေးခေါ်သူတစ်ယောက်ဖြစ်ပါသည်။ ပါတီစွဲကင်းကင်း၊ အယူဝါဒစွဲ ကင်းကင်း၊ ပုဂ္ဂိုလ်စွဲ ကင်းကင်းဖြင့် ရေးသားတင်ပြခြင်းဖြစ်ပါသည်။

အရာအများကြီးကိုလည်း မျှော်လင့်တပ်မက်ခြင်းလည်း မရှိပါ။ ကျွန်တော် မျှော်လင့်လိုလားသည် မှာ လွတ်လပ်စွာ ပြောဆိုခွင့် နှင့် လွတ်လပ်စွာ တွေးခေါ်ရေးသားခွင့်မျှသာ ဖြစ်ပါသည်။ သာမန်ပြည်သူ အများစု ၏ မျှော်လင့် ခြင်းမှာလည်း ကျွန်တော်နှင့် သိပ်ကွာခြားလိမ့်မည်မဟုတ်ပါ။

ယခုလာမည့် စက်တင်ဘာ(၁၈)ရက်နေ့ဆိုလျှင် စစ်အာဏာရှင်တို့၏ အုပ်စိုးမှုသည် (၁၉)နှစ် တင်းတင်းပြည့်ပေတော့မည်။ ၁၉-နှစ်ကာလအတွင်း ကျွန်ုပ်တို့ ဒီမိုကရေစီအင်အားစုများ၏ စွမ်းဆောင် အောင်မြင်မှု၊ ကျဆုံးမှု အချို့တို့ကို မရော မစွက်ဘဲ ပကတိအမြင်သက်သက်ဖြင့် ရှုမြင်သုံးသပ်တင်ပြလိုပါ သည်။ မှားယွင်းခဲ့သည်များရှိသော် ပြင်ပေးကြပါ။ လိုအပ်ခဲ့သော် ဖြည့်စွက်ကြပါ။

၁၉-နှစ်ကြာသောအခါ ကျွန်ုပ်တို့ဒီမိုကရေစီအင်အားစုများ မည်ရွေ့မည်မျှ ရှေ့ရောက်လာခဲ့ပါ သလဲ။

၁။ ပြည်သူလူထုအတွင်း နိုင်ငံရေးအသိ ယခင်ကထက်စာလျှင် အတော်အသင့် ပွင့်လင်းလာ သည်။
၂။ နိုင်ငံရေး ရေချိန် အနည်းငယ် မြင့်လာသည်။
၃။ လူအချို့တွင် ပြောရေးဆိုခွင့် မဆိုစလောက် ပိုရလာသည်။
၎။ ရွေးကောက်ပွဲ၌ ပြည်သူ့ဆန္ဒကို အပြည့်အ၀ ထုတ်ဖေါ်နိုင်ခဲ့သည်။
၅။ ကမ္ဘာ့မိသားစု နိုင်ငံများက မြန်မာ့ပြည်တွင်းရေး အခြေအနေကို ယခင်ကာလများထက် ပိုသိမြင်လာပြီး အရေးစိုက် လာကြသည်။

ရွေးကောက်ပွဲလုပ်ပေးခြင်းသည် န၀တက နိုင်ငံရေးထွက်ပေါက်တစ်ခု ဖန်တီးသွားခြင်းသာ ဖြစ်သည်။ မမျှော်လင့်သော ရလဒ်များထွက်ပေါ်လာသောအခါ ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲကာလ အတွင်း ပေးထားခဲ့သော ကတိများ၊ အာမခံချက်များအားလုံးကို အရှက်တရားကင်းမဲ့စွာ မျက်နှာလွှဲပစ်ခဲ့ ကြသည်။ ရွေးကောက်ပွဲရလဒ်သည် ကျွန်ုပ်တို့ အတွက် အကျိုးဖြစ်ထွန်းခဲ့သော အရာမဟုတ်ပေ။ ကမ္ဘာ့ နိုင်ငံအသီးသီးက ကျွန်ုပ်တို့နိုင်ငံ၏ ပြည်တွင်းရေးကို ပိုမို အရေး စိုက် လာကြသည်မှာလည်း အမှန်ဖြစ်သည်။ သို့ရာတွင် ထိုအချက်သည်လည်း စစ်အုပ်စုကို ဖြုတ်ချနိုင်ရေးအတွက် အဓိက မောင်းနှင်အားဟု မမှတ်ယူ အပ်ပေ။

ကျွန်ုပ်တို့ရရှိခဲ့သော တိုးတက်မှုတို့မှာ ကျွန်ုပ်တို့ရောက်လိုသော ခရီးဆုံးပန်းတိုင်သို့ ခြေတစ်လှမ်း စာမျှ တိုးသည်ဟုပင် မဆိုနိုင်ချေ။ ကျွန်ုပ်တို့၏ ပန်းတိုင်ကားဝေးမြဲလျှက်ပင် ရှိနေပေသေးသည်။

စစ်အာဏာရှင်တို့ကား ကျွန်ုပ်တို့ ဒီမိုကရေစီအင်အားစုထက်ပို၍ အောင်မြင်သည် ဟု ဆိုရပေမည်။ အာဏာရှင်တို့ မှားသည် ဖြစ်စေ မှန်သည်ဖြစ်စေ သူတို့လိုလားမှုများကို ၁၉-နှစ်ကာလအတွင်း တရွေ့ရွေ့နှင့် တည်ဆောက်သွားနိုင်သည်ကို ကျွန်ုပ်တို့ လက်ခံရပေမည်။ ထိုအချက်ကို အခြေခံပြီးမှသာ လျှင် ကျွန်ုပ်တို့လမ်းသစ် ဗျူဟာသစ်ကို ရှာဖွေ ချမှတ် နိုင်ပေမည်။ စစ်အစိုးရ၏ အောင်မြင်တိုးတက်မှုကား အဘယ်နည်း။

၁။ နိုင်ငံတွင်းမှ နိုင်ငံရေးအင်းအားစုများကို တဖြည်းဖြည်း ဖြိုခွဲသွားနိုင်ပြီ ဖြစ်သည်။
၂။ ရွေးကောက်ပွဲရလဒ်ကို လုံးဝ လျစ်လျှူရှုနိုင် သွားပြီဖြစ်သည်။
၃။ Road Map ကိုအခြေခံ၍ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲခွင့် ရသွားသည်။
၎။ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို အတိုင်းအတာ တစ်ခုအထိ အုပ်စီးမိသွားပြီဖြစ်သည်။
၅။ စစ်အာဏာရှင်တို့၏ ရာဇပလ္လင် ပို၍ ခိုင်မာလာသည်။

ကျွန်ုပ်တို့ဘက်၌ အခွင့်အရေးကောင်းများရှိခဲ့သော်လည်း အကျိုးရှိစွာ အသုံးမချ နိုင်ခဲ့သော အဖြစ်အပျက်များ ရှိခဲ့ သည်။ အချိန်နှင့် အလုပ်ကို ဟန်ချက်ညီညီ မဖော်ဆောင် နိုင်ခဲ့သော ရလဒ်မှာ ယခုထက်တိုင် မလွတ်မြောက်ခြင်းပင် ဖြစ် တော့သည်။ စစ်အာဏာ ရှင်တို့၏ သေနတ်ကိုင်သော လက်မှ သစ္စာတရားကို မျှော်လင့် ယုံစားမိခြင်း သည် အဓိက အမှာြး ဖစ်သည်။ ယခုအချိန်တွင် မည်သည့် အဖွဲ့အစည်း၊ မည်သူတစ်ဦး တစ်ယောက်ကိုမျှ အပြစ်ဖွဲ့စကားပြောရန် မရည်ရွယ်ပါ။ မပြောလိုပါ။ အားလုံးသည် အကောင်းဆုံးကို ရွေးချယ်၍ လုပ်ခဲ့ကြသည်ဟု ယုံကြည်ပါသည်။ သို့သော် ၁၉- နှစ်တာကာလ ဖြတ်သန်းပြီး သော အတွေ့အကြုံများကို အခြေခံ၍ “စစ်အာဏာရှင်” ဟူသော ဝေါဟာရ၏ အဓိပ္ပါယ် နှင့် အနှစ်သာရကို သဘောပေါက်နားလည် သင့်ပြီဟုတော့ ပြောလိုပါသည်။

ကျွန်ုပ်တို့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ ပြုခဲ့သမျှ အားလုံး၏ အန္တိမ ရည်မှန်းချက်မှာ အရပ်သား အစိုးရလက်ထဲ အာဏာရရှိရေးပင်ဖြစ်သည်ဟု ယူဆပါသည်။ သို့သော်လည်း ကျွန်ုပ်တို့၏ ပန်းတိုင်ကိုမူ ရေးရေးမျှပင် မမြင်ရသေးပေ။ အာဏာကို နိုင်ငံရေးနည်းနှင့် ရယူရန် ကြိုးပမ်းခြင်းမှာ ယနေ့လက်ရှိ မြန်မာ့ ပြည်တွင်းအခြေအနေနှင့် သဟဇာတ လုံးဝမဖြစ်တော့သည်ကို သဘောပေါက်ရန် လိုပါသည်။ သဘောပေါက် ဖို့ကောင်းပါပြီ။ Road Map ကို မဖျက်နိုင်လျှင် ကျွန်ုပ်တို့တိုင်းပြည် အနာဂတ်အလားအလာ မှာ မည်သို့မျှ ကောင်းနိုင်ဖွယ်မရှိပေ။

လူထုအုံကြွမှုနည်းဖြင့် စစ်အစိုးရကို ဖြုတ်ချရန်မှာ ပြည်သူလူထုအတွင်း စုစည်းမှု၊ စည်းရုံးမှု အခြေခံကောင်းများ တည် ဆောက်နိုင်ရန် လိုအပ်ပေသည်။ စစ်အာဏာရှင် များကလည်း လူထုအုံကြွမှု ဖြစ်ပေါ်လာခဲ့လျှင် အင်အားသုံး ဖြိုခွင်း မည်မှာ အသေအချာပင် ဖြစ်သည်။

လမ်းမှန်လျှင် ပန်းတိုင်သို့ လျှင်မြန်စွာ ရောက်နိုင်၍ လမ်းမှားလျှင်တော့ ပန်းတိုင်ပျောက်ပေလိမ့် မည်။ ရွေးချယ် ခဲ့သော ဗျူဟာများ အကောင်အထည်ဖော်ခဲ့သော နည်းဗျူဟာများကို မှားသည်ဟု မဆိုချင် သော်လည်း မှန်ခဲ့ပါသည်ဟုတော့ မပြောနိုင်ပေ။ ၁၉-နှစ်တာကာလအတွင်း အပြောင်းအလဲတစ်ခုမျှ ဖန်တီးမပေးနိုင်ခဲ့သော မဟာဗျူဟာ နည်းဗျူဟာများကို ကျွန်ုပ်တို့အနေဖြင့် မှန်သည်ဟု မယူဆလိုတော့ပေ။

ပြောင်းရပါမည်။ ငြိမ်းချမ်းစွာဖြစ်ပေါ်တိုးတက်ရေးဟူသော အရာကို မမျှော်လင့် ကြပါနဲ့တော့။ တွေ့ဆုံဆွေးနွေးရေးမူကို လည်း ပြောင်းလဲလိုက်ပါတော့။ ပြောင်းရပါမည်။ နည်းဗျူဟာလည်း ပြောင်းရပါမည်။ မပြောင်းလျှင် မပြောင်းဘဲ ဖြစ်နေ ပါမည်။ ပြောင်းမှ ပြောင်းပါမည်။

ယခုလက်ရှိ အခြေအနေမှာ မူ ပြဿနာသည် အဓိကမဟုတ်။ လူ ပြဿနာပင် ဖြစ်သည်။ မူ ပြောင်း လျှင် လူပြောင်းရမည် ဖြစ်၍ လူ မပြောင်းရသော၊ လူ မပြောင်းနိုင် သော မူ များကို ချမှတ်နေခြင်းဖြစ်သည်။ လူ ပြောင်းပစ်နိုင်လျှင် မူ ပြောင်း နိုင်သည်။ နောက် တစ်နည်း ရှိပါသေးသည်။ လူ မရှိလျှင်တော့ မူ ပါမရှိတော့ဘဲ လူသစ် မူသစ် နှင့် တိုင်းပြည်၏ အနာဂတ်သစ်ကို ထူထောင်နိုင်ပါလိမ့်မည်။

ပြည်သူကို မထိခိုက်သောအကြမ်းဖက်မှုများ စတင်လုပ်ဆောင်သင့်ပြီဟု ယူဆပါသည်။ Limited Targets များချမှတ် လုပ်ဆောင် ရပါမည်။ ဤကိစ္စကို ပြည်တွင်းမှ စတင် ဖော်ဆောင်နိုင်ဖို့ ခဲယဉ်းပါသည်။ ပြည်ပအဖွဲ့အစည်းများမှ လက်ရွေးစင်များ ရွေးချယ်၍ လေ့ကျင့်ဖော်ဆောင် စတင် သင့်ပါသည်။ ပြည်တွင်းမှ ကူညီဖေးမမှုများ ပေးနိုင်အောင် လည်း လျှို့ဝှက်စွာ စည်းရုံး ဆောင်ရွက် သွားရမည်။ မှားလျှင် ပြင်ပေးပါ။ လက်ခံနိုင်ကြပါလျှင် သဘောတူညီမှု ရှိလျှင် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးကြပါ။

ကိုနေညို

11 comments:

Thet Oo said...

ဖြန့်ဝေခြင်း (၇) ဖြစ်ရမယ့် ပို့စ်ပါ။

YeKyawAungMDY said...

အကြမ်းဖက်မှုက အကြမ်းဖက်မှု သံသရာကိုသာလည်စေတယ်လို့ မြင်ပါတယ်။
ကျနော်တော့ ငြိမ်းချမ်းစွာဖြေရှင်းတဲ့နည်းကိုပဲ သုံးသင့်တယ်လို့မြင်ပါတယ်။
ကျနော့် သဘောတရားကတော့ မီးကိုသေဖို့ဆိုရင် သူနဲ့ ဆန့်ကျင်ဘက် ရေ နှင့်ပဲ ငြိမ်းသတ်ရမှာပါ။ အကြမ်းဖက်မှုတွေကို ချူပ်ငြိမ်းစေတဲ့ အရာကတော့ အကြမ်းမဖက်လှုပ်ရှားမှုပါ။ အဓိကတော့ လမ်းပေါ်ထွက်ပြီး၊အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့
ကိုလိုချင်တဲ့ပန်းတိုင်ကို ရအောင်ယူပေးဖို့ပါ။
ကျောင်းသားခေါင်းဆောင်ကိုဌေးကြွယ်ပြောခဲ့သလို
အကြမ်းမဖက်လှုပ်ရှားမှုတွေဟာ လှိုင်းလို တဖြေးဖြေးတက်လာပါလိမ့်ဆိုတာကိုတော့ ကျနော်
လုံးဝ ယုံကြည်နေပါတယ်။

ခင်မင်းဇော် said...

အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆိုတဲ့နည်းမှာ အမြဲတမ်း ငုံ့ခံ၊ လမ်းလျှောက်နေယုံနဲ့ တော့ မရနိုင်ပါဘူး ကိုရဲကျော်အောင်၊ ငြိမ်းချမ်းစွာဆန္ဒပြခြင်းရဲ့ အမြင့်ဆုံးအဆင့်မှာ ကိုယ့်အသက်ကိုတောင် ကိုယ့်ယုံကြည်ချက်အတွက် စွန့်လွှတ်ပြရတဲ့ အဆင့်ထိ တက်လှမ်းရပါတယ်၊ လမ်းလျှောက်၊ ထိုင်သပိတ်၊ အစာငတ်ခံ စသည်ဖြင့် အဆင့်ဆင့်တက်လှမ်းပြီး ပြရပါတယ်၊ ဒီလိုကိုယ်က ငြိမ်းချမ်းစွာ ပြနေတဲ့အချိန်မှာ ကိုယ့်ဖက်က ဘယ်လောက်ရင်းနိုင်မယ်။ ဘယ်သူတွေပါမယ် မတွက်ပဲနဲ့ ကိုယ်တိုင် တယောက်ချင်းပဲဖြစ်ဖြစ် ရင်းပြရမယ် မဟုတ်လား၊ အင်း ဒီလိုနည်းတွေဟာ သွေးထွက်သံယိုမှုများတယ်ဆိုတဲ့ လက်နက်ကိုင်တော်လှန်ရေးထက် အများကြီး ပိုခက်ပါတယ်၊ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ကျမတို့ ထောက်ခံဖို့ အဆင်သင့်ပါ၊ တကယ် တဆင့်ချင်းတဆင့်တော့ တက်ဖို့လိုပါလိမ့်မယ်၊
နောက် လက်နက်ကိုင် တော်လှန်ရေး ဆိုတာလည်း အကြမ်းဖက်ခြင်းမဟုတ်ပါဘူး၊ သမိုင်းမှာတော့ စစ်ပွဲတွေကို စစ်ပွဲတွေနဲ့သာ အဆုံးသတ်ခဲ့ရတာပါ၊ အဲဒီအချက်ကိုလဲ စဉ်းစားသင့်ပါသေးတယ်၊
နောက် ကျမတို့ ရင်ဆိုင်တွေ့နေရတဲ့ နအဖဟာ လူ့အခွင့်အရေး၊ လူ လူချင်း လေးစားမှု လုံးဝမရှိတဲ့ အာဏာရှင်ဆိုတာလည်း မမေ့သင့်ပါဘူး။
တကယ်တော့ သမိုင်းမှာ ၁၉ နှစ်ဆိုတာ စာတကြောင်းပဲ ရှိပါသေးတယ်၊ စနစ်တခု ခေတ်တခု ပြောင်းဖို့ဆိုတာ လွယ်လွယ်တော့ မရနိုင်ပါဘူး၊

ခင်မင်းဇော် said...

မေငြိမ်းရေ အဲဒီကိုနေညိုကို မေးပေးပါဦး၊
သူရော မြန်မာပြည်ရဲ့ အပြောင်းအလဲအတွက် ဘယ်လောက် ပါဝင် လုပ်ဆောင်ပေးဖူးပါသလဲလို့၊ အဲလိုပဲ အမြင်လေးတွေကို လက်တွေ့ကိုယ်တိုင် အရင် လုပ်ဆောင်ကြည့်ပါဦးလို့။ ဘာမှ မလုပ်ရဲသူတောင် လုပ်နိုင်တဲ့ အာဏာရှင်ကို အမှည့်ချွေနည်းစာအုပ် ကိုယ့်အီးမေးလ် လိပ်စာနဲ့ တောင်းလိုက်ပါလို့ ၊
ပို့ပေးလိုက်မယ်၊ အဲဒီမှာ ကိုယ်တယောက်တည်း လုပ်လို့ ရတဲ့နည်းတွေ ပါတယ်၊ ဘယ်သူမှ သိစရာမလိုဘူး၊
အဖော်မလိုဘူး၊ လူတိုင်း ကိုယ်နိုင်သလို လုပ်လို့ ရတယ်။
အချိန်မလိုဘူး အခုစသိချိန်ကစပြီး လုပ်လို့ရပါတယ်၊

YeKyawAungMDY said...

မခင်မင်းဇော်ခင်ဗျား--လက်နက်ကိုင်တော်လှန်ရေးကို ဆိုတာကတော့ သူ့ဘက်ကိုယ့်ဘက်မျှတတဲ့ အင်အား နဲ့ ဓနဥစ္စာရှိမှ အောင်နိုင်တာပါ။ လက်နက်ကိုင် တော်လှန်ရေးဟာ ငွေနဲ့ လူအင်အား ရှိရပါမယ်။ လက်ကိုင်တော်လှန်ရေးကို ကျနော် မထောက်ခံတာ မဟုတ်ပါဘူး။ ထောက်ခံပါတယ်။ ဒါပေမယ့် လက်တွေ့ ကြည့်မယ် ဆိုရင် ရန်သူကို ယှဉ်ပြိုင်တိုက်ပြီး၊ အောင်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးကတော့ လိုအပ်တာတော့အမှန်ပါပဲ။ ကျနော့် ကွန်မင့်ရေးပေးထား တဲ့ အကြမ်းမဖက်မှုဆိုတာအခုလက်ရှိ အတွင်းထဲမှာ ရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေဖော်နေတဲ့ အကြမ်းမဖက်ရေးလှုပ်ရှားမှုကို နအဖက အကြမ်းဖက်လှုပ်ရှားမှုဖြစ်အောင်ဖော်နေတာကို ပြောတာပါ။ နအဖ အကြိုက် အကြမ်းဖက်ရေးလမ်းကြောင်းဆီကို သွေဖယ်မသွားစေချင်ပါ။ ဒေါ်အောင်ဆန်းစုကြည်ပြော နေတာကလည်း အကြမ်းမဖက်ရေးနဲ့ ငြိမ်းချမ်းရေးကိုပြောနေတာပါ။
ကျနော်ပြောနေတာ ပြင်ပက တော်လှန်ရေးကို မပြောပါ။

YeKyawAungMDY said...

မခင်မင်းဇော်ခင်ဗျား--‘‘သူရော မြန်မာပြည်ရဲ့ အပြောင်းအလဲအတွက် ဘယ်လောက် ပါဝင် လုပ်ဆောင်ပေးဖူးပါသလဲလို့’’ အဲဒီ ရေးထားတဲ့ စာကိုတော့လုံးဝဘ၀င်မကျပါ။ သူလည်းသူ့အတိုင်းအတာ နဲ့ သူတော့
ပါဝင်ခဲ့ဖူးတာတော့ ရှိမှာပါ။ မပါဝင် ရကောင်းလားဆိုပြီးတော့ သူတစ်ပါးကို အပြစ်မတင်သင့်ပါ။ အဲဒီလိုရေးတာ လုံးဝမှားပါတယ်။ ကိုယ်ပါဝင်ခဲ့တဲ့၊ စွန့်လွတ်ခဲ့တဲ့ နိုင်ငံရေးဟာ တစ်ခြားမလုပ်နိုင်တဲ့လူတွေကို မလုပ်ရကောင်းလားဆိုပြီးတော့ အပြစ်မတင်သင့်ပါ။
ကိုယ်စွန့်လွတ်လုပ်ခဲ့တာတွေအတွက်လည်း ငါလုပ်ခဲ့တယ်၊ စွန့်လွတ်ခဲ့တယ်ဆိုတဲ့ ပေတံတွေနဲ့ တိုင်းတာပြီး၊ နိုင်ငံရေးမမောက်မာသင့်ပါ။

Daly said...

ခင်မင်းဇော်၇ဲ့ `သူရော မြန်မာပြည်ရဲ့ အပြောင်းအလဲအတွက် ဘယ်လောက် ပါဝင် လုပ်ဆောင်ပေးဖူးပါသလဲလို့၊´ ဆိုတဲ့မေးခွန်းဟာ ပြဿနာ၇ှာတဲ့မေးခွန်းဖြစ်ပါတယ်။ ပြန် withdraw လုပ်ဖို့တောင်းဆိုပါတယ်။

Daly said...

ကိုနေညို ၇ဲ့ အယူအဆ တင်ပြချက်တွေဟာ ကျိုးကြောင်းဆီလျော်ပါတယ်။ လုပ်နိုင်တဲ့သူတွေလုပ်လျင် ထောက်ခံပါတယ်။

ကဒေါင်းသစ် said...

စီးပွားရေး သဘောတရား နားမလည်ခြင်း၊ အာဏာနှင့် လက်နက်ပေါ်မှာ မှီခိုလွန်းခြင်း၊ တချိန်တည်းမှာပင် ရရှိသော စည်းစိမ်ပေါ်မှာ သာယာယစ်မှုး၍ သြဇာခံများနှင့် ဝေမျှ စားသောာက်ခြင်း၊ တပြိုင်နက်မှာပင် အတူတူလိုက်၍ ကိုးဆယ့်ကိုး ရာခိုင်နှုန်းသော ပြည်သူတို့ ဆင်းရဲငတ်ပြတ်လာခြင်းကြောင်း လည်းကောင်း၊ လောက၏ နိယာမအရ တဖက်စွန်းကို နင်းလွန်းအားကြီးလျှင် တခြားတဖက်က ထောင်ထလာသော သဘောတရားကြောင်းလည်းကောင်း၊ ဖိလွန်းအားကြီးလျှင် ရုန်းကန်ကြွတတ်လာသော လူ့ဗီဇစိတ်ကြောင့်လည်းကောင်း၊ အချိန်တစ်ခုရောက်လျှင် ရုန်းရင်းကန်ရင်း လမ်းပေါက်ရှာရင်း၊ အကြောင်းစုံမှတ်ရောက်လာချိန်မှာ အလိုလိုပြိုကျ ပျက်စီးသွားလိမ့်မှာပါ။ ယခုအချိန်မှာ စုံမှတ်ရောက်ရန် လိုအပ်သောအကြောင်းများ အနည်းငယ်သာရှိတော့သည်။ သပွတ်အူအစိုးရဖို့ ယခုအချိန်အခြေအနေကို ပြန်လည်ထိန်းသိမ်းရန် ဥပမာအားဖြင့် တပြည်လုံး ယိုယွင်းနေသော စီးပွားရေး သဘောတရားကို ပြုပြင်ရန် အချိန်နှောင်းခဲ့ပြီ။ တစ်ခုတည်းသော ထွက်ပေါက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ (မသေခင်လေး) လိုအပ်သော ပြည်တွင်းပြည်ပ နိုင်ငံပြုလူအပေါင်းနှင့် လူသိရှင်ကြား မှန်မှန်ကန်ကန် ဆွေးနွေးမှသာလျှင် ယခုအစိုးရဖို့ အသေလှ အနေလှမည်။
နူရာဝဲဆွဲ လဲရာသူခိုးထောင် ကိစ္စများဖြစ်သော သဘာဝဘေးကိစ္စများ၊ ရေကြီးမိုးခေါင်ကိစ္စများလည်း မကြာခဏလာတော့မှာ။ ကမ္ဘာကြီး ပူနွေးနေပြီ။ ၂၀၀၇ ပူ ၂၀၀၈ ပိုပူ၊ ၂၀၀၉ အလွန်ပူ၊ ရှေ့လျှောက် သဘာဝ ပိုဆိုးမှာ။

ကဒေါင်းသစ် said...

ဗိုလ်ချုပ်ကို ချကျွေးပြီးမှ ၄၈လွတ်လပ်ရေးခဲ့သလို၊ ဒေါ်စုကို ချကျွေးပြီးမှ လိုချင်တဲ့ ပန်းတိုင်းမျိုးရ ရမယ့် အဖြစ်မျိုး ဖြစ်လာမှာကို စိုးရိမ်မိတယ်။

ခင်မင်းဇော် said...

ကျမအနေနဲ့ မေငြိမ်းးကို ဒီစာရေးသူ မေးပြီးမှ ဒီကောမန့်ကို ရေးလိုက်တာဖြစ်ပါတယ်၊ ကျမတို့သာ သိတဲ့သူမို့ ဒီစာနဲ့ ပတ်သတ်လို့ သူ့ကို ဒီလိုပြောတာ သူစိတ်ဆိုးမယ် မထင်ပါ၊ ဘာ့ကြောင့်ဆိုတော့ .......
ကျမက မောက်မာတဲ့စိတ်နဲ့ ပြောခြင်းမဟုတ်ပဲ...
သူ့ကို လက်တွေ့ပါဝင်စေချင်စိတ်နဲ့ ပြောပြတာပါ။
မေငြိမ်းရော စာရေးသူ ကျမသူငယ်ချင်းရော သိပါတယ်လို့ပဲ ဖြေရှင်းပြချင်တယ်။