Sep 4, 2007

အမှတ်တရ လွမ်းစာ

ရှစ်လေးလုံး အရေးတော်ပုံကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေ ပြန်အဖွင့် ၁၉၉၁-၉၂ မှာ… မတရားတဲ့ အမိန့် အာဏာတွေကြောင့် ကျမတို့ တက္ကသိုလ်က ဆရာတွေ ကျောင်းတာဝန် ဆိုတာတွေထဲမှာ သိပ်ပင်ပန်း ဆင်းရဲ ခဲ့ရဖူးပါတယ်။ ကျောင်းမှာ စာသင်ချိန်..အပြင် လုံခြုံရေးဂျူတီတွေ စောင့်ရ..။ တနေ့ကို ကျောင်းမှာ ၁၂နာရီ စာလောက် နေ့တိုင်းနေနေရ။ အဲဒီတုန်းက ကျမသားကြီးက လသားလေး..။ လသား ကလေးလေးခမျာ မိခင်နို့ ကိုမှ ၀အောင် မစို့ရ။ (အဲဒီတုန်းက လူတိုင်းပြောတဲ့စကားကတော့ ပညာတတ်တွေကို စစ်အစိုးရက လက်စား ချေတဲ့ အနေနဲ့ နည်းအမျိုးမျိုးသုံးပြီး နှိပ်စက်နေတာတဲ့။)

တကယ်တော့ ကလေးတယောက်ရဲ့ ပထမ၅နှစ်တာဟာ မိဘနဲ့ အတူရှိနေသင့်တဲ့ အရေးကြီးဆုံး အသက် အပိုင်းအခြားပါ။ အဲဒီ အရွယ်မှာ နွေးထွေး လှိုက်လှဲတဲ့ မိဘ ရင်ငွေ့နဲ့ ကြီးပြင်းရတဲ့ကလေးဟာ ဘ၀မှာ တလျှောက်လုံး မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ ကလေးအဖြစ် ကြီးပြင်းရတယ်လို့ စိတ်ပညာရှင်တွေက ဆိုထား ပါတယ်။ ပြီးတော့ မိဘတွေ အတွက်လည်း အဲဒီ ကာလလေးမှာ ကလေးနဲ့ များများ နေပြီး ကိုယ့်ကလေးကို နူးညံ့သိမ်မွေ့အောင်.. လိမ်မာယဉ်ကျေးအောင်.. ပတ်ဝန်းကျင်ကို ချစ်ခင် ကြင်နာတတ် အောင် .. ပြောပြခွင့်ရဖို့ အရေးကြီးတဲ့ အချိန်တွေ ဖြစ်ပါတယ်။

ခုတော့ ကိုဂျင်မီနဲ့ နီလာသိန်းတို့ ခမျာ.. ဘယ်လောက် ကြေကွဲ နာကျင်လိုက်ကြမလဲ..။
ကျမတုန်းက အချိန်တန် အိမ်ပြန်ရောက်ရင် တွေ့ရမယ်လို့ သေချာတဲ့ သား အခါလည်ကျော်ကို အိမ်မှာ ထားခဲ့ရရုံနဲ့တောင် ဘယ်လောက်ခံစားခဲ့ရသလဲ..။ ခု ကိုဂျင်မီနဲ့ နီလာသိန်းတို့ ခမျာမှာတော့ သူတို့ သမီး ကလေး ကို ..ဘယ်လောက်ကြာကြာ.. ခွဲထားရမယ်မှန်း မသိတဲ့ အခြေအနေမျိုး ရောက်နေရတဲ့အပြင် သေမင်းနဲ့ စီးချင်းထိုးနေရသလို လူမဆန်တဲ့ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်နေကြရတာပါ။

ဒါကြောင့်ပဲ သူတို့ကို သတိရနေရင်း .. သားသမီးအပေါ် ထားတဲ့ မိခင်တယောက်ရဲ့ စိတ်ခံစားရမှုကို ကိုယ်ချင်းစာတဲ့ အနေနဲ့ ကျမရဲ့ ၀တ္ထုတိုလေးကို တင်ပေးလိုက်ပါတယ်။

လွမ်းစာ


(ဒီက ပါ)

မော်ကြည့်နေတဲ့ သားရဲ့ မျက်လုံးတွေက အရောင် တလက်လက် တောက်လို့။ သားမျက်လုံးတွေထဲက ဘာသာ စကားကို ဖတ်ကြည့်တော့ ‘မေမေ သားကို ချစ်ရဲ့လား’ ဆိုတဲ့ အဓိပ္ပါယ်ကို ကျမ တွေ့တယ် ။ တကယ်တော့ ဒီအခြေအနေဟာ ရိုးသွား သင့်ပါပြီ။ ဒါပေမဲ့ စိတ်အားကြီးတဲ့ သားကြောင့်ပဲလား။ (ဒါမှမဟုတ်) ကျမရဲ့ စွဲတဲ့ စိတ်ကြောင့်ပဲလား တော့ မသိ။ အဲဒီ အခြေအနေ အဖြစ်အပျက်ဟာ ခုထိ ကျမနဲ့ သားကြားမှာ ဆန်းသစ် နေဆဲ ဆိုတာပါပဲ။

+++++

အဲဒီ အဖြစ်အပျက်ကလေးဟာ နံနက်ခြောက်နာရီခွဲတိတိမှာ ဖြစ်ပျက်လေ့ ရှိပါတယ်။ အဲဒီ ခြောက်နာရီခွဲဟာ ကျမ အလုပ်ခွင် ၀င်ဖို့ အိမ်က စထွက်ရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ကျမအ၀တ်လဲပြီး ပခုံးသိုင်းအိတ်လွယ်ပြီး ဆွဲခြင်းဆွဲလိုက်တာနဲ့ တပြိုင်နက် ကျမ အမြဲတမ်း စိတ်ထိခိုက်ရတဲ့ အခြေအနေကို ရင်ဆိုင်ရတော့တာပါပဲ။ သားက သူ့ရဲ့ မော်တော်ကားတွေနဲ့ ဆော့နေရာကနေ အိမ်တံခါးပေါက်မှာ ရပ်လိုက်တဲ့ ကျမကို လှမ်းကြည့်မယ်။ ပြီးတော့ ဗြုန်းကနဲ ထ၊ တောက်တောက် တောက်တောက် နဲ့ လျှောက် လာ။ နောက် ကျမရှေ့မှာ စုံရပ်။ အမေကို မော်ကြည့်။ ကျမက ’သားဖို့ မေမေ မုန့် သွားဝယ်တော့မှာနော်’ လို့ ပြော။ အဲဒီအခါ… သားရဲ့ အဲသည် ‘မေမေသားကိုချစ်ရဲ့လား’ ဆိုတဲ့ မျက်လုံးမျိုးတွေကို ကျမ နှလုံးသား အလဲလဲ အပြိုပြိုနဲ့ ရင်ဆိုင်ရတော့ပါပဲ။ အဲဒါဟာ နေ့တိုင်းရင်ဆိုင်ရတဲ့ ကျမရဲ့ စိတ်ဝေဒနာတစ်ခု ပါပဲ။

+++++

သားက တစ်နှစ်သားကျော်ကျော်လေးသာ ရှိသေးပေမဲ့ အံ့သြစရာကောင်းလောက်အောင် ခံစားမှုကို သိတတ် ပြီ်။ သားဟာ တစ်နှစ်သားမှာပဲ အရွယ်နဲ့ မမျှအောင် သွက်လက်စွာ စကားစ ပြောတတ် နေခဲ့ပါတယ်။ အဲဒီတုန်း ကတည်းက သားက အမေကို ‘မေမေ’ ဆိုတာလောက်နဲ့ မတင်းတိမ်ဘဲ အမေကိုခေါ်တဲ့ အခါ ’မေမေရေ’လို့ တမ်းတမ်းတတ ခေါ်တတ်ခဲ့သူ မဟုတ်လား။

ပြီးတော့၊ သားက ခြောက်လသားအရွယ်ကတည်းမှာကတည်းက သီချင်း ကဗျာ အကနဲ့ လှုပ်ရှားမှုတွေကို အာရုံခံစားတတ်နေပြီ။ အဲဒီအခါ သူ့အမေ ကျမဟာ သားကို အဆိုတော် ပြီးတော့ တေးရေးသူဖြစ်ရင် သိပ်ကောင်းမှာပဲလို့ ရည်ရွယ်မိခဲ့ဖူးသေးတာ။ အဲဒီတုန်းကတော့ သားကလေးရဲ့ အနာဂတ်နဲ့ ပတ်သက်ရင် ကံကောင်းမှာလို့လည်း ကိုယ့်ဘာသာကိုယ် မဲပေး မိပြန် တယ်။ ဘာလို့လဲဆို၊ သားကလေးရဲ့အမေက သီချင်းတွေကို တန်ဖိုးထားသူ၊ ပြီးတော့ အဆိုပညာရှင်တွေကို မြတ်နိုးသူလေ။

သားက အမေရဲ့ စာအုပ်တွေကို ကောက်လှန်ရင်း မျက်မှောင်ကြီး ကြုတ်လိုက်ပြီး စာဖတ်ဟန် လုပ်တဲ့အခါမှာ လည်း အမေလုပ်သူက ကြံဖန်(ကြောင်တောင်နိုင်စွာ) သဘော ကျသေးရဲ့။ သားက အဖေနဲ့အမေကို တူစွာ စာဖတ် ၀ါသနာ ပါမယ့် ကလေး ဆိုပြီးတော့ပေါ့။ အဲ့ဒီ သားရဲ့အမေ ကျမက မကြာခဏလည်း စိတ်ကူး ယဉ် ခဲ့ဖူး သေးတာ။

သားကို အနီးကပ် ဂရုတစိုက် ထိန်းကျောင်းရင်း အမေနဲ့သားဟာ မောင်နှမလို၊ သူငယ်ချင်း လို၊ သားအဖ လို၊ ရဲဘော်ရဲဘက် လို ချစ်ခင်ရမယ်လို့။ အဲဒီအခါ အမေဟာ သူ့ရဲ့ သံယောဇဉ်ထားရမယ့် တပည့်တွေထဲက သူချစ်တဲ့ စရိုက်တွေ သားဆီမှာ ထည့်ပေးရမယ် လို့လည်း စဉ်းစားမိပြန်တယ်။ သားရဲ့အမေဟာ တက္ကသိုလ် ကျောင်းသားကြီးတွေရဲ့ ဆရာမလည်း ဖြစ်တာကိုး။ အဲဒီဘ၀ကိုလည်း သူက တိတ်တိတ်လေး ဂုဏ်ယူတတ်ပြန် တယ်။ ကျောင်းဆရာ သားသမီး၊ အနုပညာချစ်တတ်သူတွေရဲ့ သားသမီးဟာ လောကမှာ ချစ်စရာ အကောင်း ဆုံး လို့လည်း အဲဒီအမေက အတ္တနဲ့ ကြွေးကြော်တတ်ပြန်သေးတယ်။

+++++

‘လောကမှာ နေပျော်စရာအကောင်းဆုံးဘ၀ဟာ အနုပညာနဲ့ ပတ်သက်နေရတဲ့ ဘ၀ပဲ’ လို့ အမေက ပြောတဲ့အခါ သားအဖေကတော့ သိပ် သဘောမတူချင်လှပါ။ ဒါပေမဲ့ အမေကတော့ ကိုယ့်အယူအဆကို အခိုင်အမာ ကိုင်ဆောင်မြဲ။ ရှားရှားပါးပါး သားနဲ့နေရသမျှ အချိန်တွေမှာ အမေက သားနဲ့ကစားရင်း သီချင်းတွေကို ဖွင့် ဖွင့် ထားတယ်။ ခုဆို၊ သားကို ‘သားရေ့ အမေ ဘာသီချင်းဖွင့်ရမလဲ’လို့ တမင်တကာ မေးလိုက်တဲ့အခါ သားက ‘အိအိ’လို့ ဖြေရင် အမေက သဘောကျတယ်။ နောက်တော့၊ သားက မျိုးကျော့မြိုင်ရဲ့ သီချင်းတွေကို ကြိုက်တတ်လာတော့လည်း အမေက သားကို အမေနဲ့ တူလိုက်တာ။ အမေလို ခံစားတတ်ပြီ ဆိုပြီး ပျော်ရပြန်ရော။

စဉ်းစားကြည့်ရင်တော့၊ သားနဲ့ နေရတဲ့ဘ၀ဟာ ချိုမြိန်စရာချည်းပါပဲ။ သားက ပန်းချီကားတွေကိုလည်း ကြိုက်တတ်တယ်။ ဘယ်လောက် ကျေနပ်စရာ ကောင်းသလဲ။ အမေ့သားဟာ နူးညံ့သိမ်မွေ့အေးချမ်းတဲ့ လူ တစ်ယောက်အဖြစ် ကြီးပြင်းသွားနိုင်လောက်ပြီလို့ မျှော်လင့်လို့ရပြီ မဟုတ်လား။ သားနဲ့ ပတ်သက်သမျှ စိတ်နှလုံး နူးညံ့ချင်စရာ အကောင်းဆုံးကတော့ သားရဲ့ အနမ်းပဲလို့ ကျမထင်တယ်။ သားက အမေကို မျက်နှာမှာ နေရာမလပ်အောင် နမ်းတတ်တာ တစ်နှစ်သားကတည်းကပဲ။ ပြီးတော့၊ သားရဲ့ အနမ်းက သိပ်ကို လှိုက်လှိုက် လှဲလှဲ။ ပန်းတစ်ပွင့်ရဲ့ ရနံ့ကို ဖိနှစ် ရှူရှိုက်သလို သိပ်ကို ခင်တွယ်စရာ ကောင်းတာပါ။

အဲဒီ သားက၊ အမေ့ရဲ့ အအိပ်ကို အနမ်းတွေနဲ့ နှိုးတတ်သူလည်း ဖြစ်ပါတယ်။ အဖေက ငေါက်လိုက်ရင် မျက်နှာငယ်လေးနဲ့ လှမ်းကြည့်တတ်တဲ့သားဟာ မယုံနိုင်စရာ ကောင်းလောက်အောင် မျက်လုံးတွေနဲ့ စကားပြောတတ်သူ ဖြစ်တဲ့အခါ ကျမဟာ ‘သားဟာ အမေ့ရဲ့ နှလုံးသားပဲ’လို့ သားကို ပွေ့ဖက်ရင်း မကြာခဏ ရေရွတ် ပြောဆိုမိတော့တယ်။ တကယ်လည်း သားဟာ ဘုရားရှင်က ကျမ စိတ်တိုင်းကျ ဖန်ဆင်းပေးခဲ့တဲ့ အသက် သွေးခဲပါပဲ။

ဒါပေမဲ့၊ အဲဒီ သားကလေးက ကျမကို ‘မေမေ သားကို ချစ်ရဲ့လား’ ဆိုတဲ့ အကြည့်တွေနဲ့ ကြည့်လာတဲ့ အခါမှာတော့ ကျမဟာ ကျမရဲ့ သားနဲ့ ပတ်သက်တဲ့ လုပ်ရပ်တွေ… ဆုံးဖြတ်ချက်တွေ.. မှားသလား မှန်သလား ဆိုတာကိုတောင် မတွေးရဲ လောက်အောင် ကြောက်တတ်လာရပြန်တော့တယ်။

+++++

ကျောင်းဆရာမတစ်ယောက်ရဲ့ တာဝန်ကို နံနက်ခုနစ်နာရီကနေ ညနေငါးနာရီအထိ ယူထားရတဲ့ သားအမေ ကျမဟာ ငါးနာရီ နောက်ပိုင်းကျပြန်တော့ ဘ၀ရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းဖို့ ပညာဈေးသည် လုပ်ရ ပြန်ရော။ ကိုယ်အလေးချိန် ပေါင်ကိုးဆယ် ထက် ဘယ်တော့မှ မကျော်တဲ့အမေဟာ တစ်နေ့ကို ဆယ့်လေးနာရီ နီးပါး အလုပ်လုပ် ရတာ တကယ်တော့ မနိုင်ဝန်ကို ထမ်းရတာပဲ။ ဒါပေမဲ့ အဲဒါ အားလုံးဟာ ‘သားရွှေအိုး ထမ်းလာတာမြင်ရဖို့’ ပဲ မဟုတ်လား။

သားအတွက် လိုအပ်သမျှ အာဟာရရယ်၊ အ၀တ်အထည်ရယ်အတွက် တစ်လကို ငွေ နှစ်ထောင်လောက် သုံးနိုင်ဖို့၊ ဆေးဖိုးဝါးခ တစ်လကို တစ်ထောင်လောက် သုံးနိုင်ဖို့၊ အမေတို့ မိသားစုရဲ့ စားဝတ်နေမှု စရိတ်အတွက် တစ်လငွေနှစ်ထောင်လောက် သုံးနိုင်ဖို့။ အဲဒီ ငွေကြေးတွေအတွက် အဖေနဲ့အမေဟာ အချိန်တွေကို ပင်ပင်ပန်းပန်း ဖြတ်ကျော် နေကြရတာ။ တွေးကြည့်ရုံနဲ့တောင် မောစရာချည်းနော်။ စဉ်းစားကြည့်နော်.. သားရယ်၊ အသက်သုံးဆယ်တောင် မပြည့်သေးတဲ့ အမေတို့မှာ တစ်လကို ငွေခြောက်ထောင် လောက် ရအောင် ရှာဖို့ ဆိုတာ ဘယ်လောက် ပင်ပန်း ဆင်းရဲ လိုက်ကြမလဲ လို့။ ဒါပေမဲ့ အဲဒီ အမောမှန်သမျှဟာ သားရဲ့ ထူးထူး ကဲကဲ သန်မာထွားကျိုင်းမှု၊ ဖွံ့ဖြိုး ကျန်းမာမှုတွေထဲမှာ ပျောက်သွားရတာပဲ။

အမေနဲ့ အဖေရဲ့ အိမ်ပြန်ချိန် ညကိုးနာရီဟာ သားရဲ့အိပ်ချိန် ရောက်ဖို့ တစ်နာရီကျော်ကျော် လောက်သာ လိုတော့တဲ့ အချိန်လည်း ဖြစ်တယ်။ သားကတော့ အဖေနဲ့အမေကို ခွင့်လွှတ်လို့ ပြုံးရွှင် ရယ်မော ကြိုတာပါပဲ။ အမေကို မွတ်မွတ်သိပ်သိပ် နမ်း။ အဖေကို တစိမ့်စိမ့် ကြည့်။ သားဟာ အသက်နဲ့မမျှအောင် ခံစားရတော့တယ်။ ပြီးတော့ သိသိသာသာ ပျော်ပြီး ခစ်ခစ်ပါအောင် ရယ်လို့။ ကိုယ့်ကိုယ်ကို လက်ညှိုးထိုးပြီး ‘ဖေဖေ့ ရဲ့ ချစ်ချစ်’ ‘မေမေ ရဲ့ ချစ်ချစ်’လို့လည်း ပြောတတ်သေးတယ်။ အမှန်အတိုင်း ပြောရရင် အမေကတော့ အဲဒီအချိန်မှာ သားရှေ့မှာ မျက်နှာပူနေမိတာပါ။ မေမေ့ရဲ့အချစ်ဆိုတာကို မေမေကိုယ်တိုင် နားမလည်တော့လို့ပေါ့ သားရယ်။ တကယ်တမ်း သားကိုချစ်တဲ့ အမေဟာ သားအနားမှာ ရင်အုပ်မကွာ ရှိနေမှာပဲလို့ သားတွေးတတ်မှာကို စိုးရိမ်လို့ပေါ့။

သားက အမေကို ပါးကလေး ကိုင်လိုက်၊ နမ်းလိုက်နဲ့ တနေကုန် ခွဲခဲ့ရသမျှ အတိုးချပြီး အနားကပ်နေတတ်ပြန်တယ်။ အမေကတော့ အဲဒီ အချိန်ကျမှပဲ သားကို ပို လွမ်းဆွတ်မိ လာတတ်တာ။ ပြီးတော့၊ အဲဒီအချိန်မှာပဲ အမြဲ စဉ်းစားမိတော့တာ။ ရင်သွေး တစ်ယောက်ရဲ့ အဓိက လိုအပ်ချက်ဟာ အမေနဲ့ နီးနီးကပ်ကပ် နေထိုင် ကြီးပြင်းရဖို့လား၊ သူ့ဘ၀ရဲ့ လူနေမှုစနစ်အရ ပြီးပြည့်စုံ ဖို့လားဆိုတဲ့ မေးခွန်းရဲ့ အဖြေကိုပေါ့။

+++++

အမေ တစ်ယောက်နဲ့ သားတစ်ယောက်ဟာ တစ်နေ့လုံးမှာ စုစုပေါင်း နှစ်နာရီသာ တွေ့ခွင့်ရတယ်ဆိုရင် အဲဒီ ကလေးရဲ့ဘ၀ ရှေ့ရေးမှာ မိသားစုစိတ်နဲ့ နွေးထွေး ဖေါ်ရွေ ကြီးပြင်း တတ်ပါ့မလား။ စိတ်ပြည့်စုံမှု ရပါ့မလား။ ရင်မှာ အနာတရများ ဖြစ်သွားမလား။ အဲဒီအခါ … နံနက်ခင်း ကျမအိမ်က ထွက်ခါနီးတိုင်း ကြည့်တတ်တဲ့ သားရဲ့ မျက်လုံးတွေမှာ အမေ ရဲ့ အချစ်ကို မယုံရဲတဲ့ အရိပ်မျိုးတွေ တွေ့ရတယ်ဆိုတဲ့ အတွေးက ကျမစိတ်ကို အခြောက်လှန့်နိုင်ဆုံး စိတ်ဝေဒနာ ဖြစ်လာတော့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာလည်း… သားရဲ့အမေကတော့ ‘သားကို ခွဲခွဲသွားရတာ သားရဲ့ ဘ၀အတွက်ပါကွယ်’ လို့ ခပ်တိုးတိုး ညည်းတွားရင်း နံနက်ခင်းတိုင်းမှာ မျက်ရည်မဲ့ ငိုရှိုက်ခြင်းတွေနဲ့ သားကို နမ်းရှုပ် ချန်ထားခဲ့ရပြီး ဘယ်လို ရုန်းထွက်ရမှန်း မသိတဲ့ ဘ၀နွံထဲကို ပုံမှန် ဆင်းသက်ရ ပြန်တာပါပဲ။

+++++

တစ်နေ့နေ့မှာတော့ …
အမေတစ်ယောက်ရဲ့ အချစ်ဆိုတာကို သားနားလည် လက်ခံအောင် ပြောပြနိုင်လိမ့်မယ်လို့ ကျမ မျှော်လင့်နေမိပါတယ်။

မေငြိမ်း
ရင်ခုန်ပွင့်မဂ္ဂဇင်း၊
၁၉၉၂၊နိုဝင်ဘာ။

No comments: