Oct 2, 2007

ဖြန့်ဝေခြင်း(၃၇)

အညတြပြည်သူတစ်ဦး၏အိတ်ဖွင့်ပေးစာ (အောက်တိုဘာ ၁၊ ၂၀၀၇)

လေးစားအပ်ပါသော မြန်မာနိုင်ငံ၏ဒီမိုကရေစီရရှိရေးအတွက် လက်နက်ကိုင်၊ လက်နက်မဲ့ နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်နေကြသည့် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ၊ ခေါင်းဆောင်များခင်ဗျား ......

မြန်မာနိုင်ငံ၏ ကောင်းကျိုးချမ်းသာကို လိုလားသော မြန်မာပြည်သူလူထု၏ ကိုယ်စား အညတရ မြန်မာ နိုင်ငံသားတစ်ဦးအနေဖြင့် အနည်းငယ်အကြံပြု ပြောကြားလိုပါသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ အတွင်းတွင် ဒီမိုကရေစီရရှိရေး၊ နိုင်ငံသားတိုင်း သာတူညီမျှ အခွင့်အရေးရရှိရေး၊ စစ်အစိုးရ၏ အုပ်ချုပ်ရေးဆုံးခန်းတိုင်စေရေးအတွက် နောက်ဆုံးနည်းလမ်းအဖြစ် လူထုတိုက်ပွဲအသွင်ဖြင့် လူထုနှင့် သံဃာ ပူးပေါင်းကာ စတင် တိုက်ပွဲဝင်နေကြပြီ ဖစ်ပါသည်။၊ ယခင့်ယခင် ကာလများဆီက လူထုတိုက်ပွဲ ဖြစ်မြောက်အောင် ပုံဖော်တော့မည်ဟု လွတ်မြောက်နယ်မြေရှိ NCUB, NLD(LA), FDB ကဲ့သို့သော ဦးဆောင်အဖွဲ့အစည်း များက တရားဝင် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်ကို ကြားသိ ဖတ်ရှုခဲ့ရပါ သည် ခင်ဗျား။

ထိုသို့ ကြေညာချက်များ၊ သတင်းထုတ်ပြန်ချက်များကို ဖတ်ရှုကြည့်ခဲ့ရာတွင် လူထုတိုက်ပွဲ ဖြစ်ပေါ်ဖို့ သည် ပြည်တွင်းက လူထုအပေါ်တွင် အဓိကမူတည်သည်ဟူသော အာဘော်မျိုးကို ဖတ်ရှုခဲ့ရပါ သည်။ ယခုအချိန်တွင် မြန်မာပြည်တွင်းကလူထုသည် သံဃာတော်များ၏ ဦးဆောင်မှုအောက်မှနေကာ လူထုတိုက်ပွဲ အသွင်မျိုးတိုက်ပွဲဝင်ခဲ့သည်မှာ ရက်သတ္တတစ်ပတ်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်ကို လူကြီးမင်း တို့ အသိပင်ဖြစ်ပါသည်။ ထိုအတောအတွင်း ကျဆုံးခဲ့ရသည့် ပြည်သူနှင့် သံဃာများစွာရှိနေသလို၊ လက်ရှိ အဖမ်းဆီးခံ၊ အနှိပ်စက်ခံနေရသည့် ပြည်သူလူထုနှင့် သံဃာများလည်း များစွာရှိနေပြီ ဖြစ်ပါသည်။

ထို့ကြောင့် ယခုအချိန်သည် ပြည်တွင်း၏အင်အားကိုသာမက ပြည်ပမှ လူကြီးမင်းတို့ကပါ ၀ိုင်းဝန်းပါဝင် လုပ်ဆောင်ကြရမည့်ကာလဟု ယူဆမိပါသည်။ ထို့အတွက်ကြောင့် လွတ်မြောက်နယ်မြေမှ အဖွဲ့အစည်း များ၊ ခေါင်းဆောင်များ၊ လက်နက်ကိုင်၊ လက်နက်မဲ့ တိုက်ပွဲဝင် နေကြသူများအနေနှင့် ပြည် တွင်းက လူထုကြီး၏ သတ္တိကို လေးစားသောအားဖြင့်လည်းကောင်း၊ အားပြုခြင်းအားဖြင့်လည်းကောင်း၊ ပြည်ပ လွတ်မြောက်နယ်မြေများမှနေ၍ နည်းလမ်းမျိုးစုံ အသုံးပြုကာ ပြည်တွင်းကို အထောက်အပံ့ပေးရန် အချိန်တန်ပြီဟု ယူဆမိပါသည်။ မြန်မာပြည်သူအားလုံး၏ ဘုံရန်သူ သာသနာဖျက် မင်းဆိုးမင်းယုတ် နအဖ စစ်အစိုးရအား ဘက်ပေါင်းစုံမှ ဖိအားပေးလုပ်ဆောင်သင့်ပြီဟုလည်း ထင်မှတ်မိပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ဦးစီးဦးဆောင် လုပ်ဆောင်နိုင်သူ အများစုမှာ နအဖမှ ဖမ်းဆီးထားသူများမှလွဲလျင် ပြည်ပတွင်သာ ရောက်ရှိနေကြပါသည်။ လူကြီးမင်းတို့အနေဖြင့် လူထု လိုက်ပါမှုကို တကူးတကစည်းရုံးစရာမလိုပဲ ယခုရရှိနေပြီဖြစ် သဖြင့် လွတ်မြောက်နယ်မြေ အသီးသီးမှ ယခု မြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသော နည်းဗျူဟာများချမှတ်ကာ စနစ်တကျ ဦးဆောင်မှု ပေးစေလိုပါသည်။ နိုင်ငံရေးဆိုသည်မှာ လူထုလိုက်ပါလာအောင် စနစ်တကျစည်းရုံးလုပ်ဆောင်နိုင်လျှင် အောင်ပွဲရသည်ချည်း ဖြစ် သည်ကို လူကြီးမင်းတို့ သိရှိပြီးဖြစ်ပါလိမ့်မည်။

လွတ်မြောက်နယ်မြေရှိ ခေါင်းဆောင်များက ဦးဆောင်မှုပေးလျှင် ပြည်တွင်းက ပြည်သူလူထုသည် လိုက်ပါဖို့ အဆင်သင့်ဖြစ်နေကြသည့် အနေအထားကို ရောက်ရှိမြင်တွေ့နေရပြီ ဖြစ်ပါသည်။ ထို့ကြောင့် လွတ်မြောက်နယ်မြေအသီးသီးရှိ ခေါင်းဆောင်များက ဦးဆောင်ဦးရွက်ပြုပြီး ခေါင်းဆောင်မှု လိုအပ် နေသည့် ပြည်တွင်းမှမြန်မာပြည်သူလူထုကို လမ်းညွှန်ပေးစေလိုပါသည်။

ခေါင်းဆောင်များအနေနှင့် ကြေညာချက်များထုတ်ပြန်ရုံ၊ သံရုံးများရှေ့တွင် ဆန္ဒပြ နေရုံမျှ နဲ့ကျေနပ်မနေကြစေလိုပဲ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး၊ ပြည်သူလူထုလိုလားသော ပြည်ထောင် စု စစ်စစ် တည်ထောင်ရေးကို ပြည်တွင်းမှ မြန်မာပြည်သူလူထုနှင့် ပူးပေါင်း လုပ်ဆောင် သင့်သည့်အချိန် ကျရောက်နေပြီ ဖြစ်ကြောင်း သတိထားမိစေလိုပါသည်။

၂၀၀၇၊ စက်တင်ဘာတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရသော သံဃာတော်များနှင့် ပြည်သူလူထု အာဇာနည် များကို လေးစား အသိအမှတ်ပြုသောအားဖြင့်သော်လည်းကောင်း၊ ပေါ်ပေါက်လာသော နိုင်ငံရေး အခြေအနေ အခွင့်ကောင်းကို အမိအရ ဆုပ်ကိုင်သင့်သည်ကို သတိပြုစေချင်သောကြောင့်လည်းကောင်း၊ ဤအိတ်ဖွင့်ပေးစာကို ရေးသားရခြင်း ဖြစ်ပါတယ်။

အမိနိုင်ငံတော်အကျိုးကိုလိုလားသူ
ရွှေဘိုသား(အညတြပြည်သူတစ်ဦး)

No comments: