Oct 2, 2007

ဖြန့်ဝေခြင်း(၃၉)

အောင်ခြင်းကိုးပါး ဖြစ်စေချင်

မြတ်စွာဗုဒ္ဓရဲ့ မေတ္တာတရားဖြင့် အောင်ခြင်း (၈) ပါး ကို အားလုံးသိကြမှာပါ။ ဒီနေ့ ဗုဒ္ဓရဲ့သားတော် ရဟန်း သံဃာတွေနဲ့ မြန်မာပြည်သူတွေဟာ မေတ္တာလက်နက်နဲ့ အကြမ်းမဖက်ဘဲ အာဏာရူးစစ်အုပ်စုကို တိုက်ပွဲဝင် နေကြပါတယ်။ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လွန်းလို့ သာမန်အခြေအနေမှာတောင် ထမင်းနပ်မှန်ဖို့ မနည်း ရှာဖွေ နေရတဲ့ မြန်မာပြည်သူတွေ၊ ရဟန်းရှင်လူတွေ ခုလို ခေတ်ပျက်၊မြို့ပျက် အခြေအနေမှာ ဘယ်လိုများ စားသောက် နေကြရမလဲ... မစဉ်းစားတတ်အောင်ပါပဲ။ ဒါပေမဲ့ အဲသည်လို အိမ်ပြန်သွားရင် စားဖို့ မရှိတဲ့ကြား ကပဲ လူထုဟာ စည်းကမ်းတကျ တိုက်ပွဲဝင်နေကြပါတယ်။ ဘယ်ဆိုင်ကို လုတယ် ဘယ်နေရာမှာ ယက်တယ် ဆိုတာ မကြားရပါဘူး။ တိုက်ပွဲဝင်သူု အားလုံးဟာ နိုင်ငံရေး အတွေးအခေါ်ရော အတွေ့အကြုံပါ ပြည့်ဝနေကြရုံ သာမက တိုင်းပြည်အပေါ် မနာစေချင်တဲ့စေတနာ အပြည့်အ၀ရှိတာ သိသာလှပါတယ်။ မြန်မာလူထုရဲ့ အကြမ်းမဖက် ငြိမ်းချမ်းတဲ့ တိုက်ပွဲ အောင်မြင်စေချင်ပါတယ်။ အောင်ခြင်းကိုးပါး ဖြစ်စေချင်ပါတယ်။

သည်နေရာမှာ မြတ်စွာဘုရားရဲ့ အောင်ခြင်းရှစ်ပါးကို ပြန် သုံးသပ်ကြည့်မိပါတယ်။ ဗုဒ္ဓဟာ မေတ္တာကို အခြေခံ ထားသော်လည်း တဘက်လူ(ရန်သူ)ရဲ့ အခြေအနေကိုကြည့်ပြီး သင့်တော်တဲ့ နည်းဗျူဟာတွေ သုံးပြီး အောင်ခဲ့ တာပါ။ အားလုံးကို မေတ္တာသက်သက်နဲ့သာ အောင်တော်မူခဲ့တာ မဟုတ်ပါဘူး။

အောင်ခြင်းပထမမှာ မြတ်စွာ ဘုရားရဲ့ ဘုရား ဖြစ်တော်မူခြင်းကို မနာလိုတဲ့ မာန်နတ်နဲ့ နောက်လိုက် စစ်သည် တွေဟာ မြတ်စွာဘုရားကို နည်းမျိုးစုံခြောက်လှန့် နှိပ်စက်ပါတယ်။ မြတ်စွာဘုရားက မတုန်မလှုပ် မကြောက်မရွံ့ဘဲ မေတ္တာလက်နက်ကို ကိုင်စွဲပြီး သစ္စာ ဆိုပါတယ်။ သည်အခါမှာ ပြင်ပအကူအညီဖြစ်တဲ့ ၀သုနြေ္ဒနတ်သမီးရဲ့ အစွမ်းနဲ့ မာန်နတ်နဲ့နတ်စစ်သည်တွေ ရေမှာမျောပြီး ရှုံးနိမ့်ကုန်ကြပါတယ်။ မာန်နတ်နဲ့ နောက်ပါ စစ်သားတွေဟာ မြတ်စွာဘုရားရဲ့ မေတ္တာတရားမှာ နောင်တရပြီး မြတ်စွာဘုရားကို ဒူးထောက် တောင်းပန်ကြတယ်လို့ မကြားဖူးခဲ့ပါဘူး။

နောက် အောင်ခြင်းတပါးဖြစ်တဲ့ အာဠာဝက ဘီလူးကြီးကို အောင်တော်မူခန်းမှာလည်း မြတ်စွာဘုရားဟာ ဒေါသ ကြီးလှတဲ့ ဘီလူးကြီးကို ပြောက်ကျားနည်း သုံးပြီး အောင်တော်မူခဲ့ပါတယ်။ ဘီလူးကြီးရဲ့ နေရာမှာ ခေတ္တ ခဏ စံမြန်းနေတဲ့ မြတ်စွာဘုရားကို ဘီလူးကြီးက အကြမ်းဖက် အင်အားသုံးပြီး မောင်းထုတ်ပါတယ်။ ဗုဒ္ဓက တန်ခိုး နဲ့ ဟိုနေရာက ပေါ်လာလိုက် သည်နေရာက ပေါ်လာလိုက်နဲ့ နောက်ဆုံးမှာ ဘီလူးကြီးမောပြီး မြတ်စွာဘုရားရဲ့ရှေ့မှောက် ဒူးထောက်ရပါတော့တယ်။ သည်တော့မှ မြတ်စွာဘုရားက မေတ္တာနဲ့ တရားဟော တော်မူပါတယ်။

အောင်ခြင်းနံပါတ်(၈) မှာ လည်း သူ့ကိုသူ စွမ်းအားကြီးလှတယ်လို့ ဘ၀င်မြင့်ပြီး မြင့်မိုရ်တောင်ကို ကိုယ်နဲ့ ရစ်ပတ် အပိုင်စီးထားတဲ့ နန္ဒောပနန္ဒနဂါးကြီး ကို ဆုံးမဖို့ မြတ်စွာဘုရားဟာ သူ့ရဲ့ လက်ဝဲရံ တန်ခိုးအရာမှာ ထူးချွန်ဆုံးဖြစ်တဲ့ ရှင်မဟာမောဂ္ဂလာန်ကို တာဝန် ပေးခဲ့ပါတယ်။ ရှင်မဟာမောဂ္ဂလာန်က နဂါးဆိုးကြီးထက် (၂) ဆကြီးတဲ့ နဂါးကြီး တကောင်အဖြစ် ဖန်ဆင်းပြီး တောင်ကို ရစ်ပတ်ထားတဲ့ နဂါးဆိုးကြီးကို ထပ်မံရစ်ပတ် ဖိညှစ်ပြတော့ မှ နဂါးဆိုးကြီးလည်း မာန်စွယ်ကျိုးသွားခဲ့ပါတော့တယ်။

သည်နေ့ မြန်မာပြည်သူတွေရဲ့တိုက်ပွဲမှာလည်း မြတ်စွာဘုရားကျင့်သုံးခဲ့သလိုပဲ မေတ္တာတရားကို အခြေခံလို့ ရန်သူရဲ့ အခြေအနေ တုံ့ပြန် သဘောထားတွေ ကို သုံးသပ်ပြီး သင့်တော်တဲ့ နည်းဗျူဟာတွေ သုံးနိုင်ခြင်းဖြင့် အောင်ခြင်းကိုးပါး ဖြစ်စေချင်ပါတယ်။ ပြည်တွင်းပြည်ပ အားလုံးက သင့်တော်မယ့် နည်းလမ်းတွေနဲ့ ၀ိုင်းဝန်း တိုက်ပွဲဝင်လို့ မတရားမှုကို တရားမှုဖြင့် မုချ အနိုင်ယူနိုင်မှာပါ။

Mr.Balance ဆီက ယူလာတာပါ။

No comments: