ဗျာဒိတ်
လူရည်ချွန်နို့မှုန့်ဗူးနဲ့ စခဲ့ရတဲ့ ဘ၀တွေပေါ့
ကျနော့် ပါးစပ်က စညှော်တာဗျ
အဲဒီလိုလည်း မဆိုလိုပါဘူး
စကြ်ာတံဆိပ် အလံတော်က
ညှော်တယ်
ခံတွင်းပျက်ရင်း မိုးစင်စင်လင်းခဲ့
ကိုယ်ကျင်းကိုယ်တူးပြီး
မိုးစုံးစုံးချုပ်ခဲ့
မဟာရန်ကုန်မြို့ကြီးကတော့
ရင်ဘတ်ကြယ်သီးတွေပြုတ်ထွက်လို့
အခေါင်းထဲမှာ အလောင်းမရှိတော့
နာတာရှည်တယ်
ကမ္ဘာမကြေသီချင်းကို ဘာသိဘာသာ ဆိုမိတယ်
ရိုးတွင်းချဉ်ဆီထိအောင် လောင်ရဲ့
ဆောင်းကြမ်းမွှန်းတဲ့ဓားချက်တွေအောက်မှာ
အဖေ့လက်နဲ့ မွှေးတဲ့ ဆောင်းမီးပုံလေး
ငါ့ကိုပြန်ပေး..
အမေ့ပုခက်ထဲက သားချော့တေးတွေ
ငါ့ကိုပြန်ပေး..
အဖြူအစိမ်းဝတ်စုံနဲ့
ကမ္ဘောဇလွယ်အိတ်ကလေးကိုလည်း
ငါ့ကိုပြန်ပေး..
ဘာဆိုဘာမှ ပြန်ပေးမနေပါနဲ့တော့
ဟောဟို့ တောင်စွယ်မှာ
တို့အမုန်းနဲ့ နေလုံး လုံးလုံးကွယ်ရမယ်။ ။
(၂၄၊ ဒီဇင်ဘာ၊ ၂၀၀၆)
1 comment:
ကိုသစ်ကောင်းအိမ်ရယ်။
ကဗျာတွေက ကောင်းလှချည်လား။ ထိလှချည့်။
ကျနော်လည်း ကဗျာတွေဖတ်ပြီး ရေးဖို့အားယူသွားတယ်။
Post a Comment