Nov 22, 2007

ကလေးတွေအတွက် ကစားခွင့်

ပြီးခဲ့တဲ့ တပတ်မှာတုန်းက ညအိပ်ခရီးတိုလေးတခုကို ကျမမိသားစုမပါဘဲ အလုပ်ကိစ္စနဲ့ ၅ရက်လောက် သွားခဲ့ရ ပါတယ်။ အိမ်မှာတော့ ကလေးတွေအဖေခမျာ သားသမီး နှစ်ယောက် နဲ့ ပတ်ချာလည်ပေါ့။ ကျမက အဲလို မကြာခဏ သွားရတော့ ကလေးတွေအဖေမှာလည်း မကြာခဏ ပတ်ချာလည်ပေါ့။ သမီးက အသက် ၈နှစ်ကျော်ပြီမို့ နည်းနည်းလက်လွှတ်လို့ ရပေမဲ့၊ သားငယ်လေးကတော့ ၄နှစ်သားသာ ရှိသေးတာမို့ ဝေယျာဝစ္စ တွေကို အသေးစိတ် လိုက်လုပ်ပေးနေရတုန်းပါ။ တော်သေးတာက အဲဒီရက်တွေမှာ ကလေးတွေအဖေက လည်း အလုပ်သွားစရာမလိုတဲ့ ရက်တွေ ဖြစ်နေလို့ပါပဲ။

ဒီတော့ ကျမ မရှိတဲ့ အဲဒီရက်တွေထဲမှာ တနေ့တနေ့... ကလေးတွေ အဖေခမျာ ကလေးတွေကို မနက် ရှစ်နာရီ မှာ ကျောင်းပို့ပြီးတာနဲ့ အိမ်သန့်ရှင်းရေး လုပ်၊ ထမင်းဟင်းချက်၊ အ၀တ်လျှော်၊ မီးပူတိုက်၊ နေ့လယ်ခင်း တခဏ နား။ ညနေ၄နာရီ ကျတော့ ကျောင်းကြို။

ဟော… အဲဒီ အိမ့်ဆွဲလည်းဆိုသူလေးတွေများ အိမ်ပြန်ရောက်လာပြီဆိုလို့ကတော့… ကစားစရာ အရုပ်လုတဲ့ ပြဿနာ၊ ရောင်စုံခဲတံလုတဲ့ ပြဿနာ၊ ဂိမ်းဆော့ဖို့ ကွန်ပျူတာလုတဲ့ ပြဿနာ၊ ရုပ်ရှင်လုကြည့်တဲ့ ပြဿနာ (သမီးက Barbie ကြည့်မယ်.. သားက Tom & Jerry ကြည့်မယ်) တွေပေါ့…။ ရှင်းပေတော့.. တညနေလုံး..။ ပြဿနာလေးတွေရော.. ဖွတဲ့ အမှိုက်တွေ၊ ကစားစရာတွေရော..။

တခါတလေများ အလုပ်က ပင်ပန်း၊ သူတို့က ဆူညံ၊ စိတ်တွေတိုလာရော။ ဒီကြားထဲ အဖေ အမေ မသိအောင် ထိုင်းဘာသာစကားနဲ့ ရန်ကြိတ်ဖြစ်တာက ရှိသေး။ ဒါတောင် ၁၆နှစ်သားအကြီးကောင်ကြီးက အဝေးမှာ ဘော်ဒါကျောင်း သွားတက်နေပေလို့။ မဟုတ်လို့ကတော့ အပေါ်ထပ်သူ့အခန်းထဲက Punk သီချင်းသံတွေက အောက်ထပ်ထိ ညံလို့။ ကျမအလုပ်ကလည်း ခေါင်းသုံးရတဲ့အလုပ်၊ သူတို့အဖေအလုပ်ကလည်း အာရုံစိုက်ရတဲ့ အလုပ်။ အဲလိုနဲ့ တနေ့တနေ့ စိတ်ရော ကိုယ်ပါ အားရတယ်မရှိ။ ဒါပေမဲ့… အဲဒီ ဆူဆူညံညံအိမ်ကလေးနဲ့ ၅ရက်တပတ်လောက်ခွဲရပြီဆိုရင်တော့လည်း လွမ်းရပြန်ရော။

ဒီလိုနဲ့ ခရီးတိုလေးကနေ ပြန်ရောက်ပြီး နောက်တနေ့က တိုက်တိုက်ဆိုင်ဆိုင် ကလေးတွေ ကျောင်းပိတ်ရက် စနေနေ့ဖြစ်နေပါတယ်။ စနေတရက်ကတော့ ကလေး တွေအတွက် ကျမတို့မိသားစုက တနေရာရာကို သွားမြဲ။ တောင်ပေါ်ဘုရား၊ ရေကူးကန်၊ ကန်တော်ကြီး၊ ရေတံခွန်၊ ကစားကွင်းတွေ..ကလေးဖော်ရှိတဲ့ မိတ်ဆွေအိမ်တွေ ဆီ.. စသဖြင့်ပေါ့။

ဒီတပတ်တော့ ကုန်တိုက်တစ်ခုပေါ်က ကစားကွင်းကို သွားပို့ဖြစ်ပါတယ်။ အဲဒီအခါ မြန်မာနိုင်ငံထဲက ကလေး တွေကို ကျမ သတိရတော့တာပါပဲ။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြေပေါ်မှာတော့ ကလေးတွေက လွတ်လပ် ရဲရင့်လို့၊ ပေါ့ပါး ပျော်ရွှင်လို့။ ကလေးတွေရဲ့ ပျော်ရွှင်ကျေနပ်ဖို့အတွက် ငွေကုန်ကြေးကျကလည်း မခံနိုင်စရာ မရှိ။ သူတို့ နိုင်ငံက လူတွေရဲ့ တဦးချင်းဝင်ငွေနှင့် သုံးငွေက မျှတလှတာမို့ ကလေးတွေအတွက် ကုန်ကျစရိတ်က ပြဿနာ မဟုတ်ပါ။ ဒီတော့ ကလေးတွေက ကံကောင်းခွင့်ရကြတာပေါ့။

ကျမတို့ မိသားစု မြန်မာပြည်မှာတုန်းက ကလေးတွေအဖေက မလေးရှားမှာ တလမှ ဗမာငွေ ၂သိန်း အနိုင်နိုင် ပို့ရရှာတာ။ ကျမရဲ့ တက္ကသိုလ်က ကထိကလစာက တလမှ တသောင်းခွဲ။ ကလေးတွေကို ကစားကွင်းပို့ရင် ပိုက်ဆံ ငါးထောင် တစ်သောင်းလောက်က ဘယ်လို ကုန်သွားမှန်းမသိ။ ကျမရဲ့ တစ်လခ နီးပါး။

ခု ဒီထိုင်းနိုင်ငံမှာကတော့ အခြေခံအလုပ်သမားလစာက အနည်းဆုံး ဘတ် ၇၀၀၀ ရှိပြီး မူလတန်းဆရာ တယောက်လစာကတောင် ဘတ်၂သောင်းကျော် ရပါတယ်။ ကလေးတယောက်ကို ကစားကွင်းပို့ရင် စိတ်ကြိုက် ဆော့ဦး.. ဘတ်၁၀၀ မကုန်ပါ။ ပြီးတော့ ကစားစရာ ဆော့စရာတွေကလည်း ကလေးရဲ့ ဉာဏ်ရည်ကို ဖွံ့ဖြိုးစေတဲ့ ဉာဏ်စမ်းဖြေတာတွေ၊ ပြီးတော့ ပန်းချီ ဆေးခြယ်တာတွေ၊ အရုပ်ဆက်တာတွေနဲ့ ကလေးတွေ ရဲ့ စည်းလုံးညီညွတ်မှုကို အားပေးတဲ့ စုပေါင်းကစားပွဲတွေ၊ ဖျော်ဖြေပွဲတွေပါ။

တကယ်လို့ ပိုက်ဆံမတတ်နိုင်ဘူးဆိုရင်တောင်မှပဲ အခမဲ့ကစားကွင်းတွေက တမြို့နယ်မှာ တစ်ခုတော့ ရှိသေး တာပါ။ မြက်ခင်းပြင်ကျယ်ကြီးထဲမှာ ဆီးဆော့တွေ၊ လွှဲဒါန်းတွေ၊ လျှောစီးစင်မြင့်တွေ၊ အမျိုးစုံပါပဲ။ ညနေဆို ကလေးတွေ ကစားတာကို လူကြီးတွေက လမ်းလျှောက်ရင်း၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းတွေ လုပ်ရင်း စောင့်နိုင်တာပေါ့။ သူတို့ဆီမှာက အပူအပင် နည်းပါးလှတာကိုး။ တကယ့်ကို အေးရာအေးကြောင်း ပါပဲ။

ကျမတို့မြန်မာနိုင်ငံမှာ အများကြီးတွေ့နေရတဲ့ ကလေး အလုပ်သမားမျိုးကို ထိုင်းနိုင်ငံမှာ မတွေ့ရပါဘူး။ တခါတလေတော့ ပန်းကုံးလေးတွေလိုက်ရောင်းနေတဲ့ ကလေးတွေကို တွေ့ရပါတယ်။ မေးကြည့်လိုက်လို့က တော့ အဲဒါ ဗမာပြည်ကပါပဲ။ ကျမတို့မိသားစုကိုယ်တိုင် ဗမာပြည်မှာ တုန်းကဆိုရင် Amusement Park လို့ ခေါ်တဲ့ ကစားကွင်းတွေ သွားနိုင်တာဟာ လူတန်းစား တမျိုး သပ်သပ်ရှိသလို သတ်မှတ်ထားခဲ့တာပါ။ အဲဒီအခါ ကလေးတွေကလည်း အဲလို သွားနိုင်တာ ကိုပဲ ဂုဏ်လုပ် ကြွားဝါတတ်လာကြတာ ပါ။ ဒါဟာ ခေတ်အခြေနေကြောင့် ဖြစ်လာရတဲ့ အကျင့်ဆိုးပါ။

တကယ်တော့ ကလေးအခွင့်အရေးတို့၊ ကလေးပညာရေး တို့ ဆိုတာထဲမှာ ကလေးတွေ လွတ်လပ်ပျော်ရွှင်စွာ နေထိုင်ခွင့်ရရေးဆိုတာက အရေးကြီးတဲ့အချက်တချက်ပါ။ ကလေးရဲ့ ဉာဏ်ရည်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်ဖွံ့ဖြိုးရေးမှာ ကစားခြင်းကလည်း အရေးပါတဲ့ လိုအပ်ချက်ပါ။ ဒါကြောင့် မိဘတွေမှာ ဘယ်လောက်ပဲ စိတ်ရှုပ်ရှုပ်၊ အလုပ်တွေရှုပ်ရှုပ်၊ ကလေးတွေကိုတော့ ကစားခွင့်ရအောင် ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ကျမတို့အားကိုးရမယ့် ကလေးတွေ တော်ဖို့ ကောင်းဖို့အတွက် ပျော်ရွှင် ကျေနပ်စွာ ကစားခွင့်ရရေး က သိပ်ကို လိုအပ်တာပါ။

ဒီလိုနဲ့ပဲ... ကစားကွင်းတွေထဲ ပျော်ပျော်ရွှင်ရွှင် ကစား နေကြတဲ့ ကလေးတွေကိုကြည့်တိုင်း ဗမာပြည်ထဲက ကစားခွင့်ကလေးတောင် မရကြရရှာတဲ့ ကလေးတွေကို သတိရစိတ်နဲ့ ကျမ စိတ်ထိခိုက်ရတော့တာပါပဲ..။ ဗမာ ပြည်က ကလေးတွေ ကလေးပီပီ ပျော်ခွင့်ရကြဖို့ ရော.. ကျမတို့ ဘာလုပ်ပေးရပါ့မလဲ….။

မေငြိမ်း
နိုဝင်ဘာ၊၂၂။

8 comments:

co said...

တီချယ်ကြီး
ကလေးတွေ ကလေးပီပီ ပျော်နိုင်ဖို့ဆိုတာ .. လူကြီးတွေ ချမ်းသာဖို့မလိုပါဘူး .. ဒါပေမယ့် အခြေခံ လူမှုဖူလုံမှုရယ်၊ အနည်းဆုံး ဘာမှန်းမသိတာက်ု ကြောက်မနေရတဲ့ လွတ်လပ်မှုရယ် လိုပါတယ် ..
ဒါတွေပြောရင် .. နောက်ဆုံးဒီ ဘူတာပဲပြန်ရောက်သွားလိမ့်မယ် ..

FTC said...

ခွင့် ဆိုတဲ့စကား ကို ပြောခွင့်မရှိပါဘူး ဆိုမှ

ကလိုစေးထူး said...

ဘလော့ဂ်တွေ လိုက်ဖတ်ရင်းနဲ့ ပတ်ချာလည်ပြီး အမ ဘလော့ဂ်ကို ရောက်တော့လဲ အမဆီကမှာ ကလေးတို့ အဖေခမျာ ပထမအပိုဒ်မှာတင် နှစ်ခါကြီးများတောင် ပတ်ချာလည်နေတယ်။ :D
Co ပြောသလိုပါပဲ။ ပြန်ပြောရင် ဟိုဘူတာကိုပဲ သွားဆိုက်တော့မယ်။

မေငြိမ်း said...

CO.. ဟုတ်ပ.. အဲဒီဘူတာပဲ ဆိုက်ရမယ့် ကိစ္စပဲလေ။
ftc ရေ.. အဲဒီ ခွင့်ဆိုတာကပဲ ပြဿနာ..ဟုတ်! ပြောချင်ပါဘူး..။
စေးထူးရေ.. အဲတော့မှပဲ ပတ်ချာလည်တဲ့ကိစ္စက သရုပ်ပေါ်တော့မှာ.. သူ့ခမျာ အဲလောက်ကို ပတ်ချာလည်တာ..။ သဘောပေါက်။

Saung Yune La (aka) Way said...

This is an essential post for everyone. I feel very often like you when I visit somewhere with my family around some place of U.S.

Aung Phyoe said...

This is really serious saya ma. Thanks for ur view as a teacher. Check my new Burmese Language blog.And I really want more of ur novels. :)
With Regards
Aung Phyoe

Nyi Linn Thit said...

ဟုတ်တာပေါ့ အစ်မရယ်...ကျနော်လည်း ကလေးကစား ကွင်းတွေ ရောက်တိုင်း စိတ်ထိခိုက်ရတယ်၊ ဒီက ကလေးတွေ ကိုမြင်တိုင်း သူတို့ဝန်းကျင်မှာ အပြစ်ကင်း တဲ့ချစ်ခြင်းရနံ့တွေလှိုင်လို့၊ ကျနော်တို့ မြန်မာကလေး ငယ်တွေကျတော့ ပြောပြမကုန်တဲ့ သောကအဖုံဖုံ အောက်မှာ နွမ်းနယ်လို့....ရင်ဆို့ ရပါတယ်။

လင်း said...

ဆရာမရေ အားရင်ဆရာမတို့ မိသားစု အကြောင်းလေး
ရေးပါ အုံး