Nov 26, 2007

လွိုင်ကထုံ

(အဲလိုမီးရောင်တွေက တမြို့လုံးပါ။ မြန်မာပြည်ကရတဲ့ ဂက်စ်တွေနဲ့ ထိန်ထိန်လင်းနေတဲ့ သူတို့တိုင်းပြည်)

ဘာလိုလိုနဲ့ … ဇင်းမယ်မှာ လွိုင်ကထုံပွဲနဲ့ ကြုံရတာ ဒီနှစ်ပါနဲ့ဆိုရင် ၃နှစ်တောင် ရှိပြီပဲ။
ကြုံရတိုင်းလည်း ကိုယ့်ဗမာပြည်ကို သတိရပြီး ပြေးပြန်ချင်လာတာချည်းပါပဲ။ ဒါပေမဲ့.. ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရမယ်တဲ့။ ဆရာဂျမ်း(ကဗျာဆရာတင်မိုး)ရေးတဲ့ “တို့တိုင်းပြည်” ကဗျာထဲကလို...

"နေချင်ပါလည်း
မနေရဲပြီ
စစ်သရဲတွေ
စီးနေ၍"
… … ဆိုသလိုပါပဲ။

ဇင်းမယ်မှာ ဗမာပြည်ကို အလွမ်းရဆုံးအချိန် နှစ်ချိန်ရှိပါတယ်။ လွိုင်ကထုံမီးထွန်းပွဲနဲ့ သင်္ကြန်ပွဲကာလတွေမှာပါ။ အဲဒီအချိန်တွေမှာ ဇင်းမယ်က ကိုယ့်တိုင်းပြည်နဲ့ အတူဆုံးလေ။ ခုလို လွိုင်ကထုံလို့ခေါ်တဲ့ တန်ဆောင်တိုင်ပွဲ မှာဆိုရင်လည်း ရာသီသဘာဝနဲ့ ခပ်ဆင်ဆင် ဓလေ့ထုံးစံတွေကြောင့် ဗမာပြည်ကို သတိရစရာကောင်းတာပါ။ ပြီးတော့ အဲဒီပွဲတော်တွေ မှာဆိုရင် ထိုင်းနိုင်ငံမှာ ဇင်းမယ်က အစည်ကားဆုံး အကျော်ကြားဆုံးဖြစ်တဲ့အတွက် တနိုင်ငံလုံးက အရောက်လာပြီး ပျော်ကြရတဲ့အပြင် နိုင်ငံခြားသားဧည့်သည်တွေ အများဆုံးလာတဲ့ မြို့လည်း ဖြစ်ပါတယ်။

ကျမကတော့ ရန်ကုန်သူဆိုတော့ မန္တလေးနဲ့ အသွင်အပြင်တူလှတဲ့ ဇင်းမယ်မှာနေပေမဲ့ ကိုယ်အကျွမ်းဝင်တဲ့ ရန်ကုန်တန်ဆောင်တိုင်ကိုပဲ လွမ်းနေမိပါတယ်။ ဒါတောင် ကျမတော်တော်ငယ်ငယ်တုန်းက ဆင်နွှဲခဲ့ရတဲ့ တန်ဆောင်တိုင်ပွဲပါ။ ရန်ကုန်မှာက သီတင်းကျွတ်ဆိုရင် ရေကျော်ရပ်ကွက်က စည်ကားပြီး၊ တန်ဆောင်တိုင် မှာတော့ တရုတ်တန်းဘက်နဲ့ ကျောက်မြောင်း၊ သင်္ကန်းကျွန်းဘက်တွေမှာ စည်ပါတယ်။ တရုတ်တန်းကတော့ ၁၀လမ်း၊ ၁၃လမ်း၊ ၁၅လမ်းတွေကနေ စပြီး လမ်း၂၀၊ လသာလမ်းထိ ပွဲဈေးတန်းတွေနဲ့ တောက်လျှောက် စည်တာပါ။

၁၃လမ်းမှာကတန်ဆောင်တိုင်ဆို နာမည်ကြီးတာက ကာတွန်းဦးဘဂျမ်းနေခဲ့တဲ့ လမ်းမို့ နှစ်တိုင်း ဦးဘဂျမ်း ရေးခဲ့တဲ့ ကာတွန်းတွေကို လမ်းအပြည့် ချိတ်ဆွဲပြတာပါ။ လူတိုးမပေါက်အောင် များတာမို့ တန်းစီပြီး ကြည့်ကြရပါတယ်။ နောက် ၁၀လမ်းထိပ်မှာက မာဃစင်လို့ခေါ်တဲ့ ဖျော်ဖြေရေးမဏ္ဍပ်ရှိပါတယ်။ အဲဒီတုန်းက (ဒေါ်)မာမာအေးတို့၊ (ဒေါ်)တင်တင်မြတို့၊ (ဒေါ်)ထား၊ စန္ဒယားချစ်ဆွေ၊ ကိုမင်းနောင်၊ ဂီတလုလင် မောင်ကိုကို တို့လို တွေ့ရခဲ၊ နားထောင်ရခဲတဲ့ နိုင်ငံတော်အဆိုတော်တွေက ဖျော်ဖြေတာမို့ လာနားထောင်တဲ့ ပရိသတ်ဟာ လူပင်လယ်ကြီးဖြစ်နေတာပါ။

ကျောက်မြောင်းနဲ့ သင်္ကန်းကျွန်းဘက်မှာကတော့ ဖျော်ဖြေရေးစင်တွေ ရှိပါတယ်။ ရပ်ကွက်အလိုက် စတိတ်ရှိုးတွေ၊ ကပွဲတွေ၊ အငြိမ့်တွေ၊ ဗလာရုပ်ရှင်ပြပွဲတွေ၊ ရုပ်သေးပွဲတွေရှိပါတယ်။ ကျမတို့ ကလေးတွေ အကြိုက်ဆုံးကတော့ ရုပ်သေပြပွဲတွေပါပဲ။ တကယ့်လူတွေက အရုပ်တွေလို ငြိမ်ပြီး မှန်ခန်းတွေထဲမှာ ရုပ်သေ သရုပ်ဆောင်ကြတာပါ။ များသောအားဖြင့် ဥမ္မာဒဏ္ဍီဇာတ်၊ ပဋာစာရီဇာတ်၊ မင်းကုသနဲ့ ပပ၀တီဇာတ်တွေထဲက နာမည်ကြီး လူသိများတဲ့ ဇာတ်ကွက်တကွက်ကိုရွေးပြီး သရုပ်ဆောင်ကြတာပါ။ သိပ် စိတ်ဝင်စားစရာ ကောင်းတာပါပဲ။ လူတွေက ပြင်ထားတာကအစ တကယ့်အရုပ်တွေလို။ ကျမတို့ အကြာကြီးစောင့်ကြည့်ပေမဲ့ နည်းနည်းမှ လှုပ်တာမတွေ့ရပါဘူး။ အခု နောက်ပိုင်း ဗမာပြည်မှာ ထွန်းကားလာတဲ့ Art Performance show ဆန်ဆန်ပါပဲ။

အဲဒီတန်ဆောင်တိုင်မှာဆို ကျမတို့နေတဲ့ ရွှေဘုံသာလမ်း (မဂိုလမ်း)ကနေ အဲဒီ တာမွေ ကျောက်မြောင်းဘက် ထိ လမ်းလျှောက်သွားတာမှာ လမ်းတလျှောက် ပွဲလမ်းဈေးသည် ပြတ်တယ်လို့ မရှိတော့၊ ကျမတို့တွေ ညောင်းဖို့တောင် မေ့နေခဲ့ကြတာပါ။ ဘာပဲဖြစ်ဖြစ် လူတွေ ပျော်ခွင့်တော့ ရခဲ့ကြဖူးပါသေးတယ်။

ဒီနှစ်မှာတော့ ကျမအတွက် ကိုယ့်နိုင်ငံကို သတိရစရာက ပိုရှိနေသလိုပါပဲ။ ကထိန်ပွဲတွေ အကန့်သတ်ခံရတာ။ ကိုယ်ကိုးကွယ်တဲ့ ဘုန်းဘုန်းတွေ ပျောက်နေတာ။ သာသနာရောင် သင်္ကန်းဝါ၀ါလေးတွေ နေရာမှာ အစိမ်းပုပ်ရောင် ယူနီဖောင်းတွေက နေရာယူထားတာ။ လက်အုပ်ချီရင်တောင် ဖမ်းတယ်ဆိုတဲ့ တိုင်းပြည်မှာ ကျမတို့ ပြည်သူလူထုတွေအတွက် ဘာသာ သာသနာ ပွဲလမ်းတွေကလည်း 'တစပြင်'လိုသာ ရှိနေမှာလေ။ ပြည်သူလူထုရော သံဃာတော်တွေပါ.. ကြိမ်မီးအုံးသလို ပူဆွေးနေကြမယ့်အချိန်။ ကျမ မပျော်နိုင်ပါ။

ဒါပေမဲ့ ကျမတို့နိုင်ငံလိုပဲ ခုချိန်မှာ စစ်အုပ်ချုပ်ရေးနဲ့ နေနေရတဲ့ ထိုင်းနိုင်ငံရဲ့ ဇင်းမယ်မြို့မှာကတော့ မီးရှူးမီးပန်းတွေ.. ဗျောက်အိုးတွေ.. တဒိုင်းဒိုင်းဖောက်တဲ့ လွိုင်ကထုံလို ပွဲတော်က စည်ကားမပျက်ပါဘဲ။ ဇင်းမယ်ရဲ့ လွိုင်ကထုံပွဲမှာ ထူးခြားတာကတော့ တမြို့လုံးမှာ အလှပြယာဉ်တွေ လှည့်တာပါပဲ။ ထိုင်းယောက်ျားလေး မိန်းကလေးတွေက ရှေးထိုင်းရိုးရာဝတ်စုံတွေနဲ့ ကားပေါ်မှာ အလှပြထိုင်ပြီး လှည့်လည် တာပါ။ ကျမတို့ဆီက နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်သလို မီးရောင်စုံအလှဆင်ထားတဲ့ ကားတန်းတွေနဲ့ ဘုရားအပူဇော်ခံ ဒေသစာရီကြွတာမျိုးလည်း ရှိပါတယ်။ (ဒါတောင် ဇင်းမယ်က အာဏာသိမ်း ဖြုတ်ချခံထားရ တဲ့ ၀န်ကြီးချုပ်ဟောင်း 'သက်ဆင်ရှာနာဝပ်'ကို အများဆုံး ထောက်ခံခဲ့တဲ့ နယ်မို့ အာဏာပိုင်တွေ သတိထားစောင့်ကြည့်ရတဲ့ မြို့ပါ။)

(ဇင်းမယ်ရဲ့ နာမည်ကျော် ပင်းမြစ်ပေါ်က န၀ရတ်တံတား)

(အဲဒီလို အလှပြ ဖောင်မျိုးတွေနဲ့ မြစ်ထဲလှည့်ပြါတယ်)


ထိုင်းလူမျိုးတွေဟာ လွိုင်ကထုံပွဲကို ပန်းဖောင်တွေ ရေမှာမျှော၊ မီးပုံးတွေ လွှတ်တင်တာတွေနဲ့ အဓိက ဆင်နွှဲတာပါ။ မီးပုံးလွှတ်၊ ပန်းမျှောတဲ့အခါတွေ မှာလည်း သေသေချာချာ လေးလေးနက်နက် ဆုတောင်းကြတာ တွေ့ရပါ တယ်။ ကျမတို့မိသားစုလည်း သူငယ်ချင်းတွေနဲ့အတူ မီးပုံးလွှတ် ပန်းမျှောပြီး ဆုတောင်း မေတ္တာပို့ကြပါတယ်။ ဒီနှစ် တန်ဆောင်မုန်းလပြည့်မှာ ကျမတို့အတွက် ခါတိုင်းနဲ့ မတူတာကတော့ ကျမတို့ သာသနာ့သမိုင်းမှာ စစ်အစိုးရက သံဃာတော်တွေကို သွေးမြေကျစေခဲ့တဲ့ သွေးစွန်းတဲ့ ဥပုသ်နေ့၊ ၂လပြည့်တဲ့ နေ့ ဖြစ်နေလို့ပါပဲ။ ဒါကြောင့် ကျမတို့ သေသေချာချာ ဆုတောင်းခဲ့ကြပါတယ်။

တော်လှန်ရေးတလျှောက် ကျဆုံးခဲ့ရတဲ့သူတွေအတွက် မေတ္တာပို့ အမျှဝေ ရင်း၊ ကျမတို့ နိုင်ငံကြီး လွတ်လပ်ဖို့၊ ဘာသာ သာသနာတွေ လွတ်လပ်ဖို့နဲ့ တရားမျှတမှုကြီးစိုးဖို့တွေကို သစ္စာဆို ဆုတောင်းခဲ့ကြပါတယ်။

အဲဒီလို ကျမတို့ ဆုတောင်းနေချိန်မှာ….. ကျမတို့ရဲ့ တိုင်းပြည်ကြီးဆီမှာ ကတော့ ကလေးတွေခမျာလည်း တန်ဆောင်တိုင်ဆိုတဲ့ အထိမ်းအမှတ်ကို မသိနိုင်ကြတော့၊။ ပွဲလမ်းသဘင်ဆိုတာလည်း တဖြည်းဖြည်းမှိန်ဖျော့။ မီးပန်းလေးတွေတောင် လွှတ်ကြရ ပါ့မလား။ ကိုယ်တိုင်လွှတ်တင်လိုက်တဲ့ မီးပုံးပျံကြီး မိုးပေါ် လွင့်ပျံ တက်သွားတာကို မော့ကြည့်ရင်း ပီတိဖြစ်ရတဲ့ အပျော်မျိုးကိုရော ခံစားကြရပါ့မလား။ ကျမကလေးတွေကို “မေမေတို့က ဟိုးကောင်းကင်ပေါ်က စူဠာမဏိ စေတီကြီးကို မီးပုံးပျံလွှတ်ပြီး ပူဇော်တာ၊ ရေမှာ ပန်းဖောင်တွေ မျှောတာက ရေထဲကနေ ပူဇော်တာ” လို့ ပြောချိန်မှာ သားနဲ့သမီးက မျက်လုံးလေးတွေ လင်းလာပြီး “ဒါဆို သမီးတို့ ကုသိုလ်ရသွားပြီပေါ့နော်”လို့ စိတ်အေးချမ်းသာ၊ ကျေနပ်သွားသလို ပြုံးပြီး ပြောပါတယ်။ ကျမကတော့ အဲဒီအချိန်ကလေးမှာပဲ... ဗမာပြည်မှာတော့ဖြင့် ကလေးဘယ်နှယောက် အဲလို ကျေနပ်ခွင့်၊ ပြောခွင့် ရပါ့မလဲ… ဆိုတာကို စိတ်ထိထိခိုက်ခိုက်နဲ့ တွေးနေမိပါတယ်။

မေငြိမ်း
(တန်ဆောင်မုန်းလပြည့်အမှတ်တရ)

(ဓါတ်ပုံရိုက်ညံ့တာ ခွင့်လွှတ်ပါ)

3 comments:

Nyi Linn Thit said...

အစ်မရေ...လွိုင်ကထုံပွဲတော်အတွက် ကျေးဇူးတင်ပါ တယ်၊ ကျနော်တစွန်းတစတော့ ကြားဖူးပေမယ့် အခုလို ဓါတ်ပုံတွေနဲ့ ကြည့်ရတော့ပိုခံစားလို့ရသွားတယ်၊(ပုံတွေက မညံ့ပါဘူး၊ အားလုံးအသက်ဝင်ပါတယ်ခင်ဗျာ)

တဆက်တည်းမှာ...ကျနော့်ဆီကိုအလည်လာပြီးစာတွေ ဖတ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်၊ စာတွေ က mouse တခါနှိပ်စာအဝေးမှာ ရှိကြပေမယ့် အားလုံး ကအလုပ်ကိုယ်စီနဲ့ အချိန်ရှားပါးကြပါတယ်၊ သွားစရာ အစုံအလင်၊ လုပ်စရာအကုန်အစင်၊ ဖတ်စရာတပုံတပင် နဲ့အစ်မက ကျနော့်ဆီကိုတကန်တကစာလာဖတ်တဲ့ အတွက် ကျနော်ဂုဏ်ယူစွာနဲ့ကျေးဇူးတင်ကြောင်း ပြော ပါရစေခင်ဗျာ၊ နောက်လဲအဆင်ပြေတဲ့အခါတိုင်းမှာ လာလည်ဖို့ဖိတ်ခေါ်ပါတယ်နော်...။

Min Min said...

ကျွန်တော်တို့ ဂက်စ်တွေနှင့် မီးလင်းနေတယ်ဆိုလို့ စိတ်မကောင်းပါ

Min Min said...

ကျွန်တော်တို့ ဂက်စ်တွေနှင့် မီးလင်းနေတယ်ဆိုလို့ စိတ်မကောင်းပါ