Jan 1, 2008

မင်္ဂလာနှစ်သစ် ဖြစ်ပါစေ .. ၂၀၀၈

Happy New year !!!

ကဲ.. ၂၀၀၇ ခုနှစ်ကတော့ ကုန်သွားခဲ့ပြီ။
ခုနှစ်သတ်မှတ်ချက်အရ အသက်တနှစ်ပိုကြီးသွားရပြီ။
ဒီတလော သိသိသာသာ အသက်ကြီးလာလို့လား မသိ..
“စိုက်ခဲ့သမျှ တို့ရိတ်သိမ်းရတော့မယ်” ဆိုတာလေးကို
ခဏခဏ သတိရနေတတ်တယ်။
ဘ၀ထဲမှာ မစိုက်မိပါဘဲနဲ့တောင် ရိတ်သိမ်းနေရတဲ့အထဲ..
စိုက်ထားသမျှကိုတော့ ရိတ်သိမ်းရမှာ အသေအချာ..။
အဲဒီအခါ ဖြတ်ခဲ့တဲ့ ၄၂နှစ်ကျော်ကျော်ကြီးကို ပြန်လှည့်ကြည့်မိတယ်။
ကိုယ့်ဘ၀တလျှောက်လုံးးးး
သူတပါးဘ၀ပျက်အောင် တခါမှ မလုပ်ဖူးခဲ့။
သူတပါးကို လှေကားလို.. တံတားလို.. တခါမှ မနင်းဖြတ်ဖူးခဲ့။
လိမ်လည်လှည့်ဖြားတဲ့ စကား တခါမှ မပြောဖူးခဲ့။
အကျိုးလိုလို့ ညောင်ရေ မလောင်းဖူးခဲ့။
နိမ့်ပါးသူကို ငုံ့မကြည့်ဖူးခဲ့။
ဂုဏ်သိက္ခာကို ငွေကြေးနဲ့ တခါမှ မလဲဖူးခဲ့။
အသက်ရှင်ဖို့သာ ထမင်းစားခဲ့။
ချစ်ခြင်းမေတ္တာသာ အရေးပါဆုံးလို့ ယုံကြည်ခဲ့။
လိမ်ညာကောက်ကျစ်သူတွေကို ရွံမုန်းပြတ်သားခဲ့။
(အင်းးး ဒီလောက်ဆို ကိုယ်စိုက်ခဲ့တဲ့ အပင်တွေက သိပ်မဆိုးဘူးလို့ ကျေနပ်ပြီ.. :P
တကယ်တော့လည်း သဘာဝအလျောက်သာ ရိတ်သိမ်းရတာပါ..
ရိတ်သိမ်းရကောင်းစေဆိုတဲ့ သဘောထားနဲ့တော့ ဘယ်လိုအပင်မျိုးမှ မစိုက်ခဲ့။)
(ဒါပေမဲ့လည်း) ဖြတ်သန်းရဦးမယ့် ရှေ့ကာလမှာ အဲဒီ စိုက်ခဲ့တဲ့ အပင်တွေကို
ဆက်ရှင်သန်သွားစေနိုင်ဖို့ကိုတော့ အတတ်နိုင်ဆုံး ကြိုးစားရပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်..
မနေ့ညကတော့ နှစ်သစ်ကို အတတ်နိုင်ဆုံး အပျော်နဲ့ ကြိုခဲ့ပါတယ်..။
‘တကယ်ပဲ ပျော်သလားး’…။
အင်းး ပျော်ပါတယ်.. တကယ် ချစ်ခင်တဲ့ မိတ်ဆွေတွေနဲ့အတူ..
နှစ်သစ်ကို ကြိုခဲ့ရတာလေ..။
‘လုံးလုံး ပျော်ရသလားးး’.. အဲလိုဆိုရင်တော့ မဟုတ်ဘူးလို့ ဖြေရမှာ။
ဒီဇင်ဘာ၃၁ရဲ့ ည ၁၂နာရီ… သူများတိုင်းပြည်တွေမှာ
မီးရှူးမီးပန်းတွေ တဒိုင်းဒိုင်း တဖွားဖွားဖောက်နေချိန်..
ဘယ်လိုမှ အပျော်ကို တွေခွင့် မရနိုင်ကြရှာတဲ့
ကိုယ့်တိုင်းပြည်ဆီကို သတိရနေခဲ့ပါတယ်။
ဒါနဲ့ပဲ..
၂၀၀၈ ဟာ ..တလောကလုံးအတွက် ပျော်စရာနှစ်သစ်ဖြစ်ပါစေ လို့
နှစ်နှစ်ကာကာ ဆုတောင်းလိုက်ပါတယ်…။

မေငြိမ်း
၁၊ ၁၊ ၂၀၀၈

7 comments:

M.Y. said...

အစ်မရေ..
မင်္ဂလာနှစ်သစ်ပါ..
ကောင်းမြတ်သောနေထိုင်ခြင်းအတွက်တူမျှခြင်းကိုရတ်သိမ်းရမှာအမှန်ပါ။
၂၀၀၈ မှာအားလုံးပျော်ရပါစေကြောင်း..
ဆုမွန်ကောင်းများဖြင့်
မောင်ရင်

Anonymous said...

အမရေ .. Happy New yr to u and ur family. မြန်မာပြည်လွတ်လပ်ရေး အမြန်ရနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်

ညီလင်းသစ် said...

အမမေငြိမ်းရေ...အခု ၂၀၀၈ အထိရေးသားခဲ့တဲ့စာတွေ ပေးခဲ့တဲ့ မက်ဆေ့ခ်ျတွေ၊ ပျော်ဝင်စေခဲ့တဲ့ အနုပညာ ဒြပ်စင်, ဒြပ်ပေါင်းအားလုံးအတွက် ကျေးဇူးတင်ရင်း မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို့ ခွန်းဆုချွေလိုက်ပါ တယ်ခင်ဗျာ....။

SUE NITT said...

အန်တီမေငြိမ်းေ၇.....
အန်တီ နိုင်ငံခြားကို ထွက်လာခဲ့တော့မယ်လို့ သတင်းကြား၇တော့ အ၇င်ထက်ပိုပြီးစာတွေအများကြီးေ၇းနိုင်တော့မှာပဲ ဆိုပြီးပျော်ခဲ့၇ပါတယ်။
အန်တီေ၇...
အိမ်ဝေးနေ၇သူတွေမို့ ၂၀၀၈ နှစ်သစ်ကို အလွမ်းတ၀က်နဲ့ကြို၇တာကို ခံစားနားလည်နိုင်ပါတယ်။

ချစ်တဲ့အန်တီလေး ၂၀၀၈ မှာစာတွေအများကြီးေ၇းနိုင်ပါစေ........

ကိုပေါ said...

နှစ်သစ်ကူးတဲ့ညက
ကျနော်တို့လင်မယားရယ်….
ဆရာမတို့ဆီကို မကြာခင်ကမှ လာလည်သွားတဲ့ လင်မယားရယ်…
ကိုဘိုရယ်၊ အခြားမိတ်ဆွေ နှစ်ယောက်ရယ် ညစာအတူစားဖြစ်ခဲ့။
ချစ်ခင်နှစ်သက်တဲ့ မိတ်ဆွေတွေနဲ့အတူ နှစ်သစ်ကို ကူးရလို့ စိတ်ကြည်နူးမိတာကတော့ အထူးပြောစရာမရှိ။ သို့သော် ကျနော်တို့ စိတ်တွေ ဘယ်လောက်လေးလံနေသလဲဆိုတာ ကတော့ ဘေးဝိုင်းက လူတွေနဲ့ ယှဉ်မှ ငါတို့ ထင်သလောက် မပျော်နိုင်ပါလားလို့ သတိထားမိတော့တယ်။ ဘေးဝိုင်းတွေမှာ လူဖြူတွေရော၊ တရုတ်တွေရော၊ မလေးတွေပါ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ။ အားလုံးကို ကြည့်ရတာ စိတ်လက်ပေါ့ပါးလိုက်ကြတာလေ။ တဟေးဟေး…တ၀ါးဝါးနဲ့ပေါ့။ ကျနော်တို့ ၀ိုင်းက သိသိသာသာ ဆိတ်ငြိမ်နေခဲ့။ ဆရာမပြောသလိုဘဲ တိုင်းပြည်ကိုဘဲ လွမ်းနာကျနေလေသလားမပြောတတ်ဘူး။ ဟိုလင်မယားကတော့ မကြာခင်ကမှ သွားရောက်လည်ပတ်ခဲ့တဲ့ ဆရာမတို့ ဒေသကို လွမ်းသတဲ့။ စင်ကာပူနဲ့ ယှဉ်ရင် ထိုင်းမှာနေရတာ အတော်ပျော်ဘို့ကောင်းပုံ ရပါရဲ့။
…….လူကိုယ်တိုင်မမြင်ဘူးပေမယ့် ထိုင်းမှာရောက်နေတဲ့ ရဲဘော်ရဲဘက်တွေကို မင်္ဂလာနှစ်သစ်ပါလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။

တန်ခူး said...

'မ'ရေ...အပျော်စစ်စစ်တွေနဲ့နှစ်သစ်မင်္ဂလာ ဖြစ်ပါစေလို့...

Hteink Min said...

တီ မင်္ဂလာ နှစ်သစ်မှာ ဘလော့တွေ ဆက်ရေးကြပါစို့..