Jan 8, 2008

ရန်ကုန်ထောင်နောက်ဆက်တွဲ

ကျမရဲ့ ရန်ကုန်ထောင် ပို့စ်အတွက် ပေးထားတဲ့ ကွန်မင့်လေး တစ်ခုဆိုရင် ကျမမှာ ပို့စ်တခုစာလောက်ကို ပြန်ရေးပြီး ဆွေးနွေးရမယ့် အပိုင်းတွေ ပါလာပြီ။ တကယ်တော့ လုံးချင်းဝတ္ထုတအုပ်စာလောက်ရေးရမယ့် ကိစ္စတွေပါ။ ဒါပေမဲ့ တထွာပြရင် တတောင်လောက် မြင်တတ်ပြီးသား ဘလော့ပရိသတ်တွေအတွက်လည်း ဖြစ်တဲ့အပြင် တချို့ကိစ္စတွေက သိသာထင်ရှားပြီးသားမို့ ကျမ နိဒါန်းလောက်ပဲ ပြောပြပါတော့မယ်။ အဲဒီ ကွန်မင့်လေးက ဒီလိုပါ....

အန်တီရေ
အန်တီပြောတာ မှန်ပါတယ်။ ထက် မျက်မြင်မဟုတ်ပေမယ့် ထိုင်းနယ်စပ်မှာ ဒီလို လိင်အလုပ်သမ ဖြစ်နေတဲ့ မိန်းကလေးတွေ တစ်ပုံ တစ်ပင်ကြီးပါ အန်တီ။ ဒါပေမယ့် အန်တီလည်း သိပါတယ်.. ဒီအလုပ်တွေဟာ မလုပ်ချင်ရင် ရတဲ့ ကိစ္စတစ်ခုပါ။ ခုချိန်ထိပြောတာနော်။ ထက် စကားကိုတော့ ကုန်အောင် မပြောပါဘူး။ ဆက်ပြောရမယ်ဆိုရင် ပညာတတ်တွေ နယ်ဘက်မှာ အရမ်းနည်းပါးတာကြောင့် လူကုန်ကူးတဲ့ သူတွေ အလုပ်ဖြစ်နေကြတာပါ။ ဒါပေမယ့် ဗိုင်းကောင်း ကျောက်ဖိ ( အူတူတူကို ပြောခြင်းမဟုတ်) မိန်းကလေးတွေ တော်တော် များနေပါသေးတယ် အန်တီရေ။ ပြည်တွင်းက လူတစ်ယောက် ဖြစ်တဲ့အတွက် ပြည်တွင်းက မိန်းကလေးချင်း စာနာလို့ ပြောတာပါ အန်တီရေ။ အန်တီလည်း ဒီလိုမျိုးလေးတွေ သတိပေးအနေနဲ့ များများ ရေးပေးပါ။ ဒါမှ ထက်တို့လည်း သြော် ဒီလိုဖြစ်လာနိုင်ပါလားလို့ တွေးပြီး နောင်ရေးအတွက် အမျိုးသမီးတိုင်းအတွက် လုပ်သင့်တာလေးတော့ လုပ်ပေးနိုင်မှာ မဟုတ်လားအန်တီရေ။ ကျေးဇူးပါရှင်

သမီးရေ… အန်တီ ၂၀၀၅ မတ်လ၁ရက်နေ့မှာ ထိုင်းကိုရောက်ပါတယ်။ ခုဆို ၃နှစ်နီးပါးရှိပြီပေါ့။ ဒါကြောင့် ခုပြောပြမှာက ကိုယ်တွေ့မျက်မြင်ကိစ္စတွေပါပဲ။ ထိုင်းကိုရောက်စရက်တွေမှာတုန်းက အန်တီ မျက်ရည်ကျရတဲ့ အထိ ခံစားရတဲ့ အဖြစ်အပျက်တွေထဲက အကြောင်းအရာမတူတဲ့ တချို့ကို ပြောပြချင်ပါတယ်။

အန်တီ တက္ကသိုလ်ဆရာမ လုပ်ခဲ့တဲ့ ၁၉နှစ်ကျော်ကျော်မှာ ဘားအံကောလိပ်နဲ့ မော်လမြိုင်တက္ကသိုလ်မှာ ၁၀နှစ်နီးပါး ရှိခဲ့ဖူးပါတယ်။ အဲဒီမြို့တွေက နယ်စပ်နဲ့နီးလှပြီး အန်တီ့ရဲ့ တပည့်တွေထဲမှာတောင် အစိုးရက သူပုန်လို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေထဲက လူငယ်တွေပါပြီး အန်တီနဲ့လည်း ရင်းနှီးပေမဲ့ နယ်စပ် ပြဿနာနဲ့ ပတ်သက်ရင် သိပ် ထဲထဲဝင်ဝင် မသိခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ထိုင်း မြန်မာနယ်စပ်မှာ တလလောက် နေလိုက်ရတော့မှ စစ်အစိုးရရဲ့ စည်းမဲ့ကမ်းမဲ့ ထိုးစစ်တွေကြောင့် နှစ်၅၀နီးပါး ကိုယ့်မြေမှာ အတည်တကျ မနေရတဲ့ IDP (IDP- Internal displaced persons) လို့ခေါ်တဲ့ ရွာပုန်းရွာရှောင် ဒုက္ခသည်တွေအကြောင်းကို မျက်မြင်ကိုယ်တွေ့ သိရတာ။ အသက်၁၈နှစ်ရှိတဲ့ အထိ တောထဲမှာပြေးလွှား ပုန်းအောင်းနေခဲ့ရပြီး အိမ်ဆိုတာ ဘာမှန်းမသိတဲ့ ကလေးတယောက်နဲ့ဆုံဖူးစဉ်မှာ အန်တီ မျက်ရည်ကျခဲ့ရ ဖူးပါတယ်။ အန်တီဆိုလိုတာက အန်တီတို့နိုင်ငံမှာက သတင်းမှောင်ချမှုနဲ့ အပြင်းအထန် နှိပ်ကွပ်မှု တွေကြောင့် တမြေတည်းနေပြီး အန်တီတို့ မသိနိုင်တဲ့ မသိရတဲ့ ပြဿနာတွေ အများကြီး ရှိနေတယ်ဆိုတာကို သိစေချင်တာပါ။

အဲလိုပါပဲ.. ဗမာပြည်ကနေ အလုပ်လုပ်ဖို့လာတဲ့ ဘွဲ့ရ မိန်းကလေးက အိမ်ဖော်အလုပ်ပဲ ရတာမို့ ၀င်လုပ်ရင်း အိမ်ရှင်က မုဒိန်းကျင့်တာ..။ နောက်ဆုံး ရောင်းစားခံရပြီး မထူးဇာတ်ခင်းရင်း Sex worker ဖြစ်သွားတာတွေ။ အဲလိုပဲ လမ်းခုလတ်မှာတင် အရောင်းစားခံရလို့ Sex worker ဖြစ်သွားတာတွေ..။ သမီး ဘယ်လို ပြောမလဲ။ နယ်ဘက်မှာ ပညာတတ်နည်းလို့ လူကုန်ကူးခံရတယ်လို့ သမီးပြောတယ်။ ဒါဆိုရင် ဘာလို့ နယ်ဘက်မှာ ပညာတတ်နည်းရပါသလဲ။ ကလေးတွေ ပညာမလိုလားလို့ လို့ ထင်ရင်တော့ သမီးမှားလိမ့်မယ်။ ကမ္ဘာပေါ်က ကလေးအများစု အလွယ်တကူရနေတဲ့ Free Education ကို မြန်မာပြည်က ကလေးတွေ မရတာ။ ကျောင်းစရိတ် ကြီးသလောက် ကျောင်းပညာရေးက ဘ၀အာမခံချက် မပေးနိုင်တာ။ ဘွဲ့ရတွေအများကြီး မနိုင်ရင်ကာ မွေးထုတ်ပြီး အလုပ်နေရာကျတော့ ဖန်တီးမပေးတာ။ ဒါတွေကြောင့် မြန်မာပြည်မှာ ကျောင်းနေတဲ့ ကလေးက ၄၅% သာ ရှိတဲ့ကြားက ၄၆% က ကျောင်းပြန်ထွက်နေကြတာ (Drop out ဖြစ်နေတာကို ပြောတာပါ)။

သမီးရေ .. မြန်မာပြည်ထဲမှာ တကယ့်ကို စည်းကမ်းရှိရှိနဲ့ နေထိုင်ပြီး ကိုယ့်ဘ၀ကို တည့်တည့်မတ်မတ် ထိန်းသိမ်းနေတဲ့ မိန်းကလေးတွေအများကြီး ရှိနေတာကို အန်တီ သိပါတယ်။ အဲသလိုပဲ Sex worker အလုပ်ကို တချို့က ၀ါသနာပါလို့ လုပ်နေတယ်ဆိုတာကိုလည်း အန်တီမငြင်းပါဘူး။ ဒါပေမဲ့ အဲဒါဟာ သိပ်ကို နည်းတဲ့ လူနည်းစုပါ။

စကားကပ်ပြောတာမဟုတ်ဘူးသမီးရေ.. (လူငယ်လေးတယောက် ပြောခဲ့သလို ပြောရရင်..) ဒါဆို.. ဒီ စစ်အစိုးရ လက်ထက်ကျကာမှပဲ မြန်မာပြည်မှာ sex worker အလုပ် ကို ၀ါသနာပါတဲ့ မိန်းကလေးတွေ များလာတာလား..။

အန်တီမြန်မာပြည်မှာ ရှိနေတုန်းက ၂၀၀၅ နှစ်ဆန်းပိုင်းမှာ အန်တီ့ရဲ့ NGO အလုပ်တခုအတွက် HIV ကိစ္စ စာရေးဖို့ Sex worker တွေ တော်တော်များများနဲ့ တွေ့ပြီး စကားပြောခဲ့ရပါတယ်။ အဲဒီထဲက တယောက် အကြောင်း သမီးကို ပြောပြချင်ပါတယ်။

သူက အဲဒီတုန်းက အသက် ၃၇နှစ်ပါ။ သူက အိမ်ထောင်သည် ကလေး၃ယောက်အမေ။ ရုပ်ကလေးက လှလှ၊ ကိုယ်လုံးကိုယ်ပေါက်က တောင့်တောင့်။ အသက် ၁၈နှစ်နဲ့ အိမ်ထောင်ကျတာမို့ သူ့ သမီး အကြီးဆုံးက ၁၈နှစ်ရှိနေပြီ။ အငယ်ဆုံးကလေးတောင် ၈တန်းရောက်ပြီ။ ကံကဆိုးချင်တော့ ကလေးတွေက စာတော်ကြတယ်။ ပညာ လိုလားကြတယ်။ သူ့မှာ လေဖြတ်နေတဲ့ အမေအိုကြီးရှိတယ်။ နောက် ယောက္ခမ အဖိုးကြီးကလည်း သူ့အိမ်မှာပဲ။ သူ့ယောက်ျားက ဆိုက်ကားနင်းတယ်။ သူ့ဘ၀မှာ အစုံ လုပ်ဖူးတယ်။ အရင်းအနှီးက သိပ်မတတ်နိုင်တော့ ကုန်စိမ်းရောင်းတာကအစ၊ ရထားလက်မှတ် ရုပ်ရှင်လက်မှတ် မှောင်ခိုရောင်းတာ အထိ။ ဒါပေမဲ့ စည်ပင်သာယာ ကြောက်ရ၊ ရဲကြောက်ရ၊ ကုန်စိမ်းရောင်းတော့လည်း မနက်အစောကြီး အလုအယက် ဈေးကြိုရလို့ ကလေးတွေကျောင်းတက်ဖို့ အဆင်မပြေဖြစ်ရ။ ပြီးတော့ အမေနာတာရှည်ကို ပြုစုရတာတဘက်၊ ဈေးရောင်းလို့ ရတဲ့ ပိုက်ဆံက အိမ်စားစရိတ်တောင်အနိုင်နိုင်။ အိမ်လခတွေက ထိုးတက်။ လူတွေ စီးပွားရေးကျတော့ သူ့ယောက်ျား ဆိုက်ကား နင်းရတာလည်း အဆင်မပြေ။ ဆိုက်ကားအုံနာကြေးက တက်။

သူက အန်တီ့ကို ပြောတယ်.. “ကံဆိုးတာလား.. ကံကောင်းတာလားတောင် မသိတော့ပါဘူးအမရယ်.. ကျမက နည်းနည်း လှတော့” ..တဲ့။ ဟုတ်တယ်..သူက တော်တော် ကြည့်ကောင်းတယ်၊ အသက်၃၇ မထင်ရဘူး။ ၃၂ လောက်ပဲ ထင်ရတယ်။ တနေ့ကျတော့ ၀တ္ထုတွေထဲကလိုပဲ.. အမေက နေမကောင်း၊ အိမ်မှာ အိပ်စရာနေရာ တောင် မကျန်လောက်အောင် မိုးက ယို၊ ယောက်ျားက အလုပ်မကောင်း၊ ကလေးအကြီး ၂ယောက်က သူတို့ အတန်းပိုင်ဆရာမတွေက ပြဿနာရှာနေလို့ အဲဒီဆရာမဆီမှာ ကျူရှင်တက်မှ ဖြစ်မယ်တဲ့။ အဲဒီတုန်းက ကလေးအငယ် ၈နှစ်သားလေးက မိုးယိုတဲ့နေရာနား အိပ်ရလို့ထင်ပါရဲ့ တုပ်ကွေးမိနေတယ်။ နေ့ပြန်တိုးနဲ့ ယူထားတဲ့ အကြွေးတွေလည်း ရှိနေတယ်။ ပိုက်ဆံရစရာကတော့ ဘာအလုပ်မှ မရှိ။ ဘူတာကြီးက လက်မှတ်မှောင်ခိုအလုပ်ကလည်း သူတို့ဝန်ထမ်းတွေ အချင်းချင်း ချိတ်ပြီးသားဖြစ်နေပြီ။ ရုပ်ရှင်ကလည်း လူတွေ မကြည့်ကြတော့သလောက်မို့ လက်မှတ်မှောင်ခိုအလုပ် မရှိတော့။ သူ စိတ်ညစ်ညစ်နဲ့ ဆူးလေ ကားမှတ်တိုင်မှာ ငေးငေးငိုင်ငိုင် ရပ်နေတုန်း သူ့ကို Sex worker မှတ်လို့ လာခေါ်တာနဲ့ ကြုံရတယ်။

“ကျမ စဉ်းစားတယ်.. ဘာလုပ်မလဲ.. ဖြစ်ချင်ရာဖြစ်.. ငါ ကလေး၃ယောက်အမေပဲ။ မထူးတော့ဘူး.. ငါ့ဘ၀ကို ငါ့ မိဘတွေနဲ့ ငါ့သားသမီးတွေအတွက် ပေးဆပ်ရတော့မှာပဲ.. လို့တွေးတယ်”။ သူက လှတော့ သူမထင်မှတ်ထားလောက်အောင် ပိုက်ဆံရခဲ့တယ်။ ဒါပေမဲ့ အဲဒီနေ့က အပြန်မှာ သူ ငိုရပါတယ်။ ဒါပေမဲ့ သူ စိတ်မလုံဘူး။ သူ့ယောက်ျားးကို ပြောပြရမလား..။ “ပထမတော့ သူ့ကို သနားလို့ မပြောဖြစ်သေးဘူး။ ဒါပေမဲ့ မပြောလို့က မဖြစ်တော့ ကျမအလုပ်လုပ်တာ ၆လလောက်ရှိမှ ပြောပြလိုက်တော့ သူက ရိပ်မိနေပြီးသား တောင် ဖြစ်နေပြီ။ သူက မတတ်နိုင်ဘူးလေ.. ” တဲ့။

“အဲဒီနောက်ပိုင်း အိမ်အမိုး ပြန်မိုးနိုင်တယ်။ အမေ့ကို ဆေး နည်းနည်း ကုနိုင်လိုက်တယ်။ ခုတော့ အမေလည်း ဆုံးရှာပါပြီ။ ယောက္ခမ အဖိုးကြီးပဲ ရှိတော့တယ်။ ကလေးတွေလည်း ကျူရှင်တက်နိုင်တယ်။ သမီးကြီးက ၁၀တန်းအောင်သွားပြီ။ ကျမယောက်ျားကတော့ အရက်ပိုသောက်လာတယ်။ အဲဒီအတွက်တော့ စိတ်မကောင်း ဘူး။ သားသမီးတွေ ကိုတော့ အသိမခံနိုင်ဘူးအမရယ်။ သမီးကြီး ကျောင်းပြီးရင်တော့ ကျမ နားလို့ ရလောက် ပြီ။ အသက်လည်း ရလာပြီလေ အမရယ်” တဲ့။

အန်တီ တော်တော် စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အန်တီက အဲဒီတုန်းက အသက် ၄၀၊ ကိုယ်လည်း ကလေး ၃ယောက်အမေ။ တက္ကသိုလ်မှာ ကထိက ဆရာမ။ လစာ ၁သောင်းခွဲပဲရလို့ အိမ်မှာ စားစရိတ်တောင် မလောက်တဲ့အချိန်။ အန်တီ့ယောက်ျားက သားတကွဲ မယားတကွဲနဲ့ မလေးရှားမှာ အလုပ်သမားသွားလုပ်ရတာ တလ ၂သိန်းပို့ဖို့ သူ့ခမျာ အင်မတန် ချွေတာပြီး နေနေရတဲ့ ဘ၀။ အန်တီ ကိုယ်ချင်းစာတယ်။ အန်တီ ဘွဲ့၃ခု ရခဲ့တယ်။ အဲဒီဘွဲ့တွေရင်းပြီး အလုပ်လုပ်တာ အနှစ်၂၀ နီးပါးမှာ လစာက တလ ၁သောင်းခွဲတဲ့။ အဲဒီအချိန်မှာ မိသားစု နေသာတဲ့ အိပ်ခန်းတခန်းပါ အိမ်ကလေးငှားနေရင်တောင် အိမ်လခက တသောင်းခွဲပေးနေရတဲ့ ခေတ်။ (ကိုယ်က အမေ့အိမ်မှာ ကပ်နေလို့ ရပေလို့)။ အဲဒီတုန်းက အန်တီ့သားကြီး ၈တန်းကျောင်းသားရဲ့ ကျူရှင်ကြေးကလည်း တသောင်းခွဲပဲ။ ကဲ.. ရိုးရိုးသားသားအလုပ်နဲ့ မြန်မာပြည်ထဲမှာ ဘယ်လိုနေ.. ဘယ်လိုစားပြီး ကိုယ့်ကလေးကို ပညာသင်ပေးမလဲ..။

သမီးရေ.. အဲလို ဘ၀တွေ မြန်မာပြည်မှာ ဘယ်လောက်ရှိနေလဲ သမီး သိလား..။ မိသားစုအတွက် အလုပ်လုပ်စရာ ငွေအရင်းမတတ်နိုင်တဲ့အခါ ကိုယ့်ကိုယ်ပဲ ရင်းလိုက်ရတဲ့ သမီးမိန်းကလေးတွေ ဘယ်လောက်ရှိနေလဲ.. ။ နောက်ဆုံး အဝေးသင်တက်ဖို့တောင် ပိုက်ဆံ မတတ်နိုင်လို့ လပေးပြည့်တန်ဆာ လုပ်ရတာတွေ အန်တီ့ တပည့်ထဲမှာတောင် ရှိတာ.. အန်တီ မရေးရက်ပါဘူး။ ကဲ..တော်ပါပြီ သမီးရယ်နော်.. ဒီလောက်ဆို သမီး သိလောက်ပါပြီ။ နောက်ထပ် တကယ်ရေးမယ်ဆိုရင်တော့ လူငယ်တွေကို မူးယစ်ဆေးဝါးနဲ့ ဖျက်ဆီးတာတွေ (‘အဖျက်ဆီးခံတာကိုး’လို့ သမီးပြောရင် အန်တီကလည်း အစိုးရတရပ်ရဲ့ တာဝန်ယူမှု ဆိုတာကို ပြန်ပြောပြပါ့မယ်)။ ဘ၀အနာဂတ်ကင်းမဲ့တဲ့အတွက် စိတ်ကျနေရတဲ့ လူငယ်တွေရဲ့ ပြဿနာတွေ… PLHA လို့ခေါ်တဲ့ (People of living with HIV/ AIDS) Victims တွေရဲ့ ပြဿနာတွေ၊ အန်တီ့ဆီမှာ ကိုယ်တိုင် ဖြတ်သန်းဖြေရှင်းပေးခဲ့ရဖူးတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ဒါတွေကြောင့်ပဲ အန်တီ 'ရန်ကုန်ထောင်' ကို ရေးဖြစ်ခဲ့တာပါပဲ..။ သမီးရေ.. နောင်လည်း ခုလိုပဲ ဝေဖန်ဆွေးနွေးနော်.. ဒါမှပဲ.. သေသေချာချာ ပြန်ရှင်းဖြစ်.. ပြောဖြစ်မှာမို့လား..။ တခုပဲ အန်တီက အလုပ်များလို့ နည်းနည်းနောက်ကျတာပဲ ရှိမှာနော်.. :D

ကျေးဇူးပါ..

အန်တီမေငြိမ်း

3 comments:

ညီလင်းသစ် said...

အမရေ...ဒီစာစုလေးကို တကယ်ခံစားရပါတယ်၊ စာဖတ် ပရိသတ်တစ်ယောက်ရဲ့ မှတ်ချက်နဲ့ဆက်နွယ် ပြီးပြန်ရှင်းပြတဲ့ ပုံစံနဲ့သွားပေမယ့် ကျနော်တို့မြင်လိုက်ရ တာတွေက အများကြီးပါပဲ၊ သာသာယာယာတော့ မဟုတ်ပါဘူး၊ တကယ့်အလုံးအရင်းနဲ့ကို နင့်ကနဲပါ...။
သမီးလေး ၁၀ တန်းအောင် ဘွဲ့ရတဲ့အထိ ခန္ဓာကိုယ်နဲ့ ရင်းပြီး ကျောင်းထားပေးခဲ့တဲ့အမေ...တဲ့လား၊ ဒီလို ဘဝပေါင်း များစွာကို အမမြင်ခဲ့ရမယ်ဆိုတာ ယုံမှားခြင်း အလျင်း မရှိပါဘူး၊ လူငယ်တွေရဲ့ အမြင်နဲ့ ပတ်သက် လာရင် အရေးတယူနဲ့ စိတ်ရှည်လက်ရှည် ရှင်းပြတတ် တဲ့ အမ ရဲ့စေတနာကို လေးစားလျက်ပါ...။

Pinkgold said...

အန်တီရေ
ပိုစ့်လေးကို အချိန်ပေးပြီး တင်ပေးတာ ကျေးဇူးပါ.. ဖတ်ရတာ ရင်နဲ့ အမျှ ခံစားရပါတယ် အန်တီရေ.. တစ်ကယ်ပါ မြန်မာပြည်ရဲံ အခြေအနေက တွေးလေ ကြောက်စရာ ကောင်းလေပါပဲ

Hteink Min said...

တီရာ။ စိတ်ညစ်တယ်။ သားသားစိတ်ညစ်တယ်။ ဘာတွေလုပ်ကြမလဲ။ ဘာတွေလုပ်သင့်သလဲ။ မတွေးတတ်အောင်လောက်ပါပဲ၊ စာဖတ်ပြီး မု့ဒ်ဝင်သွားတာ မြန်မာပြည်ပြန်ရောက်သွားသလိုပဲ။ အဲလို ပုံစံမျိုးအလုပ်တွေလုပ်ပြီး ကလေးတွေကိုကျွေးရတာတော့ မသိရဘူး၊ ဒါပေမဲ့ ရန်ကုန်သွားတာနှင့် မြို့တော်ကြီးတောင် ဒီလောက်ဆင်းရဲနေရင် လူတွေဘာတွေလုပ်စားနေကြပြီဆိုတာတော့ တွေ့ရှိနိုင်ပါတယ်။ တစ်ခါ နိုင်ငံခြားသား တစ်ယောက်ရဲ့ မြန်မာပြည်ဘယ်နေရာမှာ ပြည့်တန်စာတွေ ဘယ်နားမှာ ဈေးပေါပေါနဲ့ ရနိုငပါတယ်ဆိုတဲ့ စာတစ်စောင် ဖတ်ဘူးပါတယ်။ ဒီလောက်ဆင်းရဲနေကြတာ .. မြန်မာပြည်ကြီး သွားပါပြီ..