လွတ်လပ်ရေးနေ့လို့ စဉ်းစားလိုက်တော့ အတွေးတွေထဲမှာ ငယ်ငယ်က လွတ်လပ်ရေးနေ့ဆိုရင် ရပ်ကွက်ထဲမှာ အားကစားပြိုင်ပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ လုပ်တာပဲ သတိရပါတယ်။ ကျောင်းမှာတော့ စာစီစာကုံးပြိုင်ပွဲတွေ လုပ်တာပေါ့။ သေချာတာ ကတော့ ကလေးမို့သာ မသိရှိမယ်။ ခုပြန်တွေးကြည့်တော့ ရန်ကုန်မြို့လယ်ခေါင်မှာ နေတဲ့ ကျမတို့ခမျာ ကစားကွင်းဆိုတာ မရှိလို့ ကားလမ်းမကို ပိတ်ပြီး ပြေး ခုန် ပစ် ကြရတာပါလား။ အဲဒီလမ်းကျဉ်းကျဉ်းကို ပိတ်ပီးကစားရလို့ ခရီးသွားတွေ အနှောက်အယှက်ဖြစ်မှာလားလို့လည်း မတွေးတတ်တဲ့ အရွယ်ပေါ့။ ဗိုလ်ချုပ်ပြောခဲ့ဖူး တဲ့ လွတ်လပ်ရေးရပြီဆိုပြီး လမ်းမပေါ် ဆေးရိုးလှမ်းတာမျိုးနဲ့ သိပ်မကွာပါလား ဆိုတာကိုလည်း မသိတတ်ခဲ့။ ယုတ်စွအဆုံး ကလေးဘ၀မှာ ကစားချင်လို့မှ ကစားခွင့် မရှိတဲ့ ဆင်းရဲခြင်း၊ မပြည့်စုံရခြင်းက အစိုးရညံ့လို့ဆိုတာကိုမှလည်း မသိတတ်ခဲ့။ ဒီတော့ လွတ်လပ်ရေးနေ့ရောက်ရင် လွတ်လွတ်လပ်လပ် ကစားရလှပြီလို့ မှတ်ခဲ့တာပါပဲ။ ကျမတို့ နိုင်ငံရဲ့ အဓိက ပြဿနာက အဲဒါပါပဲ။ နိုင်ငံရေးရာ ဗဟုသုတ မရှိကြတာ။ ကျမတို့ခမျာ နဂိုကတည်းက မ၀တ၀စားရတာနဲ့ ကျင့်သား ရခဲ့ရတဲ့သူတွေပီပီ လူဆိုတာ အ၀စားခွင့် ရှိတယ်ဆိုတာကို မသိခဲ့။ လွတ်လွတ်လပ်လပ်ဆော့ကစားခွင့်ဟာ ကလေးတွေ မဖြစ်မနေရရမယ့် အခွင့်အရေးဆိုတာကိုလည်း နားမလည်ခဲ့။ အသက်၅နှစ်ပြည့်လို့ ကျောင်းစနေတော့ ကိုယ်ကျောင်းတက်ရသလို ကလေးတိုင်း ကျောင်းနေရ တာပဲလို့ ထင်ခဲ့တာ။ တနိုင်ငံလုံး လျှောက်လည်တဲ့ အခါတွေမှာ ရထားလမ်းတလျှောက် ရေရောင်းတဲ့ ကလေးတွေတွေ့ရင် သူတို့ အိမ်က ဘူတာနဲ့နီးလို့ မုန့်ဖိုးပဲဖိုးရအောင် အလကားရတဲ့ ရေကို အပျော်ထွက်ရောင်းတယ် ထင်တာ။ (အဲဒီတုန်းက ရေသန့် မပေါ်သေး)။ ကျောင်းမနေနိုင်လောက်အောင် ဆင်းရဲကြတာ မသိခဲ့။
အဲလိုနဲ့ လက်သည်းအဆိတ်ခံရလို့ ခံရမှန်းမသိ၊ လက်ထိပ် မနာတတ်ခဲ့။ ဒီလိုနဲ့ အဖေ ပြောပြတဲ့ 'ကျောင်းသားအခွင့်အရေး'ဆိုတာတွေ၊ '၀န်ထမ်းအခွင့်အရေး'ဆိုတာတွေ၊ 'အထက်ကကိုင်တွယ်တယ်'ဆိုတာ တွေနဲ့ ဖြည်းဖြည်းချင်း ရင်းနှီးခဲ့။ ဒါပေမဲ့ ကျမကိုယ်တိုင် ပြင်းပြင်းထန်ထန် အထိခိုက်ခံရတယ်ဆိုတာမျိုး မရှိတော့ မသိသာခဲ့။ အဖေကလည်း ‘မဆလ’ မကောင်းဘူး.. ပါတီမ၀င်ဘူး.. လို့သာ တွင်တွင်ပြောနေပေမဲ့ ၊ သူကိုယ်တိုင်က ‘မဆလ’လက်ထဲက အရာရှိ။ အဲလို မသိလိုက်မသိဘာသာ ၀န်းကျင်ထဲမှာပဲ ကျမ ရှောရှောရှူရှူ ကြီးပြင်းခဲ့တာပါ။
ဆယ်ကျော်သက်မှာ ကဗျာတွေ ကြိုက်တတ်လာတော့ မှတ်မှတ်ရရ အဖေကြိုက်လွန်းလို့ဆိုပြီး ပေးဖတ်တဲ့ 'ဖော်ဝေး' 'အောင်ခြိမ့်' 'မောင်ချောနွယ်'တို့ရဲ့ ‘သစ်ရွက်သေများပေါ်မှ ရက်စက်သောဂီတ’မှာ ခေတ်ဆိုတာကို စသိလာတယ်။ အဲဒီတုန်းက ၈တန်း။ အဲဒီမှာ ‘မလွတ်လပ်ဘူး’ ဆိုတာကို စသိတယ်။ ဒါပေမဲ့ ‘လွတ်လပ်တယ်’ဆိုတာကိုတော့ သေချာ မသိသေး။ ဒါပေမဲ့ အကျပ်အတည်း ဆိုတာကို သိပီ။ ဖော်ဝေးပြောတဲ့ ‘မီးလောင်ပြင်’ တို့ 'အလောင်းအမှတ် သုည သုည တစ်' တို့ဟာ ဘ၀တခုပဲလို့ သိပြီ။ ‘နောက်၁၀နှစ်ဆို သမီးလေး မဟူရာကိုကို အပျိုဖြစ်ပြီ’ဆိုတဲ့ မောင်ချောနွယ်ကို နားလည်ပြီ။ ‘ပြီးတော့လည်း... အိပ်လိုက်တာပါပဲ.. အ၀င်းဆိုတဲ့ ဖာသည်မလေးကို အဲလိုစော်ကားလိုက်ပါတယ်...’ ဆိုတဲ့ အောင်ခြိမ့်ရဲ့ 'သိနားလည်သူတို့၏ ကစားနည်း' ကို မြင်တတ်ပြီ။ အဲဒီမှာ နိုင်ငံရေးဆိုတာကို သိလိုက်သလိုလို။ နိုင်ငံ့အခြေအနေဆိုတာကို သိသလိုလို။
နောက်တော့ စာတွေအစုံ၊ အများကြီး အများကြီး ဖတ်ခဲ့တာ။ ‘သပိတ်မှောက် ကျောင်းသား’၊ ‘မြိုင်’၊ ‘အရှေ့ကနေ၀န်းထွက်သည့်ပမာ’ 'တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ' ကနေ ‘အောင်သန်း၏ အောင်ဆန်း’၊ ‘ဘုံဘ၀မှာဖြင့်’၊ ‘ရုပ်ပုံလွှာ’ ‘နိုင်ငံရေးသုခမိန်’တို့အထိ။ ‘ထမီကျွတ်၍ လွှတ်လိုက်မည်’၊ ‘တို့တိုင်းဌာနီ’၊ ‘မုန်း၍မဟူ’ 'မသိန်းရှင်ဆီ ပို့ပေးပါ' ကနေ ‘နှလုံးသားမြို့ဟောင်းတူးဖော်ချက် နောက်ဆုံး အစီရင်ခံစာ’၊ ‘ပြိုမှာလေလားမိုးရဲ့’ ၊ ‘ပန်းတွေနဲ့ဝေ’ ၊ ‘အမှတ်တရ’ တို့ အထိပေါ့။ အဲဒီ စာအုပ်တွေထဲက ဘာတွေ ရခဲ့သလဲ... သေသေချာချာ တိတိပပ မပြောနိုင်။ ဘ၀တွေ အများကြီးကို သိခဲ့တာတော့ အသေအချာ။ အဲဒီအပြင် သေချာ မသိခဲ့တဲ့ အတုအယောင် လွတ်လပ်ရေးဆိုတာကိုတော့ သိတတ်ခဲ့ပြီ။
ကျမတို့ တသက် ဇန်န၀ါရီလ ၄ရက်နေ့ကို ‘လွတ်လပ်ရေးနေ့’ လို့ သိခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အသက်နဲ့ လဲယူပေးခဲ့တဲ့ လွတ်လပ်ရေးပေါ့။ ခု ၂၀၀၈ခုနှစ် ဇန်န၀ါရီလ၄ရက်နေ့မှာ လွတ်လပ်ရေးအသက် နှစ်၆၀ ပြည့်ပြီ။ အစိုးရ၀န်ထမ်းသာ ဆိုရင် ပင်စင်ရတဲ့အရွယ် တိုင်ပြီ။ အင်းး ဒါဆို.. ကျမတို့ ဘာတွေ လွတ်လပ်ခဲ့သလဲ..၊ ဘယ်လောက် လွတ်လပ်ခဲ့သလဲ..၊ တကယ်ကော လွတ်လပ်ခဲ့သလား.. ဆိုတာပါပဲ။
လွတ်လပ်ရေး ရခဲ့တာ နှစ်၆၀ တဲ့။
ပြည်တွင်းစစ်လည်း နှစ်၆၀နီးပါးပဲ။ မြန်မာနိုင်ငံရဲ့ တောတွေ တောင်တွေထဲမှာ ဘ၀တလျှောက်လုံး အိမ်ဆိုတာ ဘာလဲလို့ မသိတဲ့ ရွာပုန်းရွာရှောင် (IDP- Internal displaced persons) ပြည်သူတွေ ပြေးလွှားနေခဲ့ကြရ တာလည်း နှစ်၆၀နီးပါး တိုင်ခဲ့ပြီ။ တောင်တန်းဒေသတွေဆီက လူမျိုးစုတွေ မီးမှိတ်တုတ် မှိတ်တုတ်ထဲ... ရာသီဥတုကြမ်းကြမ်းထဲ... ကမ္ဘာဆိုတာ လုံးတယ်လို့ မှတ်။ နိုင်ငံတကာဆိုတာက ဟိုးးးး အဝေးတကာ့ အဝေးကြီးမှာ ရှိတယ်လို့ မှတ်..။ ကိုယ့်နိုင်ငံလေးအတွင်းမှာတောင်မှပဲ ချိုင့်ဝှမ်းတွေ လွင်ပြင်တွေ တောင်ကုန်း တောင်တန်းတွေ မြစ်ချောင်းအင်းအိုင်တွေကို ကျော်လွှားသွားရဖို့ ခဲယဉ်းလှတယ်လို့ မှတ်...။ အဲလို မှတ်ခဲ့ကြရတာလည်း နှစ်၆၀ပင် မကတော့ပြီ။ ခုထိလည်း အရာရာက မှိတ်တုတ် မှိတ်တုတ် မှုန်တိမှုန်ဝါးသာ...။
ခုတော့ ကျမတို့ နိုင်ငံသားတွေမှာ မှုန်မှုန်မှိုင်းမှိုင်းထဲ အနေများခဲ့ရလို့ပဲ တောက်ပ စင်ကြယ်တဲ့ အလင်းကို မကြည့်တတ်တော့ပြီလား...။ ဒါမှမဟုတ်၊ ဟို ခပ်ရိုးရိုး ပုံပြင်တခုထဲက.. ရေနွေးထဲကဖားတွေလို အပူဒဏ်ကို ခံနိုင်ရည်ရှိနေတာလား...။ ဒါမှမဟုတ် ‘ခန္တီစ သည်းခံခြင်းသည် မြတ်၏’ဆိုတဲ့ ဘာသာရေးအဆုံးအမကိုပဲ လိုက်နာကျင့်ကြံနေတာလား...။ ဒါမှမဟုတ် ဗုဒ္ဓဘာသာထဲက ကံအကြောင်းတရားကိုပဲ နှလုံးသွင်းနေတာ လား...။ ဒါမှမဟုတ်... ... ...
ဒါနဲ့ပဲ ခုချိန်မှာ ကျမကတော့ ‘လွတ်လပ်ရေးနေ့’ကို ဘယ်လို ခံစားချက်မျိုးနဲ့ ကျင်းပသင့်သလဲလို့ စဉ်းစားနေ ပါတယ်။
မေငြိမ်း
နှစ်၆၀ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်။
2 comments:
ဟိုတနေ့က RFA ရေဒီယိုအင်တာဗျူးတခုကြားတော့ အင်တာဗျူးမှာ လွတ်လပ်ရေးနေ့အကြောင်း ပြောသွားတာ ကောင်းလိုက်တာ။
သူပြောတာက လွတ်လပ်ရေးနေ့လား၊ ဘာလားတော့ မသိဘူးတဲ့။ အခုနေ အင်္ဂလိပ်အုပ်ချုပ်နေတုန်းဆိုရင် ဆက်တလိုက်တော့ ကောင်းကောင်းကြည့်နေရမှာ သေချာတယ်တဲ့။
တီဟုတ်တယ်။ လူတွေဟာ အ၀စားနိုင်တယ်ဆိုတာ မသိကြတာ ခက်တယ်။ လူတွေအ၀စားနိုင်ပါတယ်။ ဒေါသထွက်တယ် ပြောတော့ဘူး
Post a Comment