Jan 19, 2008

သီးလေးသီး ဆေးရောင်စုံ


ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ရန်ကုန် တန်ဆောင်တိုင်တုန်းက မျှော်စင်ကျွန်းပွဲမှာ ကခဲ့ပြီး အရင်ပထမတခေါက် တုန်းကထက်ပိုပြီး နာမည်ကြီး သွားတဲ့ သီးလေးသီးအငြိမ့်ရဲ့ ဗွီဒီယိုခွေကြည့်ရပါတယ်။ တကယ်ပဲ ကြည့်နေရင်း ကျမ ခဏခဏ ကြက်သီးထ ရပါတယ်..။ ကျမတို့ လဘက်ရည်ဆိုင်ထဲမှာတောင် ဘေးဘီဝဲယာကြည့်ပြီး ခပ်တိုးတိုးပြောကြရတဲ့ (ဒါတောင် လူတိုင်းပြောရဲတာမျိုး မဟုတ်တဲ့) ပြက်လုံးတွေကို ဒီလူငယ်လေးတွေက စင်ပေါ်ကနေ အများပြည်သူ သိအောင် ပြက်ပြနေတာ။

‘လူပြက်’ ဆိုတာက လောကထဲက ပြက်ရယ်ပြုပြောလောက်တဲ့ အဖြစ်အပျက်တွေကို အများပရိသတ် သတိထားမိအောင်၊ သတိပြုမိအောင် ရယ်စရာလေးတွေလုပ်ပြီး ထောက်ပြတဲ့ လူ။ သူတို့ကို လူရွှင်တော် လို့လည်း ခေါ်ပါတယ်။ လူတွေကို ရယ်ရွှင်အောင် လုပ်သူ .. သူတို့ကို ချီးမြှောက်တဲ့အနေနဲ့ ‘တော်’ မြှောက် တော့ ‘လူရွှင်တော်’.. ပေါ့။ အများအားဖြင့်တော့ လူရွှင်တော်(လူပြက်)ဆိုတာ ခေတ်တခေတ်ရဲ့ အကောင်းအဆိုးအပေါ် တာဝန်ကျေကြပါတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ လူသိများထင်ရှားတဲ့သူတွေရဲ့ ထူးခြားချက်၊ အားသာချက်၊ အားနည်းချက်တွေကို ၇ွှင်ပေါက်နဲ့ ထောက်ပြတာမို့ ‘ပြက်လုံး’ ဆိုတာဟာ အပြုသဘောဆောင်တဲ့ ဝေဖန်ရေးတမျိုးလို့တောင် ဆိုနိုင်ပါတယ်။

ဒါကြောင့်ပဲ လူရွှင်တော်တွေရဲ့ ပြက်လုံးလွှမ်းမိုးမှုကို ကောင်းကောင်းသဘောပေါက်တဲ့ အာဏာရှင်အစိုးရ တွေကတော့ လူရွှင်တော်တွေရဲ့ ပြက်လုံးတွေကို ကြောက်ပါတယ်။ အဲဒီအခါ လူပြက်တွေနဲ့ ပူးတွဲနေတဲ့ အငြိမ့်ခွင်တွေကို ကြောက်ပါတယ်။ ဒါကြောင့် ၁၉၆၂ နောက်ပိုင်း မဆလလက်ထက်မှာ တင်းကျပ်တဲ့ စိစစ်ရေးတွေကြောင့် အားလျော့သွားရတဲ့ အငြိမ့်တွေဟာ ၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်မှာတော့ ပိုဆိုးလာပြီး လုံးလုံးကို ပျောက်ကွယ်လုဖြစ်သွားပါတယ်။ ရှိတဲ့ အငြိမ့်တွေထဲမှာ တချို့ကလည်း တိုင်းကျိုးပြည်ပြု လို့ခေါ်တဲ့ အစိုးရကြိုက်ပြက်လုံးတွေနဲ့ ခါးအောက်ပိုင်းကနေ မတက်နိုင်တဲ့ ညစ်တီးညစ်ပတ် ပြက်လုံးတွေသာ ပြက်ကြရပါတော့တယ်။ ပြက်လုံးကောင်း အစစ်အမှန် ပြက်တဲ့သူတွေကို ထောင်ချတန်းချနေတဲ့ ခေတ်ထဲမှာ….. အငြိမ့်ခေတ်ပါ မှေးမှိန်ခဲ့ရတာပါ။

ခုတော့ “သီးလေးသီး ဆေးရောင်စုံအငြိမ့်” တဲ့။ လူငယ်လေးတွေ….။ ၁၉၈၀ခုနှစ်များဆီက ပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့ဖူးတဲ့ “မိုးနတ်သူဇာအငြိမ့်”တုန်းကလို ကျောင်းသားလူငယ်တွေ။ ၂၀၀၇ထဲမှာ ပေါ်လာပါတယ်။ ဗွေဆော်ဦး ဗီဒီယိုခွေအတွက် ရိုက်တဲ့ အငြိမ့်ပွဲ ထွက်ခွင့်မရဘူးတဲ့။ ဒါရိုက်တာလုပ်သူက ဇာဂနာ။ တရားဝင်ထုတ်ခွင့်မရတာတောင်.. လူထုကြားထဲမှာ.. “ ဒါတော့ မလုပ်နဲ့..” ဆိုတဲ့စကား ကျန်သွားစေခဲ့တဲ့ အဖွဲ့။ ခု အဲဒီအဖွဲ့ကလေးက မြန်မာပြည်ထဲမှာ လူပြက်တာဝန် ပီပီပြင်ပြင် ကျေခဲ့။ ရဲရဲရင့်ရင့် ပြက်ခဲ့ပြီးပြီ။ နောက်ထပ်ပွဲခွင်ဆိုတာ မသေချာခင်ကာလမှာ..။ အကြောင်းအမျိုးအမျိုးနဲ့ ပြည်ပမှာရောက်နေကြရတဲ့ သူတို့ချစ်တဲ့ပြည်သူတွေကို ဖျော်ဖြေဖို့တဲ့..။ တကယ့်ကို ရဲရဲရင့်ရင့် ထွက်ခဲ့ကြပြန်ပီ။

ဒီတော့ သူတို့ရဲ့ အငြိမ့်ပွဲဟာ သာမန်အငြိမ့်ပွဲ မဟုတ်တော့။ ကမ္ဘာအနှံ့ ပျံ့နေတဲ့ ကိုယ့်နိုင်ငံသားတွေကို တကယ့်မြန်မာပြည်ရဲ့ အခြေနေမှန်တွေကို သတင်းပေးဖို့ .. ပြီးတော့ ကျမ ခံစားရတာက ပြည်တွင်းနဲ့ ပြည်ပ ဝေးနေတဲ့ ကိုယ့်နိုင်ငံသားအချင်းချင်း တွေရဲ့ ချစ်ကြည်ရေး.. ပြီးတော့ သူတို့ရဲ့ အနုပညာလွတ်လပ်ခွင့်ကို အသုံးချနိုင်ဖို့.. ဒါဟာ ယဉ်ကျေးမှုအနုပညာနဲ့ ဖော်ဆောင်တဲ့ အမျိုးသားရေးလုပ်ငန်းစဉ်တခုလို့ ခံစားရပါတယ်။ အဲဒီတော့ ကျမစိတ်ထဲ အဲဒီ လုပ်ငန်းစဉ်ကို အားပေးရမယ်.. ကူညီရမယ်လို့ ခံယူတယ်။

ခု သူတို့ မလေးရှားနဲ့ ဘန်ကောက်မှာ ပွဲခွင်နှစ်ခွင်ပြီးပြီ။ နောက် စင်္ကာပူမှာ..။ နောက် ဇင်းမယ်(ချင်းမိုင်)ကို လာမယ်.. နောက် ကိုးရီးယား၊ ဂျပန်..။ နောက်ထပ် ခြေဆန့််ရင် ဆန့်နိုင်သလောက် .. သူတို့ရဲ့ အနုပညာငှက်က အစွမ်းကုန်ပျံသန်းလိမ့်မယ်။

ကျမကတော့ ဗမာပြည်သားမှန်ရင်.. ကျမတို့ မလုပ်ရဲတာ မလုပ်နိုင်တာကို၊ လုပ်ရဲတဲ့.. လုပ်နိုင်တဲ့.. လုပ်နေတဲ့.. (အနုပညာ)သူရဲကောင်းတွေကို မဖြစ်မနေ အားပေးကြရမယ်.. လို့ ခံယူထားပါတယ်။

8 comments:

mm thinker said...

အစ်မရေ ကျနော့ဘလော့မှာ အခမဲ့ ကြော်ငြာ တင်လိုက်ပါတယ်ဗျာ။

အားပေးမည့်သူ
သင်ကာ
www.mmthinker.iblogger.org

* In Search of Truth * said...

သို့ အန်တီဒေါ်မေလိမ်

အန်တီကြီးကြည့်ရတာ လိမ်ရတာ ၀ါသနာကြီးပုံပေါ်တယ်။ http://bp1.blogger.com/_XtYtqe1TZUI/R4Wgbe01goI/AAAAAAAABPM/GCB8aJQCGf8/s1600-h/DSC02516a.jpg မှာ ကလေးနှစ်ယောက် ငါးရောင်းနေတယ်ဆိုတာဟုတ်ပါ့မလား? ဘေးမှာချထားတဲ့ ဓါးမကြီးက ကလေးတွေမနိုင်အောင် ကြီးနေတယ်ဗျ။ ကြောပေးထားတဲ့ မိန်းမကြီးဘက်ကို အရိုးလှည့်ထားပါတယ်။ မိန်းမကြီးကိုင်နေတဲ့ ဓါးဆိုတဲ့ သဘောပါ။

ဘယ်ငါးစိမ်းသည်မှ အ၀တ်ကောင်းတွေဝတ်၊ သနားခါးလှလှလူပြီး ဈေးမရောင်းပါခင်ဗျာ။ အဲဒီဓါတ်ပုံက ဈေးရောင်းတဲ့ပုံနှင့် မတူပါ။ အမေ့ဘေးမှာ ဆော့နေတဲ့ ကလေးငယ်နှစ်ယောက်ပုံကို လိမ်ညာစာတန်းရေးထားတာ သိသာနေပါတယ်။ အန်တီကြီး ဒေါ်မေလိမ် ပညာမြင့်မားလာအောင် လိမ်ပုံလိမ်နည်း BBC, DVB မှာ သင်တန်းတက်လိုက်ပါဦး။

ငစနေ said...

အစ်မရေ
ဒီနေ့သီးလေးသီးအငြိမ့် သွားကြည့်ဖြစ်တယ်။ မျှော်စင်ကျွန်းပွဲလောက် မပြင်းဘူး။ တစ်ခုခု လိုနေသလို ခံစားရတယ်။

လင်း said...
This comment has been removed by the author.
လင်း said...

ဆရာမ လင်းကြောက်တယ်နော်း-) ဟိဟိ ကင်းကောင်
လိုပြောကြည့်တာ

Min Min said...

တီ မင်္ဂလာပါ။ ကျွန်တော်တို့ သီးလေးသီ အငြိမ့်ဆိုလို့ ဥရောပ ကို ခေါ်နိုင်ရင်ကောင်းမယ်။ ကျွန်တော်တို့ ဒီဘက်မှာလည်း Cluture Events လေးတွေ လိုနေတာပဲ ။တိုင်ပင်ကြည့်လိုက်ပါဦးမယ်။ ဖြစ်နိုင်မလား မသိ။ တခါမှတော့ မကြည့်ဘူးဘူး။ သို့သော် ပြက်လုံးလေးတွေ ကိုဇာဂနာ့ ဘလော့မှာ မြင်လိုက်တော့ .. သဘောတွေ့သွားတယ်။

ညီအကိုများ said...

သီးလေးသီး အငြိမ့်အရမ်းကောင်းတယ်ဗျို့…
တသက်နဲ့ တကိုယ်..အငြိမ့်တခါမှlive မကြည့်ဖူးဘူးဗျ….

သွားကြည့်ဖြစ်အောင် ကြည့်ကြပါဗျို့….
လေးစားတယ်ဗျာ..တကယ်…

ကိုနေ

khayayphyu said...

Hello
Mr.* In Search of Truth *

The kids at this age should be in classroom. But they can't, and follow mum to sell the fish. They may help their mum and they may not sell separetly as they are still too young to calculate money. But if you really want to find out the Truth, when u go back to yangoon, just go to any coffee/tea shop. You will see a lot of kids waiter/waitress.
If your family never seen before, you may b one of people never step on the ground and all the ways go with car or u may be blind person.

Pls admit and accept our country, Myanmar is poor and lose a lot of Human Right. Why close your eyes and argue blindly to let people know how you are stupid and brainless.

With thanks;
khayayphyu