Feb 12, 2008

ဗိုလ်ချုပ်မွေးနေ့


ဗိုလ်ချုပ်သာရှိရင်…
ဒီကနေ့ဟာ ၉၃နှစ်ပြည့်မွေးနေ့ပေါ့။
တကယ် သက်တမ်းစေ့သာ နေခွင့်ရခဲ့ရင် ဗိုလ်ချုပ်ရှိနေနိုင်သေးတဲ့အချိန်..။

ဗိုလ်ချုပ်သာရှိရင်…
သူ့မွေးနေ့မတိုင်ခင်ကပ်လျက်မှာ ကျရောက်တဲ့ ပင်လုံစာချုပ်အောင်ပွဲနေ့မှာ တိုင်းရင်းသားတွေအားလုံးဆုံပြီး စားပွဲသောက်ပွဲတွေနဲ့ ပြည်ထောင်စုနေ့ကြီးကို တပျော်တပါးကြီး ၀ှဲချီးကျင်းပမှာ အသေအချာ..။

လူထုက ကျင်းပပေးမယ့် သူ့မွေးနေ့မှာတော့ ခပ်ပြုံးပြုံးနဲ့.. လာသမျှ ဧည့်သည်တွေကို သူရေးတဲ့ စာအုပ်တွေ လက်ဆောင်ပေးနေမလားပဲ..။

ဗိုလ်ချုပ်သာရှိရင်…
လွတ်လပ်ရေးရပြီးရင် အေးအေးဆေးဆေး စာရေးချင်တယ်ဆိုတဲ့ သူ့စကားအတိုင်း စာအုပ်တွေအများကြီး ရေးပြီးသားဖြစ်နေမှာ အသေအချာ..။

ဗိုလ်ချုပ်သာရှိရင်…
ကျမတို့ ဗမာပြည်မှာ လူဆိုးလူမိုက်တွေ ခုလို ဗိုလ်ကျအုပ်ချုပ်လို့ မရမှာလည်း အသေအချာ..။

ဗိုလ်ချုပ်သာရှိရင်…
ခုလို တိုင်းပြည်သယံဇာတ ကြွယ်ဝပုံမျိုးနဲ့၊ ဗမာပြည်ဟာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံ ဖြစ်နေမှာ အသေအချာ..။

ဗိုလ်ချုပ်သာရှိရင်…
ဗမာပြည်ရဲ့ ပညာရေးဟာ အနည်းဆုံး အရှေ့တောင်အာရှမှာ ကျော်စောလောက်အောင်တော့ အောင်မြင်မှာအသေအချာ..။

ဗိုလ်ချုပ်သာရှိရင်…
ဗမာပြည်သူတွေ ခုလောက် အောက်တန်းနောက်တန်း ကျမနေမှာ အသေအချာ..။

အနည်းဆုံးတော့ ဗိုလ်ချုပ်မရှိတော့ပေမဲ့ ‘ဗိုလ်ချုပ်စကား’ ‘ဗိုလ်ချုပ်တရား’ကို နောက်လူတွေ နားထောင်ကြရင်တောင် ကျမတို့နိုင်ငံ ခုလောက်ဆင်းရဲတာ မရှည်မှာ အသေအချာ..။

ဒါတွေကို ကျမ စိတ်မှန်းနဲ့ ရမ်းပြောနေတာ မဟုတ်ပါ..။
ခံစားချက်နဲ့ မှန်းပြောနေတာ မဟုတ်ပါ..။
ဗိုလ်ချုပ်ရေးခဲ့ ပြောခဲ့တာတွေအရ ပြောတာပါ…။

ကျမတို့ ဗိုလ်ချုပ်အောင်ဆန်းက ကျောင်းသားအရွယ် ကိုအောင်ဆန်းဘ၀ကတည်းက ပညာရေးဆိုင်ရာ.. အမျိုးသားရေးဆိုင်ရာ..ယဉ်ကျေးမှုဆိုင်ရာတွေကို တိုးတက်တဲ့ အမြင်နဲ့ ရှိခဲ့ ရေးခဲ့ ပြောခဲ့တာ။ (စိတ်ဝင်စားသူများ ‘(ဦး)မြဟန်’ ပြုစုတဲ့ “ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” ဆိုတဲ့ စာအုပ် အလွယ်တကူ ရှာလို့ ရပါတယ်..။လောလောဆယ်တော့ အမြည်းအနေနဲ့ ဗိုလ်ချုပ်စကားတချို့ကို ဒီမှာ သွားဖတ်စေချင်ပါတယ်)


ကျမဘ၀မှာ ဗိုလ်ချုပ်ဟာ ဘုရားငယ် တဆူ။
လုပ်ကြံခံရချိန်မှာ အသက် ၃၂နှစ်သာရှိသေးတဲ့ လူငယ်လေးက ‘ဗိုလ်ချုပ်’..တဲ့။
သူတိုင်းပြည်အပေါ် တာဝန်ကျေခဲ့တာတွေက အသက်နဲ့ မမျှအောင် ကြီးကျယ်ပေါက်မြောက်။
အဲဒီအရွယ်လေးမှာတောင် အမှားနည်းနည်း အမှန်များများ..။
သူ့သက်တမ်းလေးတလျှောက်မှာ တိုင်းပြည်အတွက်ပဲ အားကုန်ရုန်းခဲ့သူ..။
သူဟာ လောကကြီးအတွက်.. လူသားတွေ ကောင်းကျိုးအတွက်သက်သက်သာ မွေးလာသူ။

ဒီကနေ့..၉၃နှစ်ပြည့်မယ့် ..မွေးနေ့ရှင်မရှိတော့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မှာ ဗိုလ်ချုပ်ကို ရည်မှန်းပြီး ကန်တော့လိုက်ပါတယ်။

ဗမာပြည်မှာတော့ ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ၁၃ရက်ကို “ကလေးများနေ့” လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုအထိမ်းအမှတ် ပွဲလမ်းမျိုးမှ မရှိခဲ့။ ခုဆိုရင်တော့ တမင်တောင် အဖျောက်ဖျက်ခံရနေပြီ။

ဗမာပြည်မှာ မျိုးဆက်သစ်ကလေးတွေကို ပြဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံက ရှားပါးပစ္စည်းဖြစ်နေပြီ။
ဗိုလ်ချုပ်ခမျာ သားကြီးသြရဿကတောင် အသိအမှတ်မပြုတဲ့ ဘ၀ရောက်နေပြီ။
အဖေနဲ့ နှစ်နှစ်ကျော်သာနေလိုက်ရတဲ့ ဗိုလ်ချုပ်ရဲ့အဖေ့ခြေရာနင်းနိုင်တဲ့ သမီးခမျာမှာလည်း လူဆိုးလူမိုက် လူ့အန္ဓတွေရဲ့ အချုပ်အနှောင် အပိတ်အလှောင်ထဲမှာ..။

ကျမတို့ တာဝန်မကျေခဲ့ပါ..။ တာဝန်မကျေသေးပါ..။

အဲဒီအတွက် ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်ကိုရော.. အန်တီစုကိုပါ အနူးအညွတ် တောင်းပန်လိုက်ပါတယ်။

ဗိုလ်ချုပ်မွေးနေ့ အမှတ်တရအဖြစ် မကြာခင်ပျောက်ပျက်သွားနိုင်တဲ့ ဗိုလ်ချုပ်ရဲ့အကြောင်းကို ဖွဲ့ထားတဲ့ ကဗျာလေး တင်ပေးလိုက်ပါတယ်။ ကျမတို့ ငယ်ငယ်က တတိယတန်း ကျောင်းဖတ်စာအုပ်ထဲမှာပါခဲ့တဲ့ “အောင်ဆန်းဇာနည်” ဆိုတဲ့ ကဗျာလေးပါ။

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ၁၃ ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့ နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား၊
မိခင်ဒေါ်စုသား။
၁၉၄၇ ၊ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား၊
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား..။

(မှားတာ လိုတာရှိရင် ပြင်ပေးဖျက်ပေးကြပါ။ ပြီးတော့ စာဆိုအမည် သိရင် ဖြည့်ပေးပါ)

နောက်ကဗျာတပုဒ်ကတော့ ဗိုလ်ချုပ်ရဲ့ အရည်အသွေးတွေကို ဗိုလ်ချုပ်နဲ့ ခေတ်ပြိုင်လို့ ဆိုနိုင်တဲ့ ကဗျာဆရာကြီး ဇော်ဂျီက ရေးခဲ့တဲ့ ကဗျာပါ..။ လူငယ်တွေ စွဲစေချင်ပါတယ်။

သခင်အောင်ဆန်းတရား

ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်း၏သားငယ် ၊ မင့်သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း ။

ဆန်း၏ သတ္တိ
ဆန်း၏ သမာဓိ ၊ ဆန်း၏ ပညာ
ဟောစရာကား ၊ အလွန်များ၏
မင့်သားအရွယ် ၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း ၊ သူ့အစွမ်းကို
ပန်းကောင်းတစ်ပွင့်၊ ပန်ဆင်တင့်သို့
မင့်သား သိစေချင်လှ၏ ။

သူ့အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း ၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ ၊ ပကာသနကို
ပြာကျလောင်မြိုက် ၊ သူမီးတိုက်၏
ခေတ်လိုက်ခါညီ ၊ ခေတ်မီပညာ
ကြုံရာဘ၀ ၊ မုတ လုံလောက် ၊ ခံမြို့ထောက်၏
ထို့နောက်တစ်ဆင့် ၊ မိုးထိလွင့်အောင်
ရိုးကျင့် မြင့်ကြံ ၊ သူ့အလံတည့်
ပျံတလူလူ ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော
မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ ။ ။

(ဇော်ဂျီ)

ကျမကိုယ်တိုင်လည်း ဗိုလ်ချုပ်ကို ကျေးဇူးတင်ရာရောက်ဖို့ သားသမီးမြေးမြစ်တွေ..
မျိုးဆက်သစ်တွေအတွက် “ ဗိုလ်ချုပ်အောင်ဆန်းတရား” ကို စဉ်ဆက်မပြတ် ဟောရ ပြောရပေလိမ့်မယ်။
"တရား"ဆိုတာက လိုက်နာကျင့်ကြံအပ်သော လမ်းအမွန်ဖြစ်တယ်ဆိုတာကိုလည်း အသိပေးရပါလိမ့်မယ်..။
ဒါမှပဲ ကိုယ့်ရဲ့ တာဝန်မကျေနိုင်မှုတွေအတွက် စိတ်သက်သာရာလေးတော့ ရမယ် ထင်ပါရဲ့။

မေငြိမ်း
(ဖေဖော်ဝါရီ၁၃၊၂၀၀၈)

ပန်းချီတွေက (ကို)မင်းကျော်ခိုင် လက်ရာဖြစ်ပါတယ်။

5 comments:

M.Y. said...
This comment has been removed by the author.
M.Y. said...

ဆရာမရေ..ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ..အဖြစ်…လက်မှတ်လာထိုးပါတယ်..
ငယ်ငယ်တုန်းကအာဂုံဆောင်ခဲ့တဲ့ကဗျာကလေးကို အခုဒီမှာပြန်တွေ့ ရ မှစဉ်းစားမိတာက

“ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…”
.ဗိုလ်ချုပ်ကဒီမိုကရေစီ စနစ်နဲ့ ပဲသွားဖို့ လမ်းညွှန်ခဲ့တာ.ဆိုတော့ အဲဒိစာသားနှစ်ကြောင်းက ဦးနေ၀င်းကြီးကများရေးခိုင်းခဲ့တာလာမသိဘူးနော်.စဉ်းစားမိတာပါ…

ဆရာဇော်ဂျီရဲ့ သခင်အောင်ဆန်းးကဗျာတွေကတော့သမိုင်းဝင်လောက်အောင် ရင်ထဲထိပါတယ်
အမရဲ့ အားထုတ်မှု၊ပြန်ဖော်ထုတ်ပေးမှုအတွက်..ကျေးဇူးပါ
လေးစားလျက်

kay said...

အမရေ..ကဗျာပိုင်ရှင် စာဆိုက..နုယဉ် တဲ့..
ရွှေဂျမ်းဆီမှာ တွေ့လိုက်တယ်..( အချောင် ၀င် ပနံယူတာ)း)

Hteink Min said...
This comment has been removed by the author.
Hteink Min said...

တီ.. ကဗျာလေးတွေ တင်ပေးတဲ့
ကျေးဇူးပါဗျာ