Aug 9, 2009

မြသီလာရဲ့ အဝေးမှာ…

ဝန်းကျင်အသစ်မှာ စိတ်လက်ချမ်းသာတာကတော့ အမှန်ပါပဲ။ မနက်နိုးလာရင်.. တို့မိသားစု တရားဝင် နေလို့ရတဲ့ နေရာမှာ ရောက်နေပြီ..ဆိုတဲ့ အသိက စိတ်လုံခြုံတာအမှန်ပါပဲ။ ပြီးတော့ ကျမတို့ ခုလို အနေအထား ရောက်အောင် ၀ိုင်းပြီးပံ့ပိုးပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း အမြဲပဲ မေတ္တာပို့.. ကျေးဇူးတင်နေမိခဲ့ပါတယ်။ အဲဒီအခါ မလုံခြုံတဲ့ ဘ၀တွေအကြောင်း တွေးမိပြီးတော့လည်း ပို ပို ကိုယ်ချင်းစာမိလာပါတယ်။ ကျမကိုယ်တိုင် ကိုယ့်တိုင်းပြည်ထဲ ဘယ်တော့ ဘယ်လိုအမှုဆင်ပြီး အဖမ်းခံရမလဲ.. ဒါမှမဟုတ်.. ကိုယ် မလိုလားတဲ့သူတွေ ရှေ့မှာ အကြောင်းအကြောင်း ဆိုတာတွေကြောင့် ဘယ်အချိန်မှာ ဒူးထောက် အညံ့ခံ လိုက်ရမလဲ.. ဆိုတာတွေနဲ့ နေထိုင်ခဲ့ရ။ တခါ သူများတိုင်းပြည်မှာ တရားမ၀င် ဘ၀.. အချိန်မရွေး လက်စတုံး လုပ်ပစ်ခံလိုက်ရနိုင်တဲ့ အနေအထားမှာ နေခဲ့ရ။ ခုမှပဲ စိတ်ချ လက်ချဆိုတာ… တကယ်ပါပဲ။ အနည်းဆုံးတော့ တရားဝင် သေလို့ရပြီ။ တကယ်တော့ သူရဲကောင်းတွေပြောကြသလို ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး မလွတ်မြောက်သရွေ့ ကိုယ်လည်း မလွတ်မြောက်ချင်ပါ.. ဆိုတာမျိုး မလုပ်နိုင်ရင်တော့ အတ္တကြီးကြီးနဲ့ သူတပါးကို ချနင်းပြီး လူလုပ်နေတာထက် စာရင်တော့… ကိုယ့်ကြောင့် လူဖြစ်လာရတဲ့ ရင်သွေးတွေ လွတ်မြောက်ဖို့နဲ့ ကိုယ်နိုင်တဲ့ အများအကျိုး တခုခု လုပ်နေရတာက တော်သေးတယ်လို့ ကျမက ယူဆတာကိုး။

နောက်ထပ် စိတ်ချမ်းသာစရာ ကောင်းတာကတော့ ကျမ ရောက်လာတဲ့ ပတ်ဝန်းကျင်လေးက ကိုယ့်ကိုယ်ကို တိုင်းတပါးရောက်နေပါလားလို့တောင် မေ့မေ့သွားစေတဲ့ အနေအထားမို့လို့ပါ။ ကျမတို့ နေတဲ့ ၀င်းထဲမှာ ဗမာ ပြည်သားတွေ ၅အိမ်ရှိပါတယ်။ နောက် ကပ်လျက်ဝင်းမှာက ၆အိမ်ရှိပါတယ်။ ရပ်ကွက်ထဲမှာကတော့ အိမ်ထောင်စု ၂၀ကျော်မယ်ထင်ပါရဲ့။ နောက် ဘုန်းကြီးကျောင်းရှိတယ်။ ပြီးတော့ အေးဆေးတဲ့ အမေရိကန် လူမျိုးတွေနဲ့ သိပ် ဟော့ဟော့ ရမ်းရမ်း မရှိတဲ့ စပိန်လူမျိုးတချို့.. မက္ကဆီကန်တချို့ ရှိပါတယ်။ Asia Mart ကလည်း နီးနီးလေးမှာ ရှိတယ်။ ကျမစိတ်ထဲ တော်တော်ပြည့်စုံပြီလို့ကို ထင်တာပါ။ ကျမရဲ့ သဘာဝကိုက အဲလောက် အေးချမ်းသာယာ ရှိရင်ကို ရပြီ။ ဒါပေမဲ့…. ထုံးစံအတိုင်းပါပဲ…။ လောကကြီးက ထင်သလောက်တော့ မလွယ်ကူခဲ့ပါ။

++++++

ကျမမှာ ချို့ယွင်းချက်ကြီး တခုရှိတယ်ဆိုရင် အဲဒါက လူတိုင်းကို ကိုယ့်စိတ်နဲ့ နှိုင်းတတ်တာပါပဲ။ အဲဒီအခါ နာကျင်ရ.. ခံစားထိခိုက်ရတာတွေ.. အော့နှလုံးနာတာတွေကို ရင်ဆိုင်ရ တော့တာပေါ့။ ဟိုးအရင်ကဆိုရင် ကျမ ထိလွယ်ရှလွယ်ခံစားလွယ်လွန်းလို့ “ ငါသည် နာကျင်သော ကိုယ် ရှိသူဖြစ်လျက်.. နာကျင်သောစိတ် ကင်းသူ ဖြစ်လတ္တံ့…..” ဆိုတာကို အမြဲ စီးဖြန်းခဲ့ရတာ..။ လောကကြီးမှာ ကိုယ်မလုပ်ဘဲနဲ့ အပြစ်လို့ ယိုးစွပ်ခံရတတ်တာပဲ ဆိုတာမျိုး ကိုလည်း အနှစ်လေးဆယ်ကျော်လုံးလုံး လေ့ကျင့်သင်ယူခဲ့ပါလျက်နဲ့လည်း ကျမက အမှတ်တမဲ့ဆို ခံစားနေရစမြဲ.. မျက်ရည်ကျ.. နာကျင်ကြေကွဲ. တိတ်တဆိတ် ထိခိုက်ခံစားပေါ့။ ဒီဘက်ရောက်မှ ခဏခဏ သတိရဖြစ်တာလေးတခု ရှိသေးတယ်။ ကြုံကြိုက် ရတိုင်း မကြာခဏ သတိရခဲ့ဖူးတဲ့ ဆရာအောင်ပြည့်ရဲ့ “ပြုံးသူတိုင်းက ရယ်ပြတယ် ထင်သလား” ဆိုတဲ့ စာကြောင်းလေးပေါ့။ ကျမအတွက်တော့ သိပ်ကို ထိရောက် တဲ့ သတိပေး စကားပါ။ ကျမက ခု လူ့သက်တမ်း တ၀က်ကျိုးတဲ့ အရွယ်ရောက်တဲ့အထိ.. ပြုံးပြသမျှကို ရယ်ပြတယ် ထင်နေတဲ့သူလေ..။ :D

ကျမကို ရင်းနှီးသူတွေဆို ကောင်းကောင်းသိကြပါတယ်။ ကျမက မပြုံးတတ်ဘူး။ ဓာတ်ပုံ ရိုက်လို့တောင် ပြုံးခိုင်းရင် စိတ်ထဲ ထောင့်တောင့်တောင့်ဖြစ်ပြီ။ ကျမမှာ မဲ့တာနဲ့ ရယ်တာ နှစ်မျိုးပဲ ရှိတယ်လို့တောင် ထင်ခဲ့ဖူး သေး။ ဒါပေမဲ့ ကျမကိုယ်တိုင် စိတ်မသက်မသာနဲ့ ပြုံးပြတတ်လာမှပဲ ပြုံးသူတိုင်းက ရင်ထဲကပါတဲ့ လှိုက်လှဲမှုနဲ့ နှစ်နှစ်လိုလို ရယ်ပြတာ မဟုတ်ပါလားလို့ နားလည်ခဲ့တာပါ။ (ဒါတောင်မှပဲ ရယ်ပြတယ်ဆိုရင်တော့ စိတ်ထဲက ပါတယ်လို့ ထင်နေတတ်ဆဲပါ)။ ဥပမာဆိုပါတော့.. “ဒေါ်မေငြိမ်း အဲဒီနားမသွားနဲ့နော်.. ပြဿနာ..”လို့ တားရင် ကျမက ငါ အဲဒီနားသွားရင် အန္တရာယ်ကြုံမှာစိုးလို့ ဖြစ်မှာလို့ ယုံကို ယုံတာပါ။ အဲဒီနားသွားရင် ကျမအတွက် ကောင်းတာ တခုခု (သူတို့အကျိုးစီးပွားထဲက ဖဲ့ပေးရတာမျိုးလည်းမဟုတ်) ရှိနေတာကို ကျမ ရသွားမှာစိုးလို့ တားတယ်လို့ လုံးလုံးကို မထင်တတ်ခဲ့။ (ခုတော့ တော်တော် ရိပ်မိလာပါပြီ)။ အဲဒီအခါ ခုချိန်ထိတိုင်အောင် “ကိုယ့်အိတ်ထဲက စိုက်မပေးရတဲ့.. ကိုယ့်ကိုလည်း ဘာမှထိခိုက်သွားမှာ မဟုတ်တဲ့ သူတပါးရဲ့ အကျိုးစီးပွား ရရာရကြောင်းကို ပျက်စီးစေလိုတဲ့စိတ်… မနာလိုတဲ့ စိတ်.. ဘာလို့ ကျမတို့ လူမျိုးမှာမှ များရသလဲ ဆိုတာကိုတွေးပြီး နားမလည်ဖြစ်နေတုန်းပါ။ (မဆီမဆိုင်ပြောရရင်.. ခုချိန်ထိ တခြားလူမျိုးမှာ ကျမ မတွေ့ဖူး သလောက် ဖြစ်ပြီး ကျမတို့ ဗမာပြည်က အကျင့်တခုကို သတိရမိတယ်။ အဲဒါကတော့ ကလေးတွေကို ငိုအောင် စတဲ့ အကျင့်။ ကလေးငိုမှ ပျော်တဲ့ အကျင့်.. အဲဒါကလည်း မကောင်းစိတ်လို့ ကျမထင်တယ်။ ခုန အကျိုး ပျက်စီးစေလိုတဲ့ စိတ်နဲ့ သိပ်မကွာဘူးထင်မိပါတယ်။ ဒါမဲ့ ပတ်သက်ပြီး အန်တီစုလည်း ပြောခဲ့ဖူးပါတယ်.. ကလေးတွေ ငိုမှ ပျော်တတ်တဲ့ လူကြီးတွေဟာ ဘယ်လိုမျိုးလဲဆိုတာ …။ အဲဒီအကျင့်မျိုးလည်း ကျမတို့ တိုင်းပြည် မှာပဲ တွေ့ရတယ် ထင်တာပဲ)။ ပြောရမယ်ဆိုရင် လူမှုရေး.. ပညာရေး.. ဘာသာရေးတွေ အထိ ပါလာနိုင်တာမို့ မပြောတော့ပါဘူး။ (ကျမအကျင့်ကလည်း ဓားခုတ်ရာ လက်ဝင်လျှိုတတ်တယ် ထင်ပါ့ .. တခါကလည်း အမြင် မတော်လို့ ကိုယ်ကျင့်တရားအကြောင်း ဘလော့ပေါ်မှာ ပြောမိရေးမိတာ ဘလော့ရွာထဲမှာပဲ အစော်ကား ခံရပါလေရော..။ ကျမကတော့ ကိုယ်ကျင့်ကြံနိုင်တာကိုပဲ ရေးတာမျိုးမို့ ကိုယ်မကျင့်နိုင်ဘဲ ရေးတဲ့အပြင် အဲဒါ ဘာဖြစ်လဲလို့ အသားလွတ်ကြီး ငေါ့တာမျိုးကိုတော့ စိတ်ပျက်တာ အမှန်ပါ.. စိတ်ပျက်မိတာကို အပြစ်တင် ရင်လည်း ခံရမှာပါပဲ....) ။

+++++++

မြသီလာရဲ့အဝေးမှာ မြသီလာကို တမ်းတရတာ ပိုများလာတယ်လို့ ပြောရင်.. ရွှေထီးဆောင်း ခဲ့စဉ်ကာလကို တတမ်းတတ ပြောရာကျမှာလည်း စိုးပါတယ်။ ဒါပေမဲ့ တကယ်ပဲ တမ်းတ မိခဲ့တာ အခါခါပါ…။ ကိုယ့်တိုင်းပြည် မှာတုန်းက တက္ကသိုလ်က ကထိက ဆရာမဘ၀မှာ လစာ တပဲခြောက်ပြားနဲ့ပေမဲ့..။ မိဘအရိပ်ထဲ နေရတာမို့ အပူအပင် မကြီးခဲ့ရဘူးလေ။ မနက်လင်းရင် အမေကျောင်းဆရာမဟောင်းက သမီးကျောင်းဆရာမ ကျောင်းသွားဖို့ မနက်စာ အဆင်သင့်.. ။ ကျမကျောင်းသွားဖို့ ဆံထုံးထုံးပြီးတယ်ဆိုရင် ပန်ဖို့ ပန်းက အဆင်သင့်.. အနည်းဆုံးတော့ အမေ့ခြံဝင်းထဲက နှင်းဆီ.. ပင့်ကူသစ်ခွနဲ့ စံပယ်အိုးပုပ် ခက်လေး တော့ ရသေးတာ။ ကျမကတော့ တခါတလေ ဘာမှမရှိရင်တောင် Kiss me quick နဲ့ ပိန်းပန်းချိုး ပန်သွားတာပဲ။ ဘယ်လို ကားကျပ်ကျပ်နဲ့ပဲ သွားရသွားရ.. ကျောင်းရောက်လို့ Lecture ၀င်ရတော့မယ်ဆို ပုဝါ ပုခုံးပေါ်ခြုံလိုက်တာနဲ့ ရှိသမျှ အမောအကုန်ပြေ။ စာသင် နေရရင်လည်း ဘယ်တော့များမှ မမော။ စိန်ခေါ်မှုတွေကို ကြိုက်တတ်သူမို့ ကျမရဲ့ စာသင်ချိန် တွေဟာ အမြဲ စိတ်လှုပ်ရှားစရာပါ။ စာသင်ခန်းထဲမှာ အမေးအမြန်းထူတဲ့ ကျောင်းသူ ကျောင်းသားတွေကို အမြဲ မျှော်လင့်တယ်။ သူတို့ မေးခွန်းတွေ ဖြေဖို့ .. ကိုယ့်မေးခွန်းတွေကို သူတို့ ဖြေနိုင်အောင် ဆွေးနွေးဖို့။ ခု ကျမဘလော့ကို ဖတ်နေတဲ့ သူတွေထဲမှာ တပည့်ဟောင်း တွေ.. လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ အများကြီး ပါမှာပါ။ သူတို့ သိကြပါတယ်..။ ကျမဟာ ကိုယ့်ရဲ့သင်ကြားရေးနဲ့ ပတ်သက်ရင် အမြဲကျေနပ်ခဲ့တဲ့ ဆရာမတယောက် ဖြစ်ခဲ့တာမို့ မြသီလာထဲက ဘ၀ကို တွေးတွေးပြီး သတိရနေတာဟာ ရွှေထီးဆောင်းစဉ် ကာလကို တမ်းတတာလို့ စွပ်စွဲလည်း ခံရတော့မှာပါလေ..။ တကယ်တော့ ကျမက ကိုယ်လုပ်ချင်တာကို လုပ်နေခဲ့ရ.. ကိုယ့်တန်ဖိုး ကိုယ်မြင်ခဲ့ရတဲ့ ဘ၀ကို လွမ်းတာပါ။

မြသီလာဝန်းကျင်မှာတော့ မေငြိမ်းဟာ… မေငြိမ်းဖြစ်ခဲ့..။ ဒေါ်ငြိမ်းခက်ခက်ဟာ ဒေါ်ငြိမ်းခက်ခက် ဖြစ်ခဲ့တယ်လို့ ကျမ ရဲရဲ ယုံပါတယ်။ တခုတော့ ရှိပါတယ်… ကျမရဲ့ တန်ဖိုးစံနှုန်းကတော့ ငွေကြေးမဟုတ်ဘူးပေါ့လေ။

+++++

မြသီလာနဲ့ အဝေးမှာတော့…။
ရောက်ရောက်ချင်းမှာ ဒီတိုင်းပြည်ရဲ့ စနစ်အတိုင်း စာရွက်စာတမ်းတွေ စုံလင်အောင် စောင့်နေရတာမို့ ကျမတို့ တရားဝင်အလုပ်လုပ်လို့ မရသေးဘဲ နှစ်လလောက် ထိုင်စောင့် လိုက်ရပါတယ်။ ကိုယ်က ၀င်ငွေတပြားမှ မရှိသေး..။ ထိုင်းမှာ ကြုံခဲ့ရတဲ့ ပြဿနာတွေကြောင့် ငွေကြေး အပူတွေက တန်းလန်း..။ တစိမ်းဆောင်းရဲ့ အအေး မှာ တကယ်ပင်ပန်းသူကတော့ တပည့်ကျော်မောင်နေလင်းတင်မက သူ့တဆွေလုံး တမျိုးလုံးနဲ့ နီးစပ်ရာ မိတ်ဆွေများပေါ့..။ ကျမတို့ မိသားစု ၅ယောက် ဟိုဟိုဒီဒီ အတူသွားဖို့ဆိုတာ အနည်းဆုံး ကား၂စီး သုံးရတာ လေ..။ ကျမခမျာ အားတွေနာတဲ့ကြားကပဲ ရှေ့မျက်နှာ နောက်ထားပြီး အကူအညီတွေ ယူနေခဲ့ရတာ.. ခုထိ တိုင်အောင်ပါပဲ။

ဒီလိုနဲ့ ကျမတို့ ရောက်တာ တလမပြည့်ခင်မှာပဲ ဒီမှာ သမ္မတသစ် အိုဘားမား ကျမ်းကျိန်ပွဲနဲ့ ကြုံရပါတယ်။ အဲဒီကျမ်းကျိန်ပွဲက ၀ါရှင်တန်ဒီစီမှာ လုပ်မှာဆိုတော့ ကျမတို့အနားမို့ စိတ်ဝင်စားမိပါတယ်။ ဖြစ်ချင်တော့ အဲဒီပွဲမျိုးဟာ အမေရိကမှာ စီးပွားရေးသမားတွေအတွက် လုပ်ကွက်တကွက် ဖြစ်နေတာပါ။ အဲဒါကတော့ အိုဘားမားနဲ့ ပတ်သက်တဲ့ Gift တွေ ရောင်းတာပေါ့။ အိုဘားမားနဲ့ ဒုသမ္မတ Joe Biden ပုံတွေပါတဲ့ ရင်ထိုးတံဆိပ်.. စာအုပ်ဘောပင်.. တီရှပ်.. ဦးထုပ်.. ပိုက်ဆံအိတ်.. ပုဝါ.. လက်ကိုင်ပုဝါ… ဆေးလိပ်ခွက် .. ကော်ဖီခွက်.. ပန်းအိုး.. Papers weigh… Book marker အဲလိုလေးတွေ အစုံပေါ့..။ အဲဒီလို အရောင်းဆိုင်တွေ အလုအယက်ဖွင့်ကြမှာမို့ ဈေးရောင်းဖို့ လူတွေလိုသတဲ့…။ တနာရီ ၈ဒေါ်လာတဲ့…။ ဗမာအသိုင်းအ၀ိုင်းက အများကြီး သွားလုပ်ကြမှာ..တဲ့။ လုပ်မလား..တဲ့။ ကိုရာကျော်ကတော့ လုပ်မယ်ပေါ့။ သူက ထိုင်နေရလို့ စိတ်ညစ်နေချိန်ကိုး။ အဲဒီမှာ မိတ်ဆွေတွေ စပ်ဟပ်ပေးလို့ လူလိုနေတယ်ဆိုတဲ့ Gift Shop ဆိုင်တဆိုင်ကို ကျမတို့ သွားတွေ့ကြပါတယ်။ တကယ်တော့ ကိုရာကျော့်ကို အဖော်လိုက်ပေးတာပါ။ ဟိုရောက်ကာမှ သူတို့က ၂ယောက်လောက် လိုချင်တာတဲ့..။ ဒါနဲ့ ကျမလုပ်မယ်ပေါ့။ ကိုရာကျော်က မလုပ်စေချင်ပါဘူး။ ဖြစ်ပါ့မလား..တဲ့။ အိုးး ၃ရက်တည်း လုပ်ရတာ.. ပြီးတော့ ပိုက်ဆံလည်း ရတာပေါ့.. နောက်ပြီး အမေရိက ရောက် ဗမာတွေ အဲလိုလုပ်ရတယ်ဆိုတာကို အတွေ့အကြုံအနေနဲ့ သိချင်တယ်.. လို့ ပြောပြီး ကျမပါ လုပ်မယ်လို့ ပြောခဲ့ပါရော..။ Gift Shop မန်နေဂျာ ဗမာမလေးက အသက် ၃၀တောင် ပြည့်ပုံ မရသေးပါဘူး။ ဗမာပြည်မှာ ဆိုရင်တော့ ကျမ တပည့် အရွယ်ပေါ့လေ…။ (ဆရာမ ဥာဉ်ကလည်း မသေး.. တခုခုဆို တပည့်အရွယ်လို့ မှန်းကြည့်လိုက်တာ.. အဲဒါကိုပဲ သူများ အမြင်ကပ်တာလား မသိ.. :P )

အဲဒီရက်တွေက ဇန်န၀ါရီ ၁၉ .. ၂၀.. ၂၁ ။ အင်မတန်ကို အေးလို့ကောင်းတဲ့အချိန်…။ ကျမတို့ နှစ်ယောက် မနက် ၄နာရီထပြီး အိမ်က ထွက်ကြရပါတယ်။ အငယ်လေးနှစ်ယောက်ကလည်း အဲဒီအချိန်တုန်းကတော့ ကျောင်းမသွားကြရသေးလို့ သားကြီးတာဝန်ပေါ့။ ညကတည်းက သူတို့ စားဖို့ စီစဉ်ပေးထားရပါတယ်။ မနက် ၄နာရီ အမေရိကရဲ့ ရေခဲလု အအေးထဲမှာ ကျမတို့ နှစ်ယောက် အင်္ကျီ ၅ထပ်လောက်ဝတ်ရပါတယ်။ ထိုင်းက လာတာမို့ အမေရိကဆောင်းနဲ့ သင့်တော်တဲ့ အနွေးထည် မရှိသေးတာမို့ ဆောင်းအအေးကို ရက်ရက်စက်စက် ခံကြရပါ တယ်။ အဲဒီတော့မှပဲ နှစ်ယောက်သားခမျာ ဟိုတုန်းကလို ပုခုံးလေးဖက်.. လက်ကလေး ဆုပ်ပေါ့.. ဟဲဟဲ.. (ချမ်းတာပဲ ပုံချရမှာ: P) ။ ဒီလိုနဲ့ Gift Shop မှာ ဈေးရောင်းရော ဆိုပါတော့။ ကျမရဲ့ ပထမနေ့..။ ကလေးမလေးက ကျမကို အမလို့တော့ ခေါ်သားပါ.. (တကယ်တော့ အန်တီခေါ်လည်း ရနေပါပြီ)။ ဒီနေရာမှာ စကားမစပ်ပြောရရင်.. ကျမက ဆွေမျိုးသားချင်းမောင်နှမတွေထဲမှာလည်း အကြီးဆုံးမို့ မကြီးလို့ အခေါ်ခံရ.. အရိုသေ ခံရသူဖြစ်တဲ့အပြင် ကျမကိုယ်တိုင်ကလည်း မောင်တွေ ညီမတွေကို သမီး.. သားလို့ ခေါ်နေကျပါ။ ၂နှစ်ပဲ ကွာတဲ့ ညီမကိုတောင် ညီမလေး ခေါ်တာ။ တပည့်တွေဆိုရင်တော့ နာမည် အကုန်မမှတ်မိနိုင်တာမို့ သား သမီး ခေါ်တာ နှုတ်ကျင့်ကို ဖြစ်နေပါပြီ။ (ဒါကြောင့် ခုချိန်ထိ မိုးချိုသင်းတို့ မောင်နေလင်းတို့ကို သား .. သမီး လို့ပဲ ခေါ်နေဆဲပါ)။ ထားပါတော့ ပြောချင်တာက ကျမက အဲလို ကြီးသူကို ရိုသေ.. ရွယ်တူကိုလေးစား.. ငယ်သူကို သနား ဆိုတာကို တော်တော် လိုက်နာသူဖြစ်လေတော့ လူတိုင်းကိုလည်း အဲလိုမျှော်လင့်ထားတာက ပြဿနာ စတာပါပဲ။

မန်နေဂျာကလေးမလေးက မျက်နှာလေး တင်းပါတယ်။ ကျမကတော့ သူ့သဘာဝပဲလို့ ထင်လိုက်ပါတယ်။ အလုပ်လုပ်နေတဲ့သူကိုး... ပေါ့နော်..။ နောက်တော့ သူက ကျမကို ခိုင်းတော့ ကျမစိတ်ထဲ သူ ရှိုးတိုးရှန့်တန့် ဖြစ်နေမှာတောင် အားနာနေခဲ့ပါတယ်(အဲဒါက ကျမရဲ့ မကောင်းတဲ့ ဥာဉ်တခုပါ.. ကျမက ကိုယ့်ရဲ့ ဆရာမ ဒေါ်ငြိမ်းခက်ခက်ဆိုတဲ့ အရေခွံကို.. မေငြိမ်းဆိုတဲ့ အရေခွံကို ခြုံနေမိတာပါ)။ နောက်တော့ ကလေးမလေးက “ အမ.. ဒါတွေ ဒီလိုထပ်..။ ဟိုဟာတွေ ဒီလိုလုပ်…။ ဒီလိုလေ.. အမရဲ့ ဒါလေးတောင် မလုပ်တတ်ဘူးလား.. မှတ်ထားလေ..။ ဟိုမှာ ဘယ်လိုလုပ်ထားလဲ ကြည့်လေ..” သူပြောနေတာက အလုပ်ဆန် တာထက် နည်းနည်းတော့ ပိုပိုသာသာလေး မာကျောနေတာ အမှန်ပါ။ ပြီးတော့ ကျမ ပြောထားပြီးသား တခါမှ မလုပ်ဖူးသေး..။ အမေရိကရောက်တာ ၃ပတ်ပဲ ရှိသေး.. စသဖြင့်..။ ဒါပေမဲ့ ကျမ နားလည်ပေးလိုက်ပါတယ်။ အော် .. ကလေးတွေ ဒီဘက်ရောက်တာ ကြာနေလို့ အမေရိကန်ဆန်ကုန်တယ် ထင်ပါရဲ့ပေါ့။ (တကယ်တမ်း ကျတော့ အမေရိကန်တွေကလည်း အဲလိုတော့ မဟုတ်ပြန်)။ ဒါပေမဲ့ ကျမက ဘာတွေးသလဲ ဆိုတော့ ကျမသည်.. ဘာကြီးပဲ ဖြစ်နေနေ.. ကျမဘယ်သူလဲလို့ သူသိစရာမလိုဦးတော့.. ကိုယ့်လူမျိုးအချင်းချင်းလည်းဖြစ် .. အမအကြီးဆုံး အရွယ်လည်း ဖြစ်တဲ့သူတယောက်ကို ခုလိုတော့ မပြောသင့်ဘူး.. ဆိုတာကိုပဲ။ တကြိမ်မှာတော့ သူနဲ့ ကျမ ဘေးချင်းကပ် မတ်တပ်ရပ်နေတုန်း သူလက်သုပ်ထားတဲ့ တစ်ရှူးလေး သူ့လက်ထဲကနေ ကြမ်းပြင်ပေါ် ပြုတ်ကျသွားပါတယ်။ အဲဒီအချိန် ၀ယ်သူလည်း ကျ မနေ ပါဘူး။ သူက ကျမကို .. အမ ကောက်လိုက်လေ..တဲ့။ ကျမ သူ့မျက်နှာကို ကြည့်လိုက်တော့ .. ဒါလောက်တောင် အလိုက်မသိရန်ကောဆိုတဲ့ မျက်လုံးနဲ့ ကျမကို ကြည့်နေပါတယ်။ ကျမ ချက်ချင်းပဲ မျက်ရည် လည်တက်လာပါတယ်.။
(ဒီနေရာမှာ စကားချပ်ပြောရရင်.. ကျမက ကျမအိမ်က အလုပ်သမားလေးတွေကိုတောင် မလိုအပ်ဘဲ မခိုင်း သူပါ..။ တပည့်တွေဆို ဝေးပါရော့..။ အဲလိုလုပ်ခိုင်းတာမျိုးက နိုင့်ထက် စီးနင်း လုပ်တယ် လို့ မြင်လို့ပါ)။

သူက ဆက်ပြောပါတယ်။ ‘အမ တလက်စတည်း အဲဒီအမှိုက်လေးတွေပါ ကောက်လိုက်…’ တဲ့..။ အမှိုက် ဆိုတာ ကလည်း အဲလို စက္ကူစုတ်လေး တစနှစ်စ ကျနေတာပါ။ (တကယ်တော့ အမှိုက်ကောက်ရတာကို ကျမ ဘယ်လိုမှ သဘောမထားပါဘူး။ ကျမက တက္ကသိုလ်က ဆရာ အိမ်ထောင်သည်တန်းလျားမှာ ကိုယ်က အကြီးဆုံး တာဝန်ခံ လုပ်နေတုန်းကတောင်.. ဘုံအိမ်သာတွေ ကိုယ့်ဘာသာ ဆေးကြော တံမျက်လှည်း လုပ်လာတာပါ..။ ခုဟာက သူ့လက်ထဲက ပြုတ်ကျတာဖြစ်ပြီး သူငုံ့ကောက်လိုက်ရင်လည်း ပြီးတဲ့ ကိစ္စကို ကျမကို တကူးတက ကောက်ခိုင်း တာကို စိတ်ထဲ မကောင်းဖြစ်သွားတာပါ.. ဒါတောင် ကျမက အပျော်သဘော ၀င်လုပ်တာနော်.. သူ့ရဲ့ အမြဲတမ်း ၀န်ထမ်းမဟုတ်သေး)။ ကျမ အမှိုက် ငုံ့ ကောက် လိုက်ချိန်မှာတော့ ကိုယ့်ကိုယ်ကို အလွန်ကို မရင့်မာ သေးပါလား.. လိုပါသေးလား… လို့ ကျမ သိလိုက်ရပါတယ်။ ဘာလို့ဆို ကျမ မျက်ရည်ကျလာလို့ပါ။ ကျမ အမှိုက် ပုံးဆီ သွားရင်း အိမ်သာထဲဝင်ပြီး မျက်ရည်တွေ သုတ်ရပါတယ်။ တကယ်တော့လည်း ကျမရဲ့ စိတ်နုမှုပါပဲ…။ ဒါတွေကို ကျမ မျှော်လင့်ထားပြီးသား ဖြစ်နေရမှာကို ပြင်ဆင်မထားမိတဲ့ အပြစ်ပါ…။ ဒါပေမဲ့ အဲဒီသင်ခန်းစာ အမှတ်တစ်က ကျမအတွက် ကောင်းခဲ့ပါတယ်။ ကျမ နည်းနည်း သဘောပေါက်သွားပါတယ်။ (နောက်တော့လည်း အဲလို ကိုယ့်လူမျိုးအချင်းချင်းက တမင် ပညာပြတာမျိုးတွေကို အကျော်ဒေးယျ ဆိုသူတွေတောင် ခံရပါကြောင်း သိလာတဲ့ အခါမှာတော့ ကျမ တော်တော်ကို ရင်ဆိုင်နိုင်သွားပါတယ်.. ပြီးတော့ အဲလို လုပ်တတ်သူတွေ ကိုယ်စားလည်း ရှက်နေမိပါတယ်.. ငါ ဘယ်တော့မှ သူများကို အဲလို မလုပ်ဘူးလို့လည်း ပိုပြီး ခိုင်မာမိပါတယ်)။ အဲဒီအခါမျိုးတွေမှာတော့ ငွေကြေးမရပေမဲ့ ပျော်မွေ့ကျေနပ်ခဲ့ရတဲ့ မြသီလာက ဘ၀ကို ပိုတမ်းတရတော့တာ ပါပဲ…။

++++++

ဘာပဲဖြစ်ဖြစ်.. အဲဒီ သင်ခန်းစာ ‘တစ်’က အကျိုးတော့ ရှိခဲ့ပါတယ်။ အဲဒီလို ကြုံဖူးလိုက်တဲ့ နောက်မှာ ကျမက နောက်ပိုင်းကြုံရတဲ့ ခါးသီးမှုတွေကို တော်တော် ရင်ဆိုင်နိုင်သွားပါတယ်။ ဥပမာ.. ကျမ ထိုင်းမှာ ရှိနေတုန်းက ဟိုကနေ လှမ်းလုပ်ခဲ့တဲ့ လုပ်လက်စရှိခဲ့တဲ့ အလုပ်နေရာတခုက ကျမကိုယ်တိုင် ဒီကိုလည်း ရောက်လာရော Vacancy မရှိဘူးလို့ ကျမကို ငြင်းပြီး တပတ်အကြာမှာ တခြား တယောက်ကိုကျတော့ ခန့်လိုက်တာမျိုးကို တအံ့တသြမရှိတော့ဘဲ ရင်ဆိုင်နိုင်သွားတာမျိုး..။ “အံ့ရောဟယ်.. သူက တပည့်ကို ယူထားတာတဲ့..” လို့ ပြောတာတွေကို ကြားရတော့လည်း ပြုံးနေနိုင်သွားတာမျိုး..။ (အဲဒီအပြုံးကတော့ မဲ့ပြုံး.. ပြီးတော့.. သနားတယ်.. ဆိုတဲ့ ရွဲ့ပြုံးဆိုတာ.. ၀န်ခံပါတယ်။) တကယ်တော့ ကျမရဲ့ စိတ်ရင်းက အဲလို တုံ့ပြန်ရတာမျိုးကို မကြိုက်ပါဘူး။ ဒါပေမဲ့ ကျမကိုယ်တိုင် စိတ်ဓာတ်ပျက်ချင်လာခဲ့ပြီ။ ခုလောက် အသက်ကြီး ရှိလာပြီး တပြည်တရွာရောက်ကာမှပဲ ကျမက လူမှုဆက်ဆံရေးအရာမှာ သင်ခန်းစာ အမှတ်စဉ်တွေ တိုးတိုးလာတာ.. ကောင်းသလား ဆိုးသလားတောင် မသိတော့ပါ..။ ဒါပေမဲ့ ကောင်းကွက်တခုက ကျမ ခံနိုင်ရည် တက်လာတာပါပဲ။ အဲဒီအခါမှာတော့ ဘ၀က နေပျော်လာသားပါ…။

++++++

တကယ်ပဲ မြသီလာရဲ့ အဝေးမှာ သင်ခန်းစာတွေကတော့ အများကြီးပါ..။ ဈေးကွက် ကျဉ်းကျဉ်းလေးထဲ ကိုယ့်ကိုယ်ကို နည်းအမျိုးမျိုးနဲ့ ထုတ်ရောင်းနေကြတာတွေ…။ ကိုယ်လွတ်ဖို့ သူများကို ထိုးချတာတွေ..။ သူများကို နင်းပြီး ပြေးလွှားတက်သွားသူတွေ..။ သူများအဆင်ပြေတာကို မရှုစိမ့်မှုတွေ…။ အဲလိုတွေ များများတွေ့လာရတဲ့ ခုအခါမှာတော့ ကျမက မြသီလာကို လွမ်းတာက တပိုင်း.. လက်ရှိဘ၀လေးထဲ နေလို့ ထိုင်လို့ ကောင်းလာတာက တပိုင်း ရှိလာပါတယ်။ ဘာလို့ဆို ကျမ ရဲရဲ လိပ်ပြာသန့်ဝံ့တာက ကျမမှာ အဲလို အမူအကျင့်တွေ လုံးဝ(လုံးဝ) မရှိသေးတာကိုပါပဲ။ အဲဒီအခါမှပဲ ဘ၀က နေလို့ ကောင်းပါတော့တယ်။ ဒါပေမဲ့ ကျမရဲ့ မကောင်းတာ တခု ကတော့ အဲလိုအဖြစ်အပျက်တွေကို မေ့မသွားဘဲ လက်ဆင့်ကမ်း ပြောပြချင်တဲ့ ဥာဉ်ရှိနေတာပါပဲ။ အန်တီ မာမာအေး စကားနဲ့ ပြောရရင်တော့ ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ်ပေါ့..။

++++++


26 comments:

YuuWaThone said...
This comment has been removed by the author.
YuuWaThone said...

ဒါနဲ့  ပတ်သက်ပြီး အန်တီစုလည်း ပြောခဲ့ဖူးပါတယ်.. ကလေးတွေ ငိုမှ ပျော်တတ်တဲ့ လူကြီးတွေဟာ ဘယ်လိုမျိုးလဲဆိုတာ …။ အဲဒီအကျင့်မျိုးလည်း ကျမတို့
တိုင်းပြည် မှာပဲ တွေ့ရတယ် ထင်တာပဲ)။
မှန်ပါသည်။
ကျမ ကလေး အမေ လက်တွေ့ တွေရှိနေရပါသည်။

မယ့်ကိုး said...

ဖတ်ရတာ စိတ်မကောင်းလိုက်တာ ဆရာမရယ် ။ တကယ်ဝမ်းနည်းမိပါတယ်။
ဆရာမမေငြိမ်းကို အမြဲတန်ဖိုးထားလေးစားတဲ့ အသိုင်းအဝိုင်းလေးထဲ အခုတော့ နေရာမှန်ရောက်သွားပြီ ထင်ပါတယ်။

MieMie said...

အမရေ...
ဒီမှာနေတာကြာလာလေ...သင်ခန်းစာတွေကတော့
တိုးလာလေဘဲ ဖြစ်မှာပါ...ကျမကတော့
ဘယ်တိုင်းပြည် ဘယ်လူမျိုးဆီကနေဘဲဖြစ်ဖြစ်
မကောင်းတဲ့အကျင့်တွေကို ပယ်ပြီး ကောင်းတဲ့အကျင့်
စရိုက်တွေကိုဘဲ လေ့ကျင့်သင်ယူသွားမယ်လို့ ခံယူထားပါတယ်...

ဗမာတွေကဟုတ်တယ်အမရယ်...သူတို့က ကိုယ့်ဗမာယဉ်ကျေးမှုနဲ့ မ ကိုက်ညီတဲ့ အမေရိကန်ဆန်တာကိုတော့ လက်ခံကျင့်သုံးတတ်ကြပြီး
ကောင်းတဲ့အမေရိကန်ယဉ်ကျေးမှု နဲ့ ထုံးတမ်စဉ်လာနဲ့ အမေရိကန်ဆန်မှုကိုတော့ အတုမခိုးတတ်ကြဘူး...

နောက်ပြီး တချို့  ဗမာတွေပြောတာရှိသေးတယ်...
အဲဒါက ကျွန်တော်တို့ ကျွန်မတို့ကတော့ ဗမာဆိုရင်
ဝေးဝေးရှောင်တယ်ဆိုတာပေါ့်...
ဝေးဝေးရှောင်တယ်ဆိုတဲ့သူတွေကြည့်လိုက်ရင်
သူတို့ ဗမာအစာအသောက်မစားဘဲနေနိုင်တာရယ်
ဗမာတွေလုပ်တဲ့ ပွဲလမ်းသဘင်တွေဆိုရင်တော့
ဗမာဇာတိပြပြီး တွေ့ရတော့တာဘဲ...အဲလိုပြောတဲ့သူတွေကိုတော့ တော်တော်ရီချင်တယ်...

ကျမလည်းလူသားတယောက်ဆိုတော့ ကျမမှာလည်း
ကောင်းတာရှိသလို မကောင်းတာတွေလည်းရှိနေဦးမှာပါ
လေ့ကျင့်သင်ယူနေဆဲပါ...အမမေငြိမ်းတယောက်
ပျော်ရွှင်ချမ်းမြေ့ပါစေ...

mie nge

ထက်စုနှင်းဆီ said...

ဆရာမရေ.

ဖတ်ရင်းနဲ့ ဝမ်းနည်းလိုက်တာ..
မြန်မာတွေမှာ တော်တဲ့ဥာဏ်ရှိပေမဲ့. စဉ်းစားတတ်တဲ့ဥာဏ် အင်မတန်နည်းပါတယ်.. မနာလိုတဲ့စိတ် သူများကို ကျောတတ်တဲ့ စိတ် ပိုများတယ်.. အမေရိကန်လူမျိုးတွေတောင် အဲဒီလို စိတ်ဓာတ်မျိုး မရှိကြပါဘူး. ကောင်းတဲ့ အပြုအမူကို အတုမခိုးပဲ မကောင်းတဲ့ ယဉ်ကျေးမှုကို အတုခိုးတဲ့ မြန်မာတွေကိုပဲ စိတ်ပျက်မိတယ်.. အဲဒီမန်နေဂျာမလေးက သူ့ကို ဖားတာ လိုချင်လို့နေမယ်.. နိုင်ငံခြားတိုင်းပြည်တွေမှာ နေပြီး ဖားတာခံချင်နေရင်တော့.. နအဖလက်အောက် ပြန်သွားနေဖို့ကောင်းတယ်.. စိတ်မထားတတ်လို့ပါ.. တူသောအကျိုးပြန်ပေးပါလိမ့်မယ်.

မဆုမွန် said...

တီချယ်ကလဲ နင့်မှာ လက်မပါဘူးလား လို့ ပြောလိုက်ပါလား ကြားရတာတောင် တော်တော်ဒေါသထွက်တယ်

သမီးစိတ်နဲ့ဆိုရင် အမိုက်နဲ့မျက်နှာနဲ့ ကောက်ပေါက်ပြီးသားပဲ

ကန်တော့ တီချယ်ရေ စာဖတ်ပြီးတာနဲ့ ဒေါသထွက်လာတယ် တကယ်..

Nge Naing said...

ဆရာမရေ ဒီလို တယောက်နဲ့ တယောက် ကျောတတ်တာ ကျွန်မတို့ မြန်မာလူမျိုးတွေမှာပဲ ရှိတဲ့ မကောင်းတဲ့စိတ်ဓါတ်ပဲလို့ ကျွန်မထင်တယ်။ ဒီမှာလည်း ဗမာ နှစ်ယောက် ရှိတဲ့ အလုပ်ခွင်ဆို အဲဒီနှစ်ယောက် တခါမှ မတည့်ကြဘူး။ သုံးယောက်ရှိရင်လည်း နှစ်ယောက်နဲ့ တယောက် မတည့်တာ အမြဲကြားရတယ်။ ဗမာရှိတဲ့နေရာမှာ အလုပ်မလုပ်ချင်ဘူးလို့ ဗမာတွေကြားမှာပဲ အမြဲကြားနေရတယ်။ ကျွန်မ အလုပ်လုပ်တဲ့ နေရာမှာတော့ ဗမာဆိုလို့ Staff ထဲမှာ မပြောနဲ့ လူနာထဲမှာတောင် ၄-၅ နှစ်ကြာမှ တယောက်လောက်ပဲ တွေ့ဖူးတယ်။ အဲဒါကြောင့် ကျွန်မမှာ ဒီပြဿနာ မကြုံဖူးဘူး။ ရောက်ခါစကဆိုရင် ယောက်ျားက အခုဆရာမပြောသလိုပဲ အမြဲကြုံရတယ်။ ကျွန်မယောက်ျားလည်း မြန်မာပဲဆိုတော့ ဒီလိုစိတ်ဓါတ် ရှိရင်ရှိမှာပဲ။ ကျွန်မကလည်း ကျောင်းတက်ပါလို့ ပြောတာ ကျောင်းမတက်ပဲ အဲဒီလိုလူတွေနဲ့အတူ အလုပ်သွားလုပ်တော့ တန်ရာပတ်ဝန်းကျင်မှာ တန်ရာမိတ်ဆွေနဲ့ ဒီလို တန်ရာ အတွေ့အကြုံတွေပဲ ရမှာပေါ့လို့ ပြောဖူးတယ်။ ကျွန်မက ဘာပဲပြောပြော လုပ်ပဲလုပ်လုပ် အမြဲတမ်း ကိုယ်ပြေတာ လုပ်တာကို ပြောပြီးလုပ်ပြီးရင် ပြန်သုံးသပ်တတ်တော့ ကျွန်မ ပြောလိုက်တဲ့ စကားထဲမှာကိုက အဲဒီလို မကောင်းတဲ့ စိတ်ဓါတ်က ပါနေတယ်ဆိုတာ သတိထားမိတယ်။ ကိုယ့်စိတ်ဓါတ်ကိုပါ ကိုယ်ပြန်ပြင်ရတယ်။ အဲဒီလို နှိုင်းယှဉ်ပြီး အဆင့်အတန်း ခွဲခြားတတ်တာဟာ ကျွန်မတို့ အာရှသားတွေနဲ့ မြန်မာလူမျိုးတွေမှာပဲ ကျွန်မတွေ့ရတယ်။ အာရှမှာတောင်မှ မြန်မာတွေက အဆိုးဆုံးပဲ။ အနောက်နိုင်ငံသားတွေမှာ အဆင့်အတန်း ခွဲခြားတာ အဲဒီလောက် မတွေ့ရတာ အမှန်ပဲ။ ကျွန်မ နိုင်ငံခြားတိုင်းပြည်ရောက်မှ ကောင်းတာကို တုခိုးပြီး ကိုယ့်မှာ မသိမသာ ရှိနေတဲ့ မကောင်းတဲ့ စိတ်တွေ ဥပမာ ကိုယ့်ကို တယောက်ယောက်က ဆန့်ကျင်ပြီး ပြောတာကို စိတ်တိုတတ်တာမျိုးလို မကောင်းတဲ့ စိတ်ကို ပြန်ရှာပြီး ကိုယ့်စိတ်ကိုယ် ပြန်ပြင်ရတာတွေ အများကြီး ရှိခဲ့ပါတယ် ဆရာမ။

rose of sharon said...

ဆရာမရယ်.. ဖတ်ရတာရင်မောသွားတယ်... စိတ်မကောင်းရင်းနဲ့ဘဲ ဆက်ရန်ကို စိတ်ဝင်စားနေတယ်

သက်ဝေ said...

ဆိုးလိုက်တာ...
ဖတ်ပြီး စိတ်မကောင်းဘူး...
အဲဒီ ဗမာမလေးက ဘယ်လိုအသိုင်းအဝိုင်းမှာ ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ ကြီးပြင်းလာခဲ့တာလဲလို့ တွေးနေမိပါတယ်...။
သိပ်အံ့သြစရာကောင်းတာပဲ... ပြီးတော့
သူတို့ ဘာကို ကြောက်ရမယ်ဆိုတာ မသိကြဘူးနော်...

nyimuyar said...

So sorry to heard, but most of them are like that, anyway waiting some more post about "Far aWay from Mya ThiLar"

မောင်နှင်းလှိုင် said...

ဖတ်နေရင်းစိတ်မကောင်းဖြစ်ရတယ်..ဆရာမရယ်။
ဒေါသပါဖြစ်တယ်။ လူမျိုးစရိုက်လိုပါဖြစ်နေတယ်လို့ 
သတ်မှတ်ခံရတော့ ပိုစိတ်မကောင်းဘူး..။ ဆရာမစာ
ရေးတာလည်းကောင်းလိုက်တာ..လူကိုတထိုင်တည်း
ဝေဒနာစုံ၊ရသစုံ ပေးလိုက်တာ..လူကိုမအီမလည်ကြီး
ဖြစ်ကျန်ရစ်တော့တာပဲ....။ဒါမှတကယ်စာရေးဆရာ။

မေ့သမီး said...

အမရေ အရမ်းကိုကိုယ်ချင်းစာပါတယ်။ ညီမအလုပ်ထဲ မှာတုန်းကလည်း အဲလိုလူကြီးတွေနဲ့ကြုံခဲ့ဖူးပါတယ်။ ကိုယ့်ကိုနိုင်ထက်စီးနင်းခိုင်းပြီဆို လုံးဝနိုင်ငံခြားသားဖြစ် မနေဘဲ ဗမာလူကြီးတွေကပဲ ဘာလို့ဖြစ်နေတာလဲ ဆိုတာမျိုးတွေးမိပါတယ်။ ဒါပေမယ့် ညီမကတော့ အငယ်ဆိုတော့ခံသာပါတယ်။ ဒါတောင် လူကွယ်ရင် မျက်ရည်ကျခဲ့ပါသေးတယ်။ အမကျတော့ ပိုခံစားရမှာ။ လူတွေကဘာကြောင့် ကိုယ်သာဆိုရင်ဆိုတဲ့ အတွေးလေးတွေးမပေးကြတာလဲဆိုတာ စဉ်းစားလို့မရဘူး။

မီယာ said...

နိုင်ငံခြားသားက ရင့်တာခံရရင် သူတို့တိုင်းပြည်မှာမို့လို့ ဖြေတွေးလို့ရသေးတယ်။ အခုတော့ ....
မနာလိုတတ်တဲ့စိတ်ကလည်း တော်တော်လေးကြီးတာ သတိထားမိတယ်။ စိတ်ပျက်မိတယ် ဆရာမရယ်။

ATN said...

သည်ရောက်လာတော့ ပိုက်ဆံကိုပဲ ဂရုစိုက်ကြတာကိုးလေဗျာ...
လူကို စိတ်ထဲထားကြတာမှ မဟုတ်တာ...
သည်လိုလူမျိုးတွေကို
ကြာကြာနေလေ များများတွေ့လေဖြစ်မှာပါ...

ATN said...

သည်ရောက်လာတော့ ပိုက်ဆံကိုပဲ ဂရုစိုက်ကြတာကိုးလေဗျာ...
လူကို စိတ်ထဲထားကြတာမှ မဟုတ်တာ...
သည်လိုလူမျိုးတွေကို
ကြာကြာနေလေ များများတွေ့လေဖြစ်မှာပါ...

Steve Evergreen said...

KOM:အပြစ်ကင်းတဲ့ ချစ်ခြင်းဖြစ်ပါစေ။

ညီလင်းသစ် said...

အဲဒီလို မြန်မာ၊ မြန်မာချင်း အနိုင်ယူ၊ ပညာပြတဲ့ အကြောင်းတွေ ဘယ်နိုင်ငံမှာမဆို ကြားရတွေ့ရတာ အံ့သြစရာပဲ အမရေ...။

ကိုယ့်လိုပဲ လာနေကြတဲ့ တခြားလူမျိုးတွေကို ကြည့်ရင် အဲဒါမျိုး မတွေ့ရဘူး၊ သူတို့အချင်းချင်းကြားမှာ ပြေပြေ လည်လည်ပဲ၊

စိတ်သဘောကောင်း၊ ဖော်ရွေယဉ်ကျေးပါတယ်လို့ ပြော တတ်ကြတဲ့ မြန်မာတွေမှာ ဘယ်လိုအကြောင်းကြောင့် ဒီလိုစိတ်တွေ ရှိနေကြသလဲဆိုတာ မတွေးတတ်ဘူး။ Cause ကတစ်ခုမက ရှိနိုင်မယ်ထင်ပါရဲ့...။

လဲကျတိုင်းမှာ အမ ပြန်ထ,နိုင်ပါစေ....။

MANORHARY said...

မြသီလာရဲ့အဝေးမှာ...
...............................
..............နာကျင်ခြင်းအတွေးတွေနဲ့......
..............................

Unknown said...

ဆ၇ာမ,
နောက်ဆို ဒီလိုခေါင်းစဉ် မတပ်ပါနဲ့ 
ဘာပြုလိုလည်း ဆိုတော့...
.
ခေါင်းစဉ်ကို ဖတ်ပြီးတာနဲ ၇င်ထဲမြေ့ သွားလို့ ပါ
...
university ကို ၆လ ဘဲ တက်ဘူးပါတယ်
ဒါပေမယ့်
အိမ်နဲ့ ဝေးတာ ၁၅ နှစ်ရှိပြီ..
မိဝေး ဘဝေးမှာ နေလို့ ဝပြီ ဆ၇ာမရယ်

မြရည်သွေး

Unknown said...

sa yar ma,

I feel so sad. Most of burmese are like that. I also don't understand why. Now I can handle that it is life.

ရွှန်းလဲ့ said...

ဆရာမ ကိုယ့်တန်ဖိုးကိုယ်ပြန်မြင်နေရတဲ့ ဘဝ ဆိုတဲ့ စာသားလေးကို အရမ်းသဘောကျတာပဲ။
ဆရာ မpost ကိုဖတ်ပြီး ဆရာမနည်းတူလိုက်ခံစားလိုက်ရတယ်။ စိတ်မကောင်းဘူး။

မေလေး said...

ဆရာမရယ်
ဖတ်ရတာ စိတ်မကောင်းပါဘူး။ မြန်မာတွေ ဘာလို့များ အချင်းချင်း အဲဒီလိုစိတ်မျိုးထားပါလိမ့်လို့ အမြဲတွေးမိပါတယ်။

မေလေးကိုယ်တိုင်လဲ မြန်မာအချင်းချင်းဘဝပျက်လောက်အောင် ယုတ်မာကြတဲ့ သူတွေ ကြုံဖူးပါတယ်။

တနေ့ကဘဲတယောက်နဲ့ ဂျီတော့မှာ ပြောရင်း မစုမွန်နဲ့ဗျူးထားတာ ပြောတာပါ။

အဲဒီ အစ်မကဘာပြောလဲဆိုတော့ ညည်းကမြန်မာအစစ်မှာမဟုတ်ဘဲ မျိုးချစ်စိတ်တွေ ဘာတွေ လာပြောမနေပါနဲ့။ လူတွေကို အပိုတွေ ရေးပြမနေနဲ့တဲ့။

မြန်မာတွေ စိတ်ဓါတ်မရင့်ကျက်ကြဘူး ပြောရင်လဲ ကြိုက်ကြမှာ မဟုတ်ဘူး ဆရာမ။
ခက်ပါသေးတယ်။
ဆရာမရေ
ဆက်ရန်မျှော်နေမယ်နော်

Rita said...

အစ်မရေးထားတဲ့ အကြောင်းအရာရော မငယ်နိုင် ရေးထားတဲ့ comment ရော စိတ်ဝင်စားဝရာ တွေးစရာကောင်းပါတယ်။

(ဥပမာ ကိုယ့်ကို တယောက်ယောက်က ဆန့်ကျင်ပြီး ပြောတာကို စိတ်တိုတတ်တာမျိုးလို မကောင်းတဲ့ စိတ်ကို ပြန်ရှာပြီး)
ဆိုတာကို ဖတ်ရတဲ့ အချိန်မှာတော့ နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိပါတယ်။ မြန်မာပြည်ကို ချစ်လှချည်ရဲ့ လို့ အော်အော်နေတတ်တဲ့ လူတွေထဲ ဒါမျိုး တွေ့ဖူးလို့ပါ။ ထားပါလေ။

ဒီ post ကို တင်တဲ့နေ့တည်းက ဖတ်ပြီးသားကို ခုမှ comment လာတင်ရတယ်။

ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်တွေ ကြုံရတာ ဖတ်မိတိုင်းမှာ အစ်မတော့ အကြွေးပေးစရာ ရှိတာတွေ လျော့လျော့သွားပြီလို့ပဲ စိတ်ထဲမှတ်ပြီး ဖတ်မိပါတယ်။

တန်ခူး said...

မ ရေ… သေသေချာချာဖတ်ပြီး ရင်ထဲနင့်နေအောင် ခံစားသွားမိပါတယ်… တဆက်ထဲ နိုင်ငံခြားမှာ ကြီးရတဲ့ ကိုယ့်သားလေးကို ကြီးသူကိုရိုသေ၊ ငယ်သူကိုသနား၊ ရွယ်တူကိုလေးစားတတ်တဲ့ အကျင့်လေးအရိုးစွဲအောင် အထပ်ထပ် ဆုံးမမှလို့  ကိုယ့်ကိုယ်ကို သတိပေးမိတယ်… မ ရေ… ဒါမျိုးဆန်ဆန်အဖြစ်လေးကို ကျွန်မ အာအိုင်တီကျောင်းသူဘ၀မှာ မြင်ခဲ့ဖူးတယ်အမ… ကျွန်မတို့ နှစ်က ပို်က်ဆံအရမ်းရှိတဲ့ မောက်မောက်မာမာ ကျောင်းသူတယောက်က ကျွန်မသူငယ်ချင်းဆီက လက်ကိုင်ပုဝါကို ငှားပြီး နှပ်ညှစ်ပြီး ပြန်ပေးတာ မျက်စိရှေ့ တင်တွေ့ ခဲ့ဖူးတယ်… ဘာသဘောနဲ့ လုပ်သလဲတော့မသိဘူး… ကာယကံရှင်မပြောနဲ့  ကျွန်မတောင် တဆတ်ဆတ်တုန်တယ် မ ရယ်… ကျွန်မသူငယ်ချင်းက ပထမတော့ ငြိမ်ခံနေပေမယ့် နောက်မှ သတိရပြီး လက်ကိုင်ပုဝါကို လွှင့်ပစ်ခဲ့တယ်… မ ရေ… အဲဒီမောက်မာတဲ့ကျောင်းသူကို ယနေ့ ထက်ထိ ဘယ်လိုမှ အထင်ကြီးလို့ မရတော့ဘူးလေ… မ ရေ… လူမှုဆက်ဆံရေးဝမ်းစာတွေပေါ့နော်... စကားမစပ် ပန်းပန်တတ်တဲ့ မ ပိန်းပန်းလေးပန်တယ်ဆိုတာ ဖတ်ရတော့ ပြုံးမိတယ်… ကျွန်မ မင်္ဂလာဆွမ်းကျွေးတဲ့နေ့ က ပန်းမ၀ယ်ထားမိ၊ ပန်းပန်တာလဲ ၀ါသနာပါသူမို့  အမေ့ခြံထဲက ပိန်းပန်းလေးပန်ခဲ့တာ သတိရမိတယ်…

Unknown said...

အဲဒီအခါ ခုချိန်ထိတိုင်အောင် “ကိုယ့်အိတ်ထဲက စိုက်မပေးရတဲ့.. ကိုယ့်ကိုလည်း ဘာမှထိခိုက်သွားမှာ မဟုတ်တဲ့ သူတပါးရဲ့ အကျိုးစီးပွား ရရာရကြောင်းကို ပျက်စီးစေလိုတဲ့စိတ်… မနာလိုတဲ့ စိတ်.. ဘာလို့ ကျမတို့ လူမျိုးမှာမှ များရသလဲ ဆိုတာကိုတွေးပြီး နားမလည်ဖြစ်နေတုန်းပါ။............. that's so true Sayama... i also face that kind of things... when i read your i got a lot of good things :) thank you

jp.myintswe said...

နိုင်ငံခြားရောက်။မြောက်။ရွှေမျောက်ခေါ်ပါတယ်