Aug 21, 2009

မြသီလာရဲ့ အဝေးမှာ (၂)

မြသီလာရဲ့ အဝေးမှာ… ကျမ စိတ်ရဲ့ ဖြေပြေရာ ရှာတော့ ဘလော့စာမျက်နှာက ထွက်ပေါက်လေးတခု ဖြစ်လာပါတယ်။ ကျမကို ဘလော့လောကထဲ ရောက်စေခဲ့တာက သားကြီးပါ..။ သူပဲ ဘလော့လေးတခု လုပ်ပေး.. ဘယ်လို လုပ်ရလဲ သင်ပေး…။ နောက်တကြောင်းကတော့ ကျမရေးချင်တဲ့ ခံစားချက်တွေ.. ရသတွေ အတွေ့အကြုံတွေကို ဖောက်သည်ချချင်နေတဲ့ ထွက်ပေါက်..။ ပြီးတော့ အဲဒီ ဘလော့ရွာထဲက ကျမ စွဲလန်း နှစ်ခြိုက်မိတဲ့ စာမျက်နှာတွေ…။ အဲဒီကတဆင့် ချစ်ရတဲ့ ညီမလေးတွေ.. သမီးတွေ.. နောက်.. အကိုတချို့ မောင်တချို့ သားတချို့ ..။ စိတ်ရှုပ်စရာ အနည်းအကျဉ်း ရှိပေမဲ့ ဘလော့ရွာ လေးကို ကျမ ချစ်တယ်။ ကျမအတွက်တော့ ရင်ဖွင့်တိုင်တည်ရာ ကွင်းပြင်လေးကို ဖြစ်လို့..။

မြသီလာရဲ့အဝေးမှာ စိတ်ညစ်စရာတွေချည်းပါလား… ဆိုတာမျိုး ကျမ ရေးခဲ့မိလေသလား မသိပါဘူး။ ပြီးခဲ့တဲ့ post လေး ဖတ်ပြီး အားပေးကြတော့ ကျမမှာ ၀မ်းနည်း ၀မ်းသာ (မြတ်လေး ရိုက်တဲ့ ရုပ်ရှင်အကြောင်းမဟုတ်)။ တကယ်တော့ ကျမ ရေးဖြစ်သမျှက သင်ခန်းစာ ယူစရာရှိရင် ယူနိုင်ကြဖို့.. ဆင်ခြင်စရာရှိရင် ဆင်ခြင်မိဖို့ပါပဲ။ ပြီးတော့ ကြုံလာရသမျှကို ဘယ်လို ရင်ဆိုင်သလဲဆိုတာကို မျှဝေချင်တာပါပဲ။ ကျမအနေနဲ့ ပြဿနာလေးတွေ ကြုံရတဲ့ အချိန်အခိုက်အတန့်လေးမှာ စိတ်ထိခိုက်တာ.. စိတ်တိုတာတွေ လူသာမန်ပီပီ ခံစားရပေမဲ့ အဲဒါကို ရအောင် ရင်ဆိုင်ဖြတ်ကျော်ချိန်မှာ ဘယ်လို နှလုံးသွင်းတယ်ဆိုတာတွေကို ပြောပြချင်တာပါ။ အဲဒါတွေကိုသာ တဆိတ် တအိတ်လုပ် ခံစားနေမယ်ဆိုရင် ဒါမျိုးတွေအများစုနဲ့ ပြည့်နေတတ်တဲ့ လူ့ပတ်ဝန်းကျင်ထဲ ကျမတို့ ဘယ်လို ရှေ့ဆက်လျှောက်နိုင်ပါ့မလဲ.. နော်။ ပြီးတော့ ဒါလေးကို ကျမတို့ ပုံကြီးချဲ့ ခံစားနေမယ်ဆိုရင် ကျမတို့ နိုင်ငံထဲက အမြဲ သောက ဒုက္ခနဲ့ လက်ပွန်းတတီးနေနေကြရတဲ့ ကိုယ့်လူထုကို အားနာစရာ..။

+++++
တကယ်လည်း ကျမ ချန်ထားခဲ့တဲ့ မြသီလာနဲ့ ကိုယ့်မြေကိုသာ ထည့်မတွေးဘူး.. သတိရမနေဘူးဆိုရင်… ဇင်းမယ်မှာ နေခဲ့တဲ့ ၄နှစ်ဝန်းကျင်နဲ့ ခု နေရတဲ့ ဘ၀လေးက ကျေနပ်စရာကောင်းတာ အမှန်ပါ။ ဇင်းမယ်မှာနေတုန်း ကျမတတ်နိုင်တဲ့ ပညာရေးနဲ့ မြန်မာစာ သင်ကြားရေးကိစ္စတွေ.. စာရေးဆရာအလုပ်တွေ ကျမ နိုင်သလောက် လုပ်ခဲ့ရတာတွေ… နောက် Radio Free Asia မှာ ပညာရေးအစီအစဉ် ၂နှစ်ကျော် လုပ်ခဲ့တာလည်း ကိုယ့်ဘာသာတော့ သိပ် ပီတိဖြစ်ရပါတယ်။ ကိုယ်ရောက်တဲ့ နေရာလေးမှာ ကိုယ် လုပ်ချင်တာလေး လုပ်ခွင့်ရတာ.. ကျေနပ်စရာ မဟုတ်လား..။ ပြီးတော့ ကိုယ့်တိုင်းပြည်ရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ကွက်လပ်ကလေးတွေကို နိုင်သလောက် ဖြည့်ခွင့်ရတာလေ။

တကယ်တော့ လူတွေဟာ ကိုယ်နေရတဲ့ နေရာမှာ ကိုယ်လုပ်ချင်တာလေးတွေကို ကိုယ်တတ်နိုင်သလောက် လုပ်ဖို့.. လုပ်ခွင့်ရဖို့ပဲ လိုတယ်လို့ ကျမ ထင်ပါတယ်။ အဲလို လုပ်တဲ့နေရာမှာ သူများကို စိတ်အားဖြင့်ဖြစ်စေ.. ကိုယ်အားဖြင့် ဖြစ်စေ ဒုက္ခမပေးမိဖို့တော့ ကျမ အထူး သတိထားဖြစ်ပါတယ်။ (မဟုတ်မမှန် လုပ်တဲ့သူတွေ အပေါ်တော့ ခြွင်းချက်)။

+++++
ခုလည်း ကျမ Voice of America (VOA) ရေဒီယိုမှာ တထောင့်တနေရာက လုပ်ခွင့် ရတဲ့ အတွက် တကယ်ပဲ စိတ်ချမ်းသာရပါတယ်။ (အိပ်ရေးပျက်တာတော့ တပိုင်းပေါ့ :P )။ မြန်မာပြည်စံတော်ချိန် ညနေ ၆နာရီ (၀ါရှင်တန် စံတော်ချိန် မနက် ၇နာရီခွဲ) မှာ စပြီး အသံလွှင့်နိုင်ဖို့ အမေရိကန်ပြည်ရဲ့ စံတော်ချိန် မနက် ၄နာရီ (ဗမာပြည်ရဲ့ နေ့လယ် ၂နာရီခွဲလောက်)ကတည်းက ကြိုပြီး ပြင်ရ ဆင်ရပါတယ်။ နောက်ဆုံးထွက် သတင်းတွေ အမီလိုက်.. အသင့်ပြင်ကြရပါတယ်။ အဲဒီအတွက် ကျမတို့ နေတဲ့ Maryland ကနေ ရုံးရှိရာ Washington DC ကို မနက် ၄နာရီရောက်ဖို့ အိမ်ကနေ ၃နာရီ ၁၅လောက် ထွက်ကြရပါတယ်။ ဆိုတော့ သန်းခေါင်ကျော် ၂နာရီခွဲလောက်ကတည်းက အိပ်ယာထ ပြင်ရ ဆင်ရ..။ (ဒါတောင် ကျမက ကိုယ်တိုင် ကားမမောင်းရလို့..။ တရပ်ကွက်တည်းနေတဲ့ ဂျူတီတူသူတွေက အဆင်ပြေသလို ၀င်ခေါ်ပေးပြီး တူတူသွားကြရပေလို့)။

ရုံးကို ၄နာရီရောက်ပြီဆိုရင်တော့ ကော်ဖီတခွက် ကမန်းကတမ်းဖျော်ကြပြီး ကော်ဖီင်္ခွက် ကိုယ်စီနဲ့ အလုပ် ရှုပ်ကြရတော့တာပါပဲ..။ ဖုန်းတွေခေါ်.. သတင်းတွေ လိုက်.. နိုင်ငံတကာ သတင်း အတွက် ဘာသာပြန်တဲ့သူက ပြန်..။ ပရိုဂရမ်တွေ အသင့်ပြင်သူက ပြင်..။ အသံသွင်းစရာ ရှိသူတွေက သွင်း..။ အင်တာဗျူးလုပ်သူတွေက လုပ်..။ ပြေးပြေးလွှားလွှား သွက်သွက် လက်လက် လုပ်ကြရတာ..။ ကြည့်တော့သာ အချိန် ၃နာရီလောက် ကြိုရတယ်ဆိုပေမဲ့ ဗမာပြည်ကို အလွယ်တကူ ဖုန်းခေါ်မရတာနဲ့..။ Breaking News တွေ အတက် နောက်ကျတာနဲ့.. အမြဲတမ်း အချိန်လု လုပ်ကြရတာပါပဲ။

(ရုံးမှာ.. တကယ်အလုပ်လုပ်နေတာကို ကိုရန်နိုင် ရိုက်ထားတာ :D)

ကျမကတော့ စိန်ခေါ်ခံနေရတာကို ကြိုက်သူမို့ ကျမအတွက် မူကြိုကျောင်းလို အစကနေ သင်ယူရတဲ့ ရေဒီယိုအလုပ်ထဲ မျက်စေ့သူငယ် နားသူငယ်နဲ့ (အံမယ်..ပြောပုံက သနားစရာလေးလိုလို) ကြောက်နေရ စိတ်လှုပ်ရှားနေရတာကိုပဲ သဘောတွေ ကျလို့။ စစချင်း ရက်တွေတုန်းကများ တပည့် ရာဂဏန်းရှေ့ အော်ဟစ်စာသင်လာတဲ့ ကျမက စတူဒီယိုထဲက Microphone ရှေ့မှာ ခြေဖျားလက်ဖျားတွေ အေးလို့။ ကျမစိတ်ထဲ သန်းနဲ့ချီပြီး နားထောင်နေမယ့် သူတွေကို မြင်ယောင်လို့ပေါ့.. ကျမ အကောင်းဆုံးကို ပေးနိုင်ပါ့မလား.. ဆိုတဲ့ စိုးရိမ်စိတ်နဲ့။ ပြီးတော့ သင်ယူရမယ့် နည်းပညာ အတတ်ပညာ အသစ်တွေထဲ ခြောက်အိပ်မက်တွေတောင် မက်လို့။ ကျမထက် အသက်တွေ ငယ်ကြပေမဲ့ ဒီလောကထဲမှာ ကျွမ်းကျင်နှင့်နေသူ လုပ်ဖော်ကိုင်ဖက်တွေနဲ့၊ အတွေ့အကြုံများသူ စီနီယာတွေရဲ့ အကူအညီ အသင်အပြတွေအောက်မှာ ကျမကတော့ ဦးကျည်ပွေ့ ထုံး နှလုံးမူရတော့တာပေါ့။ သင်တဲ့သူတွေကလည်း တကယ်ပဲ စိတ်ရှည်လက်ရှည် သင်ပေးကြတာပါ..။ (အဲဒါတောင်မှ ညံ့နေတာဆိုရင်တော့ ကျမကကို ကိုယ်ခံအားညံ့လို့ဖြစ်မှာပါ :P ) ဘာပဲဖြစ်ဖြစ် ကျမက ကိုယ့် ဘ၀အသစ်လေးထဲ မွေ့လျော်ပါတယ်။ ပိုပြီး စိတ်ကျေနပ်စရာ ကောင်းတာက ကိုယ့်ဇာတိ စာရေးဆရာဘ၀.. ပြီးတော့ စာပေအထူးပြုဘာသာရပ်တွေ သင်ခဲ့တဲ့ မြန်မာစာ ဆရာမ တယောက်ဘ၀နဲ့ မကင်းကွာတဲ့ “ရသစာအုပ်စင်” အစီအစဉ်လေး လုပ်ခွင့်ရတာပါ..။ စာကောင်းလေးတွေ ဖတ်ရတဲ့အခါ ဝေမျှပေးချင်တဲ့ ကျမရဲ့ ၀ါသနာနဲ့လည်း အကိုက်လေ..။ အဲဒီအခါ ကျမအတွက်တော့ ခု လက်ရှိဘ၀လေးက တန်ဖိုးတခု ရှိလာပါတယ်။ (အဆိုးချည်းပဲလည်း မဟုတ်ကြောင်းလေးတွေ ရေးပါပြီနော်)။

+++++

သမီးလေးကတော့ ဇင်းမယ်မှာပဲ ပိုပျော်တယ်… တဲ့။ (အဲလိုသာ ပြောတယ်… ဆော့လိုက်တာတော့ ကမ်းကုန်.. မပျော်ပေလို့)။ သားငယ်လေးကတော့ ဒီမှာ ပျော်တယ်.. တဲ့။ သားကြီးခမျာတော့ ဟိုဟာ လို ဒီဟာ လိုနဲ့.. ကျောင်းတက်ဖို့အရေး ခုထိ စောင့်နေရဆဲ..။ ဒါပေမဲ့ သူ့အနာဂတ်က နီးနီးလေးမှာပါ..။ ကလေးတွေအဖေခမျာလည်း ဒီလိုပဲ လိုအပ်နေသေးတာ တချို့ကြောင့် အမေရိကရောက် ဗမာအများစုလို.. ဆူရှီလိပ်တွေထဲ ယဉ်ပါး.. (ဗမာလို အင်မတန်တတ်တဲ့ သူငယ်ချင်း အမေရိကန်မ တယောက်ပြောဖူးတဲ့.. နင်တို့ ဗမာတွေ အမေရိကရောက်ရင် အောင်ဆန်းစုကြည်အရေး သိပ်မလုပ်နိုင်တော့ဘဲ အောင်ဆန်းဆူရှီ အရေးပဲ ဖြစ်ကုန်တယ်.. ဆိုတာကိုတော့ သတိရရနေမိတာပေါ့)။ ကျမကရော..။ ကျမကတော့ ခု ဘ၀လေးထဲမှာ အေးချမ်းတာကိုပဲ ခံစားရပါတယ်။ အသက်အရွယ်ကြောင့်လားတော့ မသိ..။ အပျော်ဆိုတဲ့ ခံစားချက်ကတော့ မရှိတော့ပါဘူး။ ဒါပေမဲ့ ဒီကိုရောက်မှ ထူးခြားတာကတော့ ညနေပိုင်းတာဝန်ကျလို့ ဘူတာထိ လမ်းလျှောက်ရင်း မေတ္တာသုတ်ရွတ်နေတဲ့ကြားကပဲ.. ဘေးဘယ်ညာတလျှောက်က နွေရာသီ ကာလရဲ့ ပန်းရောင်စုံတွေထဲ ဆွတ်ပျံ့မိ..။ အထူးတဆန်း ငှက်ကလေးတွေ လိုက်ကြည့်ရင်း သာယာမိနဲ့.. ဟိုးတုန်းကလို ၀တ္ထုတိုတွေ.. လုံးချင်းဝတ္ထုတွေ ပြန်ရေးချင်လာတာပါပဲ..။

ဒီကို မလာခင်တုန်းက အမေရိကဆိုတာကို ရုပ်ရှင်တွေထဲ ကြည့်ဖူးသမျှနဲ့ Cultural Shock ကို စိုးရိမ်ခဲ့တဲ့ ကျမက ခုနေတဲ့ ၀န်းကျင်က ဆူဆူပူပူ မရှိတဲ့ သူတွေကို ကြည့်ရင်း.. အေးအေးလူလူ လမ်းလျှောက်ရင်း.. ခြံထဲမှာ ပန်းပင်လေးတွေ ပျိုးထောင်နေတဲ့ အဖိုးကြီး အဖွားကြီး စုံတွဲတွေကို ကြည့်ရင်း.. သမီးတို့သားတို့ ကျောင်းက ပညာရေးအဆင့်အတန်းကို ကြည့်ရင်း.. ဆရာဆရာမတွေကို ကြည့်ရင်း… ဆယ်ကျော်သက်စုံတွဲလေးတွေရဲ့ ကယုကယင် တွေကို ကြည့်ရင်း.. ရေးချင်လာတာတွေမှ အများကြီးပေါ့..။ ဒါတောင် ကျမက အမေရိကရဲ့ ကွက်ကွက်ကလေးမှာပဲ ရောက်နေတာပါ။ တကယ်တော့ ကျမ ရောက်နေတာကလည်း အေးချမ်းလက်စရှိတဲ့ တောမြို့လေးလိုမို့ ထင်ပါရဲ့..။ (တချို့နေရာတွေမှာတော့ Crime Area တွေ ရှိတယ်လို့ ပြောကြပါတယ်)။

ပြောသာပြောတာပါ.. ခုထိလည်း ညနေပိုင်းတာဝန်ကျတဲ့ ရက်တွေမှာ ည ၉နာရီခွဲ အလုပ်ပြီးလို့ ရုံးကပြန်ပြီဆိုရင်တော့ ညမှောင်မှောင်ထဲ.. ဘူတာရုံထဲက လူအုပ်အုပ်ကြား ထဲမှာတောင် ကြောက်နေမိတုန်းပါ။ ဘယ်အချိန်မှာ လူအုပ်ထဲက စိတ်သိပ်မမှန်တဲ့ သူတယောက်က သေနတ်ကြီးထုတ်ပြီး ပစ်ထည့်လိုက်မလဲ…။ နောက် ရထားထဲမှာလည်း အဲလိုပဲ အမည်းတယောက်ယောက်ကများ ကိုယ့်ကို နှစ်ခါလောက် လှမ်းကြည့်ရင် ဖတ်လက်စ စာအုပ်တောင် အာရုံမရောက်တော့ဘဲ မေတ္တာသုတ် ဖိရွတ်မိတော့တာပါ..။ ကိုယ်ဆင်းရမယ့် ဘူတာ ရောက်တော့လည်း ကိုယ်လျှောက်နေကျ ဘူတာအဆင်း လမ်းရှည်လေးကိုတောင် ကြောက်လို့ ကလေးတွေနဲ့ သူ့အဖေ အမြဲလာကြိုရတာ..။ ဟုတ်တယ်လေ.. Serial Killer တို့ စိတ္တဇလူသတ်သမားတို့ဆိုတာ ခဏခဏ ကြားနေရတာမို့လား..။ ပုထုဇနော ဥမ္မတကော ဆိုပေမဲ့ အဲလောက်ကြီး ဥမ္မတကောရင်တော့ ကြောက်တာပေါ့။

ဘာပဲဖြစ်ဖြစ်.. ဒါတွေဟာ ဒီလောကကမ္ဘာကြီးထဲ ဘယ်လိုမှ ကြိုခန့်မှန်းလို့ မရတဲ့ ကိစ္စတွေပဲ မဟုတ်လား..။ အဲဒီအခါ ကျမငယ်ငယ်ကတည်းက မှတ်မိနေတဲ့ ပို့စ်ကဒ်ကဗျာတိုလေးကို မကြာခဏ သတိတရ ရွတ်မိပါတယ်။
ဘ၀ဆိုတာ
တိုတိုလေးမို့
ငှက်လေးတွေလို ပျော်ကြစို့.. ။
မှတ်မှတ်ရရ.. ကိုရွှေသိမ်းမင်း ပန်းချီ.. ကောင်းကင်ပြာပြာနောက်ခံ လွင့်နေတဲ့ တိမ်ဖြူလွလွ တွေကြားမှာ ငှက်တအုပ် လေဟုန်စီးနေတဲ့ ပုံ…။ ပန်းချီကားရဲ့ ညာဘက်ထောင့်နားမှာတော့ နေလုံးနီနီက ခပ်ဝါးဝါးး။ ကြည့်လိုက်တာနဲ့ စိတ်ထဲ အေးငြိမ်းသွားတာလည်း မှတ်မိတယ်..။

ကျမ ရုံးသွားတဲ့အခါ မနက် ၃နာရီဆိုလည်း ဖြတ်သွားရတဲ့ ဟိုင်းဝေးလမ်းမကြီးက Potomac မြစ်နဘေးက Canal Road ကို ဖြတ်ပြီဆိုရင် သမင်လေးတွေ ယုန်လေးတွေ တောကြောင် လေးတွေကို ကားမီးရောင်အောက်မှာ လှမ်းလှမ်းမြင်ရတာကလည်း အေးချမ်း..။ အပြန် ဆိုလည်း လမ်းလျှောက်ပြန်ဖြစ်ပြီဆိုရင် သစ်ပင် ပန်းပင်တွေကြား.. စိတ်အေးလက်အေး ပျော်ရွှင်ဆော့ကစားနေတတ်တဲ့ ငှက်ကလေးတွေ ရှဥ့်ကလေး ယုန်ကလေးတွေ တွေ့ရတတ် လေတော့ စိတ်လက်အေးချမ်းစရာကောင်းတာ အမှန်ပါ..။ ဒါနဲ့ပဲ အဲဒီ ကဗျာတိုလေး သတိတရ ရှိမိတာ..။

အဲလိုအချိန်တွေဆိုရင်တော့ ဘယ်နေရာ ဘယ်ဒေသရောက်ရောက်.. ကိုယ့် Principle လေး ကို ထိန်းပြီး ကိုယ့်ကိုယ်ကို ကိုယ့်ပတ်ဝန်းကျင်ကို တန်ဖိုးရှိအောင် နေရင် အေးချမ်းမှု ရပါလားလို့ တွေးမိပါတယ်..။ အဲဒီအခါမှာတော့ မြသီလာနဲ့ အဝေးမှာပေမဲ့လည်း အချီးနှီးဖြစ်မယ့် အလွမ်းတွေအစား အချိန်ရတုန်း ကုသိုလ်ကံပေးတုန်း ကိုယ်တတ်နိုင်တာ လေးတွေ လုပ်သွားဖို့ အားမွေးတတ်လာပါတယ်..။ အိုးး ကျမမှာ လုပ်စရာအလုပ်တွေ တာဝန်တွေအများကြီး ရှိပါသေးလားပေါ့..။ ရှေ့လာမယ့် နှစ်ဆို ကျမ ပညာရေး ဘာသာရပ်နဲ့ ပတ်သက်ပြီး ကျောင်းဆက်တက်ရဦးမှာ.. (၀င်ခွင့် ဖြေထားပြီးသား)။ (တချိန် ကျမတို့ နိုင်ငံ ပြန်လည် ထူထောင်ရေး လုပ်တဲ့အခါ ကျမ ပြန်ခွင့်ရပြီး ပညာရေး ပြန်လည် တည်ဆောက်ရေးမှာ ၀င်ကူဖို့ဆိုတဲ့ အိပ်မက်နဲ့ ကျမ Higher Education Management တက်မယ်လို့ စဉ်းစားထားပါတယ်။) နောက်ပြီးတော့ စာတွေလည်း အများကြီး ရေးရဦးမှာ.. (အဲဒါလည်း တချိန် စာအုပ်တွေ ပြန်ထုတ်ဖို့)။ ကလေးအငယ် နှစ်ယောက်ကိုလည်း အချိန်ပေးပြီး မြန်မာစာ သင်ပေးရဦးမှာ..။ တကယ့်ကို လုပ်စရာတွေ အများကြီး.. အချိန်က မလောက်မငှ..။

အဲဒီအခါမှာတော့ အမြဲလို တာဝန်တခုခုရှိနေချင်တဲ့ ကျမအတွက် မြသီလာရဲ့ အဝေးမှာ နေပျော်စရာ ဖြစ်လာပါတော့တယ်..။
++++++


18 comments:

ရွာသားလေးဝိုင်တီယူ said...

ဆရာမရေ
ကျနော်တို့ မြသီလာနဲ့ ဝေးနေတာကြာခဲ့ပြီကော အခုလိုပြန်ဖတ်ရတာဝမ်းသားပါတယ်။
ပျော်ရွှင်အဆင်ပြေကြတယ်ဆို ရုံးကန်ခဲ့ရတာတွေအတွက် အမြတ်ပါလေ။

tg.nwai said...

အစ်မရေ.. မြသီလာရဲ့ အဝေးမှာ အဆင်ပြေကြပါစေလို့...။

Craton said...

အချိန်တွေက မလောက်ငနိုင်တော့......
............. ............... ..............

မမိုး said...
This comment has been removed by the author.
မယ်ကိုး said...

ဆရာမ မြသီတာရဲ့ အဝေးမှာ အဆင်ပြေနေတာလေး ဖတ်ရတော့ စိတ်ချမ်းသာရပါတယ်။
ဆရာမ ပျော်ရွှင်ပါစေ။

Nyi Linn Thit said...

ဒီတစ်ပုဒ်ကတော့ တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကြည့်နူးစရာလေးပါပဲ အမရေ... :)

အမေရိကားလို နိုင်ငံမှာပေမယ့် သဘာဝနဲ့နီးစပ်ပြီး အေးချမ်းလှတဲ့ နေရာလေးမှာ အမတို့မိသားစု အခြေချ ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်ဗျာ၊ သင်နိုင်သလောက် သင်ယူဖို့ ပြင်ဆင်ထားတာကို အားပေးတယ်ဗျို့...၊ :D

ကိုယ့် Principle လေးကိုထိန်းပြီး ပတ်ဝန်းကျင်မှာ တန်ဖိုးရှိအောင်နေတာနဲ့ ပတ်သက်ပြီး စာကြောင်းလေး တစ်ခုသတိရမိတယ်၊ " As a matter of style, I go with the current. But, as a matter of principle, I stand like a rock " ဆိုတာလေ...။

အမ..ကျောက်ဆောင်ကျောက်သားလို ခိုင်ကျည်ပါစေ။

မမိုး said...

မမေငြိမ်းရေ ဖတ်ပြီးဝမ်းသာမိပါတယ်..
မိသားစုအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေ
နေတယ်ဆိုလို့ပါ။ ဖြစ်ချင်တာကို အခက်အခဲတွေ
အမျိုးမျိုးကြားထဲက ဖြစ်အောင်လုပ်နိုင်ခဲ့တဲ့ အတွက်
တကယ်ပဲ ချီးကျူးပါတယ်။
ကိုညီလင်းသစ်လိုပဲ ထပ်ပြောချင်ပါတယ်..
ကျောက်ဆောင်ကျောက်သားလို ခိုင်ကျည်ပါစေလို့...။

Ko Paw said...

ဆရာမကြီး…. ဘေးမှာ နားကြပ်နှစ်ခုက ဘေးတဖက်တချက်မှာ ဂြိုဟ်တုဆံထုံးပုံနဲ့ဆိုတော့… ကိုလေးတို့၊ မောင်စိန်တို့ ပန်းချီထဲက ဆယ်ကျော်သက်ကလေးတွေနဲ့တူနေတယ်။း-)

မမသီရိ said...

မမေငြိမ်း ရေးခဲ့တဲ့ ဘလော့ပေါ်က စာတွေအာလုံးထဲမှာ
ဒီပို့စ်လေး ဖတ်ရတာ အနှစ်ဆုံး လို့ ခံစားမိတယ်
မြသီလာအလွမ်းပြေတွေကို လဲ ကြိုက်တယ် ဒါပေမဲ့နာကျင်ကြေကွဲမှုတွေ မကျေမနပ်တာတွေ နဲ့
ပထမ မြသီလာရဲ့ အဝေးမှာတွေကလဲ ကောင်းပါရဲ့ ဒါပေမဲ့ တခုခု လိုနေသလို

ဒီပို့စ်လေးကတော့ ဖတ်သူတိုငိးအတွက် ဗဟုသုတ၊ သုတ ရသ ဘ၀ အသစ်၊ ပတ်ဝန်းကျင်အသစ်နဲ့
ကမ္ဘာကျော်မီဒီယာ တခုရဲ့ တစိတ်တပိုင်းကိုပါ သိခွင့်ရတာမို့ တကဲ့ ကို နှစ်သက်မိပါတယ်

ကျမ က VOA ရဲ့ နှစ်ရှည်ပရိတ်သတ်ဖြစ်ခဲ့တာမို့ ခုလဲ အင်တာနက်မှာ ကြည့်တာထက် ရေဒီယိုမှာ နားထောင်ရတာကိုပဲ နှစ်သက်တာမို့ နေ့စဉ်ကိုပဲ စွဲစွဲ မြဲမြဲ နားထောင်ဆောင်ဆဲ
ဆိုတော့ မမေငြိမ်း ကို ပို ရင်းနှီးမိနေပါတယ်

ရသ စာအုပ်စင် မှာ ရွေးချယ်ပေးတာလေးတွေလဲ
သဘောကျမိတာ ဒီမှာပဲ တလက်စထဲ ပြောခဲ့တော့မယ်..း)

အဆင်ပြေပါစေ ပျော်ရွှင်ပါစေ ရှင်..

ခင်မင်စွာနဲ့

တောင်ပေါ်သား said...

မကြီးရေ လာဖတ်သွားပါတယ်
အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းလျက်


လေးစားလျက်
တောင်ပေါ်သား

Rita said...

ဝမ်းသာမိပါတယ် အစ်မ။

မတ်လ မြန်မာပြည်ပြန်တုန်း ဆရာဦးလှရွှေနဲ့ ခဏလေး ဆုံမိတုန်းက ဆရာ့မျက်နှာကို ကြည့်ပြီး တစ်ခုတွေးမိခဲ့တယ်။ အော် ဘ၀ကို တကယ် ကျေနပ်ဖူးခဲ့တဲ့သူတွေပါလား လို့။

ဘာပဲပြောပြော အစ်မလဲ ဘ၀ကို ကျေနပ်ဖူးခဲ့မှာ အသေအချာပါပဲ။ (ဆရာမငယ်ငယ်ဘ၀မှာ လိုင်းကားပေါ်က ကျောင်းသားတွေနဲ့ ပတ်သတ်တဲ့ အဖြစ်အပျက်လေး)

ခုလဲ ကျေနပ်နေရတယ်ဆိုတာ ဓါတ်ပုံကြည့်ပြီး ခံစားလို့ရပါတယ်။

Aung M said...

အန်တီ ပြုံးပြုံး ရွှင်ရွှင် အားမာန် အပြည့် နဲ့  အလုပ် လုပ် နေ ပုံ တွေ ရလို့ ဝမ်းသာ ပါတယ်. အန်တီတို့တအိမ်သားလုံး ကျန်းမာ ချမ်းသာ အမြဲပျော်ရွှင် ပါစေ

www.shwedarling.com/blog

မီယာ said...

အမရေးတာတွေ ဖတ်ပြီး အမနဲ့ အတူ လိုက်မောရ စိတ်ညစ်ရ ကြောက်ရ ကြည်နူးရနဲ့ ရသကို စုံလင်နေတော့တာပါပဲ... အဲ့ဒါကပဲ ဘ၀ အဓိပ္ပါယ် ပြည့်စုံတယ် ခေါ်မလားနော် အားလုံးဖတ်ရအောင် ဝေမျှလို့ ကျေးဇူးတင်ပါတယ်။

Nge Naing said...

ဆရာမရေ
ကျွန်မကတော့ အလုပ်နဲ့ ဝေးတဲ့နေရာမှာ ဘယ်တော့မှ မနေချင်ဘူး။ ဒါနဲ့ ဆရာမ ကျောင်းတက်ဖို့ ရှိတယ်ဆိုလို့ Full Time တက်ရင် အခုကျွန်မ ခံစားနေရသလို လူဖြစ်ရှုံးတယ်၊ လူမှုအခွင့်အရေး ဆုံးရှုံးတယ်ဆိုတာမျိုး ဘယ်သူ့ကိုမှ မခံစားစေချင်လို့ ကျောင်းတက်ရင်တော့ Part time ပဲတက်ဖို့ အကြံပေးချင်တယ်။ ဆရာမမှာ ကလေးငယ်ငယ်လေး နှစ်ယောက်နဲ့ဆို ပိုတောင်ဆိုးဦးမယ်။ ဆရာမို့ အဆင်ပြေကြတာ ကြားရလို့ ၀မ်းသာပါတယ်။ ဒါပေမယ့် အလုပ်နဲ့ အိမ် ကားနဲ့ သွားရင်တောင်မှ ၃ နာရီလောက် သွားရတယ်ဆိုတော့ ဝေးလွန်းပါတယ်။ အလုပ်နဲ့ နီးတဲ့နေရာကို အိမ်ပြောင်းလိုက်တာက ပိုကောင်းမယ် ထင်တယ်။

မေငြိမ်း said...

လာဖတ်သူအားလုံး မုဒိတာနဲ့ စိတ်ချမ်းသာကြတော့ ကျမလည်း ကြည်နူးမိပါတယ်..။ ခုလိုပဲ ရုန်းရင်း ကန်ရင်း ကြိုးစားရင်း ဆက်သွားရမှာပါ..။
စကားမစပ်.. မငယ်ရေ.. အလုပ်ကို ကားမောင်းတာက ၄၅မိနစ်ပါ.. ၄၀နဲ့ မောင်းရတာလေ..။စိတ်မပူနဲ့ :)

rose of sharon said...

အရှေ့ပိုင်းမှာဆရာမအတွက်စိတ်မကောင်းဖြစ်ခဲ့ရပေမဲ့ ဒီပို့စ်လေးမှာဆရာမအဆင်ပြေနေပြီ ဆိုလို့ဝမ်းသာမိပါတယ်....

tin min htet said...

အေးအေးချမ်းချမ်း ပတ်ဝန်းကျင်မှာ နေပြီး ကိုယ့်ဝါသနာနဲ့ ကိုက်တဲ့ အလုပ်လုပ်နေရလို့ ဝမ်းသာပါတယ်။

တီချယ်ကြီး အညွှန်းကောင်းလို့ လာတောင် လည်ချင်လာပြီ။ တနေ့ပေါ့ ..

MieMie said...

ဒီပို့စ်လေးဖတ်ပြီး မ နဲ့အတူတူ ပျော်ရွှင်မိပေါ့...


mie nge