Aug 23, 2009

ပွင့်ဦးအငုံ



ပန်းပွင့်ကလေးက ဖြူလွလွ.. ရနံ့က အေးအေးပျံ့ပျံ့.. တကယ် ချစ်မက်စိတ်နဲ့သာ စောင့်ငင်လို့ကတော့ ပွင့်လာမှာ ဧကန်ပါ..။ သူ့ပွင့်လွှာလေးတွေ တလွှာချင်း အာပြီး ၀င့်ထည်လာမှာများ မြင်ယောင်စမ်းပါတော့။ ပြီးတော့ သူဟာ တကယ့် ပွင့်ဦးစ အငုံလေးပါ..။ ပြီးတော့ အဲဒီပန်းငုံလေးက ခူးမယ့်လက်ကလေးတစုံအတွက်သာ ပွင့်အာမှာတဲ့..။ သူ ဘယ်တော့ ပွင့်ခွင့်ရမလဲ…။

+++++

ခုမှ တက္ကသိုလ်ဆိုတာကို စိတ်ကူးတယဉ်ယဉ် ရှိခဲ့တဲ့ ပထမနှစ် ကျောင်းသူတယောက် အနေနဲ့တော့ မေလေးအတွက် အတန်းရဲ့ မွန်းကျပ်လှောင်အိုက်မှုက တော်တော် စိတ်မသက်သာစရာကောင်းတာပါ..။ တချက်တချက် သဘောကောင်းပြီး ၀င်လာတဲ့ လေအေးလေးက အတန်းထဲက လူ ၂၀၀ကျော်ကို တွန်းတိုက်ပြီး ၀င်ရလေတော့ သိပ်တောင် မအေးနိုင်တော့..။ နေ့လယ်ပိုင်း အတန်းတက်ရတာကို မေလေး အဲဒါကြောင့် မကြိုက်တာ..။ ဒါကြောင့်ပဲ ပြတင်းပေါက်ဘက်ကို အရအမိ ထိုင်ရတာ..။ မေလေးထိုင်နေတဲ့ ပြတင်းပေါက် နဘေးမြင်ကွင်းမှာက ကုန်းမြေမို့မို့လေး ရှိတယ်.. အဲဒီနေရာကိုတော့ မကြည့်မိစေနဲ့။ ဘာလို့ဆို ကောင်လေးတွေ စု ပြုံထိုင်ပြီး အတန်းထဲက မိန်းကလေးတွေကို ငမ်းကြ..စကြ နောက်ကြမို့ အာရုံနောက်စရာလေ..။ မေလေးကတော့ အချောအလှစာရင်းဝင်မဟုတ်တော့ သူတို့မျက်လုံးတွေအောက်ရောက်ဖို့ ပူစရာမရှိ..။ စိတ်ရှုပ်တာ တခုပဲ..။

အဲလို တွေးထားတဲ့ ရက်တွေထဲမှာပေါ့..။ သူက မေလေးရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာ။ သူကလည်း မင်းသားလေးတပါး မဟုတ်ခဲ့ပါ။

+++++

သူထိုင်ပြီး စိုက်ကြည့်နေတာ မေလေးကိုလို့များ နည်းနည်းမှ မထင်ခဲ့ပါ။ သူ့မျက်လုံးတွေက ခပ်ပြုံးပြုံး။ မေလေး ဘေးက သူငယ်ချင်းမ နှစ်ယောက်က အချောစားတွေမို့ သူတို့ကို လာကြည့်တယ်လို့ပဲ မေလေးက သေချာနေခဲ့တာ..။ နောက်တော့ ဘာလို့မှန်း မသိဘူး.. သူကြည့်နေတာ မေလေးလို့ ထင်လာမိတယ်။ အဲဒီတုန်းမှာပဲ အနားမှာထိုင်နေတဲ့ ဆောင်း..က ဟယ်.. မေလေးကို ရှိတ်နေတာတော့..တဲ့..။ မေလေးစိတ်ထဲ အံ့သြပြီး ရှက်သလိုလိုနဲ့..။ နောက်တော့ စာသင်ချိန်အစမှာ သူ ထွက်သွားတယ်..။ အဲလိုနဲ့ နေ့တိုင်း နီးပါး.. သူရောက်ရောက်လာ..။ ခဏထိုင်ကြည့်ပြီး ထွက်သွား..။ ဆန်းတာက သူက တယောက်တည်း လာတာ.. တခြားသူတွေလို သူငယ်ချင်းတွေတစု လာတာမဟုတ်..။ ဒါကြောင့် မေလေး သူ့ကို ပိုသတိထားမိသွားတာ..ထင်ပါရဲ့။

+++++

ဒီနေ့ မေလေးတယောက်တည်း ကျောင်းစောရောက်နေလို့ စားသောက်တန်းသွားပြီး မုန့်ဟင်းခါးသွားစားတယ်..။ မေလေး မုန့်ဟင်းခါး စစားတုန်းမှာပဲ ရှေ့စားပွဲကို ကောင်လေး ၃ယောက် ရောက်လာထိုင်တယ်။ မေလေး မကြည့်မိပါဘူး။ ဒါပေမဲ့ စိတ်ထဲ ကိုယ့်ကို ကြည့်နေတဲ့ သူရှိတယ်လို့ ခံစားရတာနဲ့ မော့ကြည့်လိုက်တော့..သူ။ ဟောကြည့် .. ပြုံးသလိုလို မျက်လုံးတွေနဲ့ စိုက်ကြည့်နေပြန်ပြီ။ မေလေး တကယ် ရှက်လာပြီ။ မုန့်ဟင်းခါးကို ငုံ့စား လိုက်တော့မှ မေလေး ဒုက္ခရောက်တော့တာ.. ရုတ်တရက် ငြုတ်သီးစပ်ပြီး သီးသွားတာ..။ မျက်ရည်တောင် ထွက်တယ်.. ကြည့်စမ်း ဒါကို သူက ရယ်တယ်..။ တကယ်ဆို အဲဒါတော့ မရယ်သင့်ပါဘူး။ မေလေး စိတ်တိုသွားတယ်။ သူ့ရှေ့က ဆတ်ကနဲ ထထွက်လာလိုက်တယ်..။ ပြီးတော့ သူ့ကိုလည်း ခေါင်းထဲက ထုတ်ပစ်လိုက်တယ်။ တကယ်.. သူကိုယ်တိုင်လည်း ထွက်သွားခဲ့တယ်လို့ ထင်ခဲ့ပါတယ်..။ ဘာလို့လဲဆိုတော့ သူ မေလေးတို့ အတန်းနား ကိုတောင် မလာတော့ဘူးလေ..။

+++++
ဟော.. ခပ်ဝေးဝေးပြတင်းပေါက်မှာ မျက်နှာလေးတခြမ်း ပေါ်လာတယ်။ အတန်းထဲက ဆူသံညံသံတွေ ရုတ်တရက် တိတ်သွားသလား..။ သူ့မျက်နှာလေး မမြင်ရတာ နှစ်ပတ်လောက်ရှိသွားပြီ။ သေချာပြီ.. မေလေး စိတ်ထဲမှာ သူ ရှိနေခဲ့ပြီ…။ မေလေးသူရှိရာကို ငေးကြည့်မိတယ်။ သူက ဘာလို့ မျက်နှာတခြမ်းကို ၀ှက်ထားရတာလဲ…။ သူ့မျက်လုံးတွေက အရင်လို မပြုံးဘူး..။ သူ.. မေလေးကို စိတ်ခုနေတာလား.. ဒါမှမဟုတ်.. မေလေး စိတ်တိုသွားတာကြောင့်လားး။ အဲဒီနေ့က သူ မေလေးနဲ့ နီးတဲ့ ပြတင်းပေါက်ကို ရောက်မလာခဲ့ဘူး…။ မေလေး ရင်ထဲ ကတုန်ကယင်နဲ့..။ ပြုံးယောင်ယောင် မျက်လုံးလေးတစုံ ကို လွမ်းနေသလိုပဲ…။

+++++
ပန်းငုံလေးက သစ်စ နေရောင်အောက်မှာ.. နေလာရာလမ်းဆီ မျှော်ငေးလို့…။ ပွင့်ဖတ်လေး တွေက ချစ်ခြင်းဝတ်မှုန်တွေကို ကျစ်ကျစ်ပါအောင် ထုပ်သိမ်းလို့.. သူလာရင် ပွင့်မယ်လို့တဲ့…။

+++++

အချစ်နဲ့ တွေ့တဲ့အခါ မိန်းကလေးတွေ ပိုလှချင်လာတတ်တယ်တဲ့။ အရင်က ကလေးလို နေမိခဲ့တဲ့ မေလေးက အလှတွေပြင်လို့.. ရှည်စ ဆံပင်တွေကိုတောင် နှေးတယ်ထင်သေး။ မိန်းကလေး ပီပီသသ.. ဆံယဉ်စ ချလို့ သူ့ ရှေ့မှာ လှချင်တာ..။

ဒါပေမဲ့ သူ မေလေးရှေ့ကို ရောက်မလာခဲ့ပါဘူး။ ရက်တော်တော်ကြာအောင် မေလေး တယောက်တည်း…. ကျိတ်ပြီး ရှာခဲ့.. မျှော်ခဲ့..။ နောက်တော့ မုန့်ဟင်းခါးဆိုင်လေးကို မေလေး သတိရလာတယ်..။ သူ ရှိနေလေမလားပေါ့..။ အဲဒီနေ့က မေလေး ရင်တွေတခုန်ခုန်.. သူငယ်ချင်းတွေနဲ့အတူ မုန့်ဟင်းခါးဆိုင်ထဲ ၀င်ထိုင်တဲ့အထိ ဘေးဘီကို ရဲရဲ မကြည့်ဝံ့..။ သူငယ်ချင်းတွေစကားပြောတဲ့ဆီလည်း စိတ်မရောက်.. သူ့ကို ဗြုန်းဆို မေလေးရှေ့ကို ရောက်လာစေချင်မိတယ်..။ အဲဒီတုန်းမှာပါပဲ.. မေလေးတို့ စားပွဲကို ကောင်လေးနှစ်ယောက် ရောက်လာတာ..။ မျက်နှာတွေက အပိုးမသေ.. သူတို့က ကဗျာစာအုပ်ဝယ်ပါဦးတဲ့..။ ကဗျာဆိုတဲ့ အသံကြားတော့ မေလေး ခေါင်းထောင်သွားတယ်.. မေလေးက ကဗျာရူးစာရူးလေ..။ ပြီးတော့ ကဗျာစာအုပ်ရောင်းတာက တက္ကသိုလ်ရဲ့ ယဉ်ကျေးမှုတခု..။ စာအုပ်တွေ မေလေးယူကြည့်တော့ ကလောင်နာမည်လေး ၃ခုနဲ့..။ ကောင်လေးနှစ်ယောက် က ကျနော်တို့ ရေးတဲ့ ကဗျာတွေပါ… တဲ့။ မင်းမျိုးမောင်မောင်.. ဆိုတာ သူ..တဲ့ ။ ကောင်လေးတယောက်က နောက်တယောက်ကို ညွှန်ပြပြီး မိတ်ဆက်တယ်…။ ဟိ.. ရယ်စရာ.. မျက်နှာပိုးမသေတဲ့သူကများ ကဗျာဆရာ မင်းမျိုးမောင်မောင်… တဲ့။ ကျနော်က ပံသုမောင်.. တဲ့။ သူကတော့ သိပ်မျက်နှာမပြောင်လှ..။ စာအုပ်ထဲက ကလောင်နာမည် နောက်တခုက “….” တဲ့။ အဲဒါ ဟိုမှာ ထိုင်နေတဲ့တယောက်တဲ့..။

မေလေး စိတ်ထဲ ထိတ်ကနဲ အလိုလိုဖြစ်ပြီး လှမ်းကြည့်လိုက်တော့ ထင်တဲ့အတိုင်း သူပေါ့..။ မေလေး လှမ်းကြည့်တော့ သူက မျက်နှာလွှဲသွားတယ်..။ သူ့မျက်လုံးတွေက တမျိုးပဲ..။ မေလေး နားမလည်ဘူး အဲဒီမျက်လုံးတွေ..။ မေလေးတို့ ကဗျာစာအုပ်တွေဝယ်လိုက်တော့ ကောင်လေးနှစ်ယောက်က စကားပွားနေသေးတာ..။ အဲဒီနေ့မှာပဲ သူ့ သူငယ်ချင်းကောင်လေး နှစ်ယောက်နဲ့ မေလေးတို့ ခင်သွားကြတယ်။ သူတို့က ဒုတိယနှစ်တွေတဲ့..။ သူကတော့ အဲဒီမလှမ်းမကမ်းက စားပွဲမှာ ထိုင်နေရင်း မေလေးတို့ဆီ ရောက်မလာခဲ့ဘူး.။ အမှန်အတိုင်းဝန်ခံရရင်.. အဲဒီနေ့ဟာ မေလေးရဲ့ အရှုံးစတဲ့ နေ့ပါပဲ..။ အဲဒီညက အိပ်ကာနီးအထိ... အေးစက်စက်ဖြစ်နေတဲ့ သူ့မျက်လုံးတွေက မေလေးကို နှိပ်စက်နေခဲ့တယ်..။ အဲဒီညကျမှ မေလေး သူ့အပေါ် ငြိတွယ်ပြီရယ်လို့ ပို သေချာခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီညမှာပဲ မေလေး တိုးတိုးဖွဖွလေး ရွတ်မိတယ်..။ သူ့ကို “ကို..” လို့ ခေါ်ချင်နေမိခဲ့တယ်..။

+++++

နောက်နေ့တွေမှာတော့ သူ့သူငယ်ချင်းတွေနဲ့အတူ သူပါ မေလေးဆီပါလာပေမဲ့..သူက သူစိမ်း ဆန်နေခဲ့တာ.. မေလေးဖြင့် နားမလည်ပါဘူး။ မေလေးနဲ့သူ တစားပွဲတည်း ထိုင်တိုင်း မေလေး စိတ်လှုပ်ရှားမိတာ.. ပတ်ဝန်းကျင်က သိမှာတောင် စိုးရပါတယ်။ တရက်တော့ မေလေး စားသောက်တန်းရောက်သွားတဲ့အချိန်မှာ သူတယောက်တည်း ထိုင်နေတယ်။ မေလေး သူ့စားပွဲမှာ ၀င်ထိုင်လိုက်တော့ သူ့မျက်လုံးတွေက အရင်တုန်းကလို နူးညံ့နေတယ်လို့ မေလေးခံစားနေရတယ်။ သူက စကားတွေတောင် များများပြောလို့။ ဒါပေမဲ့ သူ့သူငယ်ချင်း နှစ်ယောက်ရောက်လာရင်တော့ သူက ခပ်တည်တည်ဖြစ်သွားရော..။ ဒီလိုနဲ့ ဇာတ်မျောကြီးထဲ စီးဝင်နေလိုက်တာ.. ပန်းငုံလေးခမျာတောင် လျော်လုလု..။

++++++

အဲဒီနေ့က တလောကလုံး ဂျွမ်းထိုးမှောက်ခုံ…။ အချစ်ဆိုတာကို မြင်ရုံမြင်ရပြီး မသဲကွဲခင် လက်လွတ်ဆုံးရှုံးရတဲ့အဖြစ်..။

မေလေးတယောက်တည်း မုန့်ဟင်းခါးဆိုင်မှာ ထိုင်နေတုန်း မေလေးတို့တဖွဲ့လုံးနဲ့ ခင်နေပြီဖြစ်တဲ့ မုန့်ဟင်းခါးသည် ကြီးမြက မေလေးကို စာတစောင်လာပေးတယ်။ သမီးကို ပေးခိုင်းတယ်..တဲ့။ ဘယ်သူလဲဆိုတော့ ပံသုမောင်..တဲ့။ မေလေး သိပ်မအံ့သြပေမဲ့.. စိတ်ညစ်သွားတယ်။ အဲဒီနေရာမှာပဲ ဖွင့်ဖတ်လိုက်တော့ ထင်ထားတဲ့အတိုင်း ရည်းစားစာပေါ့..။ ကြီးမြ.. သူ့ကို ပြန်ပေးလိုက်.. သမီး သူ့ကို မကြိုက်ဘူး.. လို့ ပြောပြီး တခါတည်း ပြန်ပေးလိုက်တယ...။ ကြီးမြက ရယ်နေတယ်…။ မေလေးကတော့ ငိုချင်နေပါတယ်။ ဘာလို့လဲဆိုတော့ တခုခုကို ရိပ်မိလာလို့ပေါ့..။ သူ့သူငယ်ချင်းက ရည်းစားစာပေးထားတဲ့ မိန်းကလေးကို သူက မရိုးမသား ပတ်သက်ပါဦးမလား..ဆိုတဲ့ အတွေးနဲ့ပေါ့….။

++++++

ပံသုက မေလေးကို တောင်းပန်တယ်..။ သူငယ်ချင်းလို ပြန်ခင်ပါတဲ့..။ မေလေးကတော့ သူ့အနားနေနေချင်စိတ်နဲ့ သူ့သူငယ်ချင်းကို ကျေအေးလိုက်ပါတယ်။ ဒီနောက်ပိုင်းရက်တွေ ကျတော့လည်း သူက ရွှင်ရွှင်လန်းလန်း ရှိသား..။ မေလေးကတော့ သူ့အနားနေနေရတာကိုပဲ ကျေနပ်နေမိပါတယ်။ သူရယ်ရင် မေလေး ပျော်တယ်..။ သူ စိတ်တိုတာ မေလေးတခါမှ မတွေ့ဖူးတော့ သူနဲ့ ပတ်သက်ရင် မေလေးက အချစ်ဆိုတာကိုသာ ခံစားခဲ့ရတာပါ…။ တဖြည်းဖြည်း စိမ့်ဝင်ငြိတွယ်လာတဲ့အခါ အချစ်နဲ့အတူ.. သံယောဇဉ်ပါ ပါလာတော့တယ်..။ မေလေးဟာ သိသိသာသာ သူ့ဆီမှာ နစ်ဝင်နေပြီထင်ပါရဲ့…။ အဲဒီရက်တွေက သာတောင့်သာယာ ရှိခဲ့တာ အမှန်ပါ…။

++++++

တနေ့ မေလေးတို့တဖွဲ့ အတူတူထိုင်နေတုန်း သူက တနေရာ ခဏ ထွက်သွားတယ်..။ မင်းမျိုးက သူ့စာအုပ်ကို ဖွင့်ပြီး ဒီမှာကြည့် ဟိုကောင်… သူ့ကောင်မလေးနဲ့ မနေ့က ချိန်းတွေ့ထားတာတဲ့..။ မေလေးလှမ်းကြည့်လိုက်တော့ ဟုတ်တယ်.. သူ.. ကောင်မလေး တယောက်နဲ့။ ကောင်မလေးနာမည်က ဖြူ..တဲ့။ မေလေး မျက်စေ့တွေ ပြာဝေသွားသလိုပဲ…။ သူ့မှာ ရည်းစား ရှိတာ.. မေလေး ပထမဆုံး သိရတဲ့နေ့…။ သူ ပြန်ရောက်လာတော့ မေလေး မျက်နှာပျက်နေမယ် ထင်တယ်..။ သူလည်း မျက်နှာပျက်နေတယ်လို့ မေလေးထင်တယ်…။ မေလေး ဟန်မဆောင်နိုင်တော့ဘဲ အတန်းဘက်ထွက်လာခဲ့တယ်…။ မေလေး ဘာလုပ်ရမလဲ…။

++++++

နောက်တော့ သူ မေလေးကို သိသိသာသာ ရှောင်လာတယ်…။ မေလေးရင်ထဲ တဆစ်ဆစ် နာ…။ နောက်ဆုံး မခံမရပ်နိုင်စိတ်နဲ့.. မေလေးကို ထပ်ပြီး propose လုပ်လာတဲ့ ပံသုကို ခေါင်းညိတ်လိုက်တယ်..။ ပြီးတော့ အဲဒီနေ့က မေလေး ငိုတယ်…။

++++++

ပံသုနဲ့ မေလေး ရည်းစားဘ၀ရောက်မှပဲ သူ မေလေးတို့နား ပြန်ရောက်လာတယ်…။ ပြီးတော့ အဲဒီကျမှပဲ မေလေးကို သူ ရင်းရင်းနှီးနှီး ဆက်ဆံလာတယ်..။ ထူးဆန်းတာတခုက သူ မေလေးကို တခါမှ နာမည်မခေါ်တာပဲ.. အမြဲ "ဟေ့ကောင်".. လို့ပဲ ခေါ်တယ်..။ စချင်ရင်တော့ ငရုတ်သီးလေး.. တဲ့။ သူ့ကို မေလေးက သူ့ကောင်မလေးနဲ့ တွဲစရင်တော့ သူ မျက်နှာတည်ပြီး စကားမဆက်တော့ဘဲ နေတတ်တယ်..။ မေလေးကတော့ အခါများစွာမှာ ပံသုကို အားနာနေမိပါတယ်။ ပံသုအနားမှာနေရင်း မေလေးစိတ်တွေက သူ့ဆီမှာပဲ ရှိနေခဲ့တာ အတွက်ပေါ့…။ ပြီးတော့ ပံသုနဲ့ ရည်းစားဖြစ်နေပေမဲ့ မေလေးက သူတို့နဲ့ပဲ အမြဲ အတူတူ နေတာလေ..။ အထူးသဖြင့် သူ့အနားမှာပေါ့..။

+++++++

သူနဲ့ မေလေးတို့ ကြားမှာ ဘယ်သူမှမသိတဲ့ ပြီးတော့ မေလေးတို့ကိုယ်တိုင်ဝန်မခံတဲ့ ငြိတွယ်မှုတွေ ရှိတာ မေလေးယုံတယ်..။ ဥပမာ… နင့်ဒီလိုင်စင်ဓာတ်ပုံလေးမှာ နင် သိပ်ချစ်စရာကောင်းတာပဲလို့ မေလေးပြောတော့ ဟုတ်လား..ဒါဆို ယူလိုက်..ဆိုပြီး မေလေး ပိုက်ဆံအိတ်ထဲ ထည့်ပေးလိုက်တာ..။ မေလေးကလည်း ဘယ်သူ့ကိုမှမပြောဘဲ ယူထားတာ…။ အိမ်က မေလေးရဲ့ စာကြည့် စားပွဲအံဆွဲထဲမှာ အဲဒီဓာတ်ပုံလေး သပ်သပ်ယပ်ယပ် ရှိနေတာ.. ဘယ်သူမှ မသိ…။ ပံသုနဲ့ မေလေး ရန်ဖြစ်တဲ့အခါ မျက်နှာပျက်ပြီး သူ ထ ထ ထွက်သွားတာ..။ မေလေးသိတာပေါ့။ နွေရာသီကျောင်းပိတ်ရက် မတွေ့တာကြာရင် ပံသုချိန်းလို့ မရတဲ့ မေလေးကို သူကတော့ အိမ်မှာ လာတွေ့တာ…။ မတွေ့ရတာကြာတဲ့ သူ့မျက်နှာကိုငေးရင်း သူ့နှုတ်ခမ်းဖောင်းဖောင်းလေးတွေကို ရမ္မက်မပါတဲ့ အချစ်နဲ့ ငေးနေမိတာ…။ သူ ပြန်ပြီး စိုက်ကြည့်လိုက်မှ အတုန်တုန်အလှုပ်လှုပ် မျက်နှာလွှဲရတာ…။ နောက်တော့ အဲဒီနှစ် စာမေးပွဲဖြေတာ စိတ်တိုင်းမကျသမျှ..သူ့ရှေ့ကျမှ ငိုမိတာ…။ ငါတော့ ကျမှာထင်ပါရဲ့..လို့ ပြောတော့ သူက ကျပါစေ..ငါလည်း ကျမှာပေါ့..တဲ့။ ဒါပေမဲ့ တကယ် အောင်စာရင်းထွက်တော့ မေလေးက မကျဘဲ သူက ကျတာ..။ မေလေး စိတ်မကောင်းဖြစ်တော့ နင်နဲ့ငါ အတန်းတူသွားတာပေါ့..တဲ့။ အဲလိုတော့လည်း မေလေး စိတ်ထဲ ကျေနပ်သလိုလို ဖြစ်သွားရသား...။ အဲဒီနှစ်မှာ ပံသုကတော့ အောင်သွားလို့ မိန်းထဲမှာ တတိယနှစ် သွားတက်ရပါတယ်..။ နောက်တော့ အဲဒါကပဲ ပြဿနာအစ ဖြစ်ခဲ့ပါတော့တယ်…။

++++++

ဒုတိယနှစ်ဟာ မေလေးတို့ နှစ်ယောက်ရဲ့ သံယောဇဉ်ကို ခိုင်ကျည်စေတဲ့ နှစ်လို့ မေလေးက သတ်မှတ်ပါတယ်။ ပံသု မရှိတဲ့ ကျောင်းမှာ မေလေးနဲ့သူ တတွဲတွဲ..။ သူနဲ့ မေလေးက စိတ် အခန့်မသင့်တောင် မဖြစ်ဖူး..။ ဒါပေမဲ့ အဲဒါဟာ ပံသုအတွက်တော့ မီးလို လောင်မြိုက်ခဲ့ဟန် တူပါတယ်။ မေလေးနဲ့ ပံသု ရန် ခဏခဏဖြစ်လာတယ်..။ ပံသုဟာ လူကြမ်းတယောက်လို ဖြစ်လာတယ်..။ မေလေးနဲ့ သူက နီးနီးလာပြီး ပံသုက ဝေးဝေးသွားတယ်..။ သူနဲ့ မေလေးတို့ကြားက သံယောဇဉ်က ဆန်းကြယ်ပါတယ်။ အေးမြခိုင်ကျည်တယ်.. အဲလို မေလေးထင်တယ်..။

+++++

ငါ ရည်းစားထားတော့မယ်.. တဲ့။ သူက နာမည်တခုပြောပါတယ်..။ မေလေးသူ့ကို ငေးနေမိတယ်..။ သူက မေလေးကို မျက်လုံးချင်းမဆိုင်ဘူး..။ နင့် ဟိုတယောက်ရော.. ဖြူလေ… ဆိုတော့ သူ ပြန်မဖြေဘူး.. ပြီးတော့ ပြုံးတယ်.. သူ့အပြုံးက ဆန်းတယ်..။ ဒါပေမဲ့ မေလေး နားမလည်ပါဘူး..။ နောက်တော့ .. နင်သဘောတူလား..တဲ့..။ မေလေး ခေါင်းညိတ်ပြလိုက်တယ်..။ အဲဒီအချိန် မျက်ရည်ကျချင်တယ်..။ သူက ရယ်လိုက်တယ်.. ပြီးတော့ မေလေး ခေါင်းကို ပုတ်လိုက်တယ်…။ ပြီးတော့.. ဘာမှ ဆက်မပြောတော့ဘူး။ မင်းလည်း စိတ်ချမ်းသာအောင်နေကွာ..တဲ့။ အဲဒါ နောက်ဆုံးပါပဲ…။

+++++++

နောက်တော့ သူတကယ်ပဲ ရည်းစားထား.. အဲဒီရည်းစားလေးနဲ့ ပျော်ပျော်ရွှင်ရွှင်…။ မေလေးကတော့ ရင်ထဲမှာ ဘာမှ မရှိတော့သလိုပါပဲ..။ တခါတလေ မေလေးရှိတဲ့ ကျောင်းဆောင်ဘက် သူတယောက်တည်း ရောက်လာတဲ့အခါ အရင်လို စကားတွေပြော.. သူဟာ မေလေးနဲ့ဆို အမြဲ နူးညံ့ကြည်လင်နေတတ်သူ…။ ပံသုရင်ထဲမှာတော့ သူက အဆိပ်အတောက်တဲ့လေ..။ ပံသုက ကြမ်းတမ်းသထက် ကြမ်းတမ်းလာတယ်။ မေလေး တခုတော့ ဆုံးဖြတ်ရလိမ့်မယ်..။ နောက်ဆုံးတော့ မေလေး ပံသုကို ဖြတ်လိုက်တယ်။ အဲဒီအချိန်မှာ သူ မေလေးဆီရောက်လာတယ်။ နင် စိတ်ဆင်းရဲနေလား.. တဲ့။ မေလေးက စိတ်တောင် ချမ်းသာနေတာလို့ ပြန်ဖြေလိုက်တယ်။ သူ မေလေးကို စိုက်ကြည့်နေပြီး ကောင်းတယ်..တဲ့။ လိုတာရှိရင် ငါ့ကိုပြောတဲ့..။ မေလေးသူ့ကို ငေးနေမိပြန်တယ်။ ဒီတခါတော့ သူ နေရခက်လာသလိုပဲ..။ ငါသွားမယ်နော်..တဲ့။ သူ လှည့်ထွက်သွားချိန်မှာ မေလေးရင်ထဲ တိုးတိုးလေး ရွတ်နေမိတယ်..။ ငါ.. နင့်ကိုချစ်တယ်လေ… လို့။

++++++

စိတ်ပေါက်ပေါက်နဲ့ ဘ၀ကို တစောင်းတိုက်ဖြတ်နေတဲ့ အချိန်တွေမှာလည်း မေလေးအနားကို သူ ရောက်ရောက်လာတတ်တယ်..။ နောက်တော့ သူ သူ့ရည်းစားမဟုတ်တဲ့ တခြား ကောင်မလေးနဲ့ ငြိတာ.. မေလေးဆီ ရင်လာဖွင့်..။ အဲ့ဒီကောင်မလေးကို အလွယ်တကူ ဖြတ်မရတော့ "ဟေ့ကောင်.. မင်းသွားတွေ့ပြီး ပြတ်အောင် ဖြတ်ပေးကွာ"..တဲ့။ မေလေးကလည်း သူပြောတဲ့အတိုင်း တကယ် လုပ်ပေးတာပဲ..။ ကောင်မလေးက မေလေးကို စိတ်တွေတိုလို့.. မေလေးနဲ့ ဘာဆိုင်လဲလို့ ရန်တွေ့လိုက်တယ်။ သူ့ကို ပြန်ပြောပြတော့ ရယ်နေတာပဲ…။ နောက်ပိုင်းလည်း သူက ကောင်မလေးတွေနဲ့ ပတ်ပတ်သက်သက်.. မေလေးမှာ နားထောင်ပေးရ.. ဆူရ.. ပြောရ.. ဖြေရှင်းပေးရ..။ အဲလို ဇာတ်လမ်းတွေ သူဘာလို့ မေလေးကို လာ လာ ပြောပြနေတယ် မသိ…။ မေလေးက သူ့ရည်းစားထက်တောင် သူနဲ့ ပိုနီးကပ်နေသလို စိတ်ထဲ ခံစားနေရတယ်။ သူနဲ့ မေလေးတို့ နှစ်ယောက်မှာ တူတာက ကိုယ်ရေးကိုယ်တာ စိတ်ညစ်စရာတွေရှိတဲ့အခါ သူက မေလေးကို ပြောပြရင်ဖွင့်တိုင်ပင်သလို.. မေလေးကလည်း သူ့ကိုပဲ ပြောပြရင်ဖွင့်တာ..။ အဲလိုနဲ့ ၆နှစ် ၇နှစ် ဆိုတဲ့အချိန်တွေ ကျော်ဖြတ်။

+++++

ဒီလိုနဲ့ အဲဒီအချိန်မှာ တကယ်ပဲ မေလေးချစ်ရတဲ့သူ တွေ့ခဲ့တယ်..။ မေလေး ရည်းစားထားတော့မယ်.. ဆိုတော့ သူက သေချာလား..တဲ့။ မေလေးက အင်းလို့ ဖြေတော့ ဟော.. သူ မေလေးကို အကြာကြီး စိုက်ကြည့်နေပြန်တယ်..။ နောက်တော့ မေလေး သူ့ကို တကယ်ပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်..။ နောက် တကယ့်တကယ် မေလေးချစ်သူနဲ့ အတူနေတော့ဖို့ ဆုံးဖြတ်.. မင်္ဂလာဆောင်တော့ သူ့ထက်တောင် စောခဲ့တယ်..။ သူ.. မေလေး မင်္ဂလာဆောင်ကို မလာခဲ့ဘူး..။ အဲလိုပဲ သူ မင်္ဂလာဆောင်တော့လည်း မေလေး မသွားဖြစ်ခဲ့ဘူး..။ ဘာဖြစ်လို့လဲလည်း မသိဘူး။ ဒါပေမဲ့ မေလေးနဲ့သူကတော့ အလုပ်ကလည်း ကျောင်းမှာပဲ အတူတူမို့ မကွဲကွာပြန်ဘူး။ အရင်တုန်းကလို ကင်တီး တူတူထိုင်.. တယောက်အကြောင်းတယောက် တိုင်ပင်.. ပြောဆို..။ ပြောရရင် ပိုတောင် ရင်းနှီး လာသလိုပဲ…။ ဒါပေမဲ့ မေလေး သူ့ကို လုံးလုံး ရင်မခုန်တော့တာ သေချာပါတယ်။ နောက်တော့ သူ့ရဲ့ ပြဿနာအခက်အခဲတွေကိုလည်း အရင်လို ကူရှင်းပေး စဉ်းစား ပေးနေရတုန်းပါပဲ…။

++++++

ပန်းငုံလေးတွေ အချိန်တန်လို့ ပွင့်ခွင့်မရတဲ့အခါ အငုံဘ၀နဲ့ပဲ ခြောက်သွေ့ညှိုးလျော်သွားတာ မေလေး မြင်ဖူးပါတယ်..။ ဆန်းတာက အဲဒီပန်းခြောက်လေးတွေက အလွယ်တကူ ကြွေကျ မသွားကြတာပါပဲ…။ အဲဒီအခါ ..

+++++

တချိန်.. အသက်တွေ ကြီးလာတဲ့ အချိန်ကျရင် သူ့ကို တခေါက်လောက် ပြန်တွေ့ချင်ပါ တယ်..။ အဲဒီအခါကျရင် သူ့မျက်လုံးတွေထဲ သေချာ စိုက်ကြည့်ပြီး.. မေးခွန်းတချို့ မေးချင်လို့ပါ..။
နင် ငါ့ကို ချစ်ခဲ့ဖူးသလား..။ ဒါမှမဟုတ်.. နင် ငါ့ကို မချစ်ခဲ့ဖူးဘူးလား..။
အဲဒီအချိန်တုန်းက နင့်မှာ ဖြူဆိုတဲ့ ရည်းစားတယောက် ရှိခဲ့တယ်ဆိုတာ တကယ်လား..။
ပြီးတော့ ငါနင့်ကို ချစ်ခဲ့တာရော..သိလား…ဆိုတာတွေ.. တကယ်မေးချင်တာပါ။

+++++

နှစ်များစွာ အငုံဘ၀နဲ့... ခူးဆွတ်သူကို ငံ့လင့်ခဲ့ဖူးတဲ့ ပန်းကလေးက သူမျှော်လင့်သူက သူ့ကို ခူးဆွတ်ချင်ခဲ့ဖူးသလားဆိုတာကို သိရရင်များ... သူ့တန်ဖိုးလေးကို မြင်ယောင်ခံစားရမလားလို့လေ…။

(၂၃၊၀၈၊၀၉)

20 comments:

kay said...

မူလွန်းတဲ့ သူရယ်..
ပွင့်ဦးကြွေမှ ဖြင့်ကွယ်...
မပန်ဆင် စေချင် ရက်တော့တယ်...

အိန္ဒြာ said...

Tag...လား..

ဖီလင်အပြည့်ပါပဲ...။

မမရေ....ရေးပါဦး တင်ပါဦး...

ငတ်လှပြီ...

မယ့်ကိုး said...

ဟုတ်ပါတယ် ဆရာမ...
ဆရာမရဲ့  စာတိုစာစလေးတွေက အစ ငယ်ငယ်ကလေးတည်းက စွဲခဲ့သူပါ။
များများရေးပါနော်...

မေ့သမီး said...

အရမ်းဖတ်လို့ကောင်းတယ်။ အပြင်မှာလည်းအဲလို ဇာတ်လမ်းတွေအများကြီးရှိတယ်နော်။

Rita said...

(ဒါပေမဲ့ နှစ်များစွာ အငုံဘ၀နဲ့ ခူးဆွတ်သူကို ငံ့လင့်ခဲ့ဖူးတဲ့ ပန်းကလေးက သူမျှော်လင့်သူက သူ့ကို ခူးဆွတ်ချင်ခဲ့ဖူးသလားဆိုတာကို သိရရင်များ သူ့တန်ဖိုးလေးကို မြင်ယောင်ခံစားရမလားလို့လေ…။)

ထိသွားတယ်ဗျာ

:P said...

အသစ်ကလေးဖတ်ရတာ ပျော်လိုက်တာ အစ်မရေ...။

မအိန္ဒြာပြောသလိုပဲ.. ဟုတ်တယ်.. ငတ်နေတာ ကြာပြီ။

MANORHARY said...

အမးးးးးးးးးးးးးးးးးးးးးးး
ကျောင်းတုန်းက...ဘဝတွေကိုပြေးသတိရတယ်
ဒါမျိုးလှလှလေးတွေဆွတ်ပျံ့ဖွယ်လေးတွေ
ရေးပါဦး.........
လွမ်းလာရင်တော့ တရားခံက အမ ပဲး(

မေငြိမ်း said...

Kay Kay..
မေလေးကတော့ မူတာမဟုတ်..ပွင့်ခွင့်ကို မရခဲ့တာပါကွယ်...။ သူကတော့ ပြောတတ်ဘူး။
အိန္ဒြာရေ.. ဖီလင်က အဲဒါ တ၀က်တည်း ရှိသေးတာနော်.. တကယ်ဆို လုံးချင်း တအုပ်စာလောက် ရှိတာ :P
မယ်ကိုးရေ..တကယ်တမ်းချရေးတော့ အရင်လောက် အသေးစိတ်မဖွဲ့ချင်ဘူး ဖြစ်နေတယ်..။ ဒါ ပြန်ရေးဖြစ်တဲ့ အစမို့ လက်ပြန်သွေးတယ်ဆိုပါတော့ :) နောက်ထပ်.. လာမည်.. မျှော်...။
မေ့သမီးရေ..
ဟုတ်တယ်.. အပြင်မှာလည်း အများကြီး ရှိမှာပါ..။ ဒါပေမဲ့ တကယ် ခံစားရသူတွေအတွက်တော့ ဒါကြီးကပဲ အဆန်းတကြယ်.. ခံစားရခက် :(
Rita ရေ...
တကယ်လို့ အဲဒီပြန်တွေ့ချိန်မှာရော..သူက ဟင့်အင်းလို့ ပြောခဲ့ရင်.. မေလေး ဘလို ခံစားရမယ်ထင်လဲဟင်.. ။ ရှက်ရှာမလား..။ ဒါမှမဟုတ် အဲဒီအချိန်ကျတော့မှပဲ သူ့ကို နာကျည်းသွားလေမလား... နော်..။
Sin dan lar ရေးး တကယ်ရေးဦးမှာ .. အားပေးနော...
မနော်လေး..
တော်ကြာ အမခမျာလေး ယောက်ျား ရိုက်လို့ ပြေးနေရပါ့မယ်အေ. :P
ဒီကလည်း ရေးချင်လျက် လက်တို့....)

YuuWaThone said...

ဟုတ်ပ။ တချိန်တုန်းက တက္ကသိုသ် ကျောင်းတော်ကြီးကို
လွမ်းသွားတယ်။အထူးသဖြင့် ပထမနှစ်ကျောင်းသူဘ၀ရယ်
တတိယနှစ်ကျောင်းသူဘ၀ရယ်ကိုပေါ့။ဟိဟိ

Soe Yu Nwe said...

very good post......thanks...

Aung Phyoe said...

လွမ်းစရာတကယ်ကောင်းပါတယ် ... အခုလိုလေးတွေ နောက်ရေးပေးပါဦး .. တစ်လတစ်ခါလောက် ပုံမှန် Tag ပေးရမယ် .. အတို အသစ်တွေထွက်အောင် ... ဟိ

နောက် ခုဝတ္ထုက ထိသွားပါတယ် ... သိသလောက်ပြောရရင် မာနကြီးတဲ့ ယောက်ျားတွေဟာ သိက္ခာရှိရှိအသည်းကွဲတတ် ကြတယ် ... ဘယ်သူမှ မသိအောင်ပေါ့ ...

Anonymous said...

ဖတ်ကောင်း၏..

သူခူးဆွတ်ချင်ခဲ့လား မခူးချင်ခဲ့ဘူးလားဆိုတာ ကိုယ်တိုင်ပဲသူ့ရှေ့သွား တိုင်နဲ့ခေါင်းနဲ့ဆောင့်ဆောင့်ပေးပြီး မေးလိုက်ချင်တာ.. အသည်းယားလို့လေ..

tg.nwai said...

အစ်မရေ.. တကယ့်ကို အငမ်းမရ ဖတ်မိသွားတယ်..အစားသာဆို ဘေးကကြည့်ရင် ပလုပ်ပလောင်းဖြစ်နေမယ် ထင်ရဲ့.. လွမ်းလိုက်တာ အစ်မရယ်.. ဘာမှန်းတော့ မသိ..:)))

နောက်ထပ် နောက်ထပ် တွေကိုမျှော်နေမယ်နော်..

အစ်မပြောသလိုပါပဲ..

"အပြင်မှာလည်း အများကြီး ရှိမှာပါ..။ ဒါပေမဲ့ တကယ် ခံစားရသူတွေအတွက်တော့ ဒါကြီးကပဲ အဆန်းတကြယ်.. "

ကိုလူထွေး said...

တိုက်တိုက်ဆိုင်ဆိုင်...
ကျနော်လည်း "မြငုံ ပွင့်ဦး" ဆိုပြီး ဝတ္ထုတိုတပုဒ်ရေးခဲ့ဖူးတယ်...

းဝ)

မီယာ said...

အသစ်ဖတ်လိုက်ရတာ ပျော်လိုက်တာ ဆရာမ...်ဆက်ရန် ရှိသေးလားဟင်

MieMie said...

အမ မေငြိမ်းရယ်... . တကယ်ဖတ်လို့ကောင်းတဲ့ ဇာတ်လမ်းလေးပါ...နောက်ထပ် ဖတ်ချင်နေမိသေးတယ်...ရေးထားတာအရမ်း ကြိုက်တယ်...

mie nge

tututha said...

အစ်မ အဲလိုဝတ္ထုတွေ ရေးသင့်တာကြာပြီ .. ။ နည်းနည်း ပြန်နုတော့လေ အစ်မ မိုက်တယ်။

ရွှေပြည်သူ (ShwePyiThu) said...

မေလေးချစ်လာတတ်ခါစက အဖြစ်လေးတွေကို ဖတ်ရင်း မျက်ရည်ဝဲသွားတယ် ဆရာမရယ်။ ငယ်ငယ်က နူးညံ့ကြည်လင်ခဲ့တဲ့ ကိုယ့်နှလုံးသားကိုယ် လွမ်းသွားလို့ပါ။

ThuHninSee said...

း) လွမ်းသွားတယ်။ အဟဲ
ယောက်ကျားဖတ်မိရင်..ဒုက်ခ။

မဆုမွန် said...

တီချယ် ဇာတ်လမ်းလေးတွေ ဆက်ရေးပြပါဦးနော်..မိုက်တယ်..