Sep 24, 2007

ဘလော့ဂါတွေလည်း ဆန္ဒ ထုတ်ဖော်စို့။

အထွေထွေ သပိတ်တဲ့..။
တကယ်တော့ အထွေထွေ ဆန္ဒထုတ်ဖော်ပွဲပါပဲ။
ကြုံနေရတဲ့ အခက်အခဲတွေ.. ခံစားနေရတဲ့ အကျပ်အတည်းတွေ..ပြေလည်ဖို့။

ရသင့်ရထိုက်တဲ့ လူစဉ်မီအခွင့်အရေးတွေ.. ငြိမ်းချမ်းသာယာမှုတွေ.. ရဖို့။
ကိုယ့် ဆန္ဒတွေ ဖော်ထုတ်ကြရမှာပါ။ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ တင်ပြကြရမှာပါ..။
ဘုန်းဘုန်းတွေ တောင်းဆိုတဲ့ လေးချက်ကလည်း ဒါပါပဲ။
လူထု တရပ်လုံး ရဲ့အဓိက ရည်ရွယ်ချက်ကလည်း ဒါပါပဲ။

ခုချိန်မှာတော့..
ကျမတို့ နိုင်ငံသားအချင်းချင်း ပြေပြေလည်လည် ဆွေးနွေးညှိနှိုင်းရမယ့်အချိန်ကို သေသေချာချာ ရောက်နေ ပါပြီ။ ဒီနေရာမှာ ပြည်သူတွေလိုပဲ အဖိနှိပ်ခံ အဆင်းရဲခံနေရတဲ့ တပ်မတော်သားတွေ..
အရာရှိအရာခံ တွေက လည်း ကိုယ့်အခွင့်အရေးကို သဘောပေါက်ဖို့တော့ လိုနေပါပြီ။ ဥပမာ.. ဗိုလ်ချုပ်ရွှေမန်းလို အဆင့်မျိုးက တောင် ရသင့်ရထိုက်နေပြီ ဖြစ်တဲ့ ရာထူးကို မခံစားရသေးဘဲ ရှေ့ကနေ ဗိုလ်ချုပ်မောင်အေးနဲ့ ဗိုလ်ချုပ် သန်းရွှေက ရာထူးကို မဖယ်စတမ်း အပိုင်စီးထားတာမျိုးဟာဆိုရင် ဗိုလ်ချုပ်ရွှေမန်းအနေနဲ့ ၀န်ထမ်း အခွင့် အရေး အထိပါးခံနေရတာပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အဆင့်တောင် ခုလို အထိပါးခံရတယ်ဆိုရင် အောက်အဆင့် ဆင့် ၀န်ထမ်းတွေကစလို့ လူထုတရပ်လုံးရဲ့ အခွင့်အရေးတွေ ဘယ်လောက် အထိပါးခံနေရမယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ ရဲဆိုလည်း ဒီလိုပါပဲ။ ဘယ်လောက်ပဲ အလုပ်ကြိုးစားပေမဲ့လည်း နိုင်ငံတော်က ၀၀လင်လင် လုံလုံလောက်လောက် ဖြစ်အောင် တာဝန်ယူ မပေးတဲ့အတွက် ရဲချုပ်တွေ ရဲမှူးတွေခမျာ လူထုနဲ့ ထိပ်တိုက်တွေ့ပြီး ငိုစားရယ်စားလို့ အပြောခံရလောက်အောင် ထမင်းတလုပ် အတွက် ဓါးစာခံအဖြစ်နဲ့ အကုသိုလ်အလုပ်တွေ လုပ်နေကြရတာပါ။ ဒါကို ဆက်ပြီး လက်သင့်ခံနေဖို့ မကောင်းတော့ပါဘူး။ ကိုယ့် သားသမီးတွေ နဲ့ ဆွေမျိုးအသိုင်းဝိုင်းလည်း မျက်နှာငယ်လှပါပြီ။

တကယ်တော့ နိုင်ငံတကာမှာက ၀န်ထမ်းတိုင်း လူတိုင်းဟာ ကိုယ်လုပ်သလောက် ကိုယ် အကျိုးခံစားရတာပါ။ အင်မတန် ဂုဏ်သိက္ခာရှိတာပါ။ စစ်တပ်တို့ ရဲတို့ဟာလည်း လူ့ အလေးစားခံ သူ့ဘာသာ ရပ်တည်နိုင်ကြ ပါတယ်။ ခု ကျမတို့ ဗမာပြည်မှာကတော့ စစ်တပ်ဟေ့.. ရဲဟေ့.. ဆိုရင် လူအများစု နှာခေါင်းရှုံ့ကြတာ စိတ်ထိခိုက်စရာပါ။ တကယ်က တိုင်းပြည်မှာ သူတို့ဟာ မဖြစ်မနေ အရေးပါတာပါ..။ ဒါကြောင့် လူထုက သူတို့ကို ချစ်စေချင်ပါတယ်။ လေးစားစေချင်ပါတယ်။ ကျမစိတ်ထင် ခုချိန်ဟာ အချိန်မီပါတယ်။ စစ်သည်တွေ.. ပြည်သူ့ရဲတွေလည်း လူထုနဲ့ ပူးပေါင်းပြီး ကိုယ့်ဆန္ဒတွေ ကို ငြိမ်းချမ်းစွာ ထုတ်ဖော်ရတော့မယ့်အချိန်ပါပဲ။

ကျမ ခု ဒီစာကို ရေးနေရင်း ရှစ်လေးလုံးမတိုင်ခင်က ရန်ကုန်က တော်လှန်ရေးနေ့ မြင်ကွင်းတွေကို သတိရနေမိပါတယ်။ အဲဒီတုန်းက တော်လှန်ရေးနေ့ဆိုရင် ကားတွေနဲ့ မြို့ထဲကို ၀င်လာတဲ့ စစ်သည်တွေကို ပန်းတွေ သကြားလုံးတွေ ဖျော်ရည်တွေ ပေး.. ပန်းကုံးတွေ စွပ်ခဲ့ကြတာ..။ စစ်သီချင်း တွေကို လူထုကပါ အော်ဆိုကြတာ..။ နောက်တော့ ရှစ်လေးလုံး အရေးတော်ပုံထဲ.. ပြည်သူ့စစ်သား တို့စစ်သား လို့ အော်ခဲ့ ကြတာ။ စစ်သည်တွေ လူထုနဲ့ ပူးပေါင်းလာတော့ လူထုက ဖက်လှဲတကင်း ကြိုခဲ့ကြတာ…။ ဒါတွေကို ကျမ ပြန်သတိရ မြင်ယောင်နေမိပါတယ်။ ကျမတို့ သွေးသားတွေပဲ ဖြစ်တဲ့ စစ်တပ်ကို ကျမတို့တွေ ခွင့်လွှတ် ကြိုဆိုနိုင်ခဲ့ကြပါတယ်။ ခုလည်း ဒီလိုပါပဲ..။ အင်မတန် သီးခံ ခွင့်လွှတ်နိုင်တဲ့ လူထုကတော့ စစ်သည်တွေ.. ပြည်သူ့ရဲတွေကို လက်ကမ်း ကြိုနေဦးမှာပါ..။ ဒါဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လိုလားတဲ့ လမ်းပါ ပဲ။ ဒါဟာ.. ငြိမ်းချမ်းရေးလမ်းစဉ် ပါပဲ။ ဒါဟာ ပြည်တွင်း စည်းလုံးညီညွတ်ရေး လမ်းပါပဲ..။

ကျမတို့အားလုံး ချစ်ခင် ညီညွတ် ကြပါစို့။
တွေ့ဆုံဆွေးနွေးရေးဆီ အရောက်သွားကြပါစို့..။

ပြည်သူ့ ဘုန်းဘုန်း တို့ ဘုန်းဘုန်း.
ပြည်သူ့ စစ်သား တို့ စစ်သား.
ပြည်သူ့ ရဲသား တို့ရဲသား…


ကဲ.. ကျမတို့ ဘလော့ဂါတွေလည်း လူထုနဲ့အတူ ဆန္ဒတွေ ထုတ်ဖော်ရပါတော့မယ်..။ အဲဒီအတွက် ကျမ ဒီနေရာကနေ Tag လုပ်ပါရစေ…။ အလုပ်တွေ မအားတဲ့ ကြားကပဲ ၂၄ရက်နေ့ အထွေထွေ သပိတ် အမီ.. အဆင့်ဆင့် Tag ရင်းနဲ့ ဆန္ဒ ထုတ်ဖော်ကြပါစို့..။
တပ်မတော်သားတွေ အပေါ် ဘယ်လို သဘောထားမလဲ ဆိုတာကို ရေးပေးကြ စေချင်ပါ တယ်။

ကဲ ... ကျမ Tag မယ့် ဘလော့ဂါ များ ကတော့
ခင်မင်းဇော်..
စိုးဝှက်..

ကိုနစ်
..
ကိုမောင်ရင်..

ကလူသစ်..

ကိုထိုက်..

ဒေါက်တာလွဏ်းဆွေ..

ကို ရန်အောင်..

ကိုမျိုးချစ်
မြန်မာ... တို့ပဲ ဖြစ်ပါတယ်။

"ညီညွတ်ရေးနဲ့… အသက်ရှည်ရှည် ခင်ခင်မင်မင်..လက်ရည် တပြင်တည်း .. ရှေးကထက် ပို ချစ်ကြမယ်"(နန်းတော်ရှေ့ ဆရာတင်)

မေငြိမ်း(၂၃၊၉၊၀၇)



2 comments:

လင်း said...

ဆရာမရေ
ဆရာမရေးထားတာလေးကိုသဘောကျတယ်။ထောက်ပြထားတာလေလဲကောင်းတယ်။
ဟိုအရင်တပ်မတော်နေ့ တွေတုံးကဆို လူထုက
ကိုယ်သဘောနဲ့ ကိုယ်ပန်းကုန်းတွေလာစွတ်ကြ ပြီး လာအားပေးကြတာနော်၊တပ်မတော်သားတွေလည်းဒီလိုမျိုး
ပြည်သူနဲ့ နွေးထွေးမှုကိုလိုလားမှာအမှန်ဘဲ။

Lu Jee Min said...

အထက်က ဘုန်းဘုန်းတစ်ပါးနဲ့ စစ်သားတွေ နှုတ်ဆက်နေပုံက ဂွတ် တယ်။ ဒါပေမဲ့ ဂျပန်စစ်သားတွေနဲ့ တူသလိုလိုပဲ။