Dec 1, 2007

မုန်တိုင်းရဲ့ ကျောရိုး

ကျမ အသက် ၂၂နှစ် (၁၉၈၇)မှာ ရေးခဲ့တဲ့ ၀တ္ထုပါ။ စိစစ်ရေးကြောင့်ဆိုပြီး ပေဖူးလွှာမဂ္ဂဇင်းတိုက်မှာ ၂နှစ် အောင်းနေခဲ့တဲ့ ၀တ္ထုပေါ့။ ဦးဝင်းငြိမ်းက သူ့ရဲ့ ရွှေအမြုတေ မဂ္ဂဇင်း ပထမဆုံးအုပ်မှာ ရအောင် ထည့်မယ် ဆိုပြီး တင်လိုက်တာမှာ တကယ် သုံးလို့ရခဲ့ပါတယ်။
မုန်တိုင်းရဲ့ ကျောရိုး

(ဒီက ယူတာပါ)


ယောက်ျားအများစုဟာ သိပ်ရယ်စရာကောင်းတယ်လို့ ကမပြောရင် ရှင်က မျက်လုံးပြူးတွေနဲ့ ကမကို မကျေမနပ် ကြည့်ဦးမှာပါပဲ။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်က ဆိုရင်တော့ ကမကို မကျေမနပ်နဲ့ ရှင့်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ စကားလုံးပြင်းတွေနဲ့ ကမကို ပစ်ပေါက်မှာပေါ့။ ခုတော့ မကျေမနပ်နဲ့ ကြည့်ပြီး ရှင် အခန်းထဲက လှည့်ထွက်မယ်။ တံခါးကို အပြင်းထန်ဆုံး တွန်းပိတ်မယ်။ နောက်ဆုံး ကားကို အရှိန်အမြင့်ဆုံးနဲ့ မောင်းပြီး ကမနဲ့ဝေးရာ အရက်ဆိုင်တစ်ခုခု ဒါမှမဟုတ် မိန်းမငယ်တစ်ယောက်ယောက်ဆီ ရှင်သွားမယ်.. ဒါပဲမဟုတ်လား.. ကိုအောင်ရဲ။ နှစ်နှစ်ကျော်ပေါင်းခဲ့တဲ့ ယောက်ျား တစ်ယောက်အကြောင်း သူ့မိန်းမသိတာ မဆန်းပါဘူးနော်။ ဒါပေမဲ့ ရှင် စိတ်မဆိုးပါနဲ့ ကိုအောင်ရ။ ရှင်တို့ယောက်ျားအများစုဟာ တကယ့်ကို ရယ်စရာကောင်း တာပါ။
 
ကြည့်လေ၊ ရှင်ဆို ကိုယ်တိုင်က ထက်မြက်မာကျောတဲ့ မိန်းမကို သဘောကျတယ်ဆိုပြီး ကမကို ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့တယ်။ ဟောဒီကနေ့ကျတော့ မင်းဟာ မာနကြီးလွန်း၊ မာကျောလွန်းတယ် ထရီဇာ၊ ကိုယ်ဟာ ယောက်ျား၊ အိမ်ထောင်ဦးစီး၊ ပြီးတော့ မင်းရဲ့ရှေက ရပ်တည်ဖို့ အရည်အချင်း အပြည့် ရှိတယ်။ နေရာတကာ ကိုယ့်ကိုလွှမ်းမိုးတာ ကိုယ်မခံယူနိုင်ဘူး ထရီဇာလို့ ပြောလာပြန်တယ်။ ကမကို ရှင် အဲဒီိလို ပြောတိုင်း ကမ စဉ်းစားတယ်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တယ်။ ကမကတော့ နဂိုထရီဇာဦးကနေ ထရီဇာအောင်ရဲ ဖြစ်လာတာသာ ရှိမယ်။ ကမရဲ့ စရိုက်၊ ဗီဇ၊ အမူအယာ၊ အပြင်အဆင်တွေကတော့ ဘယ်လိုမှ မပြောင်းလဲခဲ့ဘူး ထင်တာပဲ။ ထင်တယ်ဆိုတာထက် ယုံကြည်တယ်။ ထရီဇာဆိုတဲ့ မိန်းမက နဂိုကတည်းက ထုံထိုင်းတဲ့ မိန်းမမှ မဟုတ်ဘဲ ကိုအောင်ရဲ။ ရှင်နဲ့ရင်ပေါင်တန်းပြီး နိုင်ငံတကာရေးရာတွေ၊ နိုင်ငံတကာစာပေယဉ်ကျေးမှု တွေ၊ ဆွေးနွေးနေခဲ့တဲ့ မိန်းမလေ။ ရှင် အင်မတန် မက်မော မြတ်နိုးတယ်ဆိုတဲ့ အရည်အချင်းတွေရှိပါတယ်ဆိုတဲ့ ရှင့်ရဲ့မိန်းမပဲ။ ပိုပြီး တိတိကျကျ ပြောရရင် ရည်းစားတွေ အများကြီးထဲက ရှင် ဆန်ကာတင်ရွေးခဲ့တဲ့ မိန်းမပဲ။ ခုတော့ ရှင်မြတ်နိုးပါတယ်လို့ ပြောခဲ့တဲ့ ထက်မြက်မာကျောမှုကိုပဲ ရှင်က မကြိုက်ပြန်ဘူးတဲ့။ ရှင်ကသာ စိတ်မူမမှန်ခဲ့တာပဲ။ ဖေါက်ပြန်ခဲ့တာပဲ ကိုအောင်ရဲရယ်။ ကဲ.. ရှင် ရယ်စရာကောင်းမနေဘူးလား ကိုအောင်ရဲ ။ ကမကတော့ ကိုယ်က မှန်ပါလျက်နဲ့မှ ယောက်ျားက အပြစ်မြင်ရက်တယ်ဆိုပြီး ထိခိုက် ကြေကွဲနေမယ့် မိန်းမမျိုးမဟုတ်လေတော့ ရယ်ချင်တာပဲ သိတာပေါ့ ကိုအောင်ရဲရယ် နော …

+++++

ကမဟာ စကားတစ်ခွန်းကို ဘယ်တော့မှ လက်လွတ်စပယ် မပြောတတ်ဘူးလေ ကိုအောင်ရဲ။ ပြီးတော့ ကမစကားကို သူများလက်ခံအောင် အမြဲတမ်းအချက်အလက်ပိုင်မှ ပြောတတ်တယ်မဟုတ်လား။ (ကမ သတိရသေးတယ်၊ အဲဒီလို ကမ စကားပြော ကျွမ်းကျင်တာကိုလည်း ရှင်သဘောကျတယ်လို့ ဆိုခဲ့တာကိုး)။ ကမရင်ထဲမှာလေ ရှင့်ကိုပြောချင်တဲ့စကားတွေ အများကြီးပဲ ကိုအောင်ရဲရယ်။ ခုလို စကားမှ ဟဟ မပြောကြ တော့တဲ့ အခြေအနေ ကြာလာလေ ပိုပြောချင်လာလေပဲ။ မပြောရတော့လည်း အဲဒီနာကျင် စကားလုံးတွေက ကမရင်ထဲမှာ ပေါက်ကွဲနေပြန်ရော။
ကိုဝေလင်းကို ရှင်မှတ်မိတယ်မဟုတ်လား ကိုအောင်ရဲ။ ရှင်နဲ့ကမ အိမ်ထောင်သက် တစ်နှစ်ကျော် ကာလ၊ တိတိကျကျပြောရရင် ရှင်နဲ့ ကမရဲ့ ပဋိပက္ခဘ၀ စနေပြီဖြစ်တဲ့ အချိန်မှာ (ရှင့်ကိုရွဲ့ပြီး) ကမ ပထမဦးဆုံး တွဲခဲ့တဲ့ အမျိုးသားလေ။ ရှင် ကမကို ကမ်းလှမ်းမလာခင်ကတည်းက သူက ကမကို ပရိုပို့စ်လုပ်ဖူးခဲ့တာ။ နောက်ကျမှ ပြန်တွေ့၊ တွဲဖြစ်ခဲ့ကြတာ။ ကမက သိပ်လှတယ်လို့ ကျော်ကြားတယ်မဟုတ်လား။ သူက အလှကိုးကွယ်သူလေ။ ဆိုပါတော့ သူက ကမကိုချစ်နေတုန်းပါပဲလို့ ပြောလာတော့ ကမကလည်း ရှင်နဲ့အဆင်မပြေလို့ စိတ်ရှုပ်နေတဲ့အချိန်။ ကိုဝေလင်းနဲ့ ကမ မွေးနေ့ပွဲတွေ၊ ဧည့်ခံပွဲတွေ၊ ရုပ်ရှင်တွေ၊ ပစ်ကနစ်တွေမှာ တွဲဖြစ်ခဲ့တယ်။ တွဲလာခဲ့ပြီး သုံးလ မပြည့်တပြည့်မှာ ရှင့်ကိုကွာရှင်းပြီး သူ့ကိုလက်ထပ်ဖို့ တောင်းဆိုလာတယ်။ ကမ စဉ်းစားမယ်လို့ ပြန်ပြောဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင်း သူ ကမအပေါ် နည်းနည်း ပိုင်စိုးပိုင်နင်း ဆန်လာတယ်။ (ရှင်တို့ယောက်ျားအများစုရဲ့ ထုံးစံအတိုင်းပေါ့ ကိုအောင်ရဲ) ကမဟာ ထူးပြီး ယိုယွင်း လျော့ရဲစရာမရှိတော့တဲ့ မိန်းမပဲလို့ သူယူဆပြီး ကမခန္ဓာကို ထိပါးဖို့ ကြိုးစားလာတယ်။ ဒီတုန်းက ကမ တော်တော် ရှက်သွားတယ်။ ပြီးတော့ ရှင့်ကို သတိရနေခဲ့တယ်။ ကမ အပြင်းအထန် ငြင်းပစ်လိုက်တယ်။ သူလည်း ရှက်သွားပုံရတယ်။
 
နောက်ပိုင်းကျတော့ ကမ အလှပြင်တာကို သူမကြိုက်ဘူး။ ယောက်ျားတွေနဲ့ စကားမပြောစေချင်ဘူး ဆိုတာတွေ ဖြစ်လာတဲ့အချိန်မှာတော့ ကမ ရယ်ချင်စ ပြုလာခဲ့တယ်။ နောက်ဆုံး ထရီဇာ့ကို ဘယ်သူ ကြည့်တာမှ မကြိုက်ဘူးကွယ်လို့ တတွတ်တွတ် (နားငြီးလောက်အောင်)ပြောလာတဲ့အခါလည်းကျရော ကျမ သိပ်ရယ်ချင်သွားရော။ ကြည့်ပါဦး ကိုအောင်ရဲရယ်၊ သူတောင် အပျိုဘ၀မှာရော၊ အိမ်ထောင်သည် ဘ၀မှာပါ မက်မောခဲ့ပါတယ်ဆိုတဲ့ ကမရဲ့အလှအပကို သူပဲ ဖျက်လိုဖျက်ဆီး လုပ်လာတယ် ကမ မွမ်းမံ ထိန်းသိမ်းခဲ့လို့ပဲ သူအပါအ၀င် လူအတော်များများကို လွှမ်းမိုးလွန်းတဲ့ သိပ်လှတဲ့ မိန်းမလို့ နာမည်ကျော်ခဲ့တာပဲ ဟာ။ နာမည်ရင်း အေးအေးဦးထက် သီချင်းဆိုတဲ့၊ ကဗျာရေးတဲ့ (ငယ်နာမည်လည်းဖြစ်တဲ့) ထရီဇာဆိုတဲ့ နာမည်ကသာ ပိုပြီး ထင်ရှားခဲ့ တာရော ကမကိုယ်ကမ အရောင်တင်နိုင်လွန်းလို့ပဲ မဟုတ်လား။ ကမကိုယ် ကမ ဘယ်လောက်မြတ်နိုးတယ်ဆိုတာ ကမ အသိဆုံးပဲလေ။ အဲဒီမှာတင် ကမ ကိုဝေလင်းကို ပြတ်ပြတ် သားသား ခွဲခွာဖြစ်ခဲ့တယ်။ ကမ ထင်ပါတယ်၊ အဲဒီတုန်းက ရှင်ကသာ ယမင်းနဲ့ တွဲမနေခဲ့ရင် ကမလည်း ကိုဝေလင်းနဲ့ ပတ်သက်ဖြစ်မှာ မဟုတ်ဘူးလို့။

+++++
   
ထရီဇာဆိုတဲ့ နာမည်ဟာ တက္ကသိုလ်ဝန်းကျင်မှာ သိပ်လွှမ်းမိုးဖူးခဲ့တယ်နော်။ ကျောင်းသူဘ၀မှာ အလှဘုရင်မ လို့ ကျော်ကြားခဲ့တဲ့ ကမဟာ လှတယ်၊ ထက်တယ်၊ ချမ်းသာတယ် ဆိုပြီး လူစိတ်ဝင်စားတာကို ခံယူရရုံနဲ့ အားမရ၊ မကျေနပ်နိုင်လေတော့ ဖိုင်နယ်ရီးယားမှာ စာအပြင်းအထန်ကျက်ပြီး ဂုဏ်ထူးတန်း တက်ခွင့်ရအောင် ရယူနိုင်ခဲ့တယ်။ ပြီးကျတော့ ကျူတာဝင်ဖြေပြီး အောင်ခဲ့ပြန်ရော။
 
ဆရာမဘ၀မှာလည်းထရီဇာက နာမည်ကျော်ပြန်တာပေါ့။ တက္ကသိုလ်ရဲ့ ကဗျာလောကထဲမှာလည်း ထရီဇာဟာ မှတ်တိုင်လေးတစ်ခု ဖြစ်နိုင်ခဲ့တာပဲ။ ကဗျာလောကထဲမှာ ကဗျာသမားပုံစံနဲ့ နည်းနည်းလေးမှ မတူတဲ့ ကမဟာ ထူးခြားနေခဲ့တယ်။ ရှိတဲ့မိန်းကလေး ကဗျာသည်တွေကလည်း ဆံပင်ရှည်ကြီးတွေနဲ့၊ သနပ်ခါး မလိမ်း၊ နှုတ်ခမ်းပါးနီမဆိုး၊ ရှပ်အင်္ကျီခပ်နွမ်းနွမ်းတွေနဲ့။ အဲဒီအထဲမှာ ကမ ထင်ပေါ်ခဲ့တာ မဆန်းပါဘူး။ ဒါပေမဲ့ ဒါကိုပဲ ထူးဆန်းသလို လူတွေက ကြည့်ကြတယ်။ တကယ်ထူးဆန်းတာက ဒီလောက် အလှအပ ကြိုက်ပြီး ချမ်းသာတဲ့ ထရီဇာဆိုတဲ့ မိန်းမရဲ့ အသည်းနှလုံးနဲ့ ဦးနှောက်ထဲမှာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ကဗျာဗီဇတွေ ရှိနေတာ။ ပြီး ရှင်တို့အဆိုအရ အင်မတန် ထက်မြက်မာကျောတဲ့၊ သွက်လက်တောက်ပတဲထရီဇာမှာ အင်မတန် သိမ်မွေ့နက်ရှိုင်းတဲ့ အနုသန္ဓေတွေ ရှိနေတာကမှ ထူးခြားသင့်တယ်လို့ က ထင်တယ်၊ ပြီးတော့ ကမက အဲလိုပဲ ဖြစ်စေချင်တယ်။ အဲသလို ထူးထူးခြားခြား မိန်းမတစ်ယောက် ဖြစ်အောင် ကမက ကိုယ့်ကိုယ်ကို ပုံသွင်း မွေးမြူခဲ့တာကြောင့်လည်း ကမရဲ့ အရည်အချင်းတွေကို ဘယ်အရာနဲ့မှ မလဲနိုင်အောင် (ရှင်နဲ့တောင် မလဲနိုင်အောင်) ကမ မြတ်နိုးတွယ်ဖက်ထားတာပေါ့ကိုအောင်ရဲရယ်။ 
+++++
ရှင်နဲ့ မိန်းမတစ်ယောက်တွဲနေတယ်လို့ သတင်းထွက်လာပြန်တယ်။ ထွေးထွေးတဲ့။ ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ ရှင့်သတင်းမျိုးမို့ ကမ သိပ်တော့ မစိုးရိမ်ခဲ့ဘူး။ အဲဒီတလောမှာ လက်ကမ်းကဗျာစာအုပ်တအုပ် ထုတ်ဖို့ ပြင်နေရတဲ့ ကိစ္စတွေထဲမှာ နစ်နေခဲ့တယ်။ ကိုယ်တိုင် ကားမောင်းကျောင်းတက်နိုင်တဲ့ ကမဟာ တစ်ကျပ် ပြည့်အောင် အရင်းမရှိတဲ့ လက်ကမ်းကဗျာတစ်ရွက်ကို အင်မတန်မြတ်နိုးတာကိုတော့ ရှင်ခုထိ သဘော ကျဦးမယ်ထင်တာပဲ ကိုအောင်ရဲ။ ဘာလို့ဆို ဒီလိုမြတ်နိုးတတ်လို့လည်း ဘယ်ယောက်ျားကိုမှ ရင်မခုန် သဘောမကျခဲ့တဲ့ ကမက ရှင့်ကို ရှင့်ကဗျာတွေကြောင့်သာ (သိပ်ရင်မခုန်ပေမဲ့) သဘောကျခဲ့ရတာ မဟုတ် လား။ ရှင့်ရဲ့ ကဗျာစိတ်ကိုတော့ ကမ တကယ် မြတ်နိုးတာပါ ကိုအောင်ရဲ။ ရှင့်ရဲ့ ကဗျာအယူအဆ၊ ကဗျာ အပေါ်အမြင်နဲ့ ရှင်ကြိုးစားဆန်းသစ်နေတဲ့ ကဗျာ ရေစီးကြောင်းတွေကို ကမသိပ်ကြိုက်ခဲ့တာပဲ။
ရှင်နောက်တစ်ယောက် ပြောင်းသွားပြန်တယ်။ မေမီတဲ့။ ကမစိတ်ထဲ နည်းနည်း ရိုးသွားတယ်။ အဲဒီ ကာလမှာ ကမတွေးတယ်၊ ရှင်နဲ့ ကွာရှင်းလိုက်ရင်ရင် ကောင်းမယ်ပေါ့။ လွတ်လပ်တဲ့ ဘ၀မှာ ကမရဲ့ သရဖူကို ပိုပြီး အရောင်တင်လို့ကောင်းမယ်လို့ ယူဆတယ်။ ဒါပေမဲ့ နှစ်ဘက်မိဘများကို ငဲ့ကြည့်မိပြန်တယ်။ နှစ်ယောက် စလုံးက ကိုယ့်သဘောနဲ့ကိုယ် လက်ထပ်မယ်လို့ ဆုံးဖြတ်တာကို လိုက်လျောညီထွေရှိတယ်လို့ အလွယ်တကူ ခွင့်ပြုခဲ့တဲ့ မိဘတွေမို့ ကမ ငဲ့သင့်တယ်လေ။ ဒါပေမဲ့ ရှင် အဲဒီလို တွဲနေတာကြောင့် ကမရဲ့ သိက္ခာ ပွန်းရတာ ကိုလည်း စိတ်က သိပ်လက်မခံချင်ပြန်ဘူး။ အဲဒီမှာတင် ကဗျာသမားတွေထဲက ကျော်ကျော်ဆိုတဲ့ ချာတိတ်နဲ့ တွေတယ်။ ကဗျာရူးကလေးကလည်းဖြစ်တော့ ကမရဲ့ အလှအပကို ကိုးကွယ်ချင်ပြန်သတဲ့။ ဒီလိုနဲ့ ကမအတွက် ကျော်ကျော်ဟာ အဖေါ်ကောင်း ဖြစ်လာတယ်။ ကမလည်း ရှင့်ကို တုံ့ပြန်ရလို့ ကျေနပ်။ သူလည်း မမကဗျာ တွေ တစ်လှေကြီး ရပေါ့။
ကြာတော့ ယောက်ျားတွေရဲ့အားနည်းချက်ဟာ အသက်ကြီးတာ ငယ်တာနဲ့ မဆိုင်မှန်း သိလာတယ်။ နှစ်ဆယ့် သုံးနှစ်သာ ရှိသေးတဲ့ ကျော်ကျော်ဟာ ကမလို အသက်၂၇ခုနှစ်ရှိနေပြီဖြစ်တဲ့ အိမ်ထောင်သည်မိန်းမကို သူနဲ့ လက်ထပ်ရမယ်လို့ ခြိမ်းခြောက်လာရဲ့။ အသည်းကွဲသံတွေနဲ့ ကမကို အရေးဆိုတာပေါ့။ အရက်တွေ မူးပြီး သူ ကမရှေ့မှာ လာငိုတဲ့တစ်နေ့ကျတော့ ကမ သူ့ကို အပြီးသတ် နှုတ်ဆက် ဖြစ်လိုက်တော့တယ်။ ယောက်ျား ဆိုတာကို တော်တော် စိတ်ပျက်သွားခဲ့တယ် ကိုအောင်ရဲ။
 
ကမရဲ့စိတ် ဟိုးနက်နက်တစ်နေရာမှာတော့ သိမ်းထားတဲ့ အကြောင်းအရာတစ်ခု ရှိနေတယ်။ အဲဒါဟာ တကယ် တော့ ရှင့်ကိုပြောလို့ မဖြစ်ဘူး။ ဒါပေမဲ့ ရင်ထဲမှာလည်း ရှိနေတယ်။ ဘာလဲဆိုတော့ သေချာတာကပေါ့လေ၊ ကမဘ၀မှာ ရှင့်လောက် သဘောကျရတဲ့ ယောက်ျား မတွေ့ဖူးသေးဘူး ဆိုတာပါပဲ။ အဲဒါကြောင့် ရှင်သိလို့ မဖြစ်ဘူးလို့ ပြောတာပဲ။ ဘာလို့ဆို ရှင့်ကို ကမ အတိုင်းအတာတစ်ခုထိ ရင်ထဲမှာထားခဲ့တယ်ဆိုတာ ရှင်သိရင် စိတ်ပိုင်းဆိုင်ရာအရ ကမ ရှင့်ကိုရှုံးမှာပေါ့။ ထရီဇာဟာ ဘယ်တော့မှ မရှုံးရဘူး ကိုအောင်ရဲ သိလား။ ကမ အရှုံးမခံနိုင်ဘူး။ 
+++++
ရှင် နဲ့ မေမီ၊ ကမ နဲ့ ကျော်ကျော်တို့ရဲ့ ကာလမှာပဲ ရှင် နဲ့ ကမ လုံးဝစကားမပြောတော့ဘဲ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ကြတော့တဲ့ အိမ်ထောင်ဖက်တွေ ဖြစ်သွားကြ တယ်နော်။ တကယ်ဆို ဘာကြောင့်ရယ်လို့ ရေရေလည်လည် ပြောပြလို့မရတဲ့ ကိစ္စ ကလေးတွေပါ။ ကမ အံ့သြမိတယ်။ ရှင်နဲ့ ကမ ပစ္စည်းရှိတဲ့ ပမာဏလည်း အတူတူပဲ၊ မိဘအရှိန်အ၀ါလည်း တန်းတူပဲ။ ပညာအရည်အချင်းနဲ့ အလုပ်အကိုင်တောင် အတူတူပဲ။ နောက်ဆုံး ကလေးဆန်ဆန်ပြောရရင် ပေါ်ပြူလာဖြစ်တာချင်းတောင် အတူတူပဲ မဟုတ်လား။ လူတိုင်းက ကမတို့နှစ်ယောက်ကို အားကျ ကျေနပ်ခဲ့ကြတာလည်း ရှင်အသိပဲ။ ရှင်နဲ့ကမ ၀ါသနာတူ၊ ဗီဇတူ၊ ဘာလိုသေးလဲ ကိုအောင်ရဲ။ သြော်နောက်ဆုံးအကြိမ် ပြဿနာဖြစ်ကြတုန်းက ရှင်ပြောသလို မာနပါတူတာ ခက်တယ် ထရီဇာဆိုတာပဲ ဖြစ်မယ်နော်။
မင်းဟာ မိန်းမ၊ မိန်းမဟာ ယောက်ျားရဲ့ နောက်လိုက်ပဲ၊ မင်းကို ကိုယ် အင်မတန် ချစ်ခဲ့၊ မြတ်နိုးခဲ့တယ်၊ ဒါနဲ့တပြိုင်တည်းပဲ ကိုယ်မင်းကို ယောက်ျားပီပီ ဦးဆောင်ချင်တယ်၊ တစ်ယောက် က ဗိုလ်ဆိုရင် တစ်ယောက်က နောက်လိုက်ပဲ ဖြစ်ရမယ်၊ ဒီတော့ ပြောပါ ထရီဇာ မင်း ဗိုလ်လုပ်မလား၊ နောက်လိုက်လုပ်မလား

အဲဒီလို ရှင်ပြောလာတော့ ကမ သိပ်တုန်လှုပ်သွားတယ်။ ကမဘ၀မှာ ရှင့်ကို အိမ်ဦးနတ် အရာထားခဲ့တာ ကမအသိဆုံးပေါ့။ ကိုယ့်ယောက်ျားကို မိုင်ပက်တ်(My pet)လို့ ပြောတတ်တဲ့ မိန်းမစားတွေ တို့ယောက်ျားက တို့သေဆို သေ၊ ရှင်ဆို ရှင်ပဲလို့ ပြောတတ်တဲ့ မိန်းမတွေကို အင်မတန် စက်ဆုပ်တဲ့ မိန်းမပဲ။ ခု ရှင်က ဒီလို ပြောလာတော့ ကမ အံ့သြမှုကြောင့် တုန်လှုပ်သွားတာပေါ့။
နေပါဦး ဒါလင်၊ ခုချိန်ထိ ထရီဇာ ဒါလင့်ကို မတိုင်ပင်ဘဲ အိမ်ဖော်ခန့်တာက အစ၊ ကဗျာစာအုပ် ထုတ်တာအထိ လုပ်ဖူးလား၊ ပြီးတော့ ဒါလင့်ကို မစောင့်ဘဲ ထမင်းတောင် စားဖူးရဲ့လား၊ စိတ်ဆိုးပြီးတော့ အော်ဖူးလား၊ ယူတွေ အိုင်တွေနဲ့တောင် မပြောခဲ့ပါဘူး ဒါလင် တစ်ယောက်နဲ့ တစ်ယောက် ဘ၀အဖော်တွေအဖြစ် လက်ခံခဲ့ပြီးကတည်းက ထရီဇာ ဒါလင့်ကို အိမ်ဦးနတ်အနေနဲ့ ရိုသေခဲ့တယ်လို့ ယုံကြည်တာပဲ
လို့ ကမ ပြန်ပြေတော့ ရှင်က ကျမကို မျက်လုံးပြူးပြီး ကြည့်လာပြန်ရော။၊ ပြီးတော့
"မသိဘူးလား ထရီဇာ၊ မင်းကိုယ့်ကို ခွင့်တောင်းတာမဟုတ်ဘူး၊ တိုင်ပင်တာမဟုတ်ဘူး၊ အသိပေးတာ သက်သက်ပဲဆိုတာ၊ ကဗျာစာအုပ်ထုတ်ရမလားလို့ ပြောတာမှ မဟုတ်ဘဲ၊ ကဗျာစာအုပ်ထုတ်မလို့-လို့ အသိပေးတာပဲ။ ပြောတာကတော့ လေအေးအေးနဲ့ပါပဲ၊ ဒါပေမဲ့ ခံရတဲ့ကောင်က မသက်သာဘူး ထရီဇာ၊ ဒီမှာ ကိုယ် လိုချင်တာက ရက်စ် အော် နိုး၊ ဘလက် အန် ၀ှိုက်တ် ပဲ။ ကဲ ပြောပါ၊ ခင်ဗျား ဗိုလ်လုပ်မလား၊ နောက်လိုက်လုပ်မှာလား

ရှင်အဲလိုပြောရင် ကမရဲ့ မခံချင်စိတ်တွေ ရောက်လာရော။ အဲလောက်တောင် နားမလည်ချက် ဆိုးလှချည် ကောလို့ တွေးမိရင်း
ဒါလင်ပြောတာကို ထရီဇာ လက်မခံနိုင်သေးတာ ခက်တယ်၊ တစ်ယောက်နဲ့ တစ်ယောက် အပေး အယူမျှရမယ့် လင်မယားဘ၀ပါ ဒါလင်ရဲ့။ တပ်ဖွဲ့တစ်ဖွဲ့မဟုတ်ပါဘူး၊ ဗိုလ်တွေ၊ ရဲဘော်တွေ မလိုပါဘူး၊ ထရီဇာ့ကို စိတ်ညစ်အောင် မလုပ်ပါနဲ့
လို့ပဲ ပြန်ပြောခဲ့တယ်။
ရှင်ကတော့ ဒေါသမပြေပါဘူး၊ နီရဲခက်ထန်တဲ့ မျက်လုံးတွေနဲ့ ကမကို စိုက်ကြည့်ပြီး….
ပြီးတာပါပဲ ထရီဇာ၊ ကိုယ်နဲ့မင်း ညှိမရပါဘူး၊ ဒီတော့ အကောင်းဆုံးကို စဉ်းစားထားပါ၊ တို့တစ်ခုခု ရင်ဆိုင်ပစ်လိုက်တာ ကောင်းပါတယ်၊ ဟုတ်လား
လို့ပြောပြီး ရှင် ထွက်သွားခဲ့တယ်။ နောက် တစ်လနဲ့ငါးရက်တိတိကြာမှ အိမ်ကို ပြန်လာခဲ့တယ်နော်။ ခရီး မထွက်၊ အလုပ်သွားမပျက်ပါဘဲနဲ့ ရှင် ကမနဲ့ အဝေးမှာ နေခဲ့တယ်။ ခင်ပွန်းသည်ကို မျက်နှာချင်းဆိုင်တွေ့ရလို့မှ ပြုံးပြမရ၊ နှုတ်ဆက်မရတဲ့ မိန်းမတစ်ယောက်အနေနဲ့ ကမ ရှင်ပြန်အလာကို စောင့်နေခဲ့တယ်။ သိပ်လည်း သတိရနေခဲ့တယ် ကိုအောင်ရဲ။ (ရှင်ကတော့ မယုံဘူးလို့ ပြောဦးမှာပါပဲ)။
အဲဒီပြဿနာဟာ ကမတို့နှစ်ယောက်ရဲ့ အပြင်းထန်ဆုံး ပေါက်ကွဲမှုဖြစ်ခဲ့တယ်။ အဲဒီနေ့မှာ စတင်ခဲ့တဲ့ တိတ်ဆိတ် ခြောက်သွေ့မှုဟာ ရှင်နဲ့ ကမကြားမှာ ဒီနေ့ထက်ထိ တည်မြဲနေဆဲပဲနော် ကိုအောင်ရဲ။ 
+++++



ကမ ခဏခဏ စဉ်းစားဖြစ်တယ်။ ကမတို့နှစ်ယောက်ဟာ သမာရိုးကျ မဟုတ်တာတွေကို သဘောကျတဲ့ နေရာမှာလည်း တူကြတယ်မဟုတ်လား။ အဲဒါကြောင့်ပဲ ကမတို့ စိတ်သောက ရောက်နေကြရတာလားလို့ တွေးမိတယ်။
ကြည့်လေ၊ သမာရိုးကျအနေနဲ့ဆို ယောက်ျားနဲ့ မိန်းမ တစ်ယောက်ကို တစ်ယောက် သဘောကျမယ်၊ ပြီးရင် ပရိုပို့စ်လုပ်မယ်၊ ချစ်သူတွေဖြစ်မယ်၊ မိဘသဘောတူတူ၊ မတူတူ လက်ထပ်ကြမယ်။ ဒါက တစ်မျိုး၊ နောက် တစ်မျိုးက တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုသဘောထားရမှန်းတောင် မသိခင်မှာ မိဘတွေကြောင့် စေ့စပ်လိုက်မယ်၊ နောက် လက်ထပ်ကြမယ်။ လင်မယားဘ၀ရောက်တော့ ချစ်သွားကြရော။ အဲဒီ နှစ်မျိုး စလုံး ဟာ တစ်နည်းနည်းနဲ့တော့ အဆင်ပြေကြတယ်။ ရှင်နဲ့ ကမကတော့ တစ်ယောက်နဲ့ တစ်ယောက် သဘောကျ နေတုန်း ရှင်က လက်ထပ်ခွင့်တောင်း၊ ကမက ခေါင်းညိတ်၊ အိမ်ကို ဖွင့်ပြောပြ၊ သဘောတူတော့ လက်ထပ်၊ အင်းလျားလိတ်မှာ ဧည့်ခံပွဲလုပ်၊ နှစ်ဖက်မိဘလက်ဖွဲ့တဲ့ ခြံနဲ့အိမ်နဲ့ ကားတစ်စင်းစီနဲ့။ ဒါပေမဲ့ အဆင်မပြေ ဖြစ်ခဲ့ရတယ်။
တကယ်ဆို ရှင်ကလည်း ကမကို ပရိုပို့စ်လုပ်ကတည်းက ကိုယ်ထရီဇာ့ကို သဘောကျတယ်၊ လက်ထပ် ချင်တယ်လို့ ပြောမယ့်အစား ထရီဇာ့ကို သိပ်ချစ်တယ်လို့ မွတ်မွတ်သိပ်သိပ် ပြောခဲ့ဖို့ ကောင်းတယ်။ အဲလိုသာပြောခဲ့ရင် ကမလည်း ရင်ခုန်မိချင်ရင် ခုန်မိခဲ့မှာပဲ။ ဆိုရင်ကမတို့နှစ်ယောက် သမာရိုးကျ ချစ်သူတွေလို သိပ် ပျော်စရာ ကောင်းမှာပဲလို့ အခု ကမ ယူဆနေတယ်။ ခုတော့ လက်ထပ်သက် အတော်ကြာမှ ကိုယ်ထရီဇာ့ကို ချစ်ပါတယ်ကွာဆိုတဲ့ အောင့်သက်သက် စကားသံကြောင့်သာ၊ သြော်သူ ငါ့ကို ချစ်တော့ ချစ်သားပဲလို့ လက်ခံနိုင်ခဲ့ရတာမဟုတ်လား။ ဒါမှမဟုတ်လည်း ရှင် ကမကို ပရိုပို့စ်လုပ်တဲ့နေ့နဲ့ ကမတို့လက်ထပ်နေ့ဟာ ခြောက်လလောက်ပဲ ကွာခဲ့တာကြောင့်များ ကမတို့ အဆင်မပြေဖြစ်ခဲ့ရတာလား လို့လည်း တွေးမိသေးတယ်။ မဟုတ်ရင်လည်း ရှင်နဲ့ ကမ ချစ်သူလို မနေခဲ့ဖူးလို့ ဒါမှမဟုတ် ပြေပြစ်ချောမွေ့တဲ့ အိမ်ထောင်ရေးကို အလွယ်တကူရခဲ့လို့ ဒါတွေကြောင့်ပဲလား ကမ တွေးတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ်ပါလေ၊ ခုအခြေအနေလောက်ထိတော့ မဆိုးရွားသင့်ဘူးလို့ ကမထင်တယ် ကိုအောင်ရဲ ရယ်.. နော်။ 
+++++
သားသမီး မယူခဲ့ကြတာကတော့ နှစ်ဦးလုံးသဘောကျ ဆုံးဖြတ်နေခဲ့တာမို့ ပြဿနာတည်ရာ ဖြစ်မယ်မထင်ပါ ဘူး။ နှစ်ယောက်စလုံးကလည်း မဟာဝိဇ္ဇာကျမ်းပြု မပြီးကြသေးတော့ ကျောင်းကိစ္စတွေအားလုံးပြီးမှ သားသမီး ယူမယ်လို့ ဆုံးဖြတ်ခဲ့ကြတာ မဟုတ်လား။ တစ်ယောက် ကားတစ်စီးစီ၊ ကျောင်းစာတွေလုပ်၊ ကိုယ့်ဝါသနာတွေ အကောင်အထည်ဖော်၊ ကဗျာရေး၊ ပန်းချီဆွဲနဲ့ကမ ကျေနပ်သလို ရှင်လည်း ကမနည်းတူ စာဖတ်၊ ကဗျာရေး၊ အရက်သောက်ပြီး သူငယ်ချင်းတွေနဲ့ ပျော်သလိုနေနေခဲ့ရတာပဲ မဟုတ်လား။ လွတ်လပ်တဲ့ ဘ၀ကို ရှင် နှစ်သက်တယို…။ ကမ ချုပ်နှောင် ထိန်းသိမ်း မထားခဲ့တာ သေချာပါတယ်။
 
+++++

ရှေ့ပြောနောက်ပြော မညီတဲ့နေရာမှာလည်း ရှင်က စံပြပါပဲ။ (တကယ်တော့လည်း ယောက်ျားတိုင်းလိုလိုပါပဲ)။ ရှင်ကိုယ်တိုင် ကမရဲ့ ယောက်ျားလေးမိတ်ဆွေထဲက တစ်ယောက် ဖြစ်ခဲ့လျက်နဲ့ ကမ ယောက်ျားမိတ်ဆွေ များတာကို ခုမှ သဘောမကျပြန်ဘူး တဲ့။ ကမက
အဲလိုတွေ မပြောပါနဲ့ ဒါလင်ရယ်၊ ထရီဇာ့ကို ဒါလင့်မိန်းမမှန်း ပတ်ဝန်းကျင်တစ်ခုလုံးက သိသားပဲဟာ။ ပြီးတော့ ထရီဇာ့အပေါင်းအသင်းတွေကလည်း အသစ်တွေမှမဟုတ်တာ၊ ဒါလင်နဲ့ ထရီဇာ သူငယ်ချင်းဘ၀ ကတည်းက အတူဆက်ဆံခဲ့တဲ့ လူတွေပဲဟာ
လို့သာ လေသံအေးနဲ့ ချော့ပြောပြော တုံ့ပြန်ခဲ့တဲ့ မိန်းမပါ။ ရှင်ပြောသလိုသာ ကမဟာ တကယ် မာနကြီး၊ မာကျောတဲ့ မိန်းမဆိုရင်
ယူစကားပြောတာ ကြည့်ပြောနော်၊ အိုင်တို့က ကိုယ့်အဆင့်နဲ့ကိုယ် နေတာ၊ မစော်ကားနဲ့။ ဟိုးအရင် ကတည်းက အိုင် ဒီလိုနေလာခဲ့တာ၊ ခုမှ ဖောက်ပြန်တာမဟုတ်ဘူး၊ မှန်တာလုပ်တာ
ဆိုတဲ့ စကားလုံး မျိုးတွေ နဲ့ ရှင့်ကိုပြန်အော်မှာပေါ့ ဒါလင်ရယ်။ အခု ရှင်၊ ကမလို့ သုံးနေရတာတောင် ကမစိတ်ထဲမှာ တော်တော် ထိခိုက်ရပါတယ်။ ဒါပေမဲ့ အရင်ကလို ဒါလင်လို့ သုံးရမှာကိုတော့လည်း ရှက်နေ တယ် လေ။
ယောက်ျားလေးမိတ်ဆွေတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တာ၊ မဂ္ဂဇင်းတိုက်က လူတွေနဲ့ စကားပွဲတွေ ဖွဲ့တာ ထရီဇာရယ်လို့ နာမည်ကျော်လွန်းတာတွေကို ရှင်မကြိုက်ဘူးတဲ့။ 'ယောက်ျားကို ထမင်းဟင်း သေချာချက် ကျွေးတဲ့…၊ ယောက်ျားရဲ့ အ၀တ်တွေကို ကိုယ်တိုင်လျှော်ဖွတ်၊ မီးပူတိုက်ပေးတဲ့၊ ယောက်ျားလုပ်သမျှ အထင်ကြီး ခေါင်းညိတ်တတ်တဲ့…၊ ထုံထုံထိုင်းထိုင်းမိန်းမတစ်ယောက်ကို ဇနီးမယားအဖြစ် ရွေးချယ်မိခဲ့ရင်တောင် ငါ စိတ် ချမ်းသာရဦးမှာ' တဲ့။ အရက်မူးလာတဲ့ တစ်ညမှာ ရှင်ပြောခဲ့တာလေ။ ကမ သွေးဆူခဲ့ရတဲ့ စကားပေါ့။ အဲဒီညက စလို့ ရှင့်နဲ့ကပဋိပက္ခတွေ စခဲ့တာနော်။ မှတ်မှတ်ရရ အိမ်ထောင်သက်တစ်နှစ် မပြည့်တပြည့်မှာနော်။
ကမက ပြောတယ်။
ကမ ဖြည့်ဆည်းပေးမှ ပြည့်စုံမယ့်ကိစ္စမှန်သမျှမှာ ဒါလင် ဘယ်တုန်းက လိုအပ်နေရဖူးလဲ၊ ဒါလင့်ဝေယျာဝစ္စအသေးအဖွဲတွေကို လုပ်ပေးမယ့်သူတွေ ရှိနေတာပဲ။ အမေစိုးဆိုရင် ထရီဇာ ငယ်ငယ်ကတည်းက ထမင်းဟင်းချက်ကျွေးလာတာ၊ နီနီဆိုလည်း အ၀တ်စင်အောင်လျှော်၊ မီးပူပြန့်အောင် တိုက်နိုင်တာပဲ။ ထရီဇာမပါလည်း ဖြစ်နေတာပဲ၊ ပြီး ဒါလင့်အတွက် ထရီဇာ လုပ်ပေးမှ ဖြစ်မှာမှလည်း မဟုတ်တာ
လို့ ပြန်ပြောတော့ ရှင် လက်မခံပြန်ဘူး။ ရှင်လုပ်သမျှ ခေါင်းညိတ်ထောက်ခံဖို့ ဆိုပြန်တော့လည်း ကမကို အလုပ်ထွက်ခိုင်းတာ၊ ကလေးတွေမွေးပြီး ရှင့်ဝတ်ကြီးဝတ်ငယ်တွေ ပြုစုဖို့သာ လုပ်ခိုင်းတာကျတော့လည်း ကမ ဘယ်လိုခေါင်းညိတ်နိုင်မလဲ ကိုအောင်ရဲရယ်။ အဓိပ္ပါယ်လည်း မရှိလှဘူးလေရှင်။ အဲဒါတွေက ရှင်နဲ့ ကမရဲ့ လင်မယားဘ၀အတွက် မရှိမဖြစ် လိုအပ်ချက်လား ပြောလေ။
တကယ်တော့ ဘာမှ မပြောပလောက်တဲကိစ္စလေးတွေကိုပဲ ရှင်က ရေးကြီးခွင်ကျယ် လုပ်ပြီး ခံစားယူနေတာ လို့ ကမ ထင်တယ်။ ကမ စိတ်ပျက်မိခဲ့တာ အမှန်ပါပဲ။ 
+++++
နောက်ပိုင်းကျတော့ ရှင့်သတင်းတွေ ပိုစိပ်လာတယ်။ တပည့်မတွေနဲ့တောင် တွဲနေသတဲ့။ အိမ်ထောင်သည် ယောက်ျားတစ်ယောက်ဖြစ်ပြီး ပျက်စီးနေတဲ့ မိန်းမတွေဆီမှာလည်း အိပ်သတဲ့။ ကမ ရှင့်ကို ရွာံတယ်။ ရှင့်သတင်းအားလုံးကို နားပိတ်နေလိုက်တော့တယ်။
နားပိတ်နေခဲ့တာ အကြာကြီးကြာပြီးမှ နားပိတ်ဆန့်ကျင်နေလို့ မရတော့လောက်အောင် ကျယ်လောင်တဲ့ သတင်းတစ်ခု ကမ ကြားရတယ်။ ရှင် အခု ကောင်မလေး တစ်ယောက်တည်းနဲ့ပဲ တွဲတော့တယ်တဲ့။ အဲဒီ မိန်းကလေးနဲ့ တွဲနေခဲ့တာ ခြောက်လကျော်လောက် ရှိပြီတဲ့။
ကမ နည်းနည်း အံ့သြသွားတယ်။ ဘာလို့ဆို ဘယ်သူနဲ့မဆို ရှင်အကြာဆုံးတွဲတာ တစ်လပဲ မဟုတ်လား။ ကမ အဲဒီမိန်းကလေးကို မြင်ဖူးအောင် ကြည့်ခဲ့တယ်။ ကြားရ အောင် စုံစမ်းခဲ့တယ်။ဖြူလဲ့ကျော်တဲ့။ 
တကယ်လည်း ဖြူဖြူလဲ့လဲ့ကလေး။ ခါးလောက်ရှည်တဲ့ ဆံပင်ညိညိတွေနဲ့၊ လှပါတယ်။ ဒါပေမဲ့ ကမထက် သာနိုင်တာတော့ မရှိပါဘူး။ သူက ငယ်ဂုဏ်သာတယ်ဆိုတောင် ကမက ပကာသနဂုဏ်၊ သမ္ဘာဂုဏ် သာတာပဲ မဟုတ်လား။ ပြီးတော့ ငယ်လှတယ်တော့ မဟုတ်ပါဘူး။ နှစ်ဆယ့်တစ်၊ နှစ်ဆယ့်နှစ်လောက်ပါပဲ၊ သူနဲ့ရှင် တော်တော်တွဲနေကြတယ်တဲ့။ ရှင်တို့တွဲနေကြတာ ကိုးလကျော်ကြာသွားတဲ့ အချိန်မှာတော့ ကမ စောင့်ကြည့် နေလို့ မရတော့ဘူး။ ပတ်ဝန်းကျင်က ကမကို လှုံ့ဆော်လာတယ်။ ပတ်ဝန်းကျင်ရဲ့ အသံတွေထဲမှာ ထရီဇာ့ကို သနားတဲ့ အသံတွေပါလာရင်တော့ ကမ စိတ်ထဲမှာ အနာကျင်ရဆုံးပါပဲ။ ကမ မာနက ကမကို ပြန်သရော် တယ်။ အရင်အခြေအနေလို ကိုဝေလင်း၊ ကျော်ကျော်တို့ကို ခုတုံးလုပ်ပြီး ရှင့်ကို ပညာပြနေခဲ့တဲ့ ထရီဇာ ဆိုရင်တော့ ခုချိန်မှာ ထရီဇာလည်း အဆိုးပေါ့။ ခုတော့ ထရီဇာကလည်း ကိုယ့်အလုပ် ကိုယ်လုပ်ပြီး အေးအေးဆေးဆေး နေလေတော့ လူတွေက ရှင့်အဆိုးသက်သက်ပေါ့။
ရှင့်ကိုယှဉ်ပြိုင်တာမဟုတ်ပါဘူး ကိုအောင်ရဲ။ ကမကိုယ်ကမ ရှင့်ထက် ပို ချစ်တယ် ထင်တာမို့ ကမ အနိုင်ယူ ရပါမယ်။ ကမ ရှင့်ကို ပြောဖို့ ဆုံးဖြတ်လိုက်တယ်။
ကိုအောင် ခုတွဲနေတဲ့ ဖြူလဲ့ကျော်ကို ဖြတ်လိုက်ပါ၊ ထရီဇာလည်း သည်းမခံနိုင်ဘူး၊ ပတ်ဝန်းကျင်မှာ ထရီဇာ သိက္ခာကျပါတယ်
ရှင်က ကမကို တည်ငြိမ်တဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်တယ်။ ကမ အံ့သြသွားတယ်။ ရှင် ကမကို ဒေါသနဲ့ တုံ့ပြန်မယ် ထင်ထားတာကိုး။
ကိုယ်လည်း ထရီဇာကိုပြောဖို့ပါပဲ။ အခြေအနေကြည့်နေတာကိုယ် ဖြူလဲ့ကို လက်ထပ်ဖို့အထိ ရည်ရွယ် ပါတယ်။ အဲဒါ .. ထရီဇာနဲ့ ကွာရှင်းဖို့...
ကမရင်ထဲ မီးတောင်တစ်ခု ပေါက်ကွဲသွားတယ်။ တကယ်ပဲ ပူပြင်း လောင်မြိုက်သွားတယ်။ ရှင်က ဖြူလဲ့ကျော် ကို ကမထက် မက်မောတယ်လား။ ဒါဆို ကမက ဖြူလဲ့ကျော်ကို ရှုံးရမယ်ပေါ့။ ခေါင်းထဲမှာ ဦးနှောက်က အလုပ်လုပ်လွန်းနေတယ်။ ကမ ရှင့်ကို လှလှပပ ပြုံးပြလိုက်တယ်။
ဘယ်ဖြစ်မလဲ ကိုအောင်ရဲရယ်၊ ကမက လူ့အရိုသေတန် တစ်ခုလပ် အဖြစ်ခံရမယ်လား၊ ဘာမဟုတ်တဲ့ မိန်းမငယ် တစ်ယောက်အတွက် ရှင့်ဘေးက ကမရဲ့ နေရာကို ဖယ်ပေးရမယ်လား၊ ကမ ကွာရှင်းခွင့် မပေးနိုင် ပါဘူး
လေသံအေးနဲ့ တုံ့ပြန်လိုက်တယ်။ ရှင့်ဒေါသမျက်လုံးတွေကို ခဏ တွေ့လိုက်ရတယ်၊ ပြီးတော့ ထုံးစံအတိုင်း ရှင်ထွက်သွားတယ်။ 
+++++

ကမရှေမှာ ဖြူလဲ့ကျော် ထိုင်နေတယ်။ သူ့ကို တစ်ခုခုသောက်ပါလို့ပြောပေမဲ့ သူ မသောက်ဘူး။ မမ ပြောစရာရှိတာ ပြောပါ တဲ့။ ကမကလည်း ပြောလိုက်ပါတယ်။
ကိုယ် ဘာပြောမယ် ဆိုတာ မင်းသိပြီးသား ဖြစ်မှာပါ
ထူးထူးခြားခြားပဲ ကောင်မလေးက တုန်လှုပ်မနေဘူး သိလားကိုအောင်ရဲ။ ပြီးတော့ ကမကို ပြန်ပြောတယ် ။
သိတာတော့သိပါတယ် မမ၊ ဒါပေမဲ့ စကားလုံးအတိအကျနဲ့တော့ ဘယ်သိပါ့မလဲ၊ လေသံချင်း၊ ပြောတဲ့ အဓိပ္ပါယ်ချင်း ကွာနိုင်ပါတယ် တဲ့။
လေသံတိုးတိုးလေးက ပြတ်သားနေတယ်။ ကမရင်ထဲမှာ ခုန်သွားသလိုပဲ သိလား.. ကိုအောင်ရဲ။ ကမ ပြောရ တော့တယ်။
ကိုအောင်ရဲနဲ့ မင်းကိစ္စ ပြီးဆုံးပစ်လိုက်ဖို့ပါပဲ
သူမျက်နှာကလေးက ပိုတည်သွားတယ်။ မျက်ရည်ကြည်တွေ ဝေ့လာတယ်။ မျက်လုံးတွေက တောက်ပ လာတယ်။
ဆရာက မေတ္တာငတ်နေတယ်၊ ဖြူလဲ့ကလည်း မေတ္တာငတ်နေတယ်၊ ဖြူလဲ့တို့နှစ်ယောက် ရိုးရိုးကလေးပဲ တွေ့ကြပါတယ်။ ဖြူလဲက ဆရာ့တပည့်မဟုတ်ဘူးဆိုတာလည်း မမ သိပြီး ဖြစ်မှာပါ၊ ဆရာအလုပ်လုပ်တဲ့ လူမို့ရော၊ မမရှေမှာမို့ရော ဆရာလို့ သုံးတာပါ၊ ဖြူလဲ့က သူ့ကို ကိုကိုလို့ခေါ်ပါတယ် မမ
ကမ မငိုဖူးသေးဘူး ကိုအောင်ရဲ။ ဒါပေမဲ့ ဆို့နစ်ဖူးတယ်။ ခံစားတတ်တယ်။ ရှင်သိတယ်မဟုတ်လား ကမရဲ့ အနုသန္ဓေကို။ အခု ကမ သိပ် စိတ်လှုပ်ရှားသွားတယ်။ ထရီဇာ နာမည်ကလေးက သိပ်အေးတာ၊ အေးအေးဦးဆိုတဲ့ နာမည်ကလေးကို စိတ်ဝင်စားခဲ့တာ။ ဒါပေမဲ့ ထရီဇာကိုယ်တိုင်က အေးလို့ ပြင်ပြောမှ ကိုယ်လည်း ပြောလို့ ကောင်းမှာပေါ့၊ ပြီးတော့ ကိုယ့်ကိုလည်း ကိုကိုလို့ခေါ်လေ၊ ဒါမှမဟုတ် မောင်လို့ပဲ ဖြစ်ဖြစ်ပေါ့တဲ့။ ရှင်ပြောခဲ့ဖူးတဲ့စကားကို သတိရတယ်။ ရှက်လို့ပါ ကိုအောင်လို့ ကမတုံ့ပြန်တော့ ကိုအောင်..လို့ကတော့ ဘယ်သူမဆို လူတိုင်းက ကိုယ့်ကို ခေါ်တာပဲ၊ အေးက ကိုယ့်ရဲ့ သာမန်လူမှ မဟုတ်ဘဲဆိုတော့ ကမ တော်တော်အားယူပြီး ဒါလင်လို့ ခေါ်ဖြစ်ခဲ့တာလေ။ ကမက သိပ်ချစ်တယ်လို့ ပြောရမှာကိုတောင် ရှက်လို့ ဒီနေ့ထိ ပြောမှ မပြောဖြစ်ခဲ့တာပဲ။
အမြဲတမ်း ကိုကိုလို့ ရည်ညွှန်းပြောနေကျမို့ မှားပြောမိရင် မမ ထရီဇာမကြိုက်မှာစိုးလို့ ကြိုပြောထားတာပါ။ ဖြစ်နိုင်ရင် ဖြူလဲ့နဲ့ ကိုကို့အကြောင်း တော်တော်များများ ပြောပြချင် ပါတယ်။ ဘာလို့ဆို မမထရီဇာဟာ ဖြူလဲ့လေးစားတဲ့ သဘောကျတဲ့ အတုယူချင်ခဲ့တဲ့ ဆရာမတစ်ယောက် ဖြစ်နေလို့ပါပဲ
ကမ ခေါင်းညိတ်ပြလိုက်တော့မှ သူ စကားဆက်ပါတယ်။
ကိုကိုက သိပ်နုနယ်ပါတယ်မမ၊ သူ့ကဗျာတွေကို ဖြူလဲ့ သိပ်ကြိုက်ခဲ့တာပါ။ မမ ကဗျာတွေကိုလည်း ဖြူလဲ့ သိပ်ကြိုက်ပါတယ်၊ မမတို့နှစ်ယောက်ဟာ ဖြူလဲ့အတွက် အိပ်မက်တစ်ခုပါပဲ။ အဲဒီအိပ်မက်ကလေးကို ဖြူလဲ့ ထိုင်ကြည့်နေခဲ့တာ မမ လက်ခံလား မသိဘူး။ အဖြစ်အပျက်က ကိုယ့်အဖြစ်အပျက်ပေမဲ့ ဘေးလူကသာ ပိုမြင်နိုင်တယ် ဆိုတာကို၊ ဒါပေမဲ့ အဲဒီဘေးလူက အတ္တတော့ ကင်းရမှာပေါ့လေ။ ဖြူလဲ့ တစ်ခုတော့ မှားခဲ့တယ်၊ မမနဲ့တော့ နီးစပ်အောင် မကြိုးစားခဲ့တာ တစ်ခုပေါ့။ မမရဲ့ အရှိန်အ၀ါကို ဖြူလဲ့လန့်နေခဲ့တာကြောင့်ပါပဲ။ ဖြူလဲ့ ကိုကိုနဲ့ အနီးစပ်ခံခဲ့တာပါ၊ ကိုကိုန်းကလေးတွေ၊ ပြီးတော့ ခပ်ပေါပေါ မိန်းကလေးတွေနဲ့ပေါ့လေ၊ သိပ်တွဲလွန်းလာတာနဲ့ ကိုကို့ကို ဖြူလဲ့ ငြိတွယ်ဖို့ ကြိုးစားခဲ့တာ။ ချစ်သူအဖြစ် မရည်ရွယ်ခဲ့ဘူး မမ၊ မိန်းကလေး တစ်ယောက်ရဲ့ စိတ်သဘောကို နားလည်အောင် ပြောပြ၊ နေပြဖို့သာ ရည်ရွယ်ခဲ့တာပါ။ ဖြူလဲ့ မမကို ကဗျာတွေကတဆင့် နားလည်တယ်လို့ ထင်ခဲ့တာကိုး
ကမ ငြိမ်ပြီး နားထောင်နေမိတယ်။ သူကလည်း စိတ်ပါလက်ပါပဲ ပြောပြတယ်။ ကမကို ရှင်နားလည်အောင် သူကြိုးစားရှင်းပြခဲ့တယ် ဆိုတဲ့အကြောင်းတွေပေါ့။ ဒါပေမဲ့ ရှင်က လက်မခံခဲ့ဘူး ဆိုတာရောပေါ့။
နောက်ဆုံးတော့ မမရယ်၊ စိတ်လေနေတဲ့ ကိုကို့ကို ထိန်းပေးရင်း ကိုကိုက ဖြူလဲ့ကို သိပ်တွယ်တာလာတယ်၊ ဖြူလဲ့လည်း ကိုကို့ကို ချစ်သွားတယ်။ ကိုကိုနဲ့ ဖြူလဲ့ ဘ၀ထဲမှာတော့ မာနမရှိပါဘူး မမ
ကမဟာ စားပွဲပေါ်မှာရှိတဲ့ စပတ်ကလင်ခွက်ထဲက ရေခဲတုံးကလေးတွေလို အရည်ပျော်သွားချင်စိတ် ပေါ်မိ တယ်။ သူ့ရဲ့ နောက်ဆုံးစကားမှာ ကမ ဒဏ်ရာရသွားသလား။ ရင်ထဲမှာ နာကျင်သွားတယ်။ သူ စကားပြောနေ တဲ့ တလျှောက်လုံး သူ့ပေါ် ကရုာရှိနေခဲ့တဲ့ ကမရင်ထဲကို နောက်ဆုံးစကားက အမုန်းအနေနဲ့ ၀င်လာ တယ်။ ကမ သူ့ကို စိမ်းစိမ်း ကြည့်ပစ်လိုက်တယ်။ သူကလည်း ကမကို မျက်လုံးဝိုင်းတွေနဲ့ ပြန်ကြည့်နေတယ်။ သူ့မျက်လုံးတွေထဲမှာ အံ့သြရိပ်တွေ တွေ့တယ်။ ကမကိုယ်ကမ သတိမထားမိချိန်မာပဲ ကမ ဖြူလဲ့ကို စကားတွေ အများကြီး ပြောဖြစ်လိုက်တယ်။
မိန်းမတစ်ယောက်မှာ သည်းခံနိုင်စွမ်း အတိုင်းအတာတစ်ခုတော့ ရှိတယ်၊ မင်းမှာလည်း ရှိမှာပါပဲ။ အဲဒီ အတိုင်းအတာဟာ အဲဒီမိန်းမရဲ့ ပိုင်ဆိုင်မှုရလဒ်အပေါ်မှာ မူတည်တယ်။ ပိုင်ဆိုင်မှု ပမာဏ များတဲ့ မိန်းမတစ်ယောက်ရဲ့ သည်းခံနိုင်စွမ်းအတိုင်းအတာဟာ သာမန် မိန်းမတစ်ယောက် ထက်တော့ နိမ့်မှာပဲ။ အင်မတန် လှတယ်၊ ထက်တယ်၊ ပြည့်စုံတယ်ဆိုတဲ့ မိန်းမတစ်ယောက်ဟာ ဘယ်လောက်မာနကြီးမယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမယ်ဆိုတာ အင်မတန်တော်ပါတယ်ဆိုတဲ ကိုအောင်ရဲ သိဖို့ကောင်းတယ်။ ပြီးတော့ မင်းလည်း သိဖို့ ကောင်းတယ်။ အထူးသဖြင့် ကိုယ့်လို မိန်းမတစ်ယောက်ကို ပိုင်ဆိုင်ချင်တဲယောက်ျားတစ်ယောက်ဟာ မာန ကိုတော့ ရင်ဆိုင်ရမယ် ဆိုတာကိုပေါ့၊ ကိုယ်ပြောချင်တာ၊ ဒါပါပဲ
ကမ လှည့်ထွက်လာခဲ့တယ်။ ထူဆန်းစွာပဲ ဒီစကားဝိုင်းမှာ ဘယ်သူနိုင်တယ်၊ ဘယ်သူရှုံးတယ်ကို ဆုံးဖြတ် တတ်တဲ့ ကမရဲ့ဗီဇကို ကမ မေ့နေခဲ့တယ်။ အဲဒီနေ့က အိမ်ပြန်ရောက်တော့ ကမ ငိုတယ် ကိုအောင်ရဲ။ သည်းသည်းထန်ထန် ငိုတယ်၊ နားထဲမှာ ဖြူလဲ့လည်း ကိုကို့ကို ချစ်သွားတယ်ဆိုတဲဖြူလဲ့ကျော်ရဲ့ အသံက ပဲ့တင်ထပ်နေတယ်။ ငိုလို့အားရတော့မှ ကမ ဘယ်သူမှ မကြားအောင် တိုးဖွဖွကလေး ပြောလိုက်တယ်။
ကိုယ်ရှုံးပါတယ် ဖြူလဲ့ရယ်....လို့။
(ဟုတ်တယ်လေ၊ ကမ ရရမယ့် အချစ်ကို သူပိုင်ဆိုင်ရပြီဆိုကတည်းက ကမ ရှုံးခဲ့တာ မဟုတ်လား။ ပြီးတော့ သူက မှားပါတယ်လို့ ၀န်မခံခဲ့ဘူးလေ)
+++++

နောက်နေ့မှာတော့ ရှင် ကမဆီ လာခဲ့တယ်။ (တစ်အိမ်တည်း အတူနေပေမဲ့ မျက်နှာချင်းမဆိုင်ဖြစ်ကြဘူး မဟုတ်လား)ကမကို တည့်တည့်ကြည့်ပြီး
ခင်ဗျား ဖြူလဲ့ကို ဘာတွေပြောသလဲ
ဟင့်အင်း၊ ကမပြောတဲ့အထဲမှာ မိုက်မိုက်ရိုင်းရိုင်း မပါဘူး၊ ပြီးတော့ သူက အများဆုံး ပြောတာ၊ စကားဝိုင်းကလည်း အေးအေးဆေးဆေးပဲ ပြီးသွားတာပါ
ရှင်က ကမကို စိုက်ကြည့်မြဲ ကြည့်နေခဲ့တယ်။ ပြီးတော့မှ အင်းခင်ဗျား လိမ်တော့ မလိမ်တတ်ပါဘူးလေလို့ ရေရွတ်တယ်။ ရှင်မှတ်မိတယ် မဟုတ်လား။ ပြီးတော့ ရှင်ထွက်သွားတယ်။ နောက်မှ ကမသိရတယ်။ အဲဒီနေ့မှာ ဖြူလဲ့က ရှင့်ကို ကမကို နားလည်အောင် ကြိုးစားပါ ပြီးတော့ သူ့ကို မေ့ပစ်လိုက်ပါတော့လို့ ပြောလိုက်တယ် တဲ့။ 
အဲဒီနောက်ပိုင်း ရှင်အိမ်ပြန်မလာတော့ဘဲ နေပြန်တယ်။ ကမရင်ထဲမှာ အဲဒီ ကာလတွေတုန်းက စိတ်လှုပ်ရှား နေခဲ့တယ်။ ရှင်ပြန်လာခဲ့ရင် ကမ ကွာရှင်းခွင့်ပေးလိုက်ရ ကောင်းမလား။ ဒါမှမဟုတ် ကမဘက်ကို ပါအောင် ပြန်ခေါ်ယူရကောင်းမလား ဆိုတာမျိုးတွေ တွေးနေတယ်။ အတွေ့ဇတ်ကားထဲက သီသီကို သတိရနေတတ် တယ်။ ကမ စိတ်တွေ ငြိမ်ဝပ်နေသလိုလည်း ဖြစ်နေခဲ့တယ်။ ရှင် ကမကို သဘောကျခဲ့တာပဲလေ လို့လည်း ကိုယ့်ဘာသာ အားပေးသလို တွေးနေမိပြန်တယ်။ အိမ်ထောင်ဦးဘ၀တုန်းက ရှင်နဲ့ ကျမ ဆက်ဆံရေး နွေးထွေးခဲ့ဖူးတာကို သတိရတယ်။ ရုတ်တရက် ကမ တစ်ခု သွားတွေးမိတယ်။ နွေထွေးခဲ့ပေမဲ့ ပျော့ပျော့ ပျောင်းပျောင်းမှ ရှိခဲ့ရဲ့လားလို့။ ဖြူလဲ့ကို သတိရတယ်။ သူကလည်း ကမကို ပညာပေးသွားခဲ့တာပဲ။
 ထမင်းလက်ဆုံစားရုံ၊ ၀ါသနာပါရာ ဆွေးနွေးကြရုံနဲ့ အိမ်ထောင်သည်ဘ၀ ပြည့်စုံသွားတာမှ မဟုတ်ဘဲ မမ၊ ကိုကိုက ယုယတာ ကြိုက်တယ်၊ ယောက်ျားတိုင်း၊ ပြီးတော့ လူတိုင်းပါပဲ မမရယ်တဲ့။
 ဖြူလဲ့က လာ လာ ပြောနေသလိုပဲ။ ဟုတ်မှာပေါ့၊ ကဗျာအယူအဆတွေ နှစ်ယောက်ပြောကြရင်း တစ်ကြိမ်မှာ နှစ်ယောက် အယူအဆ တူသွားဖူးတုန်းက ကမ ရှင့်ကိုလွှတ်ကနဲ နမ်းမိသွားတယ်။ ပြီးတော့ ရှက်တက်တက်နဲ့ ဒါလင်က သိပ်တော်တာပဲကွယ်၊ အဲဒါတွေကို ထရီဇာသဘောကျခဲ့တာ သိလားလို့ ပြောဖြစ်ခဲ့တာလေ၊ ရှင်မှတ်မိလား။ မှတ်မိမှာပါ။ အဲဒီတုန်းက ရှင်တောင် ကမကို စူးစူးစိုက်စိုက်ကြည့်ရင်းနဲ့ ကိုယ်ထရီဇာ့ကို ချစ်ပါတယ်ကွာ လို့ ပြန်ပြောခဲ့တာလေ။ ရှင့်အသံတွေ တုန်ယင်လို့။ ကမတောင် ရင်ထဲ နွေးထွေးသွားခဲ့ သေးတယ်။ 
သေချာတာကတော့ ကိုအောင်ရဲရယ်၊ သိက္ခာကြောင့်ပဲဖြစ်ဖြစ်၊ ဘ၀ကို မစွန့်ရဲလို့ပဲဖြစ်ဖြစ် ရှင်နဲ့ ကမရဲ့ အိမ်ထောင်ရေးဘ၀ကိုတော့ မပြိုပျက်စေချင်တာ အမှန်ပဲါ။ ကမ ရှင့်ကို မျှော်စောင့်နေခဲ့တယ်။ မျှော်နေခဲ့တဲ့ နေ့ကလည်း ရောက်လာခဲ့တာပါပဲ။

+++++
ကမ စာဖတ်နေတုန်း ကားရပ်သံကြားလိုက်တယ်။ ရှင့်ကားရပ်သံမှန်း ကမ မှတ်မိလိုက်တယ်။ ကမ ပြင်ဆင် နေမိတယ်။ ထရီဇာတို့ အေးအေးဆေးဆေး ဆွေးနွေးကြရအောင်လား ကိုအောင်လို့ စကားစရင် ကောင်းမယ်လို့ တွေးတယ်။ အဲသည်တုန်း ရှင်အခန်းထဲ ၀င်လာတယ်။ ရှင့်မျက်နှာက တင်းမာမနေဘူး။ နောက်ပြီး ဒေါသရိပ်လည်း မတွေ့ရဘူး။ ကမစိတ် နည်းနည်းပေါ့သွားတယ်။ အဲဒီအချိန်လေးမှာပဲ ရှင် စကားစ တယ်။
ဖြူလဲ့နဲ့ ကိုယ် ဘယ်လိုမှ ရှေဆက်လို့ မရတော့ဘူး။ ဖြူလဲ့ ကိုယ့်ကို ငြင်းတယ်၊ ခင်ဗျား သဘောကျတယ် မဟုတ်လား
ကမ ခါးခါးသီးသီး ခေါင်းကို သွက်သွက်ခါနေမိတယ်။
မဟုတ်ဘူး ကိုအောင်၊ မဟုတ်ဘူး ထရီဇာပြောမယ်
လေသံကို ပျော့ပျောင်းအောင် ဂရုစိုက်ပြီး ကမ စကားစလိုက်တယ်။
တော်ပါ ထရီဇာ၊ က်ာစိတ်မ၀င်စားပါဘူး
အင်မတန်ရိသဲ့သဲ့ နိုင်တဲ့အသံပါပဲ။ ကမ စိတ်တိုသလိုဖြစ်သွားတယ်။ ဒါပေမဲ့ ကမ ထိန်းတယ်။ နာကျင်တဲ့ရင်က ခုန်နေတယ်၊ မာနက ပြန်ပြီး ခေါင်းထောင်လာတယ်။
ဖြူလဲ့ကို ပြန်ခေါ်ပါ၊ ကမ ရှင့်ကို ကွာပေးမယ်
ရင်ထဲမှာ သေသေချာချာကြီးကို လှိုက်ခုန်နေတယ်။ ရှင်က အော်ရယ်တယ်။ ဟားတိုက်ပြီးတော့ ရယ်တယ်။ ပြီးတော့
ဖြူလဲ့က ကလေးပေါက်စန မဟုတ်သလို ခင်ဗျားလိုပဲ မာနရှိတယ် မထရီဇာရဲ့ သိလား၊ အမှတ်သညာလည်း ကြီးတယ်
ပြီးတော့ ဆက်ပြောပြန်တယ်။
ဒါက ကျုပ်တို့အပိုင်းပါ၊ ခုလိုအပ်တာက ခင်ဗျား ကွာရှင်းလက်မှတ်ထိုးပေးမယ့်နေ့ကို ကျုပ် စောင့်နေတယ် ဆိုတာပဲ
ကိုအောင်ရဲရယ်၊ ကမ ဘယ်ဘက်ရင်အုံရဲ့ ဟိုးအထက် နက်နက်တစ်နေရာမှာ စူးကနဲ အောင့်သွားတယ်။ ခန္ဓာကိုယ်တောင် ယိုင်လဲတော့မလို ဖြစ်သွားတယ်၊ ရှင့်မျက်နှာ အေးစက်စက်က ကမကို ခြောက်လှန့်လာ တယ်။
စောင့်စရာမလိုပါဘူး၊ ခု ကွာဆိုလည်း ရပါတယ်
လို့ ကမ ပြန်ပြေတော့ ရှင့်မျက်လုံးတွေ တစ်မျိုး အရောင်တောက်လာတယ်။ ကမ နားမလည်နိုင်တဲ့ အရောင်တွေပါပဲ။ ပြီးတော့ ကမကို စိုက်ကြည့်ပြီး
ဖြူလဲ့နဲ့ ကျုပ်ပြတ်စဲကြရင် ကျုပ်ခင်ဗျားဘက် ပြန်ရောက်လာလိမ့်မယ်လို့ ခင်ဗျား ယူဆရင် မှားတာပဲ မထရီဇာ၊ ခင်ဗျားဘယ်နေရာမှာ ဘယ်လောက်တော်တော် ကျုပ်ကိုတော့ ခင်ဗျားတွက်ကိန်းချလို့ မရဘူးဆိုတာ ခင်ဗျား ခုလောက်ဆို သိလောက်ရောပေါ့၊ ခင်ဗျားကို ဦးစားပေးလက်စနဲ့ ဆက်ပြီး တစ်ခု ဦးစားပေးမယ်၊ ခင်ဗျား စဉ်းစားပါဦး၊ ပြီးလို့ ဆုံးဖြတ်နိုင်ပြီဆိုတာနဲ့ ကျုပ်ကို ခေါ်လိုက်ပါ၊ ကွာရှင်းစာချုပ်နဲ့ အတူ ကျုပ်လာခဲ့ မယ်
စကားလည်းအဆုံး လှည့်လည်း အထွက်ပါပဲ၊ ကမထင်တယ်။ ကမဟာ ရုပ်ဝတ္ထု အနေနဲ့တောင် ရှိသေးရဲ့လားလို့။ အသွေးအသားတွေ တစစီ ပေါက်ကွဲကုန်သလိုပါပဲ။ ဘယ်သူ အထင်သေးတာကိုမှ မခံခဲ့ရဖူး သေးတဲ့ ကမ၊ ခံမယ့်ခံရတော့ ကိုယ်တိုင်ရွေးချယ် ကြည်ဖြူခဲ့တဲ့ ယောက်ျားရဲ့ အထင်သေးတာကိုမှ ခံရတယ်လို့ ကမ နာနာကျင်ကျင် တွေးတယ်။ ရှင် ခဏခဏပြောဖူးတဲ့ မင်းက လူသာသေမယ်၊ မာနကျန်မယ့် မိန်းမပဲဆိုတာကို ဖျတ်ကနဲ သတိအရမှာ ကားထဲရောက်သွားပြီဖြစ်တဲ့ ရှင့်ကို အော်ပြောဖြစ် လိုက်တယ်။
ကိုအောင်ရဲစာချုပ်ဝယ်ခဲ့ပါ၊ ကမတို့ ဒီကနေ့ပဲ ကွာရှင်းလိုက်တာပေါ့

ရှင်တစ်ချက်ပြုံးတယ်။ သတိထားလိုက်မိရဲ့လား၊ ကမကတော့ သတိထားလိုက်မိတယ်။ ရှင့်အပြုံးက မဲ့နေတာကိုး။ 
+++++

ကိုယ့်ကိုယ်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပြီး ကမ ရှင့်ကို စောင့်နေခဲ့တယ်။ ဘာကိုမှ မတွေးမိအောင် သိုးမွေးထိုးရင်း စိတ်လှုပ်ရှားမှုကို ထိန်းနေခဲ့တယ်။ ကားရပ်သံကြားတယ်၊ ရှင်ဝင်လာတယ်၊ ကမရဲ့ ရှေမှာ ထိုင်တယ်။ ကမကို စိုက်ကြည့်နေတယ်ဆိုတာ ကမ သိနေတယ်။ ကမ မျက်လွှာလှန်ကြည့်လိုက်တယ်၊ ရှင့်နှုတ်ခမ်းတွေ လှုပ်သွားတယ်။
တကယ် ဆုံးဖြတ်လိုက်ပြီလား ထရီဇာ
ကျမ အံကိတ်လိုက်တယ်။ ပြီး ခေါင်းညိတ်လိုက်တယ်။ ရှင်က စိုက်ကြည့်နေပြန်တယ်။ ကမ မတ်တတ်ရပ် တယ်။ လှည့်ထွက်တယ်။ ကမကားပေါ်အရောက်မှာ ရှင့်ကားဆီ လှမ်းကြည့်ဖြစ်တယ်။ ရှင့်မျက်နှာက ဖြူလျော် နေတယ်။ ကမ ပြုံးမိတယ်။ ခုတော့လည်း တုန်လှုပ်နေပြန်ပြီလား ကိုအောင်ရဲရယ်လို့ တွေးပြီး ကားမောင် ထွက်ဖြစ်ခဲ့တယ်။ ဒီတစ်ခါတော့ နှစ်ဖက်မိဘမပါ၊ သူငယ်ချင်းသက်သေမပါဘဲ ရှင်နဲ့ ကမ နှစ်ဦးတည်း လက်မှတ်ထိုးရမှာပေါ့။ 
စားပွဲပေါ်ကို စာချုပ်တစ်စုံ ရောက်လာတယ်။ တရားသူကြီးရဲ့ မျက်လုံးတွေက မှုန်မှိုင်းနေသလိုပဲ။ ကမ ဘောပင် ကိုင်တယ်။ လက်တွေတုန်နေတာ ပတ်ဝန်းကျင် (အထူးသဖြင့် ရှင်)သတိထားမိသွားမှာ စိုးနေမိတယ်။ ရှင် တစ်စုံ ကောက်ယူတယ်။ လက်မှတ်ထိုးအပြီးမှာ ကမကို လှမ်းပေးတယ်။ ရှင့်လက်ဖျားတွေကလည်း တုန်ယင် နေသလိုပဲ၊ ကမ နည်းနည်း ကျေနပ်သွားတယ်။ 
+++++

ကားသော့ကို ဖြုတ်ပြီး အိမ်ထဲလှမ်းအ၀င်မှာ ရှင် ကမလက်မောင်းကို လှမ်းကိုင်တယ်။ ကမ ရှင့်ကို မော့ကြည့်မိတယ်။ ကမမျက်လုံးတွေကတော့ မာနကြောင့် တောက်ပြောင် နေဦးမှာပါပဲ။ ရှင်ကပြောလာတယ်။
မင်းဟာ သိပ်ကို ခေါင်းမာတာပဲနော်၊ ထရီဇာရယ် ယောက်ျားက ပစ်ချင်လောက်အောင် ဘာဖြစ်လို့ မာနကြီးချင်ရတာလဲ၊ ကိုယ်မင်းကို တကယ်ချစ်ခဲ့တာပါ
ကမ ရင်တစ်ချက် ခုန်သွားတယ်။ ရင်ခုန်သံကို ကမ ထိန်းချင်တယ်။ ထရီဇာပဲ အလျှော့မပေးရပါဘူးလို့ တွေးပြီး ခံစားချက်ကို ပြောင်းယူတယ်။ ရှင်ပဲ ကျမကို မုန်းတယ်ဆိုတဲ့ စကားမျိုးတွေပြောခဲ့ပြီး ဘယ်လောက်မှ မကြာ ဘူး ချစ်တယ်လို့ ပြောပြန်တယ်လို့ ကမ တွေးယူတယ်။ အဲဒီအခါ ရယ်ပစ်ချင်လာဖို့ သတိရတယ်။ ရယ်စရာ ကောင်းတယ်လို့မှ မတွေးနိုင်ရင်လည်း ရှင့်ရဲ့အလှည့်အပတ်ထဲမှာ ကမ ကျွံဝင် သွားမှာ ကြောက်တယ်။ 
ရှင်က ကမ ပခုံးကို ကိုင်ပြန်တယ်။ ပြီး တစ်ချက် ဖျစ်တယ်။ နောက် လှည့်ထွက်တယ်။ ကမကို တစ်ချက် ပြန်လှည့်ကြည့်တယ်။ ကမ သွေးခုန်နှုန်းတွေ မြန်လာတယ်။ လည်ချောင်ထဲမှာ တစုံတခု လာဆို့တယ်။ လက်တွေထဲမှာ အားယုတ်သွားတယ်။ တံခါးနံရံကို လက်နဲ့ အားပြုပြီး ပြုံးပြနိုင်အောင် ကြိုးစားတယ်။ ကမ ပြုံးပြတာကို တွေ့မှ ရှင် တကယ် ကျောခိုင်းသွားတော့တယ်။ 
ကမမျက်လုံးတွေ ၀ါးလာသလိုပဲ။ လက်ထဲက ကွာရှင်းစာချုပ်က လေမတိုက်ပါဘဲ တဖျတ်ဖျတ် တုန်နေတယ်။ ခုတင်ဘေး စားပွဲပေါ်ကို စာချုပ် လှမ်းတင်လိုက်တယ်။ နှစ်ယောက်အိပ် ကုတင်ဆီ မျက်လုံးအရောက်မှာ ပါးပြင် နွေးကနဲ ဖြစ်သွားတယ်။ အမလေး ကမ မျက်ရည်ကျတယ်။ မငိုရဘူးမငိုရဘူး၊ ထရီဇာဟာ ကိုယ်မမှားတဲ့ အဖြစ်အပျက်တစ်ခုအတွက် ဘယ်တော့မှ မျက်ရည်မကျရဘူး။

 မျက်ခွံတွေကို လက်ဖ၀ါးနဲ့ ပွတ်သုတ်ပစ် လိုက်တယ်။ ခေါင်းကို ဆတ်ကနဲ့ မော့ပစ်တယ်။ မျက်တောင်တွေကို ခဏခဏ ခတ်ပြီး စိတ်ကို တင်းတယ်။ ရှင်တို့ ယောက်ျားတွေဟာ သိပ်ကိုရယ်ရတာပဲလို့ တတွတ်တွတ်ရွတ်ရင်း မျက်ရည်ကို ထိန်းတယ်။ ခဏကြာ တော့ ဆောက်တည်ရာရပြီလို့ ယူဆတယ်။ အားပါးတရ အော်ရယ်နိုင်ရင် သိပ်ကောင်းမှာပဲလို့တွေးပြီး ရယ်ဖို့ ကြိုးစားတယ်။ မရဘူး။ ပြုံးကြည့်တယ်၊ ခါတိုင်းပြုံးနေကျ ထရီဇာရဲ့ နာမည်ကျော် ယုံကြည်ပြုံးလေ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလွန်းတဲ့ အပြုံးပေါ့။ ပြုံးပြီး စာချုပ်ကို ထပ်ကြည့်မိတယ်။ အောင်ရဲတဲ့။ တက်မှာ အေးအေးဦးဘယ်ဘက်ရင်အုံထဲမှ စူးကနဲ အောင့်တယ်။ မျက်လုံးအကြည့်မှာ အေးအေးဦးဆိုတဲ့ စာလုံးတွေက မှုန်ဝါးသွား တယ်။ 

မေငြိမ်း
ဇူလိုင်လ၊ ၁၉၈၉-ခုနှစ်

မဂ္ဂဇင်းဝတ္ထုရှည် စ-ဆုံး
ရွှေအမြုတေ
အတွဲ-၁၊ အမှတ်(၁)

13 comments:

LIN LET KYAL SIN said...

သိပ်ကိုကောင်းတဲ့ ဇတ်လမ်းလေးပါပဲ ဆရာမ ။ ဖတ်ပြီး ရင်ထဲနင့်အောင် ခံစားသွားရတယ် .. ။ သမီးက ဒီလိုဇတ်လမ်းလေးတွေကို သိပ်ကြိုက်တာ ။ အရေးအသားကောင်းတဲ့ ဆရာမကို အမြဲအားပေးလေးစားနေလျက်ပါရှင် :)

pandora said...

ဘယ်လိုပဲ ထက်မြက်မာကျောတဲ့ မိန်းကလေးတယောက် ဖြစ်ပါစေ ချစ်စိတ်ဝင်လာရင် ချစ်သူရှေ့မှာတော့ နူးညံ့သွားတတ်စမြဲ မဟုတ်လားဟင်.. မာန အခွံပါးတွေ လုံးလုံးလျားလျား ကွာကျသွားအောင် ဘယ်အရာက လုပ်ပေးနိုင်မှာလဲ..

Aung Phyoe said...

I love this story and I think you r feminist , Saya Ma . A very strong woman with high vanity , her struggle between love and desire .. . Anyway , I love it and readable.
Thanks and add more novels.
With Regards

Min Min said...

တီတီ စာတွေကို ပီဒီအက်ဖ် လုပ်ပြီး သိမ်းချင်တယဗျ စာဖတ်ပို့ပါ

မေငြိမ်း said...

အားလုံ ကျေးဇူးတင်ပါတယ်။ ကျမပေးတာကို ရတဲ့အတွက်။
မင်းမင်းရေ..ကောင်းတာပေါ့။ ပြီးရင် တီတီ့ဆီလည်း ပို့ပေး.. :D

မေငြိမ်း said...

ပန်ရေ..
ဒါဟာ အချစ်လားကွယ်.. :P

Yaw Han Aung said...

ဆရာမရယ်
ဇာတ်လိုက်တွေကလည်း မာနကြီးလှချည်လား။

မေငြိမ်း said...

ဟုတ်ပ ယောဆရာရေ.. ဒါကြောင့်ပဲ ကွဲရ...
အင်းးသူတို့အသက်လေးတွေသာ ဒါ့ထက်နည်းနည်းကြီးရင်တော့ ကွဲချင်မှ ကွဲမလားပဲနော်။ နောက်ထပ်ဇာတ်လမ်းတပုဒ်ပေါ့..

Aung Phyoe said...

ဆရာမကို အားကျလို့ အတုခိုးပြီး ၀တ္တုတိုတစ်ပုဒ်ရေး ထားတယ်။ ဖတ်ကြည့်ပြီး ဝေဖန်ပေးပါဦး ။

* In Search of Truth * said...

ဒီမိုကရေစီလိုချင်တယ်ဆိုရင် ကျနော်တို့ နှစ်ယောက်တင်ပြထားတဲ့ လက်တွေ့ကျကျအကြံပြုချက် ပထမဆုံးစာကို ဖတ်နိုင်ပါပြီ။ http://lightofmyanmar.blogspot.com/

Ko Paw said...

ဆရာမရဲ့ သည်ဝတ္ထုကို ဖတ်ပြီး…ဆရာမ ဂျူးရဲ့ တဦးတည်းသောသား ၀တ္ထုကိုလည်း တဆက်တည်း သတိရမိတယ်။

ဆရာမရဲ့ ၀တ္ထုမှာတော့ မိန်းမသားတွေ တန်းတူရည်တူ အခွင့်အရေး ရလိုတဲ့ အချက်ကလည်း ရှေ့တန်းကပါတယ်။

ဒါပေမယ့် ၀တ္ထုနှစ်ပုဒ်လုံးမှာ ဇာတ်ကောင်အမျိုးသမီးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လို့ သဘောထားပုံက တူတယ်လို့ ထင်မိပါတယ်။

ဆရာမ ၀တ္ထုမှာ ထရီဇာက သူ့ခင်ပွန်း ကိုအောင်ရဲအပေါ်မှာ ချစ်သလိုမျိုး၊ ဂျုးဝတ္ထုမှာ အဲလစ်ကျော်မောင် (အေးအေးကျော်)က သူမရဲ့ခင်ပွန်း အပေါ်မှာ ချစ်တာကို တွေ့ရပါတယ်။ နောက်ပြီး နှစ်ဦးစလုံးက ကိုယ့်ခင်ပွန်းအချစ်ကို တခြားမိန်းမတွေနဲ့ ခွဲဝေမယူချင်ကြဘူး ဆိုတာတွေ့ရတယ်လေ။ (ဆရာမ၀တ္ထုမှာ တခြားမိန်းမက ငယ်ရွယ်သူမိန်းကလေးတွေ ဖြစ်နေပေမယ့် ဂျူးဝတ္ထုမှာတော့ တခြားမိန်းမက သူ့ယောက္ခမ ဒေါ်ကြည်ကြည်စိန် ကိုယ်တိုင်ဖြစ်နေတာတွေ့ရတယ်။း-) ) အင်း… ဒါကမိန်းကလေးအားလုံးရဲ့ သဘာဝဘဲ ထင်ပါရဲ့။

ဇာတ်ကောင်အမျိုးသမီး နှစ်ယောက်စလုံးက သူ့နည်းသူ့ဟန်နဲ့ မာနကြီးကြသူတွေချည်းဘဲ။ ဆရာမ ဇာတ်ကောင်က ပိုလို့တောင် မာနကြီးသလိုဘဲ။ နောက်ပြီး အရွဲ့တိုက်တဲ့နေရာမှာ သူက ပိုပွင့်လင်း၊ ပိုလက်တွေ့ကျတယ်။ အဲလစ်ကျော်မောင်ကတော့ စိတ်ထဲကရယ်၊ နှုတ်ကဖွင့်ပြီးတော့ရယ်လောက်ဘဲ အရွဲ့တိုက်ခံတာကို တွေ့ရတယ်။

စာရေးသူ နှစ်ယောက်စလုံးက မြန်မာလိုအရေးအသား ကျွမ်းကျင်နိုင်နင်းသူတွေ ဖြစ်ရုံမျှမက အနုပညာကို ဖန်တီးတဲ့နေရာမှာ ပါရမီရှိသူတွေဆိုတော့ ၀တ္ထုနှစ်ပုဒ်စလုံးဟာ တမျိုးတဘာသာစီ ကောင်းကြတာကို တွေ့ရပါတယ်။

မေငြိမ်း said...

ကိုပေါရေ..သေချာ ဝေဖန်ပေးတာ ကျေးဇူးတင်ပါတယ်။ မဂျူးရဲ့ အေးအေးကျော်ကတော့ ယောက္ခမကိုပြိုင်ရတာမျိုးကိုးနော်.. အဲလိုကွာမယ်ထင်တယ်။ ပြီးတော့ အသက်အရွယ်နဲ့ ခံစားမှုတွေ.. ဆင်ခြင်တုံတရားတွေ...ကွာမယ်ထင်တာပဲနော်.. စာရေးတဲ့သူရဲ့အသက်အရွယ်နဲ့လည်းဆိုင်မယ်ထင်တယ်။ ကျမက အသက်၂၂မှာရေးတာ။ မဂျူးရဲ့ တဦးတည်းသောသားက နည်းနည်း ပိုနောက်ကျတယ်ထင်တာပဲ။

B!tter SwEEt said...

(Aunty) May Nyane,

I want pdf file too. Could you please make my wish come true? :)
Thanks a lot!