တကယ်တော့ pinkgold ရဲ့ comment အတွက် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ Sex worker ပြဿနာကို ပို့စ်တခု ပြန်ရေးနေတာပါ။ ရေးနေရင်းနဲ့ တချို့ ကိစ္စတွေကို မရေးရက်.. တချို့ကိစ္စတွေ မရေးချင်.. ဖြစ်နေတာကြောင့်ရော.. အလုပ်တော်တော် ရှုပ်နေတာကြောင့်ရော.. ခုထိ ရေးလက်စတန်းလန်း။ ဒီလိုနဲ့ ဘလော့တွေ လည်ရင်း.. တပြည်သူ'အိမ့်ချမ်းမြေ့'ရဲ့ 'ဆောင်းအိပ်မက်'ကို ရင်ခုန်.. နောက်တော့ စာတိုပေစ'အောင်ဖြိုး'ရဲ့ 'အချစ်နဲ့တွေ့ဆုံခြင်း' ကိုဖတ်ပြီး ကိုယ်တိုင်က အချစ်လုံးချင်းဝတ္ထုတွေရေးခဲ့တာမို့ ကိုယ်ရေးခဲ့တဲ့ ခံစားချက်လေး တွေ ပြန်သတိရသွားပါတယ်။ လူ့ဘ၀ဆိုတာထဲ အချစ်ဆိုတာကလည်း အရေးကြီးတဲ့ မောင်းနှင်အားတခုပဲ မဟုတ်လားလေ..။ (တကယ်တော့ ကောင်မလေး(နှင်းမိုးဝေ)က အချစ်ဆုံးအကြောင်း ရေးဖို့ Tag ထားသေး တာ... ရေးမယ်လို့ ကတိပေးထားပြီး ခုထိ မရေးနိုင်သေး။ ဒါပေမဲ့ ရေးဖို့ ကြိုးစား နေပါတယ်:D)။ လောလောဆယ်တော့ အချစ်ဆိုတဲ့ ခံစားမှုဟာ တခါတလေမှာ မယုံနိုင်စရာကောင်းလောက်အောင် ခိုင်ကျည်စွဲမြဲတတ်တာလေး နဲ့ လွဲချော်တတ်တာလေးတွေကို ရေးခဲ့တဲ့ အထဲက ၀တ္ထုတို ရိုးရိုးလေးတပုဒ် တင်ပေးလိုက်ပါတယ်။
မောင့် ပုလဲသွယ်
(တစ်)
“သူပြန်လာတော့မယ်”ဟူသော စကားတစ်ခွန်းကို သူမ ထပ်ခါထပ်ခါ ရေရွတ်နေမိသည်။ ဘယ်လောက် ချိုမြိန်လိုက်သလဲ…။ အဲသည်စကားလေးကို ရေရွတ်ဖို့ ကာလအကြာကြီး သူမ စောင့်ခဲ့ရသည်။ အနှစ်နှစ်ဆယ် ကျော်…။ ခုတော့… သူပြန်လာတော့မယ်တဲ့။ ချက်ချင်းပင် သူမရှေ့မှောက်မှာ နှစ်နှစ်ဆယ်ကျော် ခြောက်သွေ့ လောင်မြိုက်နေခဲ့သော တက္ကသိုလ်၏ မြင်ကွင်းတို့ က စွတ်စိုအေးမြလာသည် ထင်၏။
ကြည့်စမ်း… ခုလိုတော့လည်း လွမ်းမောနွမ်းနယ်စွာ သူမ ဖြတ်ကျော်ခဲ့ရသည့် အနှစ် နှစ်ဆယ်ကျော်ဆိုတာက ဘာမှ မကြာခဲ့သလို သူမကို နုပျိုစေပြန်သည်။
သူမသည် တိတ်တခိုးနိုင်လှစွာ သူမ၏ စားပွဲအံဆွဲထဲရှိ ကြည့်မှန်ဝိုင်းလေးသေးသေးကို ထုတ်ကြည့်လိုက်တော့ မျက်နှာလေးက ပြုံးလို့။ ကြည်လို့။ အသားအရည်တို့ပင် ပိုမို လင်းလက်လာကြသယောင်။
ထိုစဉ်မှာပင်… ပြုံးပြနေသောမျက်လုံးတို့၌ အရည်ကြည်တို့ဖြင့် စိုလက်လာကြ၏။ တကယ်တော့ သူမက ၀မ်းသာကြည်နူးရခြင်းတို့ကို မခံစားတတ်တော့တာ ကြာပြီ။ ခုတော့ မျက်ရည်ကြည်တို့ပင် ၀န်းလည်လာအောင် ထိခိုက်ခံစားလို့။ သို့ပေမဲ့ သူမ၏ ထိခိုက် ခံစားမှုက ကြည်နူးခြင်းသက်သက်ကိုသာ ဖြစ်သည်။ ထိုကြည်နူးခြင်း ကလည်း ရင်ခုန် စိတ်လှုပ်ရှားဖွယ်ကောင်းလှ၏။
ကြည့်စမ်း…။ အချစ်၌ အသက်အရွယ်၊ အချိန်ကာလနှင့် ဘ၀အခြေအနေ စသော စိတ်ပျက်ချင်စရာ ပြဿနာတွေ ပါဝင်ဖွဲ့စည်းနေခြင်း မရှိကြောင်းကိုလည်း သူမ မျက်ဝါးထင်ထင် မြင်လိုက်ရသည်။
ထိုအခါ သူ၏ မုဆိုးဖိုဘ၀။ သူမ၏ ယင်ဖိုမျှပင် မသန်းဖူးသော အပျိုစင်ဘ၀၊ သူမနှင့်သူတို့၏ လက်ရှိရာထူး၊ အခြေအနေများ… တို့က သူမအတွက်တော့ မြူတစ်မှုန်စာ မျှပင် အရာမထင်ဖြစ်တော့သည်။
ထိုအခါ… ပြန်လည်နွေးထွေးလာသော ရင်ခုန်သံထဲမှာ သူခေါ်လေ့ရှိသော “မြတ်”ဆိုသည့် ခေါ်သံတိုးတိုးလေး ကိုပဲ၊ မွတ်မွတ်သိပ်သိပ် ကြားယောင်လာသေးတော့သည်။
+++++
(နှစ်)
လွန်ခဲ့သောနှစ်ဆယ့်ငါးနှစ်မှာတုန်းက ‘ခင်မြတ်မြတ်’ ဟူသော သူမနှင့် မောင်မောင်ဇော် ဟူသော သူတို့က အတန်းဖော်များ ဖြစ်ကြသည်။ ထိုစဉ်က သူမတို့၏ မဟာဝိဇ္ဇ္ဇာတန်းများမှာ ကျောင်းသားကျောင်းသူ အားလုံး ပေါင်းပါမှ ဆယ်ယောက်မပြည့်တတ်ရာ အတန်းဖော်အချင်းချင်းက တကယ့်မောင်နှမတွေလို ရင်းချာလေ့ ရှိခဲ့ ကြသည်။ အဲဒီတုန်းက အတန်းဖော်ရှစ်ယောက်မှာ ယောက်ျားလေး သုံးယောက်၊ မိန်းကလေး ငါးယောက် ဖြစ်သည်။ ထိုအထဲမှာ ခင်မြတ်မြတ်မှလွဲသော မိန်းကလေးယောက်က ယောက်ျားလေး သုံးယောက်နှင့် သိပ်ကို ခင်မင်ရင်နှီးကြ၏။
ခင်မြတ်မြတ်ကတော့ အလွန်တရာ အရှက်အကြောက်ကြီးသော အလွန်တရာလျို့ဝှက်ကာ သီးသန့် နေတတ် သော၊ အလွန်တရာ စိတ်ထိခိုက်ခံစားတတ်သော၊ အလွန်တရာ အေးဆေးငြိမ်သက်သော မိန်းမငယ်လေး တစ်ယောက် ဖြစ်၏။ မောင်မောင်ဇော်ကတော့ ခင်မြတ်မြတ်နှင့် အစစအရာရာမှာ ဆန့်ကျင်သူ ဖြစ်သည်။ မောင်မောင်ဇော်က သွက်လက် ပွင့်လင်းသော၊ လူမှုဆက်ဆံရေးအရာတွင် ကျွမ်းကျင် လိမ္မာသော၊ အမြဲလို ပျော်ရွှင် ပေါ့ပါးစွာ အရာရာကို ရင်ဆိုင်တတ်သော လူငယ်ပဲ ဖြစ်သည်။
အဲဒီ မောင်မောင်ဇော်နှင့် ခင်မြတ်မြတ်တို့ကို တနည်းတဖုံ ဆက်စပ်နေလိမ့်မည်ဟု ဘယ်သူကမှ တွေးမိခဲ့မှာ မဟုတ်သလို ကာယကံရှင်နှစ်ဦးကလည်း သူငယ်ချင်းအဖြစ် ထက် နည်းနည်းမှ ပို မသာခဲ့ကြပါ။ အထူးသဖြင့် မောင်မောင်ဇော်လို လူတစ်ယောက်ကို အရှက်အကြောက်ကြီးကာ အချစ်ဆိုသောခံစားချက်နှင့် ဘယ်လိုမှ ပတ်သက်ပုံမရသော ခင်မြတ်မြတ်က ချစ်ခင်စုံမက်နေဖို့ဆိုတာကတော့ သူတို့၏ ပတ်ဝန်းကျင်အတွက် ယုံတမ်းစကားလောက်ပင် အရာမထင်နိုင်ခဲ့ပါ။
သို့ပေမဲ့ အံ့သြတုန်လှုပ်ချင်စရာကောင်းလှစွာပင် ခင်မြတ်မြတ်၏ ရင်ထဲမှာ မောင်မောင်ဇော်က စွဲထင်သွား ခဲ့သည်။
+++++
အခက်အခဲပြဿနာတို့ကို ခင်မြတ်မြတ်က စိတ်ပျက် ရှောင်ဖယ် လိုတတ်သည်။ သူမက ဘ၀ကို အေးအေး သက်သာ ဖြတ်သန်းသွားလိုသူ မဟုတ်လား။ သူမတို့၏ မဟာဝိဇ္ဇ္ဇာတန်းမှာ ပြုစုရသော စာတမ်းကျမ်းငယ်တို့က သူမကို အလွန် စိတ်ပင်ပန်းစေ၏။ ထိုအခက်အခဲတို့ကို မောင်မောင်ဇော်ကတော့ ဦးဆောင်ဖြေရှင်းနိုင်၏။ သွက်လက်သော မောင်မောင်ဇော်က ထိုအခက်အခဲများကို ပေါ့ပေါ့ပါးပါးပဲ ဖြေရှင်း၏။ ပြီးတော့ သူ့ထက်စာလျှင် အတန်ငယ်အေးဆေးသော ကျန်ယောက်ျားလေးနှစ်ယောက် (၀င်းလွင်နှင့် သန်းထွန်း) တို့ကိုလည်း သူကပဲ ရှေ့ဆောင်လမ်းပြတတ်ပြန်သည်။
ခင်မြတ်မြတ်ကတော့ ဗီဇက အရှက်အကြောက်ကြီးသူဖြစ်ကာ ရဲရင့်ကာ ဦးဆောင်နိုင်သည့် ယောက်ျားတို့ကို အထင်တကြီးအားကိုးလိုသော အငုံ့စိတ်ရှိသူလည်း ဖြစ်၏။ ထိုအခါ… မောင်မောင်ဇော်က မသိမသာဖြင့် သူမ၏သူရဲကောင်း ဖြစ်လာခဲ့သည်။ ဒါကို အစမှာတော့ သူမကိုယ်တိုင် မရိပ်မိ မသိရှိနိုင်ခဲ့။ သိသည့်အချိန် မှာတော့ ကိုယ်တိုင် အံ့သြ တုန်လှုပ်ရလောက်အောင် သူမက မောင်မောင်ဇော့်ကို ချစ်မက် စွဲလန်းနေခဲ့ပြီ ဖြစ်သည်။
+++++
ထိုနေ့က သူမတို့ မဟာဝိဇ္ဇ္ဇာတန်း၏ ဆရာကန်တော့ပွဲအခမ်းအနားနေ့ ဖြစ်သည်။ သူမတို့ မိန်းကလေး ငါးယောက်က အမှတ်တရဓါတ်ပုံရိုက်ဖို့ သဘောတူထားကြသည်မို့ အလှအပတွေ ပြင်ကာဆင်ကာဖြင့် ရှိနေကြ၏။ ယောက်ျားလေးသုံးယောက်ကတော့ အခမ်းအနားကလေးအတွက် လိုအပ်သမျှ ပြင်ဆင်လို့ အလုပ်ရှုပ်နေကြသည်။ ခင်မြတ်မြတ်က အ၀ါနုရောင်ရင်ဖုံးအင်္ကျီလက်ရှည်၊ ပိုးချိတ်လုံချည် အ၀ါနုရောင်တို့ဖြင့် လင်းလက်တောက်ပက သူမဘာသာပင် ရင်ခုန်နွေးနေခဲ့သေး၏။ ပြီးတော့ ကျစ်ဆံမြီးရှည်ရှည်၏ အဖျားမှာ နှင်းဆီအ၀ါတစ်ပွင့်ကို ပန်ခဲ့သေးသည်။ ထိုစဉ်က သူမ၏ အလှအပကို ဘာကြောင့်မှန်းမသိ မောင်မောင်ဇော် မြင်စေချင်နေခဲ့သည်။ ထိုအခါ ပုလဲပုတီးလေးတစ်ကုံးကိုပင် ဆင်ယင်လိုက်မိသေးသည်။
ထို့နောက်တော့… အံ့သြစရာကောင်းလှစွာပင် သူမ မျှော်လင့်ပြင်ဆင်ခဲ့သမျှမှာ ထို ပုလဲပုတီးလေးကသာ မောင်မောင်ဇော်နှင့် ပတ်သက်၍ သူမ၏မျှော်လင့်ရခြင်းတို့ကို ပြည့်ဝစေခဲ့သည်။
မောင်မောင်ဇော်က သူမအနားမှာ
“ဒီနေ့ မြတ်သိပ်လှနေတယ်…။ မိန်းကလေး တော်တော် များများ ပုလဲပုတီး ဆွဲတာ မြင်ဖူးခဲ့ပေမဲ့ ကိုယ်မြင်ဖူးသမျှထဲမှာ ပုလဲပုတီးနဲ့ အလိုက်ဖက်ဆုံးဟာ မြတ်ပဲ။ မြတ်ရဲ့ဂုဏ်ကျက်သရေကို ပုလဲပုတီးလေးက ပိုပြီး တန်ဖိုးမြှင့်ပေးနေတယ်။ မြတ် ပုလဲပုတီးလေး ဆွဲ ဆွဲထားပါလား”
ဟု ခပ်တိုးတိုး လာပြောစဉ်က မြတ်သည် ကြက်သီးဖြန်းဖြန်းထကာ အလွန် ရှက်ရွံ့နေခဲ့ပြန်သည်။ တပြိုင်တည်း မှာ ကျေနပ်၍လည်း နေပြန်သည်။ ထိုနေ့မှာ သူမ၏ သူငယ်ချင်းမများကိုလည်း မောင်မောင်ဇော်က “ငါ့ညီမတွေ.. တယ်လည်း လှနေကြပါလား” ဟု ပြောခဲ့တာပဲ ဖြစ်သော်လည်း သူမကို ပြောစဉ်ကလို သူ့မျက်လုံးတွေ အရောင်မလက်ခဲ့တာ သူ့လေသံတွေ ညင်သာပျော့ပျောင်း မရှိခဲ့တာ ကိုတော့ သူမသာ အသိဆုံးဖြစ်ခဲ့သည်။ ပြီးတော့ သူက “မြတ်”တဲ့။ တကယ်ဆို သူမကို မိတ်ဆွေအားလုံးလိုလိုက “မြတ်”ဟုသာ ခေါ်ခဲ့တာဖြစ်သော်လည်း သူ့ခေါ်သံလို မလှိုက်လှဲ၊ မနွေးထွေးဟု ထင်သည်။
ထိုအခါမှ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်တော့ ခင်မြတ်မြတ်၏ ရင်ထဲမှာ မောင်မောင်ဇော် ဟူသော အချစ်က နက်နက်ရှိုင်းရှိုင်း တည်ရှိနေပြီဖြစ်သည်ကို တုန်လှုပ်အံ့သြစွာ သူမ လက်ခံလိုက်ရတော့တာ ဖြစ်သည်။
+++++
အဲဒီနေ့မှစ၍ ယနေ့ထက်တိုင် သူမ၏ လည်တိုင်မှာ ပုလဲပုတီးကလေးကို စွဲစွဲမက်မက် ဆွဲထားခဲ့တာ သူ သိလိမ့်မည်။ ထိုမျှနှင့်ပင် သူမ ကျေနပ်ပါသည်။ တကယ်တော့ သူနှင့်သူမတို့ မပေါင်းဆုံခဲ့ရခြင်းကို ကံ၏ အကျိုးဆက်ပဲဟု မြင်ကာ ခင်မြတ်မြတ်က ခွင့်လွှတ်နိုင်ခဲ့ပါသည်။ သူ.. သူမအပေါ် ချစ်ရေးမဆိုခဲ့ခြင်း၊ သူမ မဟုတ်သော မိန်းမတစ်ယောက်နှင့် လက်ထပ်လိုက်ခြင်းတို့ကို သူမနားလည်ဖို့ ကြိုးစားခဲ့သည်။
သူ့မှာ အကြောင်းတစုံတရာ ရှိလိမ့်မည်။ သူက သူမအပေါ် ဘာတစ်ခုမှ မတောင်းဆိုခဲ့။ သူ လက်ထပ်လိုက် သည့် သတင်းကို ဖတ်လိုက်ရသည့်အချိန်မှာ သူနှင့်သူမက တစ်ယောက် တစ်နေရာစီ ခွဲ၍ အလုပ်တာဝန်တွေ ထမ်းဆောင်နေရချိန်။ ခင်မြတ်မြတ်သည် မောင်မောင်ဇော့်ထံမှ ချစ်သည်ဟု ဖွင့်ဟလာမည့် စာတစ်စောင်ကို မျှော်ဆဲ…. သူ၏ လက်ထပ်ပြီးစီးခြင်းသတင်းကို ရင်ဆိုင်လိုက်ရသည်။ သူမ ဘယ်လောက် ကြေကွဲခဲ့ရသလဲ ဆိုတာကို ပြန်ပင်မတွေးရဲတော့ ။ အလွန်အရှက်ကြီးလျက် သိုသိပ်သော မိန်းကလေးသည် ကြေကွဲစွာ သွေးပျက်မှုဖြင့် ထိုအချိန်က သူမနှင့် အနေနီးစွာရှိခဲ့သော (သူ့ကိုခင်မင်သည့်) အတန်းဖေါ်သူငယ်ချင်းတို့၏ ရှေ့မှာ “ကိုမောင်မောင်ဇော်က မြတ်ကို ပုလဲပုတီးနဲ့ သိပ်လိုက်တယ်လို့ ပြောခဲ့ဖူးတယ်”ဟု အရူးတစ်ယောက်လို အသားလွတ် ဖွင့်ပြောကာ သူမ၏စိတ်ကို ဖြေလျှော့နှစ်သိမ့်မိခဲ့သေး၏။ သို့ပေမဲ့ သူမ၏ သည်တစ်ကြိမ်သာ တွေ့ရဖူးသော အချစ်ကို တန်ဖိုးထား နှမြောတသစွာ သူမ၏ ခံစားရမှုတို့ကို လိမ်ညာ ဖျောက်ဖျက်ပစ်ဖို့တော့ မစဉ်းစားခဲ့ပေ။
ခင်မြတ်မြတ်သည် အချိန်လွန်နှောင်းကာမှ အချစ်အတွက် သတ္တိကောင်းနေခဲ့ပြန်သည်။ ထိုအခါ မောင်မောင်ဇော်က သူမကို ချစ်လျက်နှင့် အကြောင်းတစုံတရာကြောင့် ခွဲချန်ထားခြင်းဟုသာ ယုံကြည်လျက်၊ သူမ ရရှိလိုက်သည်ဟု ယုံကြည်သော မောင်မောင်ဇော်၏ အချစ်တို့ကို သိမ်းဆည်းသည့်အနေဖြင့် ပုလဲပုတီးလေးကို အမြဲဆွဲကာ သူထားခဲ့သော နှစ်ပေါင်းများစွာကို တိတ်ဆိတ်ကြေကွဲ ဖြတ်ကျော်လာနိုင်ခဲ့ တော့သည်။
+++++
အခုတော့ အနှစ်နှစ်ဆယ်ပင် တိုင်ခဲ့ပြီ။ မောင်မောင်ဇော်က လက်ထပ်ပြီးနောက်မှာ တောင်ကြီးမြို့ကို ပြောင်းရွှေ့သွားခဲ့ရသည်။ နောက်တော့ ဆယ့်နှစ်နှစ်အကြာမှာ မောင်မောင်ဇော်၏ဇနီး ကွယ်လွန်ကြောင်း သတင်းကို ဖတ်လိုက်ရ၏။ ထိုအချိန်မှာတုန်ုးကလည်း သူမက သားသမီးနှစ်ယောက်နှင့် ကျန်ရစ်ခဲ့သော မောင်မောင်ဇော်၏ သောကဗျာပါဒကိုပင် အဝေးမှ လှမ်း၍ ပူပန်ခဲ့ရသေး၏။ နောက်တော့ အဲဒီရက်များမှ စကာ မျှော်လင့်တတ်ခြင်းတွေက ပြန်လည် ရှင်သန်လာတော့သည်။
အပျိုစင်တစ်ယောက်အဖြစ် သူ့လို မုဆိုးဖိုကို လက်ထပ်ယူဖို့ စဉ်းစားခြင်းဟာ သူမ နှင့် သူတို့၏ အချစ်အတွက် အကောင်းဆုံး မှတ်ကျောက်တွေပဲ မဟုတ်လား။ သည်တစ်ကြိမ်မှာတော့ သူမ ထပ်မံ မကျန်ရစ်လိုတော့။ သည်တစ်ခါ သူ သူမအနားကို ပြန်ရောက်လာလျှင်တော့ “ခုချိန်ထိအောင် မြတ် ပုလဲပုတီးလေးကို ဆွဲထား တုန်းပါ ကိုဇော်ရယ်” ဟု ပြောဖြစ်အောင် ပြောလိုက်မည်ဟု သူမ မျှော်လင့်တော့သည်။
+++++
မောင်မောင်ဇော်ကတော့ သူ၏ဇနီး ကွယ်လွန်ပြီး ရှစ်နှစ်ကြာသည့်တိုင် အဲဒီ တောင်ကြီးမြို့မှ သူမရှိရာ ပင်မဌာနကို ပြန်ရောက်မလာခဲ့ပေ။ ထိုရှစ်နှစ်လုံးလုံးမှာ သူမကတော့ ပုလဲသွယ်ကို ဂရုတစိုက်ဆွဲလျက် မျှော်လင့်မျက်လုံးတို့ တောက်ပ၊ မျှော်လင့် နှလုံးတို့ ပူနွေးဖြင့် ရှိဆဲ။ တစ်နေ့တော့ သူ ရောက်လာလိမ့်မည်ပေါ့။ ခုနေတော့ သူ့မှာ မပြီးပြတ်နိုင်သေးသော လူမှုကိစ္စတို့ ရှိနေလိမ့်ဦးမည်ဟူသော အတွေးတို့က သူမ၏ စိတ်အမောတို့ကို နှစ်သိမ့်ခဲ့၏။
ခုတော့ဖြင့် အဲသည်အပူကာလ ရှစ်နှစ်တာကို လွန်မြောက်ခဲ့ပြီ။ ခုတော့ ခင်မြတ်မြတ်ကို သူ ခွဲချန်ထားခဲ့ခြင်း… အနှစ်နှစ်ဆယ် ပြည့်တော့မှပဲ သူက ခင်မြတ်မြတ်ရှိရာဆီကို ပြန်လာခဲ့ပြီ။ ခင်မြတ်မြတ်ရှိနေသော ပင်မဌာနမှာ အလုပ်တာဝန်ထမ်းဆောင်ဖို့ သူ ပြန်ရောက် လာခဲ့ပြီ။
ထိုအခါ… ခုပင် သူ ပြန်ရောက်လာသလို.. “မြတ်”ဟူသော ခေါ်သံတိုးတိုးကလေးကို ကြားယောင်လာတော့ သည်။
+++++
(သုံး)
ဒီနေ့မှာ ပင်မဌာနမှာ အလုပ်တာဝန် ပြန်လည် ပြောင်းရွှေ့ ထမ်းဆောင်မည့် ဦးမောင်မောင်ဇော်ကို ကြိုဆိုသော အခမ်းအနားကလေးကို ကျင်းပမတဲ့။ မနက်ခင်းကတည်းကပင် ခင်မြတ်မြတ်က မြီးကောင်ပေါက် မလေးလို စိတ်လှုပ်ရှားနေခဲ့သည်။ ထိုအချိန်မှာပဲ သူ တကယ်ရောက်လာခဲ့ပြီ။ ခင်မြတ်မြတ်သည် ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့် သူ့ကို မမှိတ်မသုန် ငေးနေမိခဲ့သည်။ သူက အနည်းငယ် ၀လာသည်ကလွဲ၍ သိပ်အသက်ကြီးပုံ မပေါက်သေး။ ခုဆို သူ လေးဆယ့်ရှစ်နှစ် ရှိရောပေါ့။ သူက ဆံပင်လည်း မဖြူသေး။ သူနှင့် သူမတို့အတွက် အရွယ်မလွန်ကြလောက်သေးဘူး ထင်ပါသည်။ သူ မြတ်ကို တွေ့ရမယ်နော်။ သူက အခန်းထဲကို လျှောက်ဝင်လာစဉ် မြင်နိုင် သမျှသော မိတ်ဆွေတို့ကို ပြုံးရယ်နှုတ်ဆက်လာ၏။ ဟော… မြတ်ရှေ့ကို ရောက်လာပါပြီ။ ဟော.. သူ့မျက်လုံးတွေက သိသိသာသာ ရွှန်းမြသွားကြ၏။
“ဟာ မြတ်က ဒီမှာပဲ ရှိနေတာကိုး”
ကြည့်စမ်း… မြတ်တဲ့။ သူ့ခေါ်သံက အရင်ကလို နွေးထွေးဆဲ။
“ဟာ.. ကြည့်စမ်း… သန်းထွန်းနဲ့ မူမူလည်း ရှိနေတယ်… ကိုယ်တော့ သိပ် စိတ်ချမ်းသာ သွားပြီ။ ကိုယ်တို့ ဆိမ်းဘက်ခ်ျတွေ ပြန်ဆုံရတာ ပျော်စရာပဲ”
သူက အတူရှိနေတဲ့ သူငယ်ချင်းနှစ်ယောက်ကိုလည်း တလှိုက်တလှဲ နှုတ်ဆက်၏။ သူမကတော့ ပြုံးရယ် ရွှင်ပျမှုထဲမှာ ကျေနပ်နှစ်သိမ့်လျက်ရှိဆဲမှာပင် သူမ၏လည်တိုင်မှ ပုလဲပုတီးလေးကို သူဂရုတစိုက် ကြည့်မသွား တာကို စိတ်ထိခိုက်နေမိပြန်သည်။ အို လူတွေရှေ့မှာ အာရုံများပြီး မေ့လျော့နေတာဖြစ်မှာပေါ့။ သူမက သူ့ကို ခွင့်လွှတ်နိုင်ဆဲ ရှိပြန်သည်။ နောက်မှ.. ဒီအခန်းအနားလေးပြီးမှ.. သူ့ကို သူ့အတွက် ပေးထားတဲ့ရုံးခန်းမှာ သွားပြီး နှုတ်ဆက်ရမယ်.. ဟု တွေးကာလည်း သူမတစ်ဦးတည်း သီးသန့်ကြိုဆိုရမည့်အတွက် ကျေနပ်နေမိပြန် သည်။
+++++
(လေး)
သူ့အတွက် နေရာချထားပေးသော ရုံးခန်းကလေးက သူမ၏ ရုံးခန်းကလေးမှ နှစ်ခန်းကျော်မှာ ဖြစ်သည်။ မွန်းလွဲစပြုပြီမို့ ၀န်ထမ်းအားလုံး ကိုယ့်အလုပ်နှင့်ကိုယ် ပုံမှန် ပြန်လည် လည်ပတ်နေခဲ့ပြီ။ သူ့ကို ကြိုဆို နှုတ်ဆက်ခြင်းများလည်း ပါးသွားလောက်ပြီ။ သူမသည် ကြည့်မှန်ဝိုင်းထဲမှာ မျက်နှာကို ပြန်လည် မွမ်းမံ လိုက်သည်။ အံ့သြစရာကောင်းလှစွာပင် ခင်မြတ်မြတ်က လွန်ခဲ့သောနှစ်ဆယ့်ငါးနှစ်ကနှင့် ဘာမှ မဆိုင် လောက်အောင် အချစ်၌ အတွေ့အကြုံ၌ ရဲရင့်နေခဲ့သူဖြစ်နေခဲ့ပြီကို ကိုယ့်ဘာသာ ရှာဖွေ တွေ့ရှိလိုက်သည်။
+++++
သူ့ အခန်းနားအရောက်မှာ စကားသံတိုးတိုးကို ကြားနေရသည်။ မသင့်တော်သော်လည်း မကြားရကြာပြီ ဖြစ်သော သူ့စကားသံတို့ကို သူမ မွတ်သိပ်စွာ နားထောင်ချင်လာသည်။ သူ့စကားသံက ခပ်တိုးတိုး။ သို့ပေမဲ့ တိတ်ဆိတ်သော ပတ်ဝန်းကျင်မို့ နားစိုက်ထောင်တော့ အလွယ်တကူ ကြားရ၏။
“သူ့ကို ထားခဲ့ပြီး ငါပြန်မလာရက်လို့ တော်တော်နဲ့ ပြန်ပြောင်းခွင့် မတင်ခဲ့တာ၊ ခုကျတော့ သားနဲ့သမီးရဲ့ ကျောင်းကိစ္စ၊ အလုပ်ကိစ္စတွေက ဒီမှာမှ ပို အဆင်ပြေမှာမို့ ပြောင်းခဲ့ရတာ”
သူမ၏ သွေးလှည့်ပတ်နှုန်းတို့ မြန်လာ၏။ သူ့စကား၏ အဓိပ္ပာယ်အဆက်အစပ်ကို နားမလည်သော်လည်း ခင်မြတ်မြတ်၏ ဣနြေ္ဒသိက္ခာကို ငဲ့ညှာကာ ပြန်မလာရက်ခဲ့သလား ဟု တွေးယူရင်း စိတ်လှုပ်ရှားလာခဲ့သည်။ သူမ ငြိမ်သက်စွာ ရပ်နေမိဆဲ….
“မင်းစဉ်းစားကြည့်စမ်းပါကွာ၊ ချစ်သူဘ၀မှာလည်း ငါက ဒီမှာ ကျောင်းလာတက်ရလို့ ရှင်ကွဲ ခွဲနေခဲ့ရတယ်။ လက်ထပ်ပြီးတော့လည်း ဆယ့်နှစ်နှစ်ပဲ ပေါင်းပြီး သေကွဲ ကွဲခဲ့ရတယ်”
သူက ခပ်တိုးတိုး ဆက်ပြောသော စကားတို့ကို ကြားလိုက်ရစဉ်မှာတော့ သူမသည် အရာရာကို နားလည်စွာ ရှက်ရွံ့တုန်လှုပ်လျက် ရုတ်တရက် သတိလက်လွတ်နိုင်စွာ သူ့အခန်းရှေ့မှ ဖြတ်လျှောက်မိလိုက်တော့သည်။
“ဟော…. မြတ်”
နှုတ်ဆက်သံက သူမကို ရုတ်တရက် လှည့်ကြည့်မိစေ၏။ အခန်းထဲမှာ သူနှင့်အတူ ကိုသန်းထွန်း ရှိနေ၏။ သူမက သွေးပျက်စွာ သူ့မျက်နှာကို ငေးကြောင်ကြည့်နေစဉ်မှာပဲ သူမ ကယောင်ကတမ်းဆန်စွာ သူတို့ရှေ့မှ ထွက်ပြေးခဲ့မိတော့သည်။ သို့ပေမဲ့ ရုပ်ခန္ဓာအားဖြင့် ထွက်ပြေးခဲ့သော သူမ၏စိတ်အာရုံတို့ကတော့ဖြင့် မောင်မောင်ဇော်၏ မျက်ရည်တို့ဖြင့် စိုစွတ်သော မျက်လုံးတွေထဲမှာ နစ်မြုပ်ရင်း မချိမဆံ့ ညည်းတွားကာ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
+++++
တကယ်တော့ မောင်မောင်ဇော်က သူ၏ ဇနီးသည်ကို တကယ် ချစ်ခင်စုံမက်ခဲ့သည်ပဲ။ ဒါဖြင့် သူမကိုရော…။ သို့ပေမဲ့ ဇနီးသည်ကွယ်လွန်ပြီး ရှစ်နှစ်တိုင်အောင် ငိုကြွေးလွမ်းဆွတ်ဆဲ မုဆိုးဖိုတစ်ယောက်ကို လက်ထပ်ယူ ရမည့် မိန်းမတစ်ယောက်က ထိုသူ၏ ရင်ထဲမှ ပကတိအချစ်ကို ပိုင်ရဖို့ဆိုတာ ဘယ်လောက် အားငယ်စရာ ကောင်းလိုက်တဲ့ မျော်လင့်ချက်လဲနော်။ ဒါဖြင့် မောင်မောင်ဇော်က သူ၏ဇနီးသည်ကို မေ့ပျောက်ကာ သူမကိုသာ စွဲလန်းစုံမက်ဖို့ နောက်ထပ် ဘယ်လောက်ကြာအောင် သူမက စောင့်ရမှာလဲ။ ပြီးတော့ သူမကရော စောင့်နေရဦးမှာလား…။ သူမကတော့ လှောင်ပြောင် ရယ်မောသံသဲ့သဲ့ကိုပဲ ကြားယောင်နေမိပြန်သေးသည်။ ထိုအခါ သူမက စောင့်ဆိုင်းခြင်းဟူသော စကားကိုပဲ နာကျည်းမုန်းတီးလာကာ လည်တိုင်မှ ပုတီးလေးကို အားကိုးတကြီးနိုင်စွာ ပွတ်သပ်ရင်း ရှိုက်ကြီးတငင် ငိုကြွေးလိုက်မိတော့သည်။
+++++
(ငါး)
ရုတ်တရက် အခန်းက တိတ်ဆိတ်သွားသည်။ မောင်မောင်ဇော်က သန်ထွန်းကို နားမလည်နိုင်သလို ကြည့်လိုက်သည်။ သန်းထွန်းက မြတ်ပြေးသွားရာနောက်ကိုကြည့်ပြီးမှ မောင်မောင်ဇော့်ကို ပြန်လှည့်ကြည့်ကာ
“မင်းတခါက ပုလဲပုတီးနဲ့သိပ်လိုက်တာပဲလို့ မြတ်ကို ပြောခဲ့ဖူးလား။ ပြီးတော့ အဲဒီ ပုလဲပုတီးလေးကို အမြဲဆွဲထားပါလားလို့ရောပေါ့” ဟု ခပ်တိုးတိုး ပြော၏။ မောင်မောင်ဇော်က ရုတ်တရက် မျက်မှောင်ကျုံ့ကာ တွေဝေသွား၏။ ခဏအကြာမှ….
“ငါသေချာတော့ မမှတ်မိတောဘူးကွ၊ ပြောရင်လည်း ပြောမိမှာပေါ့၊ လူတွေကို စိတ်ကျေနပ်အောင် appreciate လုပ်တတ်တဲ့အကျင့် ငါ့မှာရှိတာ မင်းသိသားပဲ၊ အဲဒါ ဘာဖြစ်လို့လဲ”
သန်းထွန်းက သူ့ကို ခပ်ငေးငေးကြည့်ကာ ငိုင်တွေသွားပြန်သည်။ ခဏကြာတော့မှ သက်ပြင်းတချက်ချလိုက်ပြီး ခေါင်းကို တညှိတ်ညှိတ်လုပ်၏။ မောင်မောင်ဇော်က နားမလည်နိုင်စွာ ကြည့်နေတော့မှ သန်းထွန်းက တစုံတရာကို မျိုချလိုက်ရသောဟန်ဖြင့်
“အင်း… ဘာမှ မဟုတ်ပါဘူး၊ ငါ့ဘာသာ စိတ်ကူးပေါက်သွားလို့”
ဟု ပလုံးပထွေး ပြောလိုက်သည်။ သန်းထွန်း၏ စကားသံကပင် မောပန်းနွမ်းနယ်နေသလိုလို။+++++
မေငြိမ်း
(၁၉၉၃၊ သြဂုတ်လထုတ်) ကလျာမဂ္ဂဇင်း
2 comments:
ကျေးဇူးတင်ပါတယ် ။ သည်ဝတ္တုလေး အတွက် ။ တစ်ခါတစ်ရံ လူတစ်ယောက်ရဲ့ ပြီးစလွယ် စကားတစ်ခွန်းကြောင့် အခြားတစ်ယောက်ရဲ့ မျှော်လင့်ချက် ၊ အချစ်တွေရှင်သန် တတ်တယ်ဆိုတာ ကိုလည်ယုံပါတယ် ။ ဒါပေမယ့် လည်း "မြတ် " လို ကိုယ်လိုရာဆွေးတွေးပြီး ကိုယ်ရဲ့မြတ်နိုးမှု ၊ တန်ဖိုးထားမှု (အချစ်တွေ) ကို တစ်စုံတစ်ယောက်ကို အပ်နှင်းလိုက်ချင်တဲ့ ခံစားရူးသွပ်မှု ကို ပျက်ရယ်မပြုရက်ပါဖူး ။ တစ်ယောက်ကို ချစ်မိရင် သူ ကိုယ့်အပေါ် (မကောင်းတာ )ဘာပဲလုပ်လုပ် အပြစ်မြင်ဖို့ ခက်လှပါတယ် ။
'မ'ရေ...မောင်မောင်ဇော်ရဲ့appreciationကနဲနဲ overဖြစ်နေတော့ မျှော်လင့်မိတဲ့မြတ်ကို အပြစ်မဆိုသာပါဘူး...သောက်လေသောက်လေငတ်မပြေဘူး...ထပ်တင်ပါအုံးနော်...
Post a Comment