မြန်မာပြည်မှာ အမျိုးသမီးတွေကို ဘယ်လောက်မှ ခွဲခြားဆက်ဆံတာ မရှိဘူးလို့ အမျိုးသားတချို့က ပြောလေ့ ရှိပါတယ်။ တကယ်တော့ သူတို့ဟာ အမျိုးသားတွေ ဖြစ်နေတဲ့အတွက် သတိမထားမိတာပါ။ ပြီးတော့ အများစုသော အမျိုးသမီးတွေကိုယ်တိုင်က လက်သင့်ခံနေမိတာကြောင့်လည်း သတိမထားမိကြတာပါ။ တကယ်တော့ ရိုးရာ ဓလေ့ ထုံးတမ်းအစဉ်အလာတွေကကို အမျိုးသမီးတွေကို ခွဲခြား ဆက်ဆံတာမျိုး ဖြစ်နေတဲ့အတွက် အမျိုးသမီးတွေမှာ ကိုယ်စိတ်နှလုံး ထိခိုက်ရတာတွေ၊ လူ့အခွင့်အရေးဆုံးရှုံးနေရတာတွေ အများကြီး ရှိနေပါတယ်။
ဥပမာပေးစရာတွေကတော့ အများကြီးပါ။ အဲဒီထဲက တခုပြောရရင် အိမ်ထောင်ပျက်ကြရတဲ့ ဘ၀ချင်းအတူတူ အမျိုးသားတွေကိုဆိုရင် အထူးအထွေ မသတ်မှတ်ဘဲ အမျိုးသမီးတွေကို ဆိုရင်တော့ အပြစ်တင်ပြီး ပတ်ဝန်းကျင်က ရှုတ်ချတာတွေ၊ အထင်သေးတာတွေ၊ နောက်အိမ်ထောင်ပြုရင်ကိုပဲ စာရိတ္တမကောင်းသလို သုံးသပ်ကြတာမျိုးတွေ၊ နောက်ဆုံး မိဘ မောင်နှမတွေကတောင် ပစ်ပယ် လျစ်လျူရှု လိုက်ကြတာမျိုးတွေဟာ ခွဲခြားဆက်ဆံမှုတွေပဲ ဖြစ်ပါတယ်။
တကယ်တော့ အိမ်ထောင်တခု ပျက်စီးရတာကို ဘယ်သူမှ အလွယ်တကူ လက်မခံချင်ပါဘူး။ ဒါပေမဲ့ အကြောင်းကြောင်းတွေကြောင့် လက်ခံ လိုက် ကြရတာပါ။ အဲလို အခြေနေမျိုးမှာ ခွဲခြား ဆက်ဆံခံရတဲ့အခါ စိတ်အင်အား မကောင်းတဲ့ အမျိုးသမီးတွေဆိုရင် အလုပ်ပျက် အကိုင်ပျက် တခါတလေမှာ ဘ၀ပျက်တဲ့အထိ ထိခိုက် ခံစားကြရပါတယ်။ အဲလို ခွဲခြားဆက်ဆံတာကလည်း အမျိုးသမီးအချင်းချင်းကပါ ဆက်ဆံကြတာပါ။ ဒါဟာ အစဉ်အလာကကို ဖြစ်နေတဲ့ ခွဲခြားဆက်ဆံမှုပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုတောင်မှပဲ ခင်ပွန်းသည် ဒေါက်တာမိုက်ကယ်အဲရစ် မရှိတော့တဲ့နောက်မှာ တချို့က ထိထိပါးပါး ပြောတာ ဆိုတာမျိုးတွေ လုပ်လာသေး တာပါ။ အဲလို အစဉ်အလာကြီးလို ဖြစ်နေတာတွေကိုတော့ ကျမတို့က သေချာ စဉ်းစားပြီး ပြုပြင်ဖို့ လိုပါတယ်။ ဒါဟာ အောင်မြင်တဲ့ လူ့အဖွဲ့အစည်း တခု တည်ဆောက်ရေးမှာ အရေးကြီးလှပါတယ်။ ဒါတွေကို သေချာ အသိပညာပေးကြရမှာဖြစ်ပါတယ်။
ဒီတလောမှာ အဲဒါမျိုးနဲ့ ပတ်သက်ပြီး တခုခုရေးပါလို့ ကျမကို တောင်းဆိုတဲ့သူတွေ ရှိလာတဲ့အတွက် ကိုယ်တိုင် အိမ်ထောင်ကျိုးဘ၀တခုကို ဖြတ်သန်းနေခဲ့ချိန်တုန်းက ရေးခဲ့ဖူးတဲ့ ၀တ္ထုလေး တင်ပေးလိုက်ပါတယ်။
ထွက်ပြေးတဲ့အခါ
(
ဒီနေရာက ပုံ)
ထွက်ပြေးတဲ့အခါ....
ပိတ်ဆို့လမ်းတွေ ကျယ်ပြော
သဲဆူးတောတွေ ဖြတ်နင်းရင်း
ဟင်းလင်းပွင့်ရင်ကတောင်
လေးလံရဲ့။ အိပ်မရတဲ့မျက်လုံးတွေကို ဘယ်သူစီးမိုးထားတာလဲ။ မျက်ခွံကိုပင် မပိတ်ရဲလောက်အောင် ခြောက်ချား လာသည်။ “ကိုယ့်မှာ အိပ်ချိန်လေးတစ်ချိန်ပဲ မင်းဆီက လွတ်လပ်ခွင့်ရတာပါ အချစ်ရယ်” ဟု သူ့ကို ရည်ရွယ်တိုင်တည်မိတာ အကြိမ်ပေါင်းများစွာ..။ ဒါတောင်မရ၊ အိပ်ပျော်ခိုက်လေးမှာတောင် သူက အိပ်မက်မှတဆင့် ကျမထံ လာခဲ့သည်။ အိပ်မက်ထဲမှာလည်း သူပဲ အနိုင်ရသည်။ သူ့မျက်လုံးတွေအောက်မှာ ကျမ ကြေကွဲ နာကျင်စွာ အကြိမ်ကြိမ် ကြေကွဲရသတဲ့။ ဘယ်လောက်များ ရှုံးနိမ့်လိုက်ပါသလဲ။ တကယ့်တကယ် ပြင်ပမှာတော့ ကျမက သူ့ကွယ်ရာမှာသာ တိတ်တိတ် ငိုကြွေးရသူ။ သူ့ထံမှအချစ်ကို မျက်ရည်နှင့် သွေးဆောင်ယူရာကျမှာ ကျမ ကြောက်သည်။ ကျမကြောင့်တော့ဖြင့် သူ မပူလောင်စေရ။
ချို့ယွင်းချက်ကြီးကြီး တစ်ခုမကရှိသော မိန်းမတစ်ယောက်အနေဖြင့် ကျမသည် အချစ်အတွက် ငိုကြွေး ခွင့်မရှိ။ ပိုင်ဆိုင်လိုစိတ် ဖြစ်ပေါ်ခွင့် မရှိ။ သူနှင့်အတူ ချစ်ခွင့် မရှိ။ ကျမမှာ ဒဏ်ရာတွေကိုသာ သယ်ပိုးရမည်။ ပြီးတော့… သူ့ကို စွန့်လွှတ်ရမည်။ ဘယ်လောက်များ အရက်စက်ခံရသလဲကွယ်။ ချစ်သူကို ချစ်ခွင့်မရှိတဲ့ ဘ၀။ သူ့အချစ်ကိုလည်း ပြန်လည်ခံစားခွင့်မရှိတဲ့ ဘ၀။ အဲဒီဘ၀ကို ထားခဲ့ပြီး ထွက်ပြေးလို့ရမလားဟင်….။ ဒါမှမဟုတ်၊ သူ့ဆီက… ပြီးတော့ အချစ်တွေဆီက.. ပြီးတော့ အိပ်မက်တွေဆီက.. .ပြီးတော့ အအိပ်တွေဆီ ကနေ… ဟိုးအဝေးဆုံး အဝေးကြီးကို ရောက် အောင် ပြေးပါရစေ။ ဘယ်လောက်ဝေးဝေး ပြေးနိုင်မလဲဟင်…။ ပြေးမယ်လို့ဟန်ပြင်ကာမှ အာရုံထဲမှာ သူ့မျက်လုံးတွေက ကျမကို ဖမ်းချုပ်၏။ အဲသည် မျက်လုံးတွေပေါ့..၊ ကျမကို အကြိမ်ကြိမ် လဲကျ သေဆုံးစေခဲ့တာ။ လူငယ်လေးတစ်ယောက်ရဲ့ မျက်လုံးတွေက မိန်းမတစ်ယောက်ရဲ့ နှလုံးကို ကြေမွအောင် ချေမွှနိုင်တာ သေချာခဲ့ပြီ။ ရင်မှာ နာကျင်မောပန်း။ မေ့ဖို့ ကြိုးစားနေတာကိုက မေ့မရတာ ။ ထွက်ပြေးသူအတွက် ရှေ့မှာ….
‘ပိတ်ဆို့လမ်းတွေ ကျယ်ပြော
သဲဆူးတောတွေ ဖြတ်နင်းရင်း
ဟင်းလင်းပွင့်ရင်တောင်
လေးလံ..’။
•••
‘ထွက်ပြေးတဲ့အခါ
မျက်လုံးများစွာကြား
ပြားပြားဝပ် အကျဉ်းကျ
ပါးစပ်ပေါက်တွေက
ကာဆီးတောင်တန်း
ကျရတဲ့မျက်ရည်တွေက
ပင်လယ်…’
အင်မတန် ကံဆိုးတဲ့ မိန်းမတစ်ယောက်ရဲ့ သောကမီးအတွက် ပတ်ဝန်းကျင်ဟာ လောင်စာသာ ဖြစ်တယ်။ အဲဒီ ပတ်ဝန်းကျင်ဆိုတာကို ကားစင်တင်ပြီး မီးရှို့သတ်ရရင် သိပ်အရသာရှိမှာပဲ။ အဲဒီ တခုလပ်မိန်းမက ကိုယ်ဟာ အားအင်ချိနဲ့သူပါလို့ တိုးလျှိုးရင် အဲဒီ ပတ်ဝန်းကျင်က အဲဒီတောင်းပန်စကားကို အာသာပြင်းပြင်းနဲ့ မြည်းကြ မယ်… ဘယ်လောက်ဆိုးရွားတဲ့ ပတ်ဝန်းကျင်လဲ… တွေ့လား။ အဲဒီ ပတ်ဝန်းကျင်ထဲမှာ ကျမ ရှိတယ်။ မိန်းမတစ်ယောက်ဟာ ‘ပြစ်ဒဏ်ခံရသော သတ္တ၀ါ ဖြစ်စေ’လို့ ဘယ်အစဉ်အလာ ယဉ်ကျေးမှုက ဖန်ဆင်းခဲ့ သလဲ။ ကျမ ဆဲရေးစမ်းပါရစေ။ အိမ်ထောင်ကွဲမိန်းမဟာ ကံအဆိုးဆုံးသတ္တ၀ါပေပဲ။ ဘယ်မိန်းမမှ မလိုချင်တဲ့ အဲဒီ ကံဆိုးမှုကို ခံယူရပြီး ယောက်ျားမကောင်းလို့ ဒီလိုဖြစ်ရလည်း ‘ဒီမိန်းမကိုက ညံ့တာကိုး’ လို့ ပြစ်ဒဏ်ခံရတဲ့ သတ္တ၀ါလေ။ ပတ်ဝန်းကျင်ရဲ့ မျက်လုံးတွေထဲမှာ အဲဒီတခုလပ်မိန်းမ-ဟာ သိပ်ထင်ရှားနေလိမ့်မယ်၊ ကဲ့ရဲ့စရာဖြစ်နေလိမ့်မယ်..။ ရယ်ရင်လည်း ဟဟမရယ်ရဘူးဆိုပဲ။ ဘယ်သူချမှတ်တဲ့ ဘောင်တွေလဲကွယ်။ ရင်ထဲမှာ ငိုရလွန်းတဲ့အခါ ပြင်ပမှာ ရယ်မောရင်း ဖြေဖျောက်ချင်တဲ့ မိန်းမအတွက်တော့ အဲဒီဘောင်တွေဟာ ကာဆီးထားတဲ့ တောင်တန်းတွေပဲ။ ထွက်ပြေး မရ။ အဲဒီ ပတ်ဝန်းကျင်ထဲမှာပဲ သူရောက်လာတယ်။
ကြေကွဲစရာကောင်းလိုက်ပုံများ….. သူဟာ ချစ်ခြင်းတွေကို ပွေ့ပိုက်လို့ ကျမဆီ ရောက်လာတယ်။ ကံဆိုးလိုက် ပုံများ… ကျမခမျာ သူ့ခြေသံကိုတောင် ကြိုမကြားခဲ့ရလို့မို့ ရှောင်ရှားချိန်မရ။ အချစ်မှာ မျက်ရည်ပါတယ်။ သောက ပါတယ်။ ဒါကို ကျမ သိတယ်၊ ဒါ့ထက်ပိုဆိုးတာက ကျမ တွေ့ ရတဲ့ဒီအချစ်မှာ ‘အရှုံး’ဆိုတဲ့ အဖြေက ပါပြီး ဖြစ်နေတာပဲ။
တန်ဖိုးဆိုတာကို တခါတရံမှာ မရယူလိုက်ခြင်းနဲ့ ပေးချေရတယ်။ အဲဒါဟာ အဲဒီတန်ဖိုးရဲ့ မြင့်မြတ်ကြီးကျယ်မှုကို သတ်မှတ်ပေးခြင်းပဲ ဖြစ်တယ်။ သူဟာ… အခုမှ ဘ၀ ဆိုတာ အပေါ် လှမ်းတက်ဖို့ ဟန်ပြင်နေတဲ့သူ..။ ပြီးတော့ ကြိုးစားတက်ကြွခြင်းတွေနဲ့ ဘ၀ခရီးကို ဖြတ်မယ့်သူ။ ကျမအမြင်မှာတော့ သူက မင်းသားလေးတပါးလို ခမ်းနားပြည့်စုံသူလည်း ဖြစ်တယ်။ သူ့ရဲ့တန်ဖိုးအတွက် ပေးချေစရာ ဆတူတန်ဖိုး ကျမမှာ ရှိမနေတဲ့အခါ၊ သူ့ကို ရယူဖို့ မကြိုးစားခြင်းသာ ထိုက်တန်သောပေးချေမှု ဖြစ်လိမ့်မယ်။ ကျမရလိုက်တဲ့ အရှုံးဟာ သူ့အတွက်တော့ လှပတဲ့ အနာဂတ် ဖြစ်မယ်။ အဲဒီအခါ သူနဲ့ ကျမရဲ့ အကြားမှာ မျက်ရည်ပင်လယ် ခြားတော့တယ်။ ဒီမိန်းမဟာ အစဉ်အလာ အကျဉ်းထောင်ထဲမှာ တသက်စာ အကျဉ်းကျခံရသူ။ မိန်းမတစ်ယောက်အတွက် တခုလပ်ဆိုတဲ့ ဝေါဟာရဟာ ကြိုးမိန့်တစ်မျိုးပါပဲ။
•••
‘ထွက်ပြေးတဲ့အခါ
နာကျင်ခြင်း မြွေတွေက
ခန္ဓာကို လိမ်ပတ်
ညှစ်သတ်တော့
ခပ်လျော့လျော့အသက်က
မျက်လုံးပြူး မျက်ဆံပြူးနဲ့
ရုန်းထ
သူ့ဘ၀ကို
ပိုရုပ်ကြွလာစေပြန်တယ်’။
ဘယ်ကိုပြေးရမှာလဲ… နောက်မှာ အရိပ်လို ထပ်ချပ်မကွာ လိုက်လာတာ ကိုယ့်ရဲ့ အတိတ်ပဲ။ အတိတ်ဆိုတာ ခွာချထားခဲ့လို့ မရတဲ့အရိပ်။ ကျမက အတိတ်နဲ့၊ ပစ္စုပ္ပန်နဲ့၊ ဖြစ်နိုင်ရင် အနာဂတ်နဲ့ပါ ဝေးအောင် ထွက်ပြေးချင်လိုက်တာ မဖြစ်နိုင်ဘူးဆိုတဲ့ အခြေအနေဆိုက ကျမကို တသက်လုံး ကြေမွအောင် ညှစ်သတ်မယ့် မြွေဆိုးတွေပဲ။ မုန်းတယ်… ဘ၀ဆိုတာကို မုန်းတယ်။ ဟိုးမှာ လိမ့်လာတဲ့ လှိုင်းလုံးတွေသာ ကမ်းကို ပြန်မကပ်ဘူးဆိုရင် အဲဒီလှိုင်းလုံးတွေနဲ့ ကျမ လိုက်ပါရစေ။ ကြေကွဲစရာ ကောင်းလိုက်ပုံများ၊ ကျမကို တားဆီးခေါ်မယ့်သူမရှိဘဲ တစ်ယောက်တည်း ခွဲထွက်ရမယ့်ဘ၀လေ…၊ ဒီတော့လည်း သည်းသည်းမည်းမည်း ဟားတိုက်ရယ်လို့ ကံကြမ္မာ ဆိုတာကိုလည်း နာခဲ့ပြီ။
တကယ်တော့ အဲဒီအတိတ်ကိုလည်း ကိုယ်တိုင်ပဲ နှစ်နှစ်ခြိုက်ခြိုက် ဖန်တီးခဲ့တာပဲ။ မျှော်လင့်ချက်တွေ.. အားမာန်တွေ အများကြီးနဲ့.. ချစ်ခဲ့တဲ့သူနဲ့အတူ အိမ်ကလေးတစ်လုံး ဆောက်ကြမယ်ပေါ့။ ဘယ်သူက လိုချင်မှာလဲကွယ်… ကိုယ်တပင်ပန်း ဆောက်ခဲ့ရတဲ့ အိမ်ကလေး ပြိုကွဲပျောက်ပျက်သွားမှာကို။ ဘယ်လောက် ပြုပြင် ဖန်တီးခဲ့သလဲ။ ဘယ်လောက် ကျားကန်ခဲ့သလဲ။ မိန်းမတစ်ယောက်အနေနဲ့ ဘ၀ပျက်တာကို ဘယ်သူက လက်ခံချင်ပါ့မလဲ။ ဒါပေမဲ့ ဘယ်လိုမှ ကျားကန်မရ။ မွမ်းမံ မရ။ ဒါနဲ့ပဲ အားလုံးကို လက်လျှော့။ ခြေကုန်လက်ပန်းကျ။ အဲဒါ တခုလပ်မတဲ့။ “သူ့နှယ်… ယောက်ျားကို နိုင်အောင်မှ မထိန်းဘဲ။ တနေ့တနေ့ ကလေးကိုပဲ အလုပ်တခုလုပ်နေတာ.. ငွေနောက်ပဲ လိုက်နေတာ… အလုပ်နောက်ပဲ လိုက်နေတာ… ဖြစ်တာတောင်နည်းသေး” သတဲ့။ ဘယ်လောက် ပျို့အန်ချင်စရာကောင်းတဲ့ စကားသံတွေလဲ…၊ ကျမရဲ့ချွေးစက်တွေ… ဂုဏ်သိက္ခာတွေ၊ မိခင်မေတ္တာတွေ… လုပ်အားတွေ… စေတနာတွေ အားလုံးကို တခုလပ်ဆိုတဲ့ စကားလုံးနဲ့ လဲပစ်လိုက်ရတာ ဘယ်သူ့ကြောင့်လဲ…၊ မုန်းတယ်.. အတိတ်ကို မုန်းတယ်။ မီးရှို့ပစ်လိုက်လို့ ပြာဖြစ်သွားမယ်ဆိုရင်တောင် အဲဒီ အတိတ်ပြာတွေကို ရေမှာမျောပြီး အစ ဖျောက်ပစ်ချင်တာ၊ အဲလို တွေးကာမှ အတိတ်ထဲက ဇာတ်ကောင်တွေက ရုပ်လုံး ကြွကြွလာပြီး ကျမကို ခြောက်လှန့်လာပြန်တယ်။ ဟင့်အင်း… ကျမအတွက် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ကာလ တွေကို မေ့ပါရစေ။
•••
'ထွက်ပြေးတဲ့အခါ
အရိပ်တွေဟာ
နဂိုထက် မြန်မြန်ပိုလိုက်
ဒါနဲ့ပဲ
မိုက်မဲတဲ့ အသည်းက
မေ့ထားသမျှကို ပိုပိုသတိရ
အဲဒီအခါ
‘နင်ဟာ အနာတရနဲ့သာ
ထိုက်တန်တဲ့ကောင်’ လို့
ကိုယ့်ကိုယ်ကို ဆဲရေးရ….'
တခါတုန်းက တောင့်တခဲ့ဖူးသမျှ လတ်ဆတ်သစ်လွင်တဲ့ ချစ်ခြင်းတွေ…။ မျှော်လင့်ရင်းနဲ့ အတိတ်တစ်ခုကို ဖြတ်ခဲ့ဖူး။ ဒါပေမဲ့ အပေးသာရှိပြီး အယူမရှိခဲ့ရတဲ့ဘ၀ဟာ ကျမရဲ့ အားလျော့စရာကောင်းတဲ့ အတိတ်ပေါ့။ ခုကျတော့ အချစ်ဆိုတာ အသစ်ဖြစ်ပေါ်တယ် ဆိုတဲ့ ခပ်ညံ့ညံ့ဆင်ခြေတစ်ခုကို ကိုးကားလို့ ရူးသွပ်ရတော့မယ်။ ဘယ်လောက် မိုက်မဲ လိုက်တဲ့ မိန်းမ..ပါလိမ့်ကွယ်။ အချစ်ကြောင့်ပဲ ပြိုလဲခဲ့ပြီးပြီ၊ ပြီးတော့ အချစ်ကြောင့်ပဲ.. ရှင်သန်ထမြောက်လို့။ အချစ်ထဲမှာ နစ်မြုတ် ပင်ပန်းဖူးပြီ။ ခုလည်း မေ့ထားကာမှ အချစ်ဆိုတာကို ပြန်ပြန်သတိရ ရ။ မလာခဲ့ပါနဲ့တော့လို့ တားမြစ်လည်း ချည့်နဲ့နေတဲ့ အသည်းက ရနိုင်သမျှကို တောင့်တ တတ်နေခဲ့ပြီ။ ပစ္စုပ္ပန်ထဲမှာ သူ့မျက်လုံးတွေပဲ ကျမ သိတော့သည်။
“ငါဟာ
ငါပျောက်ဆုံးခဲ့တဲ့ ကဗျာ
မာရ်နတ် ခိုးယူသွားခဲ့
‘အရွယ်’နဲ့အတူ။
ဘုရားသခင် သိမ်းယူသွားခဲ့
‘နာကျည်းမှု’နဲ့အတူ။
ငလျင်တို့ ထူပြောတဲ့
ဘ၀ထဲ
ခဏလေးပဲ အငြိမ်..”
ဘ၀ထဲမှာ.. နှလုံးထဲမှာ... ဘာမှမရှိတော့၊
ဘာကိုမှ မလိုတော့၊ ဘာကိုမှ ခံစားမရတော့ဘူး... လို့ ထင်ထားခဲ့တဲ့ ကာလမှာပဲ သူက ကျမဆီ တိုးဝင်လာတာ။ ဘယ်သူ ရက်စက်တာလဲကွယ်။ ‘ကိုယ့်ဆီမှာ ဘာမှမရှိတော့ဘူး အချစ်ကလေးရဲ့’ လို့ မြည်တမ်းညည်းညူရင်းပဲ၊ သူကလေးရဲ့ ဖျော့တော့တော့အပြုံးမှာ ကျမရဲ့ ကုန်ခန်းသွားပြီလို့ ယူဆထားခဲ့တဲ့ အားအင်တွေ ပြန် သစ်လာတယ်။ မျက်လုံးတွေ ပြန်လည် တောက်ပ။ နှုတ်ခမ်းခြောက်သွေ့တွေ ပြန်လည် စိုစွတ်။ နှလုံးသွေးတို့ ပူနွေး…“ဟောဒီမှာ မင်းနှုတ်ခမ်းက
မျိုးယူပျိုး၊ လှူတဲ့ပန်း…
သစ္စာတွေ
ငါမြတ်နိုးတဲ့ အကြည့်တစ်စုံ
မဆုံချင်လိုက်နဲ့ ကလေးရေ…”
ဒါဟာ ရက်စက်တဲ့ စီရင်ချက်တစ်ခုပဲ။ ကိုယ်မှာ မင်းနဲ့ ဆုံဆည်းခွင့်မရှိ။ ချစ်ခွင့်မရှိ။ တခုလပ်မိန်းမ တစ်ယောက်ဟာ ဘ၀ရဲ့အရသာတွေကို တပျော်တပါး ဆက်လက် စားသုံးခွင့် မရှိ။ “အားလုံးပြန်ယူသွားပါ… ဟေး… ကြင်နာသူလေးရေ… အဝေးဆုံး ကမ္ဘာ့အပြင်ဘက် ကိုယ့်ရဲ့ဘ၀…” အဲလို သီချင်းအော်ဆိုပြီး ပေါ့ပါး လိုက်နိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲနော်။ မင်းလိုသမျှ အင်အား.. အချစ်.. သာယာမှု.. ကြင်နာခြင်း တွေ ကိုယ် အပြည့်အ၀ ပေးနိုင်ပါရဲ့ကွယ်။ ဒါပေမဲ့ ပေးခွင့်မရှိ။
မင်းဖို့အိမ်ကလေးဆောက်ခဲ့
ပြိုခဲ့ရှာ
စိမ်းသစ်စွာသော ခေါင်မိုးများ
နံရံများ ကြမ်းခင်းများ
အရောင်မဲ့သစ်ပင်တို့ ကြားမှာ။
•••
တကယ်တမ်းကျ
‘ထွက်ပြေး’ရတာကိုက
“ထွက်ပြေးမရ”တာ…။
သေမိန့်ကျပြီးသား လူတစ်ယောက်ဟာ… သူ့ရဲ့နောက်ဆုံးချိန်တွေကို ဘယ်လို ကျော်ဖြတ်မလဲ။ သေနေ့ကို စောင့်ရင်း ထိတ်လန့် တုန်လှုပ်ကြေကွဲနေမလား။ ဒါမှမဟုတ် နေ့ရက်တွေကို တပျော်တပါး စားသုံးမလား။ ကျမကတော့ ကိုယ်ရနိုင်သရွေ့ကို အဲဒီ ဘ၀ထဲကနေ ယူယူပြီး နောက်ဆုံးအချိန်တွေကို အားပါးတရ စားသုံးချင်ပါတယ်။ ဒါဟာ ကျမ စွမ်းနိုင်သလောက် ဘ၀ကို အနိုင်နဲ့ပိုင်းခွင့် မဟုတ်လား..ဟင်။ ဒါဖြင့် ကျမ ဘာလုပ်ရမလဲ။ သူ့ကို အိပ်မက်… စိတ်ကူးယဉ်.. ကြည်နူးသာယာ..။ နေ့တွေဟာ အငွေ့တွေနှင့်ပင် ချိုမြိန်။ ပြီးရင်တော့ ရင်ကွဲခံဖို့ရက်တွေ၊ မသေမချင်း လွမ်းဆွတ်ခြင်းများ နဲ့ ဖိသတ်ခံရမတဲ့။ ပြစ်ဒဏ်က မကြီးလွန်းဘူးလားကွယ်။ ကြောက်ရပြန်ပြီ။ ဒါနဲ့ပဲ…
ဟော… ဟိုမှာ။ မျက်ခုံးထူထူအောက်က တောက်ပတဲ့ မျက်လုံးတွေ.. ပြေးလာနေကြပြီ။ ကျမ ရင်ဆိုင် ကြိုဆိုရမလား.. ထွက်ပြေးရမလား… ဟင်၊ ကျောခိုင်းလှည့်ပြေး။ ဘုရားရေ... ဟိုးရှေ့မှာ မြားတစ်စင်း အရှိန်ဟုန်ပြင်းပြင်းနဲ့ ၀င်လာ။ ရင်ထဲကို စူးစူးရဲရဲ ထိုးဖောက် သွားခဲ့ပြီ။ အခိုင်အမာ။ အသေခံ နှုတ်မှ ရတော့မလို စွဲမြဲလို့။ နာကျင်ပြင်းပြတဲ့ ဝေဒနာနဲ့ ငုံကြည့်လိုက်တော့… မြားတံရဲ့အဆုံးမှာ ပြုံးနေတဲ့ မျက်လုံးတစ်စုံက ကျမကို လှောင်ပြောင်လို့။
"တကယ်တမ်းကျ
‘ထွက်ပြေး’ရတာကိုက
‘ထွက်ပြေးမရ’တာ…"
++++++++
မေငြိမ်း
ရွှေအမြုတေ မဂ္ဂဇင်း။
ဖေဖေါ်ဝါရီ၊ ၁၉၉၆။
13 comments:
ငယ်ငယ်တုန်းက အိပ်မက်ပေါင်းမြောက်မြားစွာကို လှပစွာဖန်ဆင်းခဲ့ဘူးတာပေါ့။ ဘိုဖြူသီချင်းထဲကလို လေကချုသွားလိုက်၊ စမ်းရေက ကောင်းသွားလိုက်နဲ့ မိန်းခလေးတစ်ယောက်ကို လူစွမ်းကောင်းကြီး လုပ်ပြီး သူကလေးရဲ့ နောက်ဆုံးပန်းပန်သူသာ ဖြစ်ပါရစေဆိုပြီး ...... ။ဒါပေမယ့်လည်းလေ...အတ္တဆိုတဲ့အရာနဲ့ မနာလိုဝန်တိုခြင်းဆိုတဲ့ ဖုံးအုပ်မှုတွေအောက်မှာ အသည်းနှလုံးဟာ ဆူးပေါင်း မြောက်မြားစွာ ထိုးစိုက် ခံထား ရသလို ဖုတ်လိုက်ဖုတ်လိုက်ပဲ ကျန်ခဲ့တော့တယ်။ ပိန်းပိတ် မွန်းကျပ်လွန်းလှလွန်းတဲ့ စိတ်အာရုံကနေ ထွက်ပေါက်မဲ့နေလို့ ၊ နောက် ဒီမှာ လာလည်ရင်း ရေးထားတာ တွေ့လို့၊ နောက် ဘယ်သူ့ကိုမှလည်း ပြောစရာ မရှိလို့ ရေးခဲ့လိုက်တော့မယ်။
ba kaung ရေ..
ရေးခဲ့ပါ.. တခါတလေတော့လည်း အဲလို ပုဂ္ဂလိက ခံစားချက်တွေလည်း ဖွင့်အံဖို့ လိုပါတယ်။ ဒါမှပဲ ဘ၀ထဲ အားအင်ရှိရှိ ခရီးဆက်နိုငမှာပေါ့..။ တကယ်လို့ ရေးချင်တာတွေ သိပ်များနေရင်တော့ ဘလော့လေးတခု ဖန်တီးလိုက်ပါလား.. ကျမတို့ လာလည်မှာပေါ့...
ဆရာမရေ.. အရမ်းကောင်းပါတယ် ဖတ်ပြီးတိုင်းကျေနပ်ရတယ် ခုမှပဲရေးဖြစ်တော့တယ်..အများကြီးရေးပေးပါဆရာမ
လေးစားလျက်
ပတ်ဝန်းကျင်ဆိုတာကို ကားစင်တင်ပြီး မီးရှို့သတ်ရရင် သိပ်အရသာရှိမှာပဲ။
မသေမချင်း လွမ်းဆွတ်ခြင်းများ နဲ့ ဖိသတ်ခံရမတဲ့။
အမရေ..ကောင်းလိုက်တဲ့စကားလုံးတွေ၊ ကျနော်ဖြင့် သဘောကျလိုက်တာဗျာ...။ ကျနော်ကြုံခဲ့ရတဲ့ ပတ်ဝန်း ကျင်ဆိုးတွေ ကားစင်ကအကျ၊ မီးတောက်တွေကြားမှာ လွန့်လူးနေတာကို မြင်ယောင်ကြည့်တော့ နားထဲမှာ တဖျစ်ဖျစ်မြည်သံတွေကြားလာပြီး နှာခေါင်းထဲမှာ မီး ကျွမ်းတဲ့ညှော်နံ့တွေတောင် ရလာပါရော၊ အရသာရှိ လိုက်တာ...၊
သေဒဏ်ပေါင်းစုံထဲမှာ လွမ်းဆွတ်ခြင်းနဲ့ဖိသတ်ခံရတာ တော့ နာကျင်မှန်းမသိအောင်ကိုနာကျင်ရမယ်ထင်ပါရဲ့ အမရေ....။
ဆရာမရေ..အချိန်ရလင် ကျနော့်ဆီမှာ လာဖတ်ပြီးဝေဖန်ပေးပါနော်
ကျနော်ဆရာမဆီက ရတဲ့အတွေးနဲ့ ဆောင်းပါးလေးတပုဒ်ရေးထားလို့ပါ
လေးစားလျက်
လာလည်မယ်ဆိုရင်တော့ ဖိတ်ခေါ်ပါတယ်။ လောကမှာ ကိုယ်ထိတွေ့လိုက်တဲ့ အရာတွေဟာ အဆိပ်တွေ ဖြစ်သွားတတ်လို့ ပန်းပျိုးတဲ့ လက်တစ်စုံပိုင်ရှင် ဖြစ်ပါရစေလို့ပဲ ဆုတောင်းခြင်းကို မယုံကြည်ပေမယ့် တမ်းတမိပါတယ်။ ဘလော့တွေမှရေးကြမယ် ဆိုပြန်တော ထွေးအန်လို့ မရပဲ မျိုထားရတာမျိုးလဲ ရှိတာပေါ့။ ပေါက်ဖွားခါစ အမှောင်တွေ ဖုံးလွမ်းနေတဲ့ အရေးအသားများ ရှိတဲ့ ကျွန်တော့် ဘလော့က http://bakaung.blogspot.com/ ပါ။
မေတ္တာများဖြင့်
ဘကောင်း
အမရေ .. ဒီဝတ္ထုထဲမှာ မျောပါ ခံစားသွားပါတယ် ။
ပတ်ဝန်းကျင်ဆိုတာကို ကားစင်တင်ပြီး မီးရှို့ သတ်ဖို့ မိန်းမသားတွေ ရင်ထဲမှာ ကိုယ့်သစ္စာကိုယ် ယုံကြည်ပြီး သတ္တိရှိထားကြရတော့မယ် ။
စာရွက်တစ်ရွက်အတွက် ၊ နာမည်တစ်လုံးအတွက် .. ဒါတွေ ထိန်းသိမ်းဖို့တွက်နဲ့ပဲ .. မိန်းမတွေဟာ ဘ၀တခုလုံးကို မျောပစ်ရတော့မယ်တဲ့လား ။ ဒါဟာ လောကရဲ့ သိပ်မတရားတဲ့ ဘောင်တခုလို့ ညီမကတော့ မကျေမနပ် အော်ဟစ်လိုက်ချင်တယ် ။
း)
ဆရာမ လာရောက်ဝေဖန်ပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ် ဆရာမ
ဆရာမရေ။ ကိုယ်တိုင်လဲ တခုလတ်တယောက်မို့ ဒီစာလေးကို မျက်စိနဲ့မဖတ်ပဲ နှလုံးသားနဲ့ဖတ်သွားပါတယ်။ ဒီဓလေ့ထုံးစံတွေကိုတော့ ကျွန်မအလွန် စိတ်ပျက်စိတ်ကုန်နေလှပါပြီ။ တကယ်ဆိုရင် (၅)လသန္ဓေသားကို ၀မ်းမှာလွယ်ထားရတဲ့ မိန်းမတယောက်ဟာ သူ့လင်သားကို လူသိရှင်ကြားကြေငြာပြီး ကွဲပစ်လိုက်တယ်ဆိုကတည်းက ဘယ်လိုမှ ခွင့်မလွှတ်နိုင်တဲ့ ကိစ္စမျိုး ရှိနေလို့သာပါ။ လူ့လောကထဲကို ရောက်တောင်မလာသေးတဲ့ ကလေးငယ်လေးကို ဖခင်မဲ့ဘ၀ ဘယ်ရောက်စေချင်ပါ့မလဲ။ ဒါပေမယ့် လူတွေမှာ (အထူးသဖြင့် မြန်မာတွေမှာ) ဒီလိုနားလည်ပေးမှုမျိုး မရှိကြဘူး ဆရာမရယ်။ မိန်းမတယောက်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစော်ကားချင်ကြတယ်။ မလိုတမာ၊ မဟုတ်တန်းတရားတွေ ပြောချင်ကြတယ်။ နိုင်ငံရေးအစည်းအဝေးတွေ သွားပြန်တော့လဲ သွားပြန်ပြီ။ ဒီလိုယောက်ျားတွေနဲ့ ရောရောနေချင်လို့ တခုလတ်ဖြစ်တာလို့ ပြောကြပြန်ရော။ ကလေးမွေးပြီး မကြာခင် အလုပ်ဆင်းပြန်တော့လဲ ကလေးငယ်လေးကို ကိုယ်တိုင်မကြည့်ဘူးလားတဲ့။ မိန်းမမပီသလိုက်တာတဲ့။ ကျွန်မမှ မရှာရင် ကလေးရဲ့ စရိတ်၊ အိမ်စရိတ်က ဘယ်ကမှ ခြေထောက်ပေါက် မ၀င်လာနိုင်တာကို နားမလည်ပေးကြပြန်ဘူး။ ဆန္ဒပြပွဲတွေသွားပြန်တော့လဲ ကလေးလေးပိုက်ပြီး အသစ်လာရှာတာလားတဲ့။ အသက်ငယ်သေးတာပဲ။ နောက်အိမ်ထောင်ပြုပါလားတဲ့။ ဘာတွေမှန်းလဲမသိလို့ မြန်မာအသိုင်းအ၀ိုင်းဆိုရင် မဖြစ်မနေကိစ္စကလွဲလို့ ရှောင်မိနေတာ အတော်ကြာပြီ။ နိုင်ငံခြားသားတွေမှာတော့ ဒီလိုမရှိကြဘူး။ သူတို့နဲ့စကားပြောရတာ သိပ်စိတ်အေးချမ်းတာပဲ။ တခုလပ်တွေ၊ မုဆိုးမတွေအတွက် မိတ်ဆုံပွဲလေးတွေ တလတခါလုပ်ပြီး ကလေးငယ်လေးတွေကို community center ကကူထိန်းပေးထားတယ်။ ဘ၀တူမိခင်တွေ တခါတလေ စိတ်ပြေလည်ပျောက် ကလေးမပါပဲ အပြင်ထွက်အလည်အပတ်သွားရအောင်ပါ။ သူတို့နဲ့နေရင်း တခါတလေ မြန်မာတွေ ဘာဖြစ်နေတာလဲဆိုတာ နားမလည်နိုင်အောင် ဖြစ်လာရတယ်။ လဲနေသူကို ထူမပေးရမယ့်အစား အသက်ထွက်၊ ဘ၀ပျက်အောင် လုပ်ချင်နေကြတဲ့ စိတ်ဓာတ်တွေကို ရွံ့မုန်းလာမိတာ အမှန်ပဲ။ အမျိုးသမီးအရေးတွေအကြောင်း များများရေးပေးပါဆရာမရယ်။ ကျွန်မလဲ လူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ရင်း တပါတည်း အမျိုးသမီးအခွင့်အရေးတိုက်ပွဲပါ နွှဲရတော့မလိုဖြစ်နေပြီ။ Cultural Revolution က Political Revolution ထက် ပိုခက်လာမလားပဲ။
ခင်မမမျိုး
မေငြိမ်း
ကျွန်တော့်အမြင်အရတော့ ဒါဟာအိမ်ထောင်ကွဲ၊ နောက်အိမ်ထောင်ပြုစနစ်တွေမှာ ကျင့်သားမရသေးတဲ့ မြန်မာတွေရဲ့ ဓလေ့ကြောင့် ပေါ်ပေါက်လာတဲ့ အားနည်းချက်တစ်ခုလို့ပဲ ထင်ပါတယ်.. မြန်မာ့အသိုင်းဝိုင်းမှာ မိန်းကလေးတွေရဲ့ သိက္ခာကို ဘယ်လောက်ထိတန်ဖိုးထားတယ်ဆိုတာ အိမ်ထောင်တစ်ခု ပျက်စီးပြီဆိုရင် ကြားတဲ့လူရဲ့ ၈၀%လောက်ဟာ အကြောင်းမသိပဲနဲ့ကို အမျိုးသားတွေကြောင့်သာလို့ သာသာထိုးထိုး ယူဆကြတာများပါတယ်.. ဒါပေမဲ့ မိန်းခလေးကြောင့်သာလို့ သိခဲ့ရင်လည်း ပိုပြီးရှုတ်ချပစ်ပယ်ဖို့ ၀န်မလေးကြပါဘူး.. မိန်းကလေးတစ်ယောက်ရဲ့ အနေအထိုင်ကို ပတ်ဝန်းကျင်ကသိပ်ဂရုစိုက်လေ့ရှိတဲ့ လူ့အသိုင်းဝိုင်းတစ်ခုလည်း ဖြစ်နေတော့ တစ်ခုလပ်တစ်ယောက်ကို ဘယ်လိုလဲလို့ ပိုစိတ်ဝင်စားကြတာလည်း အမှန်ပါပဲ..
ဒါပေမဲ့ဒါဟာ အမျိုးသားတွေမှာလည်း ကြုံရတဲ့အဖြစ်ပါ.. တစ်ခုလပ်အမျိုးသားတစ်ယောက်ဟာ ဘယ်လိုမှ သာမန်လူပျို.. ဒါမှမဟုတ် အိမ်ထောင်သည်နဲ့ မတူတော့ပဲ ပတ်ဝန်းကျင်ရဲ့ သူ့အနေထိုင်ပေါ် ဝေဖန်ခြင်းကို ပိုခံရလေ့ရှိပါတယ်..
အခြားအမျိုးသားတွေရဲ့ ထိကပါးပြောခံရမှုတွေကတော့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြားမှာ ဖြစ်လေ့ရှိတဲ့ အဖြစ်တစ်ခုဖြစ်ပြီး တစ်ခုလပ်အမျိုးသမီးတွေအနေနဲ့ ပိုမိုသွေးတိုးစမ်းခံရခြင်းလောက်သာဖြစ်ပါလိမ့်မယ်..
တကယ်လို့များ အဲဒီတစ်ခုလပ်အမျိုးသမီးဟာ တည်ငြိမ်စွာရင်ဆိုင်နိုင်မယ်ဆိုရင် (အများစုသည် မိဘအသိုင်းဝိုင်း၏စောင့်ရှောက်မှုဖြင့် ရင်ဆိုင်နိုင်ကြပါ၏) ပတ်ဝန်းကျင် ဆွေမျိုးတို့ရဲ့ လေးစားမှုကို အမျိုးသားတွေထက်ပင် ပိုမိုရရှိလေ့ ရှိပါတယ်ဗျာ။
ဒါကြောင့်မို့ ဒီကိစ္စဟာ တလင်တမယားစနစ်ကို အလေးပေးစိတ်လွန်ကဲသော၊ အိမ်ထောင်ကွဲ၊ နောက်အိမ်ထောင်ပြုခြင်းများကို ကြိမ်ဖန်များစွာပြုလုပ်ကြသော အလေ့ကို အသားမကျတဲ့ မြန်မာ့အသိုင်းဝိုင်းရဲ့ အားနည်းချက်တစ်ခုလောက်သာဖြစ်ပြီး အမျိုးသမီးအခွင့်ရေးဆုံးရှုံးမှုတစ်ခုဖြစ်လောက်သည့် အနေထားတစ်ခုဟု ကျွန်တော့်အနေဖြင့်မူ မသတ်မှတ်မိပါချေ.. အခြားတစ်ဖက်မှ တွေးကြည့်လျှင်လည်း ဒီလို အသိုင်းဝိုင်းမျိုး ရှိနေလို့သာ ကျွန်တော်တို့မြန်မာမိန်းခလေးအများစုဟာ ကမ္ဘာပေါ်မှာ သိက္ခာတရား၊ ကိုယ်ကျင့်တရား အပြည့်စုံဆုံး မိန်းခလေးများအဖြစ် မြတ်နိုးတန်ဖိုးထားဖွယ် ရပ်တည်နေနိုင်ခြင်း မဟုတ်ပါလား.. မေငြိမ်း..
မျိုးမြန်မာ
ကိုမျိုးမြန်မာ
ကျမကိုယ်တိုင် တခုလပ်ဘ၀ကို ၇နှစ်ဖြတ်ခဲ့တာပါ။ မြန်မာပြည်မှာ ငါတို့မျိုးရိုးမှာ တခုလပ်မရှိဘူးဆိုတဲ့စကားနဲ့ မိဘမောင်နှမက ၀ိုင်းနှိမ်ထားတဲ့ အမျိုးသမီးဟာ စောင့်ရှောက်ခံရတဲ့ ဦးရေထက် အနည်းဆုံး ၂ဆရှိပါတယ်။ ကျမလေ့လာပြီးမှ ရေးတာပါ။ အမျိုးသားတခုလပ်ပြဿနာကတော့ ခု ခဗျားပြောတာပဲ ကြားဖူးတယ်။အမျိုးသားတွေအဖို့ လူပျိုဖြစ်ဖြင်း မဖြစ်ခြင်း၊ တခုလပ်ဖြစ်ခြင်းမဖြစ်ခြင်းက မြန်မာ့အစဉ်အလာအရကို အရေးမကြီးလှတာပါ။ ဘာတဲ့ ယောက်ျားကောင်းမောင်းမတထောင်ဆိုတာ.. အမျိုးသားအခွင့်အရေးလိုဖြစ်နေခဲ့တာပါ။ ဒါကြောင့် အမျိုးသမီးတခုလပ်ပြဿနာဟာ အမျိုးသမီးအခွင့်အရေးထိ သွားပါတယ်။
ချစ်သောဆရာမရေ ဒီဇတ်လမ်းကို တအားခံစားရတယ်။ စကားလုံးတွေက သိပ်ပြောင်မြောင်တယ်။ ဆရာမရဲ့ သတ္တိကို သမီးက အမြဲလေးစားနေလျက်ပါ .. ။ တခါတလေ ဖွင့်ပြောမရတဲ့ ခံစားချက်တွေနဲ့ အတိတ်အားလုံးကို မီးရှို့ပစ်လိုက်ချင်ပါတယ် ။ ဟန်ဆောင်တာတွေ မုန်းတဲ့ မိန်းမတစ်ယောက်က ပတ်ဝန်းကျင်ဒဏ်ကို အံမတုနိုင်သေးလို့ ၊ အထူးသဖြင့် ပတ်သတ်ခဲ့တဲ့ အရိပ်တွေအောက်က မထွက်ပြေးနိုင်သေးတဲ့အချိန်မှာ ဆရာမပြောသလိုပဲ ကားစင်တင်ပြီး မီးသာရှို့လိုက်ချင်ပါတော့တယ် :)
မေငြိမ်း
ဒါနဲ့ပတ်သက်လို့ နည်းနည်းအကျယ်ဆွေးနွေးခွင့်ပြုပါ။ မှန်ပါတယ်.. ခုမေငြိမ်းရဲ့ရေးသားချက်ဟာ ကိုယ်တိုင်ဘ၀နဲ့ယှဉ်တဲ့ အတွေ့အကြုံအပြင် လေ့လာမှုတွေပြုလုပ်ပြီးမှ ရေးတာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ဆောင်းပါးတစ်ခုဖြစ်ခဲ့ပါတယ်.. ဒါပေမဲ့ တခြားတစ်ဖက်မှာ ထောက်ပြချင်တာက ကိုယ်တိုင်အတွေ့အကြုံကပဲ ကိုယ့်ဆောင်းပါကို အရောင်ဆိုးသလို ဖြစ်စေသွားမှာကို သတိပြုဖို့ပါပဲ.. အပျက်သဘောနဲ့ တွေ့ကြုံခဲ့ရတဲ့ အဖြစ်တစ်ခုကို ရေးသားတဲ့လူတစ်ယောက်ရဲ့စိတ်မှာ အဲဒီခါးသီးမှုရဲ့အရိပ်ကလွတ်အောင် ဘယ်လိုမှ စိတ်ကိုရှင်းအောင်ထားပြီး ရေးလို့ရမှာမဟုတ်ပါဘူး..
ကဲကျွန်တော့်တို့ တစ်ခုလပ်ယောက်ျားတစ်ယောက်ကို လေ့လာကြည့်ရအောင်ဗျာ.. တစ်ခုလပ်ဖြစ်ပြီဆိုတည်းက အနဲအများတော့ ပတ်ဝန်းကျင်က သတိပြုကြပြီ.. ကိုယ့်သမီးပျိုလေတွေနဲ့ စကားပြောမယ်ဆိုရင်တောင် မိဘတွေက မကြိုက်ချင်ကြတော့ဘူး.. ပုံမှန်အိမ်ထောင်ရေးပြိုကွဲမှုတိုင်းမှာ ယောက်ျားလေးတွေကြောင့်လို့ အများအားဖြင့် ယူဆကြတာကြောင့် အိမ်ထောင်ပြိုကွဲခြင်းဟာ တနည်းအားဖြင့် စာရိတ္တမကောင်းလို့ပဲလို့ သွယ်ဝိုက်ပြီးတော့ကို မြင်လာကြပါတယ်.. စကားပုံတွေက ဘယ်လောက်ပဲဆိုခဲ့ဆိုခဲ့ တစ်ယောက်ကနေနှစ်ယောက်ပြောင်းခဲ့ပြီဆိုရင်တောင် ပတ်ဝန်းကျင်က နှာခေါင်းရှုံ့ချင်လာကြတာ ထုံးစံပါပဲ.. ဒါကြောင့် မြန်မာ့ဓလေ့ထုံးစံမှာ ယောက်ျားတွေမိန်းမများများယူတာကို ခွင့်ပြုထားပေမဲ့ မြန်မာ့အသိုင်းဝိုင်းကတော့ လက်မခံတာ အတွင်းကျကျလေ့လာကြည့်ရင် မြင်နိုင်ပါတယ်..
ပြီးတော့ မေငြိမ်းဟာလေ့လာမှုပြုရာမှာ ငွေကြေးရဲ့အရှိန်ဝါကို လစ်လျူမရှုသင့်ပါဘူး.. ပုံမှန်အားဖြင့် ကျွန်တော်တို့ မြန်မာ့မိသားစုမှာ အမျိုးသားတွေဟာ ၀င်ငွေရှာကြပြီး အမျိုးသမီးတွေဟာ လင်သားပေါ်မှီခိုကြတာများပါတယ်.. ဒီတော့ အိမ်ထောင်တစ်ခုကွဲပြီး အိမ်ပြန်ကြပြီဆိုရင်တောင် ယောက်ျားတွေဟာ ဟန်မပျက်ပုံမှန်ဝင်ငွေရှိကြပြီး.. အမျိုးသမီးတွေကတော့ မိဘဆီပြန်ကြရတာများပါတယ်.. ဒီတော့ ကိုယ်ပိုင်ဝင်ငွေမရှိသူများဟာ မိသားစုမှာ အနည်းအများတော့ အောက်ကျို့ကြရတာပါပဲ..ဒါတောင် အမျိုးသမီးတွေရဲ့ မိဘအရိပ်ခိုမှုကို မြန်မာအသိုင်းဝိုင်းက လက်ခံကြပါသေးတယ်.. ယောက်ျားတစ်ယောက် အိမ်ထောင်ပြိုကွဲပြီး မိဘလုပ်စာပြန်စားနေပြီဆိုရင်များတော့ မေငြိမ်းရေ အဲဒီလူ ဂျွမ်းပြန်ပြီသာမှတ်ပေတော့ဗျာ..
အမျိုးသမီးတစ်ယောက်ရဲ့ သိက္ခာကိုကိုယ်ကျင့်တရားအပြင် အနေထိုင်နဲ့ပါဆုံးဖြတ်တဲ့ ပတ်ဝန်းကျင်ဖြစ်တာကြောင့်လည်း မိဘအသိုင်းဝိုင်းဟာ တစ်ခုလပ်သမီးကို များစွာကြပ်မတ်ထိန်းသိမ်းမှုတွေ ပြုလုပ်ကြတာလည်းဖြစ်ပါတယ်..
တစ်ခုလပ်အမျိုးသမီးတစ်ယောက် ဖြစ်တာကြောင့် ပညာရေး၊ စီးပွားရေးဘယ်နေရာမှာ ကန့်သတ်ခံရပြီး လုပ်ခွင့်မရတာရှိပါသလဲ.. လူမှုရေးနစ်နာမှုတွေကတော့ အမျိုးသမီးရော အမျိုးသားမှာပါ ထိခိုက်ကြရတာပါပဲ..
ဒီနေရာမှာ ကျွန်တော်နဲနဲ ရှုတ်နေတာရှိပါတယ်.. မေငြိမ်းဆောင်းပါးဟာ နှစ်ခုကွဲနေသလိုပဲ.. တစ်ခုလပ်အမျိုးသမီးတစ်ယောက်မှာ ရင်ဆိုင်ရပါတယ်ဆိုတဲ့ လူမှုရေးနစ်နာမှုတွေဟာ ပုံမှန် အိမ်ထောင်သည်နဲ့ အပျိုတွေမှာ မရှိကြပါဘူး.. ဒီတော့ အခွင့်အရေးဆိုတာက ဒီတခုလပ်အမျိုးသမီးနဲ့ အခြားအမျိုးသမီးတွေ ကွာခြားချက်ကို ဆိုချင်တာလား.. ဒါပေမဲ့ ဒီလိုယူဆမယ်ဆိုရင်တော့ ဒါဟာ (မေငြိမ်းရေးခဲ့တဲ့ဒီဆောင်းပါးဟာ) အမျိုးသမီးထုရဲ့အခွင့်အရေးထိ မသွားပါဘူး..
ဒီတော့ နောက်တစ်ဖက်ကနေ အမျိုးသမီးအခွင့်အရေးထိ မသွားသွားအောင် ဆွဲကြည့်ရအောင်.. အမျိုးသမီးထုတစ်ရပ်လုံးဟာ အမျိုးသားတွေထက် အနေအထိုင်ပိုဆင်ခြင်ရတယ်.. တစ်ခုလပ်အမျိုးသမီးဟာ တစ်ခုလပ်အမျိုးသားထက်..အိမ်ထောင်သည်အမျိုးသမီးဟာ အိမ်ထောင်သည်အမျိုးသားထက်.. အပျိုဟာ လူပျိုထက် ပိုပြီးအနေထိုင် ဂရုစိုက်ရတယ်.. ပတ်ဝန်းကျင်ရဲ့ ဂရုစိုက်ဝေဖန်မှုကို ပိုခံရတယ်.. ဖောက်ပြန်ခဲ့ရင် အနေမတတ်ခဲ့ရင် အမျိုးသားများထက် ပိုရှုတ်ချခံရတယ်ဆိုတာတွေ ရှိနေတယ်ဗျာ..
ဒါပေမဲ့ ဒါကို အမျိုးသမီးအခွင့်အရေး တန်းတူရမှုမရှိပါဘူးဆိုရင်တော့ ယောက်ျားတွေနဲ့အပြိုင် ယောက်ျားယူခွင့် ရည်းစားထားခွင့်တွေအတွက် တိုက်ပွဲဝင်ရသလိုဖြစ်နေမှာဖြစ်တဲ့အတွက် ကျွန်တော်လုံးဝလက်မခံချင်ပါဘူးဗျာ.. ခုမေငြိမ်းဆောင်းပါးကို တလွဲအသုံးချပြီး လမ်းလွဲလိုက်ကြမဲ့ မိန်းကလေးတွေများ ပေါ်ပေါက်ခဲ့မယ်ဆိုရင် မေငြိမ်းဘယ်လိုနေမလဲ..
ဒီတော့ ကျွန်တော်က ဒီပြသနာကို အမျိုးသမီးထုရဲ့ အခွင့်အရေးအဖြစ်မမြင်ပဲ နှစ်ဖက်လုံးရဲ့ အခွင့်ရေးဆုံးရှုံးမှုလို့ပဲ မြင်တယ်ဗျာ.. တခုလပ်ဖြစ်ရခြင်းဟာ ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုမျိုးမဟုတ်၊ နှိမ်စရာမလို၊ ပစ်ပယ်စရာမလိုပဲ ပုံမှန်ဆက်ဆံမှုတွေ နဲ့သာလည်ပတ်နိုင်အောင် မြန်မာ့အသိုင်းဝိုင်းဟာ အမြင်ရှိလာအောင် ပြုပြင်ဖို့သာ တိုက်တွန်းမယ်ဗျာ..
အမျိုးသားတွေထက် အမျိုးသမီးတွေရဲ့ နေထိုင်မှုကို ပိုဂရုစိုက်တာကိုတော့ ယဉ်ကျေးမှုအဖြစ်တောင် လက်ဆင့်ကမ်းထိန်းသိမ်းချင်ပါတယ်.. ဒါမှလည်း ဆိုခဲ့ဘူးသလို မြန်မာအမျိုးသမီးတွေဟာ ကမ္ဘာမှာ ကိုယ်ကျင့်တရားအကောင်းဆုံး မြတ်နိုးတန်ဖိုးထားဖွယ် မိန်းကလေးတွေအဖြစ် ဆက်ပြီးရပ်တည်နိုင်မှာပေါ့ဗျာ..
ကျွန်တော်တို့ မြန်မာအမျိုးသမီးတွေဟာ နိုင်ငံရေး၊ စီးပွားရေးတွေမှာ ကြိုးစားကြဖို့ရှိသေးတယ်.. ခုချိန်ထိနိုင်ငံရေးမှာဆိုရင်လည်း ၀န်ကြီးအဆင့်မှာတောင် အမျိုးသမီးတွေမရှိကြသေးဘူး.. အမျိုးသားတွေဟာ ဒီနေရာတွေကို လက်လွှဲပေးဘို့စိတ်ကူးမရှိကြသေးတာမှန်သလို အမျိုးသမီးတွေကိုယ်တိုင်ကလည်း ငါတို့ဟာ ဘာမဆိုဖြစ်နိုင်ပါလားဆိုတဲ့ အမြင်တွေရှိလာဘို့ လိုပါတယ်..
ဒီတော့ မေငြိမ်းကို ကျွန်တော်ပြောချင်တာက အမျိုးသမီးတွေဟာ ငါတို့ဟာ အမျိုးသားတွေထက် နှိမ်ခံနေရပါလားဆိုတဲ့စိတ်ထက် ငါတို့ဟာ ဘာမှမနိမ့်ကျ မနောက်ကျနေဘူးဆိုတဲ့စိတ်.. တန်းတူပဲဆိုတဲ့စိတ်တွေဝင်လာပြီး ကြိုးစားလိုတဲ့စိတ်တွေ ပေါ်ပေါက်စေမဲ့ ဆောင်းပါးမျိုးလေးတွေကို လေ့လာပြီးရေးပါဦး..
တကယ်လို့ အမြင်မတူတာလေးတွေ ရှိခဲ့မယ်ဆိုရင်လည်း ကျွန်တော့်ကိုဝေဖန်ခွင့် ပြုပါဦးဗျာ..
ကျေးဇူးတင်စွာဖြင့်
မျိုးမြန်မာ
Post a Comment